Wednesday, May 30, 2012

ပျောက်သောသူအား ရှာဖွေခြင်း


ကိုယ့်ကိုယ်ကိုယ် ရှာဖွေတယ်၊ ငါ့ကိုယ်ငါတောင် ရှာမတွေ့သေးဘူး စတဲ့ အပြောမျိုးကို ကဗျာတွေ၊ စာတွေထဲမှာ မကြာခဏ တွေ့ရတတ်တယ်။ ယုတ်စွအဆုံး ခပ်ညံ့ညံ့ ရုပ်ရှင်ထဲက ခပ်ချာချာ သရုပ်ဆောင်တစ်ဦး ပြောတဲ့ ဒိုင်ယာလော့ အဖြစ်လည်း ကြားရနိုင်တယ်။ ဒီလိုပဲ ဂမ္ဘီရ၀တ္ထုတွေထဲက ဘိုးတော်ကြီးတစ်ဦး မိန့်ကြားတဲ့ နက်နဲလှတဲ့ စကားတစ်ခွန်းလည်း ဖြစ်နေနိုင်တယ်။

ဟုတ်ပြီ၊ ကိုယ့်ကိုယ်ကိုယ် ရှာဖွေတယ်ဆိုတာ ဘယ်လိုများလဲ။ တွေ့ရော တွေ့ကြရဲ့လား။ ဘယ်လိုတွေ့နိုင်သလဲ။ ကိုယ့်ဓာတ်ပုံတွေ ကိုယ်ပြန် ထုတ်ကြည့်ရမှာလား။ မှန်ကြည့်ရမှာလား။ ရှာမယ်ဆိုရင်ရော ဘယ်နေရာမှာ သွားရှာမလဲ။ ဟိမ၀န္တာတောထဲက မျောက်အုပ်ထဲ လိုက်ရှာမလား။ အန္တာတိတ်က ပင်ဂွင်းငှက်အုပ်ထဲ သွားရှာမလား။ လူတွေမသေကြတော့လို့ (သေခဲလာလို့) အစာရှားပါးငတ်မွတ်ပြီး မျိုးတုံးရတော့မယ့် လက်ကျန် လဒမျိုးစိတ်ထဲမှာ သွားရှာမလား။

နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ရှာမတွေ့တဲ့အဆုံး၊ မိမိဘာသာ မရှာတော့ဘဲ တခြားလူတစ်ယောက်ကို ရှာခိုင်းလိုက်ရင်ရော အဆင်မပြေနိုင်ဘူးလား။ တခြားလူတောင် ကိုယ်နဲ့မျက်နှာချင်းဆိုင်က လူကို ရှာခိုင်းလိုက်ရင် ချက်ချင်းမတွေ့နိုင်ပေဘူးလား။ ဒီလိုတွေ တွေးမိပြန်တော့ ကိုယ့်ကိုယ်ကိုယ် ရှာတယ်ဆိုတဲ့ကိစ္စဟာ နှယ်နှယ်ရရ မဟုတ်တော့ဘူး။ မေးခွန်းတွေများလာတယ်။ စဉ်းစားစရာတွေ ထပ်ပွားလာတယ်။ အသေအချာ ကိုင်တွယ်ဖြေရှင်းရတော့မယ့် ပြဿနာ ဖြစ်လာတယ်။

စဉ်းစားရင်းနဲ့ လိုချင်တဲ့အဖြေမရဘဲ မေးခွန်းတွေသာ နင်းကြမ်းဖြစ်လာတော့ အသာလေး ရပ်လိုက်ရတယ်။ ဒီလို စဉ်းစားနေလို့ မဖြစ်သေးဘူး။ အဖြောင့်တွေးနည်း၊ အကောက်တွေးနည်း (Straight & Crooked Thinking) ထဲက အဖြောင့်တွေးလို့ နေရာမကျတော့ အကောက်တွေးကြည့်ဖို့ ကြံစည်ရပြန်တယ်။

ကိုယ့်ကိုယ်ကိုယ်ရှာတယ်ဆိုတဲ့ စကားကို ပြောသူက ရိုးရိုးသားသား ပြောလိုက်တာမျိုးမှ ဟုတ်ရဲ့လား။ စကားဝှက်နဲ့ ပြောလိုက်တာ ဖြစ်နေမလား။ လေးနက်ပြီး ပညာသားပါပါ ပြောလိုက်တဲ့၊ Figurative အသုံးကို ကိုယ်က ခပ်တုံးတုံးစဉ်းစားနေလို့ ဘယ်ဖြစ်ပါ့မလဲ။ စကားရဲ့ အတိမ်အနက်ကို ထိမ်ဝှက်ထားတာမျိုး ဖြစ်နေနိုင်တယ်။ မိမိရဲ့ `အတ္တ´ (Self) ကို ရှာစေချင်တာ ဖြစ်ချင်ဖြစ်မယ်။

ဒါဆိုရင်တော့ ဘာများဆန်းလို့လဲ။ ဒေးကားတောင် တွေ့ပြီးမှ ကိုယ်က အခုမှ ဘာလို့ အသစ်လုပ်ပြီး ရှာနေတော့မလဲ။ ဖြစ်,ပျက်ကို ရှုခိုင်းတာများ ဖြစ်နေမလား။ ကိုယ့်မှာက ပါရမီအတော်လေး အားနည်းတယ်။ တက်ကျမ်းတွေ၊ ဖြတ်လမ်းတွေထဲကလို ကိုယ့်ရဲ့ `ဇ´ ကို သိအောင်လုပ်ခိုင်းတာလား။ သူများထက်ပိုပြီး အရက်အမူးဒဏ် ခံနိုင်တာကလွဲလို့ ပြောပလောက်စရာ ဇ,က မရှိဘူး။ ဒီလိုဆိုရင်လည်း ကိုယ့်ဇ,ကို ကိုယ်ရှာတွေ့၊ တစ်နည်း ကိုယ့်ကိုယ်ကိုယ်ရှာတွေ့ပြီဆိုရင် အရက်ထိုင်သောက်နေဖို့ပဲ ကျန်တော့တယ်။ ရှေ့ဆက် ယစ်ထုပ်လုပ်ဖို့ပဲ ကျန်တော့တယ်။ နိုင်ငံကျော်အရက်သမား ဆိုရင်လည်း သိပ်ပြီး နားထောင်မကောင်းလှဘူး။ ဒါ လက်ခမောင်းခတ်စရာ ကိစ္စမဟုတ်ဘူး။ ဒါလည်း မဖြစ်နိုင်သေးပါဘူး။ ၀ါသနာတို့ ပါရမီတို့ ဆိုတာတွေရော။ ပြီးတော့ ဘ၀မှာ လိုချင်တဲ့အရာ။

မိန်းမ,ရချင်တာ၊ အရပ်ရှည်ချင်တာ၊ Mark Dacascos လို ကိုယ်ခန္ဓာမျိုး ဖြစ်ချင်တာ၊ ချင်တာ.. ချင်တာ… တွေကတော့ ဘ၀မှာ အများကြီးပဲ။ ဒါတွေက ဆန္ဒတွေပဲ ရှိသေးတယ်။ ဘ၀ရည်ရွယ်ချက် မဟုတ်သေးဘူး။ ဘ၀ရည်ရွယ်ချက်ဆိုတာက ဘာလဲ။ နေလာခဲ့တာ သုံးပုံတစ်ပုံကျိုးတဲ့အထိ ဘာအတွက်နေနေလဲဆိုတာကို မသိသေးဘူး။ သိလာမယ့် အလားအလာလည်း မမြင်ဘူး။

ဆရာသမားတွေ မေးခိုင်းတဲ့မေးခွန်းမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တယ်။ ငတ်ဖို့ နေနေတာလား၊ နေဖို့ ငတ်နေတာလား။ အဖြေမပေါ်ဘူး။ ဘောလုံးစကားနဲ့ပြောရရင် ဂိုးပေါက်ပျောက်နေတယ်ပဲ ဆိုရမယ်။ ကွင်းထဲ မယောင်မလည်သာ လုပ်နေတယ် ဘောလုံးကိုလည်း လိုက်မလု၊ မတော်တဆ ကိုယ့်ဆီ ဘောလုံးရောက်လာရင်လည်း ဘယ်ကို ဆွဲပြေးရမှန်းမသိဘူး။ ဒါကို မကျေနပ်ဘူးလား ဆိုတော့လည်း မဟုတ်ဘူး။ အသားကျနေပြီလို့တောင် ဆိုရမယ်။ ဒီတိုင်းပဲ နေချင်တော့တယ်။

ကိုယ့်ကိုယ်ကိုယ်ရှာဆိုတာ ဘ၀ရည်မှန်းချက်ကို ရှာခိုင်းတာ ဆိုရင်တော့ မရှာတော့ဘူး။ ရှာခိုင်းတဲ့လူလည်း အတော် တုံးလို့ပဲ ဖြစ်မယ်ထင်တယ်။ တကယ်တော့ လူတွေအားလုံးမှာ မိန်းမ(ယောက်ျား) ရချင်တာ၊ အရပ်ရှည်ချင်တာလိုမျိုး ဆန္ဒတွေသာ ရှိကြတာ၊ ရည်မှန်းချက်ဆိုတာမျိုးက ရေရာလှတာမဟုတ်ဘူး။ ဥပမာ ငါ တစ်ချိန်ကျရင် ဂတ်စ်မီးခြစ် ဂတ်စ်ဖြည့်တဲ့ပညာမှာ ဆရာတစ်ဆူ ဖြစ်စေရမယ်လို့ ရည်ရွယ်ခဲ့ပေမယ့် တကယ်ဖြစ်လာတဲ့အချိန်ကျတော့ ဘာမှ မဟုတ်တော့ပြန်ဘူး။ ဖိနပ်ချုပ်သင်ခဲ့ရင်ကောင်းသား ဆိုတာမျိုးတွေးမိတတ်ပြန်တယ်။ ဒါမှမဟုတ် ထီးပြင်တဲ့ပညာကို တတ်ချင်လာပြန်တယ်။ လမ်းကြိုလမ်းကြား လျှောက်ပြီး ဂတ်စ်ဖြည့်ခဲ့ရတဲ့အချိန်တွေကို နှမြောမိလာတယ်။ တကယ်တော့လည်း သူလိုကိုယ်လို ဂတ်စ်မီးခြစ်ကျွမ်းကျင်တွေ အများကြီးဆိုတာ သိလာရတယ်။ ကိုယ်ဟာ Special One မဟုတ်ဘူး။

ဆန္ဒပြည့်ခြင်းလိုမျိုး အရပ်ခြောက်ပေပြည့်သွားလို့ ကျေနပ်မှုရရင်ရမယ်၊ ရည်မှန်းချက်ဆိုတာက ပြည့်နိုင်တာမျိုး (Fulfill) မဟုတ်ဘူး။ မပြည့်နိုင်တာကို ဖြည့်ဖို့ ကြိုးစားပြီး ရည်မှန်းချက်ရဲ့ `ကျွန်´ အဖြစ်ခံမနေသင့်တော့ဘူး ထင်တယ်။ ရည်မှန်းချက်ဆိုတာမျိုးက ချမှတ်သင့်တဲ့ အရာမျိုးမဟုတ်ဘူး။ အညှောင့်ကလေး ထွက်လာရင်တောင် စောစောထဲကကြို ရိုက်သတ်ထားသင့်တာမျိုးပဲ။ ဆန္ဒရှိတာ၊ မျှော်လင့်တာလောက်ပဲ ကောင်းတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ရှာခိုင်းတာဟာ ကိုယ့်ရည်မှန်းချက်ဆိုရင်တော့ ချောက်တွန်းတာ သက်သက်ပဲလို့ တွေးမိတယ်။

ကိုယ့်ကိုယ်ကိုယ် ရှာဖွေတဲ့အကြောင်းကို အဖြောင့်တွေးနည်းနဲ့ အဆင်မပြေလို့၊ အကောက်တွေးနည်းပြောင်း စဉ်းစားပြန်တော့လည်း ရွာလည်နေဆဲပဲ။ ဖြန့်ထွက်တွေးနည်း၊ ကန့်သတ်တွေးနည်း၊ ခမောက်ခြောက်လုံး စဉ်းစားနည်း၊ ဒါတွေကုန်သွားတဲ့အထိ တွေးပေမဲ့ ကျေနပ်စရာ အဖြေတစ်ခုကို မရခဲ့ဘူး။

ခုံဖိနပ်ခြောက်စုံ လုပ်ဆောင်ပုံအထိကို မရောက်တော့ဘူး။ တော်တော်နက်နဲတဲ့ ပညာရှိစကားပေပဲ။ တွေးရလွန်းလို့ ဦးနှောက်ဟာ အတော်လေး ညောင်းသွားတယ်။ သူ့ကို အနားပေးမှ ဖြစ်တော့မယ်။ မျက်စိတွေကို မှိတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ တစ်စုံတရာကို အလန့်တကြား မြင်လိုက်ရတယ်။

ပထမ အံ့သြသွားတယ်။ နောက်တော့ ၀မ်းသာသွားတယ်။ ဟုတ်တယ်။ မျက်စိမှိတ်လိုက် ချိန်ကျမှ မြင်လာရတာ။ မျက်လုံးကြီး ပြူးနေတဲ့ တစ်လျှောက်လုံး လုံးဝ သတိမထားမိခဲ့ဘူး။ တူတူပုန်းတမ်းကစားနေတဲ့ `ကျွန်တော်´ (သို့မဟုတ် `ငါ´) ဟာ လတ်စသတ်တော့ မျက်ခွံနောက်မှာ ပုန်းနေတာကိုး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့လိုက်ရတယ်။

ဒီကောင့်ကို မတော်တဆ လက်ရဖမ်းမိပြီးမှ ဆင်ခြင်တုံတရားက သူ့ကြောင့် ရှာတွေ့တာလိုလို ဟိုဟိုဒီဒီ ဆင်ခြေတွေ လျှောက်ပေးတော့တယ်။ ကိုယ့်ကိုယ်ကိုယ်ရှာတယ်ဆိုတာက ပြင်ပမှာ ရှာရမှာမျိုး မဟုတ်ဘူး။ အတွင်းမှာပဲ ရှာရမယ်ဆိုတာ ရှင်းတယ်။ အတွင်းမှာဆိုရင် ခြေဖျားမှာ မရှိနိုင်ဘူး။ ဒူးခေါင်းချွန်ချွန်မှာ မရှိနိုင်ဘူး။ လက်ဖ၀ါးပြားပြားမှာ မရှိနိုင်ဘူး။ ခြေသည်းလက်သည်းတွေမှာဆို ဝေးရော။ ဆံပင်ကျဲကျဲမှာ မရှိတာ သေချာတယ်။

နှလုံးသားဆိုတာကလည်း ပရမ်းပတာနိုင်လှတဲ့ ကိရိယာကြီးပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ရှာချင်ရင် ကိုယ့်အတွေး၊ ဒါမှမဟုတ် အတွေးတွေ ထုတ်လုပ်တဲ့ ဦးနှောက်မှာပဲ ရှိနိုင်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မျက်ခွံနောက်မှာ ရှာတွေ့လိုက်ရတာပေါ့။ ဒီလိုတွေပြောပြီး ဆင်ခြင်တုံတရားဆိုတဲ့အကောင်က ပဏာဝင်ယူနေသေးတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ရှာဖွေတွေ့ရှိခဲ့တာ မတော်တဆမျှသာပဲ။ ကိုယ်တော်ချောက ဒီမှာ အမြဲရှိနေခဲ့တာကိုး။

မျက်စိမှိတ်လိုက်လို့ ဖျပ်ခနဲ မှောင်သွားတဲ့ခဏတိုင်းမှာ ကျွန်တော်ဟာ ဘွားခနဲပေါ်လာတယ်။ ဗဟိဒ္ဓလောကကြီးအား ကန့်လန်ကာချထားတဲ့ခဏမှာသာ ကျွန်တော့်ကိုယ်ကျွန်တော် မြင်ရတယ်။ ဟုတ်တယ်။ မျက်ခွံရဲ့ နောက်ကွယ်က အမှောင်မဲ အနက်ရှိုင်းဆုံး တစ်နေရာမှာ လုံခြုံစွာ ပုန်းကွယ်နေတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်ဖမ်းမိခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်တွေ့သွားရင် လူပေါင်းမှားပြီဆိုတာကိုတော့ ထည့်မတွေးဖြစ်လိုက်တော့ဘူး။

တေဇာ (လရောင်လမ်း)
မေတ္တာဖြင့် …


မေတ္တာဆိုတာ မိတ်ဆွေသဘော၊ မိခင်သဘောဖြစ်ပါတယ်။ သတ္တ၀ါအားလုံးအပေါ် ရန်သူလို သဘောမထားဘဲ မိတ်ဆွေလို သဘောထားခြင်းဟာ မေတ္တာဖြစ်ပါ တယ်။ သတ္တ၀ါအားလုံးအပေါ် ရင်ဝယ်သားလို သဘောထားခြင်း သနားချစ်ခင်ခြင်း ဟာ မေတ္တာ ဖြစ်ပါတယ်။ သတ္တ၀ါအားလုံးအပေါ် မိတ်ဆွေလို သဘောထားနိုင်ဖို့ မိခင်လို စောင့်ရှောက်နိုင်ဖို့ မေတ္တာစိတ်ဖြစ်ရန် လိုအပ်ပါတယ်။ စစ်မှန်တဲ့ မေတ္တာစိတ် ဖြစ်စေဖို့ လေ့ကျင့်ပွားများ ယူမှ ရနိုင်ပါတယ်။

ဒါန၊ သီလ၊ ဘာဝနာမှာ ဘာဝနာ ဆိုတာ အမြင့်ဆုံးကောင်းမှု အလုပ်ဖြစ်ပါတယ်။ မေတ္တာပွားခြင်းဟာ ဘာဝနာ အလုပ် ဖြစ်ပါတယ်။ မေတ္တာဟာ ဘယ်လောက် မြင့်မြတ်သလဲဆိုရင် မေတ္တာပွားများမယ့်သူဟာ ကြိုတင်ကျင့်ဖွယ် ၁၅-ချက်ကို ဦးစွာ ပြုကျင့်အပ်ပါတယ်။ အဲဒီ ၁၅-ချက်ကတော့ …

၁) ကျင့်စွမ်းနိုင်ရမည်။
၂) ကိုယ် နှုတ် ဖြောင့်မတ်ရမည်။
၃) စိတ်နေ စိတ်ထား ကောင်းစွာဖြောင့်မတ်ရမည်။
၎) ဆိုဆုံးမ လွယ်ရမည်။
၅) စိတ်ထား နူးညံ့သိမ်မွေ့ရမည်။
၆) လွန်ကဲတက်ကြွသော မာန်မာန မရှိရာ။
၇) ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်။
၈) မွေးမြူလွယ်ရမည်။ (သူတပါး အပြုအစု မခက်စေရ)
၉) အမှုကိစ္စ နည်းပါးရမည်။ (အပိုအလုပ်တွေနည်းရမည်။)
၁၀) ၀န်ကျဉ်းပေါ့ပါးသော အသက်မွေးမှုရှိရမည်။
၁၁) ငြိမ်သက်သော ဣနြေ္ဒရှိရမည်။
၁၂) ရင့်ကျက်သော ပညာရှိရမည်။
၁၃) ကိုယ် နှုတ် နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄) ဒကာစွဲ ဆရာစွဲ လူမျိုးစွဲ ကင်းရမည်။
၁၅) ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်မှုကို စိုးစဉ်းအနည်းငယ်မျှ မပြုမကျင့်ရာ။

ပြီးမှ အခုလို မေတ္တာပို့ပါမယ်။
* ခပ်သိမ်းသော သတ္တ၀ါတွေ ချမ်းသာကြပါစေ။
* ခပ်သိမ်းသော သတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ။
* ခပ်သိမ်းသော သတ္တ၀ါတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

* တယောက်နှင့်တယောက် အမျက်ဒေါသ ကင်းကြပါစေ။
* တယောက်နှင့်တယောက် အထင်အမြင်သေးမှု ကင်းဝေးကြပါစေ။
* တယောက်နှင့်တယောက် ဒေါသဖြင့် ချုပ်ချယ်မှု ကင်းကြပါစေ။
* တယောက်နှင့်တယောက် ဆင်းရဲဒုက္ခရောက်ခြင်းကို အလိုမရှိကြ ပါစေလင့်။

မေတ္တာပို့ခြင်း၊ မေတ္တာပွားများခြင်း၊ မေတ္တာစိတ်နဲ့ နေထိုင်ခြင်းဟာ အကျိုးမမဲ့ပါဘူး။ မေတ္တာရဲ့ အကျိုး ၁၁-မျိုး ရှိပါတယ်။
၁) ချမ်းချမ်းသာသာ အိပ်ရခြင်း။
၂) ချမ်းချမ်းသာသာ နိုးရခြင်း။
၃) အိပ်မက်ကောင်း မြင်မက်ခြင်း။
၎) လူတို့ချစ်ခင်ခြင်း။
၅) နတ်တို့ချစ်ခင်ခြင်း။
၆) နတ်တို့ စောင့်ရှောက်ခြင်း။
၇) မီးဘေး-အဆိပ် လက်နက် ဘေးတို့မှ ကင်းဝေးခြင်း။
၈) စိတ်တည်ကြည်လွယ်ခြင်း။
၉) မျက်နှာအဆင်း ကြည်လင်ခြင်း။
၁၀) မတွေမဝေ ကြည်ကြည်လင်လင် သေရခြင်း။
၁၁) မဂ် ဖိုလ် မရသေးလျှင် ဗြဟ္မာ့ဘုံ၌ ဖြစ်ရခြင်း။
…… တို့ပဲ ဖြစ်ပါတယ်။

မေတ္တာစိတ်ဟာ ဘက်လိုက်ခြင်း မရှိပါဘူး။ သတ္တ၀ါ အားလုံးအပေါ် တပြေးညီ တူညီတဲ့ စိတ်ထားဖြစ်ပါတယ်။ ဆင်းရဲသူဖြစ်စေ၊ ချမ်းသာသူဖြစ်စေ၊ သူခိုး ဓါးပြ ဖြစ်စေ မေတ္တာထားသူဟာ အဲဒီအချက်တွေကို မကြည့်ပါဘူး။ သတ္တ၀ါအားလုံးကို ရည်ရွယ်လို့သာ မိမိရဲ့ မေတ္တာကို ပေးဝေငှနေမှာ ဖြစ်ပါတယ်။ (ငါ့မေတ္တာ မောင်ဖြူသာ သက်ရောက်စေ၊ မောင်မဲ မပါစေရ ဆိုရင် ဒါဟာ မေတ္တာအစစ် မဟုတ်ပါဘူး။) ဒါကြောင့် မေတ္တာစစ်ဖြင့် နေထိုင်ခြင်းကို မြတ်သောနေထိုင်ခြင်းလို့ ကျမတို့ ဗုဒ္ဓက ဟောကြားထားပါတယ်။ ကျမဟာ မေတ္တာဖြင့် နေထိုင်လိုပါတယ်။ နေထိုင်နိုင်အောင်လည်း ကြိုးစားနေပါတယ်။ အပြည့်အ၀ မနေနိုင်သေးသည့်တိုင် တတ်နိုင်သမျှ အားလုံးအပေါ် မေတ္တာ ပျက်ယွင်းခြင်း မရှိအောင် ကြိုးစား ကျင့်ဆောင်နေသူ ဖြစ်တဲ့အတွက် “မေတ္တာဖြင့်” ဆိုတဲ့ စကားလုံးကို သုံးစွဲရခြင်း ဖြစ်ပါတယ်။

မေတ္တာဆိုတာ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးရယူလိုသူတိုင်းဟာ မေတ္တာကို မပစ်ပယ် ကောင်းပါဘူး။ မေတ္တာကို အထင်မသေးကောင်းပါဘူး။ မေတ္တာကို မနှိမ့်ချကောင်းပါဘူး။ မာနဆိုတဲ့ မာန်တက်ကြွ ထောင်လွှားနေသူတွေအဖို့ကတော့ မေတ္တာစိတ်နဲ့ အလွန် အလှမ်းဝေးနေမှာပါပဲ။ တကယ်တော့ မေတ္တာတရားနဲ့ ပတ်သက်လို့ ကျမရေးချင်တာတွေ အများကြီး ရှိပါသေးတယ်။ အကြောင်းအရာ ရှည်လျားရင်ဖြင့် ဖတ်သူတွေငြီးငွေ့မှာ စိုးတဲ့အတွက် “မေတ္တာငြိမ်းချမ်းရေး” ဆောင်ပုဒ်ကလေးနဲ့ ကျမရဲ့ စာကို ခေတ္တ ရပ်နားလိုက်ပါတယ်။ အလျဉ်းသင့်ရင် ထပ်ရေးပါဦးမယ်ရှင်။

“မေတ္တာငြိမ်းချမ်းရေး”

မေတ္တာလမ်းကြောင်း၊ ဖော်ထုတ်ဆောင်းအံ့
ကောင်းလည်းကောင်းလျှောက်၊ ချီးမြှောက်မြတ်နိုး
ဆိုးလည်းမပစ်၊ အချစ်မတုံး
အမုန်းဖြေလွှတ်၊ မေတ္တာဝတ်ဖြင့်
မချွတ်တစေ … ကျင့်တတ်စေ …
မေတ္တာရှေ့ပြေး … ငြိမ်းချမ်းရေး။ … ။

မေတ္တာခြုံ၍ လုံကြပါစေ …
မေတ္တာဆောင်၍ အောင်ကြပါစေ …
မေတ္တာထားကြပါစို့ … မေတ္တာပွားကြပါစို့ …

မေတ္တာဖြင့် …

မေဓာဝီ

Tuesday, May 29, 2012

“မဇ္ဇျိမပဋိပဒါ”


သမိုင်းတင်ခေတ်၏ အစဖြစ်သော ဘီစီ ၅ဝဝဝ အနီးဆုံးထား၍ ခြေရာကောက်
ကြည့်လျှင် လူ့သမိုင်း၏ သက်တမ်းသည် နှစ်ပေါင်း ၅ဝဝဝ ကျော်ခဲ့ပြီဖြစ်သည်။
ထိုကာလများအတွင်းတွင် လူသား၏ အသိပညာသည် နယ်ပယ်အမျိုးမျိုးတွင် အံ့မခန်း
တိုးတက်လာနေသည်သာဖြစ်သည်။

ထိုသို့ အသိပညာများ တိုးတက်လာသည်နှင့် အမျှ လူသား၏ အသိအမြင် (သိမြင်မှု) များသည်
လူ့အဖွဲ့အစည်း အမျိုးမျိုးနှင့်ထပ်တူဖြစ်ပေါ်တိုးတက် လာခဲ့သည်။
လူပုဂ္ဂိုလ်တစ်ဦး (သို့) လူပုဂ္ဂိုလ်အချို့ ကို ကိုယ်စားပြုသော မည်သို့သော တွေးခေါ် မှုစနစ်နှင့်
မည်သို့သော တွေးခေါ်နည်း တွင်မဆိုထိုပုဂ္ဂိုလ်အစုများ အသက်ရှင်နေရ သော
ခေတ်ပြိုင် ကုန်ထုတ်စနစ် တမျိုးမျိုး၏ လူမှုထုတ်ကုန် (social product)
တမျိုးထက်မပိုခဲ့ပေ။

ကုန်ထုတ်စနစ် ဆိုသည်မှာ နိုင်ငံရေး နှင့် စီးပွားရေးစနစ်ကိုပေါင်းစည်းထားခြင်းဖြစ်သည်။(Socioec
onomic, Social Product)ဟု မှတ်ယူနိုင်ပေသည်။ ယနေ့ခေတ်၏
ထူးခြားချက်များ ကို မည်သူက မည်သို့ပင်ဖွင့်ဆိုဆို လူ့အဖွဲ့အ စည်း၏
အနှစ်သာရများသည် ထိုအခြေအနေကနေ ပြောင်းလဲမသွားခဲ့ပေ။ စီးပွားရေး
စနစ် (Basic) နှင့် နိုင်ငံရေးစနစ် (Superstructure)
ညီညွတ်နေသမျှ လူ့အဖွဲ့အစည်းသည် တည်ငြိမ်တိုးတက်နေမည်သာ ဖြစ်သလို ထိုအခြေခံနှစ်ရပ် သဟဇာတ မဖြစ်သော လူ့အဖွဲ့အစည်းသည် ယိမ်ထိုးဆုတ် နေမည်သာဖြစ်သည်။

သတိပြုရန်လိုသည်မှာ လူ့အဖွဲ့အစည်းတခု အတွင်းတွင် မတူခြားနားသော လူမှု
အစုများ ဖြစ်တည်လေ့ရှိသောကြောင့် ကွဲပြားခြားနားသော သိမြင်ယုံကြည်မှု၊ ယူဆမှုများ
ဖြစ်ပေါ်တည်ရှိနေမည်မှာ သေချာလှပေသည်။ ထိုသို့သော ဖြစ်စဉ်များကြောင့်လည်း
လူ့အဖွဲ့အစည်းအတွင်းတွင် ပဋိပက္ခဖြစ်မှုများ၊ ဝိရောဓိများ၊ တခုကိုတခုက တွန်းဖယ်မှုများ၊
သမူဟဖြစ်မှုများ၊ သဟဇာတဖြစ်မှုများ ဖြစ်ပေါ်ခဲ့သည်သာဖြစ်သည်။

သေချာသည်မှာလူ့အဖွဲ့အစည်း ကို အကျိုးပြုခြင်းမရှိသော အယူဝါဒ၊ သိမြင်ယုံကြည်မှုနှင့်
ကျင့်သုံးမှုများနေရာတွင် လူ့အဖွဲ့ အစည်း၏ တိုးတက်မှု(အကျိုးကို) ကိုယ်စားပြုသော
အယူဝါဒ၊ သိမြင်ယုံကြည်မှု နှင့် ကျင့်သုံးမှုများသည် ရှင်သန်ရပ်တည်၍
ဝင်ရောက်နေရာယူနိုင်ခဲ့သည်သာဖြစ်သည်။

ယနေ့ ကမBာတွင်ရှိသော ခေတ်သစ်လူ့အဖွဲ့အစည်းတိုင်းသည် လစ်ဘရယ်
ဒီမိုကရေစီကို ကျင့်သုံးနေကြသည်ဟု ဆိုကြရမှာဖြစ်သည်။ ထိုကြောင့် လစ်ဘရယ် ဒီမိုကရေစီ
သည် လူ့အဖွဲ့အစည်းတိုင်းအတွက်(Universal) ဖြစ်၍နေပေသည်။ ထို့အပြင်
သဘောတရား၊ အယူဝါဒ တခုခုကို လက်ခံကျင့်သုံးရာတွင် တိမ်းစောင်းမှု
နှစ်ခုရှိတတ်ပေသည်။

တခုမှာ ကိုယ့် ပကတိ အခြေအနေကို မျက်ကွယ်ပြုပြီး ပုံတူကူးချကာ
(Tranplant) လုပ်တာမျိုးဖြစ်၍ အခြားအစွန်းတခုသည် ဥခွံထဲကနေမထွက်ပဲ
ဝါးလုံးခေါင်းထဲတွင် လသာတာမျိုးဖြစ်သည်။

ပထမအစွန်းတခုသည် ပကတိလက်တွေ့ကို ပြစ်ပယ်တာမျိုးဖြစ်ပြီး နောက်အစွန်းတခုသည်
အခြေခံ အယူအဆ (Theory in general) ကိုပြစ်ပယ်ခြင်းဖြစ်သည်။

ဗုဒ္ဓဘုရားရှင် လက်ထက်တွင် အစွန်းနှစ်ပါးအကြောင်းနှင့် ပတ်သက်၍ လက်ဝဲစွန်း၊
လက်ယာစွန်း အလွန်အကျွံဖြစ်ခြင်းကို ပညာဖြင့်ထိမ်းသိမ်းနိုင်ရန်အတွက်
ဗုဒ္ဓကအသိပေးခဲ့ခြင်း ရှိခဲ့သည်။

ထိုအစွန်းနှစ်ပါးအပြင် အလယ်စွန်းရှိသည် ဆိုသောအခါ
အံ့သြခဲ့ကြရသည်။ ဗုဒ္ဓ၏ အဆိုအရ အလယ်တွင် အစွန်းတပါး ရှိနေသေးသည်။
ထိုအစွန်းသည် သိမ်မွေ့နက်နဲ၍ အလွယ် တကူမမြင်နိုင်သောကြောင့် မတွေ့ကြ၊ မသိကြ၊
မမြင်နိုင်ကြခြင်းဖြစ်သည်။ ယေဘူယျအားဖြင့် လက်ဝဲစွန်း၊ လက်ယာစွန်း အစွန်းနှစ်ပါးသည်
သိသာလွယ်သည်။

ဗုဒ္ဓက မဇ္ဇျိမပဋိပဒါ ကိုဟောကြားခဲ့သည်။ မဇ္ဇျိမပဋိပဒါ ၏အနက်မှာ “အလယ်အ
လတ်”သာဖြစ်၍ “အလယ်တည့်တည့်” ဟူ၍ ထင်မှတ်မှားလွယ်ကြသည်။ ဗုဒ္ဓ၏လမ်းစဉ်ကို
ခေတ်အရေးဖြင့် ရေးပါက ဥာဏ်လမ်းစဉ်သာဖြစ်ပြီး ဗုဒ္ဓကိုယ်တိုင်ပင် ဥာဏ်လမ်းစဉ်ဖြင့် ဗုဒ္ဓအဖြစ် ရောက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင်ပင်လျှင် ဗုဒ္ဓက မည်သို့သော
လုပ်ကိုင်ဆောင်ရွက် မှုမျိုးမဆို ဥာဏ်အရာကိုသုံးစေလိုသည်။ အသိမဲ့သောကြောင့်
လက်ဝဲစွန်းလက်ယာစွန်းတို့ကို လွယ်ကူစွာ ရောက်ရှိနိုင်ကြသည်။

“ မဇ္ဇျိမပဋိပဒါ ” သည် “အလယ်အလတ်”လမ်းစဉ်သာဖြစ်ပြီး “အလယ်တည့်တည့်” ဟူ၍ ချိန်ခွင်လျှာရှိသည့် လမ်းစဉ်မျိုးမဟုတ်ပေ။ “အလယ်တည့်တည့်”ဟု
တသမတ် အယူအဆ ရှိသူတို့သည် ဥာဏ်အရာကိုကောင်းစွာ မသုံးရာကျသည်။
ဗုဒ္ဓက ထိုအဖြစ်မျိုးကို လက်မခံနိုင်။

“ချင့်ချိန်၊ နှိုင်းဆ၊ သဟဇာတ ဖြစ်မှု”ကိုသာ အသိဖြင့် ဆုံးဖြတ်စေလိုခြင်းသာဖြစ်သည်။

လုယက်ခိုးဆိုးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူတဦးသည် “တဝက်လျှော့” စနစ်
တ၀က်လောက်သာ ခိုးတော့မည်ဟု ကျင့်သုံးပါက ကောင်းမွန်သော်လည်း မှန်သည်မဟုတ်ပေ။
ကံငါးပါးကိုရှောင်လို၍ဒုစရိုက် သဘောကို ကောင်းစွာသိရှိလျှင် လုံးဝရှောင်ကျဉ်
ရန်သာဖြစ်သည်။

ဤသို့သောအခြေအနေတွင် “မဇ္ဇျိမပဋိပဒါ ” ၏ အလယ်စွန်းသည် အလယ်တည့်တည့်၌ ရှိမနေပေ။ အခြားတဖက်ဖြစ်သော အစွန်းနှင့် ကပ်လျှက်ရှိနေ၏။ထို့ကြောင့်ပင် အလယ်စွန်းဟု ပြော၏။
အလယ်မှတ်နေရာသည် အလယ်တွင်မရှိ တခြားအစွန်းတဘက်တွင် ရှိနေသည်ကို ဆိုလိုခြင်းဖြစ်သည်။

အခြေအနေဖြစ်ရပ်တို့ ပေါ်တွင်မူတည်၍ “မဇ္ဇျိမပဋိပဒါ”အလယ်အလတ်
လမ်းစဉ်သည် နှစ်ဖက်စွန်းကြား သင့်လျှော် ရာနေရာတွင် ရှိနေနိုင်ပါသည်။
ကျင့်သုံးသူ၏ ဥာဏ်အမြော်အမြင်၊ ပညာပေါ်တွင်မူတည်၍ “အမှတ်မှန်”ကို ရရှိနိုင်ပေသည်။

သတ္တလောကကြီး တခုလုံးတွင် “လူ”ဟူသည်သီးခြားအသိအမှတ် ပြုအပ်သော မျိုးစိတ်တခုဖြစ်သည်။
ကျန်သက်ရှိတို့ကို တိရိစ္ဆြွာန် ဟုခေါ်သည်။ တိရိစ္ဆြွာန်လောကတွင် အိပ်၊ စား၊ ကာမ ထက်ပိုသော အသိဥာဏ်ထူးမရှိသလို အင်အားကြီးသူ နိုင်စတမ်းဟူသည့် သဘာဝပေးသော အသိ
ကို ရရှိကြသူများဖြစ်သည်။

ကိုယ့်အကျိုး၊ မိသားစုအကျိုး၊ လူ့အသိုင်း အဝိုင်းအကျိုးမှသည် ကိုယ့်လူမျိုးအကျိုး၊
ကိုယ့်နိုင်ငံအကျိုးအထိတွေးတောကြံဆ ဆောင်ရွက် နိုင်သူမှာ “လူ”တမျိုးတည်းတွင်သာရှိသည်။
အခြေခံလူတို့ ခံစားကြရသော လောဘ၊ ဒေါသ၊ မောဟ တို့ကို အမှန်၊
အမှားဟု သုံးသပ်ယူဆ ထိမ်းသိမ်းနိုင်ခြင်းမှာ ပညာ သာဖြစ်သည်။ ပညာနည်းလျှင်
လောဘကြီးသည်၊ မောဟ ကိုမဖယ်ရှားနိုင်ပေ။

“မဇ္ဇျိမပဋိပဒါ” (အလယ်အလတ်လမ်းစဉ်) သည် ကာလ၊ ဒေသ၊ ပရောဂ တို့ကို
ထည့်သွင်းစဉ်းစာ၍ သင့်လျှော်ရာကို လက်ခံသည့် ပညာသာဖြစ်ပေသည်။
လူများ၊ လူမှုအစုများသည် မတူခြားနားသည့် လူမှုအဆင့်အတန်းများကို
ပိုင်ဆိုင် ရယူထားကြခြင်းကြောင့် မတူခြားနားသော တန်ဖိုးနှင့် အကျိုးစီးပွားကို
ကိုယ်စားပြုလေ့ရှိကြ သည်။

ထိုကဲ့သို့ ခြားနားသော ကိုယ်စားပြုမှုများသည်ခြားနားသောရပ်တည်မှုများကို
ဖြစ်ပေါ်စေခဲ့သလို ထိုခြားနားသည့် ရပ်တည်မှုများကလည်း ခြားနားသည့်ကျင့်သုံးမှု အမျိုးမျိုးကို ဖြစ်ပေါ်လာစေမှာဖြစ်ပေသည်။

လူ့အဖွဲ့အစည်း၏ လိုအင်ကို အကျဉ်ဆုံးချုံ့လိုက်လျှင် လူမှုဘဝ
လုံခြုံဖူလုံမှုပင်ဖြစ်သည်။ ထိုသို့ လူမှုဘဝ လုံခြုံဖူလုံမှု ရရှိစေရန် ထိုလူ့အဖွဲ့အစည်းကို
ဦးဆောင်သောသူများသည် မိမိအကျိုး၊ မိမိ မိသားစုအကျိုးထက် ကျော်လွန်၍
မိမိဦးဆောင်သော လူ့အဖွဲ့အစည်း၏အကျိုးကို ပိုမို၍ရှေ့ရှု့သင့်ပေသည်။

ထိုသို့မိမိဦးဆောင်သော လူ့အဖွဲ့အစည်း၏အကျိုး (သို့) မိမိအပါအဝင်
ဖြစ်သော လူ့အဖွဲ့အစည်း၏ အကျိုးကိုရှေရှုရာတွင် မိမိ၏အကျိုးနှင့်
မိမိ၏လူ့အဖွဲ့အစည်းအကျိုးတို့ ယှဉ် လာပါကလည်း ဗုဒ္ဓ၏ “မဇ္ဇျိမပဋိပဒါ ”လမ်းစဉ်
အရ အလယ်စွန်းတခုတွင် ရှိနေရမည်သာဖြစ်သည်။

ထိုအလယ်စွန်းသည် အစွန်းနှစ်ဖက်နှင့် အစွန်းနှစ်ဖက်ကြား
တနေရာရာသာဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟ ကိုဖယ်ခွာ၍ ပညာကို
အခြေခံမှသာ ထို အလယ်စွန်းနေရာကို သိမြင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့်လူ့အဖွဲ့အစည်း (သို့) လူမှုအဖွဲ့အစည်း၏ ကံကြမ္မာသည် ထိုအဖွဲ့အစည်းကို
ဦးဆောင်မည့် သူများ၏ ပညာအခြေခံပင်ဖြစ်သည်။
သို့ရာတွင်လည်း ဗုဒ္ဓဦးဆောင်သော လူမှုအဖွဲ့အစည်း၏ အယူဝါဒနှင့်
ဒေဝဒတ် ဦးဆောင်သော လူမှုအဖွဲ့အစည်း၏ အယူဝါဒသည် ကွဲပြားခြားနား
နေမည်သာ ဖြစ်ပေလိမ့်မည်။

တင်မြင့်မော်
source.... Alineain Magazine


(ဖတ်ဖူးခဲ့တဲ့စာလေး သတိတရရှိတာနဲ့တင်လိုက်တာပါ၊)
အတွင်း ဝင်ရုံဖြင့် အပြင် ကိုလည်း သိသည်


လူ တစ်ယောက် အတွက် မိမိ ရဲ့ အတွင်း သန္တာန် အတွင်း ဝင်ဆံ့နိုင်ဖို့သာ အဓိက ဖြစ်တယ် ။ ဒီစကားကို ကျနော် မကြာ ခဏ ပြော ပါတယ် ။ အကြောင်းက ခင်ဗျားရော ကျနော်ရော အပြင်ပ လောက အတွင်း ဖြတ်သန်း ခဲ့တာ ရှည်ကြာ လွန်း လှပြီရယ်။  ယခု အချိန် အခါ ဟာ ပထမဆုံး အကြိမ် အတွင်း ကို ပြန်လျိုး ဝင်ဖို့  ဖြစ်ပါတယ်။ မိမိ အတွင်း သန္တာန်ရဲ့ အမြိုက် အရသာကို သုံးဆောင် ကြည့်စေ ချင်တယ်။

ဘာလို့ဆို တကယ် လို့သာ ခင်ဗျား တကြိမ်တစ်ခါ သုံးဆောင် ဖူးခဲ့ရင် ပြင်ပလောကဓာတ် ဆိုတာ စင်စစ် မ ရှိကြောင်း မြင်တွေ့ ရ မှာ မို့ လို့ ပဲ။ တကယ့် အလှ အပ ကို မြင်တဲ့ အခါ ပြင်ပမှာ နကို မြင်တွေ့ခဲ့ရတဲ့ အလှအပတွေဟာ အရာ မဝင်တော့ ဘူး ရယ် ဟုတ်တယ်ဟုတ် ?  စင်စစ် လည်း ပြင်ပ လောက ရဲ့ အလှအပ လို့ ထင်မြင်သမျှ ဟာ အတွင်းသန္တာန်ရဲ့ အရိပ်ရောင် ပြန် တွေ သာ ဖြစ်နေ တာ တွေ့ရမယ်။

ဆိုပါစို့။ ခင်ဗျား လ အစစ်ကို မြင်တွေ့ခဲ့ဖူးတယ်။ ဒါဆိုရင် ကန်ရေပြင်မှာ ထင်ဟပ်နေမယ့် လရိပ် အပေါ် စိတ်အနှောင့် အယှက် ဖြစ်နေ မှာ မဟုတ်ဘူး ။ အလားတူ - ပြင်ပလောက ဟာ အတွင်းသန္တာန် ရဲ့ ရောင်ပြန်မျှ ဖြစ်တယ်။ အဲ့ဒါကို ခင်ဗျား ရဲ့ အတွင်း အဇ္ဈတ္တ ထဲ ငုံ့လျိုး ဝင်ရောက် ချိန် မှာ တွေ့တယ်။ ခင်ဗျား လျိုးဝင် သွားဖို့သာ လိုပါတယ်။ အဲ့အခါ ပြင်ပလောက အပေါ်လည်း ခင်ဗျား စိတ် အနှောင့် အယှက် ဖြစ် မနေတော့ဘူးပဲ။

ဒီ အချိန်မှာ စိတ်ကူး အတွေးတွေက ခင်ဗျားကို ပြန်ပြောနေမယ် - "ဒါလုပ်လို့ ဘာဖြစ်မှာလဲ။ ခင်ဗျား အခု ဘာလုပ် နေတာလဲ။ ခင်ဗျား တစ်ကိုယ်တည်း လမ်းကို သွားနေတာ မဟုတ်လား။ ခင်ဗျား အထီးတည်း ဖြစ်တော့ မှာပဲ။ အခြား လူတွေ ရဲ့ ဝေးရာကို ခင်ဗျား ရောက်သွားတော့မှာပဲ" စသဖြင့် ပြောနေပါမယ်။ ဒီ စိတ်ဟာ ခင်ဗျား ကို အပြင်ထွက်လာဖို့ အမျိုးမျိုး တောင်းပန် တိုးလျှိုး ပါလိမ့် မယ်။ နားထောင် မနေပါနဲ့ လို့ ပြောချင်ပါတယ် ။

ဘာလို့ ဆို သူ ပြောတဲ့ အတိုင်း တကယ် ဖြစ်လာမှာ မဟုတ်လို့ပဲ။ ခင်ဗျား လူတွေ နဲ့ ဝေးရာ ကို တကယ်  ရောက်သွားမှာ မဟုတ်ဘူးပဲ။ မိမိ ရဲ့ အစစ်အမှန် သဘာဝ ဆီ မိမိ ဘာသာ ခိုဝင်ရုံလေး ဖြစ်ပါတယ်။ မိမိ ကိုယ်ကိုယ် မိမိ အစစ် အမှန် အတိုင်း မြင်တွေ့ ရတဲ့ အခါ၊ မိမိ အဇ္ဈတ္တ နဲ့ မိမိ အပြည့် အဝ ပေါင်းစည်း နိုင်တဲ့ အခါ မှာ - ခင်ဗျားလည်း အခြားသူတွေ ကြား ရှိနေကြောင်း မိမိ ရရ တွေ့ရပါတယ်။

စင်စစ် မိမိ အစစ် အမှန် အတိုင်း ရှိမနေတဲ့ (ဝါ) မိမိရဲ့ အဇ္ဈတ္တ သရုပ်ကို အပြည့်အဝ မသိမြင်တဲ့ အခါတွေမှာ ခင်ဗျား ဆက်ဆံ ယှက်နွယ် နေ သမျှ အားလုံးဟာ အပေါ်ယံ တွေချည်း သာ ဖြစ်နေခဲ့တာ ဖြစ်ပါ တယ်။ အဖိုးမဲ့ တဲ့ အချည်းနှီး ကစားပွဲတွေ ကိုသာ ကစားနေ တာ ဖြစ်နေ တယ်။ မိမိ ဖြစ်တည်ချက် အတိုင်း အပြည့်အဝ ဖြစ်ထွန်းချိန် မှသာ တကယ့် ဆက်နွယ်မှု ပေါ်ပေါက်ပါတယ်။

ခင်ဗျား ရဲ့ ဘဝ အပေါ် အရှင်းလင်းဆုံး အမြင်နဲ့ - ဆက်ဆံ သမျှ အရာရာဟာ ခိုင်မာနေတယ်။ ခင်ဗျား အခု ဖြန့်ကားထားတဲ့ လက်အစုံ ကို ဒီထက် မက ပိုမို ဖြန့်ကျက် ထား နိုင်တယ်။ အခြားသူ တွေ အပေါ် ယခု ထက် မက ပိုမို ပွေ့ဖက် ထားနိုင်တယ်။ ခင်ဗျား ရဲ့ ခိုင်မာ ရှင်းသန့် တဲ့ မွှေးရနံ့နဲ့ ချစ်မေတ္တာ အစစ်ကို အဲ့အခါ မှာ တွေ့မြင်ရပါတယ်။ မိမိ အဇ္ဈတ္တ အပေါ် သိမြင်ရင်း လွတ်မြောက်နေ တဲ့ သူ အတွက် ချစ်ခြင်း မေတ္တာဟာ သန့်စင် လွတ်လပ် နေပါတယ်။ အတွေးနဲ့ မကြည့်ပါနဲ့။ တကယ် ဝင်ကြည့်ဖို့ လိုပါတယ်။

အဲ့ အတွက် မိမိ စိတ်ကူး အတွေးတွေနဲ့ ယှဉ်ပြိုင် မတိုက်ခိုက်ပါနဲ့။ ဒီ စိတ်ကူး အတွေးအကြံတွေ ဟာ ရှေးကျမ်းစာတွေထဲက မိစ္ဆာ နတ်ဆိုး နဲ့ တူပါတယ်။ ခင်ဗျားလည်း ဖတ်ရှုဖူးမယ်။ ယေရှုခရစ်ကို မိစ္ဆာ၊ မာရ်နတ်က အနှောက် အယှက်ပြုတယ်တဲ့။ မာရ်နတ် ဆိုတာ အခြား မဟုတ်ဘူး။ ခင်ဗျားရဲ့ လိမ်ကောက်နေတဲ့ စိတ် အတွေးသာ ဖြစ်ပါတယ်။

ဒဏ္ဍာရီ စကား ဝေါဟာရနဲ့ - ဒီ ကောက်ကျစ်တတ်တဲ့ စိတ်ကူး အကြံအစည်တွေ ဟာ မာရ်နတ်၊ နတ်ဆိုး ဖြစ် ပါတယ်။ သူက ခင်ဗျား ကို ဖြားယောင်း တယ်။ အရင်ကလည်း တိုက်တွန်း ဖြားယောင်း ခဲ့ သလို၊ အခုရော ရှေ့မှာရော သူ ရှိနေသရွေ့ ဖြားယောင်း သွေးဆောင် နေမှာ ပဲ။

"ခင်ဗျား အပြင်လောက ကို ကြည့်ပါ။  ဒါကို ဒီလို လုပ်ပါ။ ဒီလိုနေ ပါ။ ခင်ဗျား ပိုင်တဲ့ ဥစ္စာတွေ က ဒီမှာ။ ခင်ဗျား ထိုင်နေရုံ ၊ ခင်ဗျား စိတ် ကလေး တည်ငြိမ်နေရုံ နဲ့ ဘာမှ မှ အလုပ် မဖြစ်တာ"

ဒီစကား ဟာ သူ အမြဲ တစေ ပြောနေမယ့် စကား ဖြစ်ပါ တယ်။ အတွင်း သန္တာန် ထဲ ငုံလျိုး ဝင် မယ့် အကြောင်း၊ ဘာဝနာ အမှု အကြောင်း ကို စိတ်ကူး အတွေး တို့ရဲ့ လောက မှာ ဘယ်လို မှ လက်မခံ နိုင်ဘူး။  စိတ်ကူး အတွေး ရဲ့ လောကမှာ သူ့ကို သတ်ပစ် မယ့် ဘာဝနာ အတွက် နေရာ မပေးချင်ဘူး။ ဒါ သဘာဝ ကျတယ် မဟုတ်လား။

ဘာဝနာ အမှုကြောင့် တစ်ခဏတိုင်း အပေါ် ခင်ဗျား နိုးကြားနေတဲ့ အခါ၊ ဒီလို စိတ်ကူး အတွေးအကြံနဲ့ အကြောင်း ဆက် ပေါင်း ဖက် ပြဿနာ ဖြစ် ဖို့ ဆိုတာ မ လိုအပ်ကြောင်း တဖြေးဖြေး ခင်ဗျား နားလည် သွားတယ်။  မိမိ အတွင်း အဇ္ဈတ္တကို မိမိ ပြန်လည် ငုံ့လျိုး ဝင်မိပြီးတဲ့ နောက်၊ အကြောက်တရား ဆိုတာ မရှိကြောင်းလည်း မြင်နိုင်တယ်။ အဲ့ဒီ အခါ စိတ်ကူး အတွေးအတွက် လုပ် စရာ ဘာ အလုပ် မှ ရှိမနေ တော့ဘူးရယ်။ 

အရင် အချိန် မှာ ခင်ဗျားအပေါ် အရှင်သခင်ပြု ၊ စိုးမိုးခဲ့သမျှ၊  ဒီအခါ မှာ ခင်ဗျား လိုရာ သုံးနိုင်တဲ့ ကျွန် သာ ဖြစ်သွား ပါတော့တယ်။ စိတ်ကူး အတွေးအကြံ ( Mind ) ဟာ သိပ်လှပချောမောတဲ့ ကျွန် ဖြစ်ပါတယ်။ စင်စစ် အရှင် သခင် ဖြစ်နေ ချိန် မှာ သာ ခင်ဗျား ကို ကောင်းကောင်း ဒုက္ခပေးနိုင်တာ ဖြစ်တယ်။ သူ့ရဲ့ ကျွန်အဖြစ်ကို ခင်ဗျား ပုံပြောင်း ပေးနိုင်ဖို့ လိုပါတယ်။ အဲ့ဒါကို ဘာဝနာ က ဆောင်ကျဉ်း ပေးနိုင်တယ်။

Mad Man's guide to Enlightenment!
Zay Ya
ပြတင်းပေါက်



သူ့မှာ ဘာမှ ပူစရာမရှိဘူး။ သူ့အတွက် ပြတင်းပေါက်တစ်ခု ရှိနေတယ်။ ပြတင်းပေါက်ဟာ သူ့ဘ၀ပဲ။ သူနေတဲ့အိမ်ကြီးကို `ဂန္ထ၀င်စံအိမ်´ လို့ ခေါ်တယ်။ `ဂန္ထ၀င်´ ဆိုတာ အတွေးသက်သက်ထဲမှာပဲ ရှိတယ်လို သဘောထားသလား မသိဘူး။ ဘာလို့ အဲဒီလိုခေါ်သလဲ ဆိုတာကိုတော့၊ ဒီအိမ်ကြီးကို ဆောက်ခဲ့တဲ့သူ ဘိုးအေကြီးကို သွားမေးမှပဲ။ သူ့ဘိုးအေကြီး သေတာက ကြာပြီ။

အိမ်ကြီးဆောက်ထားတဲ့ ခြံဝင်းထောင့်က ဘုန်းကြီးကျောင်းနဲ့ဆက်နေတဲ့ မြေပေါ်မှာ သင်္ချိုင်းကလေးရှိတယ်။ သင်္ချိုင်းဆိုတာက အသက်ရှိတဲ့လူတွေနဲ့၊ အသက်မရှိတော့တဲ့လူတွေ ဆုံတဲ့ ရပ်ဝန်းပဲ။ အသက်ရှိနေသေးတဲ့လူတွေအကြားက အသက်မရှိတော့တဲ့လူတွေ နေတဲ့နေရာ။ `ဂန္ထ၀င်´ လို စိတ်ကူးကြည့်စရာ မဟုတ်ဘူး။ သူ့ဘိုးအေကြီးဂူ အဲဒီမှာ ရှိတယ်လို့ပြောတယ်။ သူ့အမေ၊ သူ့အဖေ ဂူတွေလည်း အဲဒီမှာ ရှိတယ်လို့ ပြောကြတာပဲ။ အဲဒီသင်္ချိုင်းကလေးက သူတို့မိသားစု သင်္ချိုင်းကလေးလို့ ပြောရလိမ့်မယ်။

အဖေရှိတုန်းက အဲဒီဘက် လမ်းလျှောက်လေ့ရှိတယ်လို့ ပြောတယ်။ တစ်ခါတလေ သူ့အဖေဂူပေါ်မှာထိုင်ရင်း သူအဖေကို စကားပြောသတဲ့။ ဘာတွေပြောမှန်းတော့ မသိဘူး။ ဘာကြောင့်ပြောသလဲဆိုတော့၊ ကျန်ရစ်ခဲ့တဲ့လူက အရင်သေသွားတဲ့လူကို သွားပြီးစကားပြောစတမ်းလို့ ကတိက၀တ်ရှိခဲ့ကြလို့တဲ့။ အဖေက လေယာဉ်ပျံပျက်ကျလို့သေသွားတော့ အလောင်းတောင်ရှာမရဘူး။ ခုတော့ သူတို့ချင်းစကားပြောဖြစ်၊ မဖြစ် ကျွန်တော် မပြောတတ်ဘူး။

အဖေက သူ့အဖေနဲ့ အတော်ခင်တာ။ ဘာလို့ခင်မှန်းတော့ မသိဘူး။ ခင်လွန်းလို့ အဖေ့ကို သူ့မြေကြီးအစပ်က မြေကြီးငါးဧက ရောင်းတယ်။ အဖေက ပင်စင်ယူရင် အဲဒီမှာနေပြီး ခေါင်းချမယ်လို့ ပြောတယ်။ မြေကြီးဖိုးကလည်း စတိပဲပေးရတယ်လို့ အဖေပြောဖူးတယ်။ အဖေအနားယူရင် နေမယ်ဆိုတဲ့အိမ်ကိုတောင် သူ့အဖေကပဲ ကြီးကြပ်ဆောက်ပေးတာ။ သူ့အဖေနဲ့အမေ ရထားမိုင်းထိတဲ့အထဲ ပါသွားတယ်။ အလောင်းရလို့ အဲဒီသင်္ချိုင်းကလေးမှာပဲ မြှုပ်လိုက်တာ။

သူတစ်ယောက်တည်း ကျန်ခဲ့တယ်။ သူက အရင်ကလည်း တစ်ယောက်တည်းပဲ။ သူ့ကို သူ့အဖေညီမ၊ သူ့ရဲ့ကြီးဒေါ်ကြီးနဲ့၊ သူ့အဖေရဲ့ လူယုံကြီးက စောင့်ရှောက်ထားတယ်။ သူ့အဖေနဲ့အမေက မြို့မှာ အနေများတယ်။ တစ်ပတ်တစ်ခါလောက်ပဲ အိမ်ပြန်ကြတယ်။ သူက၊ ခပ်ငယ်ငယ်ကတည်းက အောက်ပိုင်းချိသွားတယ်။ ပိုလီယိုဆိုသလားပဲ။ အဲဒီကတည်းက ကျောင်းထွက်လိုက်ရတယ်။

ဒါပေမယ့် သူ့အဖေက ပိုက်ဆံတတ်နိုင်တော့၊ ဆရာ၊ ဆရာမငှားပြီး အိမ်မှာ စာသင်ပေးတယ်။ သူကလည်း တကယ့်ကို စာတတ်ချင်တဲ့လူမျိုး။ အားရင် တစ်ခုခုဖတ်နေတာပဲ။ မိုးလင်းတာနဲ့ ပြတင်းပေါက်နားမှာ ထိုင်တယ်။ အပြင်ဘက်ကိုကြည့်ရင်း စာဖတ်လေ့ရှိတယ်။ သူ့အဖေအမေမရှိတော့ကတည်းက သောကြာနေ့တိုင်း ကျွန်တော် သူ့ဆီကို သွားတယ်။ သူဖတ်ချင်တာတွေကို မြို့က စာအုပ်ဆိုင်က ၀ယ်သွားပေးတယ်။

တစ်ခါက သူ့ကိုကျွန်တော် မေးကြည့်ဖူးတယ်။ မင်း၊ ဘာဖြစ်လို့ ပြတင်းပေါက်နဘေးမှာ နေ့စဉ်ထိုင်တာလဲလို့ဆိုတော့၊ သူက ဖြေတယ်။ ငါ့အတွက် ပြတင်းပေါက်ဟာ လိုအပ်မှုတစ်ခုပဲတဲ့။ ပြတင်းပေါက်ဟာ ငါနဲ့ တကယ့်ဘ၀ကြီးကို ဆက်သွယ်ပေးနေတာပဲတဲ့။ ဒီတော့ ပြတင်းပေါက်မရှိရင် ငါမရှိနိုင်တော့ဘူးတဲ့။ ဒါပေမယ့် ပြတင်းပေါက်ရဲ့ ရှိနေခြင်းတန်ဖိုးဟာ ငါ့မှာတည်တယ်တဲ့။

အဲဒီနေရာရောက်တော့ ကျွန်တော် နားမရှင်းတော့ဘူး။ ဘာလို့လဲလို့ ဖြတ်ပြီး မေးလိုက်မိတယ်။ ပြတင်းပေါက်နားကနေပြီး ကြည့်တဲ့လူမရှိရင်၊ ပြတင်းပေါက်ဟာ ထရံပေါက်လို အပေါက်တစ်ပေါက်ပဲ။ အပေါက်တစ်ပေါက်ထက် ဘာမျှ ၀ိသေသထူးခြားတာမရှိဘူးလို့ သူက ပြောတယ်။ ပြတင်းပေါက်ရဲ့ဂုဏ်ရည်ဟာ ပြတင်းပေါက်ကကြည့်တဲ့လူရဲ့ သိမှုအတိုင်းအတာအပေါ်မှာလည်း တည်တယ်လို့ သူကပြောသေးတယ်။

ဒီလိုဆိုရင် တံခါးမကြီးနဲ့ ဘာကွာသလဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ တံခါးမကြီးက ၀င်လို့ထွက်လို့ရတယ်။ ပြတင်းပေါက်ကတော့ ကြည့်လို့ပဲရတယ်။ ပြတင်းပေါက်ဆိုတာ လူတစ်ယောက်အနေနဲ့ ကိုယ်တိုင်ဝင်လို့မရတဲ့ နေရာ။ သူ့ရဲ့ အမြင်၊ အကြား၊ အသိတွေကိုပဲ ထုတ်လွှင့်လို့ရတယ်။ ရုပ်ပိုင်းဆိုင်ရာအခြေခံနဲ့ဆိုရင် အပြည့်အ၀ မလုပ်စွမ်းနိုင်ဘူး။ ခံစားသိမြင်လို့ပဲရတယ်။ တကယ်တော့ ဘ၀ဟာ ခံစားသိမြင်ဖို့ပဲ မဟုတ်ဘူးလားလို့ သူက ပြောတယ်။

တကယ်တော့ ကျွန်တော် အဲဒီလောက်အထိ မသိဘူး။ ကျွန်တော့်အတွက်တော့ ဘ၀ဟာ ဘ၀ပဲ။ သူက ပညာတတ်ဆန်လွန်းတယ်။ သိပ်သေချာလွန်းတယ်။ သူနဲ့ယှဉ်ရင် ကျွန်တော်ကတော့ နွားပဲ။ ပညာတတ်မှာ သေချာမှုမရှိရင် နွားနဲ့ဘာကွာလို့တုန်းလို့ အနောက်ဖက်က ပညာရှိကြီးတစ်ယောက်ကပြောတာ ကြားဖူးတာပဲ။ ဒီတော့ ကျွန်တော်က နွားပဲ။

ကျွန်တော် ကောလိပ်ရောက်ကတည်းက သူတို့ဝင်းနဲ့ ဆက်နေတဲ့နေရာမှာရှိတဲ့ အဖေ့အိမ်မှာ လာနေလေ့ရှိတယ်။ အဲဒီတုန်းက၊ အဖေရှိသေးတယ်။ အဖေကလည်း သဘောကျတယ်။ နောက်ဆုံး ဘွဲ့ရပြီးကျောင်းဆရာလုပ်မယ်ဆိုတော့၊ အဲဒီမြို့ကလေးမှာ အလုပ်ရအောင် အဖေ့ကိုပြောလို့၊ အဖေက စီမံပေးတယ်။ အဲဒီနောက် အဖေလည်း သေတာပဲ။

ကျောင်းဆရာဘ၀ရောက်တော့ သူနဲ့ ပိုစကားပြောဖြစ်တယ်။ ညနေတိုင်းဆို ထမင်းစားပြီးတာနဲ့ သူ့ဆီသွားပြီး စကားပြောတော့တာပဲ။ သူက ပြတင်းပေါက်အနားမှာထိုင်နေတဲ့လူဆိုတော့ အသိပညာစုံတယ်။ တစ်ခါတလေ ပြတင်းပေါက်အနားကနေ ခရီးအဝေးကြီးသွားကြတယ်။ ဆမ်းမာဆက်မွန်က အင်္ဂလိပ်ရိုမဲန်တစ်စစ်တွေနဲ့ သွားတွေ့တယ်။ တစ်ခါတလေ ဗာတာနဲ့သွားတွေ့တယ်။ အဲဒီတုန်းက ဗာတာ မသေသေးဘူး။ ဗာတာ ငယ်ငယ်။ လွမ်းလို့ကောင်းတုန်း ဗာတာပေါ့။

တစ်ခါတလေ ကျောင်းကိုမပြန်တော့တဲ့ မြ၀တ်ရည်ကလေးနဲ့ သွားတွေ့တယ်။ အဲဒီကျတော့၊ `မပြန်တော့ချေ´ နဲ့ `မပြန်ရတော့ချေ´ ရဲ့ အကြားက `ရ´ ကောက်တစ်လုံးရဲ့ အစွမ်းအစကို ကျွန်တော်တို့ တစ်ညနေလုံးနီးပါး သာယာမိခဲ့ကြတယ်။ နောက်တော့ သောကြာနေ့ညနေဆိုရင် ကျောင်းကပြန်တာနဲ့ သူ့ဆီပဲ တန်းသွားတယ်။ သူ့ဒေါ်ကြီးကလည်း အဲဒီကို လာစေချင်တယ်။ အဲဒီမှာပဲ ထမင်းစား၊ တနင်္ဂနွေနေ့တစ်နေ့လုံး သူနဲ့နေပြီး၊ တနင်္ဂနွေနေ့ ညနေဘက်လောက်မှ အိမ်ကိုပြန်တယ်။

သူ့အိမ်ကနေဆို အိမ်ကို ငါးမိနစ်လောက်ပဲ စက်ဘီးစီးသွားရတာ။ ကျွန်တော့်အိမ်ကနေထွက်ပြီး ကျောင်းကိုသွားဖို့ ကျွန်တော်စက်ဘီးစီးလာတာကို သူထိုင်တဲ့ပြတင်းပေါက်ကနေ လှမ်းကြည့်လို့မြင်ရတယ်လို့ ပြောတယ်။ ဒီတော့ ကျွန်တော် အိမ်ကထွက်ပြီး တာလမ်းဆီမရောက်ခင် သူ့အိမ်ဖက်ကို လှမ်းကြည့်ကြည့်တယ်။ အိမ်တော့မြင်ရတယ်၊ ပြတင်းပေါက်ကိုတော့ မတွေ့ရဘူး။

တစ်နေ့တော့ တာလမ်းဆီကို စက်ဘီးစီးလာရင်း သူ့အိမ်ဘက်လှည့်ပြီး လက်ဝှေ့ယမ်းပြမိတယ်။ အဲဒီနေ့ညနေ သူ့အိမ်ရောက်တော့ မနက်က မင်းကိုငါ လက်ပြလိုက်တာ မင်းတွေ့လားလို့ မေးကြည့်မိတယ်။ သူကတော့ တွေ့တယ်ပြောတာပဲ။

ပြတင်းပေါက်နဘေးမှာ သူနဲ့ ကျွန်တော်ထိုင်စကားပြောတိုင်း သူက အရှေ့ဘက်အခြမ်းမှာ အမြဲထိုင်တယ်။ ဒီတော့ အနောက်ဘက်ကို မြင်ရတယ်။ ကျွန်တော်က အနောက်ဘက်ခြမ်းကထိုင်တော့ အရှေ့ဘက်ကို မြင်ရတယ်။ သူထိုင်တဲ့နေရာကနေကြည့်ရင် အတော်များများကိုမြင်ရတယ်လို့ သူက ပြောပေတဲ့၊ သူထိုင်တဲ့နေရာမှာ ကျွန်တော် သွားထိုင်ပြီးမကြည့်ဖူးဘူး။ ကျွန်တော်ထိုင်တဲ့နေရာကတော့ ကျွန်တော်ထိုင်သလောက်ပဲ မြင်ရတယ်။ ဘာမှ သိပ်မထူးခြားဘူးလို့ ပြောရမှာပဲ။

ဘာပဲဖြစ်ဖြစ်၊ အဲဒီနေ့ကစလို့ ကျွန်တော်အိမ်ကထွက်လာပြီး မြေနီလမ်းအတိုင်း အိမ်ကြီးရှိတဲ့ဘက်ကိုကြည့်ပြီး လက်ဝှေ့ယမ်းပြမိတတ်တယ်။ နွေကျောင်းပိတ်တဲ့အခါ များသောအားဖြင့် သူ့အိမ်မှာပဲနေဖြစ်တယ်။ စာဖတ်ရင်း စကားပြောကြတယ်။ ကျွန်တော်သင်ပေးလို့ သူလည်း ၀ီစကီသောက်တတ်လာတယ်။ တစ်ခါတလေ သူ့ရဲ့ကြီးဒေါ်ကြီးကြော်ပေးတဲ့၊ တောင်ပို့မှိုကြော်နဲ့ဆိုရင် ၀ီစကီတစ်လုံး အသာလေးကုန်ရော။ အဲဒီလိုအခါမျိုးမှာ ညဥ့်နက်သန်းခေါက်ကျော်တဲ့အထိ ပြတင်းပေါက်နားမှာထိုင်ရင်း စကားပြောဖြစ်ကြတယ်။

သူပြောတာတစ်ခု၊ အခုထိ သတိရနေသေးတယ်။ ပြတင်းပေါက်သာမရှိရင် ညရဲ့သာယာမှုကို တို့ဘယ်လိုခံစားမလဲတဲ့။ ကျွန်တော်က ကွင်းပြင်ထဲသွားထိုင်နေလည်း၊ ညဖက်ရောက်တယ်ဆိုရင် ညကို ခံစားရမှာပဲပေါ့လို့ ပြောလိုက်မိတယ်။ ပြောပြီးတော့မှ ကျွန်တော် စိတ်မကောင်းဖြစ်လိုက်မိတယ်။ သူ အိမ်အပြင်ဘက်ကို သိပ်မရောက်ရှာဘူးဆိုတာ သတိရလိုက်မိလို့။

အဲဒီတုန်းက အတန်ကြာအောင် သူက ဘာမျှပြန်မပြောဘူး။ နောက်တော့၊ ဒီမှာ ပြတင်းပေါက်ရဲ့ဘောင်ကို မင်းမြင်ရတယ်။ အပြင်မှာ မင်း မမြင်ရဘူးလို့ ပြောတယ်။ ကျွန်တော်ကတော့ နားမရှင်းဘူး။ ကွင်းပြင်ထဲမှာ ဘယ်မှာ ပြတင်းပေါက်ရှိလို့လဲလို့ မေးလိုက်မိတယ်။ ပြီးမှ ပြောတယ်။ ဘယ်အမြင်၊ ဘယ်အသိမှာပဲဖြစ်ဖြစ် ဘောင်တွေရှိတယ်။ အတိုင်းအတာတစ်ခုထက်ပိုပြီး မမြင်နိုင်ဘူး၊ မသိနိုင်ဘူးတဲ့။ ဒီတော့ မြင်နိုင်၊ သိနိုင်တာတွေတိုင်းဟာ ပြတင်းပေါက်တစ်ခုကနေ မြင်ရသလိုပဲပေါ့။ လောကဟာ လောကရဲ့ပြတင်းပေါက်ကနေပဲ ကြည့်ရတာပေါ့လို့ ပြောတယ်။

အဲဒီညက ကျွန်တော် အိပ်မပျော်ဘူး။ မိုးလင်းပိုင်းလောက်ကျတော့ အဖေ့ကို သတိရလိုက်မိတယ်။ ဘာဖြစ်လို့မှန်းတော့ မသိဘူး၊ အခုဆို အဖေနဲ့ကျွန်တော် မတွေ့ကြရတော့ဘူး။ အဖေဆုံးတာလည်း ကြာမှကိုး။ အဲဒီလိုတွေးရင်း သူပြောတဲ့ အတိုင်းအတာကို သွားသတိရတယ်။ ဘောင်ကို သွားတွေ့တယ်။ အရာရာဟာ ဘောင်ခွေခံထားရတဲ့ အထဲမှာချည်းပဲ။ လူတွေကသာ မမြင်လို့။ ဘောင်ကို မမြင်ရပေမယ့်၊ ဘောင်ရဲ့ တစ်ခြားတစ်ဖက်ကို မြင်ချင်ရင်၊ မြင်ကြည့်လို့ရတာပဲ။

အဲဒီတုန်း အဖေရောက်လာတယ်။ အဖေကြိုက်တဲ့ လည်ပင်းပတ် အကွက်နဲ့။ အစောကြီးလမ်းထလျှောက်ပုံရတယ်။ မင်းခုထိ အိပ်မပျော်သေးဘူးလားလို့မေးတော့ ကျွန်တော်က ကြိုးစားနေတုန်းပဲလို့ ဖြေတယ်။ အဖေက ထုံးစံအတိုင်းပဲ ပြုံးရင်း ခေါင်းခါတယ်။ ထုံးစံအတိုင်းပဲလို့ ဆိုရတာက၊ အဖေက အဲသလိုမေးတိုင်း ကျွန်တော်က အဲသလိုပဲဖြေတတ်တယ်။ ပြီးတော့ ငါ ဟိုဖက်မှာရှိမယ်လို့ပြောပြီး ထွက်သွားတယ်။ အဲဒါကလည်း သူ့ထုံးစံအတိုင်းပဲ။ မိုးလင်းပိုင်းရောက်တော့ ကျွန်တော် အိပ်ပျော်သွားတော့တယ်။ သူ့ရဲ့ကြီးဒေါ်ကြီး လာနှိုးမှ နိုးတော့တယ်။ ခုနှစ်နာရီတောင် ထိုးနေပြီ။

သူ နေမကောင်းဘူးလို့ သူ့ရဲ့ကြီးဒေါ်ကြီးက ပြောတယ်။ ဆရာဝန်ဆူးမားကို သွားခေါ်ခိုင်းထားတယ်တဲ့။ ကျွန်တော်လည်း မျက်နှာသစ်ပြီး သူ့အခန်းထဲသွားလိုက်တယ်။ သူကတော့ နေကောင်းပါတယ်။ ဆောင်းဦးပေါက်မို့ အအေးမိသွားတာထင်တယ်လို့ ပြောတယ်။ ဆရာဝန်ဆူးမားလာတော့လည်း အဲဒီလိုမျိုး ပြောတယ်။ နျူမိုးနီးယားဖြစ်ချင်တယ်ထင်တယ်လို့ ပြောပြီး၊ ဆေးတွေအများကြီးပေးခဲ့တယ်။

သူကတော့၊ မနက်စာစားပြီးတာနဲ့ ပြတင်းပေါက်နားမှာ ထိုင်ရအောင်လို့ ပြောတယ်။ မင်း နေမကောင်း နေရင် အိပ်ယာထဲမှာပဲနေပါလားလို့ ဆိုတော့၊ အိပ်ယာဟာ ကျဉ်းမြောင်းတယ်တဲ့။ ဘာမှလွတ်လပ်မှုမရှိဘူးတဲ့။ ပက်လက်လှန်အိပ်လိုက်တာနဲ့ ခြင်ထောင်ရဲ့အမိုးကိုပဲ မြင်ရတယ်။ ခေါင်းရင်း ခြေရင်းဖက်မှာ သစ်သားတန်းတွေရှိတယ်။ ဘေးနှစ်ဖက်ဟာ အတိုင်းအတာတစ်ခုအထိပဲ ကျယ်တယ်။ သတိမထားဘဲ လှိမ့်လိုက်ရင် လိမ့်ကျသွားနိုင်တယ်လို့ သူက ပြောတယ်။

ဒီတော့လည်း သူသဘောကျတဲ့ ပြတင်းပေါက်အနားမှာ ထိုင်တယ်။ သူက ပြတင်းပေါက်ကို ဖွင့်ခိုင်းတယ်။ အပြင်ဘက်က လေရချင်လို့တဲ့။ မင်း နေမကောင်းဖြစ်နေတာပဲဆိုတော့ သူက အနွေးထည်ဝတ်ထားတယ်လို့ ပြောတယ်။ အဲဒါနဲ့ပဲ ချမ်းချမ်းစီးစီးထဲမှာ ကျွန်တော်တို့ ထိုင်ရင်း စကားပြောနေမိကြတယ်။ အဲဒီညကတော့၊ ဆေးတွေသောက်ထားလို့ သူ ခပ်စောစောအိပ်ယာဝင်တယ်။ ကျွန်တော်လည်း အိမ်ပြန်လာခဲ့တယ်။

နောက်နေ့ကျောင်းကိုသွားတော့ စက်ဘီးစီးရင်း ထုံးစံအတိုင်း လက်လှမ်းပြမိတယ်။ သူ ပြတင်းပေါက်နားမှာ ထိုင်၊ မထိုင် ကျွန်တော်မသိဘူး။ ညနေ ကျောင်းကအပြန်သူ့အိမ်ဝင်တော့ အိမ်စောင့်လင်မယားပဲရှိတယ်။ သူ့ကို မြို့က စံပြဆေးရုံဆိုတာကို ခေါ်သွားကြတယ်လို့ ပြောတယ်။ ကျွန်တော့်အတွက် အိမ်အပေါ်ထပ်က သော့နဲ့ စာကလေးတစ်ကြောင်း ရေးထားပေးခဲ့တယ်။

ပြတင်းပေါက်နဘေးမှာ ထိုင်ပေးပါ တဲ့။

သော့နဲ့စာကိုယူပြီး ကျွန်တော် အိမ်ပြန်လာတယ်။ အဲဒီညကလည်း အိပ်မရဘူး။ မိုးလင်းပိုင်းရောက်တော့ လမ်းလျှောက်ရာက ပြန်လာတဲ့အဖေ၀င်လာတယ်။ အဖေကြိုက်တဲ့ လည်ပင်းပတ်အကွက်နဲ့ပဲ။ ထုံးစံအတိုင်းပဲ မေးတယ်။ ကျွန်တော်လည်း ထုံးစံအတိုင်းပဲဖြေတယ်။ အဖေက ပြုံးတယ်။ အခန်းထဲက အဖေထွက်သွားကာနီးမှာ ကျွန်တော် သူ့အိမ်ကပြတင်းပေါက်နဘေးမှာ သွားထိုင်ရမလားလို့ မေးလိုက်မိတယ်။

ဒီတော့ အဖေက ပြတင်းပေါက်ရဲ့တန်ဖိုးဟာ ကြည့်တဲ့လူပေါ်မှာ မူတည်တယ်လို့ မင်းကိုငါ ပြောဖူးတယ်မဟုတ်လားလို့ ပြန်ဖြေပြီး ထွက်သွားတယ်။ စနေ၊ တနင်္ဂနွေကျမှပဲ ကျွန်တော် မြို့ကိုသွားပြီး ဆေးရုံမှာ သူ့ကို သွားတွေ့ဦးမယ်လို့ပြောတော့၊ အဖေက ဘာမျှပြန်မပြောဘဲ အခန်းထဲက ထွက်သွားတယ်။ မိုးလင်းလို့ ကျောင်းသွားချိန်ရောက်တော့ ကျွန်တော် ကျောင်းကိုထွက်လာမိတယ်။

တာလမ်းဆီမရောက်ခင် သူ့အိမ်ကြီးဘက်ကြည့်ရင်း လက်ပြလိုက်မိတယ်။ ဘာလို့မှန်းမသိဘူး။ ဘာလို့များ လက်ပြနေတာလဲလို့ ကိုယ့်ဘာသာ အတွေးပေါ်လာတယ်။ သူထိုင်တဲ့နေရာကလှမ်းကြည့်ရင် ငါ့ကို ဘယ်လိုတွေ့ရမလဲလို့ တွေးမိပြန်တယ်။ တာလမ်းပေါ်ရောက်တော့ ရေကျော်မြောင်းကူးကလေးအပေါ်မှာ စက်ဘီးစီးလာရင်း သူ့အမြင်ထဲမှာ၊ ဘာတွေဘယ်လိုမြင်တယ်ဆိုတာ၊ သိချင်လာတယ်။ အဲဒီတုန်းမှာပဲ သစ်တင်တဲ့ကားတွေ နောက်ဖက်ဆီကလာတဲ့အသံ ကြားလိုက်ရတယ်။

ကျွန်တော် သတိရတော့ ဆေးရုံမှာ။ အပြင်ဘက်မှာ အတော်မှောင်နေပြီ။ ဒီတော့ ပြတင်းပေါက်က အလင်းနဲ့အမှောင်ကိုလည်း သိအောင်လုပ်နိုင်သားပဲလို့ သိလိုက်မိတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေ ကျွန်တော့်ကိုကြည့်နေကြတယ်။ အဖေ့မိတ်ဆွေ အဖိုးကြီးတွေနဲ့ သူတို့ သားသမီးတချို့လည်း တွေ့တယ်။ ဆရာဝန်ကြီးနဲ့ သူနာပြုဆရာမတစ်ယောက် အနားလာပြီး ဟိုတိုင်းဒီတိုင်း တိုင်းကြပြီး၊ အဖေ့မိတ်ဆွေအဖိုးကြီးတွေကို သတိရလာပြီ၊ နားဖို့တော့လိုသေးတယ်လို့ ပြောသံကြားလိုက်ရတယ်။

အဖေရောလို့ ကျွန်တော်ကမေးတော့ အဖိုးကြီးတစ်ယောက်က အပြင်မှာ ဆေးတံသောက်နေတယ်လို့ ပြောတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ဘာဖြစ်မှန်းမသိဘူး။ လေထဲမှာ လွင့်နေသလိုပဲ။ အောက်ပိုင်းက ပေါ့နေတယ်။ သူနာပြုဆရာမ ပြန်ရောက်လာပြီး ပြုံးရင်း နားလိုက်ဦးနော်လို့ ပြောတယ်။ အဖိုးကြီးတွေ အခန်းထဲက ထွက်သွားကြတယ်။ ကျွန်တော်လည်း အဖေဆေးတံသောက်ပြီးရင် ပြန်ဝင်လာမယ်လို့တွေးရင်း အိပ်ပျော်သွားမိတယ်။

နောက်တစ်နေ့ကျတော့ ကျွန်တော့်ဘေးနားမှာ ဆရာဝန်ကြီးနဲ့ အဖေ့မိတ်ဆွေ အဖိုးကြီးတွေ တွေ့ရတယ်။ ရေကျော်ကလေးပေါ်မှာ စက်ဘီးစီးသွားရင်း ဖြတ်မောင်းသွားတဲ့သစ်တင်ကားက လေဟပ်ပြီး ချောင်းထဲပြုတ်ကျသွားတာလို့ ပြောတယ်။

တစ်နေ့လုံး သတိမေ့နေတယ်။ ခေါင်းရော၊ ကျောရိုးရော ထိသွားတယ်ဆိုလို့ ခေါင်းကိုကိုင်ကြည့်တော့ ခေါင်းက ပတ်တီးကို စမ်းမိတယ်။ အောက်ဖက်ကိုလှမ်းကြည့်တော့ စောင်ခြုံထားတာတွေ့ရပေတဲ့ ဘာမှ လှုပ်လို့မရဘူး။ ဒီတော့ ဆရာဝန်ကြီးက လောလောဆယ်တော့ အောက်ပိုင်းသေသလိုဖြစ်သွားတယ်။ ဖြည်းဖြည်းချင်း ကုသမှုခံယူရင်၊ အခြေအနေတိုးတက်လာနိုင်တယ်လို့ ပြောတယ်။

ဆရာဝန်ကြီးပြောတာ အလားအလာ။ ပြတင်းပေါက်ကကြည့်လို့ မြင်ရတာမျိုးမဟုတ်ဘူး။ ဒါပေတဲ့ ဆရာဝန်ကြီးပြောတာ သူ့ပြတင်းပေါက်ကနေ လှမ်းကြည့်နိုင်သလောက်ပဲ။ မိုးကုပ်စက်ဝိုင်းအစမှာ နေထွက်နေ၀င်တာ ဘယ်သူမှ မသိဘူး။ ချက်ချင်းပဲ သူ့ကို သွားသတိရလိုက်မိတယ်။ ဒေါ်ဒေါ်ကြီး ဟိုကောင်ရောလို့ မေးတော့ ဒေါ်ဒေါ်ကြီးက နျူမိုးနီးယားနဲ့ဆုံးသွားတယ်လို့ ပြောတယ်။

ဒေါ်ဒေါ်ကြီးက မင်းကိုစောင့်ရှောက်ဖို့ ဆက်နေစေ့ချင်ရင် ဒေါ်ဒေါ်ကြီး နေမယ်၊ မနေစေ့ချင်ရင်တော့ အရပ်ကိုပြန်မယ်လို့ ပြောတယ်။ ကျွန်တော်က ခုအတိုင်းတော့ ဒေါ်ဒေါ်ကြီး ဆက်စောင့်ရှောက်ရလိမ့်မယ်လို့ ပြောလိုက်မိတယ်။ စနေနေ့ရောက်တော့ ဆေးရုံက ဆင်းတယ်။

ဆင်းဆင်းချင်း `ဂန္ထ၀င်စံအိမ်´ ကြီးဆီကိုပဲ လာခဲ့တယ်။ အိမ်အပေါ်ထပ်ဆီ ပွေ့တင်ကြတယ်။ အပေါ်မှာ ဘီးတပ်ကုလားထိုင်ရှိတယ်။ ကျွန်တော့်အတွက် အသင့်လုပ်ထားကြတယ်။ ကျွန်တော်က ၀င်ထိုင်လိုက်ရင်း ပြတင်းပေါက်နားဆီ ပို့ပေးစမ်းပါလို့ ပြောလိုက်မိတယ်။ သူထိုင်နေကျအတိုင်း၊ ပြတင်းပေါက်ရဲ့ အရှေ့ဖက်အခြမ်းဆီမှာ ထိုင်ကြည့်လိုက်မိတယ်။

အနောက်ဖက်အတိုင်းဆင်းသွားတဲ့ တောင်စောင်းကုန်းလျှောလေးတစ်ခုလုံးကို မြင်နေရတယ်။ တာလမ်းကဘယ်မှာလဲလို့မေးတော့ ဒေါ်ဒေါ်ကြီးက အရှေ့ဖက်မှာလို့ ပြောတယ်။ တောင်စောင်းအောက်ဖက်နားမှာ အမိုးတစ်ခု မြင်ရတယ်။ လက်ညှိုးထိုးပြလိုက်ရင်း အဲဒါ ဘုန်းကြီးကျောင်းလားလို့ မေးလိုက်တော့၊ တစ်ယောက်ယောက်က ဟုတ်တယ်လို့ ပြန်ဖြေသံ ကြားလိုက်ရတယ်။ ဘယ်သူဖြေမှန်းတော့ မသိဘူး။

သင်္ချိုင်းကုန်းက အဲဒီနားမှာမဟုတ်လားလို့ ထပ်မေးလိုက်မိတယ်။ ရုတ်တရက် ဘယ်သူမှမဖြေဘူး။ ဒါနဲ့ကျွန်တော်လည်း ဒေါ်ဒေါ်ကြီးနဲ့ အဖေ့မိတ်ဆွေအဖိုးကြီးတွေကို လှည့်ကြည့်လိုက်မိတယ်။ သူတို့က ကျွန်တော့်ကို သေသေချာချာကြည့်နေကြတယ်။ သူ့ကို အဲဒီမှာပဲ ဂူသွင်းလိုက်ကြသလားလို့ မေးလိုက်မိပြန်တယ်။ ဘယ်သူကမှ ပြန်မဖြေဘူး။ ဒီတော့ ကျွန်တော်က ထပ်ပြီးပြောလိုက်မိတယ်။ အဲဒီမှာ သူတို့မိသားစုတွေ အကုန်မြှုပ်တာပဲမဟုတ်လား။ သူ့ကို အဲဒီမှာ မမြှုပ်ဘူးလားလို့ မေးလိုက်မိတယ်။

ဒီတော့မှ ဒေါ်ဒေါ်ကြီးက ရုတ်တရက်ပြန်ပြောတယ်။ အော် ကျောင်းဆရာကိုပြောတာလားတဲ့၊ သူ့ဘာသာ ခေါင်းငြိမ့်နေတယ်။ အဖိုးကြီးတချို့ကလည်း ခေါင်းညိမ့်ကြတယ်။ ပြီးတော့မှ ပြောတယ်၊ ဟုတ်တယ်။ သူတို့တစ်မျိုးလုံးက တာလမ်းအရှေ့ဖက်သင်္ချိုင်းကလေးမှာ ဂူသွင်းလေ့ရှိကြတယ်။ သူလည်း အဲဒီမှာပဲ ဂူသွင်းလိုက်တယ်။ ကြာပြီကိုး၊ မင်းမေးတာကို ဒေါ်ဒေါ်ကြီးတို့က ချက်ချင်းသဘောမပေါက်ကြလို့ပါလို့ တောင်းပန်သလိုပြောရင်းနဲ့ ပြုံးတယ်။

ကျွန်တော် အပြင်ဘက်ကို ငေးနေမိတယ်။ ဆောင်းတွင်းမို့ အပြင်ဘက်မှာ တောင်ခိုးတွေထနေတာလား မသိဘူး။ မြူဆိုင်းနေတာလား မသိဘူး။ မဟုတ်ရင် အဖေဆေးတံသောက်နေတုန်းမို့ ဆေးတန်ကမီးခိုးတွေ ထွက်နေတာဖြစ်ချင်ဖြစ်မယ်။ ဆေးတံသောက်လို့ပြီးရင် အဖေအိမ်ထဲဝင်လာလိမ့်မယ်ထင်တယ်။ လည်ပင်းပတ်အကွက်နဲ့ပဲ ဖြစ်မယ်။ ပြတင်းပေါက်ရဲ့ဘောင်ကိုဖြတ်ပြီး အားလုံးကို မြင်လာရတယ်။ ပြတင်းပေါက်ကနေကြည့်ဖို့ လူတစ်ယောက်လိုတယ်။ ပြတင်းပေါက်ဆိုတာ ကြည့်ဖို့။ ခုန်ချလိုက်ဖို့မဟုတ်ဘူး။

မြင့်သန်း
ဖေဖော်ဝါရီ၊ ၂၀၀၅၊ စတိုင်သစ်

ရွှေဘိုသို့ အလည်တစ်ခေါက်

ရွှေဘိုမြို့အ၀င် မုဉ်ဦး



ရွှေဘိုမြို့သမိုင်း

ရွှေဘိုမြို့သည်စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ဖြစ်ပြီး မြန်မာတို့၏ နောက်ဆုံးမင်းဆက်ဖြစ်သည့်
ကုန်းဘောင်ခေတ် ၊ကုန်းဘောင်မင်းဆက်၏ စတင်ရာဒေသ အဖြစ်ကျော်ကြားပေသည်။ 
လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်ရုံးစိုက်ရာမြို့များ အနက် တစ်မြို့လည်းဖြစ်သည်။ 

သမိုင်းတစ်လျှောက်တွင် ရွှေဘိုမြို့သည် မြန်မာမင်းများ၏ လက်အောက်ခံ မုဆိုးဘိုအမည်ရှိသော ကျေးရွာလေးအနေဖြင့်သာ ရှိခဲ့သည်။ မူလက အင်းဝလက်အောက်ခံအဖြစ်ရှိနေခဲ့ပြီး ဘုရင့်နောင် အထက်မြန်မာနိုင်ငံတစ်ဝှမ်း သိမ်းသွင်းစဉ်ကလည်း လက်အောက်ခံအဖြစ် ပြန်လည်ပါဝင်လာခဲ့သည်။ ညောင်ရမ်းမင်းဆက် ကျဆုံးပြိးနောက် မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျသည် အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ ကုန်းဘောင်ဆက်ကို တည်ထောင်ချိန်မှစကာ ရွှေဘို ဟူသော အမည်ဖြင့်မြို့တော် ဖြစ်လာသည်။

"ဥသြအော်မြည် ကုန်းဘောင်တည်" ဆိုသောစကားအရ ရွှေဘိုမြို့ကို မြန်မာသက္ကရာဇ် ၁၁၁၅ ( ခရစ်သက္ကရာဇ် ၁၇၅၃-၅၄) တွင် တတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ အလောင်းမင်းတရားက မင်းနေပြည်တော်အဖြစ် တည်ထောင်ခဲ့သည်။ ရွှေဘိုမြို့ ဖြစ်လာမည့် ဒေသကို ယခင်က မုဆိုးဖို၊ ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ခ ဟု ခေါ်ကြသည်။အလောင်းဘုရားက အင်းဝပျက်ခါနီးတွင် အနီးအနားပတ်ဝန်းကျင် ၄၆ရွာကို စုစည်းကာ ထန်းလုံးခံတပ်ကိုတည်ဆောက်ပြီး ဟံသာဝတီ၏ တွန်းလှန်ကာ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သည်။ မုဆိုးဖိုကိုလည်း ရတနာသိင်္ခဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ရန်သူအပေါင်းတို့အား အောင်နိုင်သည်ကို အစွဲပြု၍ ရန်ကြီးအောင်ဟူ၍လည်း ခေါ်ဆိုကြသည်။ မြို့အနီးတွင်ရှိသော ကုန်းဘောင်အားအစွဲပြု၍လည်း ကုန်းဘောင်ဟုခေါ်ဆိုကြသည်။ အလောင်းဘုရားသည် သံလျှင်ကို တိုက်ခိုက်ရာတွင် တိုက်ခိုက်၍ မရသောကြောင့် လက်ရွှေးစင် ရဲဘော် ၉၀ ကျော်ကို တိတ်တဆိတ် ဝင်ရောက်စီးနင်းစေ၏။ ထိုရဲဘော်တို့သည် ရွှေဘိုသား ဟူ၍ ညာသံပေးကာဝင်ရောက်ကြလေ၏။ ထိုအခါမှစ၍ ရွှေဘိုဟုခေါ်ဆိုကြလေသည်။ 

ကုန်းဘောင်မင်းဆက်၏ ပထမဆုံး နန်းစိုက်ရာမြို့ဖြစ်သည့်အတွက် မြို့အမည်မှာလည်း ၅ မျိုးတိတိရှိပေသည်။ မူလရွာအဖြစ်ရှိစဉ်က အမည်ဖြစ်သည့် မုဆိုးဘို(မုဆိုးဖို)၊ ရွှေဘို ၊ ရန်ကြီးအောင် ၊ကုန်းဘောင်၊ ရတနာသိင်္ဃ တို့ဖြစ်သည်။ ထိုအမည်များကို အောက်ပါ ကဗျာအတိုင်း အလွယ်မှတ်သားနိုင်သည်။
ရန်ကြီးအောင်၊ ကုန်းဘောင်
ငါးမည်ရ ပြည်ရွှေဘို
မုဆိုးဘို ရန်ပြိုတဲ့ နာသိင်္ဃ(ရတနာ သိင်္ဃ)
ဘိုးတော်ဒေသ။

                                   (http://wikimyanmar.co.cc မှကူးယူဖော်ပြသည်.....)


မြို့တွင်းတစ်နေရာက ဦးအောင်ဇေယျ ရုပ်တု

မဟာအောင်မြေ ဆုတောင်းပြည့်မြတ်စွာဘုရား

မဟာအောင်မြေ ဗိမာန်တော်

ပုဂံမင်းတို့၏ အနွယ်ဖြစ်သော တောင်သူကြီး ဦးအောင်ဇေယျသည် ထူးခြားသောကုန်းမြေပေါ်မှာ ကြန့်ကြန့်ခံ၍ ရန်သူကျားကို အနိုင်ယူလိုက်သော သမင်ကို မြင်ရသဖြင့် ပထမအကြီမ် အံ့သြနေပုံ

ဦးအောင်ဇေယျသည် ထူးခြားသောကုန်းမြေပေါ်မှာ ကြန့်ကြန့်ခံ၍ ရန်သူမြွေကြီးအား အနိုင်ယူလိုက်သော ဖားကို မြင်ရသဖြင့် ဒုတိယအကြီမ် အံ့သြနေပုံ

ယင်းထူးခြားသောကုန်းမြေကို  ရှေးအစဉ်အဆက်က တိမ်မြုပ်နေသော သမိုင်းဝင်အောင်မြေ ဖြစ်ရမည်ဟု သဘောပေါက် ယုံကြည်လျှက် အောင်မြေကို နင်းပြီး စစ်ရေးပြင်ဆင်နေပုံ

ဦးအောင်ဇေယျသည် အိမ်ဦးဆောင်တွင် အိပ်ပျော်နေခိုက် ညာလက်ရုံးမှ ဘုန်းမီးတောက်သည်ကို ကျွန်မမိငြိမ်းအောင် မြင်၍ သဘက်နှင့်ပုတ်ငြိမ်းရာ ဆွေတော်မျိုးတော်တို့မြင်ကြသဖြင့် မင်းညိုဇန်သည်မိငြိမ်းအောင်အား စကားမပျံ့နှံ့စေရန် နှုတ်ပိတ်တော်မူခန်း

အလောင်းမင်းတရားကြီးသည် သက္ကရာဇ် ၁၁၂၁ ခုနှစ် ပြာသိုလဆန်း(၃) ရက် ၊ သောကြာနေ့တွင် ရန်ကုန်မြို့မှ ရေကြောင်းချီ၍ အယုဒ္ဓယမြို့သို့ စစ်ချီတော်မူခန်း

အလောင်းမင်းတရားကြီးဘွဲ့ကို ခံယူတော်မူသော ဦးအောင်ဇေယျသည် အောင်မြေကို နင်းလျှက် အောင်ပွဲကိုဆင်နွှဲခဲ့ရာ ရန်သူတို့က အရှုံးပေး၍ သစ္စာခံယူနေကြပုံ

အောင်မြေမော်ကွန်း
- ဥသြအော်မည် ကုန်းဘောင်တည်ဟု သမိုင်းတွင်ဆို မုဆိုးဘိုသည် သပြေညိုပန်း ရွှေဘိုနန်းနှင့် စခန်းအောင်မြေရှိရာပေတည့်။

- နန္ဒာကန်မင်း တည်ထားခြင်းကြောင့် ရေသွင်းယာလည် သီးနှံကြွယ်လျှက်၊ ရွှေဝါစပါး လွန်ပေါများဘိ။

- မောဓောမြင်သာ စေတီမဟာနှင့် ဝေးနယ်ထင်ရှား စေတီများသည် ဘုရားသာသနာ ထွန်းပရာဟု သက်သေပြု၏ ။

- အလောင်းမင်းတရား တည်ထားကုန်းဘောင် သမိုင်းပြောင်သည့် ရန်မျိုးအောင်ရာ ဤနေရာတွင် အောင်မြေကိုနင်း ဆောင်ရွက်ခြင်းကြောင့် အောင်ခြင်းမင်္ဂလာ ပြည့်စုံစွာဖြင့်
အောင်ပွဲရာထောင် အောင်ကျိုးဆောင်မည့် နောင်လူအများသိစေသတည်း ။

ရွှေဘုံရတနာနန်းတော်သို့









မော်ဓောမြင်သာ (မြို့ထောင့်စေတီ)
စေတီတော် သမိုင်းကတော့ ရွှေဘိုနားမှာ “ပဲခိုးကုန်း” ဆိုတဲ့ ရွာလေးတရွာ ခုထက်ထိ ရှိပါတယ်။ အဲဒီရွာလေးဟာ အလောင်းဘုရားကို မွန်ဘုရင်က ပဲခူးမှာ သမီးတော် ပင်တိုင်စံ ဆက်လိုက်တဲ့အခါ သမီးတော်နဲ့အတူ အခြွေအရံ ၂ဝဝ ကျော် ၃ဝဝ လောက် ပါလာတာကို နေရာချထားလို့ ရွာဖြစ်နေတဲ့ နေရာပါ။ မွန်မင်းသမီးကိုလဲ အလောင်းမင်းတရားက အလွန်မြတ်နိုးပါတယ်။


တစ်နေ့တော့ မင်းသမီးက ပဲခူးက သူတို့ ရွှေမော်ဓော ဘုရားကို အဖူးမြော် ပြန်ပါရစေလို့ အလောင်းမင်းတရားကြီးကို ခွင့်ပန်သတဲ့။ အလောင်းမင်းတရားကြီးက ရွှေမော်ဓောစေတီတော်ကို သူလည်း ကြည်ညိုတယ်၊ ဒါကြောင့် ပဲခူးမှာ သူရှိစဉ်က ပန်းချီကျော်တဦးကို ဘုရားပုံတော်တွေ ရေးဆွဲယူခဲ့စေတယ်။ ခုရွှေဘိုမြို့တော်မှာ အဲဒီ ရွှေမော်ဓောစေတီ အချိုးအစားအတိုင်း တည်ထား ကိုးကွယ်မယ်။ မိဖုရားလည်း ရွှေမော်ဓော ကို အလွမ်းပြေ ဖူးရရောပေါ့လို့ဆိုပြီး ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ထောင့် (တနင်္ဂနွေထောင့်) မှာ တဆယ့် ခုနစ်တောင် အမြင့်ရှိတဲ့ “ဣန္ဒသာလာ” ဆိုတဲ့ ကုန်းမြေပေါ်မှာ ဖိနပ်တော် ၄၅ တောင် ဥာဏ်တော် ၆၇တောင်နဲ့ ၁ ထွာရှိတဲ့ စေတီကို ရွှေမော်ဓော ပုံစံမျိုးနဲ့ တည်ထားပြီး သောကြာသား အလောင်းမင်းတရားကြီးရဲ့ နံတော်လည်းပါအောင် “မော်ဓော မြင်သာ” လို့ ဘွဲ့တော် တပ်ချီ လိုက်ပါသတဲ့။



ဒီစေတီဟာ မြို့တနင်္ဂနွေထောင့်မှာရှိတာမို့ “မြို့ထောင့်စေတီ” လို့ အလွယ်ခေါ်ကြသလို၊ နှစ်စဉ်ကျင်းပတဲ့ ဘုရားပွဲတော်ကိုလည်း မြို့ထောင့် စေတီပွဲလို့ ခေါ်ကြပေမယ့် အလောင်းမင်းတရားကြီး  တည်ထား ကိုးကွယ်ခဲ့တဲ့ နံတော်သင့် ဘုရားမို့ “စေတီတော်” လို့ ခေါ်ကြပြီး၊ ပွဲတော်ကိုလည်း “စေတီတော်ပွဲ” လို့ ခေါ်ကြတာပါ။ စေတီတော်ပွဲရက်က တော်သလင်းလပြည့်ကျော် ၁ဝ ရက်မှာစပြီး လကွယ်နေ့မှ ဆွမ်းချပွဲနဲ့ အပြီးသတ်တယ်လို့ သိရပါတယ်..


[မဇ္ဈိမသတင်းဌာန - မှ အချို့အချက်များကိုကူးယူဖော်ပြသည် Click Here...]









ရွှေဘိုသနပ်ခါး

မြန်မာ့ရိုးရာရွှေဘိုသနပ်ခါး

 ရွှေဘိုမြို့နယ်မှထွက်သော “ရွှေဘိုသနပ်ခါး” သည် မြန်မာအမျိုးသမီးတို့၏
ပါးမို့ထက်တွင် ဂုဏ်ထည်စွာ နေရာယူလေ့ရှိပေသည်။ ၀ါညက်ဝင်း၍
မွှေးရနံ့သင်းသော ရွှေဘိုသနပ်ခါးကို ထက်အောက် အညာအကြေတွင် မြတ်နိုးသူများလဲပေါလှပါတယ်..၊

ရွှေဘိုသနပ်ခါးသည် နာမည်ကျော် တော်ဝင်သနပ်ခါး ဖြစ်ခဲ့ပေသည်။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ လက်ထက်တော်က
ရွှေဘိုခရိုင်ရှိ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း
“သီဟတော” ဘုရား၏ အောက်ဘက်နှစ်မိုင်ခန့်အကွာတွင် ရှေးက
“သိန်းကတောနယ်မြေ” ဟူသောနယ်မြေတစ်ကွက်ရှိ၏
“သီဟတော” ဘုရားနယ်ပယ်လှူဒါန်းရန်အတွက်
ရွှေကြိုးသတ်မှတ်ရာတွင် ဘုရားဝတ္တကမြေအတွင်းမပါရှိဘဲ
ကွက်ကျန်နေသည့်အတွက် “တစ်ကွက်” ဟုတွင်ခဲ့သည့်နေရာမှာ
ယခုအခါ ကာလရွေ့လျော၍ “ကဗွက်” ဟုခေါ်သောရွာဖြစ်နေပေပြီ။

ယင်းနယ်မြေမှ အကောင်းဆုံး သနပ်ခါး “နန်းသုံးတော်ဝင်သနပ်ခါး” ထွက်သည်ဟု
ရွှေနန်းတော်ကြီးက အသိအမှတ်ပြုခံခဲ့ရသည့် အထောက်အထားများရှိခဲ့သည်။
ကဗွက်ရွာနှင့် တဆက်တည်းရှိသည့် ကုတ်တက်ရွာအနီး
နွားချေးတောင်တွင် ပေါက်သော သနပ်ခါးများသည်
အပွေးနီဝါရောင်ရှိ၍ရနံ့ အလွန်မွှေးထုံသဖြင့်  “သိန်းကတော”
တိုက်သူကြီးမင်းက ယင်းသနပ်ခါးများကို ခုတ်ယူစုဆောင်းပြီး
ပြည်ရွှေဘို နန်းတော်တွင်းသို့ ဆက်သွင်းခဲ့ရသည်ဟု သိရပါသည်။


နွယ်ငြိမ်းသို့
ရွှေဘိုင်ခရိုင်၊ ကျောက်မြောင်းမြို့အနား ဧရာဝတီမြစ်ကမ်းဘေးက နွယ်ငြိမ်းကျေးရွာလေးကိုလဲရောက်ခဲ့တယ်..။ နွယ်ငြိမ်းဒေသထွက် စဉ့်ပစ္စည်းများဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO စစ်ဆေးမှုအရ ပလတ်စတစ်ပုံးများတွင် ထည့်ထားသော ရေများကဲ့သို့ဘေးအန္တရာယ်လုံးဝမရှိကြောင်း ထောက်ခံချက်ပေးထားပြီး ခဲဆိပ်သင့်မှုမရှိဘဲကာဘွန်ဓာတ် ပါဝင်မှု နည်းပါးကာ မီးဖုတ်ရာတွင် အပူချိန် ၁၂ဝဝ အထိပေးထားရသဖြင့် အဆိပ်အတောက် လဲကင်းစင်ပါတယ်။


 ကျောက်မြောင်းမြို့အ၀င် ဆိုင်းဘုတ်

နွယ်ငြိမ်းရွာထဲသို့

စဉ့်အိုးလုပ်ငန်းခွင် တစ်နေရာ


စဉ့်အိုးလုပ်ရာတွင် အပေါ်တစ်ခြမ်း အောက်တစ်ခြမ်း သက်သက်ပြုလုပ်ပြီးမှ
အပေါ်အောက် ပြန်ဆက်ပြီး အချောပြန်လုပ်ရသည်ဟု သိရပါသည်။




အပေါ်အောက် ဆက်ပြီး စဉ့်အိုးကို အချောမကိုင်မီ နှင့် အချောကိုင်ပြီး တွေ့ရပုံ 


ရေအိုးပတ်လည် အလှဆင်


အိုးများကို မီးဖုတ်သည့်လှိုဏ်



မီးဖုတ်ပြီး အိုးများကို စဉ့်သုတ်ကာ နေပူလှန်းထားခြင်း

စိတ်ဝင်တစား ဂျာဂျာ့ မောင်နှမများ


ရေအိုးအတွင်းထဲသို့ စဉ့်သုတ်နေပုံ


စဉ့်ခြောက်သွေ့စေရန် နေပူပြရသည့်အပြင် အိုးအတွင်း မီးအပူပေး၍လည်း အခြောက်ခံကြသည်


စဉ့်ရေခြောက်သွေ့ပြီး အသုံးပြုနိုင်သော အိုးများ

စဉ့်အိုး သယ်ယူပို့ဆောင်ရေးယာဉ်
 

စဉ့်အိုးများဖြင့် အလှဆင်ထားသော လမ်း



ဂျာဂျာ
(လူထုဒေါ်အမာရဲ့ ရွှေဘိုမြို့ထောင့်စေတီပွဲတော်အကြောင်းကို ပို့စ်တင်ပြီး
စိတ်ကူးပေါ်တာနဲ့ ရွှေဘိုမြို့အကြောင်းကို ရှာဖွေတင်ဆက်ပါတယ်။ မူရင်းတင်ဆက်သူ 
ဂျာဂျာ ကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားပါတယ်။)