Sunday, September 30, 2012

သမ္မတဦးသိန်းစိန်
မြန်မာမီဒီယာများနဲ့ အမေးအဖြေ(ရုပ်/သံ)
New York
 

ဘဲကလေးတွေ အကောင်ပေါက်လာတယ် .. မေမေ




လက်ထဲက ပိုက်ဆံအကြွေလေးကို ဆုပ်ကိုင်ရင်း ကောင်လေးတစ်ယောက် ကောင်းကင်ကိုမော့ကြည့်နေ၏။ အိမ်နှင့်အဝေးတွေလုပ်ကိုင်ရသည့် ဘဝအား သူတစ်ခါတစ်ရံတွင် စိတ်ပျက်အားလျှော့ချင်စိတ် ဖြစ်မိသည်။ ပိုက်ဆံကိုခြစ်ကုပ် စုရသည်။ အချိန်အဆလွဲချော်သွားသည့် အခါမျိုးတွေ ယခုလို အကြွေလေးသာကျန်သည်။ အထူးအဆန်းမဟုတ်တော့သော်လည်း သူ ယခုလို ခေါက်ဆွဲပြုတ်နှင့် ဖြတ်ကျော်နေရသည့် ညမျိုးကို မလိုချင်တော့။ ယခုညလည်း သူခေါက်ဆွဲပြုတ်ပင် သောက်ရဦးမည်။ ကံကောင်း၍ အောက်ထပ်ဆိုင်တွင် အကြွေးယူလို့ရခဲ့ပါက သူခေါက်ဆွဲပြုတ် နှစ်ထုပ် သောက်ခွင့်ရမည်။

.....................................

“မင်းအဖိုး သူ့အလုပ်မှာ အဆင်မပြေတုန်းက အဖွားတို့ တော်တော်လေး ဒုက္ခရောက်ခဲ့တာ။”

အဖွားပြောပြဖူးသည့် အကြောင်းအရာများအား ဇွဲဆက် ပြန်သတိရနေမိ၏။ တစ်နည်းအားဖြင့် သူ၏ မေမေ။ အကြီးဆုံးသမီး။ တက္ကသိုလ်ကျောင်းသူဘဝ။

“ဖေဖေ့ကိုတော့ အလုပ်မထွက်ခိုင်းပါနဲ့ မေမေရယ်”

ဖွားဖွား၏ မျက်နှာ အနည်းငယ်ပျက်သွား၏။

“သမီးတို့ မိသားစု (၇) ယောက်လုံးက ဖေဖေ့လစာကလေးနဲ့ အဓိကအားပြု ရပ်တည်နေရတာ။ ဖေဖေအလုပ်ထွက်လိုက်ရင် အားလုံးဒုက္ခ ရောက်ကုန်မှာ”

“ညည်းက .. မိဘ..”

ဖွားဖွား၏ စကားသံ မဆုံးခင် မေမေ ဖြတ်ပြောလိုက်၏။

“သမီးကျောင်းထွက်ပြီး ကန်စွန်းရွက်ရောင်းဆိုလည်း ရောင်းမှာပါ မေမေရယ်။ ဖေဖေကိုတော့ အလုပ်မထွက်ခိုင်းပါနဲ့နော်”

မေမေ့၏ မျက်တောင်တို့ တဖြတ်ဖြတ်ခတ်သံတွေ ကြားကောင်းကြားနေရလိမ့်မည်။ မျက်တောင်ခတ်ခြင်းသည် မျက်ရည်မကျစေရန်အတွက် အတော်ပင် အထောက်အကူဖြစ်သည်။ မေမေ့၏ အသံများလည်း တုန်ရီနေလိမ့်မည်။ မောင်ငယ်လေး နှစ်ယောက်၏ ကျောင်းစရိတ်။ အိမ်စရိတ်။ သမီးကြီးဖြစ်ရသည့် မေမေ၏ဘဝသည်လည်း ခပ်ပြင်းပြင်း။

“သမီးရယ်…”

ဖွားဖွား၏ အသံတို့ နွေရာသီတစ်ခုကဲ့သို့ ပက်ကြားအက်နေမည်ထင်သည်။ ထိုအချိန်က ဖွားဖွား၏ မျက်နှာသည်လည်း ယခုလို တွန့်တွဲလျော့ကျနေမည်မဟုတ်။ ထို့ကြောင့် မေမေပြောလိုက်သော စကားတွင် ဖွားဖွားမျက်နှာပေါ်မှ တင်းမာမှုများ ပြေလျော့သွားပုံမှာ သိပ်သိသာလွန်းနေလိမ့်မည်။

မိသားစု တစ်ခု ရပ်တည်ဖို့ လူတွေအများကြီး လိုအပ်ခဲ့ပါသလား.....

.................................

“မမကြီး.. သားအတွက် ဟင်းကော”

“အင်း.. မောင်လေး ခဏစောင့်နော်”

မေမေ အိမ်နောက်ဖေးသို့ ဝင်သွားကာ ကြောင်အိမ်ထောင့်ထဲတွင် ချန်ထားသော ဘဲဥတစ်ခြမ်းကို ထုတ်ယူလာခဲ့လိုက်၏။

မိသားစုအတွက် ညမနက်ဟင်းမှာ ဘဲဥပြုတ် (၄) လုံး နှင့် ကန်စွန်းရွက် ရေလုံပြုတ် ဖြစ်၏။ မိသားစု စုစုပေါင်း (၇)ယောက်။ ဖိုးဖိုးသည် အိမ်ထောင်ဦးစီးမို့ ဘဲဥ မနက်တစ်ခြမ်း ညတစ်ခြမ်း။ ကျန်မိသားစုဝင်(၆)ယောက်က မနက်စာနှင့်ညစာပေါင်းမှ ဘဲဥတစ်ခြမ်း။ ယခု ဘဲဥတစ်ခြမ်းသည်လည်း မေမေ ညနေမှစားမည်ဟု မနက်ကချန်ထားခဲ့သော ညစာဖြစ်သည်။ ထိုဘဲဥလေးတစ်ခြမ်းက မောင်ငယ်လေး၏ ပန်းကန်ထဲတွင် အခန့်သား။

“မမကြီး သားအတွက်ကော…”

မောင်အငယ်ဆုံးက သူ့အားလည်း ဟင်းထည့်ပေးရန်တောင်းနေ၏။ ဖြစ်နိုင်လျှင် မနက်ဖြန်အတွက် သူမ၏ဝေစု ဖြစ်လာမည့် ဘဲဥတစ်ခြမ်းအား မေမေ ပေးလိုက်ချင်နေသည်။ သို့သော် လောလောဆယ်တွင် မရှိသေး။ မေမေ တစ်ခုခုပြောရန် အားယူနေစဉ် မေမေ့အောက်မှ ညီမငယ်က သူစားလက်စ ဘဲဥတစ်စိပ်အား မောင်အငယ်ဆုံးထံ ထည့်ပေးလိုက်၏။

“မမ ဘဲဥ စားလိုက်မောင်လေး ။ မမ ဝပြီ”

ဘဲဥတစ်စိပ်ကြောင့် မောင်အငယ်ဆုံး၏မျက်နှာ လန်းသွား၏။ မေမေနှင့် ညီမဖြစ်သူတို့ မျက်လုံးချင်း ဆုံမိကြ၏။ လူတစ်ယောက်မျက်နှာလန်းသွားဖို့ လူနှစ်ယောက်မျက်နှာ ညှိုးပေးလိုက်ရသည်မှာ များလွန်းမနေဘူးလား…။

...............................

ထိုအကြောင်းအရာများအား ပြောပြရင်း ဖွားဖွားမျက်ရည်လည်ခဲ့ဖူး၏။ လောလောဆယ် လက်ထဲရှိ အကြွေကလေးနှင့် ဇွဲဆက်ဖြတ်ခဲ့ရသည့်ညမျိုးတွေအကြောင်း မေမေ့အား ပြောပြမိလျှင် မေမေရယ်ကောင်း ရယ်နေလိမ့်မည်။ သို့မဟုတ် သူမ၏သားအတွက် ဂရုဏာသက်ချင်လည်း သက်နိုင်၏။

“မေမေ သို့မဟုတ် တစ်ချိန်က သမီးကြီး”

ထိုအကြောင်းအရာများ ပြန်တွေးမိတိုင်း ဇွဲဆက် မျက်နှာလန်းလာစမြဲ။ အခက်အခဲကို ဖြတ်ကျော်ရန်အတွက် သူ၏မျက်နှာတွင် အားအင်များပြည့်ဝလာပုံက ထင်ရှားနေ၏။ မေမေသည် သူ့အတွက် စံနမူနာဖြစ်နေခဲ့ ဖြစ်နေဆဲ ဖြစ်သည်။ တွေးနေရင်း ဇွဲဆက် မေမေ့ကို လွမ်းလာ၏။

“မေမေ့ဘဝရဲ့ ညစာတွေဟာ သိပ်ကားကြပ်လွန်းပါတယ်.. မေမေရယ်”

ကားမီးရောင်များက အစီအရီလင်းလက်နေဆဲ။ မြို့ပြမို့ တိုက်တာ အဆောက်အဦးတွေမှ မီးရောင်များစွာ တဖြတ်ဖြတ်လင်းလက်နေကြ၏။

“လူတွေဟာ သိပ်ကို အရောင်စုံလွန်းတယ် မေမေ”

ဇွဲဆက်နင်းမိသမျှ ပလက်ဖောင်းတို့ လေးကန်လွန်းလှ၏။

..................................

“သား သူငယ်ချင်းတွေနဲ့ ဘောလုံးသွားကန်ချင်တယ်မေမေ”

“အိမ်စာစာအုပ်ထုတ် မေမေ့ကိုပြ”

ဇွဲဆက် အိမ်စာစာအုပ်အား လွယ်အိတ်ထဲမှ ထုတ်ပြလိုက်၏။

“မြန်မာစာ ခက်ဆစ် ကျက်ရမယ်။ အင်္ဂလိပ်စာက grammar အိမ်စာလုပ်ရမယ်။ အဲဒါနှစ်ခု လုပ်ပြီးမှ သွားရမယ်”

အပေးအယူဆန်ဆန်တွေ တွေ့ကြုံလာတိုင်း သူမေမေ့အား စိတ်ကောက်ချင်သည်။ ငယ်စဉ်က နားမလည်ခဲ့သော်လည်း အရာတိုင်းတွင် အပေးအယူသဘောကို မေမေသင်ကြားပေးခဲ့မှန်း ယခု ဇွဲဆက်နားလည်နေခဲ့ပြီ။ တစ်ခုလိုချင်လျှင် တစ်ခုပေးဆပ်ရမည်ဟူသော နိယာမသဘောအား ဇွဲဆက် ကောင်းကောင်း သဘောပေါက်နေခဲ့ပါပြီ။ ထိုစဉ်ကတည်းက သူနှင့်မေမေ့ကြားရှိ နားလည်မှုများ။ ဇွဲဆက်၏ လိုအပ်ချက်များကို မေမေတစ်ယောက်သာနားလည်တတ်၏။ မေမေ၏ တစ်စုံတစ်ရာထူးခြားမှုများကိုလည်း ဇွဲဆက်တစ်ယောက်သာ နားလည်၏။

“မေမေ နေမှကောင်းရဲ့လား…”

သူကောင်းကင်မည်းကြီးအား မော့ကြည့်မိ၏။

“မေမေ နေမှကောင်းရဲ့လား”

ဘဝအာမခံချက်အတွက် အိမ်နှင့် သို့မဟုတ် မေမေနှင့် ဇွဲဆက်ဝေးနေရသည်ကလည်း မျှတသော အပေးအယူတစ်ခုဖြစ်နေသည်လားဟု ဇွဲဆက်တွေးမိ၏။

..........................

“မေမေ နေကောင်းရဲ့လား”

“ချောင်းနည်းနည်းဆိုးတာပါသားရယ် ။ ရာသီဥတုအပြောင်းအလဲမှာ ဖြစ်နေကျပါ။ မေမေ နေကောင်းပါတယ်သားရယ်”

မေမေက ဖျားနာတိုင်း ကြိတ်ကုတတ်မှန်း ဇွဲဆက်သိနေ၏။ ပျောက်သွားပြီးမှ ဘယ်တုန်းက ဖျားသည်ဆိုတာမျိုးကို သူပြန်သိ ပြန်ကြားရ၏။ မေမေက စိတ်ပူမှာစိုး၍ ဖုံးကွယ်ထားကာ နောက်မှ ပြန်ပြောပြတတ်၏။

အသက်အရွယ်ကလည်း ရလာသည်မို့ နားလည်ရမည့်အရာများစွာ၊ မဖြစ်မနေလုပ်ရမည့် အလုပ်များ၊ တာဝန်တွေ ဝတ္တရားတွေနှင့်သာ ဘဝတွင် နေရာကြပ်လာ၏။ ငယ်ငယ်ကလို အိမ်စာလုပ်၍သာ မေမေနေကောင်းနေမည်ဆိုလျှင် ဇွဲဆက် အမြဲပင် လောက၏အိမ်စာများကို ပုံမှန်လုပ်နေမိလိ့မ်မည်။

“ဝအောင်လည်းစား၊ စားချင်တာလည်းစား၊ မစုနဲ့၊ မဖြုန်းနဲ့ပေါ့.. သားရယ်”

ဖုန်းဆက်တိုင်းမေမေ မှာနေကျမို့ သူအလွတ်ပင်ရနေပြီ။ စကားလုံးတိုင်း၏ အနက်အဓိပ္ပါယ် သက်ရောက်မှုများကိုလည်း သူကောင်းကောင်း သဘောပေါက်၏။

“ဘဝအတွက်ကြိုးစားနေတဲ့အချိန်မှာ လွမ်းတဲ့အကြောင်းမပြောကြေးပေါ့ သားရယ်”

သက်ပြင်းတွေသာ ဇွဲဆက် အကြိမ်ကြိမ် ချမိ၏။ ဖုန်းထဲမှ စကားလုံးပေါင်းများစွာ သူ့နားထဲတွင် ပြန်ကြားယောင်နေမိ၏။

............................

“မေမေက မော်လေးစိတ်မကောင်းမှာစိုးလို့ မပြောတာ။ ဟိုတလောက ရေနွေးပူလောင်တာများ လက်တစ်ခုလုံး ရစရာမရှိဘူး”

“ဘယ်တုန်းကလဲ”

“လွန်ခဲ့တဲ့ (၁)လ လောက်တုန်းက”

“လွန်ခဲ့တဲ့ (၃) ပတ်လောက်ကပဲ ကျွန်တော် ဖုန်းဆက်သေးတယ်လေ။ ဘာလို့မပြောတာလဲ”

“မေမေက မောင်လေး ရိပ်မိသွားမှာစိုးလို့ အသံကို တမင်ရွှင်အောင် လုပ်ပြောနေရတာ။ အဲဒီတုန်းက မေမေ ထိုင်တောင်ထိုင်နိုင်တာမဟုတ်ဘူး ။ ဖုန်းခွက်တောင် မမ ကိုင်ပေးထားရတာ။ မောင်လေးစိတ်ပူမှာ စိုးလို့တဲ့လေ။ မေမေ့အကြောင်းလည်း မောင်လေးသိတယ် မလား”

ဇွဲဆက်၏ ရင်တွင်း၌ ချွေးများရွှဲနစ်နေ၏။ ဘယ်လိုအကြောင်းအရာမျိုးက မေမေ့ထက်ကျော်လွန်ကာ အရေးကြီးနေလိမ့်မည်လဲ။

မျက်စိရှေ့တွင် တွေ့ရသော အမှိုက်ပုံးနှုတ်ခမ်းသားတွင် ဆေးလိပ်မီးအား ထိုးချေလိုက်၏။ သူစုမိ ဆောင်းမိခဲ့ပြီ။ ဘယ်လိုနည်းမျိုးနှင့်ဖြစ်စေ ဇွဲဆက်အိမ်ပြန်တော့မည်။ ငယ်ငယ်က မေမေဖြတ်သန်းခဲ့ရသည့် ဘဝအခြေအနေများကြောင့် သူချမ်းသာချင်နေခဲ့သည်။ ပိုက်ဆံသာ ရှာချင်နေခဲ့မိသည်။ ယခု ဇွဲဆက်သဘောပေါက်သွားခဲ့ပြီ။

မေမေ့၏ ကြွယ်ဝချမ်းသာမှုသည် သူမ၏ သားသမီးပင်။

ဈေးကြီးပေးရသော စက္ကူဖြတ်ပိုင်း အပိုင်းအစလေးစုတ်ပြဲသွား၏။ ထို့နောက် ဇွဲဆက် လေယာဉ်မယ်လေးအား ပြုံးပြလိုက်၏။ လေယာဉ်ပျံကြီးက မြန်မာနိုင်ငံဆီသို့။


......................................

လူသားကမိခင်ကို ချစ်သကဲ့သို့ အမိမြေကိုလည်း ချစ်ကြသည်။ ပြန်လည်ဆုံတွေရသည့်နှင့် သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများနှင့်ဆုံဆည်းကာ ကျွေးမွေးရင်း စကားစမြည်ပြောဖြစ်ကြ၏။ နိုင်ငံခြားတွင်ဖြစ်ပါက သူ အရက်သောက်မိမည်။ ယခုတော သူ နာရီကိုသာ တွင်တွင်ကြည့်နေမိ၏။ မေမေ သူအိမ်အပြန်ကို မျှော်နေလိမ့်မည်။ သည့်ထက် တိတိ ကျကျပြောရလျှင် မေမေသူ့အား ထမင်းစား စောင့်နေလိမ့်မည်။

“သားပြန်လာတာ စောသားပဲ”

ဇွဲဆက်ပြုံးမိ၏။ ကျေနပ်မိသည့်အပြုံးမျိုးဖြစ်၏။

“မေမေ ထမင်းမစားရသေးဘူးမလား”

“ဟုတ်တယ်သား မေမေ မဆာသေးလို့”

ဇွဲဆက်မျက်လွှာချလိုက်၏။ မေမေသူ့အား ထမင်းစားစောင့်နေမှန်း သူ့အလိုလို နားလည်လိုက်၏။
သူရေချိုးပြီးသောအခါတွင် ထမင်းဝိုင်း၌ မေမေနှင့် သူ၏အစ်မတို့က အသင့်ပြင်ဆင်ကာ စောင့်နေပြီဖြစ်၏။ မိသားစုထမင်းလက်ဆုံတွင် ကျွန်တော်ကြိုက်တတ်သည့် ဟင်းများကိုသာ တွေ့ရသည်။ မေမေချက်ထားမည်မှန်း အရသာမမြည်းဘဲ သူသိလိုက်၏။ မိခင်၏သားအပေါ်ထားရှိသော စေတနာများ…။ ဟင်းခွက်တွေအများကြီးနှင့် သူတစ်ယောက်တည်း ထမင်းဝိုင်းကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ဖူးပြီ။ ထိုဘဝကို သူပြန်မလိုချင်တော့။ အိမ်ဝေးညဆိုသည်မှာ မိဘပင်ဖြစ်စေ သားသမီးပင်ဖြစ်စေ မှောင်လွန်း၏။

“သားဝယ်လာတဲ့ဘဲကင်က တော်တော်ကောင်းတာပဲ”

မေမေ အားရပါးရ စားနေသည်ကိုကြည့်ရင်းပြုံးမိ၏။ အစ်မဖြစ်သူကလည်းပြုံးနေ၏။။ လူတစ်ယောက်ကြောင့် လူနှစ်ယောက်ပြုံးသွားသည်မှာ ဝမ်းသာဖို့ကောင်း၏။

“ဘဲကင်က တော်တော်ကောင်းတယ်သား ..။ သားဘယ်ဆိုင်က ဝယ်လာတာလဲ”

မိခင်က ဇွဲဆက်၏ အဖြေအတွက် မျက်လုံးကို ထောင့်ခဏကပ်ထား၏။ နူးညံ့မြဲဖြစ်သော သူမ၏ လက်အစုံသည်လည်း ရပ်တန့်နေကြ၏။

“သားဝယ်လာတာ မဟုတ်ဘူးမေမေ။ ဒါ မေမေ ငယ်ငယ်က ညစာချန်ထားခဲ့တဲ့ ဘဲဥကလေးတွေ အကောင်ပေါက်လာကြတာ”

မေမေမျက်ရည်ဝဲသည်ကို ကျွန်တော်တွေ့လိုက်ရ၏။ ကြည်နူး၍ ဝေ့ဝဲတက်လည်သည့် မျက်ရည်မို့ ပီတိပေါင်းများစွာ ပါဝင်နေ၏။ ထို့ပြင် မိဘနှင့်သားသမီးကြားရှိ အပြန်အလှန်နားလည်မှုနှင့် ချစ်ခြင်းမေတ္တာတို့ပါ ပါဝင်နေကြလေသည်။ ။


နေပိုင်
၂၆.၀၉.၂၀၁၂
သမတဦးသိန်းစိန်နဲ့ ဘီဘီစီ၏ Hardtalk အစီအစဉ်ေ
တွ့ဆုံ မေးမြန်းခန်း(ရုပ်/သံ)
 





ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်နိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဘီဘီစီ၏ Hardtalk အစီအစဉ်နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့က ပြောသွားပါတယ်။

မေးခွန်းမေးသူက ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတ မဖြစ်နိုင်တာကို သမ္မတ ဖြစ်လာနိုင်ရေး ဦးသိန်းစိန် အနေနဲ့ ဖွဲ့စည်းပုံကို ပြင်လို့ ရနိုင်ပါ့မလားလို့ မေးမြန်းခဲ့ရာမှာ ဖွဲ့စည်းပုံကို ပြည်သူတရပ်လုံးနဲ့ လွှတ်တော်က ပြင်ဆင်နိုင်တယ် လို့ ဆိုပါတယ်။

“သူမ အနေနဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတယ်၊ မဖြစ်လာဘူး ဆိုတာ ပြည်သူတွေရဲ့ ဆန္ဒ သဘော ထားအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ပြည်သူတွေက သူမကို လက်ခံတယ်ဆိုရင် ကျွန်တော့် အနေနဲ့ သူ့ကို လက်ခံ ရမှာပါပဲ”လို့ ဦးသိန်းစိန် က ပြောခဲ့တာပါ။

(NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ ပါတီအနေနဲ့ အခုအချိန် မှာ ခေါင်းဆောင်မှုပိုင်းမှာ လူ ငယ်တွေ အလိုရှိတဲ့အကြောင်း၊ ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပါတီညီလာခံကို ကျင်းပဖို့ လုပ်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအရ သမ္မတ မဖြစ်နိုင်ပေ မယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း လက်ရှိ လူထု ထောက်ခံမှု၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထု အားကိုးမှု စသည့် အခြေအနေများအရ မဲ အများစုဖြင့် အနိုင်ရမယ်လို့ ယုံကြ ပါကြောင်း ပြောပါတယ်။

“ဒီပုံစံအတိုင်းဆိုရင် ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုလုပ် သမ္မတ ဖြစ်နိုင်မလဲ၊ ကျနော် တို့ အများစု မဲနိုင်ချင်နိုင်မယ်၊ ဒါပေမယ့် ဒီ အခြေခံ ဥပဒေ ငုတ်တုတ်ကြီး ရှိနေသေး ရင် ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးဟာ ဘယ်လိုမှ သမ္မတ မဖြစ်နိုင်ဘူး” လို့ ဦးဝင်းတင်က ဆိုပါတယ်။

မကြာသေးခင်က ဒု သမ္မတ ရွေးပွဲတွင် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို တင်ခဲ့ပေမယ့်လည်း သူရဲ့သားသမီးတွေ ထဲမှ သြစတြေးလျတွင် နိုင်ငံသား ခံယူထားသူ ရှိတာကြောင့် ဒု သမ္မတရာထူးကို မရခဲ့ကြောင်း၊ ဒီကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတ နေရာ ရရှိနိုင်ဖွယ် မမြင်ကြောင်း ဦးဝင်းတင်က ဆက်ရှင်းပြပါတယ်။

“ငါတို့ ဗိုလ်ချုပ်ကြီးတယောက်ကို သမ္မတ နေရာ တင်တာကိုတောင်မှ သူ့သားသမီးတွေထဲက သြစတြေးလျမှာ နိုင်ငံသား ခံယူထားသူ ရှိတဲ့အတွက် ပယ်လိုက်တယ်ဆိုတဲ့ အစဉ်အလာ တခု လုပ်ပြီးတဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုးတကြိုး ချည်လိုက်တာ တွေ့ရတယ်” ဟု ဦးဝင်းတင်က သုံးသပ်ပြသည်။)

ဧရာဝတီ