အိပ်မပျော်မီ ခရီးမိုင်များစွာ
ကျွန်မသည် ယခုအခါ ကျွန်မ ဖြစ်နေပေမယ့် တကယ်တွေးကြည့်လျှင် အခြားဖြစ်နိုင်ခြေတွေ အများကြီးရှိသည်။ ရပ်ကွက်ထဲက ဘုံဘိုင်ရေစက်ငုတ်တွင် ရေပုံးထမ်းတွေ တန်းစီချထားကာ အလှည့်ကျရေယူပြီး ရေထမ်းရောင်းရသော ရေထမ်းသမတစ်ယောက် ဖြစ်သွားခဲ့နိုင်သည်။ ရေထမ်းရောင်းနေပေမယ့် ဆင်းရဲနွမ်းပါးသော အဘိုးအိုအဘွားအိုတို့ကို ရေဖိုးမယူ၊ ထမ်းခ မယူဘဲ အလကားရေဖြည့်ပေးသူ ဖြစ်ခဲ့နိုင်ပါသည်။ ကျွန်မသည် လှေအငှားလိုက်သည့်
လှေထိုးသား တစ်ယောက်ယောက်နှင့် အိမ်ထောင်ကျပြီး လှေလှော်ပြီး ကူးတို့ပို့ရသူလည်း ဖြစ်သွားခဲ့နိုင်သည်။ ကျန်းမာရေးဆေးပေးခန်း ရွာလက်သည်နှင့် ကလေးမွေးဖွားရင်း မမွေးနိုင်သည့် ကိုယ်ဝန်ဆောင် မိခင်လောင်းကို မြို့ဆေးခန်းသို့ လိုက်ပို့ပေးဖို့ လာငှားသော်လည်း လေကြီး မိုးကြီးကျနေလို့ သို့မဟုတ် ငွေမရလို့ လိုက်ပို့မပေးခဲ့နိုင်သူ တစ်ကိုယ်ကောင်းသမားလည်း ဖြစ်ချင်ဖြစ်ခဲ့နိုင်သည်။ သို့မဟုတ် ငွေကအရေးမကြီးပါဘူး၊ နောက်တစ်နေ့နံနက် ကျွန်မတို့ မိသားစု ထမင်းမစားရလည်း အရေးမကြီးပါဘူးဟု အချိန်ကုန်ခံ လုပ်အားစိုက်ထုတ်ပြီး စိတ်နှလုံးကောင်းမွန်စွာ ကိုယ်ဝန်ဆောင်ကို မြို့နယ်ဆေးခန်းသို့ ကိုယ်တိုင်ကိုယ်ကျ လှေလှော်လျက် ပို့ပေးခဲ့သူလည်း ဖြစ်နိုင်သည်။
ကျွန်မသည် မတော်တဆ ကားတိုက်မှုတစ်ခု ဖြစ်ပွားရာတွင် ဒဏ်ရာရသူ၏ အသက်ရှင်ရေး ထက် ပိုပြီးတခြား အရာတွေကို အလေးထား ဦးစားပေးနေမိသည့် တာဝန်ရှိပုဂ္ဂိုလ် တစ်ယောက်ရော ဖြစ်သွားခဲ့နိုင်သေးလား။ မဖြစ်နိုင်ဘူးဟု ပြောလို့မရပါ။ ကားတိုက်မှုတစ်ခုတွင် ဒဏ်ရာရသူတွေကို သယ်ဆောင်ပြီး ဆေးရုံသို့ ပို့ပေးပါရန် လာသမျှ ကားတွေကို တားနေသည့် လူမှုရေးစိတ် အပြည့်အ၀ရှိသူ လူငယ်နှစ်ယောက်ကို မကူညီဘဲ မောင်းထွက်သွားသည့် ကားတွေထဲမှာ ကျွန်မကားလည်း ပါခဲ့နိုင်တာပဲ။
ကျွန်မမှာရှိသော စာနာတတ်သည့် နှလုံးသားသည် အခြေအနေနှင့် အချိန်အခါကိုလိုက်ပြီး ချေးအထပ်ထပ် ဖုံးလွှမ်းချပ်ခဲဖြစ်အောင် အသားမာထ နေခဲ့နိုင်တာပေါ့။ ကားတွေအစီး၂၀လောက် ကျော်ဖြတ်သွားပြီးမှ အဲဒီနေရာသို့ ရောက်သွားပြီး တင်နိုင်သမျှ လူနာတွေကို တင်ခေါ်၊ ဆေးရုံသို့ မောင်းပို့သည့်ကားမှာ ကျွန်မကားလည်း ဖြစ်ခဲ့နိုင်ပါသည်။
ကျွန်မသည် ကူညီသူလည်း ဖြစ်သွားခဲ့နိုင်သည်။ မမြင်ချင်ယောင်ဆောင် မကြားချင် ယောင်ပြီး မကူညီဘဲ မျက်နှာလွှဲခဲ့သူလည်း ဖြစ်သွားခဲ့နိုင်သည်။
တစ်ခါတုန်းက မိုးရွာထဲမှာ ထီးမပါဘဲ သွားနေသည့် နွမ်းပါးသည့် မိန်းကလေးငယ်တစ် ယောက်ကို မျက်နှာချင်းဆိုင်တွေ့ရသည်။ ကျွန်မမှာ ထီးဆောင်းထားသည်။ ကျွန်မ သူ့ကို ထီးတစ်ချောင်း ပေးလိုက်ချင်ခဲ့သည်။ ကျွန်မ ဆောင်းထားသည့် ထီးကတော့ သူများက အမှတ်တရ လက်ဆောင် ပေးထားတာဖြစ်လို့ သူ့ကို မပေးလိုက်ချင်။ ခပ်လှမ်းလှမ်းမှာ ရပ် ထားသည့် ကားထဲမှာ ထီးအပို ထည့်လာခဲ့မိလား မသေချာ။ ထီးအပိုရှိခဲ့လျှင်တော့ ကလေးမအား ပေးလိုက်ချင်သည်။
ကလေးမကို တားလိုက်ရလျှင် ကောင်းမလား။ ကားဆီအထိ ပြေးကြည့်ပြီး ထီးရှိလျှင် လှမ်းခေါ်ရမလား။ သို့မဟုတ် အခုကျွန်မ ဆောင်းထားသည့်ထီးကို ပေးလိုက်တာက ပိုပြီးလက်တွေ့ကျမည်မို့ ပေးမလား။ စက္ကန့်အနည်းငယ် ကျွန်မ တွေဝေစဉ်းစား နေဆဲမှာပင် ကလေးမက အပြေးလေး လျှောက်သွားနေခဲ့ပြီ။ တုံ့ပြန်မှုနှေးသည့် ကျွန်မ သူ့ကို ဘာမှ မကူညီလိုက်နိုင်ခဲ့ပေ။
တစ်ခါတုန်းက ရွာတစ်ရွာသို့ ရောက်သည့်အခါ အမိုးမိုးစရာမရှိသည့် အဘိုးအိုအဘွားအို ဇနီးမောင်နှံကို ဓနိမိုးတွေ ၀ယ်ပေးခဲ့တာလည်း ကျွန်မပါပဲ။ တောက ရမ်းကုမျက်စိကုဆရာ တစ်ယောက် ကုလိုက်လို့ ငွေရှစ်သောင်းလည်း ကုန်ခဲ့ပြီး မျက်စိလည်း လုံးဝကွယ်ခဲ့သော ဦးကြီးတစ်ယောက်ကို တွေ့သည့်အခါ ငွေသုံးထောင်ပဲ ကန်တော့ခဲ့ပြီး သည်အတိုင်း ပြန်လာခဲ့မိတာလည်း ကျွန်မပါပဲ။
အခုအချိန်ထိလည်း ထိုသူမျက်စိကုသဖို့ ဘာမှ ထိထိရောက်ရောက် မကူညီနိုင်ခဲ့သေးဘဲ နေ့စဉ် စီးပွားလူမှုသံသရာထဲမှာ လည်နေရသူပါပဲ။ ကျွန်မ တစ်ယောက်တည်းမှာပင် တစ်ခါနှင့်တစ်ခါ ဘာကြောင့်ခြားနား နေခဲ့တာလဲ။ နှလုံးသားလည်း တစ်ခုတည်း၊ ဦးနှောက်နဲ့ ဆင်ခြေတုံတရားလည်း တစ်မျိုးတည်းပါ။ ဘာကြောင့် တုံ့ပြန်မှုခြားနား ရတာပါလိမ့်။ ဓနိမိုး ၀ယ်ပေးရတာကလွဲပြီး မျက်စိကုသပေးဖို့ကျတော့ ခက်ခဲသည့် ဖြစ်စဉ်မို့လို့ လား။ သည်လိုကောက်ချက် ချရမလား။
လူသားချင်း ရိုင်းပင်းကူညီမှု၊ ကယ်ဆယ်မှုနှင့် ပူပေါင်းဆောင်ရွက်မှုတို့ကိုပင် အဖြူအမည်း ခွဲခြားသတ်မှတ်လို့ မရလေတော့ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ဝါဒ Altruism ကို ခွဲခြားစိတ်ဖြာ နားလည်ဖို့ နိယာမတစ်ခုအဖြစ် အဓိပ္ပာယ်ဖော်ဖို့ ပိုလို့တောင် ခက်ခဲနိုင်ပါသည်။ ဘယ်လိုလူတွေဟာ ဘယ်အခါမျိုးမှာ ယေဘုယျအားဖြင့် ကိုယ်ကျိုးစွန့်မလဲ။ အခြေအနေအရ ကိုယ်ကျိုးစွန့်မလဲ။ သို့မဟုတ် အခြေအနေ အချိန်အခါတွေနှင့် ဘာမှ မပတ်သက်ဘဲ ခိုင်ခိုင်မာမာ ကိုယ်ကျိုးစွန့်မလဲ။ ဘယ်အခါမျိုးမှာ တစ်ကိုယ်ကောင်းဆန်မလဲ။
ဟိုတုန်းကတော့ ကိုယ်ကျိုးစွန့်ခြင်း၊ လူမှုရေးကူညီခြင်း၊ တစ်ကိုယ်ကောင်းဆန် အတ္တကြီးခြင်းတို့သည် မွေးရာပါ၊ ထာဝရတည်မြဲသည့် စိတ်ဓာတ်တွေဟု ထင်ခဲ့သည်။ အခုတော့ ဒါတွေဟာ အခြေအနေအရပြုကျင့်မိကြသည့် အမူအကျင့်တွေပဲဟု ဆိုကြပါလား။
ထို့ကြောင့် အခြားသော အမူအကျင့်အားလုံးကဲ့သို့ပင် (ကိုယ်ကျိုးစွန့်ခြင်း၊ တစ်ကိုယ် ကောင်းဆန်ခြင်းတွင်) အနည်းနှင့် အများဆိုသည့် ပမာဏနှင့် အတိုင်း အတာတွေလည်း ရှိနေသတဲ့။ တချို့လူတွေသည် အခြေအနေနဲ့ အကျပ်အတည်းပေါ်မှာ မူတည်ပြီး ကိုယ်ကျိုးစွန့်စိတ်က ၂ဆ၊ တစ်ကိုယ်ကောင်းစိတ်က ၈ဆ ရှိနိုင်သည်။ ကျွန်မဆိုလျှင်ကော ကိုယ်ကျိုးစွန့် စိတ်က ဘယ်နှစ်ဆရှိပြီး တစ်ကိုယ်ကောင်းစိတ်က ဘယ်နှစ်ဆရှိနိုင်ခဲ့မလဲ။ ဘယ်လိုလုပ် ကျွန်မ သိနိုင်ပါ့မလဲ။
လူတွေကို ကိုယ်ကျိုးစွန့်စိတ်များပြီး တစ်ကိုယ်ကောင်းစိတ် နည်းလာဖို့ လေ့ကျင့်ပေးလို့ ရမလား။ အခြေအနေတွေ ဖန်တီးပေးလို့ ရသလား။ ရက်စက်သူ၊ နှလုံးသား မာကျောနေသူတွေကို ကိုယ်ချင်းစာစိတ် များလာအောင် ကြင်နာစိတ် များလာအောင် ပြုပြင်ပေးလို့ ရနိုင်သလား။ သို့မဟုတ် အခြေအနေ ကြုံလာခဲ့လျှင် လူတိုင်းသည် လူသားချင်း စာနာထောက်ထားပြီး ကူညီကယ်ဆယ်သူတွေ ဖြစ်လာနိုင်ခြေ ရှိသလား။ ဘယ်လိုအရာတွေကများ လူ့စိတ်နှလုံးကို အကောင်းဘက်သို့ ရောက်အောင် ဆွဲဆောင်နိုင်မှာပါလိမ့်။
အနုပညာသည် စိတ်ကို ပြုပြင်ပြောင်းလဲပေးဖို့ ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ရမလား။ ဟိုးမား၏အီးလီးယတ် ကဗျာရှည်ကြီးကို ထုတ်ဝေပြီးခဲ့တာ နှစ်ပေါင်းရာနှင့် ချီနေပြီဖြစ်ပေမယ့် အခုအချိန်ထိ စစ်ပွဲတွေဖြစ်နေတုန်းမို့ ကဗျာတစ်ပုဒ်သည် စစ်ဆန့်ကျင်ရေး လှုံ့ဆော်သူ တာဝန်ကို မဆောင်ရွက် နိုင်ပါဟု ကောက်ချက်ချသည့် စကားကို ယုံကြည်လိုက်ရမှာလား။
ကျွန်မမှာ ကိုယ်ကျိုးစွန့်စိတ် ဘယ်နှစ်ဆရှိပြီး တစ်ကိုယ်ကောင်းစိတ် ဘယ်နှစ်ဆရှိ သည်ဆိုတာကို အတိအကျ ဘယ်လိုမှ မသိနိုင်ပေမယ့် လူသားချင်း ကူညီကယ်ဆယ်သည့် လူမှုလုပ်ငန်းတို့ကို စိတ်အား ထက်သန်လာသည်မှာ ကျွန်မဖတ်ခဲ့ရသည့် စာတွေကြောင့် ရာခိုင်နှုန်း တော်တော် ပါဝင်တာတော့ သေချာပါသည်။
ဆရာဇော်ဂျီ၏ သင်သေသွားသော်၊ တို့တိုင်းပြည် စသည့် ကဗျာတို့သည် ကျွန်မအတွက် တာဝန်ယူမှုဆိုတာကို သင်ကြားပေးခဲ့ သည်။ ကျွန်မနှင့် ဆိုးတူကောင်းဖက်၊ ပြည်ထောင်ဖက်ဟု တင်စားပြောလို့ရမည့် လူငယ်တစ်ယောက်ကို ကိုယ်ကျိုးစွန့်စိတ် ခိုင်မာလာအောင် အချိန်နှင့်အမျှ အားပေးခဲ့တာက ကဗျာတွေ ဖြစ်ခဲ့သည်။ တစ်ခုက ပြင်သစ်ကဗျာဆရာ အေတီးယန်းဂရီးလေး၏ ကဗျာ။
ဒီဘ၀ကို ငါတစ်ကြိမ်သာ ဖြတ်သန်းရပေမည်။
ထို့ကြောင့် ငါနှင့် ဘ၀တူ လူသားတွေအတွက် ကောင်းကျိုးကို ယခုပင် ငါပြုလုပ်ပါရစေ။
မတွေဝေ မနှောင့်နှေးမိပါစေနှင့်။
ဒီဘ၀ကို တစ်ကြိမ်သာ ဖြတ်သန်းရမည် ဖြစ်သောကြောင့်ပါတဲ့။
ထို့ကြောင့် ငါနှင့် ဘ၀တူ လူသားတွေအတွက် ကောင်းကျိုးကို ယခုပင် ငါပြုလုပ်ပါရစေ။
မတွေဝေ မနှောင့်နှေးမိပါစေနှင့်။
ဒီဘ၀ကို တစ်ကြိမ်သာ ဖြတ်သန်းရမည် ဖြစ်သောကြောင့်ပါတဲ့။
ထိုကဗျာကိုရေးပြီး သူ့ကုလားထိုင်နောက်မှီတွင် ကပ်ထားသည်။
နောက်ကဗျာကတော့ ရောဘတ်တ်ဖရော့စ်တ် နာမည်ကျော်ကဗျာ။
တောအုပ်လေးက ချစ်စဖွယ် ညို့မှိုင်းနက်ရှိုင်းလှပါရဲ့၊
ဒါပေမယ့် ငါ့မှာ တည်ရမဲ့ ကတိတွေနဲ့
နောက်ပြီး ငါ အိပ်မပျော်ခင် လျှောက်ရဦးမယ့် ခရီးမိုင်တွေနဲ့။
ဒါပေမယ့် ငါ့မှာ တည်ရမဲ့ ကတိတွေနဲ့
နောက်ပြီး ငါ အိပ်မပျော်ခင် လျှောက်ရဦးမယ့် ခရီးမိုင်တွေနဲ့။
ရောဘတ်တ် ဖရော့စ်တ်၏ ထိုကဗျာသည် ကျွန်မကိုလည်း လူသား၏ တာဝန်ယူမှု ဆိုတာကို သင်ကြား လေ့ကျင့်ပေးခဲ့သည့်မို့ သူ့ကို လူသားချင်း ကူညီဖို့ ဆွဲဆောင်ခဲ့သည်ဟု သိရသောအခါ တော်တော် အံ့သြ သွားခဲ့သည်။ သည်နေ့တော့ သည်ထက်ပိုပြီး အံ့သြ ရပါ တယ်။
သည်နေ့ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့တွင် ဆေးကုခန်းလေး ဆောက်ပေးခဲ့ပြီး ဒုက္ခသည် ထောင်သောင်းကို ကယ်ဆယ်ကုသပေးခဲ့သော အမေရိကန်ရေတပ် ဆရာဝန်လေး ဒေါက်တာ တွမ်ဒူးလေး၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် ‘တောင်ကုန်းကိုသူတို့ မီးရှို့တဲ့ည’ကို ကျွန်မ ဖတ်ဖြစ်သည်။
အဲသည်မှာ ဒေါက်တာ တွမ်ဒူးလေး အား မက်ဒီကိုဆိုသည့် ကျန်းမာရေး ပြုစုစောင့်ရှောက်သည့် ဖောင်ဒေးရှင်း တည်ထောင်သူ ဖြစ်သည်အထိ ကိုယ်ကျိုး စွန့် ကူညီကယ်ဆယ်သူ ဖြစ်လာအောင် လွှမ်းမိုးခဲ့သည်မှာ ရောဘတ်တ် ဖရော့စ်တ်၏ ထို ကဗျာပဲ ဖြစ်သည်ဟု သိလိုက်ရသည်။ သူ့အသက် ၂၇နှစ်ကတည်းက သူ့ရင်ဘတ်မှာ ဆွဲ ထားသည့် ဆုတံဆိပ်၏ နောက်ကျောတွင် ကဗျာ၏ စာပိုဒ်တစ်ပိုဒ်ကို ထွင်းထားခဲ့သည်။
တောအုပ်လေးက ချစ်စဖွယ် ညို့မှိုင်းနက်ရှိုင်းလှပါရဲ့၊
ဒါပေမယ့် ငါ့မှာ တည်ရမဲ့ ကတိတွေနဲ့
နောက်ပြီး ငါ အိပ်မပျော်ခင် လျှောက်ရဦးမယ့် ခရီးမိုင်တွေနဲ့။
ဒါပေမယ့် ငါ့မှာ တည်ရမဲ့ ကတိတွေနဲ့
နောက်ပြီး ငါ အိပ်မပျော်ခင် လျှောက်ရဦးမယ့် ခရီးမိုင်တွေနဲ့။
ကဗျာက သူ့ကို ဘယ်လောက်ထိ သြဇာသက်ရောက် စေခဲ့သလဲဆိုလျှင် သူ၏ အခြား စာအုပ်ခေါင်းစဉ်က ကျွန်တော် အိပ်မပျော်မီ (Before I Sleep) ဟူ၏။
ကဗျာတစ်ပုဒ်သည် လူတချို့၏ နှလုံးသားကို မွန်မြတ်မှုဆီသို့ တွန်းပို့ပေးနိုင်ခဲ့ဖူး သည်။ ကျွန်မမှာ မျှော်လင့်မှုတွေ များစွာ ရှိလာခဲ့ပါပြီ။
ဂျူး ၁၀.၈.၂၀၁၀
(အတွဲ ၁၊ အမှတ် ၇၊ ၁၉ သြဂုတ် ၂၀၁၀၊ ကြာသပတေးနေ့၊ ပြည်သူ့ခေတ်ဂျာနယ်)
အက်ဆေးတွင် ပါခဲ့သော Robert Frost ၏ ကဗျာမူရင်း
Stopping by Woods on a Snowy Evening
Whose woods these are I think I know.
His house is in the village, though;
He will not see me stopping here
To watch his woods fill up with snow.
My little horse must think it queer
To stop without a farmhouse near
Between the woods and frozen lake
The darkest evening of the year.
He gives his harness bells a shake
To ask if there's some mistake.
The only other sound's the sweep
Of easy wind and downy flake.
The woods are lovely, dark and deep,
But I have promises to keep,
And miles to go before I sleep,
And miles to go before I sleep.
Robert Frost
No comments:
Post a Comment