Sunday, June 10, 2012


တကသ ပြန်ဆောက်ကြမယ်ဆိုရင်


ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြဖို့ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါးအဖြစ် တင်ခဲ့ပေမယ့် နှစ်ကြိမ်တိုင်တိုင် ဆိုင်းငံ့ဖြစ်ခဲ့ရပါတယ်။ ပုံနှိပ်ဖော်ပြခွင့် မရခဲ့ပါဘူး။ သည်ဆောင်းပါးဟာ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းထွက်လာပြီး ကျွန်တော့် သဘောထားအဖြစ် မောင်ဝံသ Face book မှာ အကျဉ်းမျှ တင်ပြီးသားပါ။ အခု ထပ်မံဖြည့်စွက်ပြီး ပြည်သူ့ခေတ် ပရိသတ်အတွက် တင်ဆက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ မရတဲ့အဆုံးတော့ Face book မိတ်ဆွေများကတစ်ဆင့်ပဲ ကျွန်တော့်ဆန္ဒများကို ဝေမျှလိုက်ရပါတယ်။

 ဒေါက်တာဦးမြင့်ရဲ့ အိတ်ဖွင့်ပေးစာ
 မေ ၁၉ ရက်နေ့က ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ ပြုလုပ်တဲ့ အမျိုးသား စိုက်ပျိုးရေး တိုးတက်မှုဆိုင်ရာ မူဝါဒများ စာတမ်းဖတ်ကြားပွဲမှာ စာတမ်းရှင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော်သမ္မတစီးပွားရေးအကြံပေး အဖွဲ့ ခေါင်းဆောင် ဒေါက်တာဦးမြင့်က ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေး ပြည်သူထံအိတ်ဖွင့်ပေးစာကို့ ဖြန့်ဝေလိုက်ပါတယ်။ ဒေါက်တာဦးမြင့်ရဲ့ ပြည်သူထံအိတ်ဖွင့်ပေးစာ စာတမ်းကိုဖတ်ပြီး ကျေနပ်ပီတိဖြစ်လွန်းလို့ ကျွန်တော့်မှာ မျက်ရည်တောင်လည်မိပါတယ်။

လက်မလွန်သေးပါဘူး
ဆရာမြင့် ပြောထားတဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေး သုံးသပ်တင်ပြချက်အားလုံးကို အပြည့်အ၀ထောက်ခံပါတယ်။
ရန်ကုန်တက္ကသိုလ်ကြီးကို တန်ဖိုးထားရကောင်းမှန်းမသိသူတွေက ဖျက်ဆီးဖို့ကြိုးစားခဲ့ပေမယ့် အမိတက္ကသိုလ်ကြီးဟာ လုံးလုံးလျားလျားတော့ မပျက်စီးသွားသေးပါဘူး။ ပြန်လည်တည်ဆောက်ရင် ရနိုင်သေးတယ်လို့ ယူဆပါတယ်။

မျက်စောင်းထိုးလာကြရင်
လောလောဆယ် စိုးရိမ်ဖို့ကောင်းတာက နိုင်ငံခြားစီးပွားရေးလက်ဝါးကြီးအုပ် သမား တွေက ပြည်တွင်းပုဆိန်ရိုးတွေနဲ့ပေါင်းပြီး သူတို့ရဲ့ လုပ်ကွင်းလုပ်ကွက်အတွက် ရန်ကုန် တက္ကသိုလ်လို နေရာမျိုးကိုပါ မျက်စောင်း ထိုး မျက်စိကျလာရင် ဘယ်လို လုပ်ကြမလဲ။
ဆရာမြင့်က ရနိကုန်တက္ကသိုလ်ကြီးကို ဧရာဝတီမြစ်ကြီးနဲ့ နှိုင်းပြီး ရေးထားတာ အင်မတန် သရုပ်ပေါ်ပါတယ်။ ဧရာဝတီကို ကျွန်တော်တို့ ကာကွယ်သလို ရန်ကုန်တက္ကသိုလ်ကြီးကို အန္တရာယ်ကင်းအောင် ကာကွယ် ရပါမယ်။ ဒါတင်မက နဂိုမူလအတိုင်း အစဉ်အလာကြီးမား၊ ဂုဏ်သိက္ခာ မြင့်မားတဲ့ တက္ကသိုလ်ကြီး အဖြစ် ပြန်လည်တည်ဆောက်ရပါလိမ့်မယ်။

ကျောင်းသားဟောင်းတစ်ဦးအနေဖြင့်
ဆရာမြင့်စာတမ်းထဲပါတဲ့ နောက်အရေးကြီးတဲ့ အချက်တစ်ချက် ကတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ပြန်လည်တည်ဆောက်ဖို့နှိုးဆော်ချက်ဖြစ်ပါတယ်။ ၁၉၆၁မှာ ကျောင်းသား နံပါတ် Number of Student - NS 39162 နဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားဖြစ်ခဲ့ပြီး ၁၉၆၇ ကျမှ အင်္ဂလိပ်စာ၊ မြန်မာစာ၊ ဘောဂဗေဒ၊ ဒဿနိကဗေဒ၊ အနောက်တိုင်းသမိုင်း ဘာသာတွဲနဲ့ ဘီအေဘွဲ့ရခဲ့တဲ့ ကျွန်တော့် အနေနဲ့ ဆရာမြင့်ရဲ့ အဆိုအားလုံးကို ချွင်းချက်မရှိ ထောက်ခံပါတယ်။ ဘာကြောင့် ဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း သည်ကိစ္စနဲ့ ပတ်သက်လို့ မှတ်မှတ်ရရ အလေးအနက် ပြောဆိုခဲ့ပြီး ဖြစ်လို့ပါ။

အာအက်ဖ်အေနဲ့ ပြောခဲ့ပါတယ်
မနှစ်က ဇူလိုင် ၇ နဲ့ ဇူလိုင် ၈ နှစ်ရက်မှာ RFA အသံလွှင့်ဌာနက ကျွန်တော်နဲ့ အင်တာဗျူးကို နှစ်ရက် ဆက်လွှင့်ခဲ့ပါတယ်။ ပထမတစ်ခုက ဇူလိုင် ၇ ရက် အရေးအခင်းအကြောင်း ကျွန်တော် သိသမျှ ပြန်ပြောပြတာပါ။ ဒုတိယ အင်တာဗျူးက တကသ အဆောက်အဦကြီး မိုင်းခွဲ ဖျက်ဆီးခံရတာရယ်၊  ထိုစဉ်က အစိုးရကိုယ်စားလှယ်အချို့က တကသကြီးကို ပြန်ဆောက်ပေး ပါ့မယ်လို့ ကတိပြုတာရယ်အကြောင်းတွေကို ပြောခဲ့တာပါ။ ကျွန်တော်က လာမည့်နှစ် ၂၀၁၂ ဟာ တကသကြီးဖြိုဖျက်ခံရတာ နှစ် ၅၀ ပြည့်တဲ့နှစ် ဖြစ်ပါတယ်၊ အဲဒီအချိန်မှာ တကသကြီးကို ပြန်လည်တည်ဆောက်နိုင်အောင် ကြိုးစားကြပါစို့လို့ RFA အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

 နောက်ခံအကြောင်းကတော့ ဒီလိုပါ။
 ၁၉၆၂ ဇူလိုင် ၇ ရက်အရေးအခင်းပြီးတော့ ကျောင်းတွေ ပိတ်ချလိုက်ပြီး စက်တင်ဘာမှာ ကျောင်းပြန်ဖွင့်တယ်။ အဲဒီနောက် ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေ ပေါ်လာတော့ ဒီတစ်ကြိမ်မှာ တော်လှန်ရေးအစိုးရက အင်အားသုံး မနှိမ်နင်းဘဲ ဆွေးနွေးရအောင်ဆိုပြီး ကျောင်းသားကိုယ်စားလှယ် လေးဦးကော်မတီကို ၁၉၆၂ နိုဝင်ဘာလထဲမှာ ဖိတ်ခေါ်ဆွေးနွေးတယ်။ တကသခေါင်းဆောင်တွေ ထောင်ထဲရောက်သူရောက်၊ တိမ်းရှောင်သူ တိမ်းရှောင်နေကြရချိန်မှာ ကျွန်တော်တို့က သဟာယနှင့်စာဖတ်အသင်းများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကြိုးပမ်းရင်း ပြန်လည် စုစည်းခဲ့ကြတာပဲဗျ။ လေးဦးကော်မတီထဲက ကိုတင်ထွန်းတစ်ယောက်ပဲ ကွယ်လွန်ပါသေးတယ်။ ကိုချစ်ဆောင်(ကသာ)၊ ကိုတင်အေး ( မြင်းခြံ)နဲ့ အဲဒီတုန်းက ပဲခူးစိုးသိမ်းလို့ သိကြတဲ့ ကျွန်တော်ပါဝင်ပါတယ်။ အစိုးရကိုယ်စားလှယ်များအဖြစ် ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူးကြီးတင်စိုး၊  ဗိုလ်မှူးကြီး ဒေါက်တာမောင်လွင်တို့ပါဝင်ပါတယ်။

ပြန်ဆောက်ပေးပါ့မယ် ပြောခဲ့
 ဆွေးနွေးတဲ့အကြောင်းအရာ များစွာထဲက လောလောဆယ် သက်ဆိုင်တာကို ပြောရရင် မိုင်းခွဲခံခဲ့ရတဲ့ တကသ အဆောက်အဦကြီးကို ပြန်ဆောက် ပေးပါ့မယ်၊ ကျောင်းသားတွေ စိတ်ကြိုက် ဗိသုကာလက်ရာ ပေးရင် ပေးတဲ့အတိုင်းဆောက်ပေးမယ်၊ ယခင်မူလပုံစံအတိုင်း ပြန်လိုချင်ရင်လဲ အရင်အတိုင်း ဆောက်ပေးပါမယ်လို့ သူတို့က ပြောလာပါတယ်။

နှစ်ကြိမ်အဖျက်ခံရတဲ့ တကသ
ကျွန်တော်တို့က တကသအဆောက်အဦကို သင့်တော်တဲ့အချိန်မှာ ကျွန်တော်တို့ဘာသာ ပြန်ဆောက်မယ်၊ မိဘ ပြည်သူတွေက ကျွန်တော်တို့ကို ကူမှာပါလို့ ပြန်ပြောခဲ့ပါတယ်။ နောက်နှစ်လလောက်ကြာတော့ ကျွန်တော်တို့ ဘာသာ တဲတန်းလျားကြီးတစ်လုံး ဆောက်ပြီး တကသ အဆောက်အဦလို့ သမုတ်ခဲ့ပါတယ်။ အဲဒီအဆောက်အဦလဲ ၁၉၆၃ ဒီဇင်ဘာလမှာ ဖြိုဖျက်ခံ လိုက်ရတာပါပဲဗျာ။ ဒါနဲ့ပါဆိုရင် တကသ အဆောက်အဦးကို နှစ်ကြိမ် အဖျက်ခံရတယ်လို့ မှတ်သားရမှာပဲဗျ။

တကသ တဲတန်းလျားကြီးသာမက ကျွန်တော်တို့လက်နဲ့ တည်ဆောက်ခဲ့တဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ကျောက်တိုင်ကြီးလည်း တဲကြီးနဲ့ တစ်ချိန်တည်း ဘူလ်ဒိုဇာနဲ့ ကော်ထိုး ဖျောက်ဖျက် ခံလိုက်ရ ပါကော လား။  ဇူလိုင် ၇ ရက် အရေးတော်ပုံကျောက်တိုင်လို့ နာမည်ပေးခဲ့တဲ့ အဲဒီကျောက်တိုင်ဟာ တကသအဆောက်အဦကြီး မိုင်းခွဲ ဖြိုဖျက်ခံရအပြီး ကျန်ရှိတဲ့ အုတ်ခဲတွေကို တက္ကသိုလ်ဓမ္မာရုံ ၀င်းကြီးထဲ ပုံထားတဲ့နေရာက ၁၉၆၃ ဇန်န၀ါရီလဆန်းမှာ ကျောင်းသား ကျောင်းသူတွေ လက်ဆင့်ကမ်း သယ်ယူပြီး စက်မှုတက္ကသိုလ်ကျောင်းသားတွေ လုပ်အားနဲ့ ဗိုလ်အောင်ကျော် အုတ်ခုံဘေးမှာ တည်ဆောက်ခဲ့တဲ့ ကျောက်တိုင်ပါ။ (မှတ်ချက်။ ဗိုလ်အောင်ကျော်အုတ်ခုံလို့ ကျွန်တော် သုံးနှုန်းလိုက်တာက တချို့က ကျောက်တိုင်လို့ အမှတ်မှားနေကြလို့ပါ။ တကယ်က ဗိုလ်အောင်ကျော် ရုပ်ထုတင်ဖို့ ဆောက်လုပ်ထားတဲ့ အုတ်ခုံသာ ဖြစ်ကြောင်း ရှေးမီနောက်မီလူကြီးတွေကို ကျွန်တော် မေးပါများ စကားရထားတာပါ။ ဗိုလ်အောင်ကျော်ရုပ်ထုက အကြောင်းမညီညွတ်လို့ မပြီးနိုင်တာနဲ့ အုတ်ခုံကိုပဲ ကျောက်တိုင်အဖြစ် အသိအမှတ်ပြုခဲ့ကြတာလို့ ဆိုပါတယ်။)

ပျော်ပျော်ပါးပါး အုတ်မြစ်ချရအောင်
၁၉၈၈ အရေးတော်ပုံအတွင်း  သမ္မတ ဒေါက်တာမောင်မောင်က ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ ၃လအတွင်း ကျင်းပပေးပါမယ်လို့ ကတိပေးတဲ့ မိန့်ခွန်းအဆုံးမှာ တက္ကသိုလ်သမဂ္ဂ အဆောက်အဦကြီး ကိုလဲ ပျော်ပျော်ပါးပါးအုတ်မြစ်ချကြရအောင်လို့ ကတိပေးသွားပါသေးတယ်။ ဘာပဲပြောပြော ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့ လုပ်ရပ်အတွက် ဆင်ခြင်တုံတရား ရှိသူတိုင်းဟာ အပြစ် ရှိတယ်လို့ ခံစားမိကြမှာပါပဲ။ တစ်နည်းနည်းဖြင့် ကျောင်းသားတွေ ကျေနပ်အောင် ပြန်လုပ်ပေးသင့်တယ်လို့ ယူဆသူတွေ အများကြီး ရှိခဲ့တာ သေချာပါတယ်။

ယခု ဆရာဒေါက်တာဦးမြင့်က ပြည်သူသို့ အိတ်ဖွင့်ပေးစာနဲ့ ဒီကိစ္စတွေကို နှိုးဆော်လိုက်တာ အင်မတန်မှ ကျေးဇူးတင်ဖို့ကောင်းပါတယ်။

အခြားတက္ကသိုလ်များ ပစ်ပယ်ရာမရောက်ပါ
ရန်ကုန်တက္ကသိုလ်ကို အထူးအလေးထားပြီး ယခင်ကလို ဂုဏ်သိက္ခာ မြင့်မားတဲ့ ဦးဆောင် တက္ကသိုလ်ကြီးအဖြစ် ပြန်လည် မြှင့်တင်ခြင်းဟာ နိုင်ငံအ၀န်းမှာ ရှိနေတဲ့ အခြားတက္ကသိုလ်/ ကောလိပ်များကို ပစ်ပယ်ရာ ရောက်မယ်လို့ ကျွန်တော်ကတော့ မမြင်ပါဘူးခင်ဗျာ။ ကျွန်တော်တို့ ပြည်သူ့ခေတ်ဂျာနယ်မှာ ဆရာ ဒေါက်တာ တင်လှိုင် (ဘိုးလှိုင်) ဆောင်းပါးအခန်းဆက် ရေးသား တင်ပြခဲ့တဲ့ နိုင်ငံဂုဏ်ဆောင် အမျိုးသားတက္ကသိုလ်ကြီးအဆင့်မျိုးကို ဆိုလိုတာလို့ နားလည်လိုက်ရင် ပိုပြီး ရှင်းလင်းသွားမယ်ထင်ပါတယ်ဗျာ။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး
တကသ အဆောက်အဦကြီး ပြန်လည်တည်ဆောက်ရေးကတော့ ယခုအခါ ကျောင်းသားသမဂ္ဂများ ပြန်လည် ဖွဲ့စည်းနေကြချိန်နဲ့ အချိန်ကိုက်ပဲ ဖြစ်လို့ ယခုနှစ်အတွင်း (ဖြစ်နိုင်ရင် လာမည့် ဇူလိုင်လအတွင်း) အုတ်မြစ်ချ နိုင်အောင် ၀ိုင်းဝန်းကြမယ်ဆိုရင် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား ပြည်သူအများ ကျေနပ် အားရ ဖြစ်ကြမှာ သေချာတယ်ဗျ။ လက်ရှိအစိုးရကပါ  လိုလိုလားလား အားပေးကူညီမယ်ဆိုရင်တော့ အမျိုးသား ပြန်လည်ရင်ကြား စေ့ရေးအတွက်ပါ ကောင်းခြီးမင်္ဂလာဖြစ်ပေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်ဗျာ။   

ရန်ကုန်တက္ကသိုလ်ကြီးကို ကယ်တင် ဆယ်မရေးနဲ့တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကြီး ပြန်လည်တည်ဆောက်ရေးကို ပြည်သူအားလုံးက စိတ်ဓာတ်ရေးရာ တာဝန်သိမှုဖြင့် ၀ိုင်းဝန်းကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ကြောင်းပါဗျာ။

မောင်ဝံသ
၀၁၀၆၁၂

  မြန်မာပြည်ခြံစည်းရိုး
အိန္ဒိယ နိုင်ငံကဲ့သို့လုပ်သင့်သည်




အိန္ဒိယနိုင်ငံသည် အာရှတိုက်၏ လူဦးရေ အထူထပ်ဆုံး နိုင်ငံတစ်ခုဖြစ်ပြီး တောင်အာရှဒေသအတွင်း ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ အိမ်နီးချင်းအင်အားကြီးနိုင်ငံ ဖြစ်သည်။ ၄င်းနိုင်ငံသည် အခြားသော နိုင်ငံများနှင့် ကုန်းပိုင်းတွင် ၁၅၁၀၆ ကီလိုမီတာခန့် ထိစပ်လျက်ရှိပြီး ကမ်းရိုးတန်းပိုင်းတွင် ၇၅၁၇ ကီလိုမီတာခန့် ဆက်စပ်နေပါသည်။
အိန္ဒိယနိုင်ငံနှင့် နယ်မြေဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်နှင့် ကီလိုမီတာ ၄၀၉၇ ခန့်၊ တရုတ်နိုင်ငံနှင့် ကီလိုမီတာ ၃၄၈၈ ခန့် ၊ ပါကစ္စတန်နိုင်ငံနှင့် ကီလိုမီတာ ၃၃၂၃ ခန့်၊ နီပေါနိုင်ငံနှင့် ကီလိုမီတာ ၁၇၅၁ ခန့် ၊ မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၁၆၄၃ ခန့် ၊ ဘူတန်နှင့်မူ ၆၉၉ ကီလိုမီတာ ထိစပ်လျက်ရှိပြီး အာဖကန်နစ်စတန်နိုင်ငံနှင့်လည်း ၁၀၆ ကီလိုမီတာ နယ်မြေထိစပ်လျက် ရှိပါသည်။

နယ်စပ်၊ နယ်ခြားဒေသကို စနစ်တကျ စီမံအုပ်ချုပ်ရေးသည် နိုင်ငံတော်ကာကွယ်ရေးအတွက် လွန်စွာ အရေးပါအရာရောက်သည်ဟု အိန္ဒိယအစိုးရမှ ယုံကြည်ပါသည်။ ထိုသို့  စီမံအုပ်ချုပ်ရာတွင်လည်း စီးပွားရေး၊ စီမံခန့် ခွဲရေး၊ သံတမန်ရေး၊ ဥပဒေရေးရာ အစရှိသော အဖက်ဖက်သော ရှုထောင့်နယ်ပယ်မျိုးစုံမှ အခက်အခဲအဖုံဖုံကို အိန္ဒိယအစိုးရအနေဖြင့် ရင်ဆိုင်ရပါသည်။
၂၀၀၄ခုနှစ်တွင် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနမှ နယ်စပ်ဒေသ စီမံခန့် ခွဲရေး ဌာနတစ်ခု ဖွဲ့စည်း၍ ၄င်း၏ အပြည်ပြည်ဆိုင်ရာ ကုန်းပိုင်းနှင့် ကမ်းရိုးတန်းနယ်ခြားဒေသများကို အထူးဂရုပြု၍ စီမံအုပ်ချုပ်ရန် စီမံကိန်းများ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်းများမှာ နှစ်နိုင်ငံနယ်စပ်တွင် နယ်စောင့် တပ်များ ထားရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး တိုးတက်စေရန် လမ်းသစ်များ ဖောက်လုပ်ခြင်း၊ နယ်စပ်တွင် ခြံစည်းရိုးခတ်ခြင်းနှင့် မီးမောင်းများ တပ်ဆင်ခြင်း စသည်တို့ ဖြစ်သည်။



အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး။

ဘင်္ဂလားဒေ့ရှ်လူမျိုးများသည် အိန္ဒိယနိုင်ငံတွင်းသို့ အများဆုံးခိုးဝင်သော လူမျိုးဖြစ်သည်။ ၄င်းတို့သည် အိန္ဒိယပြည်သို့ နယ်စပ်မှတဆင့် တရားမဝင် ခိုးဝင်၍ အိန္ဒိယပြည်တွင်းတွင် အလုပ်အကိုင် ရှာဖွေလုပ်ကြသည်။ အချို့ မှာမူ ကျွဲနွား၊ မူးယစ်ဆေးဝါးနှင့် လက်နက်များ တရားမဝင် မှောင်ခိုကုန်ကူးကြသည်။ အိန္ဒိယ-ဘင်္ဂလား နယ်နမိတ် ထိစပ်မှုမှာ အောက်ပါအတိုင်းဖြစ်သည်။

- West Bengla (22167 km)
- Assam (263 km)
- Meghalaya (443 km)
- Tripura (856 km)
- Mizoram (318 km)

အိန္ဒိယ-ဘင်္ဂလားနယ်စပ်သည် မြေပြန့် ပိုင်းဖြစ်သည်။ အဆိုပါဘင်္ဂလားတို့၏ တရားမဝင် စိမ့်ဝင်နေထိုင်မှု၊ ၄င်းတို့၏ တရားဥပဒေ ချိုးဖောက်မှုများကို ကာကွယ်ရန်အတွက် အိန္ဒိယအစိုးရမှ အိန္ဒိယ-ဘင်္ဂလားနယ်စပ် တလျှောက် ခြံစည်းရိုးကာရံရန် ဆုံးဖြတ်ခဲ့ပြီး ၂၀၀၉ခုနှစ်တွင်အဆိုပါ ခြံစည်းရိုးကို အပြီးသတ်နိုင်ခဲ့သည်။ ကုန်ကျစရိတ် စုစုပေါင်းမှာ အမေရိကန် သန်း၆၀၀ခန့် ဖြစ်သည်။ အဆိုပါ ခြံစည်းရိုးသည် ကီလိုမီတာ ၃၂၈၇ ခန့် ရှည်လျားပြီး ၃ မီတာမြင့်သည်ဟု သိရပါသည်။



အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး။

ထိုမျှမက အိန္ဒိယ နယ်စပ်လုံခြုံရေးအင်အားစုမှလည်း Shoot-At-Sight Policy ဟူသော တရားမဝင် ခိုးဝင်လာသူများအား အမေးအမြန်းမရှိ၊ တွေ့ရာအရပ်တွင် ပစ်ခွင့်ရှိသော လမ်းစဉ်ကို ချမှတ်ကျင့်သုံးခဲ့သည်။ နှစ်စဉ်နှစ်တိုင်း အိန္ဒိယသို့  ခိုးဝင်ရန် ကြိုးစားသော ဘင်ဂလီများ ရာနှင့်ချီ၍ နယ်စပ်တပ်များ၏ သေနတ်ဖျားတွင် အသက်ပျောက်ကြသည်။ Nazrul Islam ဆိုသော ဘင်္ဂလီမှ သူ၏ အတွေ့ အကြုံကို ဤသို့ ပြောပြခဲ့သည်။

"ကျွန်တော်တို့အဖွဲ့ မနက်စောစော ၃ နာရီလောက်မှာ အိန္ဒိယမှ နွားတွေ ခိုးထုတ်လာပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ဝင်ဖို့  ကြိုးစားနေတုန်းမှာ နယ်စောင့်တပ်တွေနဲ့ တွေ့ပါတယ်။ သူတို့က ကျွန်တော်တို့ကို မြင်တာနဲ့ အစစ်အဆေး အမေးအမြန်း မရှိပဲ တခါတည်း ပစ်တော့တာပါပဲ။"



ခိုးဝင်းလာသူများ၏ ကံကြမ္မာ။

အဆိုပါပစ်ခတ်မှုတွင် Nazrul Islam ၏လက်တွင် ဒဏ်ရာရရှိခဲ့သည်။
အိန္ဒိယ၏ Shoot-At-Sight policy အား ပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်။ ၁၀ နှစ်အတွင်း နယ်ခြားတွင် အသက်ပျောက်သူ ၁၀၀၀ ကျော် ရှိသည်ဟု သိရသည်။ အများစုမှာ ဘင်္ဂလားလူမျိုးများ ဖြစ်သည်။ ပြည်ပလူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် သတင်းစာများမှ အိန္ဒိယ နယ်စောင့်တပ်သည် အပြစ်မဲ့ ပြည်သူများကို ရက်ရက်စက်စက် အကြောင်းမဲ့ ပစ်သတ်သည်ဟု ဝေဖန်ကြသည်။ အဆိုပါကိစ္စနှင့် စပ်လျင်း၍ အိန္ဒိယ နယ်စပ်လုံခြုံရေး အဖွဲ့ (Border Security Force) မှ အကြီးအကဲတစ်ဦး ဖြစ်သူ Raman Srivastava က ပြန်လည်ချေပ ပြောဆိုခဲ့ရာတွင်

"ဒီလိုနယ်စပ်ကို ခိုးဝင်ဖို့ ကြိုးစားရင် အပစ်ခံရတဲ့သူတွေအတွက် ဝမ်းနည်းစရာ မရှိပါဘူး။ သူတို့တွေဟာ အပြစ်မဲ့ ပြည်သူတွေ မဟုတ်ပါဘူး။ အိန္ဒိယကို တရားမဝင် ခိုးဝင်လာတဲ့ ဥပဒေချိုးဖောက်သူတွေသာ ဖြစ်ပါတယ်" ဟုပြောဆိုသွားပါသည်။






အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ခြံစည်းရိုး

လူအချင်းချင်း စာနာမိသော်လည်း တဖက်မှ ပြန်ကြည့်လျှင် အိန္ဒိယအစိုးရသည် မိမိနိုင်ငံ လုံခြုံရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု တွေးမိသည်။ ကျွန်မတို့ ၏ ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နှင့် ၂၅၇ ကီလိုမီတာခန့် ဆက်စပ်လျက် ရှိသည်။ အိန္ဒိယကဲ့သို့ နယ်စပ် ခြံစည်းရိုးများကို ရခိုင်ကမ်းရိုးတန်း တလျှောက်တွင် မားမား မတ်မတ် မြင်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာပါတော့သည်။
"တို့လူမျိုးများ နိုးကြားလို့
အိန္ဒိယကဲ့သို့ စည်းရိုးခတ်စို့"

Qing Minya
..







Saturday, June 9, 2012

သတင်းစကား ပါးလိုက်ပါရစေ


၁၉၈၈ ခုနှစ်ရဲ့ အစောပိုင်းက ရန်ကုန်မှာ မီးပြတ်တယ်ဆိုတာ ရှားပါးပါတယ်။ နွေရာသီလိုအချိန်မျိုးမှာ ၂ ရက်၊ ၃ ရက် လောက်တော့ ပြတ်သွားတတ်ပေမယ့် အခုလိုမျိုးကြီး တောက်လျှောက်ပြတ်တယ်ဆိုတာ မကြုံဖူးပါဘူး။ နယ်ဘက်မှာတော့ လျှပ်စစ်မီးက ရက်ခြားလာသလို၊ ညဘက်မှလာတဲ့ နေရာတွေလည်း ရှိပါတယ်။ ကျမ ၁၉၉၅- ၂၀၀၁ အတွင်း ကျမ အပြင်လောကနဲ့ အဆက်ပြတ်နေတာကြောင့် အပြင်လောကမှာ မီးလာတာ၊ မလာတာ စိတ်မဝင်စားနိုင်ခဲ့ပါ။ျမတို့နေရတဲ့ နေရာလေးမှာတော့ ညတိုင်ကြရင် နီကျင်ကျင်မီးလုံးရဲ့ အလင်းဒဏ်ကြောင့် မျက်နှာသုတ်ပုဝါ မျက်လုံးစည်း အိပ်ခဲ့ရတာ မှတ်မှတ်ရရ ဖြစ်နေပါတယ်။ ကျမရဲ့ ထောင်ဝင်စာမှာ မေမေ့ဆီက မီးပြတ်တဲ့အကြောင်း ညည်းညူတာ ကြားခဲ့ဖူးပေမယ့် ကျမ အများကြီး သတိမထားမိခဲ့ပါဘူး။

ကျမ ထောင်ကနေလွတ်ပြီး အိမ်ပြန်ရောက်တဲ့ညက အိမ်မှာမီးလာပါတယ်။ နောက်နေ့မှ သေချာသိရတာက နေ့လည် ၂ နာရီကနေ နောက်နေ့နေ့လည် ၂ နာရီအထိပဲမီးရပြီး တညလုံးနဲ့ နောက်နေ့တမနက်လုံး မီးမလာပါဘူး။ နေ့လည် ၂ နာရီမှ မီးပြန်လာပါတယ်။ ထူးပေစွပေါ့။ အဲဒီ့နှစ်ကနေစလို့ အလှည့်နဲ့မီးပေးတယ်ဆိုတာကို ကိုယ်တိုင်တွေ့ကြုံရပါတယ်။ အဲဒီ့ကာလတွေမှာ မိုးတွင်းတော့ မီးမှန်သလောက်ရှိပါတယ်။ အဲမိုးကုန်ပြီဆိုတာနဲ့ လျှပ်စစ်မီးက အလှည့်နဲ့လာပါတယ်။ ၂၀၀၃ ခုနှစ်ကနေစလို့ ရန်ကုန်မြို့တော်ရဲ့ နေရာတော်တော်များများမှာ အလှည့်နဲ့မီးပေးတယ်လို့ ပြောနေကြပေမယ့် မီးမလာတာက များပါတယ်။

ကျမတို့နေတဲ့ သုဝဏ္ဏဆိုတာ ၁၉၆၀ ကျော်နှစ်တွေတုန်းက အစိုးရဝန်ထမ်းတွေကိုယ်တိုင် စနေ၊ တနင်္ဂနွေတွေမှာ လုပ်အားပေးပြီး ဆောက်လုပ်ထားတဲ့ ဝန်ထမ်းအိမ်ယာတွေပါ။ အရင်ကတော့ ဝန်ထမ်းတွေပဲနေကြပါတယ်။ နောက်ပိုင်းတော့ ဝန်ထမ်အများစုကြားမှာ အစိုးရဝန်ထမ်းမဟုတ်သူတွေပါနေလာပေမယ့် အများစုကတော့ အစိုးရဌာနတွေက ဝန်ထမ်းတွေပါ။

၁၉၈၀ အစောပိုင်းတုန်းက သုဝဏ္ဏဆိုတာ လမ်းက ကြမ်း၊ လိုင်းကားကရှားပါးနဲ့ သွားရေးလာရေး မလွယ်ကူပါဘူး။ ၁၉၈၇ ခုနှစ်ကစလို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မ.ဆ.လ) က ဝန်ကြီးတွေနေဖို့ အိမ်ယာတွေ စတင်ဆောက်လုပ်ရာကနေ ၁၉၈၈ နောက်ပိုင်း ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ကြီးတွေအတွက် မြေကွက်တွေပေးခဲ့တာကြောင့် ကျမတို့ သုဝဏ္ဏရဲ့ တဖက်ခြမ်းမှာ အထူးသီးသန့်ရပ်ကွက်တကွက် ပေါ်ပေါက်လာပါတယ်။ မြန်မာတပြည်လုံး မီးကို အလှည့်ကြစနစ်နဲ့ ပေးဝေနေပေမယ့် အထူးသီးသန့်ရပ်ကွက်ကတော့ မီးရော၊ ရေရော ပူစရာမလိုအောင် ၂၄ နာရီ အပြည့်လာနေပါတယ်။ မီးပြတ်တဲ့ ညတွေဆိုရင် ကျမတို့ သုဝဏ္ဏမှာ VIP အခြမ်းလို့ခေါ်ကြတဲ့ သီးသန့်ရပ်ကွက်မှာ မီးထိန်ထိန်လင်းနေပြီး ကျမတို့ အစိုးရ ဝန်ထမ်းအများစုနေထိုင်ရာ တိုက်ခန်းအိုတွေကတော့ မဲမဲမှောင်နေပါတယ်။

၂၀၀၃ နွေကိုရောက်တော့ မီးပေးချိန်က ပိုလို့ ပိုလို့ နည်းသွားပြန်ပါတယ်။ မီးမလာတာများတော့ ရေလည်း မရတော့ပါဘူး။ လူတွေအားလုံး မီးပြတ်၊ ရေငတ်ဖြစ်ကုန်ကြပါတယ်။ အီးပီးစီကို စာတွေဝိုင်းရေးကြပေမယ့် အီးပီစီက တာဝန်ရှိသူတွေက မဖတ်လိုက်ရတာလား။ ဖတ်ကိုမဖတ်တာလားမသိပေမယ့် ဘာမှ အထူးတလည် အကြောင်းပြန်တာ မရှိခဲ့ပါဘူး။

ကြာလာတော့ သုဝဏ္ဏနေ ပြည်သူတွေက သူတို့ရဲ့ VIP လိုင်းကနေ မီးခိုးသွယ်ကြပါတယ်။ ခိုးသွယ်တယ်ဆိုလို့ ကိုယ့်သဘောကိုယ်ဆောင်ပြီး လိုင်းဆွဲကြတာ မဟုတ်ပါဘူး။ EPC လို့ အများခေါ်ကြတဲ့ လျှပ်စစ်ရုံးကလူတွေကို ပိုက်ဆံပေးပြီး သွယ်ကြရတာပါ။ ဒီလိုမီးခိုးသွယ်တော့ သူတို့လိုင်းက မီအားတွေလျော့သွားတယ်တဲ့။ ဒါကြောင့် ဗိုလ်ချုပ်တဦးက ညဘက်မှာ အထူးလေ့လာရေး ထွက်ပါတော့တယ်။ အထူးလေ့လာရေးထွက်လာတဲ့ ဗိုလ်ချုပ်တဦးရဲ့ တွေ့ရှိချက်က တချို့အိမ်တွေမှာ မီးလင်းနေပြီး တချို့အိမ်တွေ မီးမှောင်နေတာကြောင့် မီးခိုးသွယ်တယ်ဆိုပြီး အီးပီစီကို ကွိုင်ရှာပါတယ်။ ဒါကြောင့် အီးပီစီက ဝန်ထမ်းတွေရောက်လာပြီး ကောင်းကောင်းမွန်မွန်ပြောပြကာ မီးလိုင်းတွေကိုတော့ ပြန်ဖြတ်သွားပါတယ်။

မီးမရှိတော့ ရေစက်တွေ ရေမတင်နိုင်ပါဘူး။ ပြည်သူတွေထံ ရေပေးဝေတဲ့ ရေစင်ကြီးတွေမှာ ခြောက်ကပ်နေပါတယ်။ ငွေကြေးတတ်နိုင်သူတချို့က ရေစက်တွေထောင်ပြီး ရေရောင်းစားကြပါတယ်။ မီးမလာတဲ့ တိုင်းပြည်ထဲမှာ မီးစက်သံတွေနဲ့ အမြဲလိုလို ဆူညံနေပါတယ်။ ရေတစည်ရဖို့အတွက် မနက်မိုးမလင်းခင်ကတည်းက စာရင်းပေးသွင်းကြရပါတယ်။ ရေတစည်ကို ၅၀၀ ကျပ်ကနေ အရမ်းပူတဲ့အချိန်ဆိုရင် ၁၅၀၀- ၂၀၀၀ ကျပ်လောက်အထိကို ဈေးပေါက်ပါတယ်။ ရေက ကိုယ်လိုချင်သလောက် အလုံအလောက်မရ၊ မီးစက်လည်း မဝယ်နိုင်တဲ့ လူတွေဟာ ညအရမ်းညဥ့်နက်တဲ့အချိန် အစိုးရ ရေပေးဝေတဲ့ ပိုက်တွေက တစက်ချင်းကျတဲ့ ရေကို ခံကြရပါတယ်။ အိမ်ရှိလူကုန် တယောက်တလှည့် ထပြီး ရေပိုက်ကနေ တစက်ချင်းကြတဲ့ရေကို ရေခွက်နဲ့ခံ ပြီးရင်ဘေးက ပုံးတွေထဲကို ထည့်ကြရတာပါ။ ဒါတောင် ကုန်းမြင့်ပေါ်ရောက်နေတဲ့ အိမ်တွေဆိုရင် ရေစက်တောင် မကျပါဘူး။ ညဘက်တွေမှာလည်း တဝုန်းဝုန်း၊ တဒိုင်းဒိုင်းနဲ့ မီးစက်သံတွေ၊ မီးစက်တွေကနေ ထွက်လာနေတဲ့ မီးခိုးငွေ့တွေနဲ့ ပတ်ဝန်းကျင်ဟာ ဝေဝေဆိုင်းဆိုင်းနဲ့ပါပဲ။

ဒါက အထပ်မြင့်မဟုတ်တဲ့ သုဝဏ္ဏမို့လို့ပါ။ ကန်ထရိုက်တိုက်ခန်းတွေရှိရာ ကျောက်မြောင်း၊ တာမွေ စတဲ့ ရပ်ကွက်ထဲမှာ ဆိုရင် ၇ လွှာ၊ ၈ လွှာမှာ နေရတဲ့သူတွေ ရေအတွက် တော်တော် စိတ်ဆင်းရဲရပါတယ်။ မီးမလာတော့ ရေအပေါ်တင်လို့ မရပါဘူး။ ဒါကြောင့် ရေရနိုင်တဲ့ ရေကန်တွေရှိရာကနေ ၇ လွှာ၊ ၈ လွှာအထိ ဆွဲတင်ကြရပါတယ်။ နွေရောက်တိုင်း ၇ လွှာ၊ ၈ လွှာနေသူတွေရဲ့ ဒုက္ခလည်း မသေးလှပါဘူး။ ပိုက်ဆံနဲ့ ပေးဝယ်ချင်ပါတယ်ဆိုရင်တောင် ရေတစည်ကို ၁၀၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်လောက် အထိပေးဝယ်ရပေမယ့် ကိုယ်လိုချင်တဲ့ ရေစည်အရေအတွက် ဝယ်လို့မရပါဘူး။ ရောင်းတဲ့ သူရဲ့ အချိုးကျ ရောင်းချမှုကိုပဲ လက်ခံရပါတယ်။ ငွေ ၁၀၀၀၊ ၁၅၀၀ နဲ့ ပေးမဝယ်နိုင်သူတွေအတွက်တော့ တကယ့် ငရဲပါပဲ။

ကျမရဲ့ ခင်ပွန်း ထောင်ကနေလွတ်တော့ ၁၉၉၉ ခုနှစ်ပါ။ အဲဒီ့အချိန်ကတည်းက သူက မိတ္ထူဆိုင်လေး ထောင်ပါတယ်။ ၂၀၀၅ မိုးတွင်းပိုင်းလေးမှာပဲ ကျမတို့ လင်မယား မိတ္တူဆိုင်ကို သုဝဏ္ဏကို ပြောင်းရွေ့ပါတယ်။ မိတ္ထူဆိုင် စတဲ့ အချိန်တုန်းက မိုးတွင်းဆိုပေမယ့် မီးကတော့ သိပ်မမှန်လှပါဘူး။ ဒါပေမယ့် စီးပွားရေးလေး မှေးလုပ်လို့ ရတယ်ဆိုတဲ့ အနေအထားလောက်ပါပဲ။ မိုးလည်းကုန်ရော ကျမတို့ သုဝဏ္ဏမှာ မီးမမြင်ရတော့ပါ။ မီးစက်နဲ့ မိတ္ထူကူးရင် အမြတ်ရဖို့ မလွယ်ပါဘူး။ ဒါကြောင့် မိတ္ထူစက်ကို ခတ္တအနားပေးလိုက်ပြီး “မီယာမီ” ရေသန့်ဆိုင် လုပ်ရပါတယ်။ ဆောင်းတွင်းမှာတော့ အေးအေးချမ်းချမ်းနဲ့မို့ မီးခဏခဏပြတ်ပေမယ့်လို့ သောက်ရေသန့်ဘူးတွေအတွက် ပြဿနာမဖြစ်ပါဘူး။ နွေလည်းရောက်လာရော ရန်ကုန်မြို့မှာ မီးမမြင်ရတော့ပါဘူး။ ရာသီကလည်း အရမ်းပူနေပြီဆိုတော့ လူတွေ သောက်ရေသန့်ဘူးကို အလုအယက်မှာကြပါတယ်။

ရေသန့်ဘူးတွေရောင်းနေရတဲ့ ကျမတို့ရဲ့ ဒုက္ခကလည်း မသေးပါဘူး။ မြန်မာတနိုင်ငံလုံး မီးမလာတာကြောင့် စက်မှုဇုံတွေမှာ ထုတ်လုပ်မှုတွေကို လိုသလောက် မလုပ်နိုင်ကြပါဘူး။ ရေသန့်စက်ရုံကလည်း ရေသန့်ဘူးလိုသလောက် မထုတ်နိုင်ပါဘူး။ ဒါကြောင့် သူတို့ ထုတ်လုပ်နိုင်သမျှကိုပဲ ကျမတို့ဆိုင်တွေကို မျှပေးပါတယ်။ ကျမတို့ကလည်း ရေလိုသူတိုင်းကို ရောင်းပေးလို့ မရနိုင်တော့တာကြောင့် ဖောက်သယ်တွေကို မျှရောင်းပေးရပါတယ်။ အဲဒီ့ကိစ္စဟာ ကျမတို့ ရောင်းနေတဲ့ ရေကုမ္ပဏီတခုတည်းရဲ့ ပြဿနာမဟုတ်ဘဲ ရေသန့်ကုမ္ပဏီတိုင်းဖြစ်ကြရပြီး၊ ရေသန့်သောက်သုံးသူတိုင်း ကြုံနေကြရတာပါ။

ကျမတို့ဆိုင်ကို ရေသန့်လာချပေးဖို့ ကုမ္ပဏီကို ဖုန်းဆက်ပြီးရင် ကုမ္ပဏီကလာပို့မယ်လို့ပြောတဲ့အချိန်ကို ထိုင်စောင့်ကြရပါတယ်။ ည ၂ နာရီလာပို့မယ်ဆိုလို့ ကျမ ခင်ပွန်းနဲ့ ဆိုင်က အလုပ်သမားလေးတွေ ညမအိပ်ဘဲ ဖယောင်းတိုင်လေးတွေထွန်းပြီး စောင့်ကြရပါတယ်။ ခြင်က ကိုက်၊ ရာသီဥတုကပူပြင်းတာနဲ့ တော်တော်လေး စိတ်ရှည်ရှည်ထားရပါတယ်။ တချို့ရက်တွေမှာ စောင့်နေပေမယ့်လည်း ရေကားရောက်မလာတာကြောင့် အိပ်ရေးပျက်တာပဲ အဖတ်တင်ရတဲ့ အကြိမ်လည်း မနည်းပါဘူး။ ကျမတို့အနေနဲ့ ကုမ္ပဏီက လူကို ရန်တွေ့မိရင် အဲဒီ့လူပြန်ပြောနေကြစကားက “ကျနော်တို့က ရောင်းချင်တာပေါ့၊ ရောင်းရသမျှ ကျနော်တို့လည်း အမြတ်ရတာပဲ။ ရေဆိုတာ ခုလိုပူအိုက်တဲ့ အချိန်ဆိုတာ ရေပိုရောင်းရမှန်း ကျနော်တို့ မသိတာမှ မဟုတ်တာ၊ ဒါပေမယ့် မီးမလာတော့ ဘာမှ လုပ်လို့မရလို့ပါ” တဲ့လေ။

မှတ်မှတ်ရရ ၂၀၀၆ ခုနှစ်ထဲမှာပဲ မီးက ခဏလေးလာလိုက် ပြတ်သွားလိုက်ဖြစ်နေတော့ အိမ်တော်တော်များများ ဝါယာရှော့ဖြစ်တယ်လို့ ကြားရပါတယ်။ အိမ်ရှင်မတွေက မီးလေးလာတုန်း ရေနွေးအိုးတွေ၊ ထမင်းအိုးတွေ ပြေးတည်လိုက်ကြ၊ မီးလည်းပြတ်သွားရော “ဟော” သွားပါပြီဆိုပြီး စိတ်ညစ်ညစ်နဲ့ မီးသွေးမီးဖိုဖို့ ကြိုးစားနေကြရင်း ခလုတ်ပိတ်ဖို့ မေ့သွားကြပါတယ်။ ကိုယ်လုပ်စရာရှိတာလုပ်ပြီးတာနဲ့ အလုပ်ရှိရာကို ပြေးကြရတော့ မီးလာတဲ့အချိန် အိမ်မှာ လူမရှိတာနဲ့ ကြုံသွားတော့ ဝါယာရှောခ့် ဖြစ်ကြတာပါ။

တချို့ညတွေဆိုရင် မီးလေးလာလိုက်ရင် ပြည်သူတွေက ပျော်လွန်းလို့ “ဝေးးးးး” ခနဲ ထအော်လိုက်၊ နောက် ၂ မိနစ် လောက်မှာ မီးက ဖျပ်ခနဲ ပြန်ပြတ်သွားတော့ အားလျော့တဲ့ လေသံနဲ့ “ဝါး” ဆိုတဲ့ အော်သံတွေကို မှန်မှန်ကြားနေရပါတယ်။ ရန်ကုန်တမြို့လုံး မီးစက်တတ်နိုင်သူတွေ မီးစက်ဖွင့်ကြ၊ မတတ်နိုင်သူတွေက ရာသီဥတုရဲ့အပူဒဏ်ရော၊ မီးစက်က ထွက်လာတဲ့ အပူငွေ့တွေနဲ့ပါ ရောပြွန်းလို့ ခံစားကြနဲ့ နွေရာသီတွေကို အံတုကျော်ဖြတ်ကြပါတယ်။

ကျမတို့ မိသားစု ထိုင်းကိုစရောက်တဲ့နေက ကျမသားက မေမေ ဒီမြို့က မီးမပြတ်ဘူးနော်တဲ့။ သူ ထင်နေတာက ဒီမြို့ဟာ မြန်မာနိုင်ငံထဲက မြို့တမြို့လို့ ထင်နေပုံရပါတယ်။ ကျမလည်း သားကိုဘာမှ အထူးတလည် ရှင်းမပြတော့ပါဘူး။ ရှင်းပြလည်း သူ နားလည်နိုင်ဖို့ ခက်နေအုံးမှာပါ။

ထိုင်းမှာ ကျမ နေတဲ့ကာလတလျှောက် ဝါယာရှော့ခ် ဖြစ်တယ်လို့ မကြားမိပါဘူး။ မီးကလည်း ၂၄ နာရီလုံး အမြဲလင်းနေတာပါ။ ကိုယ်ဖွင့်ချင်မှ ဖွင့်လို့ရပါတယ်။ အားလုံး ကိုယ့်သဘောပါ။ ထိုင်းမှာ မီတာခ တယူနစ်ကို ၃ ဘတ်ခွဲလောက် ကျပါတယ်။ ထိုင်းပြည်သူတွေရဲ့ အနိမ့်ဆုံးလစာဟာ ဘတ် ၁ သောင်းခွဲလောက်ရှိပါတယ်။ တလလုံး ရေခဲသေတ္တာ၊ အဝတ်လျော်စက်၊ အဲယားကွန်း၊ တီဗွီ၊ ကွန်ပျူတာတွေ အကုန်လုံးသုံးတာတောင် မီတာခ ဘတ် ၅၀၀ ကျော်၊ ၆၀၀ လောက် ကျပါတယ်။ ထိုင်းပြည်သူတွေအနေနဲ့ အကုန်သုံးနိုင်ကြပါတယ်။

တောဘက်တွေမှာတော့ တောင်သူလယ်သမားတွေကို ဆိုလာပြားတွေ လုပ်ပေးထားပါတယ်။ လျှပ်စစ်မီး သွယ်တန်းပေးဖို့အတွက် မီတာတွေလိုက်တတ်ပေးတာကို အလုပ်ရှုပ်တယ်ဆိုပြီး လက်မခံလို့ ဘာမှ ပိုက်ဆံပေးဖို့ မလိုတဲ့ ဆိုလာတွေ တပ်ဆင်ပေးထားတာပါ။

ထိုင်းမှာရောက်နေတဲ့ မြန်မာတွေအတွက်ကတော့ မီတာခက ကြီးလေးပါတယ်။ မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေဟာ အမြင့်ဆုံးလူက ဘတ် ၄၅၀၀၊ ဘတ် ၅၀၀၀ လောက်ပဲ ရတာပါ။ ဒီထက်နည်းတဲ့လူပဲ ရှိပါတယ်။ ဒီ့ထက်များတဲ့ လူက ရှိရင်တောင် တော်တော်အရေအတွက် နည်းပါတယ်။

ကျမ နေနေတဲ့ ၃ နှစ်အတွင်း ထိုင်းနိုင်ငံရဲ့ တာဝန်ရှိသူ ဘယ်သူကမှ ချွေတာသုံးပါလို့ ပြောတာမကြားရပါဘူး။ ပြောစရာ မလိုအောင် ချွေတာသုံးအောင်လုပ်ပေးတဲ့ နည်းလမ်းရှိပါတယ်။ အဲဒါက ဘယ်သူမဆို ယူနစ် ၉၀ အောက် ချွေတာသုံးရင် မီတာခ ပေးဖို့မလိုတာပါပဲ။ ကျမလည်း ထိုင်းကိုရောက်ကတည်းက မီတာခ မပေးရတဲ့လက အများသားလေ။

ကျမကို တစုံတယောက်က မီတာချွေတာနော်လို့ ပြောစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ယူနစ် ၉၀ ကို ၁ ယူနစ်ပိုပြီး ၉၁ ဖြစ်သွားရင်တောင်မှ မီတာခပေးနေရမှာစိုးလို့ ကျမ ချွေတာပြီးသုံးပါတယ်။

ကျမ နားလည်သလောက်ပြောရရင် ထိုင်းနိုင်ငံမှာ လျှပ်စစ်ကို ဂတ်စ်ကနေ အများဆုံး ထုတ်လုပ်ပါတယ်။ အဲဒိ့ဂတ်စ်တွေကို မြန်မာပြည်ကနေ အကြမ်းထည်ဝယ်ပြီး ထိုင်းမှာ အဆင့်ဆင့် ပြန်လည်သန့်စင်ပါတယ်။ ထိုင်းမှာ ဟင်းချက်တဲ့ ဂတ်စ်လည်း အလွန်ပေါပါတယ်။ မြဝတီမြို့ဟာ မြန်မာနိုင်ငံမှာ မီးလာတဲ့ မြို့ပါ။ ထိုင်းဘက်ကနေ မြဝတီမြို့ကို မီးပေးတာကြောင့်ပါ။

ထိုင်းလူမျိုးတွေရော၊ ထိုင်းရောက်နေတဲ့ မြန်မာတွေရော လျှပ်စစ်နဲ့ ထမင်းလောက်ပဲချက်ပြီး ကျန်တာ ဂတ်စ်နဲ့ ချက်ကြပါတယ်။ ၆ ကီလို တအိုးကို ဘတ် ၁၁၀ ပဲကြပါတယ်။ ၃ ပိဿာဝင်အိုးတွေဆိုရင်တော့ ဘတ် ၃၀၀ ပဲ ကျပါတယ်။

လူတွေအတွက် ရွေးချယ်ဖို့ရှိတယ်ဆိုရင်တော့ ဘယ်သူမဆို သက်သာတဲ့အရာကိုပဲ ရွေးချယ်ကြလိမ့်မယ်ဆိုတာကို ဘယ်သူမှ မငြင်းပယ်ဘူးလို့ ထင်ပါတယ်။ ကိုယ့်နိုင်ငံကသုံးတဲ့ အရာထက် အမှန်တကယ်ပိုမှ အခြားနိုင်ငံတွေကို ရောင်းချရမှာပါ။ တကယ်တော့ ကျမတို့ နိုင်ငံမှာ ပြင်ဆင်စရာတွေ အရမ်းများနေပါတယ်။ အခုချက်ချင်းကြီး ထပြီး ပြင်ဆင်ဖို့လည်း မလွယ်ဘူးဆိုတာကို မြန်မာပြည်သူတွေ သိပါတယ်။ အမှားမှားအယွင်းယွင်းနဲ့ အုပ်စိုးလာတဲ့ နှစ်တွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ အရာတွေအပေါ်မှာ ဇွတ်အတင်း ငြင်းဆန်နေမယ့်အစား အခုလောလောဆယ်ဆယ် တာဝန်ယူနေတဲ့ လူတွေအနေနဲ့ ပြည်သူတွေကို ကောင်းကောင်းမွန်မွန် မေတ္တာရပ်ခံမယ်။ တာဝန်ခံပြီး ရှေ့လျှောက် ဒီလို မဖြစ်စေရဘူးလို့ ပြောခဲ့ရင်တော့ ကျမတို့ မြန်မာပြည်သူတွေလည်း ကျေနပ်ကြပါလိမ့်မယ်။

ကျမတို့တိုင်းပြည်ရဲ့ အခြေအနေက အိမ်တလုံးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တအိမ်လုံး ခြစားပျက်စီးနေတဲ့အိမ်နဲ့ တူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအိမ်ကို ပြင်ဆင်ရမယ်ဆိုတာက သမိုင်းကပေးလာတဲ့ တာဝန်ပါ။ ဒီအိမ်ကို ပြင်ဆင်ဖို့အတွက်ဆိုရင် ဒီအိမ်မှာ မှီတင်းနေထိုင်သူတွေအားလုံး ကြိုးစားရမှာပါ။ အားလုံးရဲ့ ကြိုးစားအားထုတ်မှုကို ဒီအိမ်ရဲ့ အကြီးအကဲက အသိအမှတ်ပြုပြီး အစီအစဉ်တကျဖြစ်အောင် သူက စီစဉ်ရမယ့် တာဝန်ရှိပါတယ်။ နှစ်ပေါင်း ၅၀ လောက် ယိုယွင်းနေတဲ့စနစ်ကို ပြုပြင်မယ်ဆိုရင် တာဝန်ရှိသူတွေအားလုံး တိုင်းပြည်နဲ့ ပြည်သူတွေအပေါ် စိတ်စေတနာ အရင်းခံလေးနဲ့ ပြုပြင်မယ်ဆိုရင် မြန်မာပြည်သူတွေ ကျေးဇူးတင်ပါလိမ့်မယ်။ တာဝန်မယ့်တဲ့ ပိုလို့ရောင်းစားနေတယ် လို့ပြောနေတဲ့ ဝန်ကြီးနဲ့ ဖယောင်းတိုင်လေးထွန်းနေလိုက်ပါလို့ လက်လွတ်စပယ် ပြောတတ်တဲ့ အကြံပေးတို့လို ပြဿနာကို မဖြေရှင်းဘဲ နည်းစနစ်တကျ ပြဿနာဖြေရှင်းတဲ့ အလေ့ရှိဖို့လိုနေပြီလို့လဲ အာဏာရ အစိုးရထံ သတင်းစကား ပါးလိုပါတယ်။

ခင်ငြိမ်းသစ်
လူ


စနစ်တခုကနေ စနစ်တခု ပြုပြင်ပြောင်းလဲဖို့ ဆိုတာ ဦးဆောင်သူတွေ၊ အတတ်
ပညာရှင်တွေ၊ အသိပညာရှင်တွေက အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။
အဲဒီ ဦးဆောင်သူတွေ၊ အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေဟာ အဂတိကင်းတဲ့
နောင်အရှည်သဖြင့် တည်တံ့နိုင်မယ့် အကျိုးစီးပွားကို အမှန်တကယ်မျှော်ကိုးပြီး ဆုံးဖြတ်ပြုပြင်
ကြမှ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ကို ရောက်ရပါလိမ့်မယ်။

နိုင်ငံတော်ဆိုတာ တိုင်း၊ နယ်နမိတ် အစည်းအခြားထဲက ဒေသတခုကိုခေါ်တာပါ။
မြန်မာနိုင်ငံတော်ဆိုတာ အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အရှေ့ နဲ့ အရှေ့မြောက်မှာ
တရုပ်၊ အရှေ့ နဲ့ အရှေ့တောင်မှာ ထိုင်း၊ လာအို စတဲ့နိုင်ငံတွေနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့
အရှေ့တောင်အာရှ နိုင်ငံတခုပါ။ အဲဒီ မြန်မာနိုင်ငံတော်ရဲ့ အကျိုးစီးပွားဆိုတာ
မြန်မာနိုင်ငံတော်အတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊
ရခိုင်၊ ရှမ်း အစရှိတဲ့ တိုင်းရင်းသားတွေ နဲ့ အခြားတိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ
အပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံသူ ၊သား တွေရဲ့ အကျိုး စီးပွားကို ဆိုလိုတာပါ။

မြန်မာနိုင်ငံသူ၊သား တဦးချင်းရဲ့ အကျိုးစီးပွားဟာ မြန်မာနိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်ကို
ဆက်စပ်ပါတယ်။ တကယ်တော့ တိုင်းပြည်တပြည်ဟာ လူတွေနေမှ ဖြစ်တာပါ။ အဲဒီ လူတွေရဲ့
အကျိုးစီးပွားဟာ အဲဒီတိုင်းပြည်ရဲ့ အကျိုးစီးပွားပဲ မဟုတ်လား။
လူသားဟာ သက်ရှိသတ္တဝါတွေထဲမှာ ဥာဏ်ရည်အမြင့်မားဆုံးပါပဲ။ လူသားဟာ
လူ့ဘဝရှင်သန်ရေးအတွက် အစားအစာကို လှည့်လည်ရှာဖွေ စားသောက်ရတဲ့ အဆင့်ကနေ
စုပေါင်းထုတ်လုပ်စားတဲ့ အဆင့်၊ ကုန်ပစ္စည်းချင်းဖလှယ်စားရတဲ့ အဆင့်၊ ငွေကြေးစနစ်
အမျိုးမျိုးနဲ့ ဝယ်ခြမ်းစားသောက်ရတဲ့ အဆင့်ကို တဖြည်းဖြည်း ကူးပြောင်းရောက်ရှိလာခဲ့တဲ့
သတ္တဝါပါပဲ။ ဒီလိုပဲ ခြေဦးနဖူးတည်ရာ လှည့်လည်နေထိုင်တဲ့ အဆင့်ကနေ ကျေးရွာ၊ မြို့ပြ၊
နိုင်ငံအဖြစ် စုစည်းတည်ထောင် နေထိုင်တဲ့အဆင့်ကို ရောက်ရှိလာခဲ့ပြီးတော့မှ လူကျွန်၊ မြေကျွန်
တွေအထိဖြစ်ခဲ့ရတဲ့ အဆင့်အတန်းခွဲခြားသတ်မှတ်တဲ့ လူမှုစနစ်ကို ရောက်လာခဲ့ရတာပါ။

အဲဒီကစလို့ ကျေးကျွန်စနစ်ခေတ်၊ ပဒေသရာဇ်စနစ်ခေတ်၊ အရင်းရှင်စနစ်ခေတ်နဲ့
အရင်းရှင်စနစ်ခေတ်ကို ဖျက်သိမ်းဖို့ ကြိုးပမ်တဲ့ ဆိုရှယ်လစ်စနစ်ခေတ် အထိ ပြောင်းလဲလာခဲ့
တာပဲဖြစ်တယ်။ လူတန်းစားမရှိ၊ နိုင်ငံတော်မရှိတဲ့ လူ့အဖွဲ့အစည်းများအဖြစ်ကနေ လူတန်းစား
ဖွဲ့စည်းမှုနဲ့ နိုင်ငံတော်အာဏာ ရှိလာတဲ့ လူ့အဖွဲ့အစည်းအဖြစ်ကို ရောက်ရှိဖြတ်သန်းခဲ့ရတာပါ။

ရှေးဟောင်းလူ့အဖွဲ့အစည်းများကနေ ခေတ်သစ်လူ့အဖွဲ့အစည်းများအဖြစ် ဖြစ်ပေါ်
တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာ လူသားဟာ ရုပ်ဝတ္ထုယဉ်ကျေးမှု (နေမှု၊
စားမှု၊ ဝတ်မှု၊ ကုန်ထုတ်လုပ်မှု) တမျိုးတည်းကိုသာ ဖြစ်ပေါ်တိုးတက်စေခဲ့တာ မဟုတ်ပါဘူး
စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု (ကျင့်ဝတ်၊ ဘာသာရေး၊ အနုပညာ၊ နိုင်ငံရေးသိမှု) နယ်ပယ်ကိုပါ
ဖြစ်ထွန်းတိုးတက်စေခဲ့တာပါ။

ဒီလိုနဲ့ လူသားဟာ ဆင်ခြင်တုံတရားကို မဏ္ဍိုင်ထားတဲ့ လူ့ယဉ်ကျေးမှု မျက်နှာစာ
အားလုံးကို ဖွံ့ဖြိုးတိုးတက်စေခဲ့သလို လူ့ဘဝမှာ အသက်ရှင်ရပ်တည်ရခြင်းရဲ့ သစ္စာနဲ့အဓိပ္ပါယ်
ကိုလူသားတိုင်က လက်လှမ်းမှီသလောက် တရွေ့ရွေ့စဉ်းစားလာတတ်ကြတာဟာ ဟိုး
ကမBာဦးအစ ကျောက်ခေတ်ကတည်းကပါ။ ဒီဖြစ်ပေါ်တိုးတက်မှုတွေနဲ့ လူသားဟာ စားဝတ်
နေရေး အခြေခံဘဝထက်ကိုပိုပြီး လူဖြစ်လာရခြင်းဆိုတာမိမိနဲ့ မိမိပတ်ဝန်းကျင်ကို ပိုမို တိုးတက်
ကောင်းမွန်မြင့်မားလာအောင် အသိဥာဏ်တွေ ဝင်လာခဲ့ကြတာပါပဲ။

ဒီအသိဥာဏ်တွေကြောင့်ပဲ လူသားဟာ လူတဦးချင်းစီ အကြောင်း၊ လူ့အဖွဲ့အစည်းအကြောင်း၊ လူနဲ့
လူ့အဖွဲ့အစည်း ဆက်ဆံရေးအကြောင်း၊ ခေတ်သစ်တခုကို ရှေ့ရတဲ့ စီးပွါးရေး၊ နိုင်ငံရေး၊
အုပ်ချုပ်ရေး၊ ကျင့်ဝတ်နီတိ အပါအဝင် လူလူချင်း ဆက်ဆံရေးအကြောင်းစတဲ့ နယ်ပယ်စုံကို
စဉ်းစားတွေးခေါ် လျှောက်လှမ်းလာခဲ့ကြတာပါပဲ။

ဒီနေ့ တွေ့၊ ထိ၊ မြင်၊ သိ နေရတဲ့ ဖြစ်ပေါ်တိုးတက်မှုအားလုံးဟာ လူ့သမိုင်းအစကနေ
ယနေ့အထိ လူ့အဖွဲ့အစည်း အမျိုးမျိုးတို့ရဲ့ နယ်ပယ်ပေါင်းစုံက အတွေ့အကြုံတွေ၊
ကြိုးပမ်းမှုတွေ၊ စမ်းသပ်စစ်ဆေး ခံပြီးတဲ့ အသိပညာတွေပါပဲ။ လူ့သမိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှု
ဆိုတာဟာလည်း တကယ်တမ်း ဆန်းစစ်ကြည့်လိုက်ရင် လူသားရဲ့ အသိဥာဏ်ပညာ ဖွံဖြိုးမှု
သမိုင်းပါပဲ။

လူသားရဲ့ အသိဥာဏ်ပညာ ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့်ပဲ ခေတ်သစ် လူသားဟာ
လူ့အဖွဲ့ အစည်းတခု၊ နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေးဟာ ခွဲခြားမရနိုင်ကြောင်းကိုလည်း
သိရှိလာခဲ့ကြတယ်။ တံခါးပိတ်ဝါဒ စနစ်ကိုကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းတို့ရဲ့ စီးပွားရေးကဏ္ဍတွေ
တခုပြီးတခု ပြိုလဲကျလာတာကို ထောက်ရှုပြီး လူ့အဖွဲ့အစည်းတို့ဟာ သီးခြားရပ်တည်လို့
မရနိုင်တော့တာကို သိရှိလာခဲ့ကြတယ်။ မတော်မတည့်၊ မမှန်ကန်တဲ့ အာဏာနဲ့ အုပ်ချုပ်မှု
ကိုလည်း တွန်းလှန်လာခဲ့ကြတယ်။ ဖြောင့်မှန်တဲ့ အယူဝါဒနဲ့ ဆန့်ကျင်တဲ့ လူ့အဖွဲ့အစည်းမျိုး
ကိုလည်း လိုလားမှု ကင်းမဲ့လာခဲ့ကြတယ်။

လူ့အဖွဲ့အစည်းအတွင်းထဲမှာ ကောင်းမြတ်တဲ့
အကျင့်စရိုက်တွေ၊ စွမ်းရည်သတ္တိတွေ လူတိုင်းမှာ ဖြစ်ပေါ်လာစေရေးတို့ကိုလည်း အလေးဂရုပြု
လာခဲ့ကြတယ်။ ဒီထက်ပိုပြီး လူဟာ လူသားတို့ရဲ့ စွမ်းဆောင်ရည်၊ နာကျင်မှု၊ ခံစားမှုတို့ကို အမှန်
တကယ် စာနာ၊ နားလည်၊ သိမြင်မှု မရှိပဲ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တခုကြောင့်သာ
မျှော်မှန်းဆောင်ရွက်တတ်တဲ့ သေးငယ်နိမ့်ကျပြီး ကိုယ့်ကိုယ်ပိုင် ဘဝငယ်ထဲမှာ ကျဉ်းမြောင်းစွာ
ရပ်တည်ရှင်သန်တဲ့ လူ့အဖွဲ့အစည်းကို ဆန့်ကျင်ရမယ် ဆိုတဲ့ အသိဥာဏ်တွေ ရရှိလာခဲ့ကြ
တယ်။ ဒီအသိဥာဏ်တွေနဲ့ အတူ လူသားဟာ အတွေးခေါ်၊ လွတ်လပ်မှုနဲ့ အတ္တ၊ ပရ မျှတစွာ
ကျင့်ဆောင်တတ်မှု၊ မိမိနဲ့ သူတပါး၊ မိမိနဲ့ လောက ဝေမျှခံစား တွေးတော လုပ်ကိုင်တတ်တဲ့
စွမ်းရည်တွေ ရရှိလာခဲ့ကြတာဖြစ်တယ်။

လူသားတိုင်းဟာ အတ္တတရားကို လက်ကိုင်ထားကြတယ် ဆိုပေမယ့် မိမိပတ်ဝန်းကျင်
ရဲ့ ကောင်းကျိုးကို လုပ်ဆောင်ပေးနိုင်ခွင့်ရချိန်မှာ အတ္တမှ လွန်မြောက်ဖယ်ခွာနိုင်ရတယ်။
ဒါမှလည်း လူဖြစ်ရခြင်းနဲ့ လူ့ဘဝ အဓိပ္ပါယ်ကို ပိုမို လေးနက် ပီပြင်လာစေတဲ့ ခံစားမှုတရပ်
ဝင်လာစေနိုင်မှာဖြစ်ပြီး ပိုမိုပြည့်ဝတဲ့ လူ့ဘဝအနှစ်သာရကို ရရှိစေနိုင်မှာဖြစ်တယ်။ လူ့အဖွဲ့
အစည်းကို ဦးဆောင်သူတို့ရဲ့ ကိုယ်ကျိုးသက်သက် လုပ်ဆောင်မှုတွေဟာ လူ့အဖွဲ့အစည်းကို
အမည်းစက် စွန်းထင်းစေမှာဖြစ်သလို လူ့အဖွဲ့အစည်းအပါအဝင် လူသားတွေအတွက်
အကျိုးရလဒ် ကောင်းတွေကို ရရှိပိုင်ဆိုင်ခွင့်တွေနဲ့ အလှမ်းကွာဝေးနေမှာသာဖြစ်တယ်။

လူသားဟာ လူ့သမိုင်းအစကနေ ပစ္စုပ္ပန်လူသား အထိ ဖြစ်ပေါ်တိုးတက်မှု
ဖြစ်စဉ်အားလုံတို့ဟာ လူသားရဲ့ အသိဥာဏ်တွေကြောင့်သာ ဖြစ်ပေတော့တယ်။
(လူသားမျိုးနွယ် မြင့်မြတ်စေရန် မျိုးဆက်များနှင့်ချီ၍ အားသစ်လောင်း လျှောက်လှမ်းကြပါစို့။)

တင်မြင့်မော်
source.... Alineain Magazine
♥ ချစ်ပါ.. ချစ်တတ်ပါစေ.. ချစ်ပါသည် ♥


တစ်ခါတစ်ရံတွင် အရာအားလုံးသည် ဖြစ်ခဲသလို ပျက်ရန် ဖျက်ရန်ခက်ခဲလှသည်။ သို့သော်လည်း တစ်ခါတစ်ရံတွင်မူ မထင်မှတ်သည့် စက္ကန့်ပိုင်းလေးတစ်ခု အတွင်းမှာပင် အကြောင်းအရာ အလုံးစုံတို့သည် ပျက်ဆီးခြင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဦးတည်သွားတတ် ကြပါသေးသည်။ ကြည့်မြင်တတ်ရန် လိုအပ်ပါသည်။

နှလုံးသွင်းတတ်ရန် လိုအပ်ပါသည်။ ထို့နောက် လက်ခံတတ်ရန် အလွန်အရေးကြီးကြောင်း ကျွန်မတွေးမိလာပါသည်။ ထိုဖြစ်ခြင်း၊ ပျက်ခြင်း သဘောသဘာဝတို့ကို ကျွန်မ၏ သေးငယ်သော ဦးနှောက်လေးတစ်ခုဖြင့် အလုံးစုံကို ကြည်ဖြူစွာ အလိုက်သင့် လက်ခံယူတတ်ရန် ဝေးနေပါသေးသည်။ တစ်ဆင့်ပြိးတစ်ဆင့်၊ တစ်ထစ်ပြိး တစ်ထစ် သင်ကြားယူနေဆဲ ဖြစ်ပါသည်။

တရားဓမ္မ၌ ငြင်သာသိမ်မွေ့စွာ  မွေ့လျော်ခြင်းဖြင့် လည်းကောင်း၊ လေ့လာထိုက်သာ စာပေများဖတ်ယူခြင်းအားဖြင့် လည်းကောင်း၊ အတွေးအခေါ် ရင့်ကျက်ခိုင်မာသော ကျွန်မဝန်းကျင်ရှိ လေးစားထိုက်သူများ၏ ဆုံးမစကားများကို လည်းကောင်း၊ ဖတ်မှတ် ကြားနာ လက်ခံနာယူရင်း ထွေပြား ရှုပ်ထွေးသော စိတ်၏သဘောကို သဘာဝအလျောက် နေထိုင်တတ်ရန် ကြိုးစား ကျင့်ဆောင်နေဆဲကာလ တစ်ခုမျှသာ ဖြစ်ပါသည်။

လူ့အသိုက်အဝန်း၌ အလိုက်သင့် ချောမွေ့စွာ၊ ပေါပါးစွာ၊ နေထိုင်တတ်.. နေထိုင်နိုင်ရန်၊ ထိုက်သင့်သော လက်ခံမှုနှင့် လက်ခံယူတတ်ရန်မှာ ကျွန်မအတွက် မလွယ်ကူလှသေးသော်ငြား လမ်းခုလပ်တော့ ရောက်လုနေပြီ။ စိတ်အလိုဆန္ဒကြောင့် ဖြစ်တည်လာသော အချစ်၊ အမုန်း၊ လောဘ၊ ဒေါသ၊ အာသီသ၊ တဏှာတို့ဖြင့် ကျွန်မနပမ်းလုံး နေရပါသေးသည်။

သို့သော်လည်း လွန်ခဲ့လေသော နှစ်အချို့က ကျွန်မနှင့် ယ္ခုကျွန်မ မတူပါ။ (၂၀၁၀) ခုနှစ်က ကျွန်မနှင့် (၂၀၁၁) ကျွန်မသည်လည်း မတူပါ။ အနီးစပ်ဆုံး မိမိကိုယ်ကို နှိုင်းယှဉ်ကြည့်မိသောအခါ မနေ့က ကျွန်မနှင့် ယနေ့ကျွန်မသည်ပင် လုံးဝမတူညီပါ။ နှစ်အပိုင်းခြားနှင့်အမျှ ပြောင်းလဲ၍နေတတ်သော စိတ်၊ ခန္ဓာနှင့်ပင် ရင့်ကျက်တည်ငြိမ်မှု လမ်းမတစ်ခုပေါ်သို့  ဦးတည်၍ ကျွန်မလမ်းလျှာက်တတ် လိုပါသည်။ (ကျွန်မစိတ်အစဉ်၏) ပြောင်းလဲလာမှု ဖြစ်စဉ်ကို ကျွန်မကိုယ်တိုင် နှလုံးသွင်းလက်ခံ ယူတတ်ရန် လိုအပ်ချက်များစွာ ရှိနေပါသေးသည်။

ကွေ့ကောက် သိမ်လှီသော လမ်းကျဉ်းများစွာ၊ လှေကားထစ်ပေါင်းများစွာ၊ ခြောက်ကမ်းပါးပေါင်းများစွာ ရှိသော ထိုလမ်းများပေါ်တွင် ရဲရင့်စွာ နင်းလျှောက်ကျော်ဖြတ်၍  လောကလမ်းမကျယ်တစ်ခု အပေါ်သို့ ခြေအစုံကို ခိုင်မာစွာ ချတတ်နိုင်ရန် ကျွန်မကြိုးစား နေပါသည်။ သိမ့်မွေ့တည်ငြိမ်စွာ ကျွန်မလမ်းလျှောက်တတ် လိုပါသည်။ အေးဆေးလွတ်လပ် ပေါ့ပါးစွာ လျှောက်လှမ်းတတ်ရန် ခိုင်မြဲသော ခြေအစုံကို ကျွန်မလိုအပ်ပါသည်။

ငြိမ်းချမ်းစွာ ကျွန်မ မျက်လွှာချလိုပါသည်။ လောကဓံတရား၏ မီးတောက်မီးလျှံတို့ကို ရဲဝံ့စွာ ကြည့်မြင်နိုင်မည့် မျက်လုံးလေးတစ်စုံ ကျွန်မလိုအပ်ပါသည်။ ချစ်သူ၊ မုန်းသူ၊ လိုသူ၊ မလိုသူတို့ကို လှိုက်လှိုက်လှဲလှဲနှင့် အတည်ငြိမ်ဆုံး ပြုံးပြတတ်ရန် (လှပဘို့ မလိုသော) နှုတ်ခမ်းနှစ်လွှာ ကျွန်မလိုပါသည်။  မိတ်ဆွေ၊ မိတ်ဆွေ မဟုတ်သူ၊ သိသူ၊ မသိသူ၊ အသားအရောင်တူသူ၊ ကွဲပြားသူ၊ ပညာတတ်သူ၊ ပညာမဲ့သူ၊ ချမ်းသာသူ၊ ချို့တဲ့သူ၊ လူအားလုံးကို ချစ်ခင်တတ်ရန် ကျွန်မတွင် ရှိနေသာ  နှလုံးသားကို ပိုမိုဖြူစင် သန့်ရှင်းလိုပါသည်။

(အလုံးစုံ မပြည့်ဝသေးသော်လည်း) ကြိုးစားဆဲကာလ လမ်းခုလပ်လေးမှာပင် သဘာဝလောကနှင့် အနီးစပ်ဆုံးသော သိရှိ နေထိုင်မှုတစ်ခုဖြင့်  မြင်မြင်သမျှ အမြင်အာရုံ၊ ကြားကြားသမျှ အကြားအာရုံ၊ ဖြစ်ခြင်းပျက်ခြင်းသဘော သဘာဝတို့၏  အရာရာကို ချစ်ခင်စွာ၊ တန်ဖိုးထားစွာ၊ လှိုက်လှဲစွာ၊ လေးစားစွာ၊ လက်ခံယူရင်း ယနေ့... ယခု... ကျွန်မနေထိုင်နေပါသည်။

 ခင်လေးငယ်
တားမရတဲ့ ဒီလှိုင်းလုံးများ


ဗမာပြည်မှာ အလုပ်သမားသပိတ်၊ လယ်သမားတိုက်ပွဲနဲ့ လျှပ်စစ်ရရှိရေး မြို့နေလူထုလှုပ်ရှားမှုများ တခုပြီးတခု၊ တနေရာပြီး တနေရာ ပေါ်ပေါက်နေပါတယ်။ တားမနိုင်ဆီးမရဆိုရင် မမှားပါဘူး။ ဒါ့အပြင် ဖျောင်းဖျလို့လည်း မရဆိုတဲ့ စကားကိုတောင် ထပ်ဖြည့်လိုက်ဖို့ ကောင်းပါတယ်။ (လုပ်ငန်းရှင်တွေကို မဖျောင်းဖျဘဲ အလုပ်သမားတွေကိုပဲ ဖျောင်းဖျနေသူတွေ ရှိနေလို့ပါ)။

ဒါပေမယ့် တကယ့်အခြေအနေက ကြည့်သောသူမြင်၏ လို့ ပြောရမလိုဖြစ်နေပါတယ်။ ဗိုလ်ချုပ်သိန်းစိန်အစိုးရက မျက်နှာလွှဲနေပါတယ် (သူတို့နှင့်မဆိုင်လေဟန်)။ မကြည့်လို့ မမြင်ဘူးပေါ့။ တချို့ကတော့ မြင်ပါတယ်။ ဒါကြောင့် အဝေးက ရှောင်ကြပါတယ်။ တချို့ရဲ့မျက်စိထဲမှာ မြင် မမြင်တော့ မသိရပါ။ သူတို့ ပြောတဲ့အထဲမှာတော့ ဒီအကြောင်းတွေ တခွန်းမှ မပါပါ၊ တချို့က မြင်လည်းမြင် ခေါင်းထဲမှာလည်း လက်ခနဲ အကြံပေါ်လာပါတယ်။ ထမင်းထုတ်ပေး၊ ရေသန့်ဘူးပေး ပရောဂျက် အမြတ်ထုတ်ကွက်လို့ တန်းမြင်တယ်။ အားလုံးနဲ့မတူ တချို့ကတော့ ဒီလှုပ်ရှားမှုတွေကို ဗမာပြည်ရဲ့ပစ္စုပ္ပန်၊ အနာဂတ်အဖြစ် ကြည့်မြင်ကြပါတယ်။ အားတက်ကြပါတယ်။ အားပေးကြပါတယ်။

မှန်ပါတယ်။ ဒီတိုက်ပွဲတွေ အဆက်မပြတ် ပေါ်ပေါက်နေတာ အချို့သော မျက်စေ့တိမ်ကွယ်နေသူတွေအတွက်တော့ အရေးစိုက်စရာမလိုတဲ့ အသေးအမွှားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မြင်တတ်သူတွေအတွက်တော့ တကယ့်ကို အမှောင်ထဲမှာ ပေါ်ထွက်လာတဲ့ အားတက်စရာ အလင်းရောင်တွေ ဖြစ်နေပါတယ်။ ဒီလို အားတက်ကြတယ်ဆိုရာမှာ ဒို့အမျိုးသားတွေကို လိမ်ညာလို့ မရဘူး၊ ခြောက်လှန့်လို့ မရဘူး၊ ငါတို့ မျက်စေ့ မလည်ဘူးဆိုတဲ့ အသံများကိုပါ ကြားနေရသကဲ့သို့ ရှိပါတယ်။

တကယ်ကျတော့ အခု ဗမာပြည် တနံတလျားမှာ တွေ့မြင်နေရတာဟာ ဗမာပြည်မှာ နိုင်ငံရေးသင်တန်းတခုလို့ မှတ်သားသင့်တယ်လို့ ထင်ပါတယ်။ ဒီနေ့အခါ ဗမာပြည်နိုင်ငံရေးမှာ လမ်းမပေါ်တက်တဲ့ နိုင်ငံရေးခေတ်ကုန်ပြီလို့ ဆိုချင်သူ၊ ငါတို့မှ ဦးမဆောင်ရင် လူထုလှုပ်ရှားမှု မပေါ်နိုင်ဘူးလို့ အထင်ရှိနေသူ၊ လူထုကြီးဟာ ကြောက်နေတယ်လို့ ထင်နေ၊ ပြောနေသူတွေကို လုံးဝ မှားကြောင်း ဒီတိုက်ပွဲတွေက ထောက်ပြလိုက်တာဖြစ်ပါတယ်။ လူထုရဲ့ တကယ့်လက်တွေ့ အနေအထားကို ဆုပ်ကိုင်မိပါမှ လုပ်ငန်းစဉ်၊ လမ်းစဉ်တွေချမှတ်တာ မှန်ကန်နိုင်ပါတယ်။ ဒါတွေဟာ ဗိုလ်သိန်းစိန်အစိုးရ ဖန်တီးထားတဲ့ ‘အပြောင်းအလဲ’ အောက်မှာ ပထမဆုံးပေါ်ပေါက်တဲ့ လူထုတွေရဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းပေါ်လာတော့ ပြည်တွင်းပြည်ပ နိုင်ငံရေးသမားများရော မီဒီယာသမားများပါ အံ့အားသင့်ခြင်းမက သင့်သွားကြရပါတယ်။ နောက်ပြီး ကိုယ် မစဉ်းစားမိကြောင်းလည်း ဝန်ခံကြရပါတယ်။ အခုလည်း ‘အပြောင်းအလဲ’ ဖြစ်ပေါ်နေချိန်မှာ ၁၈ ရာစုနှစ်က လစာအရေအတွက်မျိုးကနေ မပြောင်းလဲတဲ့အတွက် ဆန္ဒပြပွဲတွေ ဆက်တိုက်ပေါ်လာမယ်လို့ မျှော်လင့်မထားကြောင်း ဝန်ခံရမယ်ထင်ပါတယ်။ တခြားမပြောနဲ့ ဗိုလ်သိန်းစိန်အစိုးရတောင်မှ ဒါလောက် ဇွဲနဲ့မာန်နဲ့ တိုက်ပွဲဝင်ကြလိမ့်မယ်လို့ မမျှော်မှန်းနိုင်ခဲ့လို့ ဘယ်လို အရေးယူလုပ်ကိုင်ရမှန်း မသိဘဲဖြစ်နေပြီး အကျပ်တွေ့နေတယ် မဟုတ်ပါလား။ ဒီလို အနေအထားတွေမှာ ပြောလေ့ရှိတဲ့ သူတို့ရဲ့ လက်သုံးစကား “ဗကပ လက်ချက်” ဆိုတာမျိုးတောင် အခု မပြောနိုင်ဘူးဖြစ်နေပါတယ်။

ဒီနေ့အချိန်အခါမှာ ဒီ ‘အပြောင်းအလဲ’ ကို အကြောင်းပြုပြီး တိုး၍ ချမ်းသာကြဦးမှာဟာ နဝတ-နအဖ လက်ထက်မှာ ကောင်းစားချမ်းသာနေခဲ့သူတွေသာ ဖြစ်တယ်၊ တိုး၍ ဆင်းရဲဦးမှာဟာလည်း နဝတ-နအဖ လက်ထက်မှာ တလျှောက်လုံး ဆင်းရဲမွဲတေနေခဲ့သူတွေသာဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါကို ‘အပြောင်းအလဲ’ လို့ သမုတ်နေကြတာသာ ဖြစ်ပါတယ်။ တကယ်ပြောင်းလဲတာက အဲဒီ တိုး၍ ဆိုတဲ့ စကားလုံးလေး တလုံးသာ ဖြစ်ပါတယ်။ နောက်မကြာခင်မှာဆိုရင် အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ လှိမ့်ဝင်လာနိုင်စရာ အကြောင်းတွေရှိနေပါတယ်။ နောက်ပြီး အဲဒီလို ဝင်လာပြီဆိုရင် ဗမာပြည်သားတွေထဲက ဘယ်သူတွေသာ အကျိုးအမြတ်ရှိမယ်ဆိုတာ အထူးပြောနေစရာ မလိုပါဘူး။ အနောက်တိုင်းက လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေအကြား ပြဿနာပေါ်ရင်လည်း ဗိုလ်ချုပ်သိန်းစိန် စစ်အစိုးရက ဘယ်သူ့ဘက် ပါမယ်ဆိုတာ ဗေဒင် မေးစရာမလိုဘူးထင်ပါတယ်။ ဒါကြောင့် ဆန္ဒပြပွဲ ဇာတ်လမ်းဟာ ငွေရောင်ပိတ်ကားကြီးပေါ်မှာ ဆက်လက်ရှုစားပါလို့ ပြောရမလိုဖြစ်ပါတယ်။

မျက်မှောက် ဗမာပြည်ရဲ့ အဓိက ပဋိပက္ခဟာ ဒီ ဆန္ဒပြလူထုနဲ့ တပြေးတည်း ခံစားနေရတဲ့ ပြည်သူလူထုကြီးက တဖက်၊ ဗိုလ်ချုပ်သိန်းစိန် အစိုးရက တဖက်၊ ဒီနှစ်ဖက်အကြားက ပဋိပက္ခဖြစ်တယ်ဆိုတဲ့အကြောင်း အခု ဒီအရေးအခင်းတွေက အတည်ပြု ဖော်ပြနေပါတယ်။ စစ်အစိုးရက ကျယ်ကျယ်လောင်လောင် ဝါဒဖြန့်နေတဲ့ လွှတ်တော်ထဲက ပဋိပက္ခဆိုတာတွေဟာ အဓိက ပဋိပက္ခ မဟုတ်ပါဘူး။ စစ်အစိုးရဟာ အဲဒီလွှတ်တော်ထဲက အတိုက်အခံပြုမှုကို သေနတ်နဲ့ ပစ်လူစုခွဲခဲ့တဲ့ ရခိုင်စစ်တွေက ဆန္ဒပြမှုလောက် မစိုးရွံ့တာလည်း သေချာပါတယ်။

အခုအထိတော့ ဒီ သပိတ်တွေကို ဦးသိန်းစိန် စစ်အစိုးရက ဘယ်လို သဘောထားတယ်ဆိုတာ တခွန်းမှ တရားဝင် ပြောကြားခြင်း မရှိသေးပါဘူး။ နှာစေးဟန်ဆောင်နေခြင်းဟာ ဒီနေ့ သူတို့ရဲ့ နည်းဗျူဟာဖြစ်ပြီး နိုင်ငံရေးသမားတွေကို ဒီ လှုပ်ရှားမှုတွေထဲ ဝင်မပါဖို့ သတိပေးတာ၊ တချို့နေရာတွေမှာ ဆန္ဒပြသူတွေကို ရိုက်တာ - ဖမ်းတာ တို့ကတော့ သူတို့ရဲ့ တကယ့် ပေါ်လစီ သဘောထားဖြစ်တယ်လို့ ဆိုရပါမယ်။ လက်ရှိအချိန်မှာ ဖွတ်မြီးနဲ့ ဖွတ်ကို ချည်ထားသလို ဗိုလ်သိန်းစိန် စစ်အစိုးရကို သူ့ဝါဒဖြန့်ချက်တွေနဲ့ ပြန်တုပ်နှောင်ထားနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ဒင်းတို့တတွေ ငါးရိုးမျက်လက်တို ဖြစ်နေတာ အမှန်ပါပဲ။

ဦးသိန်းစိန် စစ်အစိုးရက ဘယ်လိုပဲ အကြောင်းပြပြ ဒီနေ့ အလုပ်သမား၊ လယ်သမား၊ စားသုံးသူ ပြည်သူတွေ နစ်နာဆုံးရှုံးတာတွေ အားလုံးဟာ နဝတ - နအဖ အပါ ဒီနေ့ ဗိုလ်သိန်းစိန်တို့အထိ စစ်အစိုးရ အဆက်ဆက်ရဲ့ တာဝန်ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ နိုင်ငံရေးသာမက စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေမှာပါ သူတို့ ထိပ်သီးတွေနဲ့ သူတို့နဲ့ အမြီးစား ခေါင်းစား မိုက်ဖော်ဆိုးဖက်တွေချည်း အခေါင် အညွန့် စားရအောင် ဖန်တီးထားတဲ့စနစ်ကြောင့် ဒီနေ့ ဒီပြဿနာတွေ ပေါ်နေတာဖြစ်ပါတယ်။

ဒီလို ဗိုလ်သိန်းစိန်အစိုးရ တဖြည်းဖြည်း ပွင့်သထက် ပွင့်ကျလာနေချိန်မှာ သူတို့ဟာ ပြည်သူလူထုအကြားမှာ လူမျိုးရေး ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေ ဖန်တီးဖော်ထုတ်ပြီး ကိုယ်လွတ်ရုန်းထွက်သွားမယ့် အန္တရာယ်ကို သတိပြုရပါမယ်။ အားလုံးသိကြတဲ့အတိုင်း ဗိုလ်နေဝင်း အပါ စစ်အစိုးရ အဆက်ဆက်ဟာ ဒီလို ညစ်တီးညစ်ပတ်လုပ်ကြတဲ့ အစဉ်အလာ အထင်အရှား ရှိပါတယ်။

ဒါပေမယ့် တဖက်ကပြန်စဉ်းစားကြည့်လိုက်တော့ ရှစ်လေးလုံး အရေးတော်ပုံစတင် အရှိန်ယူနေချိန်မှာ စစ်အစိုးရက တောင်ကြီးလို မြို့တွေမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးလိုက်တော့ ရှုပ်ထွေးမှုဟာ မဆိုစလောက် ခဏလေးသာဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အရေးအခင်းကြီး အရှိန်ရ ကြီးထွားခဲ့ပါတယ်။ ဗမာပြည်သားတွေရဲ့ နိုင်ငံရေးအသိကို ကျွန်တော်တို့ ယုံပါတယ်။ ။

ရဲဘော်ဖိုးသံချောင်း
ပုစ္ဆာ၊ ညီမျှခြင်းနဲ့ အဖြေ
(ကောင်းဆက်နိုင်- အံ့သြလွန်းလို့ သေတော့မယ်)


 ပုစ္ဆာ
အံ့သြစရာ ကောင်းလောက်အောင် အတွက်ရခက်လွန်းတဲ့ ပုစ္ဆာတစ်ပုဒ်ကိုမှ စဉ်းစားခန်း ၀င်မိတာ ကျုပ်ခမြာ ဆံပင်တွေတောင် ထောင်လာသလား အောက်မေ့ရပါတယ်။

မီးခိုးထွက်အောင် စဉ်းစားနေမိတဲ့ အကြောင်းက ဥရောပက လူတွေနဲ့ ကျုပ်တို့နဲ့ လူချင်းတူပါလျက်နဲ့ ဘာလို့များ ကျုပ်တို့ နိုင်ငံဟာ အဘက်ဘက်မှာ အဝေးကြီး နောက်ကျကျန်ခဲ့ရတာလဲ၊ ဘာလို့ ဒီလောက် ဆင်းရဲတွင်း နက်သွားရတာလဲ ဆိုတာပါ။

သူတို့က လူကောင်ပိုထွားလို့လား။ မဆိုင်ဘူး ကျုပ်တို့ မြန်မာတွေ လူကောင် သေးပေမယ့် သူတို့ထက်တော့ မလျော့တန်း အလုပ်လုပ်နိုင်ပါတယ်။ ဂျာမနီနိုင်ငံကို ပြင်သစ်၊ ပိုလန်စတဲ့ ဥရောပ တိုက်သား ပေါင်းစုံ အလုပ်လာလုပ်ကြပါတယ်။ ဖရန့်ဖတ် (ဖရန့်ဖွတ်) မြို့က ၀က်အူချောင်း အစရှိတဲ့ စားသောက်ကုန် စက်ရုံကြီးမှာ အလုပ်သမား ထောင်ချီရှိ ပြီး ၂၄ နာရီ လည်ပတ်နေတော့၊ ဥရောပ၊ အာရှ၊ အာဖရိက နိုင်ငံပေါင်းစုံက အလုပ်သမားတွေ လုပ်နေကြရာမှာ ဌာနစိတ် တော်တော်များများမှာ မြန်မာ ဂျပုတွေက ထူးချွန်လို့ အလုပ်ကြပ်တွေ ဖြစ်နေကြပါတယ်။ ဒါကိုကြည့်ရင် နိုင်ငံဆင်းရဲတာဟာ လူကောင်သေးတာနဲ့ မဆိုင်ပြန်ဘူး။

ရာသီဥတု မတူတာကြောင့်လား။ မဖြစ်နိုင်ဘူး။ သူတို့ဆီက ရာသီက အလွန်အေးပါတယ်။ နွေဦး၊ နွေနဲ့ ဆောင်းဦး၊   ဆောင်းရှိရာမှာ မေ၊ ဇွန်နဲ့ ဇူလိုင် သုံးလလောက်ပဲ ပူနွေးလိုက်ပြီး ကျန်တဲ့ အချိန် အေးတာမှ သုံးလ၊ လေးလလောက် ရေခဲ မှတ်အောက်မှာ ရှိပါတယ်။ တကယ်တမ်းဆိုရင် သူတို့ဆီက ရာသီကမှ လူပျင်း အားပေး ရာသီဖြစ်ပါတယ်။

ဝင်ငွေကြောင့်လား။ တစ်စိတ်တစ်ဒေသပဲ မှန်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ တစ်ချိန်က ကျုပ်တို့ထက်ဆိုးတဲ့ စစ်ရဲ့ အနိဋ္ဌာရုံ အခွံကျွတ်ဘ၀၊ ပြာပုံဘ၀ကနေ ယောက်ျားသား သိပ်မကျန်တော့ဘဲ အမျိုးသမီးအများစုရဲ့ ဂါဝန်ခါးတောင်းကျိုက်ပြီး နိုင်ငံထူထောင်ခဲ့ရတာပါ။ နိမ့်ကျတဲ့ဘ၀ နိမ့်ကျတဲ့ လုပ်အားခတွေနဲ့ စခဲ့ကြရတာပါ။ ဘယ်လောက်ပဲ နိမ့်ကျပါစေသူတို့ဟာ၊ စည်းကမ်းနဲ့ သန့်ရှင်း ကျန်းမာမှု ကိုတော့ မနိမ့်စေခဲ့ဘူး။

 ညီမျှခြင်း
ညီမျှခြင်း ချကြည့်ရရင် ကျုပ်တို့နိုင်ငံမှာ  စည်းကမ်းနဲ့ သန့်ရှင်း ကျန်းမာမှု အလွန် နိမ့်ကျခဲ့ရာမှာ အခုထိလည်း တိုးတက်မလာပါဘူး။

ကျုပ်ရဲ့ အတွေးအမြင်မှာ ဘယ်တော့မှ ပြည်သူကို အပြစ်မတင်ခဲ့ဘူး။ နောင်လည်း ဘယ်တော့မှ အပြစ်မြင်လိမ့်မယ် မဟုတ်ဘူး။ မိဘမရှိတဲ့ ကလေးတစ်ယောက် စည်းကမ်းမရှိရင် ဒီကလေးရဲ့ တာဝန် ဖြစ်ပေမယ့် မိဘရှိတဲ့ ကလေး စည်းကမ်းမရှိရင်တော့ မိဘရဲ့ တာဝန်ဖြစ်ပေလိမ့်မယ်။ ဒါပေမဲ့ ရိုက်နှက် ဆုံးမဖို့ပဲ တတ်ရင်တော့ ဦးနှောက်မရှိတဲ့ မိဘပဲ။

အခုလည်း ကျုပ်တို့ နိုင်ငံဟာ အစိုးရမရှိတဲ့ ပြည်သူမဟုတ်ဘူး။ ပြည်သူတွေကို ဒဏ်ရိုက်တဲ့နည်းနဲ့ စည်းကမ်းရှိအောင် လုပ်တာဟာခေတ် မမီတော့ဘူး။ အုပ်ချုပ်သူဘက်က အလွယ်လိုက်လုပ်တဲ့ ရှေးဟောင်းနည်း၊  အခုကြည့်လေ ရုပ်မြင်သံကြားကနေ ဂုဏ်ယူပြီး ပြနေတဲ့  မျဉ်းကျားကမဟုတ်ဘဲ လမ်းဖြတ်ကူးတဲ့ လူတွေကို ဖမ်း၊ ကားပေါ်တင် ရုံးပို့ပြီး ဒဏ်ရိုက်တဲ့ပုံတွေ။ အမှန်က ကိုယ့်အရှက် ကိုယ်ခွဲနေတာနဲ့ မတူဘူးလား။ ကျွန်တော်တို့မှာ ဒီရှေးဟောင်းနည်းကလွဲပြီး တခြား မစဉ်းစားတတ်ဘူးလို့ ၀န်ခံရာ ရောက်နေပါတယ်။ တစ်ကြိမ်ထက်တစ်ကြိမ် လျော့မသွားလေ ဒီနည်း မအောင်မြင်ဘူးဆိုတာ ထင်ရှားလေလေပါပဲ။ အလျဉ်းသင့်လို့ ပြောရရင် အသက် ၆၀ နဲ့ အထက် အသက်ကြီးသူများကိုတော့ ခြွင်းချက်အနေနဲ့ နှုတ်နဲ့ပဲ ရှင်းလင်း ပြောပြပြီး ချက်ချင်း ပြန်လွှတ်သင့်ပါတယ်။ တွဲတောင် ပို့ရမယ့် အဘိုးအဘွားအရွယ်တွေကို ဖမ်းပြီး ကားပေါ်တင် ရုံးပို့ပြီး ဒဏ်ရိုက်တဲ့အထိ လုပ်တာ မြင်ရတော့ အလွန် သနားဖို့ ကောင်းပါတယ်။

နောက်ပြီး ပြောရဦးမယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ ဥပေဒကို အလွန်လေးစား ဂရုစိုက်ကြပါတယ်။ ပြည်သူက အလေးထားသလို အုပ်ချုပ်သူက ပိုပြီးတော့ အလေးထားကြပါတယ်။ ဥပမာ ရထားပေါ်ဖြစ်ဖြစ်၊ ကားပေါ်ဖြစ်ဖြစ် လက်မှတ်မပါလို့ ဒဏ်ရိုက်ပြီဆိုပါတော့ ဒဏ်ရိုက်တဲ့ ပြစ်ဒဏ်အပြင် အခြား အပိုပြစ်ဒဏ် မခံစေရအောင် ဂရုစိုက်ပါတယ်။

ဒဏ်ရိုက်တဲ့ ကိစ္စကို နေရာတင်  ဒါမှမဟုတ် ဘူတာတင် ချက်ချင်း ပြီးစီးအောင် ဆောင်ရွက် ပေးပါတယ်။ ပိုက်ဆံမပါရင်တောင် နောက်မှ ဘဏ်ဖြစ်ဖြစ် သွင်းပေး၊ လိပ်စာပဲ ယူထားပါတယ်။ မှတ်ပုံတင်လိုဟာမျိုး မပါလည်း ကားလိုင်စင်ဖြစ်စေ တခြား အထောက်အထား တစ်ခုခုပါရင် ရပါတယ်။ ဒဏ်ရိုက်တာနဲ့ မဆိုင်တဲ့ အခြားပြစ်ဒဏ် မခံစေရပါဘူး။

ဒဏ်ရိုက်တာနဲ့ မဆိုင်တဲ့ အပိုပြစ်ဒဏ်ဆိုတာဟာ ဥပမာ နေရာတင် ချက်ချင်း ဒဏ်မရိုက်ဘဲ ကားပေါ်တင်ပြီး အစောင့်ခိုင်းထားမယ်။ ကားနဲ့ ရုံးကို ခေါ်သွားမယ်။ (လမ်းမှာ ယဉ်တိုက်မှုဖြစ်ပြီး သေဆုံးရင် ဘယ်သူ့တာဝန်လဲ) စဖမ်းတဲ့ အချိန်ကနေ ဒဏ်ငွေဆောင်ပြီး အိမ်ပြန်ခွင့်ရတဲ့ အချိန်ထိဟာ ပြစ်ဒဏ်နဲ့ မဆိုင်ဘဲ အချုပ်နှောင်ခံနေရတဲ့ သဘောပါ။ စိတ်ပိုင်းဆိုင်ရာ ကြည့်ရင်လည်း အလွန် စိတ်ဆင်းရဲနေရှာမှာ ပါပဲ။ ဒါဟာ ပြည်သူတွေအနေနဲ့ ပြစ်ဒဏ်နဲ့ မဆိုင်တဲ့ တခြား ပြစ်ဒဏ်တစ်ခုကို သက်သက်ခံရတဲ့ အဓိပ်္ပာယ်မို့ ဥပဒေကို တန်ဖိုးထားတဲ့ သူတွေရဲ့ အမြင်မှာတော့ (ဒီမိုကရေစီနိုင်ငံလို့ ကြွေးကြော်ထားပြီးမှ) အလွန် အကျည်းတန်ပါတယ်။ ဥပဒေဆိုတာ မျှော့ကြိုးလိုပဲဆိုပြီး ဆင်ခြေပေးရင်တော့ ဘာမှ အတွန့်မတက်ဝံ့ပါဘူး။ “စေတနာ”ဆိုတဲ့ စကားလုံးလေးပဲ လက်ဆောင်ပါးလိုက်ပါတယ်။

တစ်ချိန်တုန်းက ကြိမ်ဒဏ်တွေဟာ ခေတ်နဲ့ မဆီလျော်တော့လို့ (စင်ကာပူက လွဲလို့ ) နိုင်ငံတကာမှာ မရှိတော့သလိုပဲ တစ်ချိန် မှာ နိမ့်ကျတဲ့ ဒဏ်စနစ်တွေလည်း ပျောက် ကွယ်သွားဦးမှာပါ။

နိမ့်ကျရာကနေ အဆင့်မြင့်လာဖို့ ပြည်သူကော အစိုးရပါ စည်းကမ်းဥပဒေနဲ့ သန့်ရှင်း ကျန်းမာမှုအတွက် ကြိုးစားဖို့ပါပဲ။ လူကို တန်ဖိုးထားလေ့မရှိတဲ့ အာဏာရှင်စနစ်မှာ တန်ပြန်အကျိုး သက်ရောက်မှုအနေနဲ့ ပြည်သူကလည်း စိတ်ဝမ်းကွဲလေ့ရှိပြီး နိုင်ငံ၊ အဆောက်အဦနဲ့ လမ်း စတာတွေကို ငါတို့နဲ့ မဆိုင်ဘူး၊ အာဏာရှင်အစိုးရနဲ့သာ ဆိုင်တယ်လို့ သဘောထားတတ်ကြပါတယ်။ ကွမ်းတံတွေး၊ အမှိုက်တွေနဲ့ အားပေးကြပါတယ်။  အာဏာရှင်တွေကလည်း ဒဏ်ရိုက်လိုက်နဲ့ သံသရာလည်နေပါတယ်။

လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေ သန့်ရှင်းတဲ့ မဲနဲ့ ပေါ်ပေါက်လာတဲ့ အစိုးရမျိုးကျတော့ ပြည်သူတွေရဲ့ စည်းရုံး ပါဝင်  ပူးပေါင်းမှုတွေ ရပါတယ်။

အာဏာရှင်လောင်းရိပ်မှာ သိမ်ငယ်စိတ်တွေ ၀င်နေခဲ့တဲ့ ပြည်သူတွေဟာ မိမိကိုယ်တိုင် သဘောတူ ပူးပေါင်း ပါဝင် တင်မြှောက်ထားတဲ့ အစိုးရနဲ့ကျတော့ လူ့သိက္ခာမြင့်လာသလို နိုင်ငံကြီးသား စိတ်ဝင်လာပါလိမ့်မယ်။ စိတ်ဓာတ်တွေ မကောင်းဘူး ဆိုတာလည်း ပြည်သူမှာ အပြစ်မရှိပါဘူး၊ မကောင်းအောင် လုပ်ထားခံရလို့ မကောင်းတာပါ။ ပြောရရင်တော့ စနစ်ကြောင့်ပါ။ စနစ်ကောင်းရင် ပတ်ဝန်းကျင်ကောင်းပြီး စိတ်ဓာတ်တွေ မုချကောင်းလာမှာပါ။ လူသားမှန်ရင် အဆင့်မြင့်ချင်သူချည်းပါပဲ။ အဆင့်နိမ့်တဲ့ အပြုအမှုတွေ လုပ်ရမှာ ရှက်လာမှာပါ။

သမ္မတကြီးပြောတဲ့ သန့်/ကောင်း အစိုးရလည်း ဖြစ်မယ်။ မဲသန့်သန့်နဲ့လည်း တက်လာမယ်။ ဒီမိုကရေစီကိုလည်း အရောင်မဆိုးဘူးဆိုရင် ပြည်သူတွေလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလာမှာပါ။ ကိုယ်လုပ်ပေးသင့်တာတွေကျတော့ လုပ်မပေးဘဲ ပြည်သူနည်းနည်း မှားတာကျတော့ ဒဏ်ရိုက်တယ်ဆိုတဲ့ ရှက်စရာ လုပ်ရပ်တွေလည်း ကင်းဝေးသွားပါလိမ့်မယ်။

ဖိနပ်အောက်က တီကောင် တစ်ကောင်လို လှုပ်မရတဲ့ ဘ၀ကနေ လွတ်လပ်လာတာနဲ့အမျှ ပြည်သူတွေ စာဖတ်လာပါလိမ့်မယ်။ အင်တာနက်နဲ့ ဖုန်းတွေ အိမ်နီးနားချင်း နိုင်ငံတွေထက် ဈေးမြှင့် မထားတော့တဲ့ တစ်နေ့ကျရင် ပြည်သူတွေ အငမ်းမရ ဗဟုသုတ ရှာကြလိမ့်မယ်။ စာမဖတ်ဗဟုသုတ ရှာမထားလို့ကတော့ ကျောချတာတောင် ဓားပြမှန်းမသိဘဲ ဓားပြကို အဘခေါ်မိတဲ့ ဘ၀ရောက်လိမ့်မယ်။ စည်းကမ်းရှိမယ်၊ သန့်ရှင်းကျန်းမာအောင် နေမယ်၊စာပေ ဗဟုသုတလိုက်စားကြမယ်ဆိုရင် နိုင်ငံ မြန်မြန် တိုးတက်ပါမယ်။

အဖြေ သို့မဟုတ် သုံးချက်တွက်နည်း
တစ်ကိုယ်ကောင်းသမားတွေကလွဲလို့ ဘယ်သူ တစ်ဦးတစ်ယောက်မဆို ကိုယ့်နိုင်ငံ ချမ်းသာတာ တိုးတက်တာ မြင်တွေ့ချင်သူချည်းပါပဲ။ စိစစ်ရေး ခွင့်ပြုရင် ခွင့်ပြုသလောက် လွတ်လွတ်လပ်လပ် ရေးနိုင်တဲ့ခေတ်မို့ နိုင်ငံတကာ ရှုထောင့် ကိုယ့်လူမျိုးဘက်က ရှုထောင့် အမျိုးမျိုး အားတက်သရော ရေးပါတယ်။ အစိုးရက ပြည်သူတွေရဲ့ အသံကို လေးလေးစားစား နားထောင်တယ်ဆိုတော့ လက်ဖက်ရည်  ဆိုင်မှာလည်း ဒီအကြောင်းပါပဲ။ ဘာလို့ မွဲလဲ၊ ဘာလို့ အရှုံးတွေပေါ်လဲ၊ ပိုက်ဆံတွေ ကုန်ပြီး ဘာလို့ မြောင်းပုပ် ရေပတ်လည်ဝိုင်း၊ အမှိုက်နဲ့ နပန်းလုံးနေရတဲ့ ဘ၀ရောက်နေတာလဲ မွေးဖွားခြင်းကနေ သေဆုံးတဲ့အထိ (ဦးကျော်သူကလွဲလို့) ကူရာမဲ့ ကယ်ရာမဲ့ ဘ၀ရောက်နေတာလဲ၊ စားပွဲထိုးလေး မောင်သံချောင်းတောင် အားရင် ကျုပ်တို့ ၀ိုင်းဘေးမှာ လာနားထောင်နေတတ်ပါတယ်။

တစ်ရက်တော့ စားပွဲထိုး မောင်သံချောင်းနဲ့ ဈေးနားမှာတွေတော့ သူက ဘာမပြော ညာမပြောနဲ့ “ဦးလေးတို့ ပြောနေကြတာ ဘာကြောင့်တုန်းဆိုတော့ ကျွန်တော် သိတယ်ဗျ”တဲ့။ ကျုပ်လည်း ကြောင်သွားပြီး အကျိုးအကြောင်း မေးတော့ သူက “ကျွန်တော်တို့ တိုင်းပြည် ဘာလို့ မွဲတာလဲ၊ ဘာလို့ မအောင်မြင်တာလဲ၊ ဘာလို့ အရှုံးတွေ ပေါ်နေတာလဲ၊ ဦးလေးကို ကျွန်တော် လိုက်ပြမယ်၊ မနက်ဖြန် အားလား” တဲ့ ကျုပ်လည်း အားနာပါးနာနဲ့ “အားပါတယ်”ဆိုတော့ သူက  “တက်္ကစီနဲ့ သွားရမှာ”တဲ့။ ကျုပ်လည်း သိ ချင်ဇောနဲ့ တက္ကစီခ နှမြောဖို့တောင် သတိမရတော့ပါဘူး။ ခေါင်းညိတ်လိုက်တယ်။

တိုင်းပြည်နဲ့ ချီတဲ့ ပြဿနာကြီးကို စားပွဲထိုးလေးက လိုက်ပြမယ်ဆိုတော့ ယုံတစ်ဝက် မယုံတစ်ဝက် လိုက်သွားပြီး မြင်လည်း မြင်ရော အသက်ရှုဖို့ မေ့သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ သူပြောပြနေတာလည်း ကြားတစ်ချက် မကြားတစ်ချက်ပေါ့။

ရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းကတော့   တစ်နိုင်ငံလုံးမှာ ဈေးအကြီးဆုံး ရပ်ကွက်တစ်ခုက တိုက်ကြီး တစ်လုံးပါပဲ။ နန်းတော် ကြီးလား အောက်မေ့ရပါတယ်။ ကြားနေရတဲ့ သူ့အသံကတော့။

ဒါ ကျွန်တော် ပန်းရံလုပ်တုန်းက အလုပ်လုပ်ခဲ့တဲ့ တိုက်ကြီးပေါ့...ဌာနက အကြီးဆုံးပေါ့။ အခု အငြိမ်းစား ဦးတို့ ပြောပြောနေတဲ့ အရှုံးအများဆုံး ဌာနလေ။ သူ့အောက်က လူတွေက သူ့ထက်တောင် ချမ်းသာတယ်။ သိန်းထောင်နဲ့ ချီပြီးတောင် လှူနိုင်ကြတယ်။ (...ကျုပ် သာဓုခေါ်ဖို့တောင် မေ့နေတယ်)

မျက်စိထဲလည်း ပြန်ပြီး မြင်ယောင်လာတယ်။ ဥရောပက အကြီးဆုံး အရာရှိကြီးတွေဟာ သူလို ကိုယ်လိုပဲဗျ။ လစာနဲ့ မတန်တဆ နေထိုင်စားသောက်တာတွေ  သုံးဖြုန်းတာတွေ အလွန် တွေ့ရခဲလို့ပါပဲ။ ပုစ္ဆာရဲ့ အဖြေတော့ တွေ့ပြီ ထင်တာပဲ။

ဒါနဲ့ မောင်သံချောင်းကို “ကျေးဇူး တင်တယ်၊ မောင်သံချောင်းရယ်၊ ငါသာ သမ္မတများ ဖြစ်ခဲ့ရင် မင်းကို အကြံပေး ခန့်မယ်ကွာ”လို့ ပြောမိတယ်။

မောင်သံချောင်းက ကျုပ်ကို သနားစရာ သတ္တ၀ါလို ငေးကြည့်ရင်း “ဦးလေး လက်ထက်ကျတော့ သမ္မတ အလုပ်က ဘယ်ကိုက်တော့မှာလဲ”လို့ ညည်းတွားရင်း ပြောလိုက်ပါတယ်။

 ကောင်းဆက်နိုင်
(ပြည်သူ့ခေတ်ဂျာနယ်၊အတွဲ-၂၊အမှတ်-၉၇၊၂၀၁၂ခုနှစ်၊ ဇွန်၇)
လယ်သမားတွေရဲ့ လက်ငင်းဒုက္ခ


လယ်သိမ်း မြေသိမ်းတာတွေ
စီးပွားရေးလုပ်ငန်းရှင်အချို့က နေရာအတော်များများမှာ လယ်ယာမြေတွေကို နည်းမျိုးစုံနဲ့ မောင်ပိုင်စီးဖို့ကြိုးစားခဲ့ကြတဲ့ သတင်းတွေ ကြားသိနေရတယ်ဗျာ။ တစ်ချိုဆိုရင် နိုင်ငံတော်က သိမ်းသလိုလိုနဲ့ နှစ်ပေါက်တစ်ပေါက်ရိုက်ခဲ့တယ်လို့ဆိုကာ လယ်သမားက တရားပြန်စွဲမယ့် အခြေအနေမျိုးတောင် ဖြစ်ပေါ်ခဲ့တယ်ဗျ။ ကျွန်တော်တို့ ချစ်ခင်လေးစားရတဲ့ အနုပညာသည်ကြီး ကွယ်လွန်သူ ကိုမြတ်လေးရဲ့ ထောင့်သုံးရာပြည့် အရေးတော်ပုံ သီချင်းထဲက လယ်သမား သရုပ်ဖော် စာသားတချို့ကို သတိရမိတယ်ဗျာ။ “လယ်သမားဆိုတာ  ..... မွဲတေနုံချာ  ..... ဂုဏ်အသပြာ မစုံလှသမို့  ..... သုညမှာတောင်မှ အနုတ်လက္ခဏာပြတဲ့ ဘဝသာသာ  ..... စားရတော့လည်း ဝမ်းမဝပါ .....ဝတ်ရတော့လည်း ခါးမလှပါ  ..... အဖြည့်ခံသက်သက်တွေပါခင်ဗျာ .....”

ဝေါမြို့နယ်က ညည်းသံ ညူသံတွေ
သုညမှာတောင် အနုတ်လက္ခဏာပြတဲ့ လယ်သမားတွေရဲ့ဘဝဟာ ဒီနေ့ထိ မပြောင်းလဲသေးပါဘူး။ အချိန်ကာလတစ်ခုမှာ လယ်သမားတွေ ငွေစကြေးစ ရွှင်ခဲ့ဖူးပါရဲ့။ ဒေါ်လာဈေး ၁၂၀၀ ကျော်ခဲ့ချိန်က လယ်ယာထွက် သီးနှံတွေ ဈေးကောင်းကောင်းရလို့ ရွာတွေမှာ သွပ်မိုးတစ်ဖွေးဖွေးနဲ့ ဖြစ်ခဲ့ကြတာ အမှန်ပါပဲ။ သို့ပေမယ့် ခုတော့ တစ်နိုင်ငံလုံး လယ်သမားအများစု ကပ်ဆိုက်နေကြပြီ။ သီးနှံတွေ ပျက်တာ၊ ဆုံးရှုံးတာ၊ အောက်ဈေးနဲ့ ရောင်းရတာ၊ အရင်းတောင် ပြန်မပေါ်တာ သုံးလေးနှစ် ဆက်တိုက်လိုဖြစ်ခဲ့၊ ကျွန်တော့် ဇာတိ ဝေါမြို့နယ်က ဆွေမျိုးသားချင်းတွေရဲ့ ညည်းသံညူသံတွေကို ကျွန်တော့်မှာ သက်ပြင်းပူကြီးတွေ မှုတ်ထုတ်လို့သာပဲ နားထောင်ခဲ့ရတယ်ဗျာ။

စိုက်ပျိုးရေးလုပ်ဖို့ မဟုတ်
သည်ကြားထဲ ငွေရှင်ကြေးရှင်တွေက လယ်မြေတွေကို မျက်စောင်းတထိုးထိုးနဲ့ မောင်ပိုင်စီးဖို့ အကြံအဖန်တွေ လုပ်ခဲ့ကြတယ်ဗျ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လယ်မြေဧက ထောင်သောင်းချီပိုင်ဆိုင်ပြီး စက်မှုစွမ်းအားနဲ့ ခေတ်မီ နည်းပညာတွေနဲ့ စိုက်ပျိုးထုတ်ကုန်တွေ အကြီးအကျယ် ထုတ်လုပ်သူတွေအကြောင်း ဖတ်ဖူးလေ့လာဖူးပါတယ်။ သို့ပေမယ့် အခု ကျွန်တော်တို့ဆီမှာ လယ်မြေတွေ အကြံအဖန်နဲ့ မောင်ပိုင်စီးဖို့ ကြိုးစားနေသူတွေက အဲသလိုမျိုး မဟုတ်ပေဘူးဗျ။ သူတို့အကြံက မကြာခင် နိုင်ငံခြားက ဝင်လာတော့မယ့် ရင်းနှီးမြှုပ်နှံသူတွေလက်ထဲ မတန်တဆ အကျိုးအမြတ်ယူပြီး လက်လွှဲရောင်းစားကြမှာ ဖြစ်တယ်ဗျာ။ လယ်သမားဆီက တစ်ဧက ၃ သိန်းလောက်နဲ့ ခြိမ်းခြောက်ပြီး ရယူထားတဲ့မြေတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေလက်ကို တစ်ဧက သိန်း ၃၀၀၀ လောက်နဲ့ ပြန်ရောင်းကြမှာ ဖြစ်တယ်ဗျ။

ဗိုလ်ချုပ်က ဘယ်လို ပြောခဲ့သလဲ ဒီမိုကရေစီနိုင်ငံတော်ဆိုတာ ငွေရှင်ကြေးရှင်တွေ ခြယ်လှယ်ချင်သလို ခြယ်လှယ်နိုင်မယ့် အနေအထားမျိုးကို ခွင့်ပြုလိမ့်မယ်လို့ ကျွန်တော်တော့ လုံးဝ မယုံကြည်ဘူးဗျ။ ဒီလို အကြောင်းအရာမျိုးကို မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက ဘယ်လိုများ ရှုမြင်ခဲ့လေမလဲလို့သိချင်တာနဲ့ ဗိုလ်ချုပ်မိန့်ခွန်းများစာအုပ်မှာ ရှာဖွေကြည့်တော့ တွေ့ရပါကောလားဗျာ။

၁၉၄၆ ခု ဇန်နဝါရီလ ဖဆပလ ပဏာမညီလာခံကြီးမှာ ဗိုလ်ချုပ် အောင်ဆန်းက - “အမှန်ကတော့ ဘယ်နိုင်ငံရေး၊ စီးပွားရေးစနစ်မှ အမြဲတည်တံ့တာ မရှိဘူး။ သူ့အချိန် သူ့အခြေအနေအလိုက် ဖြစ်လာကြတာပဲ။ ဒီတော့ ကျွန်တော်တို့ ဗမာပြည်အဖို့မှာတော့ အလယ်အလတ်အဆင့်မှာရှိတဲ့ ဒီ အရင်းရှင်ကိုစနစ် ကျော်မသွားသေးပေမယ့် အဲဒီစနစ် ထင်တာမလုပ်နိုင်ဘဲ ဒီစနစ်ကို အမြန်ဆုံးကျော်သွားနိုင်မယ့် စီးပွားရေး သဘောတရားတွေကို အခြေခံပြီး တိုင်းပြည်တည်မှသာလျှင် တကယ့် ဒီမိုကရေစီနိုင်ငံကိုရောက်အောင် သွားနိုင်လိမ့်မယ်။ တကယ့် ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနှင့် မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်း စီးပွားရေး အဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့ အခြေအထိ မြှင့်တင်နိုင်အောင်ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီအထိ လှမ်းတက်နိုင်မယ်"လို့ ဆွေးနွေးလမ်းညွှန်ခဲ့တယ်ဗျ။

ငါးမူး သုံးမူးတစ်ပဲ ဒီမိုကရေစီ
“အခု ဒီမိုကရေစီခေါ်နေတဲ့ တိုင်းပြည်တွေအများဟာ တကယ့် ဒီမိုကရေစီတွေ မဟုတ်ဘူး။ ငါးမူး သုံးမူးတစ်ပဲလောက်ပဲ။ ဒီမိုကရေစီတွေ ဖြစ်ကြသေးတယ်။ အဲဒီ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုက်တော့ အရင်းရှင် ခေါ်တဲ့ပစ္စည်း၊ အရင်းရှင်တွေ စီးပွားရေး ခြယ်လှယ်တဲ့ စနစ်အခြေခံတဲ့ ဒီမိုကရေစီတွေ ဖြစ်တယ်။ တစ်နည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင် စနစ်အုပ်ချုပ်ရေးကို ဒီမိုကရေစီဆိုလို့ ဘမ်းပြပြီးထားတဲ့ အုပ်ချုပ်ရေးပဲ" လို့ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့တာဟာ ခေတ်အဆက်ဆက် မငြင်းနိုင်တဲ့ အမှန်တရားတွေ ဖြစ်နေပါတယ်။ ကျွန်တော်ကတော့ လက်ရှိ ကျွန်တော်တို့ လယ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဟာ ဗိုလ်ချုပ်အောင်ဆန်း အမြော်အမြင်ကြီးစွာ သတိပေးသွားတဲ့ ‘ဘမ်းပြဒီမိုကရေစီ’ ပုံစံမျိုးဆီကို ဦးတည်သွားမှာ အလွန်စိုးရိမ်နေမိတယ်ဗျ။

ကျေးရွာအုပ်ချုပ်ရေးမှူးအချို့လုပ်ပုံ
လယ်သမားတွေရဲ့ဘဝနဲ့ ခံစားချက်အကြောင်းပြောနေတုန်း ပြီးခဲ့တဲ့အပတ် ပြည်သူ့ခေတ်မှာ ကျွန်တော်ရေးခဲ့တဲ့ ‘ဖယောင်းတိုင်မီးနဲ့ ကျွန်တော်’ ဆောင်းပါးထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိစ္စ ဖော်ပြခဲ့တာကို ဖြည့်စွက်ပေးတဲ့ စာတချို့ ရရှိခဲ့တယ်ဗျာ။

ချင်းတွင်းကိုကို ကလောင်အမည်ခံသူ မိတ်ဆွေသတင်းထောက်က ခုလို ရေးလိုက်ပါတယ်။

မည့်သည့်ထောက်ခံချက်မဆို ... ၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်အတွင်း (အေဖိုးစာရွက် ထက်ဝက်ပြတ်ကို ကွန်ပြူတာနဲ့ စာစီ လက်မှတ်ထိုး ထားတာ ... ဒါတောင် မကိုက်ဘူးဆိုပဲ ဆရာ) နောက် ... ဧည့်စာရင်းတိုင်ရင် တစ်ယောက်ကို ဘယ်လောက် ...။ ဟိုတစ်လောက ဧည့်စာရင်း စစ်တာမိတဲ့ လူငယ်လေးတစ်ဦးက ပြောတယ်။ မှတ်ပုံတင် သိမ်းသွားတယ်တဲ့ ... လာရွေး ... ၅၀၀၀ ကျပ်တဲ့ ...။ နောက် အိမ်ခြံမြေ ရောင်းမယ် ဝယ်မယ်ဆိုရင် အရောင်းအဝယ် စာချုပ်ချုပ်မယ်ဆိုရင် တန်ကြေးပေါ်မူတည်ပြီး ... ပိုက်ဆံရတတ် တောင်းတတ်ပါတယ်။ (ရန်ကုန်တော့ မသိပါ) ...။ နောက် ရပ်ကွက်အတွင်း ပြဿနာပေါ်လို့ လိုက်ရှင်းပေးရရင် ... ဘယ်အမှုက ဘယ်လောက်၊ ဘယ်အမှုက ဘယ်ရွေ့...။ မြစ်ချောင်းဘေးက ကျေးလက်တွေဆိုရင် သောင်လေးတွေ မြေနုကျွန်းလေးတွေ ပေါ်လာပြီဆိုရင် ရပ်ကွက် ဥက္ကဋ္ဌ … ဆိုသူက အကောင်းဆုံးနေရာတွေကို သူ ရောင်းစား ... ကျန်သူတွေကို ဝေချမ်းပေး (ပိုက်ဆံများများ ပေးနိုင်သူကို နေရာကောင်းပေါ့) ... ... အဲလို အဲလို ... လေးတွေ့ရသဗျ....။ ဒါလေးတွေက ဥပမာပါဗျာ ... ... ကျွန်တော့် အသိ ဘုန်းကြီးလူထွက်တစ်ယောက် ဥက္ကဋ္ဌလုပ်ချင်လို့ ပိုက်ဆံအကုန်ခံပြီး လုပ်နေတယ်။ လက်ရှိလည်း ရပ်ကွက်တစ်ခုရဲ့ ဥက္ကဋ္ဌပါ .....။ အဲလို ဆိုတော့ ဆရာရယ် ... ... ကျွန်တော်တောင် ရပ်ကွက် ဥက္ကဋ္ဌ ... ဈေးကွက်ဆိုပြီး ရေးရင် ကောင်းမလား စဉ်းစားနေတာ ...။

အရည်အချင်းပြည့်ဝဖို့
လယ်သမားတွေခမျာ နေရာအတော်များများမှာ အဲသလို အုပ်ချုပ်ရေးမှူး ဆိုသူတွေရဲ့ အာဏာပြမှု အနိုင်ကျင့်မှုတွေကိုပါ ခါးစည်းခံနေကြရတုန်းပဲဆိုတာ အထင်အရှားပါ။ လယ်တွေ ပျက်စီးဆုံးရှုံးရတဲ့ကြားမှာ ရေနစ်သူ ဝါးကူထိုးနှစ်ခံရသလို ဖြစ်နေကြရှာတယ်ဗျ။ အုပ်ချုပ်ရေးမှူးဆိုတဲ့ ရာထူးနာမည်က အတော်ကြီးကျယ်ပါတယ်ဗျာ။ နာမည်ကြီးကျယ်သလောက် လူတွေကလည်း အရည်အချင်းပြည့်ဝဖို့ လိုမယ်ထင်တယ်ဗျ။ သူတို့အတွက် အရည်အချင်းကတော့ ဘွဲ့တွေ ဒီဂရီတွေ ပြနိုင်ဖို့ မလိုပါ။ ရပ်ကွက် ကျေးရွာနေ ပြည်သူများကိုယ်တိုင် လွတ်လပ်စွာ လျှို့ဝှက်ဆန္ဒမဲနဲ့ ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြှောက်ခံရသူတွေ ဖြစ်ဖို့ပါပဲဗျာ။

မောင်ဝံသ
၀၁၊ ၀၆၊ ၂၀၁၂
၇ ဇွန် ၂၀၁၂ ထုတ် ပြည်သူ့ခေတ် ဂျာနယ်
မြင်သောသူတစ်ယောက်၏ဆုတောင်း


ကျွန်မရဲ့ဘဝအသက်ဟာ လူသားတို့ရဲ့ ဘဝ အသက်အတိုင်း သာယာမှုရှိခဲ့သလို ဆုံးရှုံးနာကျင်မှုတွေလည်း ရှိခဲ့ပါတယ်။ အဆိုးဆုံးသော နာကျင်မှုကတော့ ရက်စက်စွာ မတရားမှုလုပ်ခံခဲ့ရခြင်းပဲဖြစ်တယ်။ ဒီဒဏ်ရာဒဏ်ချက်ကိုတော့ ဘယ်တော့မှ မေ့နိုင်မယ် မထင်ပါဘူး။ ကျွန်မဘဝမှာ ဆုံးရှုံးမှုတွေ မမျှတစွာ များခဲ့တယ် လို့ ထင်ပါတယ်။
အခုဆို နောက်ထပ် ဆုံးရှုံးစရာ ဘာမျှ မကျန်တော့ သလောက်ပါဘဲ။

ကျွန်မအနေနဲ့ ဗုဒ္ဓရဲ့ ငြိမ်းအေးတဲ့ တရားကိုဆည်းကပ်ပြီးတဲ့နောက် အတတ်နိုင်ဆုံး ခွင့်လွှတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အတော်အတန် အောင်မြင်မှုရခဲ့ပါတယ်။ မေ့လို့တော့မရနိုင်သေးပါဘူး။ ဆက်လက်ပြီးတော့ ကြိုးစားနေရဦးတော့မယ်။ ဒီအသက် ဒီအရွယ်လည်း ရောက်နေ၊ ဆုံးရှုံးမှုတွေ ကုန်သလောက်ရှိသွားပြီဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မဆီက ထပ်မံ ယူသွားစရာ မရှိတော့ပါဘူး။ နောက်ထပ် သူ့ဆီက ဘာမှ ယူစရာ မရှိတဲ့သူ တစ်ယောက်ဟာ လွပ်လပ်သွားပြီ ဖြစ်တဲ့လူလို့ ခေါ်နိုင်မယ် ထင်ပါတယ်။ ဒီလိုလွတ်လပ်မှုမျိုးကို ဖော်ဆိုနိုင်အောင် ဗုဒ္ဓတရားတော်က အားပေးထောက်ကူပြုခဲ့ပါတယ်။

ဗုဒ္ဓတရားတော်ရဲ့ မျက်မှောက်မှာတော့ လူတိုင်း လူတိုင်းဟာ ခွဲခြားမှု မရှိဘဲ လွတ်လပ်သူတွေပါ။ ညီတူညီမျှ အခွင့်အရေးရှိတယ်။ ဟိုရှေးယခင် အနောက်ကမ္ဘာက မဟာကရုဏာရှင် ဗုဒ္ဓမြတ်စွာရဲ့ မြင့်မြတ်သိမ်မွေ့ပြီး အေးငြိမ်းလှတဲ့ တရားပေါ် အမြင်မှန်ရချိန်မှာ Sir Edwin Arnold ဆိုသူက ဂန္တဝင် သမ္ဘာဝင်ဖြစ်လာမယ့် ကဗျာရှည်ကြီး (epic poem) Light of Asia ဆိုတာကို ၁၈၉၃ မှာ ရေးခဲ့ပါတယ်။ အဲဒီကဗျာထဲမှာ ဆူကြုံနိမ့်မြင့် အဆင့်မရွေး၊ ကျားမ မရွေး အားလုံးသော သူတို့ဟာ အလုပ်သာလုပ်မယ်ဆိုလျှင် ဘဝရဲ့အထွဋ် အထိပ်ဖြစ်တဲ့ နိဗ္ဗာန် ဆိုတဲ့ လွတ်လပ်မှုကို ညီတူညီမျှခံစားခွင့်ရှိတယ် လို့ ဗုဒ္ဓ အဆိုကို ‘proudest assertion ever madw of human freedom’ လို့ ဖော်ကျူးခဲ့ပါတယ်။

ဒီတော့ လွတ်လပ်ရေးဆိုတာ ဗုဒ္ဓရဲ့တရားတော်အရတော့ လူတိုင်းလူတိုင်းရဲ့ အခွင့်အရေးဖြစ်ပါတယ်။ နောက်ခေတ် စာရေးဆရာ George Orwell ကတော့ လွတ်လပ်ရေး (freedom)  ကိုဒီလို အဓိပ္ပာယ်ဖွင့်တယ်။
‘Freedom is the freedom to say two plus two make four. If this is granted, all else follow.’
“လွတ်လပ်တယ်ဆိုတာ နှစ်နဲ့ နှစ်ပေါင်းရင် လေးဖြစ်တယ်ဆိုတာ ပြောနိုင်ခြင်းပဲဖြစ်တယ်၊ ဒါကိုသာခွင့်ပြုပေးလိုက်ရင် ကျန်တာတွေအားလုံး နောက်က လိုက်လာမှာပဲ” တဲ့။

ကျွန်မဘဝကို အခုလို အသက် ၈၇ နှစ်ဆိုတဲ့ မှတ်တိုင်ကနေ ပြန်လည့်ကြည့်လို့ မြင်ရတာကတော့ ကျွန်မဟာ ကျွန်မ အလွန်ချစ်ပါတယ်ဆိုတဲ့ တိုင်းပြည်၊ အလွန် သနားလှပါတယ် ဆိုတဲ့ ပြည်သူပြည်သားတွေ အတွက် တနိုင် တပိုင် ကြိုးစားခဲ့တာ မှန်ပေသောလည်း ထူးထူးထွေထွေ မှတ်မှတ်သားသား အရာ အကြောင်းတွေ ထင်ပြီးကျန်လောက်တဲ့ ကောင်းကျိုးတွေ မပေးနိုင်ခဲ့ပါဘူး။ ပေးစရာလည်း နောက်ထပ်ဘာမှ မရှိတော့ပါဘူး။ အမွေလည်း မထားခဲ့နိုင်ပါဘူး။ ပေးနိုင်တာ တစ်ခုကတော့ မျှော်လင့်ချက်ပါပဲ လို့ထင်ပါတယ်။ ဒါကြောင့် ဒီ “မျှော်လင့်ချက် ရောင်ခြည်” ကိုပဲ အမွေလို့ သဘောထားလိုက်တော့မယ်။

ကျွန်မရဲ့မျှော်လင့်ချက် ရောင်ခြည်ဟာ ဆထက်ထမ်းပိုး ပိုမိုထွန်းတောက်တဲ့ အလင်းကမ္ဘာကြီး ဖော်ဆောင် တည်ဆောက်ပေးနိုင်ပါစေ။ မှိတ်တုတ် မှိတ်တုတ် ဖြစ်ပြီး ပျောက်မသွားပါစေနဲ့။ ငြိမ်းမှိတ်မသွားပါစေနဲ့။ ကျွန်မရဲ့ နိဂုံးဟာ မျှော်လင့်ချက်ရဲ့ နိဂုံး မဖြစ်ပါစေနဲ့။

ဒေါက်တာဒေါ်မြင့်မြင့်ခင်
၁၄၊ ဇူလိုင်၊ ၂၀၁၁၊ ရန်ကုန်

(ပြည်သူ့ခေတ်ဂျာနယ်၊အတွဲ ၂၊ အမှတ် ၅၅၊ ၁၁၊ သြဂုတ်၊ ၂၀၁၁)

Thursday, June 7, 2012

လက်နှစ်ကမ်း အကွာ


Numbers

I like the generosity of numbers.
The way, for example,
they are willing to count
anything or anyone:
two pickles, one door to the room,
eight dancers dressed as swans.

I like the domesticity of addition--
add two cups of milk and stir--
the sense of plenty: six plums
on the ground, three more
falling from the tree.

And multiplication's school
of fish times fish,
whose silver bodies breed
beneath the shadow
of a boat.

Even subtraction is never loss,
just addition somewhere else:
five sparrows take away two,
the two in someone else's
garden now.

There's an amplitude to long division,
as it opens Chinese take-out
box by paper box,
inside every folded cookie
a new fortune.

And I never fail to be surprised
by the gift of an odd remainder,
footloose at the end:
forty-seven divided by eleven equals four,
with three remaining.

Three boys beyond their mothers' call,
two Italians off to the sea,
one sock that isn't anywhere you look.

Mary Cornish
(from Poetry magazine
Volume CLXXVI, Number 3, June 2000)

တစ်၊ နှစ်၊ သုံး နံပါတ်စဉ်ဂဏန်းများသည် ငယ်ရွယ်စဉ်ကတည်းက ကျွန်မတို့ ကို လွှမ်းမိုးအုပ်စိုးခဲ့သည်။ ဂဏန်းတွေ ရေတွက်တတ်စအရွယ်ကဖြင့် မျက်စိအောက် မြင်တွေ့ လေရာမှာ ရေတွက်စရာ ဂဏန်းတွေချည်း ပြည့်နေခဲ့၏။ ဆက်ရက်လေး နှစ်ကောင်၊ ခိုလေး သုံးကောင်၊ ကြောင်လေးတစ်ကောင်။ ဇွန်းပန်းရုံမှာ ကုလားထိုင်ပေါ်တက် မတ်တတ်ရပ်ပြီး ပန်းခူးတာတောင်မှ တစ်ပွင့်၊ နှစ်ပွင့်၊ သုံးပွင့် ရေတွက်ပြီး ခူးသည်။ ဂဏန်းသိပ်မများလျှင်တော့ တစ်ခါတလေ မရေတော့ပဲ ချန်ပစ်လိုက်တာရှိတာပေါ့။ ကြယ်လေးတွေကို ရေသည့်အခါမှာတော့ ကိုယ့်မျက်စိကိုက ကြယ်ကို မြင်တာလား။ ဒါက ကြယ်ဟုတ်ရဲ့ လား မသိနိုင်ဘဲ ရေလိုက်၊ ပြန်ကြည့်တော့ ကြယ်မဟုတ်ဘဲ ဘာမှ မရှိသည့် နေရာကွက်လပ်လေး ဖြစ်နေလိုက်။ ကိုယ့်ဟာကိုယ် ရေတွက်ခြင်းဖြင့် မူးနောက်လာခဲ့ဖူးသော်လည်း ရေတွက်ခြင်းဖြင့် နေသားကျနေသည်။

ကျောင်းကိုရောက်တော့ ကျောင်းသည် ကျွန်မအား ဂဏန်းတွေကို သင်ပေးရုံမျှမက နံပါတ်အစီအစဉ် ရှေ့ နောက်တွေကို သတိထားမိအောင် တွန်းအားပေးသည်။

သင်္ချာ (၉၆)၊ သိပ္ပံ (၈၇)၊ အင်္ဂလိပ်စာ (၈၅)။

အတန်းထဲမှာ အမှတ်အများဆုံးက ပထမ၊ သူ့ ထက်နည်းတာက ဒုတိယ၊ ထိုထက်နည်းတာက တတိယတဲ့။ စတုထကျတော့ ဘာဖြစ်လို့  မထားတာလဲ။
သုံးယောက်ပဲ တော်သူစာရင်းဝင်လား။ သူတို့ ထက် နည်းနည်းပဲ အမှတ်နည်းသူမှာ ဘာနေရာမှ မသတ်မှတ်ခံရ။ ကျွန်မကို ထို ပထမ၊ ဒုတိယက လွှမ်းမိုးသွားသည်။
ကျွန်မ ပထမဖြစ်ချင်သည်။ ရောင့်ရဲတင်းတိမ်မှုဆိုတာ အဲဒီကတည်းက ကျွန်မနှင့် ဝေးခဲ့သည်။

ကလေးတစ်ယောက်လို ကလေးဆန်သော သူငယ်ချင်းက ကျွန်မကို မေးခဲ့ဖူးသည်။

" နင့်ရဲ့ ခင်မင်သူတွေထဲမှာ အရေးပါတဲ့ အစီအစဉ်အတိုင်းဆိုရင် ငါက နံပါတ်ဘယ်လောက်လဲ " တဲ့။ ချစ်ခင်မှုကို နံပါတ်စဉ်ဖြင့် တွက်ချက်နေရာချထားလို့  ရသတဲ့လား။
ကျွန်မ ရုတ်တရက် အတွေးခေါင်သွားလိုက်မိသော်လည်း ချက်ချင်းပင် ပြန်ဖြေလိုက်ခဲ့ဖူး၏။ နံပါတ် (၁၆) လောက်တော့ ရှိမယ်ထင်တယ် "

" ဟင် . . . နင်ကလည်း "

အေးလေ။ နံပါတ်စဉ်ကို သိချင်တယ်ဆိုတာကိုး။ ကျွန်မ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့သည့်အတွေးကို သူကမေးတော့ စိတ်ပေါက်ပေါက်နှင့် အဲသည်လိုပဲ ဖြေပစ်လိုက်ဖို့  ကောင်းသည်မလား။

အပေါင်းဟု ကျွန်မတို့ ခေါ်သော ထည့်ပေါင်းခြင်းကို သိလာသည့်အခါ ပေါင်းရခြင်းသည် ပျော်စရာ

မောင်ဘမှာ ပန်းသီးနှစ်လုံးရှိသည်။ မလှမှာ ပန်းသီးသုံးလုံးရှိသည်။ သူတို့  မောင်နှမ နှစ်ယောက်ပေါင်းလျှင် ပန်းသီးမည်မျှရှိမည်နည်း။ အဖြေက ပန်းသီးငါးလုံးရမည်။
ပျော်စရာမကောင်းဘူးလား။ နှစ်ယောက်ပေါင်းလိုက်လျှင် ပန်းသီး (၅) လုံး ပိုင်ဆိုင်သွားပြီ။ ဒါဟာ ကောင်းသည့်အချက်ပဲ။ ဒါဟာ မင်္ဂလာပဲ။ အဲသည်လိုမဟုတ်ဘဲ အပိုထည့်ပေးလျှင်လည်း ဒါကပျော်စရာပဲ။

ကျွန်မ ပဲပြုတ် (၂၀) ကျပ်သားဝယ်သည်။ အင်ဖက်ဖြင့် ထုပ်ပိုးပေးလိုက်သည်။ ကျွန်မက ကလေးမို့  ကျွန်မအတွက် သီးသန့် ဖက်သေးသေးလေးနှင့် ပဲပြုတ်နည်းနည်းလေး ထပ်ထည့်ထုပ်ပိုးပေးလိုက်သည်။ အဲဒါကိုရတော့ ကျွန်မသိပ်ပျော်ခဲ့သည်။ အိမ်ရောက်တော့ ထိုပဲပြုတ်ထုပ်လေးကို လူကြီးတွေစီစဉ်သော ပန်းကန်ထဲသို့ ထည့်လိုက်ရတာ အရသာရှိသည်။ ကျွန်မ၏ ပဲပြုတ်ထုပ်သေးသေးလေးကြောင့် ပဲပြုတ်တွေ ပိုများပြီဟု ကျေနပ်နေခဲ့သည်။ အပေါင်းဆိုတာ အဲဒါပဲ။

မြမန်းသုပ်ဟု ကုန်းစောင်းကခေါ်ပြီး ကျွန်မတို့ ကလေးတွေက နားမလည်ပါးမလည်နှင့် လင်ပန်းသုပ်ဟု လိုက်ခေါ်သော သင်္ဘောသီးပေါင်းသုပ်ကို ကျွန်မကြိုက်သည်။
တို့ ဟူးချည်းလည်းကောင်းသည်။ သင်္ဘောသီးသုပ်ချည်းလည်း ကောင်းသည်။ နှစ်မျိုးသုပ်လိုက်တော့ ပိုကောင်းသည်။ အဲသည်အထဲမှာ အာလူးကို ပျစ်နေအောင် ကျိုချက်ထားသည့်
ဟင်းအနှစ်လေး ပေါင်းထည့်ဆမ်းပြီးသုပ်လိုက်တော့ ပိုကောင်းသွားသည်။ အဲသည်အထဲမှာမှ အပေါ်ကနေ ရွှေဝါရောင်သန်းနေသော ကြက်သွန်ကြော်ဖတ်လေးတွေ ထည့်ဖြူးပေးလိုက်တော့ အိုး . . . အရသာရှိမှရှိ။ အပေါင်းကို ကျွန်မသဘောကျ၏။

အနုတ်ကိုသိလာချိန် အနုတ်ဟာ လျော့နည်းသွားတာဟု ယေဘုယျသိရသော်လည်း တစ်ခါတစ်ခါကျတော့ နုတ်ကိုနုတ်ရမည့် အရာတွေရှိသည်။ မေမေ့ပိုက်ဆံသေတ္တာထဲမှာ ပိုက်ဆံ (၆၀) ရှိသည်။ မိုးမရွာခင် အိမ်အမိုးမိုးဖို့  စုထားသော ပိုက်ဆံတွေဖြစ်သည်။ (၆၀) အတိုင်းရှိနေဖို့  မျှော်လင့်သော်လည်း ဆန်နှင့်ဆီဝယ်ဖို့ ကျွန်မကို ငွေနှစ်ကျပ်ပေးလိုက်သည့်အခါ မေမေ့ပိုက်ဆံလျော့သွားသည်။ နုတ်လိုက်တော့ (၅၈) ကျပ်ပဲ ကျန်တော့သည်။ မနုတ်ချင်ပါ။ သို့ သော် နုတ်ကိုနုတ်ရမှာပဲ။ ဒါမှ ကျွန်မတို့ နေ့ လည်စာထမင်း စားရမှာပေါ့။

တချို့ နုတ်ယူခြင်းတွေကျတော့ ကိုယ့်အနားမှာ လျော့သွားပေမယ့် တစ်နေရာရာမှာ တိုးနေတာတွေရှိသည်။ ကျွန်မတို့ ထက် ချို့ တဲ့သော မိသားစုတစ်စုကို ကျွန်မတို့  မ၀တ်လည်းရသော အ၀တ်ဟောင်းတချို့ ကို ပေးဖို့ ထုတ်ယူရသည့်အခါ နှမြောတော့ နှမြောသား။ သို့ သော် ကိုယ့်ဆီက နုတ်ယူလိုက်သည့် ဂဏန်းသည် ဟိုဘက်မိသားစုမှာ အပေါင်းဂဏန်းဖြစ်သွားသည်။ ဆောင်းရာသီ သူတို့ မှာ အနွေးထည် လုံလောက်အောင်မရှိ။ ကျွန်မတို့ အနွေးထည်လေးတွေက သူတို့ အတွက် အသုံးဝင်သည်။ သူတို့ ကိုယ်ပေါ်မှာ နွေးထွေးစေမည်။ သူတို့ အတွက် ထည့်ပေါင်းလာသော ဂဏန်းဖြစ်သည်။ အဲဒါကောင်းသားပဲဟု ကျွန်မ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရသည်။

ကျွန်မတို့  မန်ကျဉ်းပင်ပေါ်မှာ ဆက်ရက်လေး (၅) ကောင် နားနေရာမှ (၂) ကောင် ပျံသန်းသွားသည်။ ကျွန်မတို့ ဆီမှာ (၃) ကောင်ပဲ ကျန်ရစ်သည်။ ဒါကို အနုတ်ဟု ခေါ်ရမှာပေါ့နော်။ သို့ သော် ထို (၂) ကောင်က ကျွန်မတို့ အိမ်၏ မြောက်ဘက်က အိမ်နီးချင်း၏ မဲဇလီပင်ဘက်ဆီ ပျံသန်းသွားတာမို့  ဒီကနေ နုတ်ယူခံရပေမယ့် ဟိုဘက်မှာတော့ အပေါင်းပေါ့။ အဲဒါလည်း ကောင်းသားပဲ။ ကိုယ့်ဆီကလျော့ပေမယ့် တခြားနေရာမှာ ပုံစံတစ်မျိုးမျိုးဖြင့် ရှိနေမှာတဲ့။ အပူစွမ်းအင်ကနေ အလင်းစွမ်းအင်သို့ ပြောင်းတာမျိုးပေါ့နော်။

တိုးပွားခြင်းဟု အဓိပ္ပါယ်ရှိသော အမြှောက်ကို သိလာသည့်အခါ လောကကြီးက အံ့မခန်းပါလား။

ကျွန်မတို့ အိမ်က ကြောင်မလေးသည် တစ်နှစ်ကို တစ်သားမွေးသည်။ တစ်ခါမွေးလျှင် သူက (၂) ကောင်ပဲ။ ဘယ်တော့မွေးမွေး (၂) ကောင်ပဲ။ သုံးနှစ်ရှိတော့
ကျွန်မတို့ မှာ ကြောင်လေး (၆) ကောင်ရလာသည်။ သူတစ်ယောက်တည်းကချည်း သားသမီး (၆) ကောင်။ ဒါဟာ အမြှောက်ပေါ့။

ကုန်းစောင်းအိမ်ရှေ့ က ဆည်လွှတ်ရေမြောင်းထဲတွင်
မိုးရာသီဆိုလျှင် ဖားလောင်းလေးတွေ ပွားနေကြတာ အများကြီးပဲ။ အနက်ရောင် ငါးမွှားမွှားလေးတွေလိုပဲ အမြီးလေးတွေ လှုပ်လှုပ် လှုပ်လှုပ်နဲ့  ဟိုဒီကူးခပ်နေလိုက်တာ ကျွန်မတို့  ရေတွက်ကြသည်။ ရေတွက်လို့  မနိုင်။ ဖားတစ်ကောင်တည်းက ပေါက်တာလား။ (၃) ကောင်က ပေါက်တာလား။ သူတို့ ဥဥနေသည့်အချိန်မှာ ကျွန်မတို့  မမြင်ရဘဲကိုး။ ဒါပေမယ့်
ဒါဟာ ဂဏန်းတွေကို မြှောက်ထားသည့် အမြှောက်ပဲ။ ငါးနှင့်တူသဖြင့် စိတ်ဝင်စားမိသည်။ သူတို့  ဘယ်လိုပြောင်းလဲလာမှာလဲဟု သိအောင် တစ်ချိန်လုံး ကျွန်မ ထိုင်စောင့်ကြည့်နေခဲ့ဖူးသည်။ ဒါပေမယ့် တကယ်ပြောင်းသည့်အချိန်မှာ ကျွန်မ မသိလိုက်တော့ပေ။

ကျွန်မက သုံး၊ လေးတန်းမှာကတည်းက အရုပ်ရေးရတာ ၀ါသနာပါသည်။ မိန်းမလှလေးတွေပုံပေါ့။ ဗလာစာအုပ် ကျောဖုံးနှင့်ကပ်လျက်နောက်ဆုံး စာမျက်နှာပေါ်မှာပဲ
ခဲတံဖြင့်ရေးခြယ်သည်။ ကျွန်မသူငယ်ချင်းတွေက ကျွန်မ၏ မိန်းမလှလေးများကို နှစ်သက်သည်။ ကျွန်မကို ရေးဆွဲခိုင်းသည်။ ကျွန်မမေမေက ကျွန်မတို့  ညီအစ်မတွေကို
မုန့် ဖိုးမပေးနိုင်ပါ။ သည်တော့ ကျွန်မ၏ ပန်းချီလက်ရာကို ၀ိုင်းဝိုင်းလည်လုလျက် စောင့်နေကြသည့် ပရိသတ်ထံမှာ တစ်ပုံလျှင် ဆယ်ပြားနှုန်းဖြင့် အခကြေးငွေယူသည်။

ပြီးတော့ ကျွန်မ၏ ညီမလေးနှစ်ယောက်ကို မုန့် ဝယ်ကျွေးသည်။ ကျွန်မကဖြင့် သည်ကလေးဘ၀အရွယ်ကတည်းက ညီမတွေကို လုပ်ကျွေးပြုစုဖို့  စိတ်အားထက်သန်နေခဲ့ပါလား။တစ်ခါတစ်ခါ ညီမတွေက ကျွန်မဆီက မုန့် ဖိုးလာတောင်းနေပြီ။ ကျွန်မက ဒီမှာပုံရေးလို့ မပြီးသေး။ ဒီတော့ ရေးလက်စပုံ ပိုင်ရှင်ဆီက ပိုက်ဆံကြိုယူလိုက်ပြီး ညီမတွေကို ပေးလိုက်သည်။ ကျွန်မက မုန့် စားကျောင်းဆင်းချိန် ပြီးသွားသည်အထိ အပြင်သို့ မထွက်လိုက်ရတော့ပေ။ အကြွေးကို လက်စသတ်နေခဲ့ရတာကိုး။ ကျွန်မ၏ မိန်းမလှလေးတို့ သည် ခါးထောက်လျက်တစ်မျိုး၊ လက်လေးပိုက်လျက်တစ်မျိုး၊ ထိုင်လျက်တစ်မျိုး၊ အလျားမှောက်လျက်၊ ဒူးကွေးကာ ခြေထောက်လေးတွေထောင်လျက်တစ်မျိုး။

အိုး . . .
အမျိုးမျိုးပါပဲ။ ငါ့ကို မင်းသမီးပုံဆွဲပေးဟု ပူဆာသူက ပူဆာသည်။ ငါ့ကို ဒေါက်မြင့်ဖိနပ်လေးနဲ့  ပိုက်ဆံအိတ်လေးနဲ့ ဆွဲပေးဟု ပူဆာသူလည်းရှိသည်။ တစ်နေ့ ကို (၅)ပုံပြီးလျှင် (၅) ရက်ဆိုတော့ (၂၅) ပုံပေါ့။ ကျွန်မ မြှောက်ကြည့်သည်။ တစ်ပုံကို ဆယ်ပြားဆိုတော့ (၂၅)ပုံအတွက် ပြား (၂၅၀)ပေါ့။ (၂) ကျပ်ခွဲပဲ။ အများကြီးပေါ့။ အမြှောက်လည်း ကျွန်မကို ရင်ခုန်စေခဲ့သည်။ ခုနစ်တန်းတုန်းကတော့ မှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက်က သူ့ မိန်းကလေးကို ဇင်းမယ်ထဘီလေးဖြင့် ဆွဲပေးပါတဲ့။ ကျွန်မက ရေဆေးကို မသုံးတတ်သေးတော့ ရောင်စုံခဲတံဖြင့် ရေးဆွဲရသည်။ ကျွန်မမေမေမှာ ဇင်းမယ်ထဘီမရှိပါ။ ကျွန်မကြည့်ဖူးသည့် ပုံလေးတွေမှာလည်း ဇင်းမယ်ထဘီဆိုတာကိုမသိ။

သည်တော့ ကျွန်မ မသိသည့် ဇင်းမယ်ထဘီကို ကျွန်မ ဘယ်လိုလုပ်ဆွဲရပါ့မလဲ။ ထိုအချိန်မှာတော့ ကျွန်မသည် ငွေကြေးယူပြီး ပုံဆွဲသူ မဟုတ်တော့ပေ။ မေတ္တာသက်သက်ဖြင့် ပုံဆွဲပေးသူဖြစ်လာခဲပြီ။ သူငယ်ချင်းကိုပဲ မေးရသည်။ “ဇင်းမယ်ထဘီဆိုတာ ဘယ်လိုဟာမျိုးလဲ။ ဘယ်လိုဆွဲရမှာလဲ၊ ငါမသိဘူး” သူက “ထမီသားပေါ်မှာ အစင်းအစင်းလေးတွေ အောက်ခံမြင်နေရတယ်။ အပေါ်ကမှ ပန်းခက်တွေ ရက်ထားတာလေ။ ခပ်ပြောင်ပြောင်လေးဟာ” သူတတ်သလောက် သရုပ်ဖေါ်ပေးသည်။ ကျွန်မတစ်ခါမှ သတိမထားမိသော ဇင်းမယ်ထဘီကို သူ့ အပြောဖြင့် အာရုံထဲမှာဖေါ်လျက်ရေးခဲ့တာ အခုထိ မှတ်မိသည်။ သူက ဇင်းမယ်ဆိုတော့ တခြားသူတွေလည်း ဇင်းမယ်ဖြစ်သွားသည်။ အဲသည်တုန်းက ဇင်းမယ်ထဘီပေါင်း (၆) ခု ရေးဆွဲခဲ့ရသည်။ ထဘီအစင်းကို ပေတံနှင့်ရေးလျှင် တောင့်တောင့်ကြီးဖြစ်မှာစိုးလို့  ထဘီကပိုကရိုမှာ သူ့ အစင်းနှင့်သူ စိတ်ရှည်လက်ရှည်ရေးရတာမို့ 
(၆) ထည်အတွက် အစင်းပေါင်း (၁၀၀) ကျော် ရေးခဲ့ရတာ မြှောက်ကြည့်လို့ သိနေတာကို မှတ်မိနေခဲ့သည်။

ငယ်ငယ်တုန်းက “အစား” ဟု နုတ်ကျိုးခဲ့သော “ခွဲဝေခြင်း” ကို အသက်ပိုပိုကြီးလာသည့်အခါ ပိုနားလည်လာသည်။ (၂၀) ကို (၅) နဲ့ စားရင် (၄)ရသည်။ အကြွင်းမရှိ၊ပြတ်သည်။ ဒါက ကလေးဘ၀ကသိခဲ့သည့် ဂဏန်းသင်္ချာအသိ။ မြတ်လေးပန်းတွေကို ကျွန်မတို့ ညီအစ်မတွေ မနက် (၃) နာရီ၊ (၄) နာရီလျှင် ခူးကြရပြီ။ ပြီးတော့ ပန်းတွေကို ရေခပ်ချိုးသည့် ကြေးဖလားကြီးထဲကနေ အ၀တ်ဖြူခင်းပေါ်သို့ ပုံချလိုက်သည်။ ပြီးတော့ နောက်ထပ်ကြေးဖလားတစ်ဖလားစာ တပ်ခူးနေချိန်မှာ ကြိုးဖြင့် သီသူကသီနေပြီ။

ပထမခူးတုန်းကတော့ မြတ်လေးပန်းက အငုံလေးတွေ။ မနက်လင်းလျှင် ပွင့်မည့်အဖူးကို ကျွန်မတို့ သိနေပြီ။ ထိုအငုံလေးတွေကို အပ်ချည်ကြိုးဖြင့် သီသည့်အခါ မြတ်လေးသုံးပွင့်လျှင် တစ်စု၊ သုံးပွင့်လျှင်တစ်စုစုပြီး ကြိုးဖြင့်သီယူသွားသည်။ တစ်ကုံးလျှင် အစု (၆)စု ထည့်ရမည်။ (၅) စုပဲထည့်လျှင် ပန်းကုံးက ကျဲကျဲကြီး ဖြစ်သွားမည်။ (၃)ပွင့်စာအစု (၆)စုဆိုတော့ (၁၈)ပွင့်ပေါ့။ သီလို့ လွယ်အောင် တစ်ယောက်က (၁၈)ပွင့်အပုံလေးတွေ လိုက်ပြီး ပုံပေးထားသည်။ ပန်းပွင့် (၃၀၀) ရှိလျှင် ပန်းကုံးဘယ်နှကုံးစာ ရမှာလဲ။ ဒါက အစားသင်္ချာပေါ့။

ပန်းကုံးကို မူသေထားပြီး ခန့် မှန်းလျှင် ပန်းပွင့်ကို (၁၀၀)တို့ ၊ (၅၀) တို့  ထားလို့ မရ။ (၁၈) နှင့်စားပြီး အကြွင်းမကျန်မှ ပြတ်မှာ။ ဒါကြောင့် ပန်းဖူးတွေကို အကြွင်းအကျန်အောင်ခူးပေါ့။ အဲသည်လိုမှမဟုတ်လို့  ရှိသမျှအကုန်ခူးလိုက်လျှင်တော့ အကုံးမပြည့်တော့သည့် အကြွင်းကျန်ကိုကျန်မည်။ ဒါ နိယာမပဲ။ (၁၄)ပွင့်ပဲ ကျန်ချင်ကျန်မည်။

(၁၇)ပွင့်ပဲ ကျန်ချင်ကျန်မည်။ ကိုယ့်အိမ်က ဘုရားအတွက် ငါးစု (သို့ မဟုတ်) လေးစု လှလှပပ ဝေေ၀ဆာဆာ သီပြီးတင်လိုက်ပေါ့။ သီဖို့ မလိုဘဲ ပန်းကန်ပြားလေးဖြင့် သည်အတိုင်း ပုံပြီး တင်လျှင်လည်း လှတာပဲ၊ မွှေးတာပဲ။ အကြွင်းဆိုတာ မပြတ်တာ။ သင်္ချာမှာ ရှုပ်နေတာဖြစ်ကောင်းဖြစ်မည်။ သို့ သော် မကောင်းတာမှ မဟုတ်ဘဲ။ အကြွင်းဆိုတာ တစ်ခါတစ်ခါကျတော့ တော်တော်အသုံးတည့်သည်။ အကြွင်းလေးတွေဟာလည်း ကျွန်မတို့ အတွက် အဓိပ္ပါယ် ရှိနေတတ်ပါသည်။

ကျွန်မမှာ ချောကလတ် (၅၀)ရှိသည်။ တူ၊ တူမတွေက (၁၁)ယောက်ရှိသည်။ တစ်ယောက်ကို ဘယ်လောက်ပေးလို့ ရမလဲ။ (၅၀) ကို (၁၁) ဖြင့်စားလျှင် တစ်ယောက် (၄)ခုစီပေးနိုင်ပြီး (၆)ခုကြွင်းကျန်သည်။ ခွဲဝေဖို့  မလောက်လို့ ကြွင်းကျန်သည့် အကြွင်းဆိုတာလည်း အံ့သြစရာ။ ရင်ခုန်စရာပါပဲ။ အကြွင်းလေးကိုတော့ ကျွန်မ သိမ်းဆည်းခွင့်ရှိမှာပေါ့နော်။

ယူဇနာ (၃၀)ကွာဝေးသော ချစ်သူနှင့် ကိုယ်နှင့်နီးစပ်ဖို့  နှစ်ယောက်အတူ နီးရာသို့ လှမ်းလာကြလျှင် တစ်ယောက်ကို (၁၅)ယူဇနာ လှမ်းရမှာပေါ့။ အဲဒါ အစားသင်္ချာပဲ။ဒါပေမယ့် အရာရာကို ဂဏန်းသင်္ချာနှင့် ပုံသေတွက်လို့  ရနိုင်ပါ့မလား။

တစ်ယူဇနာကိုရောက်ဖို့ အချိန်ကာလဘယ်နှနှစ်ကြာမလဲဆိုတာ
ခြေလှမ်းဘယ်လောက်လှမ်းရမှာလဲဟူသည့်အချက်ပေါ်မှာ မူတည်၏။ ထို့ ပြင် သူ့ ခြေလှမ်းကကျဲလျှင် သူက ပိုနီးနီးရောက်မည်။ ဆိုလိုတာက သူက ကျွန်မထက် ခရီးများများလှမ်းရမည်။ ခြေလှမ်းစိပ်သည့် ကျွန်မကသူ့ လောက်မြန်မြန် နီးအောင် လှမ်းနိုင်မှ မဟုတ်။

ကျွန်မနှင့် သူ၏ဆုံမှတ်ကို (၁၅) ယူဇနာဟု အတိအကျ တွက်လို့ မရ။ ကျွန်မက (၁၀)ယူဇနာ လှမ်းပြီးချိန်မှာပင် ယူဇနာ (၂၀)လှမ်းလာပြီးခဲ့သူ သူနှင့် ကျွန်မဆုံမိသွားနိုင်သည်။ သို့ မဟုတ် သူ ကျွန်မအနားသို့  မရောက်လာခင်မှာ ကျွန်မ မြေပြင်ပေါ်မှာ ပုံလျက်လဲကျပြီးနေပြီလည်း ဖြစ်နိုင်သည်။

သို့ သော် ကျွန်မ မျက်စိမမှိတ်ခင်အထိ ကျွန်မ ယုံကြည်သွားမည်။ သူ ခြေလှမ်းတွေလှမ်းနေသည်။ အခုအခါ ကျွန်မဆီရောက်ဖို့  ခြေလှမ်း (၅၀)လောက်ပဲ လိုတော့မည်။ ကျွန်မ စောင့်မည်။ အားတင်းပြီး စောင့်နိုင်သည်။ သို့ သော် ကျွန်မ မှန်းဆကြည့်နိုင်သေးသည်။ သူ ကျွန်မဆီ အခုပဲရောက်လာတော့မည်။ အခု လက်နှစ်ကမ်းအကွာမှာ သူရောက်နေလောက်ပြီ။ ကျွန်မလက်ကို သူနွေးထွေးစွာ ဆုပ်ကိုင်လာတော့မည်။ ကျွန်မဘက်က ကြိုးစားအားတင်းပြီး တစ်ပြိုက်တည်း လက်ကမ်းလိုက်လျှင်တော့ သူနှင့် အခုပဲ လက်ချင်းထိတော့မည်။

ဂျူး
( Mary Cornish ၏ Numbers ကဗျာကို မှီးပါသည်။ )
(Fashion Image ၊ဇူလိုင်၊၂၀၁၀)
စာမကွဲသော်လည်း ဖတ်နည်းကွဲက....အသိကွဲ၏


စာက မကွဲပြားသော်လည်း စာဖတ်နည်း ကွဲပြားသည်နှင့် အမျှ
စာ၏ အဓိပ္ပာယ် သိနည်းလည်း ကွဲပြား၏။
လူ့လောက တွင် စာပေ ပေါ်သည်မှ စ၍ လူတို့သည် စာဖတ်ကြသည်။ စာကို ဖတ်သောအခါ ဗုဒ္ဓဒေသနာတော် လာ နေတ္တိဟာရ အရ ဖတ်လျှင် စာ၏ အဓိပ္ပာယ်ကို တစ်မျိုး သိ၏။ အခြားနည်း များအရ ဖတ်လျှင် စာ၏ အဓိပ္ပာယ်ကို တစ်မျိုး သိ၏။ အမှန်အားဖြင့် စာက မကွဲပြားသော်လည်း စာဖတ်နည်း ကွဲပြား သည်နှင့် အမျှ စာ၏ အဓိပ္ပာယ် သိနည်းလည်း ကွဲပြား၏။
ဗုဒ္ဓ ဒေသနာတော် လာ နေတ္တိကျမ်း အရ စာဖတ်နည်း နှင့် ပတ်သက်လျှင် ဩတရဏဟာရ သည် မှတ်သားဖွယ် ကောင်း၏။

ဩတရဏဟာရ ဟူသည်မှာ နေတ္တိ ကျမ်းလာ စာဖတ်နည်း တစ်မျိုး ဖြစ်၏။ ယင်းနည်း အရ စာကို ဖတ်သောအခါ မိမိ ဖတ်သောစာ၏ အနက်ကို ရုပ်နာမ် ခန္ဓာ စသဖြင့် ခွဲခြား၍ သိအောင် ဖတ်ရ၏။ ထိုသို့ သိအောင် ဖတ်ပါမှလည်း သမ္မုတိ သစ္စာကို ကျော်၍ ပရမတ္တ သစ္စာ ကို ဆင်ခြင် နိုင်မည် ဖြစ်၏။

ဤလောက၌ မြတ်စွာ ဘုရား ပွင့်တော်မူ လာခြင်းနှင့် ပတ်သက်၍ ဆရာတော် အရှင် ဇနကာဘိဝံသ က ဤသို့ ဆိုထားတော် မူသည်ကို တွေ့ရပါ၏။

    "အကယ်၍သာ၊ မြတ်ဗုဒ္ဓသည်၊ လူ့ရွာထင်ရှား၊ မပွင့်ငြားက၊ ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘဝ၊ မသိရ၊ များလှ အပြစ်တွေ။"

ထို့ကြောင့် ဗုဒ္ဓ ဒေသနာတော်လာ နေတ္တိကျမ်း ဩတရဏဟာရ အရ စာကို ဖတ်သောအခါ စာ၏ အနက်ကို ကုသိုလ်လား၊ အကုသိုလ် လား ဟူ၍လည်း ခွဲခြားပြီး သိ၏။ ရုပ်လား၊ နာမ်လား ဟုလည်း ခွဲခြားပြီး သိ၏။ ပညတ်လား၊ ပရမတ်လား ဟူ၍လည်း ခွဲခြားပြီး သိ၏။ ခန္ဓာလား၊ အာယတနလား စသည် အားဖြင့်လည်း ခွဲခြားပြီး သိ၏။ ဤသို့ သိရခြင်းသည် သာမည အကျိုးကျေးဇူး မဟုတ်၊ ဝိသေသ အကျိုး ကျေးဇူး ဖြစ်၏။ ဆရာတော် အရှင် ဇနကာဘိဝံသ မိန့်တော်မူသည့် အတိုင်း စာဖတ်သူများသည် စာ၏ အနက်ကို ကုသိုလ်နှင့် အကုသိုလ် ခွဲ၍ မသိခဲ့ပါလျှင် သံသရာ၌ နစ်နာ သွားနိုင်သည်ကို မှန်းဆ၍ ကြည့်နိုင်ပါ၏။

အကုသိုလ် လုပ်ငန်းကို ကုသိုလ်လုပ်ငန်း ဟူ၍ လွဲမှားစွာ မှတ်ယူပြီး လိုက်နာ ကျင့်သုံးမိက ကျင့်သုံးသူသည် အပါယ်လေးပါးမှ အထက်သို့ တက်ရတော့မည် မဟုတ်။ မိမိကိုယ်တိုင်က အကုသိုလ် လုပ်ငန်းကို အကုသိုလ် လုပ်ငန်းမှန်း သိပြီး လိုက်နာ ကျင့်သုံးလျှင်မူ သူ့ဆန္ဒ အတိုင်း သူ ဆောင်ရွက်ခြင်း ဖြစ်၍ အထူး ပြောစရာ မလိုချေ။ အထူး ပြောစရာ လိုသော အချက်ကား ဆန္ဒနှင့် ဆောင်ရွက်ချက် မညီညွတ်မှု ပင် ဖြစ်၏။ မိမိ လုပ်ချင်သည်က ကုသိုလ်၊ လုပ်မိသည်က အကုသိုလ် ဖြစ်နေလျှင်သာ အထူး ပြောစရာ လိုလာခြင်း ဖြစ်၏။

ဤသို့ ဆန္ဒနှင့် ဆောင်ရွက်ချက် မညီညွတ်ခြင်း သည် စာကို ဗုဒ္ဓ ဒေသနာတော် လာ နေတ္တိကျမ်း ဩတရဏ ဟာရ အရ မဖတ်ခြင်း ကြောင့် ဖြစ်၏။ အကယ်၍ ဗုဒ္ဓဒေသနာတော် လာ နေတ္တိကျမ်း ဩတရဏဟာရ အရ စာကို ဖတ်မည် ဆိုပါလျှင် ကုသိုလ် လုပ်ငန်းကို လည်း ကုသိုလ် လုပ်ငန်းမှန်း သိ၏။ အကုသိုလ် လုပ်ငန်း ဟူ၍ မှားယွင်းပြီး မယူမှတ်။ အကုသိုလ် လုပ်ငန်း ကိုလည်း အကုသိုလ် လုပ်ငန်းမှန်း သိ၏။ ကုသိုလ် လုပ်ငန်းဟူ၍ မှားယွင်း ပြီး မယူမှတ်။

အမှန်အားဖြင့် သံသရာတွင် ကုသိုလ် နှင့် အကုသိုလ် သည်သာ မိမိ တို့၏ အားကိုးရာ ဖြစ်၏။ မိမိ တို့၏ မိတ်ဆွေ ဖြစ်၏။ ကုသိုလ် နှင့် အကုသိုလ် မှ လွဲ၍ အခြား အားကိုးစရာ လည်း မရှိ။ အခြား မိတ်ဆွေ လည်း မရှိ။ ထို့ကြောင့် မိမိ တို့သည် အသက်ရှင် နေသရွေ့ ကာလ ပတ်လုံး ကာယကံမှု ကို ဖြစ်စေ၊ ဝစီကံမှုကို ဖြစ်စေ၊ မနောကံမှု ကို ဖြစ်စေ၊ "ကံ" သုံးမျိုး တို့တွင် တစ်မျိုးမဟုတ်၊ တစ်မျိုး ကို ခဏ မလပ် လုပ်နေကြရသည် ဖြစ်လေရာ ထိုသို့ လုပ်သမျှ ကံများသည် အဘိဓမ္မာ တရားကိုယ် အားဖြင့် ကုသိုလ် နှင့် အကုသိုလ် နှစ်မျိုး တို့တွင် တစ်မျိုးမျိုး သာ ဖြစ်ရ၏။ အခြား ဖြစ်စရာ ဟူ၍ မရှိပါချေ။

သို့ ဖြစ်လေရာ စာဖတ်သူများသည် စာကို ဖတ်တိုင်း စာ၏ အနက်သည် ကုသိုလ် ဖြစ်သည်၊ သို့မဟုတ် အကုသိုလ် ဖြစ်သည် ဟူ၍ ခွဲခြား သိဖို့ လိုပါ၏။ ထိုသို့ သိပါမှလည်း အဖြစ်ကို အဖြစ် အတိုင်း၊ အရှိကို အရှိအတိုင်း သိသည် မည်၏။ ထိုသို့ သိခြင်းကို ယထာဘူတ ဥာဏ် ဟူ၍ ဆို၏။ ဒေသနာတော် အရ ဆိုလျှင် ယထာဘူတ ဥာဏ်ကို ရခြင်းသည် သစ္စဉာဏ်ကို ရဖို့အတွက် လှေကားပင် ဖြစ်၏။ အမှန်အားဖြင့် ဘဝတွင် ပန်းတိုင် ဟူ၍ ရှိပါ၏။ ဘဝ ၏ ပန်းတိုင် ကား သစ္စဥာဏ် ကို ရောက်ဖို့ ရန် အတွက် အရေးအကြီးဆုံးမှာ မှန်ကန်သော စာဖတ်နည်းဖြင့် စာဖတ် ဖို့ ပင် ဖြစ်၏။

စာရေးဆရာ သည် စာ ကို ရေး၏။ သူရေးသော အကြောင်းအရာသည် စီးပွားရေး ဖြစ်ချင် ဖြစ်မည်။ စီးပွားရေး တွင်လည်း စားရေး သို့မဟုတ် နေရေး၊ သို့မဟုတ်၊ ဝတ်ရေး သို့မဟုတ် ကျန်းမာရေး ဤလေးမျိုး တို့တွင် တစ်ခုခု ဖြစ်မည်။ ဤလေးမျိုးကို ကျမ်းဂန် များ၌ ပစ္စည်းလေးပါး ဟူ၍ ဆို၏။ ထို့ကြောင့် ပစ္စည်း လေးပါးနှင့် ပတ်သက်သော အကြောင်းအရာကို စီးပွားရေး ဟူ၍ ခေါ်ခြင်း ဖြစ်ပါသည်။

လူ့ဘဝတွင် ဤအရေး လေးပါးနှင့် ပြည့်စုံရုံမျှ နှင့် အားလုံး ပြည့်စုံပါပြီလား။ ဤအရေး လေးပါး ကို ပြည့်စုံအောင် လုပ်ဆောင်ရုံမျှ လူ့ဘဝ၏ လူ့တာဝန် ကျေပါပြီလား။ ဤသည်မှာ မေးသင့် မေးထိုက်သော မေးခွန်း ဖြစ်၏။ အခြား စာဖတ်နည်း များဖြင့် စာဖတ်သူများ က မည်သို့ ဖြေမည် မသိသော်လည်း ဗုဒ္ဓ ဒေသနာတော်လာ နေတ္တိကျမ်း ဩတရဏ ဟာရ နည်းအရ စာဖတ်သူများ ကမူ လောကတွင် ပစ္စည်းလေးပါး ပြည့်စုံရုံမျှ ဖြင့် အားလုံး ပြည့်စုံသည် မဟုတ်။ ပစ္စည်းလေးပါး ပြည့်စုံအောင် အားထုတ်ရုံမျှဖြင့် လူ့ဘဝ၏ လူ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်သည် မမည်။ ဤသို့သာ ဖြေပေ လိမ့်မည်။

ဩတရဏ ဟာရ နည်းအရ ဆိုလျှင် ပစ္စည်းလေးပါး သည် ခန္ဓာ ဖွဲ့စည်းမှု အရ ရူပက္ခန္ဓာ နှင့် ပတ်သက်၏။ ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်မှု သဘော ရှိ၏။ ထို့ကြောင့် ပစ္စည်း လေးပါး ပြည့်စုံမှုသည် လည်းကောင်း၊ ပြည့်စုံအောင် အားထုတ်မှု သည် လည်းကောင်း လောဘကို ဖြစ်စေ၏။ မာနကို ထောင်စေ၏။ ဒိဋ္ဌိကို ကြီးခိုင် စေ၏။ ထို့ကြောင့် ပစ္စည်း လေးပါး ပြည့်စုံမှု သည် လည်းကောင်း၊ ပစ္စည်းလေးပါး ပြည့်စုံအောင် အားထုတ်မှု သည် လည်းကောင်း သူ့ချည်း သက်သက် လွှတ်ပေး ထားလျှင် အန္တရာယ် ရှိ၏။ ကြောက်စရာ ကောင်း၏။ ဘဝ ကို ပျက်ဆီး စေ၏။ ဘဝ၏ တာဝန်ကို မေ့လျော့အောင် လုပ်တတ်၏။

ထို့ကြောင့် ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှု အရ ပစ္စည်းလေးပါး ပြည့်စုံမှု၌ လည်းကောင်း၊ ပစ္စည်းလေးပါး ကို ပြည့်စုံအောင် အားထုတ် မှု၌ လည်းကောင်း ထိန်းချုပ်ဖို့ လို၏။ ထိန်းချုပ်ခြင်း ဟူသည်မှာ အသက်မွေးမှု နှင့် ပတ်သက်၍ သမ္မာ အာဇီဝ သဘော သက်ဝင်လာအောင် အားထုတ်ခြင်း ပင် ဖြစ်၏။ သမ္မာအာဇီဝ ဟူသည်မှာ နှယ်နှယ်ရရ မဟုတ်၊ မဂ္ဂသစ္စာ ထိုက်သည် ဆိုကတည်းကပင် ပစ္စည်းလေးပါး ပြည့်စုံခြင်း အပေါ်၌ အခြေတည်သော လောဘ၊ မာန၊ ဒိဋ္ဌတို့ကို သတ်နိုင်သော သမ္မာအာဇီဝ မဂ္ဂင် ဖြစ်၏။ အမည်ခံ သက်သက်မျှ မဟုတ် ချေ။

ထို့ကြောင့် စီးပွား ရေး စာပေ များ ကို ဖတ်လေသော အခါ ဩတရဏ ဟာရ နည်းဖြင့် ဖတ်ပါက လောဘ၊ မာန၊ ဒိဋ္ဌိတို့ ပါး၍၊ အခြားနည်းဖြင့် ဖတ်ပါက လောဘ၊ မာ၊ ဒိဋ္ဌိတို့ ပွားလာမည် ဖြစ်ပါ၏။

ဤနေရာ၌ လောဘ၊ မာန၊ ဒိဋ္ဌိ တို့ကို ပါးအောင် လုပ်ခြင်း ဟူသည်မှာ ပစ္စည်း ဥစ္စာများကို ရားသဖြင့် ရနိုင်သမျှ ရအောင် ကြိုးစားပမ်းစား ရှာဖွေ၍ လောက၏ အကျိုး စီးပွား အတွက် ရက်ရက်ရောရော အသုံးချခြင်း ပင် ဖြစ်၏။ ထိုသို့ အသုံးချ နိုင်မှလည်း လောဘကို သတ်ရာရောက်၏။ မာနကို နှိပ်ကွပ်ရာ ရောက်၏။ ဒိဋ္ဌိကို ဖြိုခွဲရာ ရောက်၏။ အမှန်အားဖြင့် ပစ္စည်း ဥစ္စာများကို မိမိ အတွက် ဖက်တွယ်ထားခြင်း သည် ယုတ်ညံ့ခြင်း ၏ အမှတ်အသား ဖြစ်၍၊ လောက အတွက် ရက်ရက်ရောရော စွန့်လွှတ်ခြင်း သည်သာလျှင် မြင့်မြတ်ခြင်း ၏ သင်္ကေတ ဖြစ်ပါ၏။ ဤသို့သော ဆောင်ရွက်မှု မျိုးကို ဩတရဏ ဟာရ စာဖတ်နည်းဖြင့် စာကို ဖတ်ပါမှ ရနိုင်ပါ၏။

ဒုတိယ အကြောင်းအရာမှာ ခံစားမှု ဆိုင်ရာ ရသစာပေ အကြောင်းအရာ ဖြစ်ချင် ဖြစ်နိုင်၏။ ပြောနေကျ ဝေါဟာရ ဖြင့် ပြောရလျှင် ရသစာပေကို ဖတ်ရှုလေ့လာ ပါက အလင်္ကာရ ကျမ်းလာ ရသကိုးပါး တို့တွင် တစ်ပါးပါးကို ခံစားနိုင်သည် ဟူ၍ ဖြစ်၏။ ဤသည်မှာ ပြောရိုး ပြောစဉ် အရ ပြောခြင်း ဖြစ်၏။ သို့ရာတွင် ရသ စာပေ ကိုပင် နေတ္တိကျမ်းလာ ဩတရဏဟာရ အရ ဖတ်လျှင် အလင်္ကာရ ကျမ်းလာ ရသကိုးပါးသည်ပင် တစ်မျိုး ဖြစ်၏။ ရသ ဟူသည်မှာ ခံစားမှု ဝေဒနာ ပြဋ္ဌာန်း၏။ ဝေဒနာ ပြဋ္ဌာန်းလျှင် ခန္ဓာ ဖွဲ့စည်း အရ ဝေဒနက္ခန္ဓာ နှင့် ပတ်သက် ၏။ ဝေဒနာသည် ပဋိစ္စသမုပ္ပာဒ် ဒေသနာတော် အရ ပစ္စုပ္ပန် အကျိုးတရား ဖြစ်၏။ ပစ္စုပ္ပန် အကျိုးတရား မှ ပစ္စုပ္ပန် အကြောင်းတရား သည် ဖြစ်လာရ၏။ ယင်းသို့ ဖြစ်လာခြင်း ကို ဝေဒနာပစ္စယာ တဏှာဟူ၍ ဆိုနိုင်၏။ ဤ၌ ဝေဒနာ ဟူသည် ရသစာပေ နှင့် ပတ်သက်၍ ခံစားမှု ဖြစ်၏။

ထို့ကြောင့် ရသ စာပေကို အခြား စာဖတ်နည်းဖြင့် ဖတ်မည် ဆိုပါက ဝေဒနာ ပစ္စယာ တဏှာသာ ဖြစ်ပေလိမ့်မည်။ သို့ရာတွင် အနုလောမ ပဋိစ္စသမုပ္ပာဒ် ဩတရဏ ဟာရ အရ ရသစာပေ ကို ဖတ်ပါက ခံစားမှု ဝေဒနာ ကြောင့် ဝေဒနာ ပစ္စယာ တဏှာ အရ လောဘ ဖြစ်နိုင် ၏။ အမှန်အားဖြင့် ဝေဒနာ ကြောင့် တဏှာ ဖြစ်လျှင် အနုလောမ ပဋိစ္စသမုပ္ပာဒ် ကြောင့် ဖြစ်၏။ အကယ်၍ ပဋိလောမ ပဋိစ္စသမုပ္ပာဒ် ဩတရဏ ဟာရ အရ ရသ စာပေကို ဖတ်ပါလျှင် ဝေဒနာ ပစ္စယာ တဏှာ ဟူ၍ မဖြစ်ဘဲ၊ ဝေဒနာ ပစ္စယာ ဉာဏံ ဟူ၍သာ ဖြစ်ပေ လိမ့်မည်။ ထိုသို့ ဖြစ်လျှင် ဝေဒနာ ကြောင့် မဂ်ဉာဏ် လည်း ဖြစ်နိုင်၏။ ဝိပဿနာ ဉာဏ်လည်း ဖြစ်နိုင်၏။ ထိုသို့ ဖြစ်နိုင်ခြင်း မှာ ရသ စာပေကို ပဋိလောမ ပဋိစ္စသမုပ္ပာဒ် လာ ဩတရဏ ဟာရ အရ ဖတ်သောကြောင့်သာ ဖြစ်၏။

သို့ဖြစ်လေရာ ခံစားမှု ဆိုင်ရာ ရသစာပေ ကို ဩတရဏ ဟာရ အရ ဖတ်ပါက အနုလောမ နည်းအရ ဖတ်လျှင် တဏှာ ဖြစ်၏။ ပဋိလောမ နည်းအရ ဖတ်လျှင် ဝိပဿနာ ဉာဏ်၊ မဂ်ဉာဏ် ဖြစ်နိုင်၏။ အခြား စာဖတ်နည်း ဖြင့်သာ ဖတ်ပါက မုချမသွေ တဏှာ တစ်မျိုး တည်း ဖြစ် ၏။ ရသ စာပေကို ပဋိလောမ ပဋိစ္စသမုပ္ပာဒ် ဩတရဏ ဟာရ အရ ဖတ်သော အခါ ဝေဒနာ နိရောဓာ တဏှာ နိရောဓော အရ တဏှာ မဖြစ်ဘဲ ဉာဏ် ဖြစ်ပါက ယင်းဉာဏ်သည် တဏှာကို သတ်ပါ၏။ တဏှာကို သတ်လျှင် မာနကို လည်း သတ်ရာ ရောက်၏။ ဒိဋ္ဌိကိုလည်း သတ်ရာ ရောက်၏။ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ သေလျှင် အတ္တလည်း သေလေ၏။ အတ္တသာ သေပါက ရသစာပေမှ တကယ့်တကယ် နှစ်သက်စရာ ကောင်းသော ရသကို လက်တွေ့အနေဖြင့် ခံစားရပါ၏။

ရသ စာပေကို လူတိုင်း ဖတ်ဖူးပါ၏။ ဖတ်ဖူးသည့် အလျောက်လည်း ချမ်းမြေ့ရ၏။ အငြင်းပွားဖွယ် မရှိ။ အားလုံး ကိုယ်တွေ့ ဖြစ်၏။ ရသ စာပေကို ဖတ်ရခြင်း ကြောင့် ဖတ်သူများ ကိုယ်တိုင် နှစ်သက် ချမ်းမြေ့မှု ခံစားရခြင်းကို ဒဿန ဝေါဟာရ ဖြင့် သယံသိဒ္ဓ ဟူ၍ ခေါ်၏။ သယံ သိဒ္ဓ ဟူသည်မှာ သူတစ်ပါး ကြောင့် မဟုတ်ဘဲ မိမိ ဘာသာ မိမိ ခံစားမှု အရ ထင်ရှားသည့် သဘော ဟူ၍ ဖြစ်လေ၏။ ထို့ကြောင့် ရသ စာပေကို လူတို့ စွဲလမ်းကြခြင်း ဖြစ်၏။

ရသ စာပေကို ဖတ်ရာ၌ နှစ်သက် စွဲလမ်းကြခြင်း မှာ ဗုဒ္ဓဘာသာ ဝေါဟာရဖြင့် ဆိုလျှင် အတ္တကို ပယ်သတ် လိုက်သောကြောင့် ဖြစ်၏။ ရသစာပေကို ဖတ်သော အခါ စာဖတ်သူ သည် မိမိ ဘဝ ပျောက်သွားပြီး ဇာတ်လိုက် ဖြစ်သွားသည်ကို ကြုံရ၏။ ဤနေရာ၌ ဇာတ်လိုက် ဟူသည်မှာ သက်ရှိ ဖြစ်ချင်လည်း ဖြစ်နိုင်၏။ သက်မဲ့ ဖြစ်ချင်လည်း ဖြစ်နိုင်၏။ အကြောင်းအရာ အလိုက် ဖြစ်ချင်သလို ဖြစ်နိုင်၏။ သို့ရာတွင် သက်ရှိပဲ ဖြစ်ဖြစ်၊ သက်မဲ့ပဲ ဖြစ်ဖြစ် စာဖတ်သူများ အနေဖြင့် အတ္တ ပျောက်ပြီး နှစ်သက် ချမ်းမြေ့သည်ကတော့ အမှန်ပင် ဖြစ်၏။ ဖတ်သူ အနေဖြင့် မိမိ ဘဝ ပျောက်သွားပြီး ရသ စာပေပါ အကြောင်းအရာ အလိုက် ဇာတ်လိုက် ဖြစ်သွားရခြင်း ကိုပင် မိမိ အတ္တ ပျောက်သွားခြင်း ဟူ၍ လည်းကောင်း၊ မိမိ ၏ အတ္တကို ပယ်ခြင်း ဟူ၍ လည်းကောင်း ဆိုရ၏။ ထို့ကြောင့် အတ္တကို ပယ်သတ်နိုင်သည် နှင့် အမျှ ချမ်းသာ ၏ ဟူသည်မှာ အငြင်းပွားဖွယ် မရှိသော မှန်ကန်ချက် ဖြစ်ပါ၏။

ထို့အပြင် စာဖတ်သူ ကိုယ်တိုင်က မိမိ ၏ အတ္တ ပျောက်သွားကြောင်း ကိုယ်တွေ့ကြုံလျှင် လောက၌ အတ္တ ဟူသည် တကယ်တမ်း အခိုင်အမာ မရှိ ကြောင်း၊ ပယ်သတ်၍ ရနိုင်ကြောင်း အလိုလို လက်ခံပြီးသား ဖြစ်လေ၏။ ဤသို့ လက်ခံနိုင်ခြင်း သည် ယထာဘူတ နှင့် သံဝေဂ ကို ဖြစ်စေမည် ဖြစ်ပါ၏။ ယထာဘူတ နှင့် သံဝေဂ ဖြစ်လျှင် ဝိပဿနာ ဉာဏ် လည်း ဖြစ်ဖို့ ရှိ၏။ မဂ်ဉာဏ်လည်း ဖြစ်ဖို့ ရှိ၏။ ထိုသို့ ဖြစ်လျှင် ရသ စာပေ ကို ဖတ်ခြင်း ကြောင့် ဝေဒနာ ပစ္စယာ တဏှာ မဖြစ် တော့ဘဲ ဝေဒနာ ပစ္စယာ ဉာဏံ ဖြစ်သော ကြောင့်သာ ဖြစ်လေ၏။ ထို့ကြောင့် ရသစာပေ ကို ဖတ်ရာတွင် စာဖတ်နည်း ကို လိုက်၍ အကုသိုလ်လည်း ဖြစ်နိုင်၏ ကုသိုလ် လည်း ဖြစ်နိုင်၏။ ထိုသို့ ဖြစ်နိုင်ကြောင်း ကိုလည်း သိဖို့ လို၏။ ထိုသို့ သိပါမှလည်း သမ္မုတိ သစ္စာကို ကျော်၍ ပရမတ္ထ တိုင်အောင် သိရာ ရောက်၏။

နောက် စာပါ အကြောင်း အရာ တစ်မျိုးမှာ သိမှု ဆိုင်ရာ အကြောင်းအရာ ဖြစ်ချင် ဖြစ်နိုင်၏။ သိမှုဆိုင်ရာ အကြောင်းအရာ ဟူသည်မှာ "အသိ ဗဟုသုတ" ဖြစ်ချင် ဖြစ်မည်၊ "အတတ် ဗဟုသုတ" ဖြစ်ချင် ဖြစ်မည်။ မည်သည့် ဗဟုသု တ မျိုးပင် ဖြစ်စေကာမူ ဗဟုသုတ ဟူသမျှ သည် သညက္ခန္ဓာ နှင့် ပတ်သက်၏။ ထို့ကြောင့် ဗဟုသုတ ဟူသမျှ ကို သမ္မုတိ သစ္စာ အားဖြင့် ဗဟုသုတ ဟူသော ပညတ် အဆင့်တွင် အသိမရပ်ဘဲ ပရမတ္ထ သစ္စာ အားဖြင့် ရုပ်၊ နာမ်၊ ခန္ဓာ၊ ကုသိုလ်၊ အကုသိုလ် ဟူ၍ ပရမတ် အဆင့်တိုင်အောင် အသိကို မြှင့်တင် အပ်၏။ ထိုအခါမှ စာဖတ်သူ ၏ အသိသည် သမ္မုတိ သစ္စာကို ကျော်ပြီး ပရမတ္ထ သစ္စာကို ရောက်မည် ဖြစ်၏။ ပရမတ္ထ သစ္စာတိုင်အောင် အသိ ရောက်ပါမှလည်း လောက၌ ဘုရား ပွင့်ရကျိုး နပ်မည် ဖြစ်၏။

မြတ်စွာ ဘုရား ပွင့်တော် မမူမီ ကာလက ဆိုပါလျှင် လူတို့သည် ပရမတ္ထ တရားတို့၏ အမည်မျှ ကိုပင် သိစွမ်းနိုင်ခြင်း မရှိဘဲ၊ မြတ်စွာ ဘုရား ပွင့်တော် မူလာသော အခါမှသာ ပရမတ္ထတရား တို့၏ အမည်နှင့် တကွ သစ္စာလေးပါး တိုင်အောင် သိစွမ်းနိုင်လာခြင်း ဖြစ်၏။ ထိုသို့ သိစွမ်းနိုင်လာခြင်း ဟူသည်မှာ ဩတရဏ ဟာရ အရ စာကို ဖတ်ပါမှသာ မိမိ ဖတ်သော စာ၏ အနက်ကို ပရမတ္ထ တို့၏ အမည်နှင့် တကွ သစ္စာလေးပါး တိုင်အောင် သိစွမ်းနိုင်လာခြင်း ဖြစ်၏။ ဤနေရာ၌ တရား နာကြားခြင်း ကိုလည်း စာဖတ်ခြင်း ၌ပင် ထည့်သွင်း ပါ၏။

ထို့ကြောင့် အတတ် ပညာပိုင်း ဆိုင်ရာ နှင့် အသိပညာပိုင်း ဆိုင်ရာများကို ဖတ်ရာတွင် ဖြစ်စေ၊ နာကြား ရာတွင် ဖြစ်စေ သမ္မုတိ သစ္စာကို ကျော်၍ ပရမတ္ထ သစ္စာ တိုင်အောင် သိလိုပါက စာဖတ်သူ များသည် ဩတရဏ ဟာရ နည်းဖြင့် ဖတ်ဖို့ လိုပါ၏။ သို့မဟုတ် ပါက စာဖတ်သူ များ၏ အသိသည် သမ္မုတိ သစ္စာ တွင်သာ အဆုံးသတ် ပေလိမ့်မည်။ အကယ်၍သာ စာဖတ်သူ များ၏ အသိသည် သမ္မုတိ သစ္စာ တွင်သာ အဆုံးသတ် ပါက ထိုသူများသည် မြတ်စွာဘုရား ပွင့်တော်မူခြင်း မရှိသော ကာလ၌ နေရသည် နှင့် ဘာမျှ ထူးခြား လိမ့်မည် မဟုတ်ပေ။

သို့ဖြင်လျှင် ထိုသူများသည် ဘုရားပွင့် ရကျိုးလည်း ဘာမျှ နပ်လိမ့်မည် မဟုတ်။ အမှန်အားဖြင့် နေမင်း နှင့် လမင်းတို့၏ မွန်းတည့်ချိန်တွင် အလင်းရောင်များ ထွန်းပလျက် ရှိပါ၏။ မိမိတို့ ၏ မျက်စိကို ဖွင့်လိုက်ဖို့ သာ လိုပါ၏။ သာသနာတော် သည်လည်း ထက်ဝက် ကျိုး၍ မွန်းတည့်ပြီးပြီ။ အလင်းရောင် လည်း ထွန်းပလျက် ရှိပြီ။ ဩတရဏဟာရ ဖြင့် မျက်စိဖွင့် ထားလိုက်ဖို့ လိုတော့၏။

စတုတ္ထမြောက် အကြောင်းအရာမှာ တီထွင်ကြံဆမှု နှင့် ပတ်သက်သော အကြောင်းအရာ ဖြစ်၏။ ယင်းအကြောင်းအရာ သည် သင်္ခါရက္ခန္ဓာ နှင့် ပတ်သက်၏။ အမှန်အားဖြင့် စီးပွားရေး စာပေ၌ ဖြစ်စေ၊ ရသ စာပေ၌ ဖြစ်စေ၊ ဗဟုသုတ စာပေ၌ ဖြစ်စေ လူတို့သည် အမြဲတမ်း ကြံဆ နေကြသည် ဖြစ်၏။ တီထွင် နေကြသည် ဖြစ်၏။ သို့ဖြစ်၍ စာပေတို့သည် ခေတ်တစ်ခေတ်ပြီး တစ်ခေတ် တိုးတက်လာကြခြင်း ဖြစ်၏။ ထိုသို့ တိုးတက်လာရာတွင်လည်း တိုးတက်မှု နှင့် ပတ်သက်၍ သမ္မုတိသစ္စာ သဘောကိုသာ မက ပရမတ္ထ သစ္စာ သဘော တိုင်အောင် သိဖို့ လို၏။

ထိုသို့ သိဖို့ ဆိုသည်မှာလည်း စာကို ဖတ်ရာ၌ ဩတရဏဟာရ နည်းအရ ဖတ်ပါမှသာ ပရမတ္ထ တိုင်အောင် သိနိုင်မည် ဖြစ်၏။ သို့မဟုတ် ပါက "ဇာတံ သရဏတော ဘယံ" ဟူသည်နှင့် အညီ ကိုးကွယ်ရာမှ ဘေး ဖြစ်လာမည် ဖြစ်၏။ လောကသည် တီထွင် ကြံဆမှုများ ကြောင့် ငြိမ်းချမ်း မလာဘဲ အန္တရာယ် ပေါ်၌ လျှောက်နေမိလျက်သား ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် တီထွင် ကြံဆမှု ဆိုင်ရာ စာပေ များကို ဖတ်လေ သော အခါ သမ္မုတိ သစ္စာကို ကျော်၍ ပရမတ္ထ သစ္စာ တိုင်အောင် သိနိုင်ရေး အတွက် ဩတရဏဟာရ နည်း အရ ဖတ်သင့်ပါ၏။ ပရမတ္ထ သစ္စာတိုင်အောင် နည်းအရ ဖတ်သင့်ပါ၏။ ပရမတ္ထ သစ္စာ တိုင်အောင် သိပါမှသာ စာပေပါ ဖြစ်ရပ် များနှင့် ပတ်သက်၍ ကုသိုလ် နှင့် အကုသိုလ် ကို ခွဲခြား ၍ သိမည် ဖြစ်၏။ ကုသိုလ်နှင့် အကုသိုလ် ကို ခွဲခြား သိလျှင် ယင်းတို့၏ ဆိုင်ရာ အကျိုးများကို လည်း ခွဲခြားပြီး သိမည် ဖြစ်၏။ သို့မဟုတ်ဘဲ အခြား စာဖတ်နည်း များဖြင့်သာ တီထွင် ကြံဆမှု ဆိုင်ရာ စာပေများကို ဖတ်ရှုပါက စာဖတ်ခြင်း ၏ အကျိုးကို ရသည်က တခြား၊ လိုချင်သည်က တခြား ဖြစ်ပေလိမ့်မည်။

စာပေ၏ ပဉ္စမ အကြောင်းအရာသည် ကိုယ်ကျင့်သိက္ခာ နှင့် ပတ်သက်သော အကြောင်းအရာ ဖြစ်ချင် ဖြစ်နိုင်၏။ "ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ" ဟူသည် နှင့် အညီ ကိုယ်ကျင့် သိက္ခာနှင့် ပတ်သက်သော ဝိညာဏ္ခန္ဓာ နှင့် ဆိုင်၏။ ဘဝတွင် အရေးအကြီး ဆုံးမှာ ကိုယ်ကျင့် သိက္ခာ ကောင်းဖို့ပင် ဖြစ်၏။ ထို့ကြောင့် ခန္ဓာ ငါးပါး ဆိုင်ရာ ဆောင်ရွက်မှုများတွင်လည်း ဝိညာဏ္ခန္ဓာ ဆိုင်ရာ ဆောင်ရွက်ချက် သည် အရေးကြီးဆုံး ဖြစ်၏။ ထို့ကြောင့် ရူပက္ခန္ဓာ အရ စီးပွားရေးသည် အရေးကြီးသည် မှန်သော်လည်း ယင်းအပေါ်၌ တရား သဖြင့် ဖြစ်ရလေအောင် မိမိ ၏ လောဘ ရမ္မက်ကို ထိန်းချုပ်နိုင်ဖို့ လို၏။

ထိုနည်း အတူ ဝေဒနက္ခန္ဓာ အရ ရသသည် လည်းကောင်း၊ သညက္ခန္ဓာ အရ ဗဟုသုတ သည် လည်းကောင်း၊ တီထွင် ကြံဆမှု သည် ကောင်း လောက ငြိမ်းချမ်း သာယာ ရေး အတွက် အရေးကြီးသည် မှန်သော်လည်း ဝိညာဏ္ခန္ဓာ အရ ယင်းတို့ အပေါ် တရားသဖြင့် ဖြစ်အောင် ထိန်းချုပ် နိုင်ဖို့က ပို၍ အရေးကြီးပါ၏။ ယင်းတို့ အပေါ် ထိန်းချုပ် နိုင်ဖို့ ဆိုသည်မှာ စိတ်ဓာတ် ဖြူစင် သန့်ရှင်းမှ ဖြစ်၏။ မိမိ စိတ်ဓာတ် ဖြူစင်သန့်ရှင်းအောင် မိမိ ၏ စိတ်၌ အာဂန္တုက ဖြစ်သော အကုသိုလ် အညစ်အကြေးများ မကပ်နိုင်၊ မရောက် စေနိုင်ရန် အပ္ပမာဒ တရား ဖြင့် မမေ့မလျော့ ရှိနေဖို့ လိုအပ်ပါ၏။

"အလိမ္မာ စာမှာရှိ" ဟူ၍ ဆိုပါသော်လည်း စာကို ဩတရဏဟာရ နည်းဖြင့် ဖတ်ပါမှ ကုသိုလ်နှင့် အကုသိုလ်ကို လည်းကောင်း၊ ရုပ်နာမ် ကို လည်းကောင်း၊ ခန္ဓာ အာယတန ဓာတ် ဣနြေ္ဒ သစ္စာ ပဋိစ္စသမုပ္ပာဒ် နှင့် ဗောဓိပက္ခိယ သဘောတို့ကို လည်းကောင်း သိနိုင် မည် ဖြစ်၏။ သို့မဟုတ် ပါက စာပေပါ အကြောင်းအရာ များကို ပရမတ် ဆိုက်အောင် မသိဘဲ ပညတ်တွင်သာ လမ်းဆုံး နေပေလိမ့်မည်။

သို့ရာတွင် တရားကို သိရုံသိပြီး တရားမရှိ ပါကလည်း မိမိ ဖတ်သော စာပေမှ အကာကိုသာ ရပြီး အနှစ်ကို မရသည့် သဘော မျိုး ဖြစ်ပေ လိမ့်မည်။ ထို့ကြောင့် စာပေကို ဖတ်ရာတွင် အလိမ္မာကို သိလည်း သိရလေအောင်၊ သိရုံ သာမက ထိုအလိမ္မာ သည် မိမိ၌လည်း ရှိရလေအောင် စာပေကို နေတ္တိကျမ်းလာ ဩတရဏဟာရ အရ ဖတ်သင့်ကြောင်း တင်ပြခြင်း ဖြစ်ပါ၏။ ထို့အပြင် စာ၏ အကြောင်းအရာ များကို ငါးမျိုး ခွဲခြားခြင်း မှာလည်း ခန္ဓာ ငါးပါးတို့၏ စေ့ဆော်မှု အရ အုပ်စု အားဖြင့် ငါးမျိုးသာ ရှိနိုင်ခြင်း ကြောင့် ငါးမျိုးသာ ခွဲခြား ဖော်ပြခြင်း ဖြစ်ကြောင်း ထပ်လောင်း၍ ဖော်ပြအပ်ပါ၏။ ။

ဦးရွှေအောင်
(စာဖတ်သူများ .. ၂၀)
ဒေါက်တာသာလှရဲ့ မကြောက်တရား


‘လူတွေ သိပ်မကြောက်တတ်ကြတော့ဘူးဆိုရင်' ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၁၁ခု အောက်တိုဘာလက ကျွန်တော် ဆောင်းပါး ရေးခဲ့ဖူးတယ်ဗျ။ ထိုစဉ်ကာလတစ်ဝိုက် ပြည်သူအလွှာအသီးသီးမှာ ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲ ရှိလာကြတာကို ကျေနပ်ပီတိဖြစ်လျက် အဆိုပါဆောင်းပါးကို ဂျာနယ်တစ်စောင်မှာ ရေးခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ မရှက်သင့်တဲ့နေရာမှာ ရှက်၊ ရှက်ရမယ့်နေရာမှာ မရှက်ဘဲ မျက်နှာပြောင်တိုက်ရဲသူတွေ များပြားခဲ့တာကို တွေ့နေမြင်နေခဲ့ရတာ စိတ်မချမ်းသာဘူးဗျာ။ အဲဒီထက်ဆိုးတာက မြင်မြင်ကရာကို ကြောက်နေခဲ့ကြတာကို စိတ်ထဲ မကျေမနပ်ဖြစ်နေခဲ့တယ်ဗျ။

လောကပါလတရား နှစ်ပါး
အရှက်နဲ့ အကြောက်ဆိုတဲ့ ဟီရိနဲ့သြတ္တပ္ပတရားနှစ်ပါးဟာ လောကကြီး ပျက်စီးမသွားအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ လောကပါလတရားနှစ်ပါးဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်အားလုံး သိကြပါတယ်ဗျာ။

ဒါပေမယ့် လောကကို စောင့်ရှောက်တဲ့အရှက်တရားဆိုတာ မကောင်းမှုပြုလုပ်ရမှာကို ရှက်ခြင်းကို ဆိုလိုတာဖြစ်တယ်။ လောကကို စောင့်ရှောက်တဲ့ အကြောက်တရားဆိုတာ မကောင်းမှုပြုလုပ်ရမှာကို ကြောက်ခြင်းကိုဆိုလိုတာဖြစ်တယ် ဆိုတာတွေကိုတော့ လူတိုင်း တိတိကျကျ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ကြတယ်လို့ ကျွန်တော် မထင်ဘူးဗျ။ ဒီလိုဖြစ်ရခြင်းမှာ ကျွန်တော်တို့နိုင်ငံမှာ ရာစုနှစ်တစ်ဝက်ကြာ လွှမ်းမိုးတွင်ကျယ်သွားခဲ့တဲ့ နိုင်ငံရေး စနစ်ကလည်း အရေးကြီးတဲ့ တစ်ခန်း တစ်ကဏ္ဍက ပါဝင်လှုပ်ရှားခဲ့တယ်လို့ ကျွန်တော် ဆိုချင်တယ်ဗျ။

မျက်နှာပြောင်တဲ့ ယဉ်ကျေးမှု
ဒါကြောင့်လည်း နိုင်ငံဝန်ထမ်းတစ်ဦးက “ကျွန်တော့်လခကတော့ ၄၅၀ ကျပ်ပါ။ ဒါပေမယ့် အောက်ဆိုက်ကတော့ တစ်လတစ်သောင်းလောက် ရပါတယ်” ဆိုတဲ့စကားမျိုးကို လူပုံအလယ်မှာ ဂုဏ်ယူဝင့်ကြားစွာ ပြောရဲတဲ့၊ အဲဒီလိုပြောတဲ့လူကို ပတ်ဝန်းကျင်က လူများစုက အထင်ကြီးလေးစား အားကျတဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်ကြတဲ့ ယဉ်ကျေးမှုတစ်ခု အဲဒီကာလအတွင်း ကျွန်တော်တို့နိုင်ငံမှာ ထွန်းကားခဲ့တာ ဖြစ်တယ်ဗျ။

အများအကျိုးကို ရွပ်ရွပ်ချွံချွံဆောင်ရွက်ရမယ့်ကိစ္စမျိုးမှာတော့ ကြောက်ရွံ့နေပြီး အခွင့်အရေးယူတဲ့နေရာ၊ အများပိုင်ပစ္စည်း အလွဲသုံးစားလုပ်တဲ့နေရာ တွေမှာတော့ ရဲရဲဝံ့ဝံ့ ရှေ့တန်းထွက် မျက်နှာပြောင်ပြောင်နဲ့ မကြောက်မရွံ့ လုပ်ဆောင်တဲ့ ယဉ်ကျေးမှုတစ်ခု ထွန်းကားခဲ့တာ ဖြစ်တယ်ဗျ။ အမှန်တကယ် ရှက်သင့်၊ ကြောက်သင့်တဲ့ကိစ္စတွေကိုတော့ မရှက်မကြောက်လုပ်ကြပြီး မရှက်သင့် မကြောက်သင့်တဲ့ကိစ္စတွေကျတော့ ရှက်ခဲ့ကြ ကြောက်ခဲ့ကြတဲ့ ‘ဖုန်းဆိုးကျတ်တီး’ ကာလကြီးတစ်ခုပေါ့ဗျာ။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့အစဉ်အလာ
အခုတော့ ဇောက်ထိုးပြောင်းပြန်ဖြစ်နေခဲ့တဲ့ အဲဒီဟီရိနဲ့ သြတ္တပ္ပတို့ရဲ့ ပုံရိပ်တွေဟာ မကြာသေးခင် ရက်ပိုင်း လပိုင်း အနည်းငယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ပြန်လည်တည့်မတ်လာပြီလို့ ဆိုချင်တယ်ဗျ။ လူတွေဟာ မိမိတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ တောင်းဆိုရကောင်းမှန်း သိလာကြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း အစဉ်အလာကောင်းတွေ ဖြစ်ပေါ်လာရင် တိုင်းပြည်ရဲ့ ရှေ့ရေးအတွက် အလားအလာကောင်းတယ် လို့ ပြောနိုင်မယ်ဗျ။

ဒါတောင် ပြည်မြို့မှာ ဆန္ဒပြသူတွေကို အင်အားသုံး ရိုက်နှက်ဖမ်းဆီး နှိမ်နင်းတာမျိုး ဖြစ်ခဲ့သေးတယ်လို့ လျှပ်တစ်ပြက် ဂျာနယ်မှာ ဖတ်လိုက်ရသေးတယ်။ ကျွန်တော်တို့ အတော် စိတ်မကောင်းဖြစ်မိတယ်။ ဒါမျိုး နောက်နောင် မဖြစ်အောင် တာဝန်ကြီးကြီးရှိသူများက သတိပေးကြပါလို့ နှိုးဆော်လိုပါတယ်။ ထစ်ခနဲရှိ ရိုက်ဟယ် နှက်ဟယ် ပစ်ဟယ် ခတ်ဟယ် ဆိုတဲ့ခေတ် မဟုတ်တော့ပါဘူး။ သမ္မတကြီး ဦးသိန်းစိန်အစိုးရဟာ ယခင်အစိုးရများနဲ့ မတူဘူးဆိုတာကို အောက်ခြေများကပါ သက်သေပြဖို့ လိုနေပါပြီ။

ဒေါက်တာသာလှကို သတိရတယ်
ကြောက်တယ် မကြောက်ဘူးဆိုတဲ့ ပြဿနာနဲ့ပတ်သက်လို့ ကျွန်တော်တို့ ချစ်ခင်လေးစားတဲ့ ကွယ်လွန်သူ ဆရာကြီး ဒေါက်တာသာလှရဲ့ အတွေ့အကြုံတစ်ခုကို သတိရတယ်ဗျာ။ ဒေါက်တာသာလှဆိုတာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း၊ ဘူမိဗေဒပညာရှင် ဆရာကြီး ဖြစ်ပါတယ်။ ဦးနေဝင်းနဲ့ မတည့်လို့ တိုင်းပြည်က ထွက်သွားပြီး နိုင်ငံတကာ အဖွဲ့အစည်းများမှာ အဆင့်မြင့် ရာထူးတာဝန်တွေ ထမ်းဆောင်ကာ ၁၉၈၈ နောက်ပိုင်းကျတော့မှ မြန်မာပြည်ပြန်လာနေထိုင်တယ်။

၁၉၉၀ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မယ်ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်မယ့် လွှတ်တော် ကိုယ်စားလှယ် (အမတ်) လောင်းတွေကို စိစစ်ရွေးချယ်ပေးဖို့ သမာသမတ်ရှိတဲ့ တိုင်းပြည်မျက်နှာဖုံး လူကြီးများကို ချဉ်းကပ်ပြီး အကူအညီ တောင်းတယ်။ အဲဒါနဲ့ပဲ ဒေါက်တာသာလှဟာ ဒီချုပ်ကိုယ်စားလှယ်လောင်း စိစစ်ရေး ဗဟိုအဖွဲ့မှာ ပါဝင်ခဲ့တယ်။ ၁၉၉၁ မှာ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရပြီး မကြာခင်မှာ ဒေါက်တာသာလှကို သက်ဆိုင်ရာက ဖမ်းဆီးတယ်။ သိပ်တော့မကြာဘူး၊ လပိုင်းလောက်ပဲ ကြာပြီး ပြန်လွတ်လာတယ်လို့ ကြားခဲ့ရတယ်။ အဲဒီတုန်းက ကျွန်တော်က နရသိန်က မထွက်ရသေးလို့ အသေးစိတ်မသိခဲ့ပါဘူး။

အမတ်လောင်း စိစစ်ပေးတာ အပြစ်လား
၁၉၉၅ ခုနှစ်ထဲမှာ ဆရာနဲ့ ကျွန်တော် ပြန်ဆုံမိတော့ အကျိုးအကြောင်း မေးကြည့်တဲ့အခါ ဆရာက ခုလို ပြောပြပါတယ်။ ပထမတစ်ချက် ဆရာ့ကို စစ်ကြောမေးမြန်းတာက အင်အယ်လ်ဒီ အမတ်လောင်းတွေ စိစစ်ရွေးချယ်ပေးတဲ့အဖွဲ့မှာ ဘာကြောင့် ပါခဲ့တာလဲ တဲ့။ ဆရာက ပြန်ဖြေတယ်။ အဲသလို ပါဝင်ခဲ့တာဟာ အပြစ်ရှိသလား၊ ဘယ်ပုဒ်မနဲ့ ငြိစွန်းသလဲ အဲသလို ပြန်မေးလိုက်တယ်။ ပြီးတော့ ဆက်ပြောတယ်။ အမတ်လောင်း လူကောင်းသူကောင်းတွေရဖို့ ရွေးပေးတာ တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ပေးခဲ့တာဖြစ်တယ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဆရာ့ကို အရင်လာ ချဉ်းကပ်ပြီး အလားတူ ရွေးပေးပါလို့ပြောလာရင် ဆရာ အင်တိုက်အားတိုက် ရွေးပေးမှာပဲ၊ ခုတော့ အင်အယ်လ်ဒီက လူတွေက အကူအညီတောင်းရကောင်းမှန်းသိလို့ လာပြောတော့ ဆရာလက်ခံလိုက်တာပေါ့လို့ ပြောလိုက်တယ်။ သူတို့ ဘာမှ မပြောနိုင်ဘူး။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနဲ့ ထိုက်တန်မှု
နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရတာနဲ့ပတ်သက်လို့ ထိုက်တန်တယ် ထင်သလား၊ ဘယ်လိုထင်သလဲလို့ မေးတယ်။ မေးခွန်းထုတ်တဲ့အရာရှိက မထိုက်တန်ဘဲနဲ့ရတာလို့ ဖြေစေချင်တဲ့ နှပ်ကြောင်းတွေ အကြိမ်ကြိမ် ပြောတယ်။ ဆရာက ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုနဲ့ ထိုက်တန်တာ မထိုက်တန်တာကို ဆရာ မပြောဘူး၊ နိုဘယ်လ်ဆုရွေးချယ်တဲ့ ကော်မတီအကြောင်း ပြောမယ်ဆိုပြီး အဲဒီကော်မတီမှာ ဘယ်လို လူတွေပါတယ် ဆိုတာ ပြောပြတယ်။ ဒီလိုလူတွေက ရွေးတဲ့ဆုဟာ မထိုက်တန်သူဆီဘယ်လိုမှ မရောက်နိုင်ဘူးလို့ ပြောလိုက်တယ်။

နံစော်နေတဲ့ ခေါင်းစွပ်ကြီးနဲ့ 
သည်လိုနဲ့ ခေါင်းစွပ်ကြီးစွပ်ပြီး ခေါ်သွားလိုက် အချုပ်ခန်းထဲ ပြန်ထည့်ထားလိုက်နဲ့ ရက်တွေကြာလာတယ်။ သေးပေါက်ချေးပါ အခန်းပြင် ထွက်ရင်လဲ မဲညစ် နံစော်နေတဲ့ ခေါင်းစွပ်ကြီး ခေါင်းပေါ်က စွပ်ချပြီး ခေါ်ထုတ် ခေါ်သွင်း လုပ်တယ်။ တစ်ရက်မှာ အဲသလို ခေါ်ထုတ်ခေါ်သွင်းလုပ်ရတဲ့ အကြပ်လား တပ်သားလားတော့ မသိပါဘူး၊ လူရွယ်တစ်ယောက်က “ဆရာကြီးရယ်၊ ဒုက္ခများလိုက်တာ၊ သူတို့ရေးစေချင်သလို ရေးပေးလိုက်ပါတော့လား။ တော်ကြာ ဆရာကြီးအတွက် အန္တရာယ်ဖြစ်မယ်” လို့ ပြောတယ်။

မမှန်တာပြောရတဲ့ ဒုက္ခက ပိုကြီးတယ်
ဆရာက ပြန်ပြောလိုက်တယ်။ “မင်းက ငါ့ကို ဒုက္ခများတယ်လို့ ပြောတယ်၊ ငါကတော့ ခုလိုခံရတဲ့ ဒုက္ခထက် မဟုတ်မမှန်တာကို ပြောလိုက်ရတဲ့ ဒုက္ခက ပိုကြီးတယ်လို့ ထင်တယ်။ အခု ငါ သေးပေါက်ချေးပါ အချိန်တိုင်း မင်းတို့က ငါ့ကို ခေါင်းစွပ်ကြီးနဲ့ ထုတ်လိုက် သွင်းလိုက် လုပ်တယ်။ အဲဒါကို ငါက ဒုက္ခခံနေရတယ်လို့ ထင်လိုက်တာနဲ့ မင်းတို့ကို ငါကြောက်သွားပြီ။ အခု ငါက ဒါတွေကို ဒုက္ခလို့မထင်ဘူးဆိုတော့ ငါ ဘာကိုမှ ကြောက်စရာမရှိတော့ဘူးပေါ့။ မင်းတို့ ငါ့ကို ဘယ်လောက်ကြာကြာ ဖမ်းထားမလဲတော့ ငါ မသိဘူး၊ ငါ သေချာသိတာကတော့ မင်းတို့ ငါ့ကို သတ်မပစ်နိုင်ဘူးဆိုတာပဲ။ အဲဒီတော့ ငါ့ဒုက္ခငြိမ်းအောင်ဆိုပြီး မဟုတ်မမှန်တာတွေကို ငါ မရေးနိုင်ဘူး၊ မပြောနိုင်ဘူးကွယ်”

အထက်ပါစကားများကို စစ်ကြောရေးစခန်းမှာ ပြောခဲ့ကြောင်း ဆရာ ဒေါက်တာသာလှက ပြောပြပါတယ်။

ဒေါက်တာသာလှရဲ့ အမြင်မျိုးကို ယခု လူအတော်များများက ခံယူလာနေပြီလားလို့ ကျွန်တော် တွေးနေမိပါတယ်။ လူတွေဟာ ဒုက္ခလို့ ထင်ရတာတွေကို ဒုက္ခလို့မမြင်တော့ဘူးဆိုရင် အကြောက်တရားတွေ ကွယ်ပျောက်ပြီး သတ္တိတွေ ဘယ်က ရောက်လာမှန်းမသိဘဲ ရောက်လာတော့တာပဲပေါ့ဗျာ။

မောင်ဝံသ
၂၉၊ ၀၅၊ ၁၂

(၃၊ ၆၊၂၀၁၂ န့ထုတ်The Messenger ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။)