Wednesday, February 29, 2012

သူချစ် ရှစ်ချပ်ကြာ

အပယ်ရတနာ လိုဏ်ဂူဘုရား၏ တောင်ဘက်စင်္ကြန်နံရံ
အတွင်းဘက်ရှိ ဆေးရေးရုပ်များကို ကူးယူရေးဆွဲခဲ့သော သူ၏လက်ရာများကို ပြန်၍ကြည့်ရင်းမှ ကြာဖူး၊ ကြာပွင့်၊ အပြောက်အမွမ်းများအကြောင်းကို သူကရှင်းပြသည်။ ရှေးခေတ် အိန္ဒိယမှကြာဖူးကြာပွင့် ရေးဆွဲနည်းနှင့် ပုဂံခေတ်က ကြာဖူးကြာပွင့် ရေးဆွဲနည်းတို့ ၏
ဆက်စပ်ပုံအကြောင်းကိုလည်း ရှင်းပြသည်။ ထို့ နောက် ကြာ၏ နောက်ကွယ်ရှိအနက်အဓိပ္ပါယ်အကြောင်း
ပြောရာမှ ကန်တော်မင်းကျောင်း မေတ္တာစာတွင်
တွေ့ ရသော "သူချစ်ရှစ်ချပ်ကြာ" ဟူသော စကားအကြောင်းသို့  ရောက်သွားပါသည်။
"သူချစ် ရှစ်ချပ်ကြာ" ဟူသော စကားသည် စိတ်ကောင်းစိတ်မြတ် ရှစ်မျိုးကို ပွင့်ချပ်ရှစ်ခုရှိသောကြာနှင့် ခိုင်းနှိုင်းထားခြင်းဖြစ်ကြောင်း၊ ထိုစိတ်ကောင်း စိတ်မြတ်တို့ ဖြင့် ပြုမူသောသူကို လူအများတို
ချစ်ခင်မြတ်နိုးကြသောကြောင့် "သူချစ် ရှစ်ချပ်ကြာ" ဟု ဖော်ပြထားခြင်းဖြစ်ကြောင်း သူက ရှင်းပြပါသည်။

သူတစ်ပါးအကျိုးတို့ ကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း၊ အလုပ်တာဝန်ဝတ္တရားများကို ထမ်းဆောင်ခြင်း၊ တရား အားထုတ်ခြင်း အစရှိသည့် ပြုမူအားထုတ်ခြင်းတို့၌ အကယ်၍ ၀မ်းမြောက်ဝမ်းသာဖြစ်ပါက ထိုသို့ ဝမ်းမြောက် ၀မ်းသာ ဖြစ်သော စိတ်ကို "သောမနဿသဟဂုတ် စိတ်" ဖြစ်သည်ဟု ခေါ်သည်။ ထိုသိုမဟုတ်ပဲ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း.. အစရှိသည့် ပြုမူအားထုတ်မှုတို့ ၌ ၀မ်းမသာပဲ သာမန်ရိုးရိုးစိတ်ဖြစ်ပါက ထိုသာမန်ရိုးရိုးစိတ်ကို" ဥပေက္ခာ သဟဂုတ် စိတ်" ဟုခေါ်ပါသည်။

"တစ်ဖန်သူတစ်ပါးအကျိုးတို့ ကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း အစရှိသည့် အပြုအမူအားထုတ်မှုတို့ ၌ သောမနဿသဟဂုတ် စိတ် ဖြစ်သည်ဖြစ်စေ၊ ဥပေက္ခာ သဟဂုတ် စိတ်ဖြစ်သည်ဖြစ်စေ .. ထိုသို့ သူတစ်ပါး အကျိုးကိုဆောင်ရွက်ခြင်း၊ ပေးလှူခြင်း အစရှိသည့်အပြုအမူအားထုတ်မှုတို့ သည် ကုသိုလ်ဖြစ်စေတတ်သည်။ ကောင်းကျိုးပေးတတ်သည်၊ကောင်းမှုဖြစ်အောင် ဤသို့  ပြုသည့်သည် " ဟု ဥာဏ်ပညာနှင့်ယှဉ်သော စိတ်ကို
"ဥာဏသမ္ပယုတ်စိတ်" ဟုခေါ်သည်။

မြန်မာတို့ လက်ခံယံကြည်သော ဗုဒ္ဓဒေသနာများအရ ဥာဏ်ပညာနှင့်ယှဉ်သောစိတ်သည် " တိဟိတ်ပဋိသန္ဓေအကျိုး" ကို ပေးနိုင်၍ လွတ်မြောက်ရေးတရား(သို့ မဟုတ်) အမှန်တရားကို ထိုးထွင်းသိမြင်သော ဥာဏ် ( မဂ်ဥာဏ်၊
ဖိုလ်ဥာဏ် ) ကို ထိုဘ၀၌ပင် ရရှိနိုင်သည်။

ထိုသို့ မဟုတ်ပဲ ဖော်ပြခဲ့ပြီးဖြစ်သောသူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း အစရှိသည့် အပြုအမူတို့ ကိုပြုမူအားထုတ်ရာ၌ ကုသိုလ်ဖြစ်မှန်းလည်းမသိ၊ ကံနှင့်ကံ၏ အကျိုးကို
နားလည်လက်ခံခြင်းလည်းမရှိ၊ ပြုသင့်မပြုသင့်ကိုလည်း ခွဲခြား၍ မသိလျှင် ထိုစိတ်ကို ဥာဏ်ပညာနှင့်မယှဉ်သော စိတ် " ဥာဏ၀ိပ္ပယုတ်စိတ်" ဟု ခေါ်သည်။ ဥာဏ်နှင့်မယှဉ်သောစိတ်သည် " ဒွိဟိတ်ပဋိသန္ဓေ" အကျိုးလောက်ကိုသာ ပေးတတ်သည်။ ထိုဥာဏ်နှင့်မယှဉ်သော စိတ်ဖြင့် ပြုမူအားထုတ်မှုသည် လောကီရေးရာဘက်တွင် အကျိုးပေး ထက်သန်သော်လည်း ပဋိသန္ဓေကဥာဏ်မပါခဲ့သောကြောင့် ထိုဘ၀တွင် မဂ်ဖိုလ်တည်းဟူသော လွတ်မြောက်ရေးဥာဏ်များကို ရနိုင်လောက်သော အကျိုးမပေးချေ။

တစ်ဖန် တစ်ဖန်သူတစ်ပါးအကျိုးတို့ ကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း အစရှိသည့် အပြုအမူတို့ ကို ပြုမူ အားထုတ်ရာ၌ အကယ်၍ သူတစ်ပါးကဖြစ်စေ၊ မိမိကိုယ်တိုင်ကဖြစ်စေ မတိုက်တွန်းရပဲ အစမူလကပင် ထက်သန်သော စိတ်ဖြစ်ပါက ထိုစိတ်သည်"အသင်္ခါရိကစိတ်" ဖြစ်သည်။ ထိုသို့ မဟုတ်ပဲ သူတစ်ပါးကဖြစ်စေ၊ မိမိကိုယ်တိုင်ကဖြစ်စေတိုက်တွန်းပြီးမှ သူတစ်ပါးအကျိုးကို ဆောင်ရွက်လိုခြင်း၊ ပေးလှူလိုခြင်း
စသည့်စိတ်မျိုးဖြစ်ပါက ထိုစိတ်သည် " သသင်္ခါရိကစိတ်" ဖြစ်သည်။

ကောင်းသောအပြုအမူတို့ နှင့် သက်ဆိုင်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့ ကို ပြုတိုင်း၊ ပြောတိုင်း၊ ကြံစည်တိုင်း ဆိုခဲ့ပြီးဖြစ်သော စိတ်ရှစ်မျိုးအနက်မှ တစ်မျိုးမျိုးဖြင့် ပြုခြင်း၊ ပြောခြင်း၊ကြံစည်ခြင်းပင်ဖြစ်သည်။ ထိုစိတ်ရှစ်မျိုးတို့ ၌ ၀မ်းသားမှု၊ ၀မ်းမသာပဲ သာမန်ရိုးရိုးစိတ်ဖြစ်မှု၊ ဥာဏ်ယှဉ်မှု၊ မယှဉ်မှု၊ ထက်သန်မှု၊ မထက်သန်မှုတို့  ခြားနားကြသော်လည်း ခြုံ၍ကြည့်ပါက ထိုစိတ်ရှစ်မျိုးလုံးသည် ကောင်းသောသဘောကို ဆောင်သော စိတ်များ ဖြစ်ကြသည်။ နှစ်လိုဖွယ်ဖြစ်သော စိတ်များဖြစ်ကြသည်။ ထိုစိတ် ရှစ်မျိုးထဲမှ မည်သည့် စိတ်အမျိုးအစားဖြင့် ပြုသည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ၊ ကြံသည်ဖြစ်စေ ထိုပြုမူ ပြောဆို ကြံစည်မှုတို့ သည် ကောင်းသောသဘောကိုဆောင်သော၊ သူတစ်ပါးတို့ နှစ်လိုဖွယ်၊ ချစ်ခင်ဖွယ်သဘောကိုဆောင်သော အပြုအမူများ ဖြစ်ကြသည်။

ကြာသည် စင်ကြယ်ခြင်း၊ သန့် ရှင်းခြင်း၊ နုန်းညွန်ရေနောက်တို့ နှင့် မရောယှက်ပဲ ရေပေါ်၌ တလှတပ တင့်တင့် တယ်တယ် ပွင့်နေခြင်းသည် နှစ်လိုမြတ်နိုးဖွယ်ဖြစ်သည်။ ဆိုခဲ့သည့် စိတ်ရှစ်မျိုးအနက်မှ တစ်မျိုးမျိုးသော စိတ်ဖြင့် ပြုမူပြောဆို ကြံစည်သောသူသည်လည်း မသမာမှု၊ ကောက်ကျစ်မှု၊ အနှောက်အယှက်ဖြစ်စေမှု အစရှိသည့်
မကောင်းမှု အညစ်အကြေးတို့ မှ စင်ကြယ်နေသူဖြစ်သောကြောင့် ထိုသူသည် လူအများ၏ချစ်ခင်နှစ်လို မြတ်နိုးခြင်း ခံရသူဖြစ်သည်။ ဤသို့ ချစ်ခင်နှစ်လို မြတ်နိုးဖွယ်ဖြစ်သောသူကို နှစ်လိုမြတ်နိုးဖွယ်ဖြစ်သော " ကြာ" နှင့် ခိုင်းနှိုင်း၍
ကန်တော်မင်ကျောင်း မေတ္တာစာ၌ " သူချစ် ရှစ်ချပ်ကြာ" ဟု ဖော်ပြထားခြင်းဖြစ်သည်။


ဆိုခဲ့သည့် စိတ်ရှစ်မျိုးသည် ကောင်းသောသဘောကို ဆောင်ကြသည်မှာ မှန်ပါသည်။ သို့ ရာတွင်
ထိုရှစ်မျိုးထဲ၌ အကျိုးပေးထက်သန်စေသော စိတ်အမျိုးအစားရှိသေးသည်။ ယင်းမှာနံပါတ်( ၁ ) တွင် ဖော်ပြထားသည့် စိတ်အမျိုးအစားပင် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော်သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း၊ တာဝန်ထမ်းဆောင်ခြင်း အစရှိသည့်အပြုအမူတို့ ကို ပြုမူအားထုတ်စေသော ထိုနံပါတ်( ၁ ) စိတ်အမျိုးအစား၌ ၀မ်းမြောက်ဝမ်းသာဖြစ်မှု ( သောမနဿသဟဂုတ်) ၊ ဥာဏ်ပညာနှင့်ယှဉ်တွဲမှု ( ဥာဏသမ္ပယုတ်) နှင့် မတိုက်တွန်းရပဲ ပကတိအလိုလိုထက်သန်မှု ( အသင်္ခါရိက) ရှိသော စိတ်စေတနာ ပါဝင်နေသောကြောင့်ပင် ဖြစ်လေသည်။ ထိုသို့ သော စိတ်စေတနာ ပါဝင်နေမှုကြောင့် ထိုစိတ်အမျိုးအစားဖြင့် ပြုမူသော အပြုအမူ အားထုတ်မှုတို့ သည် အကျိုးပေး ထက်သန်ခြင်း ဖြစ်သည်။

မြန်မာတို့ လက်ခံကြသော ဗုဒ္ဓဒေသနာတို့ အလိုအရ ကိုယ်နှုတ်စိတ် ဆိုင်ရာ အပြုအမူတို့ ကို ဖြစ်ပေါ်စေခြင်း၊ ကိုယ်နှုတ် စိတ်ဆိုင်ရာ အပြုအမူတို့ လှုပ်ရှားဖြစ်ပေါ်အောင်ဖန်တီးခြင်းမှာ " စေတနာ" ပင်ဖြစ်သည်။ ထိုသို့ ဖန်တီးပေးသော၊ လှုပ်ရှားစေသော စေတနာတွင် ဥာဏ်ပညာယှဉ်တွဲရမည်ဖြစ်သည်။ ဥာဏ်ပညာယှဉ်တွဲမှု ရှိပါမှ အပြုအမူများသည် ကောင်းသော မှန်သော အပြုအမူများ ဖြစ်နိုင်ကြသည်။ အပြုအမူတို့ မှသက်ရောက်လာမှု များသည်လည်း ကောင်းသောမှန်သော သက်ရောက်မှုများ ဖြစ်နိုင်ကြသည်ဟုခံယူကြသည်။ ယင်းကိုပင် ရည်ရွယ်၍ " စေတနာမှန်သော ကံ” ရှိဖို့ ဖြစ်ဖို့ လိုသည်ဟု မြန်မာတို့ က ပြောတတ်ကြခြင်း ဖြစ်သည်။

အနောက်တိုင်း ကိုယ်ကျင့်တရားများအမြင်၌ စေတနာကိုသာ အလေးထား၍ ထိုစေတနာဖြင့် ထိုစေတနာဖြင့် ပြုမူလိုက်သော အပြုအမူတို့ မှ သက်ရောက်ဖြစ်ပေါ်လာမှုများကို အလေးအထားသော အမြင်းမျိုးကို တွေ့ နိုင်သည်။ ထိုအမြင်ကို လက်ခံသူများက “ကောင်းသောဆန္ဒ၊ ကောင်းသော စေတနာ တစ်ခုတည်းသာ ကောင်းခြင်းတရား ဖြစ်သည်။ Good will is the only good. အခြားသက်ရောက်ဖြစ်ပေါ်လာမှုများသည် အရေးမကြီး” ဟု
ဆိုတတ်ကြသည်။

ထိုသူတို့ က... စေတနာကောင်းဖြင့် ပြုလုပ်လိုက်ဖို့ သာလိုသည်၊ ပြုလုပ်လိုက်ခြင်းမှ သက်ရောက်လာမှုများကို ကြည့်ရန်မလို၊ သက်ရောက်လာမှုများအတွက်ပြုလုပ်လိုက်သူ၌ တာဝန်မရှိ..ဟုလည်း ဆိုတတ်ကြသည်။
စေတနာကောင်းဖြင့် ပြုလုပ်လိုက်သော အပြုအမူတစ်ခု လုပ်ရပ်တစ်ခုသည် တခါတရံ၌ ဆိုးကျိုးများ၊ မလိုလားဖွယ်ရာ ထွက်ပေါ်သက်ရောက်လာတတ်ခြင်းများ ရှိနိုင်သည်။ ထိုဆိုးကျိုးများ၊ မလိုလားဖွယ်ရာများအတွက် ပြုလုပ်သူ၌ တာဝန်မရှိဟု ယူဆရန် မဖြစ်နိုင်ချေ။ ထို့ ကြောင့် ၀ီလျံဂျိမ်း William James က
“ငရဲသို့ သွားသော လမ်းများကို စေတနာကောင်းများနှင့် ဖောက်လုပ်ထားသည်..
The road to hell ispaved with good intentions” ဟု သတိပေးပြောဆိုဖူးသည်။
ထွက်ပေါ်သက်ရောက်လာသော ဆိုးကျိုးများ၊ မလိုလားဖွယ်ရာများအတွက် ပြုလုပ်သူ၌ တာဝန်မရှိဟု ယူဆခြင်းသည် မလျော်ကန်သော ယူဆခြင်းသာ ဖြစ်ပါလိမ့်မည်။

မြန်မာပြည်ရှိ ဗုဒ္ဓဒေသနာတော်တို့ အလိုအရ စေတနာ၌ ဥာဏ်ပညာယှဉ်၍၊ ဥာဏ်ယှဉ်သောစေတနာဖြင့် ပြုမူသော အပြုအမူလုပ်ရပ်သည်သာ ကောင်းသော၊ မှန်သော အပြုအမူလုပ်ရပ်ဖြစ်သည်။ တစ်နည်းအားဖြင့် စေတနာ ကောင်းလည်း ရှိရမည်ဖြစ်၍ ဥာဏ်ယှဉ်ခြင်းဖြင့် လုပ်နည်းလုပ်ဟန်လည်း ကောင်းမွန်မှန်ကန်ပြီး
သက်ရောက်လာခြင်းများကလည်း အကျိုးရှိစေရမည်ဖြစ်သည်... ဟု သူက ရှင်းပြနေပါသည်။
အထက်ပါအကြောင်းအရာတို့ ကို သူက ရှင်းပြပြောဆိုပြီးနောက်.. ကံနှင့်ကံ၏အကျိုးကို နားလည်လက်ခံနိုင်သော၊ လုပ်သင့်မလုပ်သင့်သည့်ကို မြင်သော၊ လုပ်နည်းလုပ်ဟန်တို့ ကိုသိနားလည်သော ဥာဏ်ပညာရှိမှု၊ စေတနာကောင်းရှိမှုတို့ ဖြင့် လူမှုရေးရာများကိုဆောင်ရွက်ခြင်း၊ စီးပွားရှာခြင်း၊ ကုန်သွယ်ခြင်းတို့ ကို
ပြုလုပ်နိုင်ခြင်းကြောင့် လူအများတို့ တက်ကပ်ဆီသို့  သွားနိုင်ပါစေကြောင်းကို သူကဆုတောင်းနေသည်ဟု ဆိုပါသည်။ စေတနာကောင်းလည်းမရှိ၊ ဥာဏ်ပညာလည်းမပါသောကောက်ကျစ်စဉ်းလဲသော မရိုးဖြောင့်သော မသမာသောနည်းတို့ ဖြင့် လူမှုရေးရာ စီးပွားရေးရာတို့ ကို လုပ်ဆောင်ခြင်းဖြင့် ဆုတ်ကပ်ဆီသို့ 
လူတို့ မသွားကြ ပါစေနှင့်ဟု ဆုတောင်းမှုကိုလည်း ပြုသည်ဟု ဆိုပါသည်။

ထို့ နောက်သူက.. “ ကန်တော်မင်းကျောင်း မေတ္တာစာမှာလာတဲ့ “ သူချစ် ရှစ်ချပ်ကြာ”က ပွင့်ချပ် ရှစ်ခုလုံးဟာ နှစ်သက်ဖွယ်ရှိပါတယ်။ ဒါပေမယ့် ‘၀မ်းမြောက်ဝမ်းသာရှိသော၊ ဥာဏ်ပညာနှင့်လည်း ယှဉ်သော၊ မတိုက်တွန်းရပဲ ပကတိအလိုလို ထက်သန်မှုရှိသော စိတ်စေတနာဖြင့် ပြုမူခြင်း’ ကို ညွှန်းဆိုနေတဲ့ ပွင့်ချပ်ကိုတော့
ပိုပြီး နှစ်သက်မြတ်နိုးမိတယ်...” ဟု ဆိုပါသည်။
သူပြောပြနေသည့် “ ကြာ” အကြောင်းကို နားထောင်ရင်းမှ အနက်အဓိပ္ပါယ် အမျိုးမျိုးကို ညွှန်းဆိုနေသော အပယ်ရတနာလိုဏ်ဂူဘုရားအတွင်းရှိ ကြာဖူးကြာပွင့်တို့ ကြား၌ ကျွန်တော့်စိတ်တွေက လှည့်လည်လျက် ရှိပါသည်။

နန္ဒာသိန်းဇံ
စစ်... စစ် .... စစ် ..






ကျွန်တော်ဟာ စစ်ကိုလုံးဝမလိုလားပါဘူး။ စစ်သာတိုက်ခဲ့ကြမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးပေါ်မူတည်ပြီးတော့ ဖြစ်ပေါ်နိုင်တယ်။ ဒါကြောင့် စစ်နဲ့ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးက တိုက်ရိုက်အချိုးကျနေပါတယ်။

ဘာကြောင့်လဲဆိုတော့ စစ်ဆိုတာ တိုက်ပြီးရင်ပြီးသွားကြတာပဲ။ အဲ့ဒီစစ်ပွဲ စတင်ချိန်ကနေပြီး ပြီးဆုံးသွားချိန်အထိ တိုင်းပြည်ရဲ့စီးပွားရေး၊ ပြည်သူလူထုတွေရဲ့ စီးပွားရေးဟာ ရပ်စဲထားရပါတယ်။ အချိန်ကာလကတော့ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေပေါ်မှာတူတည်တာပေါ့။ တိုက်ပွဲ အချိန်ကာလ ကြာမြင့်ရင် ကြာမြင့်သလောက် စီးပွားရေးတွေ ရပ်ဆဲထားရပါတယ်။

အဲ့ဒီအခါမျိုးမှာ ချမ်းသာတဲ့နိုင်ငံတွေအတွက် ပြန်လည်ထူထောင်ရေးက အခက်အခဲရှိတယ်ဆိုရင် ဆင်းရဲတဲ့ နိုင်ငံသာဖြစ်မယ်ဆိုရင် ပြန်လည်ထူထောင်ဖို့ မလွယ်ကူလှဘူး။ ပြီးတော့ ပြည်သူလူထူ့ရဲ့ လူမှုရေး အခက်အခဲတွေလည်း အများကြီးပေါ်ပေါက်လာနိုင်တယ်။ စစ်တိုက်ခိုက်တဲ့ အုပ်စုတွေဟာ ကိုယ့်ယုံကြည်ချက်အတွက် ကိုယ်တိုက်ခိုက်ကြတာမှန်ပေမယ့် ပြည်သူလူထုတွေ ကကောဘာတွေကို ယုံကြည်ရမှာလဲ။

တစ်ဖွဲ့ဖွဲ့ကို ယုံကြည်တယ်ကော ထားလိုက်ပါ။ အလိုလိုနေရင်း နေထိုင်စားသောက်မှုက အဆင်ပြေမလာနိုင်ဘူး။ အဲ့ဒီအတွက် ရှာဖွေစားသောက်ရမယ်။ ကိုယ်ဝမ်းတစ်ထွာကို ကိုယ်ဖြည့်နိုင်ဖို့အတွက် အခက်အခဲ အတားအစည်းတွေကိုလည်း ကျော်ဖြတ်ကြမှာပဲ။ ဘယ်သူကမှ အစာအငတ်ခံပြီး သေမယ့်သူတစ်ယောက်မှ မရှိဘူး။ မဖြစ်ဖြစ်တဲ့နည်းနဲ့တော့ ကိုယ့်ရပ်တည်ရေးအတွက် ကြိုးပမ်းကြမှာပဲ။

အဲ့ဒီလိုဖြစ်သွားခဲ့ရင် ဆင်ရဲတဲ့နိုင်ငံတွေမှာ ပြဿနာက စတော့တာပဲ။ ချမ်းသာတဲ့ လူတွေဟာ စားဝတ်နေရေးအတွက် အထူးသဖြင့် စားနပ်ရိက္ခာအတွက် ဖြည့်တင်းထားနိုင်လိမ့်မယ်။ အဆင်သင့်ပြုလုပ်ထားနိုင်မယ်ဆိုပေမယ့် ဆင်းရဲတဲ့လူတွေ သာမန်လူတန်းစားတွေအတွက်တော့ ရုန်းကန်ရလိမ့်မယ်။

ဆင်းရဲတဲ့နိုင်ငံ ဆိုကတည်းက သာမန်လူတန်းစားတွေဟာ စစ်အေးကာလ၊ ငြိမ်းချမ်းရေးကာလမှာ စားဝတ်နေရေးအတွက် ကြိုးစားပမ်းစားလုပ်ကိုင်စားသောက်နေရရင် စစ်သာဖြစ်ခဲ့မယ်ဆိုပါက မတွေးဝံ့စရာ။ အဲ့ဒါကြောင့် လူတွေဟာ ရရာအခွင့်အရေးကို ဆုပ်ကိုင်ပြီး ကိုယ်ရပ်တည်ရေးအတွက် ကိုယ်လုပ်ကြမှာပဲ။

အဲ့ဒီအချိန်မှာ လူအများစုရဲ့ စိတ်ဓါတ်တွေဟာ ပိုပြီးခက်ထန်လာဖို့များတယ်။ အခုတောင်လူတွေဟာ စာနာစိတ်တွေမထားနိုင်ကြတာ .. အဲ့ဒီအခြေအနေတာရောက်ခဲ့ရင် မသမာမှုတွေ၊ အမှုအခင်းတွေ၊ ခိုးမှု၊ ဓားပြတိုက်မှုတွေဟာ မှိုလိုပေါလာမှာအသေအချာပဲ။ တစ်ချို့ကျတော့လည်း စစ်ကိုအခွင့်အရေးယူပြီးတော့ ဥပဒေနဲ့ မလွတ်ကင်းတဲ့ကိစ္စတွေကို ကျူးလွန်လာမယ်။ အဲ့ဒါတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် နိုင်ငံရဲ့စီးပွားရေးပေါ်မူတည်ပြီး အချိန်တွေကြမြင့်သွားနိုင်တယ်။

ပြီးတော့ စစ်ဆိုတာ ဘယ်သူမှ ဖြစ်ချင်ကြတာမဟုတ်ဘူးလို့ထင်ပါတယ်။ အဲ့ဒီအကြောင်းအရာကို ကိုးကားပြီးပြောပါ့မယ်။ ကျွန်တော်တို့ ကျောင်းတွေမှာ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်အကြောင်းတွေ သင်ယူခဲ့ဘူးပါတယ်။ အဲ့ဒီတုန်းကဆိုရင် တတိယကမ္ဘာစစ်ဟာ ..သို့လော... သို့လောနဲ့ ရောက်လာတော့မလိုလိုပဲ။ ဒါပေမယ့် ရာစုတစ်ခုကိုသာကူးသွားတယ်။ တတိယကမ္ဘာစစ်ဟာ ဖြစ်မလာခဲ့ဘူး။

ဘာဖြစ်လို့လဲ ... လူတွေဟာ တစ်ဖြည်းဖြည်းနဲ့ မေတ္တာတရားတွေ ကြီးမားလာလို့လား??? မဖြစ်နိုင်ပါဘူး.. လူ့သဘာဝက အဲ့ဒီလောက်ထိကြီးတော့ အပြောင်းအလဲမမြန်။ ဒါဖြင့်ရင် စစ်ကြီးတွေ တစ်ခုနဲ့တစ်ခုကြား ပြင်ဆင်နေတဲ့ကာလ၊ စားနပ်ရိက္ခာ လက်နက်ရိက္ခာအတွက် ပြင်ဆင်နေတဲ့ကာလမို့လား??? ဒါလည်းဖြစ်နိုင်တာပဲ .. ငြိမ်းချမ်းရေးဆိုတာ စစ်မဖြစ်တဲ့ကာလလို့ ခေါ်လိုက်ရင် တိုက်ပွဲဖြစ်ဖို့အတွက် ပြင်ဆင်နေတဲ့ ကြားကာလကိုလည်း ငြိမ်းချမ်းရေးကာလလို့ပြောလို့ရမှာပေါ့။

တကယ်တမ်း ပြန်စမ်းစစ်ကြည့်ရင် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ တိုက်တဲ့ စစ်ပွဲတွေဟာ Total War မဟုတ်ဘဲ .. Limit War တွေဆိုတာ သိပါလိမ့်မယ်။ ကိုယ်အနိုင်ရဖို့အတွက် နှူးကလီးယားလက်နက်တွေ တည်ဆောက်။ တိုက်ပစ်ဒုံးကျည်တွေကို တီထွင် .. တစ်နိုင်ငံနဲ့ တစ်နိုင်ငံအသင့်ချိန်ထားပြီး .... လိုအပ်ရင် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဒါမှမဟုတ် တစ်ခုခု ချွတ်ချော်လွှဲမှားသွားလို့ပဲဖြစ်ဖြစ် တတိယ ကမ္ဘာစစ်ဟာ ဖြစ်ပွားသွားနိုင်ပါတယ်။

ဒါပေမယ့် ခုချိန်ထိတော့ ဖြစ်မလာသေးပါဘူး။ အဲ့ဒါဘာလို့လဲဆိုတော့ လူတွေဟာ စစ်တိုက်ရင် ကိုယ်ရော သူရောသေမယ်ဆိုတဲ့ (MAD) Mutul Assured Destruction ဆိုတာကို ယုံကြည်ကြလို့ပါပဲ။ ဒါဟာ အဓိကအချက်ပါ။ ကမ္ဘာစစ်နဲ့ချီပြီးပြောလိုက်တာပါ။ အဲ့ဒီလောက်ထိ ပြောရလောက်အောင် ကျွန်တော်ဟာ မတော်ပါဘူး။ စိတ်ထဲရှိတာလေးတွေကို သွန်မှောက်ပြလိုက်တာပါ။

တတိယကမ္ဘာစစ်ဖြစ်မလာဘူးဆိုပေမယ့် .. ပြည်တွင်း Cold War တွေဟာ တည်ရှိနေဆဲပါပဲ။ ရာစုနှစ်တွေပြောင်းလဲလာပေမယ့် လူတွေရဲ့ သဘောသဘာဝကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူးလို ကျွန်တ်ာထင်တယ်။

သို့သော်လည်း အချိန်ကာလတွေ လူ့သမိုင်းတွေရှည်ကြာလာတာနဲ့အမျှ လူတွေမှာ သင်ခန်းစာတွေ၊ အသိဥာဏ်ဗဟုတ်သုတတွေ ကြွယ်ဝလာကြတယ်၊ ပြဿနာအဖြေရှာသည့် နမ်းစနစ်တွေလည်း ပိုမိုတိုးတက်လာသည်ဟု ကျွန်တော်ယုံကြည့်တယ်။

အဲ့ဒီ တိုးတက်လာတဲ့ လောကကြီးမှာ သူရောကိုယ်ပါသေမယ့် စစ်ပွဲမျိုး .. ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေး စီးပွားရေးကို ထိခိုက်မယ့် စစ်ပွဲမျိုးကို မတိုက်ဖြစ်အောင် ထိန်းသိမ်းမှုနည်းစနစ်တွေ၊ အစီအမံတွေလည်း ပါလာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ် .....................
Reference : Phay Myint : Investment in your Brain.

မိုးတိမ်

(လေရူးသုန်သုန်) ရက်ဘတ္တလာ
ရက်ဘတ္တလာဟာ တောင်ပိုင်းပြည်နယ်သား တစ်ဦးဖြစ်ပါတယ်။ ချာလက်စတန်မှာနေထိုင်တဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့ လူကုံထံ လူကြီးလူကောင်း မျိုးရိုးမှ ဆင်းသက်လာသူ တစ်ဦးဖြစ်ပါတယ်။ စစ်တက္ကသိုလ်ကို တက်ရောက်သင်ကြားခဲ့သော်လည်း ဆိုးသွမ်းတဲ့ အတွက်ကြောင့် ကျောင်းထုတ်ခြင်းကို ခံခဲ့ရပါတယ်။

တောင်ပိုင်းသားတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို သရော်လှောင်ပြောင် ဟားတိုက်ခဲ့ပါတယ်။ လောကကြီးမှာရှိတဲ့ လူတွေရဲ့စရိုက်တွေကိုလည်း အမှန်အတိုင်း သိမြင်ပြောဆိုတဲ့အတွက် ရွာပြင်ထုတ်ခြင်း ခံရပါတယ်။ မိဘအသိုင်းအ၀ိုင်းတွေ ကိုယ်တိုင်က စွန့်ပယ်ခဲ့ပါတယ်။

နောက်ပိုင်းမှာသူဟာ ထက်မြက်တဲ့စီးပွားရေးသမား တစ်ဦးဖြစ်လာပါတယ်။ သူ့ရဲ့ လူတွေအပေါ်အမြင်၊ စီးပွားရေး နိုင်ငံရေးအမြင်ကို ကျွန်တော်တို့ကြည့်ကြရအောင်။ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ သူ့ရဲ့ထင်မြင်ယူဆချက်တွေကို ယခုလိုဖော်ပြထားပါတယ်။ သူက ‘ကျွန်တော်တို့တောင်ပိုင်းမှာ အမြောက်စက်ရုံ သံရည်ကျိုစက်ရုံ ၀ါစက်ရုံ စတဲ့ စက်မှုလုပ်ငန်းတွေ တစ်ခုမှမရှိဘူး၊ စစ်သင်္ဘောတွေလည်း မရှိဘူး၊

ယန်းကီးတွေက ကျွန်တော်တို့ ဆိပ်ကမ်းတွေကို တစ်ပတ်လောက်နဲ့သိမ်းလိုက်နိုင်တယ် အဲဒါဆို ၀ါတွေကိုဘယ်လိုရောင်းမလဲ’ လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ တောင်ပိုင်းသားတွေကတော့ စက်မှုထွန်းကားခြင်းအကျိုးကို မသိကြပဲ မိမိတို့သာ လူယဉ်ကျေး ပညာတတ်များဖြစ်လို့ မြောက်ပိုင်းအရိုင်းအစိုင်းများကို ထည့်တွက်စရာမလိုဘူးလို့ ယူဆနေကြပါတယ်။

ဒါကြောင့်လည်း ရက်ဘတ္တလာက ‘ကျွန်တော်တို့ တောင်ပိုင်းသားတွေရဲ့ပြဿနာက ကျွန်တော်တို့ဟာ လုံလောက်တဲ့ခရီးသွား ဗဟုသုတမရှိတာပဲ နောက်ပြီး ခရီးတစ်ခုကနေ အကျိုးအမြတ်ဘာရမလဲဆိုတာ မကြည့်တတ်ဘူး၊ ကျွန်တော် တို့ ဥရောပ နယူးယောက် နဲ့ ဖီလာဒဲဖီးယား တို့ကို သွားလည်ကြပါတယ်၊

အမျိုးသမီး တွေဆိုလည်း ဆာရာတိုဂါ တို့ကိုရောက်ဖူးကြမှာပဲ၊ ကျွန်တော်တို့ ဟိုတယ်တွေ ပြတိုက်ကြီးတွေ ကပွဲတွေ လောင်းကစားရုံတွေ ကိုမြင်ခဲ့ကြတာပဲ၊ ဒါပေမယ့် ပြန်လာတော့ တောင်ပိုင်းလောက် မကောင်းပါဘူးဆိုတာမျိုးပဲ ခံယူလာကြတယ်၊

ကျွန်တော့်အနေနဲ့ကတော့ မြောက်ပိုင်းမှာ တော်တော်ကြာကြာနေခဲ့ဖူးတော့ ခင်ဗျားတို့မမြင်တာတွေကို ကျွန်တော်မြင်တယ်၊ အစားလေးတစ်လုပ်နဲ့ ပိုက်ဆံလေးအနည်းငယ်အတွက် ယန်းကီးတွေဘက်က တိုက်ပေးမယ့် လူတွေ၊ စက်ရုံတွေ စစ်လက်နက်တွေနဲ့သင်္ဘောကျင်းတွေ သံနဲ့ကျောက်မီးသွေးမိုင်းတွေ … ကျွန်တော်တို့ တောင်ပိုင်းမှာရှိတာက ၀ါ၊ ကျွန်နဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်ပဲရှိတယ် သူတို့ဟာ ကျွန်တော်တို့ကို တစ်လအတွင်း အနိုင်ယူသွားနိုင်တယ်’ လို့ပြောခဲ့ပါတယ်။

သူဟာ စစ်ကို အမှန်အတိုင်း သုံးသပ်နိုင်ပြီးတော့ သေနတ်တစ်ချက် စဖောက်ကတည်းက အရှုံးစနေပြီဖြစ်ကြောင်းကို သိရှိခဲ့ပါတယ်။ အုပ်ချုပ်သူတွေက စစ်ကို ဂုဏ်ယူလောက်ဖွယ် စွန့်စားမှုလို့ မြင်ပေမယ့် ရက်ဘတ္တလာကတော့ အမိုက်အမဲလို့သာမြင်ခဲ့ပါတယ်။

ဒါကြောင့်လည်း သူဟာ နပိုလီယံရဲ့ အင်အားကြီးမားတဲ့ဘက်မှာပဲ ဘုရားသခင်ရှိတယ်ဆိုတာကို ကိုးကားပြောဆိုခဲ့ပါတယ်။ ‘စစ်ဆိုတာ တိုက်တဲ့သူတွေအတွက်တော့ မြင့်မြတ်တာပဲ၊ စစ်ကို မြင့်မြတ်တယ်လို့ထင်အောင်ပြောတဲ့လူတွေမရှိရင် ဘယ်သူမှဝင်တိုက်မှာမဟုတ်ဘူး၊

ဘယ်လောက်ပဲမြင့်မြတ်ပါတယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့စစ်ပွဲဖြစ်ဖြစ် ရည်ရွယ်ချက်တစ်ခုပဲရှိတယ် အဲဒါဟာ ပိုက်ဆံပဲ၊ စစ်ပွဲတိုင်းဟာ ပိုက်ဆံကြောင့်ဖြစ်နေကြတာ၊ လူအနည်းငယ်ကပဲဒါကို သဘောပေါက်ကြတယ်၊ လွတ်လပ်ရေးအတွက်၊ ခရစ်တော်သင်္ချိုင်းကို ပြန်လည်ကယ်တင်ဖို့၊ လူသားအခွင့်အရေးအတွက် စသည်ဘယ်လောက်ပြောပြော နောက်ဆုံးမှာတော့ ပိုက်ဆံအတွက်တိုက်နေကြတာ’ လို့ပြောခဲ့ပါတယ်။

သူ့ရဲ့အမြင်တွေဟာလည်း အကုန်မှားယွင်းတယ်လို့ မဆိုနိုင်ပါဘူး။ တစ်ချို့နေရာတွေအတွက် အင်မတန်မှန်ကန်ပါတယ်။ တစ်လျှောက်လုံး စစ်ကို သရော်ခဲ့ပေမယ့် နောက်ဆုံး တောင်ပိုင်းတပ်များ အရေးနိမ့်ပြီး ယန်းကီးများအတ္တလန်တာကို ၀င်ရောက်ချိန်မှာတော့ စကားလက်တို့ကို လမ်းခုလတ်များထားခဲ့ပြီး စစ်တပ်ထဲလိုက်သွားပါတော့တယ်။

တောင်ပိုင်းသားတွေထားရှိတဲ့ တန်ဖိုးတွေကို သစ္စာဖောက်မိတဲ့ အတွက်ရှက်တာ ဖြစ်ကောာင်းဖြစ်မယ် လို့ ပြောခဲ့ပါတယ်။ တောင်ပိုင်းသားတစ်ယောက်ဖြစ်တဲ့သူဟာ အရေးကြုံချိန်မှာတော့ မနေနိုင်တော့ဘဲ မယုံကြည်ခဲ့တဲ့စစ်ကို ကူညီတိုက်ခိုက်ပေးခဲ့ပါတယ်။

(မြသန်းတင့် ဘာသာပြန် လေရူးသုန်သုန်စာအုပ်မှ ကောက်နှုတ်ချက်)



`စိမ်းမြမြမြက်ခင်းပြင်များပေါ်တွင် . . . . ´

စစ်ဖြစ်ရင် အရင်ဆုံးသေကြေပျက်ဆီးတာအမှန်တရားပဲ။ ပျားရည်စမ်းတွေ
ဒီလိုတင်စားဖို့ ဒေသတွင်းပဋိပက္ခထဲလိုရောက်ခဲ့သလား။
`စစ်ဆိုတာ ပေါ်လစီလက်နက်ပဲ´ ဆိုတဲ့ အာဏာချိန်ခွင်လျှာသီအိုရီ
နဲ့အပြိုင်သွေးထဲက တဟုန်ထိုးသွေးနီဥတွေဖိုဓါတ် မ ဓါတ်။

အဲဒီမှာ
တူညီသောရုန်းကန်မှုများ ၊ မျှော်မှန်းချက်များ ၊ တစ်ဆင့်ဆင့်မှ ရုတ်ချည်းဖြစ်စဉ်များ။
အင်္ဂါဂြိုလ်ရဲ့ ရာသီဥတုကို ပြုပြင်ဖို့လည်းပါတယ် ဒီအပစ်အခတ်ထဲရောက်ခဲ့တာ။
တစ်ချိန်တုန်းက ဒို့ကမ္ဘာကြီးဟာလည်း အောက်ဆီဂျင်မရှိတဲ့ ဂြိုလ်သေကြီးပေါ့။

သက်ရှိလောကဖြစ်လာဖို့ ဖိုတိုဆင်သက်တစ်က် ဘက်တီးရီးယားပဲလိုအပ်တယ်၊
ရှားရှားပါးပါး အချစ်နဲ့ ပမာ (ဏ)။
စိတ်ရဲ့ မျက်နှာပြင် အပူချိန်အနှုတ်၈၁ံဖါရင်ဟိုက်ကို ပူနွေးစေဖို့။
အနက်ပြန်ကောက်ကြတယ်။
အနက်ချဲ့ထွင်ကြတယ်။ နက်နက်တူးကြည့်တယ်။
ကြယ်သေရဲ့ အလင်းပမာဏ လက်ကျန်ကို စူးစမ်းကြတယ်။

ကိုယ့်ဟာအဖြစ်အသွင်ကူးပြောင်းယူလိုက်တာ ကိုယ်ပါမသိလိုက်
မသိဖါသာအသွင်ကူးပြောင်းသွားတော့တယ်။
ကိုယ်ဟာ
စစ်မက်လိုလားသူလား မေးတဲ့သူပေါ်မူတည်တယ်။
ကိုယ်ဟာ ငြိမ်းချမ်းရေးသမားလား ယုံကြည်စိတ်ချလိုက်ပါ
ကိုယ့်အချစ်မှာ အခြားရွေးချယ်စရာမရှိတော့ပါဘူး။
အချိုးအစားတစ်မျိုးဆန်းမနေတဲ့ အလှတရားဘယ်မှာ . . . ။

မှန်ထဲကြည့်လိုက်တော့ သူဟာ သုံးလို့ရသေးတဲ့ ဒုံးကျည်ပဲ ၊
`ငါမရက်စက်ပါဘူး ၊ ငါဟာစစ်မှန်မှုပါပဲ´။
ဖေါက်ခွဲလို့ရသေးတဲ့အသေခံ။
သံမဏိမေးရိုးနောက်ကွယ်မှာ
ဝှက်ထားတဲ့ ခံစားမှုစစ်စစ်တွေ လျှပ်စစ်စက်ကွင်းတွေ။
ဘယ်ဟာမှ ရာနှုန်းပြည့် အစစ်မှန်မရှိတော့ဘူး (လား) ။
မကျွမ်းကျင်တဲ့ ကြိုးဆွဲဆရာလက်ထဲ ကံကြမ္မာရုပ်သေးနှစ်ပါးသွား။

မျက်နှာပေါ်က နက်လာတဲ့ အရေးအကြောင်းတွေ ၊ အင်္ဂါဂြိုလ်မှာ
တစ်ချိန်က ရေစီးတူးမြောင်းတွေရှိပုံပေါ်ခဲ့ဟုခန့်မှန်းရ။
အားစမ်းပွဲ စ ခဲ့တာ မနေ့တစ်နေ့က မကတော့ဘူး။
“မင်းဟာ ကူးစက်ရောဂါ နှုတ်ခမ်းတွေနဲ့ ရယ်မောတတ်တဲ့မိန်းမပဲ´´။
“ရှင်ဟာ ဆေးလိပ်သိုးနံ့လို သစ္စာရှိတဲ့ ယောက်ျားပဲ´´။
ကိုယ့်မှာ မလုံမခြုံနဲ့ လေပြေရဲ့ နှုတ်ပိတ်ခြင်းခံလိုက်ရတယ်။

ရုတ်တရက် အမည်တပ်မရတဲ့ ခံစားမှုဟာ တစ်ကိုယ်လုံးမှာ ဒိုင်းကနဲ။
ကာဗွန်ဒိုင်အောက်ဆိုဒ် အနှုတ် အောက်ဆီဂျင်= ကာဗွန်မိုနောက်ဆိုဒ်။
တစ်ချိန်တုန်းက ဒို့ကမ္ဘာကြီးဟာ စိမ်းလန်းဝေဆာခြင်းပဲပေါ့။
အကို . . . ဟိုမှာ စစ်ကြီးဒီဘက်လာနေတယ် ၊ လမ်းဖယ်ပေးလိုက်ရမလား ။

ဇေယျာလင်း
5 – Sept – 11

Sunday, February 26, 2012

သတိရကြောင်း



သတိရကြောင်း
(က)
သတိရခြင်းတွေက မိုးတိမ်လိုပြိုကျတဲ့အခါ
ငါ့ပေါ်မှာ လွမ်းဆွတ်ခြင်းမိုးဖွဲတွေရွာတယ်
တစ်ချိန်ကအတိတ်နေရောင်တွေကိုတမ်းတ
ငွေ့ရည်ဖွဲ့လာတဲ့မျက်ဝန်း…
ရေခိုးရေငွေ့တို့စွန်းထင်းလာခဲ့ရဲ့။

ပထမဆုံးသတိရမိတာက ခြေထောက်ကလေးတစ်ချောင်းတည်းနဲ့ ထောက်ရပ်နေပေမယ့် သိပ်ပြီးကြံ့ခိုင်တဲ့ သိပ်လှတဲ့ ကမ္ဘာပေါ်ကအလှဆုံးမြေပုံလေးနဲ့ အမိနိုင်ငံကိုပါ။ ဘာတွေပဲ ဖြစ်နေနေ ဘုရားသခင်က ကျွန်မကိုအဲဒီမြေပေါ်မွေးဖွားရှင်သန်ခွင့်ချပေးခဲ့သလို အဲဒီမြေ ကြီးကလည်း ကျွန်မကိုနွေးထွေးစွာကြိုဆိုခဲ့တာပါပဲ။ဖြတ်လျှောက်ခဲ့တဲ့လမ်းသွယ်တစ်ချို့ ကိုသတိရမိလေတိုင်း ဒီလမ်းတွေပေါ်မတိမ်းစောင်းစေခဲ့တဲ့နေ့ရက်တွေကိုလည်းသတိရမိ ပါရဲ့။

ဘာကိုမှမသိတဲ့ကလေးငယ်တစ်ယောက်ရဲ့နိဗ္ဗာန်ဘုံနေ့ရက်တချို့ဟာ ဟိုးဝေးဝေးမှာ မှုန်ဝါးကျန်နေခဲ့ရပြီ။သေချာတာက နိဗ္ဗာန်ဘုံရယ်လို့မရှိခဲ့ရှာတဲ့ကလေးတွေရှေ့မှာတော့ ကျွန်မတို့က ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံ ဆိုတဲ့သီချင်းကို မျက်ရည်တွေနဲ့မဆိုခဲ့သင့်ဘူး မဟုတ်လား။
(ခ)
သန့်စင်ခြင်းတွေနဲ့အိပ်မက်မက်ခွင့်ပေးခဲ့တဲ့
တစ်ကိုယ်ရေမြို့ကလေး သင့်တေးသီချင်းကို
ငါ ..ဆိုပါရစေ…………

ဒုတိယသတိရမိတာကတော့ ပထမဆုံးရွှေ့ပြောင်းရောက်ရှိခဲ့ဖူးတဲ့ ပုသိမ်ကောလိပ်။ မုန်တိုင်းစဲပြိးကာစကာလမှာရောက်သွားခဲ့တာမို့ မြို့ကလေးက အပြိုပြို အယိုင်ယိုင်၊နိုဟီ ရဲ့ အုတ်ပုံတွေကိုကြည့်ပြီး ဒါတွေက ဘာဖြစ်တာလဲဆိုတော့ မုန်တိုင်းကြောင့်ပြိုတာ ဆိုတဲ့ အဖြေကိုရခဲ့တယ်။အဲဒီကတည်းက (ပထမတန်းကျောင်းသူကျွန်မက) မုန်တိုင်းဆိုတာ သိပ်ကြောက်စရာကောင်းမှာပဲလို့တွေးခဲ့တဲ့ကျွန်မ.. ၂၀၀၈ကျမှပဲ တကယ့်မုန်တိုင်းဆိုတာနဲ့ ပက်ပင်းတိုးတော့တယ်။

တကယ်တော့ ပုသိမ်မြို့ကလေးဟာ တိတ်ဆိတ်နေတဲ့ ကလေးငယ်တစ်ယောက်လို ရိုးသားစွာလှပတဲ့မြိုကလေးပါ။ သူ့ရင်ခွင်မှာနေခဲ့ရတဲ့နှစ်လတွေဟာ ရိုးစင်းအေးမြမှုကို လက်တွေ့သင်ကြားခံခဲ့ရတဲ့ မိဘရင်ခွင်အောက်က ကလေးငယ်တစ်ယောက်လိုနေ့ရက် တွေပါပဲ။

သတိရနေမိတဲ့သူတွေကပုသိမ်ကောလိပ်စာကြည့်တိုက်က.စာကြည့်တိုက်မှူးအန်ကယ်
ဦးဥာဏ်ထွန်း(ဦးအောင်စည်)၊သူငယ်ချင်းဝင်းမင်းထွန်း၊မီးငယ်၊စာသင်သိပ်ကောင်းတဲ့ ဆရာကြီးဦးအုန်းမောင်၊ဆရာဦးလေးမောင်၊ဒေါ်အေးအေး၊ဒေါ်စန်းစန်းရီ……စာရေးဆရာဆိုတာသေ ချာမြင်တွေ့ဖူးတဲ့ထဲ ပထမဆုံးက အဲဒီချိန်က ပုသိမ်ကောလိပ်ကျောင်းအုပ်ကြီး တက္ကသိုလ် ဘုန်းနိုင်ဆိုရင်

ဒုတိယလူဟာ ကျွန်မဆရာမ ဒေါ်စန်းစန်းရီပါပဲ။စာရေးဆရာမ စိမ်းနှင်းဆီ..တဲ့။အဲဒီအချိန်တည်းက..စာတွေကိုဖတ်ရုံတင်မက….ကျွန်မရေးဖို့ကြိုးစားနေခဲ့ပါပြီ။
အဲဒီတုန်းက..ကျွန်မ(၆)တန်း။စာပေခရီးကိုအဲဒီကျောင်းနံရံကပ်စာစောင်နဲ့မြို့နယ်နံရံကပ်စာစောင် တွေကနေစခဲ့ပါတယ်။
(ဂ)
ဂျပ်ဆင်လမ်းကြားကပြေးထွက်လာမယ့်
တစ်ရံတစ်ခါဆီက ငါတို့ရဲ့ရယ်မောသံတွေ
“အဓိပတိ ”မြေကိုကျော်
် “ စစ်ကိုင်းလမ်း”ပေါ်ဖြတ်
“ ပုဂံလမ်း”ထိမရပ်တန့်
“ သထုံလမ်း”ထိခရီးဆန့်
အမြဲတည်တံ့နေလိမ့်မယ်။

သတိရကြောင်းတွေကိုပြောမယ်ဆိုရင် မြကျွန်းညိုညို တက္ကသိုလ်ကိုလည်းချန်ထားလို့ မဖြစ်ပါဘူး။တက္ကသိုလ်ကဆရာတစ်ယောက်ရဲ့သမီးမို့ ဒီလမ်း၊ဒီစခန်းတွေက ရင်းနှီးနေပြီး သားဆိုပေမယ့် တကယ်ကိုယ်တိုင်တက်ရတဲ့ကျောင်းသူဘဝနဲ့တော့ဘယ်လိုမှမတူနိုင်တာ သေချာပါတယ်။ ဒီ သီရေတာတွေ၊ဒီဓါတ်ခွဲခန်းတွေ၊သစ်ပုတ်ပင်၊ငွေစာရင်းရုံး၊သိပ္ပံကင်တင်း ပုဂံလမ်း၊စစ်ကိုင်းလမ်း၊စတာတွေက ကျွန်မငယ်ငယ်တည်းကခြေရာထပ်ခဲ့တဲ့နေရာတွေပဲ။ တကယ့်တကယ်ရန်ကုန်တက္ကသိုလ်ပင်မထဲရောက်သည့်တိုင်၊အဲဒီမြေကထွက်ခွာလာခဲ့တဲ့ တိုင် ကျွန်မ အဲဒီလမ်းတွေကိုပြန်လျှောက်ချင်နေတုန်း။ပုဂံလမ်းဆိုတာကကျောင်းလာတိုင်း ပုဂံလမ်းမှတ်တိုင်မှာဆင်းလျှောက်နေကျလမ်း၊ကျောင်းရှေ့ကနေဝင်ဝင်၊ဘွဲ့နှင်းသဘင်ရဲ့ နောက်ဖက်ပေါက်ကနေဝင်ဝင် ဘယ်လိုဝင်ဝင်ပိုနီးပေမယ့် ပုဂံလမ်းကနေပဲနေ့တိုင်းဆင်း လျှောက်ခဲ့တဲ့တိုင် တစ်နေ့မှမရိုးနိုင်တဲ့လမ်းကလေး။ပုဂံလမ်းပေါ်က အမှတ်တရနေ့ရက် တွေကိုလည်း မမေ့နိုင်စတမ်းပေါ့။

မိုးလင်းကနေမိုးချုပ် အတန်းမှန်သမျှတက် ကျောင်းထဲမှာတစ်နေကုန်နေတတ်တာ ကျွန်မ တို့အုပ်စုပဲရှိလိမ့်မယ်ထင်တယ်။မနက်တစ်ဝက် ညနေတစ်ဝက် ခွဲထားတဲ့နောက်ဆုံးနှစ် ဂုဏ်ထူးတန်းတန်းခွဲနှစ်ခုမှာ ကျွန်မတို့က မနက်ပိုင်းပါ။ဒါကိုမနက် ၇နာရီခွဲကနေကျောင်း စတက်လိုက်တာ ညနေတန်းခွဲပြီးတဲ့ငါးနာရီမှပြန်ပါတယ်။

အဓိကအကြောင်းပြချက်ကတော့ ညနေပိုင်းသင်တဲ့ ဒေါက်တာထွန်းခင်အတန်းကိုတက်တာပါ။ဒါပေမယ့် အဲဒါအဓိကအချက် တော့မဟုတ်ခဲ့တာကိုယ့်ကိုယ်ကိုသိပါတယ်။ကျောင်းထဲမှာတတ်နိုင်သမျှနေမယ်ဆိုတဲ့စိတ် ကလေးနဲ့နေခဲ့လိုက်တာပါ။နောက် မဟာ တန်းဆိုတာက ဆက်တက်ဖြစ်သည့်တိုင်ဒီလူ တွေအကုန်ပါမလာနိုင်တော့ဘူးဆိုတာကို ကျွန်မကြိုတွေးထားခဲ့ပြီပဲ။ပန်းလှေလမ်းခွဲကဗျာ စုကိုတောင် ဒုတိယနှစ်ဂုဏ်ထူးတန်းအပြိးကျောင်းပိတ်ရက်ကတည်းကရေးပြီးနေခဲ့ပြီလေ။

မြကျွန်းညိုကိုသတိရပြီဆိုမှဖြင့် မြကျွန်းသာလက်ဘက်ရည်ဆိုင် (ဝိဇ္ဖာကင်တင်းက) ကိုလည်းသတိရမိပါတယ်။သိပ္ပံဘက်ကနေကျော်ကျော်ပြီး ဝိဇ္ဇာကင်တင်းမှာထမင်းသွားစား ရခြင်းအကြောင်းအရင်းက အင်းဝရှေ့ကခုံတွေကို မဦးနိုင်လို့တစ်ခုတည်းမဟုတ်ပါဘူး။

အဲဒီ မှာ မောင်ကြည်သစ်ရှိတယ်၊နန္ဒသိန်းဇံရှိတယ်၊မောင်မောင်ဇေယျရှိတယ်…။နောက်ပိုင်းကျ ကျွန်မတို့ ရာစုသစ်အုပ်စုက သူငယ်ချင်းလေးတွေပါရှိလာတော့ အဲဒီဖက်ပဲခြေဥိးလှည့်ဖြစ် ပါတော့တယ်။အဲဒီကနေတဆင့်မှ ဆက်သွားချင်တယ်ဆိုရင် ဦးချစ်ဖက်ပေါ့။နယ်မြေကျော် ကျော်လာတဲ့ ကျွန်မကို ဒဂုံဆောင်ပေါ်က သူငယ်ချင်းတွေကလှမ်းလှမ်းအော်နေကျပါ။

ဒဂုံ ဆောင်ဆိုတာက များသောအားဖြင့် နေဆူးသစ်တို့လို ဘူုမိကျောင်းသားတွေထားတဲ့ နေရာ ပေါ့..။(အော်တဲ့ထဲသူမပါပါဘူး..အဲဒီတုန်းက သူတွဲနေကျ ညီဆင်းသစ်နဲ့ အဝေးတစ်နေရာ ကနေ လက်လှမ်းပြသွားတတ်ရုံပါပဲ..)

ညနေဆို တော်တော်နဲ့မပြန်သေးပြန်ပဲ ဦးချစ်မှာစကားလက်ဆုံကျနေတတ်တဲ့နေ့ရက်တွေ ကိုလည်းသတိရတယ်။အိမ်မှာဆို ရေနွေးကြမ်းဟာ ဘာအဖတ်တွေရောထားမှန်းမသိတဲ့ ရေပူပူပေါ့။အဲဒီမှာဆိုရင်တော့ ရေနွေးကြမ်းလည်းတစ်အိုးပြီးတစ်အိုးသောက်ကြတယ်။ ပြောမကုန်နိုင်တဲ့စကားတွေလည်းပြောကြတယ်။ နောက်ပိုင်းကျတော့ရာစုသစ်မြစ်ကျဉ်း အုပ်စုတွေကဗျာအတွက်ဆုံကြတော့လည်း ဦးချစ် သို့မဟုတ် အရှည်ကြိးရဲ့ တောင်ပိန္နဲပင် အောက်ကခုံတွေမှာပါပဲ။

သိပ္ပံဆောင်ဟာ ဇာတိမြေဆိုရင် မြကျွန်းသာဟာ အနုပညာတချိုကနဲ့ဝေစည်နေတဲ့ဥယျာဉ် လေးတစ်ခုပေါ့။တောင်ငူဆောင်နဲ့ ဦးချစ်ဆိုင်ကတော့ သိပ်ကိုချိုမြတဲ့ ဂန္ထဝင်များစွာနဲ့ဖွဲ့သီ ထားတဲ့အရပ်။ပုဂံလမ်းက အမှတ်တရနေ့ရက်များစွာဝှက်သိုသိမ်းဆည်းရာနေရာ။

စစ်ကိုင်း လမ်းကတော့ ပျော်ရွှင်မှုများစီးဆင်းသွားရာအရပ်၊(ကိုနေဝင်းအတွက်ကတော့..ခုညတော့ အိပ်နိုင်မယ်မထင်ဘူး ဆိုတဲ့လမ်းကလေး..)..သထုံလမ်းကလေးကတော့ မိုးပိတောက်တွေ နဲ့စိမ်းစိုတိတ်ဆိတ်နေတဲ့အတိတ်ရပ်ဝန်း။လွမ်းတယ်။အကြောင်းပြချက်များစွာထဲက တစ်ခု မှမကြွင်းကျန်ခဲ့ရင်တောင်လွမ်းနေဦးမယ့်နေရာလေးတစ်ခုပါပဲ။

မြကျွန်းညိုနဲ့အတူသတိရနေကြောင်းပြောချင်မိသူတွေက ဘယ်သောအခါမှ ကိုယ့်အတွက် negative ဆိုတာမပေးခဲ့ပဲ (နင့်ဆီမှာနိုးလို့ပြောတတ်တဲ့အကျင့်ရောရှိသေးလားလို့မေးချင် ရလောက်အောင်သဘောကောင်းခဲ့တဲ့သူငယ်ချင်း)သံလွင်ချမ်းမြေ့။ခုဆိုရင်တော့ သူဟာ တစ်ချိန်က အဲလိုလူပါလားလို့ ပြန်တွေးရမှာတောင်ခပ်ခက်ခက်ဖြစ်စေတဲ့လူတစ်ယောက် ဖြစ်နေပါပြီ။ဆတ်ဆတ်ကျဲ။မဟုတ်မခံ၊မန်းဆေးတက္ကသိုလ်ရဲ့ ပြဿနာလေးတစ်ပွင့်ကိုဖြစ်
လို့..။နောက်..ကျွန်မ နားမှာတစ်ချိန်လုံးဆိုးအတူကောင်းအတူနေခဲ့ပြီးကာမှ Thesis ပြီးခါ နီးချိန်ကျမှ သင်းကွဲဘဝကိုတစ်စုံတစ်ယောက်ကဆွဲထုတ်မွှေနှောက်သွားတာကိုခံလိုက်ရ တဲ့ ကျွန်မရဲ့အကောင်းစားသူငယ်ချင်းလေး။တစ်ချိန်ကသိပ်ထက်မြက်ခဲ့ပါတယ်လို့ ဘုရား စူးကြိမ်ပြောရမယ့်နင့်သူငယ်ချင်းကိုကြည့်စမ်းလို့ ..ပြောယူရတဲ့ထိ နယ်မြို့ကလေးတစ်မြို့ က စီးပွားရေးသမား ကလေးနှစ်ယောက်အမေ သူငယ်ချင်းလေး။ဘဝမုန်တိုင်းဒါဏ်တွေကို ငယ်ငယ်တည်းက ရုန်းခံတွန်းလှန်ခဲ့ပြီး ခုထိလည်းရုန်းကန်နေရဆဲ မတည်ငြိမ်နိုင်သေးတဲ့ ဒလဖက်ကမ်းက ကျွန်မတို့အုပ်စုရဲ့ မွေးစားကလေးလိုဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်။

တွေ့လေရာတကောက်ကောက်လိုက်မုန့်တောင်းစားတတ်တဲ့ ဥပဒေပညာရှင်ကြီးတစ်စု လည်းရှိသေးတယ်။တစ်ခါတစ်ခါသူတို့များသိပ်အားနေရင် ရူပဗေဒအဆောင်တစ်ဆောင် လုံးကိုပတ်လို့ ကိုယ့်နာမည်အော် ပြီးမုန့်ကိုကြွေးတောင်းသလိုလာတောင်းစားတတ်တဲ့သူ တွေ ။အဲဒီတုန်းကတော့ ကြောက်လို့ထွက်ပြေးတာပဲ။ခုတော့လည်းသူတို့ကိုသတိရပါမိပါ ရဲ့ ။အဲဒီထဲက ကာတွန်းမင်းသားကတော့မင်းသမီးဟောင်းတစ်ယောက်နဲ့အကြောင်းပါသွား တာသိခဲ့ရတယ်။

နောက်ဆုံးနှစ်ဂုဏ်ထူးတန်းမှာ စာသင်ဝိုင်းတစ်ခုအဖြစ်ဆုံဆည်းပြီးပိုတွဲဖြစ်ခဲ့ကြတဲ့သူငယ် ချင်းတွေလည်း ခုတော့တစ်နေရာစီမှာ။ပဲခူးဆောင်ရဲ့ဂီတမှူးတစ်ယောက်ကတော့တစ်ခါ တစ်ခါ မျက်စိလည်လမ်းမှားပြီးဘလော့ကိုရောက်ရောက်လာတတ်တယ်။

တစ်ယောက်က တော့ အင်္ဂလန်မှာ၊စာရင်းတွေဇယားတွေနဲ့ဘဝကိုမြုပ်နှံလို့။တစ်ယောက်ကလည်းတတ်တဲ့ ပညာမနေသာဆိုသလို နယ်မြို့ကလေးတစ်မြို့မှာကလေးတွေကိုစာသင်လိုက် electric current တွေမမေ့အောင်မီးသွယ်တဲ့အလုပ်လုပ်လိုက်နဲ့တဲ့..။(ကလေးတွေရှေ့ရေးနဲ့ မီးရေး ကိုတော့ ထူးပြီးတွေးမပူနေတော့ပါဘူး..:P ) မိဘနှစ်ပါးကိုပြုစုဖို့မိန်းမတော့ယူမှဖြစ်မယ်ဆို ပြီး နယ်ပြန်သွားပြီးကတည်းကတစ်ခါမှမဆုံတော့တဲ့သူငယ်ချင်းတစ်ယောက် မနှစ်ကပြန် တွေ့တော့ လူပျိုကြီးပဲ တဲ့။ရန်ကုန်လိုနေရာမှာလမ်းလေးနှစ်ခုခြားတာတောင်ဖုန်းတစ်ချက် ဆက်စကားပြောဖော်မရတဲ့သူတို့သူငယ်ချင်းမလေးကိုသူတို့လည်းသိပ်သတိရတော့မယ်မ ထင်ပါဘူး။
(ဃ)
ဘဝတစ်ခု ပြိုကျမသွားခင်
ကျားကန်ထိန်းသိမ်းပေးခဲ့ရာ နေရာလေး
စိတ်ရှုပ်စရာဆိုတာတွေးချိန်မရှိအောင်
အချိန်ပြည့်အလုပ်တွေနဲ့ ကွယ်ကာကုသပေးခဲ့တဲ့နေရာလေး..
မင်းရင်ခွင်သေးသေးလေးကိုလွမ်းတယ်

အလူမီနီယံတံခါးတစ်ချပ်ကိုဆွဲပိတ်လိုက်ပြီဆို ကိုယ်ပိုင်ကမ္ဘာတစ်ခုလိုဖြစ်သွားစေတဲ့ ကျွန် မအလုပ်လုပ်ရာ ရုံးခန်းကလေး။တခြားလူတွေဘယ်လိုပဲပြားပန်းခတ်မျှအောက်မှာလှုပ်ရှား နေနေ ကျွန်မကတော့တံခါးလေးတစ်ချပ်ပိတ်လိုက်တာနဲ့အာရုံတွေဖြန့်ကျက်လို့ရတဲ့နေရာ တစ်ခုဖြစ်သွားခဲ့ပြီ။

ကွန်ပျူတာရှေကထိုင်ပြီး အင်တာနက်ကွန်ယက်နဲ့အတူစီးမျောမလား။ စားပွဲပေါ်မှာပြန့်ကျဲမို့မောက်နေတဲ့ စာအုပ်တွေရဲ့ခေါ်ဆောင်ရာအတိုင်းအတွေးကွန်ယက် ဖြန့်ကျက်လိုက်သွားမလား။ဒီဇိုင်းစာရွက်တွေ၊စာမူပုံတွေ၊စာအုပ်ပုံတွေ၊ပြဿနာပုံတွေထဲမှာ ခေါင်းမဖော်နိုင်ခဲ့သည့်တိုင် အဲဒီနေ့ရက်တွေနဲ့နေရာလေးကိုတော့သတိရနေတုန်း။

အလုပ်ခန်းလေးနဲ့အတူ ကျွန်မနဲ့အလုပ်တူတွဲလုပ်ခဲ့ကြဖူးတဲ့စာပေမောင်နှမတွေ .. မိတ်ဆွေသူငယ်ချင်းတွေကိုလည်းသတိရပါတယ်။
(င)
မိတ်ဆွေ တဲ့
စိတ်စေတနာမပါပဲ
တစ်ဆစ်စာလျှာဖျားကိုအသုံးပြု
ဝေါဟာရတုတွေခပ်များများနဲ့
ငါ့ရဲ့နေ့တွေကိုကျန်းမာရေးကောင်းစေခဲ့သူများ
သင်တို့အား ငါကောင်းချီးပေးပါရစေ။

ကျန်းမာရေးသိပ်မကောင်းတတ်တဲ့ကျွန်မကို ဖုန်းဆက်လိုက်တိုင်း မသေသေးဘူးလားလို့ ခေတ်သစ်လူမမာမေးနည်းနဲ့မေးတတ်တဲ့အကြည်တော်၊မနော် အားရင်ဒီဖက်လျှောက်ခဲ့ဥိး လို့ ကိုယ်တစ်ယောက်တည်းလမ်းလျှောက်တတ်ပြီးသူကျ လမ်းမလျှောက်တတ်သလိုခေါ် တဲ့ ကိုသျှီ(သူများတွေကတော့သူ့ကို အစ်ကိုအောင်လို့ခေါ်ကြတယ်။ကိုယ်ကတော့ရိုင်းရာ ကျမှာစိုးလို့မခေါ်ပါဘူး. :P )..။

နင်က သမီးလှလှလေးတွေမှ ကိုသျှီ့လိုမွေးမထားတာ သား ချည်းပဲ ဆိုတော့နင့်ဆီလာမလည်ချင်ဘူး ဆိုတဲ့ကိုဇော်သက်ထွေး၊လာလိုက်ရင် ဖင်ပူ အောင်မထိုင်ရသေးဘူး ကန့်သတ်ချိန်နာရီကိုတကြည့်ကြည့်နဲ့ (ထိုက်ထိုက်ကန့်သတ်ပေး လိုက်တဲ့အချိန်အတိုင်းပြန်ပြေးဖို့ကြိုးစားနေတဲ့) ကိုမျိုးမင်းယု(မျိုးကိုမျိုး)၊သတင်းပေါင်းစုံ ကိုဟုတ်တာရောမဟုတ်တာရောအကုန်သယ်လာတတ်တဲ့ဝေမှူးသွင်၊ကျွန်မနဲ့ အသွင်လဲမ တူပါပဲ ညီအစ်မတွေလိုခင်နေကြတဲ့ မမသည်း(ခင်လိမ္မာ)၊မချို(ခင်ချိုချိုဦး)၊ဝင်းမာ၊သီတာစိုး သူတို့နဲ့အတူ တစ်နေရာကနေတစ်နေရာကူးပြီးသူတို့ရဲ့ သတင်းသမားဘဝကို ဘေးက လိုက်ထိုင်ကြည့်လေ့လာခဲ့ဖူးတဲ့နေ့ရက်တွေ။

သူတစ်ပါးကဥိးနှောက်ဖောက်စားထားတာကို.ခံထားရလို့လားမသိဘူး….တစ်နေ့တခြားအရွယ်နဲ့
မမျှအောင်အိုစာလာတဲ့..အဖိုးကြီးရုပ်ကလေးနဲ့..ကိုယ့်ကိုယ်ကိုယ်..စိတ်ဓါတ်မြှင့်တင်ရေးလုပ်တဲ့
အနေနဲ့ကိုယ့်ကိုအန်တီလာလာခေါ်ဖို့ကြိုးစားတတ်တဲ့.မောင်သစ္စာ(သစ္စာပိုင်စိုး)၊ရုပ်တည်ကြီးနဲ့ လူတွေကိုကလောင်တစ် ချောင်းနဲ့အမိအရနှိပ်စက်တတ်လို့ တစ်သက်စာ ဘီတီဘီတီဗန်ဗန် ဆိုတဲ့သံစဉ်နဲ့တွဲမှတ်မိ ခံရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ခုထိလည်း နင်မကြောက်ရင်ငါ့အကြောင်းရေးလိုက်ပေါ့…လို့ခြိမ်းချောက်သံနဲ့ဆိုတဲ့…ကိုမင်းလူ..၊အမြဲတမ်းလို
အလုပ်ရှုပ်နေတတ်ပြီး..သောကတွေဘယ်လောက်များများအမြဲပြုံးချိုစွာနေတတ်တဲ့ သူငယ်ချင်းလူပန့်ငယ်။
(စ)
ရောင်စဉ်တံလျှပ်တွေအထပ်ထပ်နဲ့
ရေကြည်သန့်တွေကိုငတ်မွတ်ခဲ့သောနေ့ရက်များမှာ
ငါ့ကောင်းကင်တောင်ကြားလမ်းကအလင်းတချို့
ငါ့ရင်ကိုဆို့နင့်စေခဲ့ဖူးတယ်
ကြေကွဲလွယ်တယ်ဆိုပေမယ့် မေ့တော့မမေ့လွယ်ခဲ့ပြန်ပါဘူး။

သူ့အိမ်ရောက်တာနဲ့ ထမင်းချိန်ထမင်း ၊ကော်ဖီချိန်ကော်ဖီ တစ်ခုခုလုပ်ကျွေးတတ်ပြီး လူကိုကြည့်လို့အားမရရင် အားဆေးပါတိုက်လိုက်သေးတဲ့၊ဆေးရုံအရေးပေါ်တင်လိုက်ရပြီ ဆိုအနားကနေ စောင့်အိပ်ပေးတတ်တဲ့ မသန္တာ၊ပင်ပမ်းမယ့်အလုပ်ဆို လေတောင်မချွန်စား တဲ့ လက်ဘက်ရည်ဆိုင်တစ်ခါထွက်ထိုင်ဖို့အတွက်ကားနဲ့ပင့်ယူရတတ်ပေမယ့် သူအလိုရှိ ရင်တော့ ဘယ်လိုချိန်ဖြစ်ဖြစ်ရောက်လာတတ်တဲ့ မဆွေ(ကိုတာရာမင်းဝေတောင်သူ့ကို မှော်ဆရာရဲ့ကျောင်းစာအုပ်ထဲမှာ ထည့်ရေးထားသေးတယ်)၊ ကလေးတစ်ယောက်တော့ မွေးစမ်းပါဟယ် ငါတို့လည်း ရှိနေတာပဲ အကုန်ဝိုင်းမွေးပေးမှာပေါ့ ဆိုပြီး ကလေးမွေးတော့ တစ်ကောင်မှအနားမှာမရှိတဲ့ ဆေး(၂)ကချစ်လှစွာသောသူငယ်ချင်းများ၊(ယုံစားမိတော့လဲ ကလေးတစ်ယောက်အဖတ်တင်တာပေါ့ သူတို့ကိုတောင်ကျေးဇူးတင်ရဦးမှာ..အဲဒီထဲက ဒီ ဘလော့ကိုလာလာဖတ်နေတဲ့ မီရေ အားလုံးကိုကြုံရင်ပြန်ပြောပြပေးပါ။သတိတရကျေးဇူး တင်ရှိနေကြောင်း…)

အချိန်တွေက တရွေ့ရွေ့နဲ့။ အချိန်ဆိုတာ တကယ်အကုန်မြန်တတ်တဲ့အရာလား။ မရွေ့ တရွေ့နဲ့ တကယ်ပဲမရွေ့နိုင်တတ်တဲ့အရာလေလား။စိတ်တွေရဲ့စေစားရာတွေအတိုင်းရွေ့ မျောရင်း သတိရခြင်းတွေက တားမနိုင်ဆီးမရ ငွေ့ရည်ဖွဲ့လာတဲ့အခါ ငါဘယ်မှာရွာချလိုက် ရတော့မလဲ…………….။ကျောက်ထက်အက္ခရာတွေထွင်းထု၊စကားလုံးအစုစုတွေက ငါ့ကို လိုက်လံစိုစွတ်စေခဲ့ပြီ။မနက်ဖြန်မှာမင်းမရှိတော့ဘူးဆိုရင် မနက်ခင်းရဲ့အလင်းတွေကိုလဲ ငါမလိုချင်ပါဘူး။အစတည်းက ဘာလို့ အရာရာကိုငြင်းမထုတ်နိုင်ခဲ့ရတာတဲ့လဲ။ခုတော့….. သူရေးခဲ့တဲကဗျာလေးတစ်စကဖြင့် သတိရကြောင်းတွေကိုပြောပြစေခဲ့ပြီ။
ကဲ….မှော်ဆရာ
အပိုင်းပိုင်းအထစ်ထစ်
သက္ကရာဇ်တို့ မပြိုခင်မှာ
သုည တစ်လုံးပဲရှိတဲ့
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်ပေးပါ ၊၊
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည
ငါ…..သူ့ကို သတိရကြောင်း
ပြောပြပေးပါ……၊၊ ၊၊

မနော်ဟရီ

Saturday, February 25, 2012

ဝမ်းနည်းဖွယ်ရာ အာအိုင်တီ


မြန်မာတပြည်လုံး ပညာရေးချုံးချုံးကျလာတာ အာအိုင်တီတခုတည်းအတွက် ၀မ်းနည်းနေရမလား ..ပြောလာရင်လဲ၊ ခံရမှာပါ။ ဘာကြောင့် များ အစိတ်စိတ်အမွှာမွှာကွဲသွားရသလဲဆိုတာ စဉ်းစားမိပြီး၊ အာအိုင်တီကျောင်းဆင်းများ ဆရာပဲထိုင်ပြီးကန်တော့နေမဲ့ပွဲများကနေ တခုခု လုပ်ဖို့ လိုလာပြီထင်ပါတယ်။

အင်တာနက်ဝက်ဆိုဒ် http://www.most.gov.mm/techuni/ ကိုကြည့်လိုက်တော့ အာအိုင်တီ (ရန်ကုန်စက်မှုတက္ကသိုလ်) RIT-Rangoon Institute of Technology ကို ရန်ကုန်နည်းပညာတက္ကသိုလ် YTU Yangon Technology University လို့ အမည်ပြောင်းလိုက်ပါတယ်။ ယခင်က ၆နှစ်တက်မှ ရတဲ့ B.E အင်ဂျင်နီယာဘွဲ့ကို အခုခေတ် အစိတ်စိတ်၊ အပိုင်းပိုင်း တက်နေရပါတယ်။ အရင်က ၃ နှစ်တက်ရတဲ့ ဒီပ လိုမာ ဂျီတီအိုင်ကို ၂ နှစ်ပဲတက်ရတယ်။ နောက်ထပ် ၂ နှစ် Technology University ကိုတက်ရင်၊ ဘီတက် B.Tech ဘွဲ့ရပြီး၊ နောက်ဆက် တက်မှာ ဘီအီး B.E အင်ဂျင်နီယာဘွဲ့ရတဲ့စနစ်ကို ရောက်နေပါတယ်။

အရင်က ရန်ကုန်စက်မှုတက္ကသိုလ်တခုတည်းရှိတဲ့ အင်ဂျင်နီယာတက္ကသိုလ်ကို ပြည်နယ်တိုင်း ၁၄ ခုမှာ အင်ဂျင်နီယာတက္ကသိုလ် Technology University ၃၀ခု တောင်မှ တည်ထောင်ထားပါတယ်။ ကျွန်တော်တို့ငယ်စဉ် ၁၉၈၈ မတိုင်မီကတောင် ပစ္စည်းကရိယာ၊ ဓါတ်ခွဲခန်း မလောက်ငှတဲ့ အင်ဂျင်နီယာတက္ကသိုလ်ကနေ အခု ၃၀ တောင် စာတွေ့ပဲရှိမှာသေချာပါတယ်။ ထားပါတော့။ ဒီပလိုမာပေးတဲ့၊ ဂျီတီအိုင် အရေအတွက်တော့ အရင်အတိုင်းပဲ ၁၁ ခုရှိပေမဲ့၊ ဒီဂရီပေးတဲ့ အင်ဂျင်နီယာတက္ကသိုလ်ကတော့ ၁ ခုကနေ ၃၀ အထိ တိုးချဲ့လိုက်တာ အရမ်းအားပေးထားရှာတယ်။

ဘာပဲဖြစ်စေ ဆေးပညာဘွဲ့ရလာတဲ့ ဆရာဝန်များဘ၀နဲ့၊ အင်ဂျင်နီယာဘွဲ့ရများရဲ့ အခြေအနေများကိုလူတိုင်းသိပါတယ်။

ယခင် စက်မှုတက္ကသိုလ် တစ်ခုတည်းကနေ၊ အခု နည်းပညာတက္ကသိုလ် ၃၀ ခုထိအောင် အစိတ်စိတ်ဖြစ်ရတာ ရှစ်လေးလုံးအရေးအခင်းကို အာအိုင်တီက စခဲ့တဲ့အတွက် အပြစ်ဒဏ်ပေးတယ်လို့ အားလုံးက ယူဆပါတယ်။ အာအိုင်တီ ကျောင်းသားများကို လူထပ်စုတာ မဖြစ်အောင်၊ နယ်နှင်လိုက်တယ်လို့ပဲ ပြောကြတယ်။ အလားတူ၊ ရန်ကုန်တက္ကသိုလ်ကြီးလဲမရှိတော့ပဲ ..ဟိုး အဝေးကြီး ဒဂုံမြို့သစ်မှာရောက်သွားတယ်။ မြို့တိုင်းမှာ တက္ကသိုလ်တွေနဲ့ အမြင်တော့ကောင်းပေမဲ့၊ လူတော်များစုစည်းမနေအောင် စနစ်တကျလုပ်ခဲ့တာပါ။

အခု ခေတ်ပြောင်းပြီလို့ဆိုရမယ်ဆိုရင် …ထပ်ရေးချင်ပါတယ်။

အာအိုင်တီကျောင်းဆင်းများ ဆရာပဲထိုင်ပြီးကန်တော့နေမဲ့ပွဲများကနေ တခုခုလုပ်ဖို့ လိုလာပြီထင်ပါတယ်။ ဘာလုပ်ကြမလဲဆိုတော့ .. ထိပ်တန်းစာတော်သူ လူ ၇၃၀ ကို ရန်ကုန်မှာပဲ၊ ပညာသင်စေတဲ့ စက်မှုတက္ကသိုလ်တခုအဖြစ်၊ မျိုးဆက်သစ်များကို စုစည်းနေသူများကို အားပေးဖို့ပါပဲ။

ဝတ်မှုန်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂
ကမ်းလက်များဆီ.....


လူတိုင်းက ကမ္ဘာကြီးတခုလုံး လှပစေချင်ကြတာချည်းပါဘဲ …။ ကမ္ဘာကြီးတခုလုံး လှပအောင် မလုပ်ဆောင်နိုင်ပေမဲ့ ပန်းလေးတပွင့် ပွင့်အောင်တော့ လုပ်ပေးနိုင်တယ်ဆိုတဲ့ ခံယူချက်နဲ့
နယ်စပ်တောရွာလေးမှာ ကျောင်းဆရာမ ဝင်လုပ်ခဲ့တယ် …။ ကလေးတွေကို “စာ” သင်ပေးတာ တမျိုးထဲ မဟုတ်ဘဲ၊ ကိုယ်သိတဲ့ တွေ့ကြုံခဲ့ဖူးတဲ့ ဗဟုသုတလေးတွေပါ ပြောပြရင်း
နွေးထွေးတဲ့ မေတ္တာပါပေးရင်း ကလေးတွေရဲ့ ဘဝနဲ့ စိတ်ခံစားချက်တွေကိုပါ
နားလည်ပေးရတယ်။
ကိုယ်စာသင်ပေးရတဲ့ ကလေးတွေကိုပဲ မေတ္တာထားတာမျိုးသာမက လက်လှမ်းမီသမျှ ကလေးတွေ၊ သားသမီးရဲ့ အတန်းဖေါ်သူငယ်ချင်းတွေရဲ့ ဘဝနဲ့ ခံစားချက်ကိုပါ
မျှဝေ ပေးခဲ့ရတယ်…။
တနေ့တော့ သမီးလေးက
“မေမေ … သမီးသူငယ်ချင်းလေ ဘာဖြစ်မှန်းကို မသိဘူး၊ စာလည်း မရဘူး၊ စာလည်း မလုပ်ဘူး၊ စာလည်း စိတ်မဝင်စားဘူး၊ တမှိုင်မှိုင်နဲ့ …”
“မေးကြည့်ပေါ့ သမီးရယ်။ သူ့မှာ ဘာအခက်အခဲတွေ ရှိလဲ။
သူ ဘာတွေဖြစ်နေလဲပေါ့ …။”
နောက်တနေ့ ၊ သမီးဆီက ကြားလိုက်ရတာကတော့ -
“ငါလေ ရွာမှာ ကျောင်းမနေနိုင်ဘူး။ ဒီမှာ ကျောင်း အလကား
တက်ရလို့ ငါ လာနေရတာ။ အခု ငါ ရွာပြန်ရတော့မယ်။ စစ်သား ပြန်လုပ်ရတော့မှာ။
ငါ မလုပ်ချင်ဘူးဟာ။ ငါ ကျောင်းတက်ချင်တယ်။ ငါ မပြန်ချင်ဘူး။ ဒါပေမဲ့
ငါ မပြန်လို့လည်း မဖြစ်ဘူး။ ငါမပြန်ရင် ငါ့ညီက ငါ့ကိုယ်စား ဝင်ပေး
ရမှာ။ ငါ့အဖေကို ဒုက္ခပေးကြမှာ။ ငါ ဘယ်လိုမှ မပျော်ဘူးဟာ။ ငါလေ ... …. …”
စသည်ဖြင့် ပြန် ကြားရပါတော့တယ်။
ဒီကလေး တယောက်ထဲ ဒီလိုသောကတွေကို ခံစားနေရတာ မဟုတ်ပါဘူး။ ကလေးတွေ
လူငယ်တွေ ဒုနဲ့ ဒေး ပါပဲ။ ဆယ်ကျော်သက် ကလေး၊လူငယ်တွေ၊ လတ်ဆတ်နေရ
မယ်၊ ပျော်ရွင် တက်ကြွနေရမယ်၊ အနာဂတ်ကို လှပစွာပုံဖေါ်နေရမယ့်အစား … ကလေးတွေ အားငယ်နေကြရတယ်။ စိတ်ဓါတ်ကျနေကြတယ်။ ဦးနှောက်နဲ့ နှလုံးသား အကျဉ်းချထားခံ နေရတယ်။
ဆိုးရွားတဲ့ ဒီ အခြေအနေက လွတ်မြောက်ချင်နေကြပြီ။ ကူညီပေးမဲ့သူ၊ ကယ်ထုတ်ပေးမဲ့သူတွေကို ငံ့လင့်နေကြတယ်။ လက်ကမ်းနေကြတယ်။
“ကမ်းလက်များ ဆီသို့ …”

ဂေါ်ရှယ်
နိုဝင်ဘာ ၁၄၊ ၂၀၀၉

Thursday, February 23, 2012

နှင်းဆီဝါ၀ါ


ရေနွေးကား ပွက်ပွက်ဆူလေပြီ။ အသင့်ဖျော်စပ်ပြီးသား နွားနို့ကို ခွက်ထဲသို့ ခတ်သွက်သွက် ထည့်လိုက်ရ၏။ ပြီးမှ မီးခလုတ်ကို ပိတ်ကာ ရေနွေးကို ချရသည်။ ခုထိ အဖွားက မနိုးသေး။ အိပ်ခန်းဖက်သို့ လှမ်းကြည့်မိလိုက်၏။ လူးသံ လွန်းသံပင် မကြားရ။ မနက်ကဖြင့် ၆ နာရီ ထိုးလေပြီ။

အဖွားကိုယ်စား အသင့်ထည့်ပြီးသား သောက်တော်ရေလင်ပန်းကို ဘုရားစင်ပေါ်သို့ တင်၍ ဦးတော်လုပ်လိုက်ရသည်။ အဖိုးက ဘုရားရှိခိုးလေ့ မရှိ။ လက်အုပ်ချီရုံမှတပါး ဘာမှ မလုပ်တတ်။ ဒါတွေက အဖွားဝတ္တရားများသာ။ ခု အဖွားအိပ်မောကျနေဆဲမို့ အဖိုးက တာဝန်လွှဲပြောင်းယူလိုက်ရခြင်း ဖြစ်၏။ အိပ်ခန်းအ၀မှ နေ၍ အဖွားကို လှမ်းကြည့်မိသည်။ နှစ်ချိုက်စွာ အပူအပင်မဲ့ အဖွားကား အိပ်စက်လျက်။

အဖိုး ခေါင်းတညိတ်ညိတ်နှင့် အိမ်အပြင်ဖက်သို့ ထွက်ခဲ့တော့သည်။ အတွင်းမှာ နွေး၊ အပြင်မှာ အေး ဖြစ်သည်။ ခြံထဲရောက်လာသည်နှင့် သိသိသာသာ အအေးပိုလာတော့၏။ အနွေးအင်္ကျီကို တင်းတင်းစေ့ရင်း အဖိုး ခတ်ဖြေးဖြေး လျောက်လာခဲ့သည်။ သည်ကုန်းမြင့်လေးကို အဖိုးသဘောကျသည်။ အားလုံးကိ စီးပြီး မြင်ရသည်။

ဒါကြောင့်လည်း သည်နေရာမှာ သည်အိမ်ကလေး ဆောက်ခဲ့ရခြင်း ဖြစ်သည်။ မြင်နေကြ ဖြစ်သော်လည်း မြင်ကွင်းက ရိုးမသွား။ အနောက်ဖက်က တောင်တန်းစပ်နှင့် ချောက်လက်တက်။ တောင်ဖက်က ကွေးကောက်နေသော ချောင်းရေကြည်၊ အရှေ့ဘက်မှာ မြို့သွားလမ်း မြေနီ။ မြောက်ဖက်က မိုးမခရွာ။

ဖြေးဖြေးချင်း လျှောက်ရင်း ကုန်းကမူလေးပေါ်သို့ အဖိုးတက်လာခဲ့သည်။ သည်နေရာ သည်ကမူထက်မှာ အဖိုး စိတ်ကူယဉ်ဖူးသည်။ အိပ်မောကျဖူးသည်။ လနှင့် ကြယ်နှင့် စကားပြောဖူးသည်။ အဖွားကို ချစ်ရေးဆိုခဲ့ဖူးသည်။ အဖွားနှင့် ကြည်နူးဖူးသည်။ ဓာတ်ပုံရိုက်ပေးဖူးသည်။

ပန်းကြိုက်တတ်သော အဖွား၏ ခေါင်းပေါ်မှာ ပန်းတွေ ဝေနေအောင် ပန်ပြီး သနပ်ခါးတွေ ဖွေးအောင် လူးစေခဲ့ပြီး ဓာတ်ပုံများစွာ ရိုက်ခဲ့ဖူးသည်။ အဖိုး နှလုံးသားမှာ ဒီပုံတွေ စွဲထင်ခဲ့ပြီးပြီ။ သားတွေ သမီးတွေနှင့် ချီပိုးကစားခဲ့ဖူးသည်။ တေးသီခဲ့ဖူးသည်။ သည်ကမူမှာ ရယ်သံတွေ သီချင်းသံတွေ ရှိခဲ့ဖူးသည်။

ခုတော့ ပန်းဝါ၀ါတွေ ၀င်းနေသည်။ ပန်းကြိုက်တတ်သော အဖွားက မြို့ကို တကူးတကမှာပြီး နှင်းဆီအ၀ါတခင်းလုံး စိုက်ခဲ့သည်။ အပြိုင်းအရိုင်းလုပြီး ပွင့်နေသော နှင်းဆီဝါတွေက မြေကို လင်းစေခဲ့ပြီ။

အဖိုး နှင်းဆီဝါအခင်းထဲမှာ လှမ်းတဖက်တွင် မိုးမခရွာဖက်မှ စက်ဘီးတစီး တက်လာသည်။ လူကြုံတယောက် ရွာထဲကို ညက ရောက်ပုံပေါ်သည်။ မြေနိမ့်လျောအတိုင်း အဖိုး ခတ်သော့သော့ ခြံတံခါးဆီ ဆင်းခဲ့သည်။ စက်ဘီးစီးလူငယ်လေးက စက္ကူညိုဝါအထုပ်ကြီးကို အဖိုးလက်ထဲသို့ ထည့်ပေးပြီး ပြန်ထွက်သွားသည်။ ထုတ်ကြည့်လိုက်တော့ ဟောလစ်ပုလင်းနှင့် စာတစောင်ဖြစ်၏။

လက်ရေးကိုမြင်တာနှင့် သားကြီးဆီက စာမှန်းသိသည်။ အလုပ်တွေ မအားသေးကြောင်း၊ သည်နှစ် မလာနိုင်ကြောင်း၊ လူကြုံကောင်းလို့ ဟောလစ်ပုလင်းထည့်ပေးလိုက်ကြောင်း၊ ဒါတွေပဲ ရေးလိုက်မှာ သေချာလှ၏။ အဖိုးတချက်ပြုံးလိုက်ပြီး ဟောလစ်ဘူးကိုရော၊ စာကိုပါ အိပ်ညိုဝါထဲထည့်ပြီး တောင်ဖက်ချောင်းရိုးဆီသို့ လှိမ့်ချပစ်ထည့်လိုက်သည်။ ပြီးမှ အိမ်ထဲသို့ ၀င်ခဲ့တော့၏။

တုတ်တုတ်မျှ မလှုပ်သေးသော အဖွား၏နံဘေးမှ ခြေလှမ်းဖွဖွနင်းကာ အဖိုး နောက်ဖက်ခန်းသို့ ၀င်ခဲ့သည်။ နှစ်ဘီးတပ်လှည်းပေါ်တင်ထားသော အဖိုးလက်ရာ သေတ္တာဝါ၀ါကြီးကို တွန်းယူလာခဲ့၏။ အဖွား၏အိပ်ယာအနီးမှာ ရပ်တန့်သည်။ သေတ္တာပေါ်မှာ ဆွဲထားသော နှင်းဆီပွင့်များက အဖိုး၏ လက်ရာပင်။ ပျိုရွယ်စဉ်က အဖွားကို အသာပွေ့ချီနိုင်သော အဖိုးသည် အခုလည်း အဖွားကို စွေ့ကနဲ မ ယူလိုက်နိုင်၏။ သေတ္တာထဲက နှင်းဆီအိပ်ယာပေါ်ရောက်သည်ထိ အဖွားက တုတ်တုတ်မျှ မလှုပ်ပေ။

နှစ်ဘီးတပ်လှည်းပေါ်မှ သေတ္တာကြီးကို ခြံဝင်းထဲသို့ ဖြေးဖြေးချင်း အဖိုး တွန်းလာခဲ့သည်. ကမူလေးထိပ်သို့ ရောက်တော့ အဖိုး ခဏနား၏။ နှင်းဆီဝါ၀ါ အခင်းထဲမှာ လိုက်ရှာစမ်းသပ်ရင်း ကြိုးနှစ်ချောင်းကို တွေ့၏။ အဖိုးပြုံးလိုက်သည်။

ခတ်တင်းတင်းလေး ဆွဲလိုက်တော့ နှင်းဆီဝါ တခင်းလုံး နှစ်ခြမ်းကွဲကာ လန်ထွက်သွား၏။ အောက်မှာတော့ သပ်သပ်ရပ်ရပ် တူးထားသော မြေကျင်းကြီးက ရှိနေသည်။ အဖိုးက အဖွားအိပ်နေသော သေတ္တာကြီးကို မြေကျင်းတွင်းသို့ ဖြေးဖြေးချသ်း လျှောချလိုက်သည်။ မြေကျင်းအောက်ခံ မြေသားပေါ်သို့ သေတ္တာကျသွားပြီ။

အဖိုးက နှစ်ဘီးတပ် လှည်းကလေးကို တွန်းယူလာခဲ့သည်။ တောင်ဘက်က ချောင်းလက်တက်လေးဆီသို့ လှည်းကို ဦးတည် တွန်းချလိုက်၏။ တစစီပြုတ်ထွက်ကာ ဦးစိုက်ဂျွမ်းပျံ ကျသွားသော နှစ်ဘီးတပ်လှည်းကလေးကို ကြည့်ရင်း အဖိုး လက်ဖ၀ါး ၂ ဖက် ပွတ်လိုက်မိသည်။ ပြီးနောက် အဖွားရှိရာသို့ အဖိုးပြန်လာခဲ့သည်။ တွင်းထဲသို့ ဆင်းသည်။ သေတ္တာကိုဖွင့်၏။ တုတ်တုတ်မျှ မလှုပ်သော အဖွားကို အဖိုး တွေငေးကြည့်သည်။ အဖွား၏ နဖူးပြင်ကို အဖိုး ဖွဖွလေး နမ်းလိုက်သည်။ ပြီးတော့ သေတ္တာကို ပြန်ပိတ်လိုက်၏။

အဖိုး သေတ္တာဘေးမှာ ထိုင်ချလိုက်သည်။ နောက် အိပ်ချလိုက်သည်။ မြေကျင်း နှုတ်ခမ်းတို့ ဘောင်ကွပ်ထားသော မိုးသားပြာနုကို စူးစူးလေး ကြည့်ရင်း အဖိုးလက်ထဲမှ ကြိုး နှစ်စကို အားနှင့် ဆွဲချလိုက်သည်။ မြေစိုင် မြေခဲတွေ ပြီးတော့ နှင်းဆီဝါ၀ါတွေ အဖိုးပေါ်သို့ အစီအစဉ်မကျ ကြွေကျလာကြတော့သည်။

များမကြာမီ သည်အနားတ၀ိုက်မှာ လူတွေအလုပ်ရှုတ်ကြတော့မည်။ ထူးဆန်းစွာ ပျောက်ဆုံသွားသော အဖိုးနှင့် အဖွားအကြောင်း အံ့အားသင့်စွာ ပြောကြပေဦးတော့မည်။ ထို့ထက်ပိုပြီး ထူးဆန်းသည်ကတော့ နှင်းဆီဝါ၀ါ အခင်းကြီး ပျောက်ဆုံးသွားခြင်းပင်။

ညံစီ
ref;yellow roses plain

(ချစ်တဲ့ အဖိုးနဲ့ အဖွားသို့  သတိတရတင်ဆက်ပါတယ်။ အဖိုးအမြန်ဆုံး ကျန်းမာလာစေရန် ရည်ရွယ်ဆုတောင်းလျှက်ရှိနေပါတယ်။)
အဖိုးရဲ့  အဆုံးအမ


တခါတလေ စဉ်းစားမိသည် ငါဘာလို ပျင်းဘာလိမ့် ဆိုတာ ကျမ ထက် အငယ်မောင်နှမတွေကို တော့ မပျင်းဖို့ ကြိုးစားကြဖို့  အမြဲဆုံးမဖြစ်တယ်။ ကိုယ်ကို တိုင်ကျ တော့ ငယ်ငယ်တုန်းကတော့ တော်တော်ကြိုးစားဖြစ်ပါတယ် ။

အသက် ၃၀ ပတ်ဝန်းကျင်လောက် ကတည်းက တဖြည်းဖြည်း ပျင်းလာတော့တာဘဲ။ လက်တွေ့ မှာ ကိုယ်သိတဲ့ အတိုင်းကျင့်ကြံနိုင်ဖို့ ဆို တော်တော်ခက်ပါတယ်။ ကျမလို ပျင်းတဲ့ လူတွေ အတွက် ပိုခက်တာပေါ့ ။
ငယ်ငယ်တုန်းက အဖိုး ခဏခဏ ပြောဖူးတာ သတိရမိတယ် ။

အသိပညာ ဘဲ ဖြစ်ဖြစ် အတတ်ပညာ တခုခုဘဲ ဖြစ်ဖြစ် သင်ယူတဲ့ နေရာမှာ သေသေချာချာ လေ့လာဖို့  ဟိုမရောက်ဒီမရောက်ဆို ရင် လုံးဝ မသိတဲ့ သူထက် ပိုဆိုးသတဲ့ အဖိုးပြောပြောနေကျ half - clever တွေ ဘယ်နေရာမှ သုံးလိုမရဘူး ဆိုတာ၊ မသိတဲ့သူဆို အစကပြန်သင်ပေးလို့ ရနိုင်သည်တဲ့ သိသလို မသိ သလို လူတွေကျ တော့ သင်ယူရတာအခက်ဆုံးတဲ့။ ငယ်ငယ်တုန်းက တော့ ဘာကိုဆိုလိုမှန်း နားမလည်ခဲ့ဘူး အခုအသက် ၃၀ ကျော် မှ သိလာတယ် ကိုယ်ကိုတိုင် ဖြစ်နေပါလားဆိုတာ။

ပြင်မယ်ဆို အချိန်ရသေးမှန်းတော့သိသား အသက် ၄၀ မကျော်ခင် အထိပေါ့ ။ ဘာကြောင့်လဲ ဆိုတော့ အဖိုးပြောပြောနေကျ အသက် ၄၀ ကျော်ရင် လူတွေအားလုံး ခေါက်ရိုးကျိုးသွားပြီတဲ့ လက်နှီးစုတ် လိုဘဲ ဘယ်လောက် လျော်လျော် မစင်တော့ဘူးတဲ့။ :)

အဖိုး နှင့် အဖွား အကြောင်းကို နေ့ စဉ်နီးပါးတွေးမိသည်။အဖိုး နှင့် အဖွား သည် ကျမ ထက် အစစအရာရာ တင်းတိမ် ရောင့်ရဲတတ်သည်။ အထူးသဖြင့် ရုပ် ၀တ္ထု များ ပစ္စည်း များ နှင့်ပတ်သက်လျှင် အဖိုး သည် အိမ်အသုံးအဆောင် ပရိဘောဂများကို တတ်နိုင်သရွေ့  ပြည်တွင်းဖြစ်ကိုသာ သုံးလေ့ရှိသည်။ ထိုထက်မက ဖြစ်နိုင် သမျှ ဒေသအတွင်းထွက်သည့် ပစ္စည်းများကိုသာသုံးလေ့ရှိသည်။

ကျမ တို့ ငယ်တုန်းက ကျောင်းသွားလျှင် စက္ကူ ထီးဆောင်းရသည်။ (မိုင်းကိုင်စက္ကူ ဖြင့်ပြုလုပ်ထားသည် ပြုလုပ်နည်းကို သေချာ မသိပါ။ မသုံးခင် ရေနံချေးများ သုတ်ပြီး အခြောက်ခံ ထားရသည်ကိုတော့ မှတ်မိသည်) အဖိုးသည် တချို့ စာတွေရေးသည့် နေရာတွင်လည်း သုံးသည်။ အဖိုးက ရေဗူး ကိုလည်း ဗူးခါးသီး ကို အခြောက်ခံပြီး သုံးလေ့ရှိပါသည်။

နိုင်ငံခြားဖြစ် ပစ္စည်းများကို ဖြစ်နိုင်လျှင် မသုံးဖို့ အမြဲ ပြောတတ်သည်။ နေ့ စဉ် နှင့်အမျှ နိုင်ငံခြားဖြစ် ပစ္စည်းများကို အားကိုး နေရတာကို အဖိုးနှစ်သက်ပုံ မရပေ။ နောက်ပြီး အဖိုးပြောလေ့ရှိသည်က ရောင်းရဲတင်းတိမ်ခြင်းသည် မင်္ဂလာ တစ်ပါးဆိုတာပါ။

သို့ သော် ကျမ သည် အသစ် အဆန်းများကိုနှစ်သက်သည်။ ကျမ တို့ ငယ်စဉ်က အစိမ်းရောင် အပြာရောင် ရောဘာ ( ဆင်ကြယ် ) ဖိနပ်များကိုသာစီးရလေ့သည်။ တခါတရံ မြက်ထူသော တောထဲသို့ သွားလျှင်တော့ ရောဘာ ဘွတ် ဖိနပ် အနက်ရောင်ကို စီးရသည်။

အဖိုးကိုယ်တိုင် တစ်အိမ်လုံးအတွက် ၀ယ်ပေးလေ့ရှိသည်။ ထိုဖိနပ်များသည် တရံ ကို တစ်နှစ် တစ်နှစ် ကျော်တဲ့ အထိ အစီးခံသည်။ အလယ်တန်းအရွယ်သို့ ရောက်သောအခါ ကျမသည် ထိုဖိနပ်များကို မစီးချင်တော့ပါ လှလှပပ ပုံဆန်းဆန်း ဖိနပ်များကို သဘောကျလာသည်။

တနေ့ တော့ ကျမ ထက်လပိုင်းငယ်သော ညီမ၀မ်းကွဲ နှင့်အတူ တိုင်ပင်ကြသည်။ စီးနေဆဲဖိနပ်သည် ၆ လလောက်ရှိတော့မည် ပြတ်မည့် အရိပ်အယောင် မတွေ့ သေးပေ။ ထို ဖိနပ်ပြတ်ပါမှ အသစ်ရမည် ဖြစ်လေရာ ဖိနပ်ကို ပြတ်အောင်လုပ်ရန်အကြံထုတ်ကြသည်။ ရောဘာ ဖိနပ်များသည် ဆွဲရုံနဲ့  မပြတ်ပါ။ ထို့ ကြောင့် ဆင်ခြင်ဥာဏ်နည်းသော ကျမတို့သည် ကပ်ကျေးဖြင့် ဖြတ်ကြသည်။

ကပ်ကျေးဖြင့် ဖြတ်တာတောင် တော်တော်နဲ့  မပြတ်ပေ။ ထိုစဉ် အဖွားရောက်လာတော့ အဆူခံခဲ့ရသည်။ သို့ သော် နောင်တွင် ထိုဖိနပ်များကို မ၀ယ်ပေးတော့ပါ။ ထိုအချိန်မှစ ပြည်တွင်းဖြစ် ပုံဆန်းဆန်း ဖိနပ်များ၊ နိုင်ငံခြားဖြစ် ( ထိုင်း၊ တရုတ်၊ ထိုင်ဝမ် ) ဖိနပ်များ တရံပြီး တရံ စီးခဲ့ သည်မှာ အခုအချိန်ထိဖြစ်လေသည်။

သို့ သော် ထိုဖိနပ်များသည် ငယ်စဉ်က စီးခဲ့ရသော ရောဘာ ဖိနပ် ကဲ့ သို့ ကြာရှည်မခံ သလို အကြမ်းမခံတတ်ပေ။ မရောင့်ရဲနိုင်ခဲ့လျင် ရုပ် ၀တ္ထု တွေ အလွန်တိုးတက်သည် ဒီခေတ်ကြီးမှာ အသစ်အဆန်းမှန်သမျှနောက်လိုက် မိပါက ပင်လယ်ရေသောက်မိသလိုအဖြစ်မျိုး ..... ဆိုတာ အဖိုး ဆုံးမလေ့ရှိသည် ကို သတိရမိသည်။

phomu

(ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် မီးငယ်ဘက်မှာရှိခဲ.ပေးတဲ.အဖိုး။ သားသမီးတွေ မြေးတွေထက် ပိုချစ်တဲ.အဖိုး။ ဘယ်သူတွေဘယ်လိုပြောပြော ငါ့ မြေးဘက်က ငါရှိနေပေးမယ် ငါတယောက်လုံးရှိနေသမျှ လက်ဖျားနဲ့ တောင်မထိနဲ.ဆိုတဲ.အဖိုး... အမြန်ဆုံးနေကောင်းပါစေ။)
ပြောချင်သူတွေ ပြောကြပါစေ


“လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ”ဆိုတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့
စာသားလေးတွေကို နာယူမှတ်သားရတဲ့အခါတစ်ခါတလေ လှည့်ပတ်ဖို့ ချောင်းနေကြ၊
အထင်သေးဖို့ ကြိုးစားနေကြ၊ ဆင်းရဲအောင် လုပ်နေကြတဲ့သူတွေကို သတိရမိတတ်ပါတယ်။

လူအတော်များများက တစ်ယောက်နဲ့တစ်ယောက်ဟန်ဆောင်မှုတွေ၊ လှည့်ပတ်မှုတွေ၊
အပြစ်တင်မှုတွေနဲ့ ဘာလုပ်ရင်လည်း လုပ်ပြန်ပြီ၊
ဘာမလုပ်ရင်လည်း မလုပ်လို့ ဆိုပြီး ပြောချင်ဆိုချင်ကြတာတွေက အများသား မဟုတ်လား။ တစ်ခါတလေ တစ်ယောက်နဲ့တစ်ယောက် လုပ်နေကျအလုပ်ကို မလုပ်ရင် မလုပ်လို့ဆိုပြီး ပြောတတ်ကြသလို မလုပ်ဖူးတဲ့ အလုပ်ကို လုပ်ပြန်ရင်လည်း အထူးအဆန်း အနေနဲ့ ပြောတတ်ကြပြန်ပါတယ်။ အထူးသဖြင့် လူတစ်ယောက် ကောင်းတဲ့အလုပ်လေးတွေ လုပ်ဖို့စပြီဆိုရင် အဲဒီလို အရွဲ့အစောင်း စကားလေးတွေနဲ့ ခနဲ့တဲ့တဲ့ လုပ်တတ်ကြတာတွေ အတော်များပါတယ်။

ဒီနေ့ခေတ် လူငယ်တွေကြားမှာ အဲဒီလိုလေးတွေ ပိုတွေ့ရသလားလို့တောင် ခံစားမိပါတယ်။ မကောင်းတဲ့ အလုပ်တွေ၊ မဟုတ်တဲ့ အလုပ်တွေ လုပ်တော့မယ်ဆိုရင်တော့ “လာထားကြာသလား”လို့ ဆိုပြီး အားပေးအားမြောက် ပြုတတ်ကြပေမယ့် ကောင်းတဲ့အလုပ်လေးတွေ တစ်ခုခုလောက် စကြမယ်ဆိုရင်တော့ ဘာဖြစ်လို့ညာဖြစ်လို့နဲ့ အကြောင်းပြချက်ကိုယ်စီ ပေးတတ်ကြတော့တာ ဖြစ်ပါတယ်။

ကိုယ်မလုပ်နိုင်လို့ ကိုယ့်ဖာသာကိုယ် ရှောင်ထွက်သွားတာ ဘာမှပြောစရာ မရှိပေမယ့် သူများလုပ်ရင်လည်း ဘာဖြစ်သလေး၊ ညာဖြစ်သလေးနဲ့ အထေ့အငေါ့လေးတွေ ပေးတတ်သေးတာဆိုတော့ ကောင်းတာလုပ်ချင်တဲ့ သူတွေတောင်မှ ခိုးကြောင်ခိုးဝှက် လုပ်နေကြရသလို ဖြစ်နေပြန်ပါတယ်။ ခေတ်ကိုယ်က မကောင်းဘူးလို့ပြောရင် ခေတ်ကို အပြစ်တင်ရာကျနေပါမယ်။ ဒီခေတ်မှာ ဖြစ်လာကြတဲ့သူ အချို့လို့ပဲ ပြောတာကောင်းပါတယ်။

တစ်လောကတောင် ဒကာလေးတစ်ယောက်က လျှောက်ဖူးသေးတယ်။ သူ့ဘဝမှာ အခုမှ ဘာသာတရားရဲ့ အနှစ်သာရလေးတွေကို သိရှိလာရလို့ ငြိမ်းချမ်းမှု ရောင်ခြည်လေးတွေ သန်းလာပြီး ဘာသာတရား အလုပ်လေးတွေအပေါ်မှာ အာရုံလေးတွေစိုက်ရင်း အရင်တုန်းက လုပ်ဖူးတဲ့ အလုပ်လေးတွေကို မလုပ်ဘဲ ရှောင်ကြဉ်ပြီး ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေး နေနေပြန်တော့လည်း တစ်ချို့က သူ့ကို ပုံမှန်မဟုတ်တော့ သလိုလို၊ ခပ်ကြောင်ကြောင် ဖြစ်သွားသလိုလို ယိသဲ့သဲ့ ပြောလာကြတယ်တဲ့လေ။

ပြောတဲ့သူတွေကလည်း ဘယ်သူတွေလည်းဆိုတော့ သူနဲ့အတူသွား၊ အတူလာ၊ အတူပျော် စသဖြင့် နေခဲ့ကြတဲ့ အရင်းအချာ သူငယ်ချင်းတွေပါပဲတဲ့။

ဒါကတော့ ပြောမှာပဲ။ သူတို့က ပိုပြောကြမှာပေါ့။ ကိုယ်ကအစက သူတို့နဲ့အတူ သူတို့လုပ်သလို နေထိုင် လုပ်ကိုင်ခဲ့ကြတာကိုး။ ဒါပေမယ့် ပြောတဲ့သူတွေရော၊ အပြောခံတဲ့သူတွေရော သတိပြုရမှာက “လူဟာ ဘယ်တော့မှ တစ်သမှတ်တည်း ရှိမနေဘူး၊ ရှိနေဖို့လည်း မသင့်ဘူး”ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ အလုပ်တွေနဲ့ပဲ အနေများနေတဲ့ သူတွေအနေနဲ့ အဲဒီအလုပ်တွေမှာပဲ ကျင်လည်နေဖို့ မသင့်ပါဘူး။

ဒီအလုပ်တွေကနေ အချိန်မနှောင်းခင် ရုန်းထွက်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့အလုပ်ဆိုတာ ပုထုဇဉ်တွေအတွက် အတော်ကို ဆန့်ကျင်တဲ့အရာတွေ ဖြစ်ပါတယ်။ မကောင်းတဲ့ အလုပ်တွေမှာ လုပ်ဖြစ်ဖို့ သိပ်လွယ်သလောက် ကောင်းတဲ့အလုပ်တွေမှာကျတော့ တမင်ကို လုပ်ပြီးယူမှ ရတတ်တာ ဖြစ်ပါတယ်။

ဒီလို တမင်လုပ်ပြီး ယူမှရတဲ့အတွက်ကြောင့်လည်း မကောင်းတာတွေ လုပ်နေရာက ကောင်းတဲ့အလုပ်လေးတွေ လုပ်လာနိုင်တဲ့ သူတွေကိုတွေ့ရင် ကိုယ်နဲ့ချိန်ထိုးပြီး ကိုယ်မလုပ်နိုင်သေးတဲ့ အလုပ်လေးတွေ သူတို့လုပ်နေနိုင်ပါလားဆိုတာ မချီးမွန်းနိုင်တာတောင်မှ မကဲ့ရဲ့မိဖို့ လိုပါတယ်။ မကောင်းတာတွေ လုပ်နေကျသူတစ်ယောက် အဲဒီအလုပ်လေးတွေ မလုပ်ဖြစ်ဘဲ နေတာကိုတွေ့ရင် သူ့ဟာသူ တစ်နေ့ပဲနေနေ၊ တစ်မနက်ပဲနေနေ ကိုယ်က မထိတထိ မယိမိဖို့ပဲ လိုပါတယ်။ ပြောမယ်ဆိုရင် သူ့အတွက်ကတော့ အဲဒီအချိန်၊ အဲဒီအခိုက်လေးကတော့ တစ်ခုခု အကျိုးရှိနေမှာ အမှန်ပါပဲ။

သေချာတွေးကြည့်ရင် မဟုတ်တာတွေ လုပ်နေရာက ကောင်းတဲ့အလုပ်တွေ လုပ်ဖြစ်လာအောင် ရုန်းထွက်ဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ရုန်းထွက်ကြည့်ပါဆိုရင် စိတ်ပဲရှိပြီး လက်တွေ့ဘဝမှာ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေတာတွေက အများကြီးပဲ မဟုတ်လား။ အဲဒီလို ကိုယ်မရုန်းထွက်နိုင်သေးတဲ့ အလုပ်ကို တစ်ယောက်ယောက်က လုပ်နေတယ်ဆိုတာ အမှန်တော့ ကဲ့ရဲ့ဖို့၊ ယိသဲ့သဲ့လုပ်ဖို့ အသာထား ရိုးသားမယ်ဆိုရင် အကျိုးများအောင် အားတောင်ပေးရမှာ ဖြစ်ပါတယ်။ ခုတော့ အဲဒီလို အားပေးဖို့နေနေသာ ကောင်းတာလုပ်တာကိုပဲ အပြစ်ပြောဖို့ ချောင်းနေကြတဲ့ သူတွေက ရှိနေကြလေတော့ ကောင်းတာလုပ်တာတောင်မှ ခိုးလုပ်နေရသလို ဖြစ်နေပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ်လေ။ ကောင်းတဲ့အလုပ်လေးတွေ လုပ်နေတဲ့သူတွေ အနေနဲ့ကတော့ ဘယ်သူဘာပြောပြော ကိုယ့်အလုပ်ကို ကိုယ်ကောင်းအောင် လုပ်နေဖို့ပဲ အရေးကြီးပါတယ်။

အရင်းစစ်တော့ သူများကို ကဲ့ရဲ့တတ်သူပဲ ဖြစ်ဖြစ်၊ သူများကဲ့ရဲ့တာကို ခံရသူပဲ ဖြစ်ဖြစ် အားလုံးဟာ ဘယ်သူ့ဘယ်သူ အပေါ်မှာမှ အကြာကြီး မကဲ့ရဲ့နိုင်ကြသလို အကြာကြီး ကဲ့ရဲ့တာကို ခံရမှာမဟုတ်ဘူး ဆိုတာပါပဲ။ အဓိကကတော့ ကိုယ်ကိုယ်တိုင် ကဲ့ရဲ့တတ်တဲ့ အကျင့်တွေကို ရှောင်ဖို့နဲ့ ကိုယ့်ကို ကဲ့ရဲ့လာတဲ့အခါမှာလည်း ကိုယ့်စိတ်ကို မယိမ်းယိုင်သွားအောင် ခံနိုင်ရည်ရှိဖို့ပါပဲ။

ကဲ့ရဲ့ချင်တဲ့သူတွေကတော့ ကောင်းတာလုပ်လည်း ကဲ့ရဲ့မှာဖြစ်သလို မကောင်းတာလုပ်လည်း ကဲ့ရဲ့ကြမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ဘာပဲလုပ်လုပ် ကဲ့ရဲ့ကြမှာ ဖြစ်တဲ့အတွက် ကဲ့ရဲ့တာခံရတာချင်း အတူတူ ကိုယ့်ဘဝကို ကောင်းစေမယ့် ကောင်းတဲ့ အလုပ်တွေကိုလုပ်ပြီး ကဲ့ရဲ့ခံရတာဟာ အဆိုးထဲက အကောင်းပါပဲ။ ကိုယ်လုပ်တဲ့အလုပ်တွေ ကောင်းနေမယ်ဆိုရင် မကောင်းပြောလာတာတွေပဲ ဖြစ်ဖြစ်၊ စောင်းပြောလာတွေတွေပဲ ဖြစ်ဖြစ် အားလုံးဟာ နောက်ဆုံးတော့ မြောင်းထဲရောက်သွားကြတာပါပဲ။

ဒီနေရာမှာ မြတ်စွာဘုရားရှင်က အတုလဆိုတဲ့ ဒကာတစ်ယောက်ကို မိန့်တော်မူတဲ့ စကားလေးက အတော်အတုယူစရာ ကောင်းပါတယ်။ ဘုရားရှင်က “အို…အတုလ ကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာပြောဟော သူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ” လို့ မိန့်တော်မူပါတယ်။

ဘုရားစကားတော် အတိုင်းပါပဲ။ ကဲ့ရဲ့တာကတော့ အခုမှ ရှိလာတာ မဟုတ်ပါဘူး။ ဘုရားရှင်လို အလုံးစုံ ပြည့်စုံတော်မူတဲ့ မဟာလူသားတွေကိုတောင် ကဲ့ရဲ့ကြသေးတာဆိုတော့ ကိုယ်ကဲ့ရဲ့ခံရတယ်ဆိုတာ ဘာဟုတ်လို့လည်းပေါ့။ ဒီလိုပဲ ဖြေရမှာပဲလေ။

အရေးအကြီးဆုံးကတော့ ကိုယ့်စိတ်မှာ စကားလုံးတွေနဲ့ လေးမနေဖို့ပါပဲ။ စကားလုံးဆိုတာက သိတဲ့အတိုင်းပဲ လိုက်ပြီးခံစားနေမယ်ဆိုရင် ပြောလိုက်တဲ့သူက ဘာမှမဟုတ်ပေမယ့် ခံရတဲ့သူကတော့ ပိတ်သလေးနဲ့ ဘေးပစ်လိုက်သလို အတော်ကို အထိနာသွားတတ်တဲ့ သဘောရှိပါတယ်။ အထိနာတယ်ဆိုတာ တကယ်တော့ မသိတာတွေ ပါသွားလို့ပါပဲ။ ကြားတဲ့စကားလုံးကို ကြားတယ်လို့ မသိလိုက်တော့ ဘာကြားတယ်၊ ညာကြားတယ်၊ ဘာစကား၊ ညာစကား စတာတွေဖြစ်လာပြီး အဲဒီမသိမှုရဲ့ ဆွဲရာနောက်ကို ပါသွားတဲ့ အခါကျတော့ ဘယ်လိုခံစားရတာ၊ ညာလိုခံစားရတာနဲ့ နောက်ဆုံးကိုယ်ပဲ အထိနာသွားတဲ့ အဖြစ်ကို ရောက်ကုန်တော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကြားရင်လည်း ကြားတဲ့အခိုက်မှာ သိအောင်ကြိုးစားပြီး လိုက်ပြီးခံစားတဲ့ အဆင့်အထိ ရောက်မသွားကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။

ရှိပါစေတော့။ ပြောချင်တာက လူတွေရဲ့ ဟိုပြောဒီပြော ပြောတတ်တဲ့ အကျင့်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ပြောတတ်တဲ့ လူတွေကြားထဲမှာ ရှိနေသမျှ အပြောခံရတယ် ဆိုတာလည်း ရှိနေကြမှာ ဖြစ်တဲ့အတွက် ပြောသမျှစကား၊ ကြားသမျှ အသံတွေမှာ လိုက်မခံစားဘဲ ကိုယ်ကိုယ်တိုင်သာ သူတပါးအပေါ်မှာ အမနာပ မပြောမိအောင် ကြိုးစားရင်း ကိုယ့်အပေါ် ပြောလာသံတွေကိုလည်း တရားသဘောနဲ့ တွန်းလှန်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင် သူတပါးအပေါ် အပြစ်မြင်တတ်တဲ့ အမြင်၊ အပြစ်ဖြစ်စေတဲ့ စကား၊ အပြစ်ဖြစ်သွားမယ့် အလုပ်တွေ မမြင်မပြောမလုပ်မိအောင် ကိုယ့်ကိုယ်ကို ပြုပြင်ရင်း ကိုယ့်အပေါ် ရောက်လာမယ့် ပြောသံဆိုသံ ကဲ့ရဲ့သံတွေကိုလည်း ကိုယ့်စိတ်မှာ အပြစ်ဖြစ်မသွားအောင် ရှောင်ရှားတတ်ဖို့ပဲ အားထုတ်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် “ဘယ်သူ့ကတော့ ကိုယ့်ကို ဘယ်လိုပြောသွားတယ်၊ ဘယ်လိုဆက်ဆံတယ်” စတဲ့ အတွေးတွေနဲ့ စိတ်အစဉ်မှာ လေးလံနေပြီး အစာမကြာတာတွေကို ရင်မှာပိုက်လို့ တမိုင်မိုင် တတွေတွေ ဖြစ်နေကြတဲ့ သူတွေအနေနဲ့ “အပြစ်ပြောတယ်၊ ကဲ့ရဲ့တယ်ဆိုတာတွေဟာ အခုမှ ရှိလာတာ မဟုတ်တဲ့အပြင် ကိုယ်တစ်ယောက်တည်းပဲ ကြုံနေရတဲ့ အရာတွေ မဟုတ်ဘဲ ကိုယ့်ထက်အစစ အရာရာ ပြည့်စုံကြတဲ့ သူတွေတောင်မှ ရှောင်လို့မရ ကြုံတွေ့ရတဲ့ လောကဓံတရားတွေပါလား” လို့ ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ပြီး ကြားသမျှ အသံတွေ အပေါ်မှာ ဘာသံတွေ၊ ဘယ်သူအသံတွေ စသဖြင့် အမည်ပညတ်တွေတပ်ပြီး စိတ်ထဲမှာထားကာ လိုက်ခံစားမနေဘဲ “နောက်ဆုံးတော့ အားလုံးဟာ ဘာမှတစ်သမှတ်တည်း မရှိပါလား”ဆိုတဲ့ အမြင်အသိနဲ့သာ ဆင်ခြင်ကြည့်နိုင်အောင် ကြိုးစားရင်း ပြောချင်သူတွေ ပြောကြပါစေ ကိုယ်မပြောမိအောင်ပဲ သတိတရား လက်ကိုင်ထားလို့ မမေ့မလျော့ နေထိုင်နိုင်အောင် လေ့ကျင့်ကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာထား မေတ္တာအားဖြင့် အသိတရား ပွားလိုက်ရပါတယ်။

အရှင်ဝိစိတ္တ (မနာပ ဒါယီ)

(ဘယ်သူတွေ မစောင့်ရှောက်ပါစေ၊ ကိုယ့်တရားက ကိုယ့် အနားမှာစောင့်ရှောက်မှာပါ။
ဘယ်သူ့ကိုမှ မယုံ ရပေမယ့် တရားကိုတော့ ယုံရပါတယ်။
တခြားအဖော်က အမြဲမရှိနိုင်ပေ မယ့် တရားအဖော်က အမြဲရှိနေပါတယ်။)
သုံးဖန်လှတောင်သမန်ရဟတ် ဘယ်သူတွေရပ်ပစ်သလဲ


နိုင်ငံခြားသား ဧည့်သည်တစ်ယောက် သူ့ကိုယ်သူ မိတ်ဆက်ပြီး ရောက်လာပါတယ်။ သူက စာရေးဆရာတစ်ယောက်ပါ။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အော်ဝဲလ်အကြောင်း စာတစ်အုပ်ရေးဖို့ ရောက်လာတာလို့ သိရတယ်။

မြန်မာလူမျိုးများရဲ့ အပြုံး

အတော်ကြာအောင်နေပြီး သူသိချင်တာတွေမေး၊ ဓာတ်ပုံတွေရိုက် လုပ်ပါတယ်။ သူက ညနေကားနဲ့ မန္တလေးသွားမှာပါ။ ပြီးရင် ဂျော့အော်ဝဲလ်ရောက်ခဲ့တဲ့ ကသာဘက်ထိသွားမယ်လို့ ပြောသွားတယ်။ နှစ်ပတ်လောက်ကြာ တော့ သူပြန်လာပြီး နက် ဖြန်ပြန်တော့မယ်လို့ နှုတ်ဆက်တယ်။ ကသာထိရောက်အောင် သင်္ဘောစီးသွားခဲ့ရတဲ့ ခရီးစဉ်ကို တော်တော်ကျေနပ်နေပုံရတယ်။

ပတ်ဝန်းကျင်က သိပ်လှတာပဲလို့ ထပ်ခါတလဲလဲ ပြောရင်း တွေ့သမျှ မြန်မာလူမျိုးတိုင်းက ပြုံးနေကြတာကိုလည်း သိပ် သဘောကျတယ်။ မယုံနိုင်လောက်အောင် အံ့သြရတယ်လို့လည်း ပြောပြတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ တော်တော်လေး မကျေမနပ်ဖြစ်နေတာ တစ်ခုလည်း တွေ့ခဲ့ရတဲ့အကြောင်း ပြန်ခါနီးမှာ ဖွင့်ဟသွားတယ်။

ဖုန်တလုံးလုံးနဲ့ လှည်းတစ်စီး

ဘာကိုမကျေနပ်တာလဲလို့ မေးလိုက်တော့ သူ့ကျောပိုးအိတ်ကြီးထဲက ခရီးသွားလမ်းညွှန်စာအုပ်ကို ထုတ်ပြီး ဓာတ်ပုံတစ်ပုံကိုပြတယ်။ ဦးပိန်တံတားကြီးရဲ့အောက်က ဖုန်တလုံးလုံးကြားမှာ လှည်းတစ်စီးမောင်းသွားတဲ့ပုံ ဖြစ်နေတယ်။ မဲနယ်လိုပြာနေတဲ့ အပြာရောင်ကောင်းကင်ကြီးအောက်မှာ တလိပ်လိပ်တက်နေတဲ့ ဖုန်လုံးကြီးတွေနဲ့ အသော့နှင်နေတဲ့ နွားလှည်းလေးဟာ ဓာတ်ပုံထဲမှာတော့ လှချင်တိုင်းလှနေတယ်။ ၀ါဂွမ်းလိုဖွေးနေတဲ့ အဖြူရောင်တိမ်လိပ်တွေနဲ့ မြေပြင်ကတက်သွား တဲ့ဖုန်လုံးကြီးတွေ ထိစပ်နေပုံကိုကြည့်ပြီး 'မိုးထိအောင် လှေခါးထောင်'ဆိုတဲ့ စကားစလေးကို သတိရလိုက်မိတယ်။

လိမ်ညာပြီးကြော်ငြာသလို

ဓာတ်ပုံထဲကရှုခင်းကိုကြည့်ချင်လို့ ဓာတ်ပုံနဲ့ဗီဒီယိုတွေ အများကြီး ရိုက်ယူသွားချင်လို့သွားခဲ့တာ ရေတွေပြည့်နေတဲ့ တောင်သမန်ကန်ကြီးကိုပဲ တွေ့ခဲ့ရလို့ သွားရကျိုး မနပ်တဲ့အကြောင်း ဗြစ်တောက်ဗြစ်တောက်နဲ့ သူပြောလို့ မပြီးနိုင် ဖြစ်နေပါတော့တယ်။ ဒါဟာ လိမ်ညာပြီးကြော်ငြာသလို ဖြစ်မနေဘူးလားလို့လည်း မေးခွန်းထုတ်လိုက်သေးတယ်။ သူပြတဲ့ 'လမ်းညွှန်' စာအုပ်ထဲက ဓာတ်ပုံဟာ နှစ်အတော်ကြာကြာက ရိုက်ယူထားတဲ့ပုံဖြစ်တဲ့ အကြောင်း အခုအခါ တောင်သမန်အင်းဟာ တစ်နှစ်ပတ်လုံးရေ တွေရှိနေတဲ့ကန်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်တာဖြစ်ကြောင်း သူ့ကိုရှင်းပြလိုက်တယ်။

ကယ်ကြပါဦးတဲ့

သူနဲ့ တောင်သမန်အကြောင်းပြောပြီးနောက်တစ်နေ့မှာ ကလျာမဂ္ဂဇင်းက ဆရာမဒေါ်ကလျာက စာလေးတစ်စောင်ရေးပို့လိုက်လို့ ဖတ်ကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် တောင်သမန် အကြောင်းပဲဖြစ်နေတာ တွေ့လိုက်ရတယ်။ ဆရာမကစာထဲမှာ မတ်လထုတ် ကလျာကဆရာမရဲ့ 'ကယ်ကြပါဦး' ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးထားတဲ့ ဆောင်းပါးကို ဖတ်ကြည့်ပြီး တောင်သမန်ကို ၀ိုင်းပြီးကယ်ကြပါဦးလို့ တပ်ကူတောင်းထားပါတယ်။ ဆရာမဆီက စာရောက်မလာခင် ကတည်းက ဆောင်းပါးကို ဖတ်ပြီးပါပြီ။

ဖတ်ပြီး တော်တော်စိတ်မချမ်းမသာ ဖြစ်ခဲ့ရတယ်။ တောင်သမန်ဆိုတာ ကိုယ်သံယောဇဉ် ရှိတဲ့နေရာမို့ မဟုတ်ပါဘူး။ နေရာတကာ စီးပွားရေးအဓိက လုပ်နေကြတဲ့လူသားများရဲ့ မိုက်မဲစွာ လောဘဇောတိုက်မှုတွေကြောင့် တိုင်းပြည်ရဲ့ ရေမြေတောတောင် သဘာဝတွေ မြစ်ချောင်းအင်းအိုင်တွေ ပျက်စီးချင်တိုင်း ပျက်စီးတာတွေကို တွေးမိလို့ပါ။

ဝါးဘလောက်သောက်မြစ်သေဆုံးခြင်း

အမျိုးသားတွေ အမွေအနှစ်ဖြစ်တဲ့ အင်းလေးကန်ကြီး တစ်နှစ်ထက် တစ်နှစ်ပိုပြီး 'ကော' လာနေတဲ့အတွက် အင်းလေးကန်ကယ်တင်ရေးကို အပူတပြင်း လုပ်ဆောင်နေကြရတဲ့ သတင်းတွေလည်း ကြားနေရတယ်။ နိုင်ငံတကာကတောင် ၀ိုင်းပြီးကူညီနေရတဲ့ အခြေအနေဖြစ်နေပြီ။ ဒုဋ္ဌ၀တီ၊ ဇော်ဂျီ၊ ပန်းလောင်ဆိုတဲ့ သီချင်းစာသားလေးထဲက ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်တို့ဆိုရင် ဒီခေတ်မန္တလေးက လူငယ်တွေ ဘယ်နေရာမှာရှိမှန်းတောင် မသိကြတော့ဘူး။ စမုန်မြစ်၊ စမာမြစ်တို့ဆို ကြားတောင်မကြားဖူး ကြတော့ဘူး။ အောက်ပြည်အောက်ရွာမှာလည်း အတူတူပါပဲ။ မနှစ်လောက်က ဆဲဗင်းဒေးဂျာနယ်မှာ စာရေးဆရာ မောင်သာချိုရေးခဲ့တဲ့ '၀ါးဘလောက်သောက်မြစ် သေဆုံးခြင်း' ဆိုတဲ့ သတင်းဆောင်းပါးလေးကို ရင်နာစွာနဲ့ ကောင်းကောင်းမှတ်မိနေတယ်။

မဆိုင်သလိုနေခဲ့ကြ

မောင်သာချိုတို့ငယ်စဉ်က မြို့ကိုလာတဲ့အခါ ၀ါးဘလောက်သောက်မြစ်ကို လှေနဲ့ဖြတ်ကူးရတယ်။ အခုတော့ လှည်းနဲ့ ဖြတ်ကူးနေရပြီလို့ ရေးထားတယ်။ နောက်သိပ်မကြာဘူး ဂျာနယ်တွေထဲမှာ ပန်းလှိုင်မြစ်လည်း ကောနေပြီ။ နွေအခါဆို လှည်းနဲ့ဖြတ် မောင်းလို့ရနေပြီလို့ ဓာတ်ပုံနဲ့တကွ ဖော်ပြထားတာတွေ့ရပြန်တယ်။

မနေ့က ဂျာနယ်ထဲမှာလည်း သောင်တွေကြောင့် စစ်ကိုင်းနဲ့ ရွှေကြက်ယက်ဘက်မှာ သင်္ဘောတွေ သတိထားခုတ်မောင်းနေရတယ်လို့ ဖတ်လိုက်မိသေးတယ်။ လွန်ခဲ့တဲ့ ဆယ့် လေး၊ ငါးနှစ်၊ အနှစ်နှစ် ဆယ်လောက်ကတည်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေက သတိပေးနှိုးဆော်မှုတွေ အမျိုးမျိုးလုပ်နေကြပေမယ့် လူတွေက ကိုယ့်ဆီမှာ သိသိသာသာ မထိခိုက်သေးတော့ ကိုယ်နဲ့မဆိုင်သလို ပေါ့ပေါ့ပဲ သဘောထားခဲ့ကြတယ်။

အများကြီးနောက်ကျသွား

သတိထားရကောင်းမှန်းသိတဲ့ အချိန်ရောက်တော့ အများကြီး နောက်ကျသွားပြီ။ ၀ါးဘလောက်သောက်တို့ ပန်းလှိုင်တို့လို မကယ်နိုင်တော့ဘူး။ အင်းလေးကန်ကြီးလည်း ကယ်လို့ရပါဦးတော့မလား။ ဧရာဝတီတို့၊ ချင်းတွင်းတို့တောင် အန္တရာယ်ရှိနေ ပြီဆိုတော့ အင်းလေးအတွက် ရင်လေးနေမိတယ်။ စီးပွားရေးနယ်ပယ် ချဲ့ထွင်မှုတွေနဲ့ မြို့ပြဖြစ်ထွန်းမှုတွေကြောင့် မြို့နေလူတန်းစားတွေအတွက် လေရှုဖို့တောင် အခက်အခဲ ရှိလာတယ်။ မြို့ထဲမှာက ဓာတ်ဆီနံ့၊ ဒီဇယ်နံ့တွေ အညှော်ပေါင်းစုံ အနံ့တွေနဲ့ လေကောင်းလေသန့် မရှုရဘူး။ ညစ်ညမ်းတဲ့ပတ်ဝန်းကျင်မှာ မိုးလင်းကမိုးချုပ် တကုပ်ကုပ်နဲ့ ကုန်းရုန်းပြီး အလုပ်လုပ်ကြရလေတော့ တစ်ခါတစ်ခါ စိတ်ရောကိုယ်ပါ အနားယူအပန်းဖြေဖို့ မလုပ်မဖြစ် လုပ်ဖို့ လိုအပ်တယ်။

တောပန်းတောင်ပန်းတွေခူးရတာ

ရှေးက မန္တလေးမှာဆိုရင် အပန်းဖြေစရာနေရာတွေ အများကြီးရှိတယ်။ ရန်ကင်းတောင်၊ ရေတံခွန်တောင်၊ သခင်မတောင်တို့ ဘက်သွားရင်လည်း တောင်တန်းတွေတောအုပ်တွေနဲ့ တောပန်းတောင်ပန်းတွေ လိုက်ခူးရတာ ကိုက ပျော်စရာ။ ဆည်တော်ကြီးတို့၊ ဆည်တော်လေးတို့ဘက် ပျော်ပွဲစားထွက်ရင်း ရေချိုးရတာလည်း နွေအခါဆို သိပ်အရသာရှိတယ်။ ရွှေစာရံဘက် ဆိုရင်တော့ ပြောမနေနဲ့ တောကြီးမျက်မည်းထဲ သွားရသလို သရက်ပင်အုပ်တွေက နေပျောက်မထိုးဘူး။ သားကောင်တွေ တွေ့တတ်လို့ လူအုပ်တောင့်မှ သွားရဲတယ်။ နားဋောင်းကျချောင်းရေကလည်း တောင်ပေါ်က စီးဆင်းလာတာဆိုတော့ အေးစိမ့်နေတာ။

အေးလည်းအေး သန့်လည်းသန့်

တောင်သမန်ကတော့ သွားရေးလာရေး အလွယ်ကူဆုံးမို့ လူသူအရောက်အပေါက် အများဆုံးဖြစ်တယ်။ ဥပုသ်နေ့တွေဆို မိသားစု ပျော်ပွဲစားထွက်သူတွေနဲ့ နွေမိုးဆောင်းပြတ်တယ်မရှိဘူး။ တောင်သမန်က သုံးရာသီလုံး ပျော်စရာကောင်းတယ်။ နွေ မှာလည်း နွေမို့ ပျော်စရာကောင်းတယ်။ ကိုင်းခင်း၊ ယာခင်းတွေထဲဆင်းပြီး ပြောင်းဖူးချိုးကြ၊ ကြံချိုးကြ၊ သခွားသီးဆွတ်ကြနဲ့ နေရာတိုင်း လူတွေတရုန်းရုန်းပဲ။ ခုခေတ်လိုစားသောက်ဆိုင်တွေ မရှိတော့ ကိုင်းထဲယာထဲကပဲ ရှာဖွေစားသောက်ကြရတယ်။ ပူတယ်လေဆယ်နေကဲလို့ဆိုရတဲ့ အညာနွေဖြစ်ပေမယ့် မယ်ဇယ်ပင်တွေကြား ဖြတ်တိုက်လာတဲ့ လေကတော့ အေးလည်းအေးတယ်။ သန့်လည်း သန့်တယ်။ အမောပြေသွားစေတယ်။

ကောက်ညှင်းပေါင်းနဲ့ ဘယာကြော်

မိုးကျတော့ရေအပြည့်နဲ့ အင်းပြင်ကြီးကို ဖြတ်တိုက်လာတဲ့လေဆိုတော့ ရင်ထဲအထိကို အေးမြသွားရတယ်။ အင်းထဲမှာ လှေစီးပြီးမြူးကြတယ်။ ငါးဖမ်းရောင်းသူတွေဆီက ငါးဝယ်ပြီး လတ်လတ်ဆတ်ဆတ် ကင်စားရတဲ့ အရသာကလည်း ဘာနဲ့မှမလဲနိုင် အောင်ကောင်းတာ။ ဆောင်းရောက်တော့လည်း ကန်ရေပြင်ထက်က မြူနှင်းပြယ်စမြင်ကွင်းက ကြည့်မ၀အောင်ကို လှတာဖြစ်တယ်။ နေထွက်ပြူစ တံတားပေါ်လမ်းလျှောက်ရင်း ရောင်းဖို့ထွက်လာတဲ့ ကောက်ညှင်းပေါင်း သည်ဆီက အငွေ့တထောင်းထောင်း ကောက်ညှင်းပေါင်းနဲ့ အကြော်သည်ဆီက ဘယာကြော်တို့ကလည်း မမေ့နိုင်စရာဖြစ်တယ်။ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာမဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ်သား ဆရာဒေါက်တာသန်းထွန်းတို့၊ ဆရာမဒေါ်ကလျာတို့ဆို ရင် တောင်သမန်ကို ချစ်ကြလွန်းလို့ ညအိပ်ညနေ ရက်ပေါင်းများစွာနေပြီးကို စာတွေရေးကြတယ်။

သုံးဖန်လှမဟုတ်တော့

အခုတော့ တောင်သမန်လည်း နဂိုရည်ပျက်ယွင်းခဲ့ပြီ။ ကဗျာဆရာ မောင်မြတ်မှိုင်း ရေးခဲ့သလို 'သုံးဖန်လှ' မဟုတ်တော့ဘူး။ လူသားများရဲ့ အသိဉာဏ်ကင်းမဲ့မှုကြောင့် အရုပ်ဆိုး အကျည်းတန်သွားပြီ။ ဆရာမဒေါ်ကလျာ မချိတင်ကဲ ရေးထားတာကို ဖတ်ကြည့်စေချင်တယ်။'ယခုအချိန်မှာဖြင့် တောင်သမန်သည် သစ္စာမဲ့ခဲ့ပြီ။ တောင်သမန်ရေတိုးခြင်း၊ ဧရာဝတီဆီအထိရေ ဆင်းခြင်းစသော လည်ပတ်မှုများ လုံးဝမရှိတော့ပါ။ ငါးမွေးမြူရေး လုပ်ရန်အတွက် ရေ၀င်ရေထွက်ခြင်းများကို လုံးဝပိတ်ဆို့ ကာရန်ထားလိုက်ကြခြင်းကြောင့် ရေသေကန်ကြီးဖြစ်သွားခဲ့ရပါပြီ။ ရေမစီးနိုင်တော့ခြင်းကြောင့် ရှိသမျှအမှိုက်များအားလုံး ဤရေထဲမှာ ၀င်နေခြင်းကြောင့် ရေညစ်ညမ်းမှုကြီးက ဆိုးသွမ်းလွန်းလှပါဘိ။'

ခြင်တွေဝိုင်းဝိုင်းလည်

'ရေသေဖြစ်သွားသည့်အတွက် ဘယ်တုန်းကမှ ခြင်ထောင်ထောင်၍ မအိပ်ရသော တောင်သမန်အနီးမှ အဆောက်အအုံအားလုံးတွင် ခြင်တွေက သပ်ချလို့ရအောင် ၀ိုင်းဝိုင်းလည်ပြီး လူတစ်ကိုယ်လုံးလည်း ရစရာမရှိအောင် ခြင်ကိုက်ဖုများနှင့် နပမ်းလုံး ခဲ့ရပါသည်' ဆရာမဒေါ်ကလျာရေးသလို ရေသေဖြစ်သွားတော့ ရေသိုးနံ့ ညှီစို့စို့ကြီးက အော်ဂလီဆန်စရာ ကောင်းလှပါတယ်။ ဆရာမဒေါ်ကလျာက နောက်ဆုံးမှာ တစ်နိုင်ငံလုံးကပြည်သူတွေ ဧရာဝတီကို ၀ိုင်းပြီးကယ်တင်ခဲ့ကြသလို တောင်သမန်ကိုလည်း ကယ်ကြပါဦးလို့ ရင်ကွဲနာနဲ့ သံကုန်ဟစ်ထားရှာပါတယ်။

သေသူကို ရှင်သူတရ
တောင်သမန်သားတို့ရင်ထဲက
သုံးဖန်လှရဟတ်
ဘယ်သူတွေရပ်ပစ်နိုင်မတုန်း။

ကဗျာဆရာမောင်မြတ်မှိုင်းတစ်ယောက် သူမြတ်နိုးလှတဲ့ သုံးဖန်လှတောင်သမန်ကို အခုအချိန်မှာ မြင်တွေ့မသွားရတဲ့အတွက် ကံကောင်းသွားတယ်လို့တောင် ဆိုရမလိုပဲ။ ဒါမျိုးတွေကြောင့်ပဲ သေသူကို ရှင်သူက တရတယ် ဆိုတဲ့စကား ဖြစ်ပေါ်လာရတာ ထင်ပါရဲ့။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ ကြောင်ဖြူကြောင်မည်း စီးပွားရေးသမားတွေက လောဘဇောတိုက်ပြီး တောင်သမန်ရဲ့ သုံးဖန်လှရဟတ်ကို ဇွတ်အတင်းကြီး ရပ်ပစ်လိုက်ကြပြီလေ။

လူထုစိန်ဝင်း

source....
eleven media group

Wednesday, February 22, 2012

အခုထက်ထိတော့
အဖေ့အင်္ကျီနဲ့ မတော်သေးဘူးဗျာ


ကျွန်တော့်အဖေရဲ့ အဝတ်အစားကြောင့် ငယ်ငယ်တုန်းက ကျွန်တော် ရှက်နေခဲ့ဖူးပါတယ်။
ဖြစ်နိုင်ရင် ဖေဖေ့ကို ဆရာဝန်တစ်ယောက်လို၊ဝတ်လုံ တစ်ယောက်လို
ဝတ်ထား စားထားတာကို ကျွန်တော် မြင်ချင်လှပါတယ်။ သို့ပေမယ့် အရုဏ်မတက်ခင်
အိပ်ရာကထပြီး မေမေနဲ့ ကျွန်တော်တို့အတွက် ထမင်းကြော်ပေးတဲ့အခါတိုင်းမှာ
ဖေဖေဟာ သူဝတ်နေကျ အဝတ်အစားကိုပဲ ဝတ်ထားတတ်တာချည်းပါပဲ။

အဖေက စုတ်ဖွာနေတဲ့ ဇင်ပြာဘောင်းဘီကို ဝတ်ပါတယ်။
သူ့ရဲ့ အိတ်ဆောင်ဓားလေးကို ထည့်တဲ့ အိတ်ထောင်လေးကိုတော့ တင်ပါးမှာ
ကပ်ချုပ်ထားတဲ့ ဘောင်းဘီပါ။ ပြီးတော့ အဖေဝတ်တဲ့အင်္ကျီတွေဆိုတာက လည်း ခဲတံတွေ၊ ဆေးပေါ့လိပ်တွေ၊ ခွရှင်တွေ၊ ဝက်အူလှည့်တွေအပြင် အဖေ့မျက်မှန်ပါ ထည့်လို့ရတဲ့ အိတ်ထောင်အကြီးကြီးနဲ့ အင်္ကျီတွေ၊ စက်ဆီ တွေ ပေကျံစွန်းထင်းနေတဲ့ အင်္ကျီတွေပါပဲ။

အဖေဝတ်တဲ့ ဖိနပ်ကကျတော့လည်း အစိုးရက ထုတ်ပေးထားတဲ့ လည်ရှည် တောစီးဖိနပ်ဖြစ်ပြီး ဖိနပ်ဦးကို သံမဏိနဲ့လုပ်ထားတာမို့ ခြေတစ်လှမ်း တစ်လှမ်း လှမ်းဖို့အတွက်တောင် ခြေထောက်ကို မနည်း မ ယူရအောင် လေးလံလှတဲ့ လုပ်သားစီးဖိနပ်တွေပါပဲ။ အဖေ့အလုပ်က ကားပြင်တဲ့ အလုပ်ပါ။ သည်တော့လည်း သည်လို အဝတ်အစားမျိုးနဲ့မှ အဆင်ပြေမှာဖြစ်ပေမယ့် အဖေ့အဝတ်တွေကို ကျွန်တော် ရှက်နေခဲ့သလို မင့်အဖေ ဘာလုပ်သလဲလို့ မေးရင်လည်း အဖေ့ အလုပ်ကို ပြောပြရမှာ ကျွန်တော် ရှက်နေခဲ့ပါတယ်။

သို့ပေမယ့် ကလေးတုန်းကတော့ ကျွန်တော်ဟာ အဖေ့အဝတ်စားတွေကို ကျွန်တော့်ကိုယ်ပေါ်မှာ အပ်ပြီး မှန်ရှေ့မှာ ရပ်ကြည့်ခဲ့ဖူးပါတယ်။ ကျွန်တော့် စိတ်ကူးထဲမှာ အဖေ့အင်္ကျီတွေက ဘုရင်ကြီးတွေရဲ့ ဝတ်ရုံတွေ၊ အဖေ့ ခါးပတ်တွေက စစ်သည်တော်တွေရဲ့ ကိုယ်ချပ်တန်ဆာပလာတွေအဖြစ်လည်း မြင်ခဲ့ရဖူးပါတယ်။

ငယ်ငယ်တုန်းက အမှောင်ထဲမှာ တစ်ယောက်တည်း မနေရဲတဲ့အခါတွေမှာလည်း အဖေ့ စွပ်ကျယ်လေးကို ဝတ်၊ အဖေ့ အနံ့လေးကို ရှူရင်း စိတ်သက်သာရာရအောင် နေတတ်ခဲ့ဖူးတာလည်း အမှန်ပါပဲ။ အဲဒီ့ အရွယ်ကလေးကနေ ကျော်စြုပလာချိန်မှာတော့ အဖေ့ ဇင်ပြာဘောင်းဘီနေရာမှာ သပ်ရပ်တင့်တယ်တဲ့ ဘောင်းဘီ၊ လည်ရှည်ဖိနပ်နေရာမှာ ပြောင်လက်တဲ့ ခြေနင်းများသာဖြစ်ရင် ဘယ်လောက်ကောင်းလေမလဲလို့ တွေးမိလာခဲ့ရသလို အဖေ့ စွပ်ကျယ်တွေ ဝတ်ပြီး အိပ်တဲ့အလုပ်လည်း မလုပ်ဖြစ်တော့ပါဘူး။ စိတ်ထဲမှာလည်း သည်အဖေအစား တခြား အဖေတစ်ယောက်ယောက်ကိုသာ အဖေတော်ရရင် သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးက ပေါ်နေခဲ့ပါတယ်။

အဖေ့ဝတ်ပုံစားပုံကြောင့် ကျွန်တော် လူတောမတိုးတာလို့လည်း တွေးမိ နေရပါတယ်။ ရွယ်တူသူငယ်ချင်းတွေက ကျွန်တော့်ကို အနိုင်ကျင့်တဲ့အခါ များမှာ အင်္ကျီကိုယ်ချွတ်နဲ့ ချည်ပုဆိုးကြမ်းအနွမ်းကို ဝတ်ပြီး အိမ်ရှေ့ထွက် တတ်တဲ့ အဖေ့ကြောင့်လို့ တွေးမိပါတယ်။ ရွယ်တူကောင်မလေးတွေက ကျွန်တော့်ကို မြင်တဲ့အခါ လှောင်ရယ် ရယ်ကြတာဟာလည်း အဲသလိုပဲ ကိုယ်ချွတ်ဗလာ၊ ချည်ပုဆိုးကြမ်းအနွမ်းနဲ့ အိမ်ရှေ့က မြက်တွေကို ရှင်းနေ တတ်တဲ့ အဖေ့ကြောင့်လို့ ထင်ပါတယ်။

သည်ကောင်မလေးတွေမှာကျတော့ သူတို့အိမ်ရှေ့က မြက်တွေကို ရှင်းချင်ရင် (အဖေ့ထက် ပိုပြီး သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့) မြက်ရိတ်သမားတွေကို ပိုက်ဆံပေးငှားပြီး ရှင်းတတ်ကြတာမျိုးဖြစ်သလို သူတို့အဖေတွေကလည်း ဝတ်ကောင်းစားလှတွေ၊ အဖိုးတန် ဖိနပ်တွေ စီးလို့ ဂေါက်သီးရိုက်နေကြတဲ့သူတွေပါ။

အဖေ့ဘဝမှာ ဝတ်ကောင်းစားလှရယ်လို့ နှစ်စုံပဲ ဝယ်ခဲ့ဖူးပါတယ်။ ကားတွေရဲ့အောက်ကို ဝင်တဲ့အခါ သူ့အတွက် ပေါ့ပေါ့ပါးပါး လွတ်လွတ် လပ်လပ် ရှိနေစေမယ့် အဝတ်အစားမျိုးကိုသာ အဖေက ပိုကြိုက်ပါတယ်။ သို့ပေမယ့် အဖေနဲ့ အမေတို့ လက်ထပ်ခဲ့ကြတာ နှစ်ပေါင်း နှစ်ဆယ် တင်းတင်း ပြည့်တော့မယ့်နေ့ မတိုင်ခင် တစ်ရက်မှာတော့ အဖေနဲ့ ကျွန်တော်ဟာ ဝတ်ကောင်းစားလှတွေ ရောင်းတဲ့ ဆိုင်ကြီးတစ်ဆိုင်ကို သွားခဲ့ကြဖူးပါတယ်။

ဟိုရောက်တော့ အဖေက ဝတ်စုံတွေ တစ်စုံပြီးတစ်စုံ ဝတ်ကြည့်ပါတော့တယ်။ တစ်စုံဝတ်ပြီး မှန်ရှေ့မှာ ရပ်ကြည့်လိုက်၊ ပြုံးလိုက်၊ ခေါင်းညိတ် လိုက် လုပ်ပြီးတဲ့အခါ အဖေက ဆိုင်ထိုင်ကို ဈေးမေးပါတယ်။ ပြီးရင် နောက်တစ်စုံကို ယူပြီး ဝတ်ကြည့်ပြန်ပါတယ်။ အဲလိုနဲ့ တစ်နေ့ခင်းသာ ကုန်သွားတယ်။ အဖေ့စိတ်တိုင်းကျ တစ်စုံမှ ရမလာပါဘူး။ ကျွန်တော့် စိတ်ထင် အဲဒီ့နေ့ခင်းမှာ အဖေဝတ်ကြည့်ခဲ့တာ ဆယ်စုံထက်တော့ နည်းမယ် မထင်ဘူး။

နောက်ဆုံးမှာတော့ အဲဒီ့ဆိုင်က ထွက်ခဲ့ကြပြီး တစ်ပတ်ရစ် ဝတ်စုံတွေ ဈေးပေါပေါနဲ့ ရောင်းတဲ့ဆိုင်ကို သားအဖနှစ်ယောက် ရောက်သွားပါတယ်။ အဲဒီ့မှာကျတော့ ဝတ်မကြည့်တော့ဘဲ တွေ့ကရာ ဝတ်စုံတစ်စုံကို ဝယ်ချ လာပါတယ်။ ညကျတော့ အမေက ပြောတယ်။ သည်လို အဝတ်အစား တွေနဲ့ကျတော့ အဖေက အလွန့်ကို ချောနေတယ်ဆိုပဲ။

အဲဒီ့နောက် ကျွန်တော် ရှစ်တန်းအောင်လို့ ပညာရည်ချွန်ဆုရတဲ့အခါ ဆုပေးပွဲကိုလည်း အဖေက အဲဒီ့ဝတ်စုံနဲ့ပဲ တက်ပါတယ်။ အဲဒီ့အဝတ်ကြီး ဝတ်ပြီး လိုက်လာမယ့်အစား လိုက်မလာတာကမှ ပိုကောင်းဦးမယ်လို့ ကျွန်တော့် စိတ်ထဲမှာ ဖြစ်လာပေမယ့် ဘာမှ မပြောဖြစ်ခဲ့ပါဘူး။ ဆုပေးပွဲ ပြီးလို့ အိမ်ပြန်ရောက်တော့ အဖေဟာ သူ့ပုဆိုးကြမ်းကို ပြန်လဲရင်း ကျွန်တော် ပညာရည်ချွန် ဆုရတာရယ်၊ ကျွန်တော့်စာရိတ္တကောင်းမွန်တာရယ်ကို ချီးကျူးပါတယ်။

ပြီးတော့ အဖေက ကားပြင်ရုံဆီကို ကူးပြီး ပြင်လက်စ ကားကို ဆက်ပြင်ဖို့ ခြေလှမ်းပြင်လိုက်ချိန်မှာ တစ်ဆယ့်လေးနှစ် သားအရွယ် ဆယ်ကျော်သက်တစ်ယောက်အနေနဲ့တောင် ရက်စက်ရာကျ နေတဲ့ မေးခွန်းကို ကျွန်တော် မေးလိုက်မိသွားရပါတယ်။

“ကျွန်တော့်သူငယ်ချင်းတွေရဲ့ အဖေတွေလို သပ်သပ်ရပ်ရပ်၊ ကျော့ ကျော့မော့မော့ အဝတ်အစားတွေကို အဖေ ဘာ့ကြောင့် မဝတ်တတ်တာလဲဟင်”လို့ပါပဲ။

အဖေက ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ အဖေ့ မျက်လုံး ထဲမှာ ဝမ်းနည်းမှုတွေ၊ အံ့အားသင့်မှုတွေကို မြင်လိုက်ရပါတယ်။ အဖေ့ဆီက ဘာစကားတစ်လုံးမှတော့ ပြန်မကြားရပါဘူး။ အဖေဟာ အဲဒီ့အကြည့်နဲ့ ကျွန်တော့်ကို ခဏ ကြည့်နေပြီး သူ့ကားပြင်ရုံဆီကို ချာခနဲ လှည့်ထွက်သွား ပါတယ်။ အဲသလို လှည့်မထွက်သွားခင်မှာ အဖေ့ပါးစပ်က စကားတစ်ခွန်း ကိုတော့ ကြားလိုက်ရပါတယ်။

“သည်အဝတ်တွေကိုပဲ အဖေ သဘောကျပါတယ် သားရယ်”တဲ့။
တစ်နာရီလောက်နေတော့ မေမေက ကျွန်တော့်အနားကို ဝုန်းဝုန်း ဒိုင်းဒိုင်း ရောက်လာပြီး ဘာမပြော၊ ညာမပြောနဲ့ ကျွန်တော့်ပါးကို ဖြန်းခနဲ ရိုက်ပါတော့တယ်။ “တော်တော် ကျေးဇူးကန်းတဲ့ ငတုံး”လို့လည်း မေမေ့ နှုတ်က ပြောပါတယ်။ မေမေ့စကားက ကျွန်တော့်ခေါင်းထဲမှာ ပဲ့တင်ရိုက်သလို အဖန်ဖန် ပြန်ပေါ်နေတာ အတော်ကြာပါတယ်။ အဲဒီ့နောက် အတော်ကြာတဲ့ အထိ၊ အဖေရော အမေပါ ကျွန်တော့်ကို စကားမပြောကြတော့ပါဘူး။

သို့ပေမယ့် မိဘနဲ့ သားသမီးဆိုတာကတော့ ကြာကြာတော့ စိတ် မကွက် အားကြပါဘူး။ သည်ကြားထဲမှာ ကျွန်တော်ကလည်း နုရာက ရင့်လာတဲ့အခါ အတန်းထဲက ကောင်မလေးတွေ ကျွန်တော့်ကို အဖက်မလုပ်တာဟာ အဖေ့ ကြောင့်မဟုတ်ဘဲ သိမ်ငယ်စိတ်နဲ့ အနေအထိုင်မတတ်လှတဲ့ ကျွန်တော့်ကြောင့် သာ ဖြစ်နေမှန်း သဘောပေါက်လာပါတယ်။ မေမေ ကျွန်တော့်ကို ပါးချတာကလည်း အဖေက ကျွန်တော့်ကို မရိုက်ရက်ခဲ့လို့သာ ဖြစ်လေမှန်းလည်း ကျွန်တော် သတိထားမိလာပါတယ်။

ဒါ့အပြင် အဲဒီ့ညက အဖေ တကယ် ပြောခဲ့တဲ့ စကားအဓိပ္ပာယ်က အဝတ်အစားထက် အရေးကြီးတာတွေ အများကြီး ရှိနေသေးတယ်ဆိုတာမှန်းလည်း ကျွန်တော့်ခေါင်းထဲမှာ ပြက်ပြက် ထင်ထင် ရှိလာပါတယ်။ ကျွန်တော့်အတွက် လိုသမျှ ဖြည့်ဆည်း ပေးနေရတာမို့ အဖေ့မှာ သူ့အတွက်သူ တစ်ပြားတစ်ချပ်မှ အပိုမသုံးဖြစ်အောင် ဆင်ခြင်နေခဲ့ ရတာပါလို့ အဖေ ပြောမယ်ဆို ပြောလို့ရပေမယ့် ဖေဖေက အဲဒီ့စကားကို မပြောခဲ့ပါဘူး။

အဲဒီ့ညမှာတုန်းကတော့ အဖေက ကျွန်တော့်ကို တစ်ခွန်းပဲ ပြောခဲ့ပါတယ်။ “မင်းက ငါ့သားကွ။ မင်းကြီးလာတဲ့အခါ ငါ့ထက်သာအောင်၊ ငါ့ဘဝအနေထက် မြင့်အောင် ငါ အနစ်နာခံနေတာပါ ငါ့သားရာ”တဲ့။

ကျွန်တော် ဘွဲ့ယူတဲ့နေ့မှာတော့ အဖေဟာ တကယ့် ဝတ်ကောင်းစားလှ နဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်လာခဲ့ပါတယ်။ အဲဒီ့ ဝတ်စုံကို တော့ ဘွဲ့ယူမယ့်နေ့ မတိုင်ခင်တစ်ရက်က အမေနဲ့အတူ သွား ဝယ်လာတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲလို အဝတ်အစား တောက်တောက်ပြောင်ပြောင်နဲ့ကျတော့ လည်း အဖေဟာ အရပ်ကြီးပိုရှည်လာသလို ပိုလည်း ချောမောလာ၊ ပိုလည်း တင့်တယ်လာတယ်လို့ မြင်မိနေပါတယ်။

အဖေ ဖြတ်သွားတဲ့အခါ တခြားအဖေတွေက ရှဲပေးကြတယ်။ အဖေ့ အဝတ်အစားကြောင့် မဟုတ်ပါဘူး။ အဖေ့ရဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ အသွင်အပြင်ကြောင့်ပါ။ ကျွန်တော်အထင်ကြီးခဲ့တဲ့ ဆရာဝန်ကြီးတွေ၊ ဝတ်လုံ တော်ရကြီးတွေဟာလည်းပဲ ဂုဏ်ယူဝင့်ြွကားနေတဲ့ အဖေ့မျက်လုံးတွေကို သတိထားမိကြပုံပါပဲ။ သူတို့က အဖေ့ကို ဆက်ဆံတဲ့အခါ လေးလေးစားစားနဲ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြပါတယ်။

အိမ်ပြန်ရောက်တဲ့အခါမှာတော့ အဖေဟာ သူဝတ်ခဲ့တဲ့ ဝတ်စုံကို ဗီရိုထဲမှာ သပ်သပ်ရပ်ရပ် ပြန်သိမ်းလိုက်ပါတယ်။ အဲဒီ့နောက် အဲဒီ့ဝတ်စုံကို အဖေ ထပ်မဝတ်တော့တာ ကွယ်လွန်တဲ့အထိပါပဲ။

အဖေကွယ်လွန်ချိန်မှာ ဘာဝတ်ထားတယ်ဆိုတာ ကျွန်တော် မသိပါဘူး။ သို့ပေမယ့် အလုပ်လုပ်ရင်းတန်းလန်းက ကွယ်လွန်သွားခဲ့တာမို့ အဖေဟာ သူ ကြိုက်တဲ့ ဝတ်စုံနွမ်းကိုသာ ဝတ်ထားမှာပဲလို့ ကျွန်တော် နားလည်ပါတယ်။

ဖေဖေ့ကို သင်္ဂြိုဟ်တဲ့အခါ ကျွန်တော့်ဘွဲ့ယူတုန်းက ဖေဖေ ဝတ်ခဲ့တဲ့ ဝတ်စုံကို ဆင်မြန်းပေးဖို့ မေမေက စိတ်ကူးပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဖေဖေ အလွန်ကြိုက်ပြီး တစ်သက်လုံး ဝတ်ခဲ့တဲ့ ဇင်ပြာ ဝတ်စုံကိုပဲ ဝတ်ပေးလိုက်ဖို့ မေမေ့ကို မရမက တိုက်တွန်းခဲ့ပါတယ်။

ဖေဖေ့ဈာပန အခမ်းအနားကျင်းပမယ့် မနက်မှာတော့ ဖေဖေ့ရဲ့ အိတ်ဆောင် ဓားလေးနဲ့ ဖေဖေ့ ခါးပတ်မှာ အပေါက်နောက်တစ်ပေါက် ထပ်ဖောက်လိုက် ပါတယ်။ ဒါမှ အဲဒီ့ခါးပတ်ကို ကျွန်တော် ပတ်လို့ရမှာမို့ပါ။ ပြီးတော့ ကျွန်တော် ဘွဲ့ယူတုန်းက အဖေဝတ်ခဲ့တဲ့ ဝတ်စုံကို ဗီရိုထဲက ထုတ်ပြီး ကျွန်တော့် ကိုယ်ပေါ်မှာ ဆင်လိုက်ပါတယ်။ ပြီးတော့ အားတင်းပြီး ဖေဖေ ကြည့်နေကျ မှန်ထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကြည့်လိုက်မိရတယ်။

ဝတ်စုံကတော့ အပျံစားပါပဲ။ သို့ပေမယ့် မှန်ထဲက ကျွန်တော့်ရုပ်သွင်ဟာ သိမ်သိမ်ငယ်ငယ်နဲ့ လူရာမဝင်တဲ့ ပုံမျိုးလေးသာဖြစ်နေပါတယ်။ ကလေး တုန်းကလိုပဲ အဖေ့အဝတ်တွေက ပိန်ညှော်ညှော် ကျွန်တော့်ကိုယ်ပေါ်မှာ ဖိုးရိုးဖားရား ဖြစ်နေပါတယ်။ အဖေ့ကိုယ်နံ့ကလည်း အင်္ကျီတွေဆီကနေ ကျွန်တော့်နှာဝဆီ တိုးဝင်လာသေးပေမယ့် ငယ်ငယ်တုန်းကလို ကျွန်တော့်ကို နှစ်သိမ့်ပေးနိုင်စွမ်း မရှိတော့ပါဘူး။

ကျွန်တော့်ရင်ထဲမှာ မရေမရာဖြစ်နေတယ်။ အဖေ့ရဲ့ အရာရောက်မှုနဲ့ ပတ်သက်ပြီး ဇဝေဇဝါဖြစ်နေတာမဟုတ်ပါဘူး။ တော်တော်ကျေးဇူးကန်းတဲ့ ငတုံးမဟုတ်တော့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ကျွန်တော်ဇဝေဇဝါဖြစ် နေမိတာက ကျွန်တော့်အရာရောက်မှုကရော ဘယ်လောက်အထိများ တာသွားမှာလဲ ဆိုတာအတွက်ပါပဲ။

ကျွန်တော်ဟာ အဖေကြည့်နေကျ မှန်ရှေ့မှာ အကြာကြီး ရပ်နေမိပါ တယ်။ မျက်ရည်တွေလည်း ကျနေမိသလို စိတ်ထဲမှာလည်း အဖေ ဝတ်ခဲ့တဲ့ အင်္ကျီနဲ့တော်တဲ့ အနေအထားကို ဘယ်တော့များမှ ကျွန်တော် ရောက်နိုင်မှာ လဲလို့ တွေးနေမိရပါတော့တယ်။

(Bret Anthony Johnston ရေးတဲ့ What My Father Wore ဆိုတာလေးကို ဘာသာပြန်ဆိုတင်ဆက်လိုက်တာပါ။)

ပြောရရင် သည်စာလေး ကျွန်တော့်ဆီမှာ ရှိနေတာ ခုနစ်နှစ်ကျော်ပါပြီ။ ကျွန်တော်ကိုယ်တိုင် ဖတ်ခဲ့ဖူးတာလည်း အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ဒါပေမယ့် ဘာသာပြန်ပြီး စာဖတ်သူများကို လက်ဆင့်ကမ်းပေးနိုင်ဖို့ အတွက်တော့ အဲသလောက်တောင် ကြာသွားခဲ့ပါတယ်။

ကျွန်တော့်ရင်ကို သိပ်ကို ထိလွန်းတဲ့ စာတစ်ပုဒ်ဖြစ်နေလို့ပါပဲ။

ဟုတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်သည်လည်းပဲ သည်စာထဲက သား တော်မောင်လိုပဲ အဖေ့အဝတ်အစားကြောင့်၊ အဖေ့အလုပ်အကိုင်ကြောင့် သိမ်သိမ်ငယ်ငယ် ခံစားခဲ့ရဖူးသူတစ်ယောက် ဖြစ်လို့နေပါတယ်။

ငယ်ငယ်ကတည်းက မင့်အဖေက ဘာအလုပ်လုပ်လဲလို့ အမေးခံရရင် အတော့်ကို အနေရအထိုင်ရ ကျပ်ခဲ့ဖူးတယ်။ ကျွန်တော့်အဖေက လက် နှိပ်စက် စာရေးလေးပါ။ အရာရှိကြီးများ ကြီးစိုးရာ လောပိတက ရေအား လျှပ်စစ်စီမံကိန်းဝန်ထမ်းများရဲ့ နယ်ပယ်ကျဉ်းကျဉ်းလေးထဲမှာ ကျွန်တော့် ငယ်ဘဝဟာ နေစရာ မရှိခဲ့ပါဘူး။

အဲဒီ့ကမှ ခြောက်တန်းနှစ်မှာ ရန်ကုန်ကို ရောက်လာခဲ့တယ်။ အဖေ့ အနေအထားဟာ အထက်တန်းစာရေးဆိုတဲ့ ဂုဏ်ပုဒ်ကို ရလာခဲ့ပေမယ့် လက်နှိပ်စက်စာရေးဘဝကတော့ တက်ကို မလာခဲ့ပါဘူး။ ကျွန်တော် ရှစ်တန်းနှစ်မှာ အဖေက အလုပ်က ကျန်းမာရေးအကြောင်းပြနဲ့ အငြိမ်းစား ယူလိုက်ပြီး အငှားယာဉ်မောင်းသမားဘဝကို ပြောင်းလိုက်ပြန်တယ်။

မင့်အဖေ ဘာလုပ်လဲလို့ မေးရင် အဖေက ယာဉ်မောင်းပါလို့ ပြောရမှာ ကျွန်တော် အတော်ကြီး ရွံ့ခဲ့ရဖူးပါတယ်။ သည်ဇာတ်လမ်းထဲက သားလိုပဲ အဖေ့အဝတ်အစားတွေကလည်း အဆင်မပြေပါဘူး။ တက်ထရွန်အင်္ကျီအဖြူ လက်ရှည်၊ ပလေကပ်ပုဆိုးနဲ့ အဖေ့ပုံစံက သပ်ရပ်သည့်တိုင် ခန့်ညားမှုတော့ မရှိပါဘူး။

အတိုဆုံးခြုံ့ပြောရရင် ဒါ ကျွန်တော့်အဖေပါလို့ လူပုံအလယ်မှာ ဝင့်ထည်စွာ ပြောရတဲ့သတ္တိကျွန်တော့်မှာ မရှိခဲ့တာကို ကျွန်တော် ဝန်ခံရပါလိမ့်မယ်။ ဖြစ်ချင်တော့ ကျွန်တော်ဘွဲ့ယူတဲ့အချိန်မှာ ဖေဖေ မရှိတော့ပါဘူး။ သည်တော့လည်း ပွဲတက်ဝတ်စုံနဲ့ အဖေ့ကို ဘွဲ့နှင်းသဘင်မှာ မတွေ့ခဲ့ရပါဘူး။ အဖေသည်လည်း သည်ဇာတ်လမ်းထဲက ဖခင်လိုပဲ မလွှဲမရှောင်သာတဲ့ မင်္ဂလာပွဲတွေကို တက်တဲ့အခါ တိုက်ပုံနဲ့ ဘာနဲ့ အကျအန တက်ခဲ့ဖူးပေမယ့် သည်ဇာတ်လမ်းထဲက သားလို အဖေ့ကို ခန့်ညားနေတယ်လို့ ကျွန်တော် တစ်ခါမှ မမြင်ခဲ့ဖူးတာ လည်း အမှန်ပါ။

အခုဆို အဖေမရှိတော့တာ နှစ်ပေါင်း ၃၂ နှစ်တိုင်တော့မှာပါ။ ကျွန်တော့် အသက်လည်း ငါးဆယ်ကို ကျော်လာခဲ့ပါပြီ။ ကျွန်တော့်မှာ ဆယ်ကျော်သက် အရွယ် သမီးတစ်ယောက်နဲ့ သားတစ်ယောက်လည်း ရှိနေပါပြီ။ သမီးနဲ့ သားဟာ သူတို့အဖေအတွက် သိမ်ငယ်စရာ မလိုအောင် ကျွန်တော့်ဘဝက လည်း အတန်အသင့် အခြေမြင့်ခဲ့ပါပြီ။

အစကတော့ ငါတော်လို့၊ ငါအရည်အချင်းရှိလို့ သည်ဘဝကို ရောက်လာ ခဲ့တာဆိုပြီး ကျွန်တော် လက်မထောင်ခဲ့ဖူးပါတယ်။ သို့ပေမယ့် သည်အရွယ် ကို ရောက်လာတဲ့အခါ၊ အထူးသဖြင့် မေမေပါ ကွယ်လွန်တိမ်းပါး သွားခဲ့တဲ့ နောက်ပိုင်းမှာတော့ ကျွန်တော့်မိဘတွေရဲ့ ကျေးဇူးကို ပြက်ပြက်ထင်ထင် မြင်သိလာပါတော့တယ်။

သရက်မြို့ဆိုတဲ့ မြို့သိမ်မြို့ငယ်လေးကနေ ခုနစ်တန်းလောက်ပဲ အောင် ရှာလေတဲ့ ဖေဖေဟာ သူ့ဘဝသူ မနည်းထူထောင်ယူရင်း ကျွန်တော်ဆိုတဲ့ သားတစ်ယောက်ဖြစ်လာအောင် မွေးယူခဲ့ပါတယ်။ ကျွန်တော့်ကို ဘွဲ့ရ တစ်ယောက် ဖြစ်လာအောင်၊ သူသိပ်တတ်ချင်ခဲ့တဲ့ အင်္ဂလိပ်စာကို တတ်ပွန် လာအောင် သူ့မှာ ရှိလေသမျှ အစွမ်းအစ အကုန်သုံးပြီး လေ့ကျင့်သင်ကြား ပေးခဲ့တာလည်း ဖေဖေကိုယ်တိုင်ပါပဲ။ သူ့ရဲ့ သိမ်ငယ်ချို့ငဲ့ခဲ့ရတဲ့ ဘဝထက် သာအောင်လည်း ကျွန်တော့်ကို ဖေဖေ ထားပေးခဲ့ပါတယ်။

အခု ကျွန်တော့်အလှည့် ရောက်လာပါပြီ။ ကျွန်တော့်သားနဲ့ သမီးကို တလောဆီက ကျွန်တော် ပြောဖြစ်ပါတယ်။ ကျွန်တော့်အဖေဟာ ကျွန်တော့်ကို သူ့ဘဝထက် အဆများစွာ သာလွန်ကောင်းမွန်အောင် မွေးမြူထူထောင် ပေးနိုင်ခဲ့တာမို့ ဖေဖေဟာ ကျွန်တော့်အပေါ်မှာ အများကြီး တာဝန်ကျေခဲ့ ပါတယ်။

ကျွန်တော့်အလှည့်ကျတော့ ကျွန်တော် တာဝန်ကျေတယ်၊ မကျေဘူး ဆိုတာ ကျွန်တော့်သားသမီးတွေ ဘယ်ဘဝ ရောက်လာမလဲဆိုတဲ့အပေါ် မှာသာ ဆုံးဖြတ်နိုင်မှာ ဖြစ်တဲ့အကြောင်းပါ။ အဲဒါကို သားနဲ့ သမီးကို ကျွန်တော် ပြောခဲ့ပါတယ်။

ကျွန်တော်ရောက်နေတဲ့ဘဝ၊ ကျွန်တော်နေနေရတဲ့ အခြေအနေထက် အဆများစွာ သာလွန်တဲ့ ဘဝအနေကို ကျွန်တော့်သားသမီးတွေ ရလာမှသာ ကျွန်တော့်ရဲ့ မိဘတာဝန်ကျေမှာပါ။ အခုအချိန်အထိတော့ ကျွန်တော့်ကိုယ် ကျွန်တော် တာဝန်ကျေသူရယ်လို့ မသတ်မှတ်နိုင်သေးပါဘူး။

သည်စာလေးကို ဘာသာပြန်လိုက်တဲ့အခါ ကျွန်တော်သည်လည်းပဲ ဇာတ်လမ်းထဲက သားလို မှန်ရှေ့မှာ ရပ်လိုက်သလို ဖြစ်သွားပါတယ်။ သူ့လို မျက်ရည်မကျမိပေမယ့် မျက်ရည်တော့ ဝဲလာမိတာလည်း အမှန်ပါ။

ပြီးတော့လည်း သူ့လိုပဲ အဖေ ဝတ်ခဲ့တဲ့အင်္ကျီနဲ့ တော်တဲ့ အနေအထား ကို ဘယ်တော့များမှ ကျွန်တော် ရောက်နိုင်မှာလဲလို့ တွေးနေမိရပါတော့တယ်။

အတ္တကျော်
၁၈၀၇၀၈

(“ မောဟရဲ့မူလဘူတ” (အတ္တကျော်) ၊ စာမူခွင့်ပြုချက်အမှတ် ၄၀၁၃၈၀၁၀၁၁ ဖြင့် ဇန်န၀ါရီလ ၂၀၁၂ တွင် လက်တွဲဖော် စာအုပ်တိုက်မှ ထုတ်ဝေဖြန့်ချိခဲ့သော စာအုပ်မှ ကူးယူ ဖော်ပြပါသည်။)
အတ္တ


သူ့ကိုရှာသည်၊ မတွေ့။

....................................

သို့သော် သူ့အတွက် လူတိုင်း လုပ်နေကြ၏။
သူကောင်းဖို့အတွက်၊ မြဲဖို့အတွက် နဖူးမှချွေး
ခြေမကျအောင် ကြိုးစားသူက ကြိုးစား၊
မတရားနည်းဖြင့် လူတို့၏ ချွေးနည်း စာထဲမှ
ခေါင်းပုံဖြတ်ကြသူက ဖြတ်ကြ၏။
သူ့အတွက်ကြောင့် ညီအစ်ကိုချင်း မုန်းတီးရသည်။
မိတ်ဆွေချင်းလည်း သတ်ဖြတ်ကြရသည်။
သွေးစက်တို့လည်း မြေဝယ်ကျခဲ့ရသည်။
မျက်ရည်တို့လည်း ဖြိုင်ဖြိုင် ကျခဲ့ရသည်။ အလွန် တန်ခိုးကြီးသူပါ။
...................................

သူ၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းရန် လူတို့ လှုပ်ရှားနေကြနေသည်။ မောပန်း နေရ၏။ သူ့ကြောင့် လောဘ၊ ဒေါသမီး တောက်လောင်ကြ ရသည်။ ပူပန်ကြရသည်။ ငိုကြွေးကြရသည်။ မချိတင်ကဲ ဖြစ်ကြရသည်။ သူသည် ရွှေ၊ ငွေ၊ ဥစ္စာ၊ စည်းစိမ် ကြီးမြတ်ခြင်းတို့ကို အလွန် မက်မောသည်။ အရာရာကို လိုချင်သည်။ သူသည် ဘယ်တော့မှ အလိုပြည့်သည် မရှိ။ သူ့ဆန္ဒများကား အတိုင်းမသတ်။ သူ့ဒေါသသည် အဆုံးမရှိ။ သူ့မိုက်မဲခြင်းကား ပြောမကုန်နိုင်။ သူ့ အကျိုးအတွက်ဆိုလျှင် သူ ဘာမဆို လုပ်မည်။

....................................
သူသည် သူ့ကိုယ်သူတပ်မက်၊ ချစ်ခင်၍ အားမရသေး၊ တစ်ပါးသောသူကို ချစ်ခင်တတ်၏၊ တပ်မက်မောတတ်၏။ ဤသို့ တစ်ပါးသူကို တပ်မက်ခြင်းသည် စင်စစ် အားဖြင့် မိမိကိုယ်ကို တပ်မက်ချစ်ခင်ခြင်း၏ လွန်ကဲမှုသာ။ စင်စစ်ကား သူသည် သူ့ကိုယ်သူကိုသာအချစ်ဆုံး။ ကြည့်လေ၊ ခံစားရလည်းသူ၊ စံစားရလည်းသူ၊ နာရ လည်း သူ၊ သေရလည်း သူပဲ မဟုတ်လော။ တခြား ‘သူ’ ကဝင်ပြီး ခံစား၊ စံစားပေးခြင်း မရှိ။

သူ့အတွက်ကား လူတိုင်း အလုပ်လုပ်နေကြ၏။ သို့သော် သူဆိုသည်မှာ ဘယ်အရာဖြစ်သည်ကို မသိကြ။ ဘာကို `သူ’ ဟုခေါ်မည်နည်း။ စင်စစ်တော့ “သူ” ဆိုသည်မှာ စိတ်ဆိုသော အရာက စေပါးချက်အရ လှုပ်ရှားနေရသော ရုပ်ကောင်လော၊ မည်သည့်အရာသည် သူ့ကို ကိုယ်စားပြုသနည်း။ ရုပ်လော၊ စိတ်လော၊ လက်တို့သည် ပင် သူလော၊ ခြေထောက်သည်ပင် သူ ဖြစ်သလော။ မည်သည့်အရာ၊ မည်သည့် အင်္ဂါ သူပါနည်း။

ဤသို့ဆိုလျှင် သူသည် စင်စစ်အားဖြင့် မရှိ။ မရှိသည့် အရာအတွက်ပင် ရုန်းကန်လှုပ်ရှားနေရသည်တကား။ ပညာရှင်တို့က သူ့အကြောင်း ကို ရှုထောင့် အမျိုးမျိုးမှ လေ့လာကြသည်။ သူ့သဘောကို ဆန်းစစ်ကြသည်။ သို့သော် သူတို့သည်ပင် `သူ’ နှင့် မကင်းနိုင်ရကား ယင်း လေ့လာချက်များကို သစ္စာတရားများ ဟု မသတ်မှတ်နိုင်ပေ။ သို့သော် သေချာသည်တော့ ရှိသည်။ သူသည် မမြဲ။ သူ့ကြောင့် ဆင်းရဲရ၏။ သူသည် အစိုးမရပေ။

မမြဲသော`သူ’၊ ဒုက္ခ၏ အရင်းခံဖြစ်သော`သူ’၊ အစိုးမရသော`သူ’၊ မည်သည့် အရာပါဟု လက်ညှိုးညွှန်၍ မရသော သူ။ သို့သော် သူ့အတွက် လုပ်နေရ သူတွေ ချည်းသာ။ သူက ဘယ်အရာနည်း။

သူ့ကိုရှာသည်၊ မတွေ့။ ။
...............................................

မြင့်ဇံ


(ဆော့ခရိတ္တရဲ့ တရားခွင်တစ်ကျော့နှင့် အခြားဆောင်းပါးများ၊ မြင့်ဇံ၊ အားမန်သစ်စာပေ၂၀၀၅၊ စာအုပ်မှ ကူးယူဖော်ပြပါသည်။)
ပညာရေး ပညာရေး ပညာရေး


တိုင်းပြည်တပြည်မှာ နိုင်ငံသားတွေအတွင်း ဒီမိုကရေစီလည်းတည်ဆောက်၊ လွတ်လပ်ခြင်းကိုခံစား၊ တရားဥပဒေ စိုးမိုးမှုလည်း တိုးတက်ဖွံ့ဖြိုးလာဖို့အတွက် လူတိုင်းမှာ ဆန္ဒရှိကြတယ်။ အဲတာတွေအတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေရှိဖို့ကလည်း မဖြစ်မနေ လိုအပ်တယ်။ အဲသလို ပြောင်းလဲလာတာတွေ၊ တည်ဆောက်လာတာတွေ ခိုင်မာလာဖို့၊ ကျင့်သားရလာဖို့ကလည်း တဖက်မှာ လိုလာပြန်တယ်။ တစတစနဲ့ ဒီမိုကရေစီရဲ့ ကျင့်စဉ်၊ လွတ်လပ်မှုတန်ဖိုး၊ တရားဥပေဒ စိုးမိုးမှု အသားကျခြင်းတို့ အကောင်အထည် ပေါ်လာဖို့အတွက် အစပျိုးတဲ့ နေရာ၊ ဂိတ်ဆုံးရတဲ့ နေရာ၊ လက်ညိုးထိုးပြရမယ့် နေရာကတော့ ပညာရေးစနစ်ပါပဲ။

ကလေးဘဝကနေ တက္ကသိုလ် ပညာရေးအထိ ကျောင်းသားတွေ လေ့လာ၊ ဆည်းပူး၊ မှတ်သား၊ မြိုချရမယ့် ပညာရေးစနစ် ကောင်းရင်ကောင်းသလို တိုင်းပြည် တိုးတက်မှု မြန်ဆန်ပါတယ်။ ပညာရေးစနစ်က မူမမှန်ရင် လူ့အဖွဲ့အစည်း တိုးတက်ဖို့လည်း မူမှန်လေ့မရှိဘူး။ လူ့အဖွဲ့အစည်း တိုးတက်တာ မူမမှန်ရင် ကျနော်တို့ ပြောနေတဲ့ ဒီမိုကရေစီ အုတ်မြစ် ခိုင်မာရေးဟာလည်း မူမှန်ဖို့ ခက်ခဲပေလိမ့်မယ်။

အခုအချိန်မှာ မြန်မာပြည်ရဲ့ ပညာရေးစနစ် တည်ရှိမှုဟာ အလွန်ကို စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ဖြစ်နေတယ်။ လူငယ် လူရွယ်တွေ ပညာကို အခြေခံပြီး ဘဝရှင်သန် တိုးတက်ဖို့ဆိုတာ ဂျိုနဲ့လားလို့တောင် မေးရမလို ဖြစ်နေတယ်။ တက်လာတဲ့ အစိုးရသစ် ဆိုတာကလည်း နိုင်ငံတကာက ကြည့်ရင် မြင်သာတဲ့ အပေါ်ယံနိုင်ငံရေး အပြောင်းအလဲလောက်ပဲ လုပ်ဖို့ အားသန် နေတာ တွေ့ရတယ်။ ပညာရေးကို ဘယ်နှစ်နှစ်အတွင်းမှာ ဘယ်လိုဘယ်ပုံ တိုးတက်အောင် ဆောင်ရွက်မယ် ဆိုတာမျိုး ခိုင်ခိုင်မာမာ အချက်နဲ့ အလက်နဲ့ ပြောတာကို မတွေ့သေးဘူး။ လွတ်တော်အတွင်းက အမတ်ဆိုတာတွေကလည်း မရောင်ရာ ဆီလူးပြီး မဟုတ်ကဟုတ်က တွေတော့ ငြင်းကြခုံကြတယ်။

ပညာရေးနဲ့ ပတ်သက်လို့ နက်နက်ရှိုင်းရှိုင်း တင်ပြတဲ့သူ အခုအထိ တယောက်မှ မတွေ့သေးဘူး။ နောက်တချက်ကတော့ လူတွေပြောလွန်းလို့ ထင်ပါရဲ့။ လတ်တလောမှာ လွတ်တော်က ပညာရေးဘတ်ဂျက် တိုးမြှင့်လိုက်တယ်။ ဒါပေမယ့် စစ်အသုံးစရိတ် ဘတ်ဂျက်ချပေးတာနဲ့ ယှဉ်လိုက်ရင် ဘာမှ မဖြစ်လောက်တာကို မြင်ရတယ်။ သမ္မတအပြောအရတော့ အင်အားကြီးတဲ့ နိုင်ငံတွေက ဗိုလ်မကျနိုင်အောင် ခေတ်မီ တပ်မတော်တရပ် ထူထောင်ဖို့ လိုတယ်လို့ တလောလေးက ပြောသေးတယ်။

ဒီနေရာမှာ ထပ်မေးချင်တာက မြန်မာတပ် ခေတ်မီတော့ကော တရုတ်တို့ အိန္ဒိယတို့လို စူပါပါဝါတွေနဲ့ တေ့တေ့ဆိုင်ဆိုင် တိုက်ကြတော့မယ်ဆိုရင် ကိုယ်ဖက်က နိုင်မှာမို့လို့လား။ ကလေးစစ်သားတွေနဲ့ ဖွဲ့ထားတဲ့ စစ်တပ်။ စိတ်ဓာတ်ရေးရာ အောက်ဆုံးမှာ ရောက်နေတဲ့ စစ်တပ်။ အလွန်အကျွံ လာဘ်ပေးလာဘ်ယူမှုနဲ့ အသားကျနေတဲ့ စစ်တပ်ကို ဘယ်လိုများ ခေတ်မီအောင် လုပ်မလဲ။ ပိုးသာကုန် မောင်ပုံစောင်းမတတ် ဆိုတာပဲ ဖြစ်တော့မှာပေါ့။

နောက်တချက်ကတော့ ဂျာအေး သူ့အမေရိုက်ပါလို့ ဇာတ်လမ်းကလည်း တဖက်မှာ ရှိနေသေးတယ်။ ဘာဇာတ်လမ်းလဲ ဆိုတော့ ဆင်းရဲနွမ်းပါးမှု ဆိုတဲ့ ဇာတ်လမ်းပါ။ ပညာရေးအသုံးစရိတ် တိုးမြှင့်တာကလည်း မဖြစ်စလောက်။ မိဘတွေကလည်း ဆင်းရဲ ဆိုတဲ့ အခြေအနေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်ရတဲ့ ကျောင်းသားတွေက ဆက်ပြီး များနေဦးမယ်ဆိုတာ မှန်းလို့ရ တယ်။ အစိုးရသစ်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ အထက်တန်းအဆင့်အထိ ကလေးတွေဟာ မဖြစ်မနေ (မသင်မနေရ) အခမဲ့ ပညာသင်ကြားခွင့် ရှိရမယ်လို့ ပြဌာန်းထားတာ မတွေ့ရသေးဘူး။ ဒီလိုမျိုး ပြဌာန်းချက်ကို အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ တွေ့ရတယ်။ မြန်မာဗိုလ်ချုပ်တွေက သူတို့အိတ်ထဲက ပိုက်ဆံနဲ့ စိုက်သင်ပေးရမှာစိုးလို့ အဲသည့် အချက်ကို ချန်ထားခဲ့တာလားဆိုတာ မေးစရာ ဖြစ်လာတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း ကျေးလက် အစွန်အဖျားအထိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေ ရှိနေတယ်။ အဲတာအပြင် ကျောင်းသားတွေရဲ့ ကာယဖွံ့ဖြိုးမှုအတွက် နေ့တိုင်းတောင် နေ့လည်စာနဲ့ နွားနို့ အခမဲ့ တိုက်သေးတယ်။

မြန်မာပြည်မှာက မူလတန်းကနေ တက္ကသိုလ်အထိ အစိုးရ ချုပ်ကိုင်ထားတဲ့ ပညာရေးစနစ်သာ ဖြစ်တယ်။ ပညာရေးစနစ်ဟာ မလွတ်လပ်ပါဘူး။ အရည်အသွေးလည်း ညံ့ဖျင်းတယ်။ ဒါကြောင့် ပိုက်ဆံရှိတဲ့ ကြေးရေတတ် မိဘတွေ တချို့က အလယ်တန်း လောက်ကတည်းက သားသမီးတွေကို စင်္ကာပူမှာ ကျောင်းသွားထားတာမျိုး ရှိလာတယ်။ အတော်များများ ကျောင်းသားတွေ ကတော့ မြန်မာပြည်မှာ တက္ကသိုလ်အဆင့်ပြီးရင် ထိုင်း၊ စင်္ကာပူစတဲ့ နိုင်ငံတွေမှာ ဆက်တက်ကြတယ်။ မြန်မာပြည်က ဘွဲ့လွန်၊ ပါရဂူဆိုတဲ့ ဘွဲ့တွေက သုံးစားလို့ မရဘူးဆိုတာ သိနေတာကိုး။ သည့်ထက် ပိုတတ်နိုင်တဲ့ သူတွေကတော့ အနောက်နိုင်ငံတွေမှာ ဆက်ပြီး ပညာသင်ကြတယ်။ မြန်မာနိုင်ငံသား မိဘတွေဟာ အခုလို ခေတ်ပျက်ကြီးထဲမှာတောင် သားသမီးတွေကို စီးပွားရေးထဲ ချက်ခြင်း ဆွဲမသွင်းဘဲ ပညာရေးကို တတ်နိုင်သလောက် အားပေးနေတယ်ဆိုတာ မြင်နိုင်တယ်။ ပြောရရင် ကိုယ့်သားသမီးကို တက္ကသိုလ် အဆင့်မှာ ရှိသမျှ အတန်းကုန်အောင်အထိ ပညာသင်စေလိုတယ်။ ဆိုလိုတာက မြန်မာမိဘတွေဟာ ခေတ်အဆက်ဆက် တိုင်း ပညာရေး အရေးကြီးတယ် ဆိုတာကို နားလည်ခဲ့တယ်။ နားမလည်တာက အုပ်စိုးသူ အစိုးရ အဆက်ဆက် ဖြစ်နေတော့တယ်။

ဒီလို အခြေအနေမျိုးမှာ အုပ်ချုပ်သူတွေဟာ ဒို့တိုင်းပြည်က ပညာရေးစနစ်ကိုလည်း တချိန်တုန်းကလို ပြန်ဦးမော့လာအောင် လုပ်မယ်ဆိုတဲ့ ဒေါင်းတင်မောင်းတင် စိတ်ဓာတ်မျိုး မရှိတာ မြင်ရပြန်တယ်။ မရှိတာကလည်း သူတို့ကိုယ်တိုင်က ပညာ ကောင်းကောင်း မတတ်လို့ ဖြစ်ရတာဆိုတာ မြင်သာတယ်။ အစိုးရအနေနဲ့ နိုင်ငံခြား တိုက်ရိုက် ရင်နှီးမြှုပ်နှံမှုတွေ မြန်မာပြည်ထဲ လာအောင် တတ်နိုင်သလောက် ဆွဲဆောင်နေတယ်။ ဒါပေမယ့် ပညာရေးကို ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့တော့ မေ့နေဟန်ရှိတယ်။ အကယ်၍ ပညာရေးနဲ့ ပတ်သက်လို့ ရင်းနှီးမြုပ်နှံလိုတဲ့ နိုင်ငံခြား ရင်နှီးမြုပ်နှံသူတွေရှိရင် သူတို့ကိုတောင် ပိုပြီး ဦးစားပေးသင့်တယ်။ စီးပွားရေးကုမ္ပဏီတွေ မရနိုင်တဲ့ အခွင့်အရေးမျိုးတွေကိုတောင် ပေးသင့်တယ်၊ နိုင်ငံသား ရင်းနှီးမြုပ်နှံသူ တွေထဲကလည်း ပညာရေးအတွက် လုပ်ဆောင်မယ်ဆိုရင် သူတို့ကိုလည်း အထူးဦးစားပေးရမယ့် စာရင်းထဲမှာ ထည့်ထားသင့်တယ်။

ပညာရေး ဦးမော့လာဖို့ဆိုတာ ပြောတဲ့ နေရာမှာ တိုးတက်ခေတ်မီပြီးသား အနောက်နိုင်ငံတွေကို နမူနာအဖြစ် မပြောလိုပါဘူး။ နီးနီးနားနား ထိုင်းနိုင်ငံကိုပဲ လက်ညိုးထိုးပြီး ဥပမာ ပြလိုတယ်။ ထိုင်းနိုင်ငံမှာ အစိုးရပိုင်ကျောင်းတွေ တက္ကသိုလ်တွေ ရှိသလို၊ အစိုးရမပိုင်တဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေလည်း အများအပြား ရှိတယ်။ အစိုးရက မပိုင်တဲ့ တသီးပုဂ္ဂလကျောင်းတွေ။ တက္ကသိုလ် တွေဟာ သူတို့မူနဲ့ သူတို့ ပြဌာန်းချက်တွေ ရေးဆွဲပြီး ကျောင်းသားတွေကို သင်ကြားတယ်။ အစိုးရက အလွန်အကျွံ ပြဌာန်းတာမျိုးတွေ မဖြစ်အောင် စောင့်ကြည်ကွပ်ကဲတာလောက်ပဲ လုပ်တယ်။ ဟိုဟာ ထည့်မသင်ရ၊ ဒီဟာထည့်မသင်ရ၊ အဲတာ ချန်ထားဆိုတဲ့ အလုပ်မျိုးကို အစိုးရက အားအားယားယား ဝင်စွက်ဖက်တာမျိုး မရှိဘူး။ နောက်တချက်က ပညာရှင်လွတ်လပ်ခွင့် Academic freedom အများကြီးရှိပြန်တယ်။ ဥပမာ ပြောရရင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း ထိုင်းနိုင်ငံမှာ အုပ်ချုပ်ခဲ့တဲ့ အစိုးရ အဆက်ဆက် အတွင်းမှာ မူမမှန်တာမျိုး လုပ်တာတွေ့ရင် တက္ကသိုလ်ပညာရှင်တွေက မညှာမတာ ဝေဖန်ထောက်ပြတယ်။ အဲသလို ဝေဖန်လို့ ပညာရှင်တွေ၊ ပါမောက္ခတွေကို ဖမ်းဆီးထောင်ချတာမျိုး တခါမှ မကြားမိဘူး။ အမေရိကန် အပါအဝင် အနောက် ဥရောပနိုင်ငံတွေ လောက် ဒီမိုကရေစီ မရင့်သန်သေးပေမယ့် ထိုင်းနိုင်ငံက ပညာရှင်တွေဟာ အတော်ကြီး လွတ်လွတ်လပ်လပ် ပြောဆို၊ သင်ကြား၊ ရေးသား၊ ဝေဖန်ထောက်ပြခွင့်တွေ ရှိနေတာကို တွေ့ရတယ်။

ဒီလို လွတ်လွတ်လပ်လပ် ဖြစ်လာဖို့အတွက် ပညာရေးကို လွတ်လပ်ခွင့်ပေးထားတာ ထိုင်းနိုင်ငံမှာ အတော်လေးကြာခဲ့ပြီ။ မြန်မာပြည်မှာတော့ ဘယ်ကိုပဲ ကြည့်လိုက် ကြည့်လိုက်၊ အစိုးရနဲ့ကို မလွတ်နိုင်ဘူး။ တကယ့် ရေစက်။ စိုက်ပျိုးရေး တက္ကသိုလ် ဆိုတာလည်း အစိုးရအောက်မှာ။ စက်မှုတက္ကသိုလ်ဆိုတာလည်း အစိုးရအောက်မှာ။ ဆေးတက္ကသိုလ်ဆိုတာလည်း အစိုးရပိုင် ကျောင်း။ တသီးပုဂ္ဂလပိုင်တဲ့ တက္ကသိုလ်အဆင့် ကျောင်းဆိုတာ မြန်မာပြည်မှာ လုံးဝမရှိသေး။ အားလုံးကို အစိုးရက ပိုင်တယ် ဆိုမှတော့ အစိုးရပေါ်လစီ အောက်မှာပဲ နေကြရတော့တာပေါ့။ နောက်ဆုံးတော့ အဲသည့် တက္ကသိုလ်တွေဟာ အဖျင်းအမှော် လေးတွေကိုပဲ မွေးထုတ်တဲ့ ကျောင်းကြီးတွေ ဖြစ်လာတယ်။ သည့်ထက် မပိုဘူး။ မယုံမရှိကြနဲ့။ ဒီမိုကရေစီ ပညာရေးမဟုတ်ဘဲ မူလတန်းအဆင့် ကတည်းက ချုပ်ကိုင် ကွပ်ကဲတဲ့ ပညာရေးစနစ် ဖြစ်တာကြောင့် ဒီမိုကရေစီတန်ဖိုး၊ လွတ်လပ်မှုတန်ဖိုးနဲ့ တရားဥပေဒစိုးမိုးမှု စတာတွေကို တက္ကသိုလ်အဆင့်ရောက်တဲ့အထိ ကျောင်းသားတွေ မသိကြတော့သလို မိမိ အခွင့်အရေးကို မိမိရဖို့ တောင်းဆိုရမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးလည်း ငုပ်လျှိုးသွားတယ်။ ဒီလိုမျိုး ဖြစ်လာခဲ့တာ နှစ်ပေါင်း ၅ဝ ရှိခဲ့ပြီ။

လူကြားကောင်းတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လောက်ပဲရှိရှိ ကျနော့် အနေနဲ့ကတော့ ပညာရေးစနစ်နဲ့ ပတ်သက်တဲ့ အပြောင်းအလဲတွေ သေသေချာချာ မမြင်ရသေးဘူးဆိုရင် ဒီအစိုးရဟာ လိမ်နေတယ်လို့ပဲ ပြောလိုတယ်။ ကျနော်တို့ရဲ့ နောက်မျိုးဆက် တွေကို မျက်စေ့ဖွင့်မပေးတဲ့ ပညာရေးစနစ်မှန်သမျှ ကောင်းတယ်လို့ မချီးကျူးနိုင်ဖူး။ ဒါတွေကိုမြင်လို့ စင်္ကာပူမှာနေတဲ့ စီးပွားရေး ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာခင်မောင်ကြည်က မြန်မာနိုင်ငံမှာ အဆင့်မြင့် တသီးပုဂ္ဂလတက္ကသိုလ်တခု ထူထောင်ဖို့ တချိန်က ကြိုးပမ်းခဲ့ဖူးတယ်။ အဲသည်တုန်းက ဗိုလ်ခင်ညွန့်မိုးကောင်းနေတဲ့ ကာလပေါ့။ ဗိုလ်ခင်ညွန့်က နိုင်ငံရေး မပါရင်ပြီးရော၊ ဆရာကြီး လုပ်ချင်တာလုပ်ပါ၊ ကျနော် ကူညီပါ့မယ်လို့ ပြောခဲ့တယ်။ ဆရာဦးခင်မောင်ကြည်က အစိုးရပိုင် မဟုတ်တဲ့ တက္ကသိုလ်တခု ထူထောင် ချင်တယ်လို့ ပြောအပြီး။ နောက်ပိုင်းမှာ ခင်ညွန့်သာ အလုပ်ပြုတ်လို့ အကျယ်ချုပ် ကျသွားတယ်။ အဖြေ ပြန်မလာတော့ဘူး။ စစ်ဗိုလ်တွေဟာ တက္ကသိုလ်ကျောင်းဆိုရင် တီကိုဆားနဲ့ တို့သလိုပဲ။

နောက်တချက်ကတော့ ပညာရေးစနစ်က တလျှောက်လုံး မကောင်းခဲ့တော့ လူငယ်တွေဟာ သူတို့ဆည်းပူးချင်တာ သင်ချင်တာတွေကို မလေ့လာနိုင်ခဲ့ဘူး။ ဒီကွက်လပ်ကို အန်ဂျီအိုတွေ။ အန်ဂျီအိုဆန်တဲ့ ပညာရေးအဖွဲ့တွေက သင်တန်းတွေနဲ့ ဖြည့်ဆီးပေးနေတာ အခု မြန်မာနိုင်ငံထဲမှာ မြင်နေရတယ်။ နယ်စပ်မှာလည်း အလားတူ တွေ့ရတယ်။ ဘာဘဲပြောပြော ပညာရတာပေါ့။ သို့ပေမယ့် ဒါကလည်း မပြည့်စုံသေးဘူး။ နောက်ဆက်တွဲ ဘေးထွက်ပြဿနာတွေကိုလည်း ဆက်ပြီး တွေ့ရတယ်။ သင်တန်းတွေကလည်း အမျိုးအစား စုံလှတယ်။ ဘယ်လို သင်တန်းမျိုးတွေလည်းဆိုတော့ ဂလိုဘယ်လိုက်ဇေးရှင်း၊ ခေါင်းဆောင်မှု အတတ်ပညာ၊ ပဋိပက္ခ ဖြေရှင်းရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးအမြတ်၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝဘေး အန္တရာယ် များနဲ့ စီမံခန့်ခွဲမှု၊ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေး အခွင့်အရေး၊ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသား အခွင့်အရေး၊ မြေမြှုပ်မိုင်းများအန္တရာယ်၊ ကလေးစစ်သားပြဿနာ၊ လူကုန်ကူးခြင်း တားဆီးရေး၊ ရွှေ့ပြောင်းလုပ်သားများ ကိစ္စ၊ မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့အစည်းများနဲ့ ပတ်သက်၍ ကောင်းကွက် ဆိုးကွက်၊ စစ်ပြေးဒုက္ခသည်များနှင့် ပြန်လည်ထူထောင်ရေး၊ မိုးခေါင်ရေရှားခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများ အစရှိတာတွေ ဖြစ်ပါတယ်။ နောက်ထပ်လည်း ရှိပါသေးတယ်။ များလွန်းလို့ ထည့်မရေးနိုင်တော့ပါ။

ဒီလိုသင်တန်းမျိုးတွေက ကောင်းတယ်။ သို့သော် ရက်တိုသင်တန်းတွေ ဖြစ်တာကြောင့် ဗဟုသုတ နည်းနည်းပါးပါးရတာက လွဲလို့ အမှန်တကယ် ကျွမ်းကျင်သူလည်း ဖြစ်မလာနိုင်ဘူး။ ရေတိုမှတ်ဥာဏ်မှာ ခဏလောက်သာ ရှိပြီး မေ့သွားနိုင်တာမျိုး။ တချို့လူငယ်တွေ ဟာ အထက်က တင်ပြထားတဲ့ သင်တန်း အတော်များများကို တက်ဖူးပြီး ကိစ္စရပ်၊ ပညာအကုန်လုံးကို သိသလိုလို ဖြစ်နေတာကိုလည်း တွေ့ရပြန်တယ်။ ဘာသာရပ်တိုင်းလိုလို သူတို့မသိတာမရှိ ဆိုသလို ဖြစ်နေကြတယ်။ တကယ် ကွင်းဆင်းပြီး လုပ်ခိုင်းတော့ ကျွမ်းကျွမ်း ကျင်ကျင် မလုပ်တတ် မကိုင်တတ် ဖြစ်နေတာကိုလည်း တွေ့ရပြန်တယ်။ ဒါကြောင့် သင်တန်းတွေဟာ ဗဟုသုတတွေနဲ့ အမြင်တချို့ကို ဖြန့်ဝေပေးနိုင်ပေမယ့် တဖက်မှာ ကြည့်ပြန်တော့လည်း Decent Education ကောင်းမွန်စနစ်ကျတဲ့ ပညာရေးမဟုတ်ပြန်ဘူး။ ကြားဖြတ်ပြီးပေးရတဲ့ ဆေးမီးတို ပညာရေးမျိုး ဖြစ်နေတာကိုး။

ဒီတော့ ပြန်ကောက်ရမယ်ဆိုရင် ကျနော့်တို့ တိုင်းပြည်ဟာ ကောင်းမွန် စနစ်ကျတဲ့ ပညာရေးနဲ့ ဝေးနေတာ ကြာလှပါပြီ။ အခုထက်ထိ ကို စနစ်ကျပြီး ကောင်းမွန်တဲ့ ပညာရေးလမ်းကြောင်းပေါ် မရောက်နိုင်သေးဘူး။ မတည်ဆောက်နိုင်သေးဘူးဆိုရင် သူများထက် နောက်ကျနေပါလိမ့်ဦးမယ်။

ပညာရေးကို ဦးစားပေးဖို့ တိုက်တွန်းလိုတယ်။

ဇော်မင်း
၁၄ရက်။ ဖေဖေါ်ဝါရီလ။ ၂ဝ၁၂ ခုနှစ်

Tuesday, February 21, 2012

အမေ့ပျောက်ခံသွေးရင်း (သို့) တောင်ဘက်အစွန်းက ဂျစ်ပစီများ

မုသားယဉ်ကျေးမှုအပြင်ဘက်မှ ပင်လယ်ပျော် ဂျစ်ပစီများ

ပြည်ထောင်စုဆိုတဲ့အတိုင်းကျွန်တော်တို့နိုင်ငံမှာလူမျိုးစုပေါင်းများစွာယှဉ်တွဲနေထိုင်နေကြတယ်။မူရင်းပေါက်ဖွား ရာ ကွဲ ချင် ကွဲလွဲနိုင်ပေမဲ့ အတူတကွနေလာတာကြာတော့ အားလုံဟာ တကယ့်သွေးရင်းသားရင်းတွေ ဖြစ်နေကြပါပြီ၊ ဒီတော့ အားလုံးကိုကျွန်တော်တို့ကသွေးရင်းသားရင်းတိုင်းရင်းသားညီနောင်းများလို့ခေါ်ဝေါ်သုံစွဲကြတယ်။

အဲဒီထဲမှာအချိုကတော့ လူမျိုးစုကြီးအဖြင့်ကြွားကြွားဝင့်ဝင့်အခိျု့ကတော့လူမျိုးစုကလေးတွေအဖြစ်နဲ့သိမ်သိမ်ငယ်ငယ်၊
အချို့ကလည်းသမိုင်းအစဉ် လာကြီးမားစွာနဲ့အချို့ကတော့သမိုင်းမှာမထင်မရှား။ဒီလိုနဲ့အတွေအခေါ်မတူ၊ ဓလေ့ထုံးစံကွဲသူတွေထုံးစံအတိုင်းအငြင်း ပွားကြ ရန်ဖြစ်ကြအာဃာဓထားကြရန်ညှိုးတွေပွားကြနဲ့ စစ်တွေတိုက်လူတွေသတ်ဖြစ်လာခဲ့ကြတာသမိုင်းတစ်လျှောက် နှစ်တွေထောင် ချီ ခဲ့ကြ ပါပြီ။

ဒီလိုရုန်းရင်းကန်ရင်း တခါက အမေ့အပျောက်ထားခံခဲ့ရဖူးတဲ့ လူမျိုးစုလေးတွေထဲက အချို့ကိုတောင်
အခု အခြေ ခံဥပဒေမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေအဖြစ် ထည့်သွင်းစဉ်းစားလာရတဲ့အထိ ဖြစ်လာတယ်။ ဒါပေမဲ့ လက်ရှိ ကျွန်တော် တို့နေထိုင်နေကြပုံကဗမာအများစုကလည်း ရှမ်းရွာထဲမှာဝင်နေထိုင်ကြသလို ရှမ်းအများစုကလည်း ပအိုဝ့်၊ပလောင် ရွာတွေ မှာနေကြတယ်။

မွန်တွေအများကြီးက ကရင်ရွာတွေထဲမှာနေနေသလို ချင်းတွေအများကြီးက ဗမာနယ်လို့ပြောရမဲ့ ဝက်ထီး ကန်လို နေရာမျိုးမှာတွေနေရပြန်ရော၊ တခါကချင်တွေရဲ့ ဗန်းမောမြို့မှာ ရှမ်းတွေအများကြီးနေကြပြန်တယ်။ ဒီတော့ ငါ့ အမိ ဆိုတဲ့အစွဲမာနတွေ မြင့်နေသမျှ ပြဿနာတွေက ဆက်ရှိနေမြဲ ယမ်းငွေ့တွေက လွှမ်းမိုးနေဆဲ ....

ဒါပေမဲ့ အဲဒီလောကရဲ့အမှိုက် ဇာတိပုညဂုဏ်မာနတွေကင်းရှင်းပြီး လောကကြီးကိုအကောင်းမြင်တဲ့စိတ်နဲ့ ရှင် သန်နေ တဲ့ လူမျိုးစုလေးတစ်စု ကျွန်တော်တို့ နိုင်ငံမှာရှိပါတယ်။ သူတို့ဟာ မြန်မာ့သမိုင်းတစ်လျှောက် ဘယ်တုန်းကမှ မှတ် တမ်း အ တင်မခံခဲ့ရခြင်းကိုလည်း အားမငယ်ခဲ့ကြဘူး၊

သူတို့ရဲ့စားကျက်တွေထဲတပါးသူတွေဝင်ရောက်လာပြီးလာရောက် ရှာဖွေ စား တာကိုလည်းခွင့်လွတ်စိတ်နဲ့ကြိုဆိုတယ်၊ သဘာဝတရားကိုဆန့်ကျင်ပြီးမကြီးပွားချင်သလို၊ သဘာဝတရားကိုကိုယ် ပိုင် လုပ် သူတွေလည်းဆန့်ကျင်တယ်၊ ဘောင်ခက်ထားခြင်းကိုရှာင်ကွင်းခြင်းနဲ့ဆန့်ကျင်ပြီး၊ ထိတ်တိုက်ရင်ဆိုင်နည်းကိုသမိုင်း စဉ် တစ်လျှောက်ရှာင်ရှားခဲ့သူများဖြစ်ကြတယ်။

သူတို့ကတော့ ပင်လယ်ပြင်ကြီးထဲမှာ လှေတစင်းတက်တစ်လက်ရှိရင် အသက်ရှင်နိုင်ပြီဆိုတဲ့ မြိတ်ကျွန်းစုက ဆလုံ လို့အများသိတဲ့ မော်ကင်းတွေပါဘဲ ....



မော်ကင်း (သို့) ဆလုံတို့၏မူလအစ

ဆလုံတွေက သူတို့ကိုယ်သူတို့ မော်ကင်း (Maw-Ken) လို့ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဘာအဓိပ္ပါယ်လည်းလို့မေးရင် ''ရေပေါ်နေတဲ့လူ'' လို့ လွယ်လွယ်ပြန်ဖြေတတ်ကြပေမဲ့ အဓိပ္ပါယ်ကအတော်နက်ရှိုင်းလွန်းလှပါတယ်။ L'maw ဆိုတာက နစ်မြုတ်တာကိုခေါ်ပြီး O'ken ဆိုတာ ရေငံ ကိုဆိုလိုတာပါ။ ဒီတော့ ဆက်လိုက်ရင် ''ရေငံမှာနစ်မြုတ်ခြင်း'' လို့ အဓိပ္ပါယ်ဖေါ် ရမှာပါ။ ကမ္ဘာပေါ်မှာ ဘယ်လူမျိုးမှ ဒီလိုခေါ်ဝေါ်သုံးစွဲမှာမဟုတ်ပါဘူး၊ ဒါဆိုဘာလို့ သူတို့ကိုယ်သူတို့ ဒီလိုခေါ်ရသလဲ ....

ဒီဒေသကို လွမ်းမိုးတဲ့ ဗမာတွေ မွန်တွေက သူတို့ကို ''ဆလုံ''လို့ခေါ်ကြတယ် ဘာလို့ဒီလိုခေါ်သလဲ ဘယ်သူမှ မသိပါ။ ဗမာတွေကို ''နောင်'' လို့ ဆလုံတွေကခေါ်ပြီး မလေးကို ''ဘာတိတ်'' လို့ခေါ်ပါတယ်၊ ထိုင်းတွေကိုတော့ ''ဆင်း''တဲ့။
ဗမာကို ''နောင်''လို့ ဘာကြောင့်ခေါ်မှန်းမသိပေမဲ့ မလေးကို ''ဘာတိတ်''ခေါ်သံကြားတော့ ကျွန်တော်တို့ ပါတိတ် ထမီ လို့ခေါ်တာကိုသတိရမိပါတယ်။ ''ဆင်း'' လို့ထိုင်းကိုခေါ်တာကြတော့ အရင် Siam နိုင်ငံတော်ကို ရည်းညွှန်း တယ် လို့ ခန့်မှန်းလို့ရပါတယ်။

(ကျွန်တော်တို့ အောက်ပြည်သားတွေက ထိုင်းတွေကို သျှမ်းလို့ခေါ်ဝေါ်ကြပါတယ်)။ ထိုင်းတွေက ဆလုံတွေကို Chao Ley ''ချောင်လေး''း) (ပင်လယ်သူ-ပင်လယ်သား) လို့ခေါ်ကြပါတယ်၊ ကျွန်တော်တို့ ဆလုံ လို့ ခေါ်ကြတာတာ ဒီကနေဆင်သက်လာတာလားမသိ ....

ဆလုံတွေကို ပထမဦးဆုံးစိတ်ဝင်တစားနဲ့ သုတေသနပြုသူတွေက ခရစ်ယာန်သာသနာပြုတွေပါ။ သူ တို့ ဟာရေငံ မှာနစ်မြုတ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ကို အထူးစိတ်ဝင်စားကြပါတယ်၊ ဘာလို့လည်း ဆိုတော့ ဟိုး နောင်ခတ် က ကြွင်းရစ်တဲ့ လူတွေများလားဆိုပြီးတော့ပေါ့။

ဒါပေမဲ့ နောက်ပိုင်းမှာ ဆလုံတွေဟာ Austronesian အုပ်စုဝင်တွေ ဆိုတာသိလာကြပါတယ်။ မလေး-အင်ဒို-ဖိလိစ်ပင်းနဲ့ ပေါ်လီနီးရှန်းတွေဟာ ဆလုံတွေနဲ့ အမျိုးအနွယ်တူတွေ ပါ။ တ ခါက မြန်မာသမိုင်းပညာ ရှင် တစ်ယောက်တင်သွင်းတဲ့ စာတမ်းတစ်စောင်မှာ ဟိုးသထုံခေတ်က သုဝဏ္ဏဘူမိကို ပင်လယ်က ဘီလူးကြီးတွေ လာတိုက်လို့ အာသောကမင်းကြီး စေလှတ်သာသနာပြုတဲ့ အရှင်သုဏ္ဏနဲ့ အရှင်ဥတ္တ့ရ တို့၂ပါးဟာ ရတနသုတ်နဲ့ အာဋာဏာဋိယသုတ်ကို ရွတ်ဖတ်ပြီး မောင်းထုတ်ခဲ့ရတယ်ဆိုတဲ့ ပုံပြင်ထဲက ပင်လယ်ထဲက ရေဘီလူးတွေဆိုတာ ဆလုံတွေကို ရည်ညှန်းဟန်ရှိတယ်လို့ သုံးသပ်ထားပါတယ်၊

ပြီးတော့ သူက ဘီးလူးကျွန်းဆိုတာ အရင်ကဆလုံတွေနေခဲ့တဲ့ ကျွန်း တစ် ကျွန်းဖြစ်နိုင်တယ်လို့တောင် ဆွဲရေးသွားပါသေးတယ်၊ ဒါပေမဲ့ ဘာအထောက်အထားမှမရှိပါဘူး။ ဖြစ်နိုင်တာက ဟိုးအရင်က ဆလုံတွေဟာ တနင်္သာ ရီ ကမ်းမြှောင်နဲ့ ကရာကျွန်းဆွယ်ဆက်တို့မှာ နေထိုင်ခဲ့ရာက မြန်မာနဲ့ မလေးတွေကြောင့် ပင်လယ်ထဲ ဆင်းခဲ့ ရ သူတွေ ဖြစ်ဖို့များပါတယ်။

ဆလုံတွေ ပင်လယ်ထဲဘာကြောင့်ဆင်းသွားရသလဲ ဆိုတာကို အခုအချိန်အထိ ပညာရှင်တွေမဖြေနိုင်ကြပါဘူး။ ဒီအဖြေကိုရဖို့ ရှာဖွေသူ မနုဿဗေဒပညာရှင်အများကြီးရှိခဲ့သလို ထွေးထင်ချက်တွေကလည်း အမျိုးမျိုးဖြစ်နေပါတယ်။

အချို့ပညာရှင်တွေက ရာစုနှစ် ၂ခု-၃ခုလောက် ဒီမြိတ်ဒေသကို သူပိုင်ကိုယ်နိုင်လုနေကြတဲ့ မွန်-မြန်မာ-ထိုင်းတွေရဲ့ စစ်ပွဲတွေကိုထောက်ပြရင်း ဒီစစ်ပွဲတွေကို ရှောင်ရင်းပင်လယ်ထဲရောက်ရတာလို့ ဆိုကြပါတယ်။


ဆလုံမိသားစု

ခေတ်သစ် မနုဿပညာရှင်တစ်ဦးက Austronesian တွေရဲ့ မူရင်းဒေသဟာ ထိုင်ဝမ်ကျွန်းဆိုတဲ့ အဆို ကနေဖြန့်ပြီး အင်ဒိုချိုင်းနားကျွန်းဆွယ်ရယ် အင်ဒိုနီးရှား၊ ပါပူးဝါးနယူဂီနီ နဲ့ ဖိလိစ်ပိုင်တို့ပါဝင်တဲ့ ကျွန်းစုများ ရယ် သြစတေးလျ တိုက်ရယ် ဟာကမ္ဘာ့အပူချိန်မြင့်တက်ပြီး ရေခဲတွေအအရည်မပျော်ခင်က တဆက်တည်းရှိလိမ့်မယ်၊ Austronesian တွေဟာ အဲဒီ ကုန်းမြေမှာနေထိုင်ခဲ့ကြသူတွေဖြစ်ပြီး ပင်လယ်ရေမြင့်တက်လို့ ကုန်းမြေတွေမြုတ်ကုန်တော့ ကွဲ ကွဲပြားပြားတွေဖြစ် သွားကြ မယ်လို့ယူဆပါတယ်။

အဲဒီလိုအကွဲကွဲပြားပြား အယူအဆတွေကြားမှာ ဘာသာစကားနဲ့ ဆလုံအိုကြီးတွေက သူတို့မျိုးဆက် သစ်တွေ ကိုပြောပြတဲ့ပုံပြင်တွေကို အထူးပြုလေ့လာသူမနုဿပညာရှင် ပြင်သစ်လူမျိုး ဒေါက်တာ ဂျက်ဇ်အီဗာနော့ (Dr.Jacques Ivanoff) ရဲ့ အယူအဆလေးကို ကျွန်တော်သဘောကျတယ်။ သူ့အဆိုအရ ဆလုံတွေအစဉ်ဆက်ပြောလေ့ရှိတဲ့ ပုံပြင်လေးတစ်ပုံရှိတယ် (ဒီနေရာမှာ ပုံပြင်ဆိုတာထက် ကွက်စိတ်လို့ပြောရင် ပိုမှန်မယ်၊ ဘာလို့လဲဆိုတော့ ပြောသူဟာ စကားအဖြစ်နဲ့ပြောတာမျိုးမဟုတ်ဘဲ ကွက်စိတ်လို အသံနေအသံထားနဲ့ ပြောပါတယ်။

တခါတခါ ဝက်သားရေနဲ့ ကျက်ထားတဲ့ ဗုံလေးကိုတီးလို့၊ တခါတခါကျတော့ အုံးလက်နဲ့လုပ်ထားတဲ့ တယောကို ထိုးလို့ ပြောပြပါတယ်-အဲ ..ညည်းပြတယ်ဆိုရင် ပိုမှန်မလားမသိ။ ရွန်းလဲ့နေတဲ့လရောင်၊ စိန်ပွင့်တွေပြေးလွှားနေတဲ့ရေပြင်၊ မဲမှောင်နေတဲ့တောင်ရိပ်၊ လရောင်အောက် မှာ ဖြူလွနေတဲ့သောင်ပြင်၊ လှေနံကိုရိုက်ခတ်နေတဲ့ရေသံနဲ့ ကမ်းစပ် က လှိုင်း သံတွေကြား မှာအော် အင်းအော် အင်း ဆို တဲ့ ဆလုံတယောသံဟာ တကယ်လွမ်းစရာပါ) ဒီပုံပြင်ကို ဂျက်ဇ်က ဆဘီးယန်ပုံပြင်လို့အမည်ပေးပါတယ်...


ဆလုံတို့ရွက်လွှင့်သွားလာခြင်း


ဆဘီးယန်ဘုရင်မပုံပြင်
ဒီပုံပြင်ကို ဇာဒက်ကြီးကျွန်း (St.Mattew) ဆလုံအုပ်စုမှာ ကြားရလေ့ရှိပါတယ်။ ပုံပြင်လေးက ဝမ်းနည်းစရာလေးပါ။ တခါတုန်းက ကုန်းမြေတစ်ခုမှာ ဆဘီယန် (Sabian) ဆိုတဲ့ ဘုရင်မတစ်ပါးအုပ်စိုးတယ်၊ သူ့မမှာညီမတစ်ယောက်ရှိပြီး နာမည်က ကင် (Kem) လိုခေါ်သတဲ့။

တနေ့မှာ အနောက်ဘက်က သင်္ဘောပျက်ပြီးမျောလာတဲ့ လူငယ်တစ်ယောက် ဆဘီယန်တို့ပြည်ကိုရောက်လာတယ်၊ နာမည်က ဂျမန်း (Gaman) တဲ့။ ဒီလိုနဲ့ ဂျမန်းဟာ ဆဘီယန် နဲ့ငြိပြီး ကြင်ယာတော်ဖြစ် လာတယ်။ နောက်တော့ ခယ်မ ကင် နဲ့ဇတ်လမ်းကဆက်ပါလေရော။

ဒါကိုသိသွားတဲ့ ဆဘီယန်ဟာ ညီမဖြစ်သူကိုအမျက်တော်ရှပြီး နောက်လိုက်နောက်ပါတွေနဲ့အတူ ပင်လယ်ထဲသွားနေဖို့ အမိန့်ချတယ်၊ တဆက်တည်း အစားအစာနဲ့ အဝတ်အထည်အတွက် လိုအပ်ရင် ပင်လယ်ထွက်ပစ္စည်းနဲ့ လာရောက် လဲလှယ် ခွင့်ပြုပေမဲ့စိုက်ပျိုးရေးကိုလုံးဝမလုပ်ရဘူးလို့လည်း အမိန့်ချလိုက်သေးတယ်။ဂျက်ဇ်အဆိုအရ စိုက်ပျိုးရေးလုပ်ရင် လူစု ရွာတည် -မြို့ပြဖြစ်-အင်အားတောင့်လာရင် သူ့ကိုပြန်တော်လှန်မှာစိုးလို့တဲ့။ တကယ်လည်း ဆလုံတွေဟာ ဘာစိုက်ပျိုးရေးမှမလုပ်ပါဘူး စိုက်ပျိုးဖို့ တောခုတ်ရင် နတ်ဖမ်းစားမယ်လို့အယူရှိပါတယ်။

မြိတ်ကျွန်းစုထဲက လူမနေတဲ့ သဘာဝကျွန်းရိုင်းတွေပေါ်မှာ အုန်းပင်၊ သင်္ဘောပင်၊ မန်ကျည်းပင် နဲ့ သရက်ပင် အ ချို့ တလေတွေ့ရလေ့ရှိပါတယ်၊ ဒါတွေဟာ ဆလုံတွေရဲ့လက်ရာပါ။ ဒါပေမဲ့ဆလုံတွေက ငါဟာ လို့ ဘယ်တော့မှ မပြောပါဘူး စား ချင်သူယူစားနိုင်ပါတယ်။ အထူးသဖြင့် အုန်းပင်တွေဟာ မြန်မာတံငါသည်တွေ အုန်းဖူးခုတ်စားလို့သေကုန်သလို သင်္ဘော ပင်တွေဟာလည်း မျိုးဆက်မရှိအောင် ခူးစားခံရလို့ မျိုးတုန်းသွားတတ်လေ့ရှိပါတယ်။

ဆလုံတွေအုန်းပင်စိုက်တာ ပစ်စလက် ခတ်ပစ်ချထားရင်း သူဖာသာသူပေါက်လာတာမျိုးမဟုတ်ပါဘူး၊ ဒီလိုလဲ ပစ်ထားလို့မရပါ၊ ကျွန်းတွေရဲ့ ကမ်းစပ်တွေ မှာ ကြီးစိုးတဲ့ မျောက်တံငါတွေဟာ ဘာသစ်သီးသစ်စေ့မှအလွတ်မပေးပါဘူး၊ ဒီတော့ အသေအချာမြေမြုတ်ပြီး စိုက်ပျိုးပါတယ် ဒါပေမဲ့ သူပိုင်တယ်လို့ ဘယ်တော့မှမပြောပါ။ ဒါဆဘီယန်ကျိန်စာကိုကြောက်လို့ လို့ ဂျက်ဇ်က ယူဆပါတယ် ....

ဒါကလည်း သူ့ရဲ့မှန်းဆချက်သက်သက်ဖြစ်ပြီး ပညာရှင်အတော်များများက ငြင်းချက်ထုတ်ထားကြပါတယ်။ ကလေး ငယ်လေးတစ်ယောက်တောင် ရေထဲခုန်ဆင်လိုက်ယုံနဲ့ စားစရာအလွယ်တကူရနိုင်တဲ့နေရာမှာ ဘယ်သူက အပင်ပန်းခံပြီး စိုက်ပျိုးရေးလုပ်နေဦးမှာလည်းတဲ့။


ဆလုံတို့ဝမ်းစာ

ဆလုံတွေဘာကြောင့်ရေမှာနေရသလဲ ဆိုတဲ့မေးခွန်းလိုဘဲ နောက်မေးခွန်းတစ်ခုက ဘယ်အချိန်လောက် က စပြီး မြိတ် ကျွန်းစုမှာအခြေချနေထိုင်ကြသလဲ ဆိုတဲ့မေးခွန်းဖြစ်တယ်။ ဒါကိုလည်း ဘယ်ပညာရှင်ကမှတိတိပပ မဖြေနိုင်သေး ပါဘူး။ ဆလုံတွေဟာ ပြောင်းရွေ့လာသူတွေမဟုတ်ဘူး ဒီဒေသ ဖွားတွေသာဖြစ်တယ် လို့ ကောက်ပင် ရိတ်လှီး ပြော တဲ့ပညာ ရှင်တွေ ရှိသလို လူမျိုးတွေအားလုံးဟာ ပြောင်းရွေ့လာတာ ဆိုတဲ့အယူအဆကို ရင်ထဲမှာထုတ်မရသူတွေကတော့ ဆလုံတွေ ဟာ နေရာတစ်ခုခုမှ ပြောင်းရွေ့လာသူတွေ လို့ယူဆနေတုန်းပါဘဲ ....


တခါတုန်းက မြိတ်ဆိပ်ကမ်း

Caesar Frederick ဆိုတဲ့ အင်္ဂလိပ်တစ်ယောက် ၁၅၆၇မှာရေးတဲ့ မှတ်တမ်းတစ်ခုမှာ တနင်္သာရီ အကြောင်း ဖေါ်ပြ ထားပေမဲ့ ဆလုံတွေအကြောင်း တစ်လုံးတစ်ပါဒမှ မပါခဲ့ဘူး။ တခါ Ferdinand Mendez Pinto ဆိုတဲ့ ပေါ်တူဂီ ၁၅၄၅မှာရေးခဲ့တဲ့ မှတ်တမ်းမှာလည်း မပါခဲ့ပါဘူး၊ ပင်တိုဟာ ၁၅၄၅မှာJun Calon, Merguim, Vagerim, နဲ့ Tavay ဆိပ်ကမ်းတွေကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ Tavay ဆိုတာက ထားဝယ် ဖြစ်ပြီး၊ Merguim က မြိတ်မြို့ ကို ရည် ညွန်း မှန်းသိပေမဲ့ Jun Calon နဲ့ Vagerim ဆိုတာ ဘယ်မြို့ဆိပ်ကမ်းကို ဆိုလိုမှန်းမသိပါ။

ပင်တို ရော ဆီဆာ ရော ၂ယောက် စ လုံး ပြောခဲ့တာက မြိတ်ကျွန်းစုမှာ ကျွန်းကြီးကျွန်းငယ်နဲ့ ခိုအောင်းစရာတွေ အရမ်းပေါ်ပေမဲ့ ဘယ်သူမှမရှိဘူး၊ တခါတလ မလေးလှေငယ်လေး တစ်စင်းစ နှစ်စင်းစ တွေ့တာကလွဲရင်လို့ မှတ်သားခဲ့ကြပါတယ်။

ဒါပေမဲ့ ၁၇၈၃မှာ အင်္ဂလိပ်ရေတပ်ဗိုလ် Captain Forrest ဟာ မြိတ်ကျွန်းစုတစ်ခုလုံး လှည့်လည်သွားရောက်ပြီး ကျွန်တွေနဲ့ ရေကြောင်းအတိမ်အနက်ကို အသေးစိတ် မှတ်တမ်းတင်ခဲ့ပါတယ်။ ၁၇၉၂ထုတ် သူ့ရဲ့ A voyage from Calcutta to Mergui archipelago, lying on the east side of the Bay of Bengal စာအုပ်ထဲမှာ ...

''၁၁ရက် -သောကြာနေ့။ Flat ကျွန်းအနောက်ဘက်ရေပြင်မှာ ရွက်လွင့်ပြေးလွားနေတဲ့ လှေငယ်၂စင်းကို မြင်ရတယ်၊ ရွက် ကတော့ အင်ဒိုနီးရှား အာချေးဒေသက ရွက်တိုင်မျိုး၊ လှေပေါ်မှာ လူ၈ယောက်-၁ဝယောက်လောက်ပါမယ်၊ Flat ကျွန်းနဲ့ Bonnets ကျွန်းကြားက ဖြတ်ဝင်လာပြီး ကျွန်တော်တို့ကိုတွေ့တော့ မြောက်ဘက်လှည့်သွားပြီး Bowen ကျွန်း မော်စွယ် မှာ ကျောက်ချလိုက်ကြတယ်၊ ကျွန်တော်တို့နဲ့တော့ အတော်လှမ်းပါတယ်။ သူတို့ကိုကြည့်ရတာ ကျွန်တော်တို့ကို အ ရမ်းကြောက်လန့်နေပုံပါဘဲ။

သူတို့က ဒီဒေသမှတွေ့ရလေ့ရှိတဲ့ ဗမာ-ထိုင်း-မလေး တွေတော့ ဟုတ်ဟန် မတူဘူး။ ဘယ်လို ဘဲဖြစ်ဖြစ် သူတို့နဲ့စကားပြောဖို့ ကျွန်တော်ကြိုးစားကြည့်မယ်၊ ဒီကျွန်းစုကြီးမှာက စကားပြောဖို့ လူတွေသိပ်ရှိတာမှမဟုတ်တာ၊ ကျွန်တော်ကတော့အရမ်းဝမ်းသာတာဘဲ။'' လို့ရေးသား မှတ်တမ်းတင်ထားပါတယ် ...



ဆလုံမိသားစုနှင့် ကလေးငယ်များ

၁၉ဝ၉မှာရေးထားတဲ့ Carrapiett ရဲ့မှတ်တမ်းမှာကျတော့ ၁၈၁၉မှာ အနောက်တိုင်းသားတွေဟာ ပင်လယ် ဓါးပြတွေရဲ့ရန်ကို ကြောက်လန့်လို့ ပုံးရှောင်နေတဲ့ လှေပေါ်နေ လူမျိုးစုတွေနဲ့ စကားပြောနိုင်ပြီလို့ ရေးမှတ်ထားပါတယ်။ (ကြည့်ရတာ ဘုရင့်နောင်ရဲ့ပဲခူးကျသွားပြီး မြိတ်ဟာ ထိုင်းတွေလက်အောက်ကျသွားချိန် ယိုးဒယားဘုရင် နာရိုင်းရဲ့ မြိတ်မြို့စား အင်္ဂလိပ်လူမျိုး ဆင်မြူရယ်ဝှိုက်လက်ထက်မှာ ဆလုံတွေအတော်ဒုက္ခရောက်ခဲ့ပုံဘဲ။

ဒီ Simese White ဆိုတဲ့ ဆင်မြူရယ်ဝှိုက် ဟာ မြိတ်မြိုစားလုပ်ရုံတင်မက ဓါးပြပါတိုက်သူမို့ ဆလုံတွေကို သူ့လုပ်ငန်းမှာသုံးမယ်။ နောက်တော့ သူပြေးတော့ ဆလုံတွေ အ သတ်ခံရတာတို့ ဘာတို့ ဖြစ်မယ်ထင်တယ်၊ ဒါကြောင့် ကျွန်းကြိုကျွန်းကြားရှောင်တိမ်းနေတာလည်း ဖြစ်နိုင်တာဘဲ)

၁၉၂၂ မှာရေးတဲ့ ခရစ်ယာန်သာသနာပြု အင်္ဂလိပ်လူမျိုး ဖာသာWalter Grainge White ရေးတဲ့ The Sea Gypsies of Malaya စာအုပ်ထဲမှာ ကုန်းဘောင်းခေတ် ဘကြီးတော်ဘုရားလက်ထက်မှာ ဆလုံအချို့ကို ဖမ်းပြီး ထူးဆန်း အရိုင်း အ စိုင်းတွေအဖြစ် မြိတ်မြို့စားက ဘုရင့်ရှေ့တော်မှောက်ပို့ဖူးတယ်။ ဘုရင်က မြန်မာစာနဲ့ ယဉ်ကျေးမှုသင်ပေးပြီး သူတို့ဒေသ မှာ ကြီးပွားအောင် ပြန်လုပ်စေလို့ အမိန့်ချမှတ်ခဲ့ဖူးတယ်လို့ ရေးထားပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ဒီဒေသက မလေးတွေကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ ဆလုံတွေ မကိုးကွယ်တာကြည့်ရင် အစ္စလာမ်ဘာသာ ဒီဒေသကိုရောက်တဲ့ အေဒီ ၁ဝရာစု မတိုင်မှီကတည်းက ဒီဒေသကိုရောက်ရှိနေထိုင်နေသူတွေလို့ သိနိုင်သလို၊ မလေးလို သက္ကဋဘာသာ ရောနှောမပြောတဲ့ ဆလုံစကားကိုထောင့်ချင့်ရင် သြော်စတြိုနီးရှန်းတွေရဲ့ ဟန္ဒူအင်ပါ ယာကြီးဖြစ်တဲ့ အေဒီ၃ရာစုက သီရိဝိဇယ (Srivijaya) အင်ပါယာထက်စာပြီးတောင် ဒီဒေသကိုရောက်ချင်ရောက်နေမယ်လို့ မှန်းဆရပါတယ် ...


ဆလုံတွေ ဆိုတာက ဒီကနေ့ ဒီကျွန်း မှာတောဝက် လိုက်နေတာတွေ့ရပေမဲ့ နောက်တစ်နေ့ အခြားကျွန်းမှာ ခရင်း ခွာနေတာတွ့ချင်တွေ့ရတတ်တာမျိုး၊ ပြီးတော့ နယ်နမိတ်တွေ ရေကြောင်းအပိုင်းအခြားတွေလည်း သူတို့မသိ၊ ဒီ ကနေ့ မြန် မာရေမှာတွေ့ပေမဲ့ နောက်တရက်ကျ ထိုင်းရေပိုင်နက်ထဲရောက်နေတတ်ပြန်ရော၊ နောက် ၃-၄ရက်ဆို မလေးရှားရဲ့ လန် ကာ ဝီနားမှာတွေ့ချင်တွေ့နေရပြန်တာမို့ သူတို့ရဲ့လူဦးရေဘယ်လောက် ရှိသလဲဆိုတာပြောရတာအလွန်ခက်တယ်။
(လွန်ခဲ့တဲ့ ၄-၅နှစ်က မြန်မာအစိုးရက မှတ်ပုံတင်ထုတ်ပေးတယ်၊ ထိုင်းအစိုးရကလည်း ဘုရင်ကိုယ်တိုင် မျိုးရိုး နာ မည်တွေ ပေးပြီးထိုင်းလူမျိုးအဖြစ်အသိမှတ်ပြုသလို၊ မလေးရှားကလည်း သူ့နယ်နိမိတ်အတွင်းက ဆလုံတွေကို မလေး ရှား တိုင်းရင်းသားဆိုပြီး အမှတ်အသားတွေ လုပ်တယ်။ ဆိုလိုတာက ဆလုံတွေရဲ့ နယ်မြေကို သူတို့ဆန္ဒမပါဘဲ ခွဲခြားလိုက်တာပေါ့။ ဒီလိုလုပ်လိုက်တဲ့ အကျိုးဆက်ကနေ အဖေဖြစ်သူက မြန်မာရေမှာ မြန်မာမှတ်ပုံတင်ကိုင် သားဖြစ်သူ ထိုင်းမှတ်ပုံတင်နဲ့ ထိုင်းလူမျိုးဖြစ် အဲသလို အဓ္ဓမ ခွဲခြားတာကို ခံလိုက်ရသလို ဖြစ်သွားတာပေါ့ )...

ဒီတော့ဘာဖြစ်သလဲ မှတ်ပုံတင်ကို လှေခေါင်မိုးမှာထိုးပြီး ဆလုံတွေ သွားချင်ရာသွားနေတာဘဲ၊ ရေတပ်က တခါ တလေပါးနားရိုက်ပြီး မင်းတို့ နောက်တခါ ထိုင်းရေထဲသွားရင် ပစ်မြုတ်မယ်လို့ ခြိမ်းချောက်တာကို မျက်နှာငယ်လေး နဲ့ ပြန်ကြည့်ပြီး၊ ကြောက်ပါဘီ ဆရာရယ် ကျွန်တော်နောက်မသွားတော့ပါဘူး ဆိုပြီး နောက်ဆို ရင် ရေတပ်သင်္ဘောတွေ ကိုရှောင်ပြီး ကျွန်းကြိုကျွန်းကြားက သွားမြဲတိုင်းသွားတာဘဲ...

ဥပမာ- လာတာ (Lata) လို့ သူတို့ခေါ်တဲ့ ထိုင်းတွေရဲ့ ကော့ဆူရင်း( ရှမ်းကျွန်းမဲ ) - Surin Marine National Park ဟာ ဂျာဒက်လို့ ဆလုံတွေခေါ်တဲ့ မြန်မာ့တောင်ဘက်စွန်း ရေတပ်စခန်းတည်ရှိရာ ဇာဒက်ကြီးကျွန်း-St.Mattew နဲ့ က နီးနီးလေးရယ်၊ လှမ်းကြည့်ရင်တောင် မြင်နေရတာမို့ ဒီကျွန်းကြီး ၂ကျွန်းမှာ အခြေချတဲ့ ဆလုံတွေက သွားလိုက် လာ လိုက်ပေါ့။

နှစ်နိုင်ငံရေပိုင်နက်ဆိုတာ သူတို့အတွက်ဘယ်လိုမှ မသက်ရောက်ပါဘူး၊ ၂ဘက် ရေတပ်သားတွေရဲ့ မူးမူးနဲ့ တခါ တလေ ပါးအရိုက်ခံရတာ၊ ဆောင့်အကန်ခံရတာ တို့ကလွဲရင်ပေါ့။ ဒီတော့ လူဦးရေ ဘယ်လောက် လဲဆို တာ ပြောဖို့ အရမ်း ခက်တယ်။

စည်းစနစ်အရမ်းကျတဲ့ ဗြိတိသျှတွေကတော့ Boy Scouts တို့ Girl Guides တို့သုံးပြီး အတတ်နိုင်ဆုံး ဆလုံ လူ ဦးရေကိုရအောင်လုပ်ခဲ့ဖူးတယ် ၁၉၁၁လောက်မှာပေါ့။ အဲဒီဆလုံသန်းခေါင်စာရင်းအရ တစ်ထောင်ရှစ်ရာ ကိုးဆယ့် သုံးယောက် ရှိတယ်လို့ဆိုပါတယ်။ ကျား-၉၆၄ယောက်နဲ့ မ-၉၂၅ယောက်ရှိခဲ့သတဲ့။

ဒီအရေအတွက်ဟာ ထားဝယ် ကျွန်း ကနေ ကော့သောင်းအထိ ဧရိယာမှာပါ။ ထိုင်းနဲ့ မလေးဘက်မှာရှိတဲ့ ဆလုံတွေ မပါသေးပါဘူး။ဒီသန်းခေါင်စာရင်းဟာ ဆလုံ တစ်ယောက်ကို ၂ခါရေတွက်မိတာတို့ လူမရောက်တဲ့ ကျွန်းကြိုကျွန်းကြားမှာ ရောက်နေတဲ့ ဆလုံလှေတွေကို မရေ တွက် မိ တာတို့လည်းရှိနိုင်ပါတယ်။

ဆလုံများနေထိုင်သည့်ကျွန်း


Walter Graninge White ကတော့ ညောင်းမှိုင်း (Elphinstone island)၊ ဒုံး (Ross island)၊ ကတန် (King island)၊ ပဉ္စဘု (Bentik island)၊ နဲ့ လက်စွက်အော် (Domel island) ကျွန်းတစ်ဝိုက်မှာတင် သူဖာသာသူ စာရင်းကောက်ယူတာ အနည်းဆုံး ဆလုံ၂၅ဝဝ လောက်ရှိတာ တွေ့တယ်လို့ ဆိုပါတယ်၊ သူ့ကဆက်ပြီး ဇာဒက်ကျွန်းအုပ်စုဟာ ပိုကြီးတဲ့ ဆလုံအုပ်စုဖြစ်လို့ ဒုံးအုပ်စုထက်ပိုများမယ်လို့ ယူဆခဲ့တယ်။ ဒီတော့ မြိတ်ကျွန်းစုမှာ ဆလုံ ၅ဝဝဝလောက်ရှိတယ်လို့ သာမန်ကောက်ချက်ချနိုင်ပါတယ်၊ ဒါက ၁၉၁၁ခုနှစ်ကပေါ့နော် ...

ဒါပေမဲ့ နှစ်ပေါင်း ၉ဝကြာ ၂ဝဝ၁ခုနှစ်မှာ ဆလုံစုစုပေါင်း ၁ဝဝဝတောင် မပြည့်ချင်တော့တာ အံ့သြ ဘွယ်တွေ့ရ တယ်။ လူဦးရေဆိုတာ ကြာလေများလာလေမဟုတ်လား၊ ပြီးတော့ မြစ်ဝကျွန်း၊ ရန်ကုန်နဲ့ ပဲခူးနယ်က မွန်တွေ ပျောက် ကွယ် သွားသလို၊ တကောင်းကနေ ပြည်အထိကျယ်ပြန့်တဲ့ ဒေသကြီးက ပျူတွေပျောက်သွားသလို၊ လူမျိုးအချင်းချင်း အမြိုခံလိုက် ရတဲ့ ပုံစံလည်း မတွေ့ရဘဲနဲ့ ဘာလို့ဆလုံတွေ ပျောက်ကုန်တာလည်း။

၂ဝဝ၁ မှာ ဒေါက်တာဂျက်အီဗာနော့ရဲ့ လေ့လာချက်အရ

>>> ညောင်ဝီမှာ လှေ ၁၁စင်း နဲ့ အခြေတကျအိမ်ဆောက်နေတာမတွေ့ရဘူး (၂ဝဝ၆ မှာကျွန်တော်တွေ့ရတာ လှေ ၆စီးနဲ့ အိမ်ဆောက်နေတဲ့ ဆလုံတွေပဲတွေ့ရတော့တယ်)
>>> ဂျာလန်းမှာ လှေ ၂၉စင်းနဲ့ အခြေတကျအိမ်ဆောက်နေတာမရှိ (အဲဒါတော့ကျွန်တော်မသိဘူး လမ်းကြောင်း မ သင့်တော့ ဂျာလန်းကို ကျွန်တော်မရောက်ခဲ့ရဘူး၊ ပြီးတော့ ဂျာလန်းကျွန်းမှာ အမြှောက်တပ်ထိုင်ထားတာ ဒီပြင် သစ်ဒေါက် တာဘယ်လိုလုပ်ဝင်သွားသလဲ ကျွန်တော်မစဉ်းစားတတ်)
>>> မကြုံဂလက်မှာ လှေ၂၅စင်း နဲ့ အိမ်ခြေ၅ဝတွေ့ရတယ် (လှေတွေနည်းသွားပေမဲ့ အိမ်တွေအများကြီး ကျွန်တော်တွေ့ ခဲ့ရပါတယ်)
>>> ဇာဒက်ကြီးမှာ လှေ၃ဝနဲ့ အိမ်၇ဝ (ကျွန်တော်မရောက်ပါ)
>>> ဆူရင်း မှာ လှေ၁၂စင်း နဲ့ အိမ်၂ဝ (အခု လှေ၂၉စင်းနဲ့ အိမ်တွေ ၄ဝလောက်တွေ့ရတယ်၊ ဆူနာမီဖြစ်ပြီးတဲ့နောက်မှာ အကူညီတွေရတာကြောင့် ဆူရင်းကဆလုံတွေ ပိုအဆင်ပြေနေသလိုဘဲ၊ ဒီတော့ ဇာဒက်က သူတို့ဆွေမျိုးတွေကို သွားခေါ်လာသလားမသိ)
>>> လငန်းမှာ လှေ၁၅စင်းနဲ့ အိမ်၁၅လုံး (လှေ၁ဝစင်းနဲ့ အိမ်၁၈လုံးတွေခဲ့ရတယ်)
>>> ပဉ္စဘု နဲ့ မီးစိမ်းမှာ လှေ၁ဝစင်း (ကျွန်တော် ၈စင်းတွေ့ခဲ့ရတယ်)
>>> ညောင်မှိုင်းမှာ လှေ၂၁စင်းနဲ့ အိမ် ၃ဝ ဒါပေမဲ့ လှေတွေက ဆလုံပုံစံထက် မြန်မာလှေပုံစံပိုများတယ်
>>> ဒုံမှာက ရွာ ၂ရွာ၊ ဆလုံ၃ဝဝလောက်ရှိမယ်၊ လှေက၁၅စင်းနဲ့ အိမ်ကအလုံး၅ဝ (ဗမာ နဲ့ ကရင်အိမ်တွေနဲ့ရောနေတော့ ကျွန်တော်မခွဲတတ်ဘူး) ....

ဆလုံအုပ်စုများ နှင့် ဘာသာစကား

ယေဘူယျအနေနဲ့ မြိတ်ကျွန်းစုထဲက ဆလုံတွေကို အုပ်စုသုံးစု ခွဲလို့ရပါတယ်။

၁) ဒုံးအုပ်စု - ဒုံး (Ross island)၊ ညောင်မှိုင်း (Elphinstone island)၊ မီးစိမ်း (Lioyds island) နှင့် ပဉ္စဘု (Bentik island) ...
၂) လန်းပိအုပ်စု - လငန်း (The sisters islands)၊ လန်းပိ (Lampi island)၊ မကြုံဂလက် (Pulu Nala island)၊ ညောင်ဝီ(Pulu Bada)၊ ကျွန်းဖီလာ(Gt.Swinton island)၊ ဂျာလန်း(Lough Brough island) ...
၃) ဇာဒက်ကြီးအုပ်စု - ဇာဒက်ကြီး (St.Mattew island)၊ ဇာဒက်ကလေး (St.Luke island)၊ သံကျွန်း (Davis island)၊ ဆူရင်း (Surin island of Thailand)

ဆိုပြီးတော့ ဖြစ်ပါတယ်။ အုပ်စုခွဲတာ ဦးဆောင်သူကွဲလို့သာ ခွဲနိုင်တာဖြစ်ပြီး အနေအထိုင်၊ အစားအသောက်၊ အလေ့အထနဲ့ ဘာသာစကား ပြောင်းလဲမှုသိပ်မတွေ့ရပါ၊ ဒါပေမဲ့ ဒုံးအုပ်စုနဲ့ ဇာဒက်အုပ်စု စကားပြောတာ နည်းနည်းပါးပါး ကွဲပြားနေတာရှိတယ်လို့ ဆလုံဘာသာစကားကျွမ်းကျင်သူတွေက ဆိုပါတယ်၊ လေသံဝဲတာရှိသလို အခိျု့လုံးဝမတူတဲ့ အခေါ်ဝေါ်တွေလည်းရှိသတဲ့။


ငါးထိုးဟန်

ဆလုံတွေစကားရဲ့ ၄ဝရာနုန်းက ပသျှူး(မလေး) စကားပါ -မလေးရှေးဟောင်းစကားဆိုပါတော့။ ဘာသာစကားလေ့လာသူတွေစကားအရ ဟိုး ကမ္ဘောဒီယားနဲ့ ဗီယက်နာမ်တောင်ပိုင်းမှာ တခါက ထွန်းကားခဲ့ဖူးတဲ့ Champa နိုင်ငံကြီးမှာ ပြောတဲ့ စကားလို့ ဆိုကြပါတယ်...
ကျွန်တော်သတိထားမိတာကတော့ ဒုံးအုပ်စုမှာ ထိုင်းစကားတတ်တဲ့ ဆလုံတွေအရမ်းနည်းပြီး၊ ဇဒက်ကြီးအုပ်စုက ဆလုံတွေမှာကတော့ ထိုင်းစကားပြောတတ်သူ အတော်များပါတယ်။ အဲဒုံးအုပ်စုနဲ့ လန်းပိအုပ်စုမှာ ပသျှူးစကား (မလေးစကား)တတ်တဲ့ ဆလုံတွေအတော်များများ တွေ့ရပါတယ်။

Dr Anderson ရေးပြီး ၁၈၁၈ မှာ Walter Hamilton စာအုပ်တိုက်ကထုတ်ဝေတဲ့ The Chalomes ဆိုတဲ့ စာအုပ် ထဲမှာ ဒေါက်တာ အန်ဒါဆန်က ဆလုံဆိုတဲ့ စကားဟာ ရှေးပသျှူးတွေရဲ့ အစေခံ (ကျွန်)တွေကို သုံးနှုံးတဲ့ အသုံး လိုပြော ပါ တယ်...

ဒါပေမဲ့ လက်ရှိဆလုံတွေနေထိုင်ပုံက ကျွန်တစ်ယောက်လို နေထိုင်နေကြတာမျိုးမဟုတ်ပါဘူး။ သူတို့ ဘာသာ စကား နဲ့ Kabang (ကဘန်း) ဆိုတဲ့ လှေအိမ်ပေါ်မှာမိသားစုလိုက် နွေးထွေးသိုက်မြိုက်စွာနေရင်း ကျွန်းတစ်ကျွန်းမှတစ်ကျွန်းဆီ အုပ်စုလိုက် လွတ်လွတ်လပ်လပ်ဘဲ လှည့်လည်ရှာဖွေစားသောက်နေကြတာပါ။

ဒီကျွန်းမှာရေခပ်မယ်၊ ဟိုကျွန်းမှာ ငါးရှာမယ် ခရင်းခွာမယ်၊ ဟိုးနောက်တစ်ကျွန်းမှာ ထမင်းတည်စားသောက် မယ် ၊ ပြီးရင်နေ့လည်နေ့ခင်း သဲသောင်ပြင်ဖြူဖြူပေါ်တက် သစ်ပင်ရိပ်အောက်မှာ တရေးတမောနှပ်ချင်နှပ်မယ်၊ အဲ ဝါ သနာ ပါ သူတွေက ၃ပုံဖဲ-ကက်ဆွဲမယ် (ရှေးမြန်မာကက်ဖဲ) ဝါသနာပါသူဆိုလို့ ဆလုံမတွေဟာ ကက်ဆွဲတာကို အတော် ဝါသ နာ ပါကြ ပါတယ်၊ အားလုံးလိုလို ကက်ဆွဲကြတာတွေ့ရပါတယ်။


နို့တိုက်ရင်း ကက်ဆွဲ
ကျွန်းတစ်ကျွန်းမှာ ဆလုံအုပ်စုကိုတွေ့ရင် သောင်ပြင်ပေါ်က အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ဆလုံ ကက် ဆွဲ ဝိုင်းတွေကို တွေ့ရပါမယ်....ကက်ဆွဲနေတဲ့ အမေရင်ခွင်ထဲမှာနို့စိုရင်းအိပ်နေတဲ့ ကလေးတွေ၊ ဝိုင်းဘေးမှာ နှပ်တစ် ရွဲရွဲနဲ့ တဂျီ ဂျီငိုနေတဲ့ ကလေးတွေ၊ သောင်ပြင်ပူပူပေါ်မှာ ဟိုပြေးဒီလွှာလုပ်နေတဲ့ကလေးတွေ၊ လှေသစ်တစ်စီး ဒါမှမဟုတ် တစ်ခုခု ကို ခုတ်ထစ်နေတဲ့ ဆလုံယောင်္ကျားတွေ နှီးဖြာသူဖြာ၊ သဂျစ်လို့ခေါ်တဲ့ ပင်လယ်နာနတ်ရွက်တမျိုးကို အမိုးအဖြစ်ရော ရွက် အဖြစ် ပါသုံးဖို့ နှီးဖြစ်ချုပ်ထိုးနေတဲ့ ဆလုံအဖိုးကြီးအဖွားကြီးတွေ၊ တစုံတရာကို ပြောရင်းစရင်း ဟီးဟီးဟားဟားနဲ့ စကားများရင်း တစ်ယောက်ကိုတစ်ယောက် သန်းဆွဲပေးနေကြတဲ့ ဆလုံမပျိုတွေ ဒါကိုမလှမ်းမကမ်းကနေ ဆေးပေါ့လိပ်-ပွတ်ချွန်း ဖွာ ရင်း စောင်းငန်းကြည့်နေတဲ့ ဆလုံယောင်္ကျားပျိုလေးတွေ စတဲ့မြင်ကွင်း ...

ဆလုံ ကလေးငယ်များ
နေစောင်းရင် သားငါးရှာမယ် ခရုကောက်မယ် ထမင်းချက်စားမယ် ပြီးရင်အိပ်မယ်၊ ဒါမှမဟုတ် မအိပ်ခင် အုန်းတယော -ဗုံတိုလေးတွေတီးပြီး ဧယဉ်ကြူးသလိုလို ကွက်စိတ်ရွတ်သလိုလိုအသံနဲ့ သီချင်းဆိုမယ် ကဗျာရွတ်မယ် (ကဗျာရွတ် တယ် ဆိုပေမဲ့ ကာရန်တွေ ရစ်သမ်တွေအကြောင်း သွားမမေးနဲ့ ဘာမှမသိဘူး ပါးစပ်ထဲ ဆိုကောင်းသလို ရွတ်လိုက်တာဘဲ) စ တဲ့ မြင်ကွင်းတွေတွေဟာ ဆလုံတွေရဲ့ ဘဝကို ရိုးရိုးလေးရှင်းပြနေတဲ့ မြင်ကွင်းတွေပါ။

မွေးဖွားခြင်းနှင့် အိမ်ထောင်ထူထောင်ခြင်း

တကယ်လို့ ကျွန်းတစ်ကျွန်းရဲ့ အရိပ်ကောင်းတဲ့ ကမ်းစပ်မှာ ဆလုံလှေတွေကျောက်ချထားမယ်၊ သောင်ပြင်ရဲ့ အ ရိပ်ကောင်းတဲ့ တနေရာမှာ လှေပေါ်က အမိုးကိုချပြီး ယာယီတဲထိုးထားမယ်၊ ယောင်္ကျားကြီးငယ်တွေက စုရုံးစုရုံးနဲ့ စ ကားပြောဝိုင်းဖွဲနေမယ်၊ မိန်းမတွေက ထမင်းတည်သူတည် စကားများသူများနေမယ် မကြာခင် ယာယီတဲအိပ်ထဲက ကလေး ငိုသံကြားမယ်ဆိုရင် အဲဒါ ဆလုံးကလေးတစ်ယောက် လောကထဲရောက်လာတဲ့ မြင်ကွင်းပါဘဲ။

ဆလုံတွေမွေးဖွားတာ ဘာမှမထူးဆန်းပါ။ မီးဖွားမဲ့ မိန်မရယ် အကူတစ်ယောက်ရယ် (နတ်ဆရာမ) ဝမ်းဆွဲ တစ်ယောက်ရယ် ဒါဘဲလိုပါတယ်။ လက်သည်အတွက် ဘာမှပေးစရာမလိုပါ (အများအားဖြစ် လက်သည်ဟာ ဆေးဆရာ နတ်ဝင်သည် ပယောဂဆရာလည်းဖြစ်ကြပါတယ်)။

ကလေးမမွေးခင် လက်သည်က တူဒါနတ်ကို ဆုတောင်း မယ် ရေမန်းတိုက်မယ်၊ ရေမွှာပေါက်ရင် အမေကိုညှစ်ခိုင်းမယ် ကလေးထွက်လာရင် နှီးကြောနဲ့ ချက်ကြိုးဖြတ် မယ် ပြီးရင် ရေထည့်ထားတဲ့ အိုးထဲထည့်ပြီးရေဆေးမယ် (ရေချို ရေငန်အရေးမကြီးပါ) ပြီးရင် အဝတ်တစ်ခုနဲ့ ပတ်လိုက်မယ်။ ဒါဆို မီးဖွားတဲ့ ကိစ္စပြီးပြီ ....တကယ်လို့ လှေပေါ်မှာမွေးရင် ကလေးကို ပင်လယ်ရေနဲ့ နှစ်ဆေးလိုက်တာဘဲ လွယ်တာကိုး ...

ဆလုံလေးတွေဟာ ပင်လယ်ရေ၊ ခရုခရင်အခွံ၊ သစ်တိုဝါးစတွေနဲ့ ကမ်းစပ်တလျှောက်မှာ ရှုပ်ပွနေတဲ့ ပလက်စတစ်ဗူးတွေ၊ အသုံးအဆောင်အဟောင်းတွေ၊ ကစားစရာသေနတ်အပျက်၊ ကစားစရာအပျက်တွေ ဒါတွေနဲ့ဘဲကြီးပြင်းခဲ့ကြပါတယ် ...

လမ်းစစမ်းလျှောက်ကတည်းက ရေထဲရောက်နေသူတွေမို့ အသွားမြိအောင်ထက်နေတဲ့ ခရင်းတောမှာ သံပခြုပ် (Sea Urchin) တောမှာ ဖိနပ်မပါဘဲလမ်းလျှောက်နေတဲ့ ဆလုံလေးတွေကိုမြင်ရတာ အံ့သြစရာတော့မဟုတ်ပါဘူး။

(ထူးဆန်းတာပြောပြဦးမယ်၊ အဲဒီသံပခြုပ်တွေဟာ ဖြူကောင်လိုဘဲ တကိုယ်လုံးကို ဆူးတွေနဲ့ဖုံးနေတယ်၊ ဆူးက လည်း တော်တော်ချွန်ပြီး ထိတာနဲ့ကျိုးတဲ့ သစ်ဆွေးလိုဘဲ၊ အသားထဲစူးဝင်တာနဲ့ ကျိုးပြီးကျန်ခဲ့ရောလေ။ နောက်တော့ အဲဒီ သံ ပခြုပ်ဆူးကျိုးဟာ အသားထဲမှာအရည်ပျော်သွားပြီး အဆိပ်တွေအဖြစ်နဲ့ သွေးကြောထဲပံျ့ပါလေရော။ နာတာမှ အမေရေးအဘရေးတနေလောက်အောင်နာတာ -တတ်တာပေါ့။

ဒါကြောင့် သံပခြုပ်ဆူးဆိုရင် မထိမိအောင် ဂရုစိုက်ရတယ်။ ဒါပေမဲ့ ဆလုံမတွေကတော့ နေ့တိုင်း သံပခြုပ် ဖမ်းကြ တယ်၊ နေ့တိုင်းဆိုမှနေတိုင်း။ ဖျာနေနာနေတဲ့ ဆလုံမကလွဲပြီး ကြီးကြီးငယ်ငယ် ခရင်းခွာရင်း ဘာဂျီထွဋ်ရင်း သံ ပခြုပ်ကောက်ကြတယ်၊ လွယ်လွယ်ကူကူ လက်နဲ့ဆူးတွေကို စုကိုင်လိုက်တာဘဲ ပြီးတော့ ဒါးကောက်လေးနဲ့ခွဲ အထဲ က ကြက်ဥနှစ်လို သံပခြုပ်အနှစ်ကိုကိုယူ ထမင်းစားရင်ထည့်စားကြတယ်။ ဆလုံထီးတွေတွေက သံပခြုပ်မကောက်ဘူး ဆူးတတ်လို့တဲ့ ဆလုံမကောက်ပေးတဲ့ သံပခြုပ်ကိုဘဲစားကြတယ်။

ဆလုံမတွေကလည်း လင်အတွက် သံပခြုပ်မဖြစ်မနေရှာပေးကြတယ်၊ ဘာဖြစ်လို့လဲ မမေးနဲ့နော် မော်ကင်းမဖြေဘူး။
ဂျပန်မှာ သံပခြုပ်ဈေးကောင်းတယ်ဆိုဘဲ၊ ဘာကြောင့်လဲ ဂျပန်က ဘဖိုက်တို့ ကိုမဟူရာတို့ ဂျပန်အကြောင်း နှံ့နှံ့စပ်စပ်ကြီး ကိုသိတဲ့ ကိုဘောကျန်တိုကိုသာမေးကြည့်။ ပြီးတော့ ကောလဟာလတစ်ခုကြားဖူးသေးတယ်။ အဖေကြီးဆိုတဲ့ ဦးနေဝင်းဟာ သူဘုန်းမီးတောက်စဉ်က ပုလဲကျွန်းကို နှစ်စဉ်လာပြီး သံပခြုပ်တို့ ကမာတို့ လာလာစားတယ်ဆိုတာဘဲ)

သံပခြုပ်

ဆလုံတွေဟာ သူတို့ရဲ့ဝမ်းကွဲတွေကို မိသားစုရဲ့အတွင်းစည်း သွေးသားအရင်းလို့ မသတ်မှတ်ပါဘူး။ ဒါပေမဲ့ လေးစားမှုတော့ ရှိကြပါတယ် ...

မြန်မာတွေလိုဘဲ မိဘနှစ်ပါးဟာ မိသားစုရဲ့ ခေါင်းဆောင်တွေပါ။ ပုံမှန်ကတော့ ဆလုံတွေဟာ တစ်လင်တစ် မယားစနစ်ကိုဘဲ လက်ခံသူတွေပါ။ ဒါပေမဲ့ တခါတလေ မိန်းမနှစ်ယောက်နဲ့ အတူပေါင်းသင်းတဲ့ ဆလုံ ယောင်္ကျားတွေလည်းရှိတတ်ပါတယ်။ မိသားစုတစ်ဟာ လှေတစ်စင်းတော့ အနည်းဆုံးပိုင်ဆိုင်ကြပါတယ်။ ဒါပေမဲ့ မိဘလှေကမခွဲထွက်သေးတဲ့ အိမ်ထောင်သစ်တွေ၊ လှေတစီးထဲမှာ ဆလုံမိသားစု ၃စု နေတာမျိုးတွေ လည်း တွေ့ရတတ်ပါတယ်၊ ဥပမာ သား၂ယောက်က အိမ်ထောင်ပြုပြီးသွားပေမဲ့ အဖေအမေရဲ့ လှေက နေမခွဲထွက်သေးတာမျိုးပေါ့ ..

(နောက်ပိုင်းမှာ လှေတည်ဆောက်ဖို့အရမ်းခက်သွားတာရယ် လှေတည်ဆောက်တတ်သူ ဆလုံတွေနည်းပါး သွားတာရယ်ကြောင့် လှေတစင်းမှာ စုနေတာမျိုး များလာတာ တွေ့ရပါတယ်)

ငယ်သူက ကြီးသူကို လေးစားတာမျိုး ဆလုံတွေမှာ ထင်ထင်ရှားရှားတွေ့ရပါတယ်။ ဥပမာ -အကိုကြီးရဲ့ မိန်းမကို ညီဖြစ်သူ (မတ်) နဲ့ ညီဖြစ်သူရဲ့ မိန်းမက လေးလေးစားစားဆက်ဆံတာမျိုးပါ။ အကိုအကြီးဆုံးရဲ့ မိန်းမဟာ အဖေ အမေ နဲ့ အကိုကြီးလိုဘဲ မိသားစုရဲ့ ဦးစီးနေရာမှာရှိပါတယ် ....

ဘာဂျီကမာခွာနေသူတစ်ဦး

အဖေကို အပုန်း (apong) လို့ခေါ်ပြီး အမေကို အီနောင်း (enoung) လို့ခေါ်ကြပါတယ်။ အကိုကြီးကို အကကင်န်နိုင်း (aka Kanai) လို့ခေါ်ပြီး အမကိုတော့ အကဘီနိုင်း (aka binai) လို့ခေါ်ပါတယ်။ ကင်န်နိုင်း (kanai) ဆိုတာ ယောင်္ကျား -လင် ကိုဆိုလိုပြီး ဘီနိုင်း (binai) ဆိုတာက မိန်းမကိုခေါ်တာပါ။ ယောက်ဖဆိုတာကို ခေါ်တဲ့အသုံးမရှိပေမဲ့ မရီးကိုတော့ လွှာ (lua) လို့ခေါ်ပါတယ်။ ဒီနေရာမှာ လွှာဆိုတာ အကိုမိန်းမကိုသာ ခေါ်တာဖြစ်ပြီး ညီ-မောင်ရဲ့ မိန်းမကိုတော့ အစ်ပန်းဘီနိုင်း (ipan binai) လို့ ခွဲခေါ်ပါ တယ်။ အပန်းဘီနိုင်းဟာ လွှာကို လေးစားရပါတယ်။

မိမိရဲ့ရင်သွေးကို အနက်(anak) လို့ခေါ်ပါတယ်၊ အနက်ကင်န်နိုင်း ဆိုတာကသား အနက်ဘီနိုင်း ဆိုတာက သမီးပေါ့။

ဝမ်းကွဲကိုသွေးရင်းလို့ သဘောမထားတာကြောင့် ၀မ်းကွဲချင်းယူတာမျိုး တွေ့ရများပါတယ်။ အထူးသဖြင့် ညီအကို၂ယောက် အိမ်ထောင်ကျပြီး လှေချင်းခွဲပြီးနေတာမျိုးမှာပေါ့။

ဆလုံတွေဟာ အိမ်ထောင်ပြုတဲ့အခါမှာလည်း အလွန်ရိုးရှင်းပါတယ်။ လူငယ်ချင်းမေတ္တာမျှပြီး အရွယ်လည်း ရောက်နေပြီးဆို အတူနေလိုက်ကြတာဘဲ။ သတို့သမီးက သတို့သားမိသားစုနေတဲ့လှေမှာ သွားတက်နေ လိုက်ရင် အိမ်ထောင်ပြုတာဘဲ။ တခါတလေ သတို့သားက သတို့သမီးလှေမှာ လာနေတာမျိုးလည်း ရှိပါတယ်။ မိဘကို ခွဲသွားဖို့ မဖြစ်နိုင်တဲ့ သမီးကို ယူရင်ပေါ့လေ ...


စလုံလှပျိုဖြူ

ဒုံး-ဆလုံအုပ်စုမှာ အိမ်ထောင်ပြုရင် မြန်မာဓလေ့လို ကွမ်း အပြန်အလှန်ယာကျွေးရတဲ့ ဓလေ့ရှိတယ်လို့ သိရပါတယ် (ကြားဖူးနားဝပါ)။ ယောက္ခမကို ကွမ်းယာကျွေးရတယ်လို့လဲ ကြားဖူးပါတယ်။ ယောက္ခမကို တော်က (tawka) လို့ခေါ်ပါတယ်။ တော်ကကင်န်နိုင်းနဲ့ တော်ကဘီနိုင်းပေါ့။

ဟိုအရင်တုန်းက အိမ်ယာအသစ်ထူထောင်သူမှာ ကိုယ်ပိုင်လှေမရှိသေးရင် အုပ်စုမှာရှိတဲ့ ကျမ္မာသူ ယောင်္ကျားအားလုံး တောထဲသွားပြီး လှေတည်ဖို့ သစ်ခုတ်ကြပါတယ်။ မိန်းမတွေက ကျွန်တော်တို့ သဂျစ်ဖျာယက်တဲ့ သဂျစ်ရွက်ကို ခုတ်ပြီး အမိုးနဲ့ ရွက်အတွက် ယက်လုပ်ကြပါတယ်။ သက်ကြီးရွယ်အိုတွေက နှီးဖျာတာ လက်ဖြစ်အိမ်သုံးပစ္စည်း လုပ်တာမျိုးတွေ လုပ်ပေးကြပါတယ်။ ပြီးတော့ အားလုံးစုရုံးပြီး ထမင်း ချက်စားကြပါတယ်။ ဆလုံတွေအတွက် တောဝက်သားဟာ အကောင်းဆုံးဟင်းမယ်ပါ (မြိတ်ကျွန်းစုက ကျွန်းတွေမှာ တောဝက်နဲ့ ဂျီလှောင် (mouse deer) တွေအရမ်းပေါပါတယ် -မျောက်တွေနဲ့ အပြိုင်ပါဘဲ)။ အခုနောက်ပိုင်းမှာ အားလုံးစုစုရုံးရုံးနဲ့ လှေတည်တာတွေ ပျော်ပွဲတွေလုပ်တာတွေ မတွေ့ရတော့ သ လောက်ပါဘဲ။


စုပေါင်း၍လှေတည်ခြင်း


တောဝက်လိုက်မယ်ဆို တောထဲမ၀င်ခင် နတ်ပသရပါတယ်။ ဒါကနတ်ဆရာအလုပ်ပါ။ ပြီးရင် မှိန်းတွေဆွဲ ဒါးတွေကိုင်ပြီး ခွေးတွေနဲ့အတူ တောဝက်လိုက်ကြပါတယ်။ ရရင် ထုံစံအတိုင်း ၀က်သွေးတစ်ခွက် အသဲအ မြစ် အနည်းငယ်နဲ့ နားရွက်အနည်းအငယ်ကို နတ်ကျွေးရပါတယ် ....

ဆလုံခွေးဘ၀ကတော့ သနားစရာလည်းကောင်း ကျေနပ်စရာလည်းကောင်းတဲ့ ခွေးဘ၀ပါ။ ဆလုံတွေဟာ နို့ပြတ်စခွေးလေးတွေကို လူနဲ့ဝေးပြီး သားကောင်ပေါတဲ့ ကျွန်းလေးတွေမှာ သွားပစ်ထားကြပါတယ် နောက် တစ်နှစ်လောက်ကြာလို့ လာပြန်ခေါ်ချိန်မှာ ဖွံ့ဖြိုးကျမ္မာနေရင် တစ်သက်လုံး သူတို့တတွေနဲ့အတူစား အတူ သောက် အတူနေရတဲ့ မိသားစုဝင်လှေနေခွေးအဖြစ် မွေးပါတော့တယ်။ အနည်းဆုံး ဆလုံးလှေတစင်းမှာ ခွေးတစ်ကောင်တော့ ရှိစမြဲပါဘဲ။ ထူးဆန်းတာက ခွေးတွေဟာ ဘယ်တော့မှ လှေပေါ်မှာအညစ်ကြေး မစွန့် တတ်တာပါ ....

ကျန်းမာရေး၊ ဆေးဝါးကုသခြင်းနှင့် ဖုတ်ကျည်းသင်္ဂြီုလ်ခြင်း

ယေဘုယျအားဖြင့်တော့ ဆလုံတွေဟာ ကျမ်းမာရေးကောင်းပြီး သန်စွမ်းတဲ့ လူမျိုးပါး အသား ငါးနဲ့ သစ်သီး ဝလံတွေက လတ်လတ်ဆတ်ဆတ်ရတာတွေမို့ကြောင့်လည်း သန်စွမ်းကျမ်းမာကြတာပါ။ ဆလုံတွေအတွက် ကြောက်စရာရောဂါဟာ ရေညှပ်တယ်ဆိုတဲ့ Deep compression disease ရောဂါပါဘဲ။ ဒီရောဂါဟာ ရေထုရဲ့ဖိအားနဲ့ အပူချိန်ကြောင့် သွေးထဲက နိုင်ထရိုဂျင်တွေ အသွင်ပြောင်းလဲရာက ဖြစ်တဲ့ အကြောသေ ရောဂါဖြစ်ပေမဲ့ ဆလုံတွေအတွက်ကတော့ ကြောက်စရာ ပင်လယ်စောင့်နတ်ကြီး စိတ်ဆိုးလိုဖမ်းစားတာလို့ ယူဆပြီး နတ်ဆရာ-ဆရာမတွေက တောင်းပန်ပူဇော်မှုတွေနဲ့ ကုသကြပါတယ် (အများအားဖြင့် ပြန်မ ကောင်းတော့ဘဲ အောက်ပိုင်းသေသွားတာ ကိုယ်တစ်ခြမ်းသေသွားတာတွေ ဖြစ်တတ်ကြပါတယ်)။

ဒါကလည်းရှေးကမဖြစ်ဖူးဘဲ compressor လေအိုးစက်တွေနဲ့ ရေငုတ်ကြတဲ့ ဒီဘက်ခေတ်မှာ သာဖြစ်လာ တာပါ။ ရှေးဆလုံတွေ အတွက်ရောဂါက ငလိပ်ကျောက်ဆူးစူးတာ၊ ခရုခရင်း ကမာ၊ သံပုခြုပ်၊ သဲပလုပ်၊ တုံးပလုပ်စတာတွေကို အစိမ်းစားလို့ဖြစ်တဲ့ ဝမ်းကိုက်ရောဂါနဲ့ အူရောင်ငန်းဖျားရောဂါ စတာတွေပဲရှိပါတယ်။ ငှက်ဖျားဟာ မြိတ်ကျွန်းစုမှာ ကြောက်စရာအကောင်းဆုံးရောဂါဖြစ်ပေမဲ့ ရှေးဆလုံတွေ ဖြစ်ပွားတာမျိုး မရှိ ဘူးလို့ အင်္ဂလိပ်တွေက မှတ်တမ်းတင်ခဲ့သလို ၁၉၅၈ -၆၄ လန်းပိကျွန်းမှာ သဘာဝငါးမွေးမြူရေးနဲ့ ဖမ်းဆီး ရေးကို ဂျပန်အစိုးရအကူညီနဲ့လုပ်ခဲ့တဲ့ ပြည်သူ့ပုလဲနဲ့ ငါးလုပ်ငန်း ဝန်ထမ်းတွေရဲ့ မှတ်တမ်းများမှာလည်း မှတ်တမ်းတင်ခဲ့ကြပါတယ်။

မြန်မာတွေလိုဘဲ ဆလုံတွေမှာလည်း မီးဖိုချောင်ဘယဆေးဝါးတွေ ဆောင်ထားတတ်ကြပါတယ်။ ဥပမာ နနွင်းတက်၊ ဂျင်း၊ ပဒဲကော တို့လိုပါ။ ဒါအပြင် ကျွန်းတွေပေါ်က မိုးသစ်တောကြီးတွေထဲကလည်း ဘယဆေး တွေရရှိနိုင်ပါတယ်။ ဥပမာ ဆင်တုံးမနွယ်၊ ဘီးစပ်၊ ခါဥ စတာတွေပေါ့။ တခါတရံ အမဲလိုက်ရာက သား ကောင်တွေ တဆင့်ရတဲ့ စပါးကြီးသည်းခြေ၊ ဂျီလှောင်သည်းခြေ စတာတွေလည်းရှိပါတယ်။

နတ်ဆရာ-ဆရာမတွေဟာ သူတို့ရဲ့ဆေးဆရာတွေလည်း ဖြစ်ကြပါတယ်။ အဓိကကုထုံးက မန်းမှုတ်တာ ပူဇော်ပသတာပါ။ ရှေးလူသားတွေလိုဘဲ ဆလုံတွေလည်း အစိမ်းသရဲနတ် ဖမ်းစားတာတွေကို သိပ်ယုံကြည် တဲ့သူတွေပါဘဲ။

နောက်ပိုင်း ဒီဘက်ခေတ်မှာတော့ ဆလုံတွေရဲ့ လူနေမှုပုံစံပြောင်းလဲသွားတာနဲ့အတူ ကျမ်းမာရေးနဲ့ သန်စွမ်း မှုဘက်မှာ တော်တော်လေးကျဆင်းသွားတာ တွေ့ရပါတယ်။ ဒါတွေရဲ့ အဓိကအကြောင်းအရင်းက ၁၉၈ဝ ပြည့်လွန်နှစ်တွေကစပြီး ပင်လယ်ကို သိပ်စိတ်မဝင်စားတဲ့ ကုန်ပေါ်နေ ဗမာနဲ့ တိုင်းရင်းသားတွေဟာ စီးပွားရေး ကျပ်တည်းမှုတွေကြောင့် မြိတ်ကျွန်းစုကို လာပြီး ဆလုံတွေရဲ့ အသက်မွေးဝမ်းကြောင်းမှုနဲ့ နယ်မြေတွေကို ချဲ့ထွင်လုယူတာရယ်နဲ့ ဆယ်စုနှစ်များစွာ စစ်တပ်ရဲ့လွှမ်းမိုးထားမှုကို အဆုံးသတ် လိုက်ပြီး နောက် စီးပွားရေးတိုးတတ်လာတဲ့ ထိုင်းနိုင်ငံရဲ့ ရေလုပ်ငန်း ကြီးထွားလာတာရယ်ကြောင့် ဖြစ်ပါတယ်။

ဒေသတွင်းမှာ လူစုံလာတာနဲ့အတူ ရောဂါနဲ့ လူမှုရေးပြဿနာတွေ တစ်ပုံတပင်ကြီး ပေါ်ပေါက်လာပါတော့ တယ်။ ရောဂါတွေထဲမှာတော့ ငှက်ဖျား၊ ကာလသားနဲ့ အေ့စ်ရောဂါဟာ အဆိုးဆုံးပေါ့။ ဒါတွေက ဒီဒေသမှာ အရင်ကကြားတောင် မကြားဖူးတဲ့ ရောဂါတွေပါ။ ဒါတွေအပြင် မူးယစ်ဆေးဝါးကြောင့်လည်း ရောဂါမျိုးစုံရ လာကြပါတယ်။

အမှန်ကတော့ အရင်ကတည်းက ဆလုံတွေဟာ မူးယစ်ဆေးဝါးကြိုက်နှစ်သက်သူတွေပါဘဲ။ အရင်က တရုတ်ကုန်သည် မလေးကုန်သည်တွေဟာ ဆလုံတွေရဲ့ ပုလဲစတဲ့ ရေထွက်ပစည်းတွေကိုရဖို့ ဆန်ဆီ ဆေး ဝါးအပြင် ဘိန်းနဲ့ပါလဲလှယ်ခဲ့ကြပါတယ်။ အထူးသဖြင့် အဲဗားလိုက်နဲ့ ထိုင်းထုတ် ယာထမ်ကျိုင်ဆိုတဲ့ အကိုက် ခဲပျောက်ဆေးမျိုးဆိုရင် ဆလုံတွေအတွက်မရှိမဖြစ်ပါ။ နောက်ပိုင်း မြန်မာ-မလေး-ထိုင်း ကုန်သည်တွေဟာ ဘိန်းဖြူကို အစားထိုးပေးလာကြပါတယ်။

ဆလုံတွေဟာ ခေတ်မှီငါးဖမ်းနည်းတွေမတတ်ပါဘူး။ ဥပမာ ပိုက်နဲ့ငါးဖမ်းခြင်းလိုမျိုးတွေပေါ့၊ ဒီတော့ မြန်မာ-ထိုင်း-မလေး ငါးကုန်သည်တွေဟာ ဆလုံတွေ အလွယ်တကူလုပ်နိုင်တဲ့ ဒိုက်နမိုက်ဗုံးခွဲ ငါးဖမ်းခြင်းကို ဆလုံတွေကိုသင်ပေးပြီး ငါးဖမ်းခိုင်းပါတယ်။ အရင်က ဆလုံတွေရေငုတ်တာ ကမ်းစပ် ၆မီတာ ရမီတာ အလွန်ဆုံး၁ဝမီတာအနက်မှာပါ။ နောက်ပိုင်းတော့ ရေနက်ငါးတွေနေတဲ့ ကျောက်ဆောင်တွေအထိသွားပြီး ဗုံးခွဲပါတယ်။ ပြီးရင် ကွန်ပရက်ဆာတွေသုံးပြီးရေအောက်ထဲဆင်းကာ ငါးကောက်ပါတယ်။

သူတို့ဟာ နိုက်ထရိုဂျင်အကြောင်းကို မသိသလို ရေငုတ်ရာက ပြန်အတက်မှာ safty stop ဆိုတာ မျိုးလဲ မရှိပါဘူး။ ဒီတော့ နားအုံးကွဲတာ ရေညှပ်တာတွေ မကြာခဏဖြစ်လာပါတယ်။ ပြီးတော့ ဆလုံတွေကို ဘယ်တုန်းကမှ ဒုက္ခ္ခမပေးဘူတဲ့ ငါးမန်းတွေနဲ့လည်း တိုက်ခိုက်လာရပါတယ် (တကယ်တော့ မြိတ်ကျွန်းစုက ငါးမန်းတွေဟာ လူတွေကိုတိုက်ခိုက်စားသောက်တဲ့ ငါးမန်းတွေမဟုတ်ပါဘူး၊ ဒါပေမဲ့ ငါးမန်းတွေဟာ ဗုံးခွဲရင် သေတဲ့ငါးမျိုး မဟုတ်တဲ့အတွက် သေနေတဲ့ငါးတွေကို လာစားရင်း ရေအောက်မှာငါးသေလာကောက်တဲ့ လူတွေကိုတွေ့ရင် သူတို့ရဲ့အစာလာလုသူတွေဆိုပြီး တိုက်ခိုက်တတ်ကြပါတယ်) ဒီလိုနဲ့ ငါးမန်းကိုက်လို့ သေတဲ့ ဆလုံတွေရှိလာတာပေါ့။

နောက်တခါ ရေအောက်မှာအရမ်းအေးပေမဲ့ wet suit, warm suit တို့ မရှိတဲ့ ဆလုံတွေအတွက် ဘိန်းဖြူကိုအကြောထဲထိုးတာ တစ်ခုတည်းသော အချမ်းပျောက်ဆေးပါဘဲ။ ဒီလိုနဲ့ ဆလုံတွေမှာ Over dose နဲ့ H.I.V ဆိုတဲ့ မကြားဖူးတဲ့ရောဂါဆန်းတွေ ဖြစ်လာရပါတယ်။

ဒါနဲ့ဘဲ ဆလုံလူဦးရေဟာ သိသိသာသာကျဆင်းသွားတယ်။ အထူးသဖြင့် ၁၉၈၈-၂ဝဝဝ နှစ်တွေမှာပေါ့။ ဒီကြားထဲ ဒေသခံ ထိုင်းတွေ ပသျှူး (မလေးတွေ) နဲ့ စီးပွားရေး အကြပ်အတည်းကြောင့် ဒေသအတွင်း ပြောင်းရွေ့ စီးပွားရှာကြတဲ့ အထက်သားလို့ခေါ်တဲ့ ဗမာအပါဝင် တိုင်းရင်းသားတွေကြား ဖြစ်ပွားတဲ့ တိုက်ခိုက်သတ်ဖြတ်မှု လုယက်မှု မုဒိန်းမှုနဲ့ လက်စားချေမှုတွေကြားမှာ ဆလုံတွေညှပ်မိပြီး အရွယ်ကောင်း ဆလုံယောင်္ကျားလေး အတော်များများ သေဆုံးခဲ့ရတာကလည်း ဆလုံလူဦးရေကျဆင်းသွားဖို့နဲ့ လူမျိုးခြားတွေနဲ့ သွေးနှောသွားစေဖို့အတွက် အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။


ဆလုံတို့အိမ်

စောစောပိုင်းက ပို့စ်တွေမှာဆွေးနွေးခဲ့သလိုဘဲ ယေဘူယျအားဖြင့် ဆလုံတွေဟာ ကျန်းမာရေးကောင်းပြီး သန်စွမ်းကြပါတယ်။ ပြီးတော့ မြန်မာတွေဆီကဘဲရခဲ့သလား ပသျှူးတွေ ရှမ်း (ထိုင်း)တွေဆီကဘဲရခဲ့သလား ဒါမှမဟုတ် အရင်ကတည်းကရှိနေတဲ့ အယူလားတော့ မသိဘူး၊ အဆောင်တွေ လက်ဖွဲ့တွေကိုလည်း အရမ်းယုံကြည်ကြပါတယ်။

ကလေးတွေမှာဆို ခါးမှာပတ်ထားတဲ့ ကြိုးတစ်ချောင်းရှိတတ်ပါတယ်၊ အရွယ် ရောက် ယောင်္ကျားလေးဆို လက်မောင်းမှာ ပတ်ထားပြီး မိန်းခလေးဆိုရင် လည်မှာဆွဲထားကြပါတယ်။

အခေါင်းမပါတဲ့ ခရုမျက်နှာပိတ် (ကျောက်ဖြစ်ရုပ်ကြွင်း) သန္တာကောင် ကျောက်ဖြစ်ရုပ်ကွင်း ငါးမန်းစွယ်တို့ကို ဆောင်လေ့ရှိပြီး နေထိုင်မကောင်းရင် မကျန်းမာရင် နတ်ဆရာက မန်းမှုတ်ပြီး ဆွဲပေးပါတယ်။

အုံးခွံ နနွင်းမှုံ့ သစ်ရွက်တမျိုးကို လူနာအနားထားပြီး ချွေးထုတ်တာမျိုးလည်း လုပ်တတ်ပါတယ်။ ဆလုံတွေ အဖြစ်များတဲ့ သာမန်အဖျားက အပူရှပ်ဖျားတာမျိုးမို့ ချွေးထုတ်လိုက်ရင် ကောင်းသွားတတ်တာ များပါ တယ်။

(အခုနောက်ပိုင်းမှာတော့ အနီးနားမြန်မာတံငါသည်တွေနေတဲ့ ရွာဆီလာပြီး ရွာကဆေးမှူး ဒါမှမဟုတ် ရမ်းကုတွေနဲ့ ကုကြပါတယ်)

ဆလုံကလေးငယ်

ခရင်းရှ ပုလင်းကွဲစူး ငလိပ်ကျောက်ဆူးစူး၊ ထိမိကွဲရှ လို့ အနာရင်းပြီးပိုးဝင်သွားတဲ့အခါ (မန်းလိုက်တယ်လို့ ခေါ်ရမလားမသိ) ကင်းမွန်လိပ် (Cuttle Fish) ကျောရိုးခွံကိုအမှုန့်ထောင်းပြီး သံပုရာရည် ဒါမှမဟုတ် ဗင်နီကာနဲ့ ရောပြီး သိပ်လူးတာမျိုး၊ မိချောင်းအံဖက်သီးရဲ့ အစေ့တွေကို ထုတ်ပြီးအနာပေါ်အုံတာမျိုး လုပ်တတ်ကြပါတယ်။

ထိခိုက်ကွဲရှတဲ့အနာအတွက် ပင်လယ်ရေနဲ့ဆေးတာ တောထဲက ဘီစပ်ရွက်လို ခါဥလိုမျိုးတွေနဲ့ အုံတာမျိုး လုပ်ပါတယ်။

ပွေးကတော့ ဆလုံတိုင်းလိုလိုမှာတွေ့ရပါတယ်။ ပင်လယ်ရေကြောင့်လား ဆပ်ပြာမတွေ့ဖူးတဲ့ အ၀တ်တွေ ကြောင့်လားတော့ မသိပါ။

ထူးဆန်းတာက မျက်လုံးပျက်နေတဲ့ ဆလုံတွေ လက်ပြတ်ခြေပြတ် ဖြစ်နေတဲ့ဆလုံမျိုးတွေ မတွေ့ရ တတ်တာပါဘဲ (သေကုန်တာလည်း ဖြစ်နိုင်ပါတယ်)။ နားထိုင်းတဲ့ ဆလုံတွေတော့ အင်မတန်များပါတယ် (မကြားချင်ယောင် ဆောင်နေတာမျိုးလည်း ဖြစ်နိုင်တာဘဲ)။ ပြီးတော့ ဆလုံတွေဟာ အာဖရိကကလူရိုင်း တွေ အင်ဒီးယန်းတွေလို ကိုယ်ကိုဆီလူးတာမျိုး လုပ်လေ့မရှိကြဘူး။

““သေချင်ရင် လှဲသေလိုက်တာပါဘဲ”” ဆိုတာ ဆလုံတွေကိုပြောတာနဲ့တူပါတယ်။ အိပ်ယာထ အကြာကြီး လဲပြီးမှသေတဲ့ ဆလုံအတော်ရှားပါတယ်။ သေခါးနီးအထိ လှုပ်ရှားနေကြတာဘဲ။ သူတို့ရဲ့ ပျမ်းမျှသက်တမ်းဘယ်လောက်ရှိမလဲ ဆိုတာကလည်း ခန့်မှန်းဖို့အတော်ခက်ပါတယ်။ အသက် ၄၅-၅၀ ဆို မျက်နှာအရေပြားက အရမ်းတွန့်နေပြီ (နေဒဏ်၊ ရေဒဏ် နဲ့ လေဒဏ်ကို တချိန်လုံးခံနေရတာမို့) ဆိုတာ့ကာ သူတို့ရဲ့ သက်တမ်းကိုမှန်းဖို့ခက်တာပေါ့။

ပြီးတော့ သူတို့မှာ ရေတွက်တဲ့စနစ်မရှိတော့ အသက်ဘယ်လောက်လည်းဆိုရင် ၁၀နှစ်သားလောက် ကောင်လေးက ၁၀၀လို့ ဖြေချင်ဖြေပြီး ပါးရေနားရေတွန့်နေတဲ့ အဖွားကြီးက ၃နှစ်လို့ ပြောချင်ပြောတတ်တာမျိုး။ တခါက ညောင်ဝီးအုပ်စုမှာ အဖွားကြီးတစ်ယောက်က ဂျပန်ခေတ်ကို မှီတယ်လို့ ပြောပါတယ်။ သက်သေအနေနဲ့ ကျွဲညီနောင်ကပစ်တဲ့ ကျည်မှန်ထားတာဆိုတဲ့ ခြေသလုံးက အချိုက်ကို ပြပေးပါတယ် ဖြစ်လည်းဖြစ်နိုင်တာဘဲ။


သေရင် သရဏဂုံတင်တာမျိုး Funeral Service လုပ်တာမျိုးမရှိပါဘူး။ သူရဲတို့ ၀ိဉာဏ်တို့ တစ္ဆေတို့ကို အရမ်းယုံတာမို့ ရေမရှိတဲ့ သူတို့သွားလေ့မရှိတဲ့ ကျွန်းတစ်ကျွန်းဆီသွားပြီး မြုတ်လိုက်တာဘဲ။ အရင်က ကမ်းရိုးတန်းဘက်ကိုသွားပြီး ရေချိုရေငံစပ် မိချောင်ပေါတဲ့အရပ်မှာ စင်နိပ်နိပ်ထိုးပြီး အလောင်းကို ထားသတဲ့ မိချောင်းစာပေါ့၊ နောက်ကြတော့လည်း ဒီအတိုင်းဘဲ သဲမှာတူးပြီးမြုတ်လိုက်ကြပါတယ်။

အချို့ကလည်း မြန်မာတွေရဲ့လုပ်ပုံကိုင်ပုံကို ကြည့်ပြီး ဖျာလိပ်နဲ့ပတ်မြုတ်တာ၊ လှေငယ်လေးထဲ ထည့်ပြီးမြုတ်တာ တွေလည်းရှိကြပါတယ်။ ဘယ်လိုဘဲ မြုတ်မြုတ် ကျွန်းတွေပေါ်မှာ ကြီးချင်တိုင်းကြီးနေတဲ့ ဖွတ်တွေ့ရဲ့ အစာဖြစ်တာပါဘဲ။ အဲဒီမှာ တစ်ခုထူးဆန်းတာက ဆလုံတွေက ဖွတ်သားမစားဘူး၊ လိပ်ဥမတူးဘူး။


မြုပ်တဲ့နေရာမှာ ဆလုံတစ်စုနဲ့တစ်စု မတူဘူး၊ အချို့က သေသူပိုင်ဆိုင်တဲ့ ပစ္စည်းတွေထည့်မြုတ်ပေးကြတယ်၊ အချို့က ဒီအတိုင်းဘဲ ဘာမှမထည့်မြုတ်ဘူး။ (ဆရာမမိချမ်းဝေရဲ့ လှိုင်း၂ထပ်ပင်လယ်ထဲမှာ သေသူရဲ့ ငယ်ကျိုးငယ်နာနဲ့ ညှင်းပန်းနှိပ်စက် ခဲ့တာတွေကို ကျန်ရစ်သူ ဇနီး-ခင်ပွန်းက ထုတ်ဖေါ်ပြောဆိုပြီး ပက်ပက်စက်စက် ဆဲရတယ်လို့ ရေးထားပါတယ်၊ ဟုတ်မဟုတ်မသိ)

ဆလုံအုပ်စုတူမတူဆိုတာကို တနှစ်တစ်ခါလုပ်တဲ့ သင်္ချိုင်းသွားပြီး နတ်ကတဲ့အခါ ခွဲခြားနိုင်ပါတယ်။ ကိုယ့်အုပ်စုမဟုတ်တဲ့ သင်္ချိုင်းကို ဆလုံတွေ မသွားပါဘူး။ တရုတ်တွေရဲ့ သင်္ချိုင်းရှင်းတဲ့ အလေ့နဲ့ဆင်ပေမဲ့ ဆလုံတွေက သွားပြီးမူမူးနဲ့ ညောင်တိညောင်တာ အော်ပြီး ဒန်အိုးတွေတီးပြီး ကတာများပါတယ်။

ကိုမော်ကင်း

(မြန်မာပြည်က ထူးထူးဆန်းဆန်းနေထိုင်တတ်တဲ့ လူမျိုးစုတခုအကြောင်းလေးပါ။ ဒီလူမျိုးတွေကတော့ ပင်လယ်ပျော်တွေလို့ လူတိုင်း သမုတ် ကြတဲ့ ဆလုံလူမျိုးပဲ ဖြစ်ပါတယ်။
ဆလုံလူမျိုးတွေရဲ့ အကြောင်းကို မြန်မာမျှားနတ်မောင်ဖော်ရမ်မှ ကိုမော်ကင်း လေးက စိတ်ဝင်စားဖွယ် ရေးသားဖော်ကျူးထားပြီး ဖော်ရမ်မှာ တင်ပြခဲ့တာကို သုတအနေနဲ့ ပြန်လည်ဖေါ်ပြတင်ဆက်ပါတယ်။)