Saturday, July 28, 2012

ဇာတ်ခုံ




ကိုယ်ရည်ကိုယ်သွေး တေးသီချင်းများကို သီဆိုဖို့ ကျွန်မ လုံးဝ ၀ါသနာမပါခဲ့ပါ။ သို့သော် တစ်ခါတစ်ရံ မိမိ၏ ကိုယ်ပိုင်အရည်အချင်းများကို ထုတ်ဖေါ်ပြသပြီးမှ ရှေ့ဆက်ပြောပြရမည့် အကြောင်းအရာများအတွက်တော့ မလွဲမသွေ ကိုယ်ရည်သွေးခြင်းအမှုကို ကျွန်မပြုရပေလိမ့်မည်။

.....................

အသားမည်းမည်း၊ ပါးစပ်ပြဲပြဲ၊ နဖူးမောက်မောက်၊ နှာခေါင်းပွပွနှင့် ကပ္ပလီမများ နိုင်ငံခြားတွင် မင်းသမီးဖြစ်နေကြပေမဲ့ သူတို့အသားအရောင်လောက်ပင် နက်မှောင်ခြင်းမရှိသော၊ သူတို့နှုတ်ခမ်းလောက် ထူထဲပြဲလန်မနေသော (သွားကတော့ သူတို့လို ဖြူဖွေးတန်းစီမနေဘဲ အနည်းငယ် ရှေ့ထွက်နေသော်လည်း ပါးစပ်စေ့မရအောင်တော့ လုံခြုံမှုကင်းမဲ့မနေကြပါ) မျက်နှာခွက်သည်မှလွဲ၍ နဖူးလုံးဝမမောက်သော၊ နှာခေါင်းပြားချပ်ချပ်သေးသေးလေးနှင့် ကျွန်မ မြန်မာနိုင်ငံတွင် မင်းသမီးဖြစ်ရန် အရိပ်ရောင်မျှမမြင်ဖူးခဲ့ပါ။

"ငါတို့ဆီမှာ သရဲကားရိုက်ရင်တော့ မင်းသမီးဖြစ်ကောင်းပါရဲ့" ဟု အားခဲခဲ့ဖူးသော်ငြား သိုက်ကား၊ ဥစ္စာစောင့်ကားများပင် တစ်ပတ်ကြော့မလာတော့သည့်နောက် ဒေါ်မြလေးလက်သစ်လည်း ဖြစ်ချင်၍ မရတော့ပါ။

ငယ်ငယ်တုန်းက တအားအလှမက်ခဲ့သည်။ အလှဟူသည် ပြင်တိုင်းရသည်ဟု ထင်ကာ မြို့တက်ပြီး ဓာတ်ပုံဆရာလုပ်နေသော ဖေ့ဖေ့အား ဂါဝန်လှလှလေးများ၊ လက်သည်းနီ၊ နှုတ်ခမ်းနီအစုံမှာသည်။ ဖေဖေကလည်း တစ်ဦးတည်းသော သမီးမို့ မှာသမျှအရောင်အသွေးကို ရအောင် အသေးအမွှားကအစ စိတ်တိုင်းကျအောင် ၀ယ်ပို့သည်။ ဂါဝန်လှလှလေးများသည် ကျွန်မကိုယ်ပေါ်ရောက်သည်နှင့် လူနှင့်အင်္ကျီ တခြားစီ ဖြစ်သွားကာ ရယ်စရာ ကာတွန်းရုပ်ကလေးတစ်ရုပ်လို

တွေ့သမျှလူများ ပြုံးစေ့စေ့ဖြစ်ကုန်ကြည်။ ထိုအခါ အညိုရင့်ရင့်၊ အနက်ဖျော့အသားပေါ်မှာ မျက်နှာချေအဖွေးသားနှင့် နှုတ်ခမ်းကို ရဲနေအောင်ဆိုးထားသော ကျွန်မ မလုံမလဲနှင့် ရှက်ကိုးရှက်ကန်းဖြစ်ရသည်မှာ အခါခါ၊ ငေးကြည့်ရအောင် လှပချောမွေ့သော အပျိုပေါက်အရွယ် အိမ်နီးချင်းတစ်ယောက်နှင့် ဆွေရိပ်မျိုးရိပ်မကင်းသော အစ်မတစ်ယောက်ကို မြင်တိုင်း မေမေ့ကို -

 "သမီးကို ဘာလို့ အဲဒိလို လှအောင်မမွေးတာလဲ" ဟု အပြစ်တင်သည်။ မေမေက ပြုံးပြီး -

"ညည်းအဖေနဲ့အမေက လှမှ မလှဘဲ၊ ည်းလည်း ဘယ် လှမှာလည်း"
ဟု ရိုးရိုးလေး ပြန်ပြောသည်ကိုလည်း မကျေနပ်။ ကျွန်မအပျိုပေါက်ဖြစ်တော့ ထိုအစ်မနှစ်ယောက် တစ်ယောက်က အငြိမ့်မင်းသမီးဖြစ်ပြီး တစ်ယောက်က အလှပြကားများတွင် မပါမဖြစ်ရပ်ရွာ၏ ရှေ့ဆောင် ကွမ်းတောင်ကိုင်အနေနှင့် သီချင်းဆိုရ၊တေးသရုပ်ဖော်ကရနှင့် ကြည့်မ၀ရှုမ၀ဖြစ်ကာ အားကျခဲ့သည်။

ဘယ်လို ပုံစံနှင့်မျှ သည်တစ်သက်တွင် ကျွန်မ မင်းသမီးမဖြစ်နိုင်။ သူတို့အလှကိုအားကျ၍ သူတို့လိမ်းသည့်ပေါင်ဒါ၊ သူတို့ဆိုးသည့်နှုတ်ခမ်းနီ၊ လက်သည်းနီရောင်၊ သူတို့ဝတ်သည့် အ၀တ်အစားပုံစံအရောင်အသွေး ရွေး၍ ၀တ်လေ၊ ကိုယ့်မှာ စိတ်ညစ်ရလေ၊ အရှက်အနာတရဖြစ်လေ။ ကြာတော့ သည်လောက်ဖြစ်လှတာ ကိုယ့်ရုပ်နဲ့ကိုယ် လူအရယ်တော့မခံနိုင်ဘူးဟု အားလုံးကို စိတ်နာပြီး အလှလည်းမပြင်၊ မှန်လည်းမကြည့် အရှိအတိုင်းနေလိုက်မှ စိတ်ချမ်းသာသွားတော့သည်။

လူပုံကမလှသော်လည်း လူမှုဆက်ဆံရေးမှာ လှိုက်လှဲနွေးထွေး၍ လူချစ်လူခင်များသူများကို တွေ့ဆုံဖူးကြပါလိမ့်မည်။

အရွယ်အနည်းငယ်ရပြီးနောက် ကျွန်မဈေးဆိုင်ထိုင်သောအခါ ကျွန်မဆိုင်မှ စားသောက်ဖွယ်ရာကို ၀ယ်လိုသဖြင့် လမ်းညွှန်ခဲ့ဖူးသော သူများ၏ စကားကို ပြန်ကြားခဲ့သည့်အတိုင်း ကျွန်မထံပို့လိုက်သော သတင်းတစ်ရပ်ကို မိတ္တူပွားကာ မကြာခဏ ခံစားကြည့်မိသည့်အခါများတွင်တော့ ကျွန်မ ရယ်မောတတ်သည့်အကျင့်ကောင်းတစ်ခုကို ပိုင်ဆိုင်သွားတော့သည်။

"မနေ့က ၀ယ်ခဲ့တဲ့ သရက်သီးသနပ်မျိုး လိုချင်လို့ ဘယ်ဆိုင်က၀ယ်လဲ"

"ဈေးရုံ(၁)၊ထဲက ရွှေတောင်ဝင်းလက်ဖက်ဆိုင်ဘေးက"

"သြော်... သိပြီ၊ အရုပ်ဆိုးဆိုး၊ မျက်နှာပုတ်ပုတ်နဲ့ အမြဲတမ်းနှုတ်ခမ်းစူထားတဲ့ အမျိုးသမီးမဟုတ်လား"

"အေး ... ဟုတ်တယ် ဟုတ်တယ်၊ စကားပြောလည်း ဘုကျတယ်၊ ဈေးရောင်းတာလည်း စိတ်မရှည်ဘူး၊ သူ့လုပ်စာစားနေတဲ့အတိုင်းပဲ"

"ဟုတ်တယ်၊ ကျွန်မလည်း အဲဒီအမျိုးသမီးကို ကြည့်မရလို့ မ၀ယ်တာကြာပြီ၊ ဟိုးအရင်တုန်းက သူ့အမေကြီးရောင်းတုန်းက အရမ်းသဘောကောင်းတာ၊ ကျွန်မအမြဲဝယ်တဲ့ဖေါက်သည်ပေါ့၊ အခုအမေကြီးမထွက်တဲ့နောက်ပိုင်းထဲက မ၀ယ်ဖြစ်တော့တာ နှစ်ချီနေပြီ"

"ကိုယ်လည်း တခြားဆိုင်မှာ မရှိမှ သူ့ဆီသွားဝယ်တာ၊ ဈေးသည်တဲ့ကွာ စကားတစ်ခွန်းက နှစ်ခွန်းပြောရရင် စိတ်မရှည်တော့ဘူး၊ ရုပ်ကလည်း အသက်အောင့်ပြီး ကြည့်ရတယ်။"

         ဤကဲ့သို့ မိဘလက်ထက်က အရမ်းကာရော ကျုးကျော် ထိုးဖောက်တိုးဝင်နေကြသော စီးပွားရေးဈေးကွက်များကို ကျွန်မ ဣနြေ္ဒရရ ကာဆီးဟန့်တားနိုင်ခဲ့သည်။ ထိုသူများကို "ကျွန်မ၏ အချစ်တော်များ" ဟု ကျွန်မစိတ်တွင် တစ်ယောက်တည်း ကျိတ်ကာ အမည်ပေးထားခဲ့မိသေးသည်။

...............................

"ဟေ့ မရဘူးနော်၊ နင် ကရမယ်၊ မကရင် ငါတို့လည်း မကဘူး၊ ဒါပဲ"

"ဒါ တစ်ဦးတစ်ယောက်ကောင်း လုပ်တဲ့ အလုပ်မဟုတ်ဘူးနော်၊ အသင်းအဖွဲ့နဲ့ လုပ်တာ ငြင်းမယ်တော့ မကြံနဲ့၊ ငါတို့နဲ့ အတူ စင်ပေါ်တက်ကရင်က မကလို့ကတော့ ပြဿနာရှာပြီမှတ်"

"ကထိန်ဆိုတာ တစ်နှစ်မှာ တစ်ကျောင်း၊ တစ်ကျောင်းမှာ တစ်ရက်ထဲ လှူလို့ရတာ၊ တို့ဈေးကထိန်အောင်ပွဲအတွက် တစ်ဈေးလုံးက အလှူငွေနဲ့ လုပ်ရတဲ့ပွဲ၊ တစ်ခုခုတော့ တာဝန်ကျေရမယ်၊ နင့်လို စင်ပေါ်တက်ပြီး ကချင်တဲ့လူတွေ အများကြီး၊ တို့က သင့်ရာ သင့်ရာ ရွေးရတာ၊ နင်က စာရေးဆရာမဆိုတော့ အနုပညာနဲ့ နီးစပ်တယ်၊ နင့်ကို ဆင်ရမယ့်အ၀တ်အစားဖိုးကပဲ သောင်းချီတယ်၊ ကပါဟယ်။"

ဘုရားရေ...၊ အိပ်မက်မဟုတ်... တကယ်... အချော့၊ အခြောက်၊ အမြှောက်လေးတွေနှင့် ခယတောင်းဆိုနေသော ကျွန်မချစ်ကြောက်ရိုသေရသူ တချို့ကြောင့် ကျွန်မ မင်းသမီး ဖြစ်ရတော့မည်ဆိုပဲ။ ယုံကြည်စရာတော့ သိပ်မကောင်းလှ။ ငယ်ငယ်တုန်းက ဗီဇလေးက ခေါင်းထောင်လာချင်သလိုလို။

"ဘယ်လိုလဲ ကမယ်မဟုတ်လား"
"အင်... ကမယ်... ကမယ်၊ အယ်... မကတတ်ဘူး၊ ကျွန်မ တကယ် မကတတ်တာ"

 "ဘာမှ မပူနဲ့၊ တစ်ဖွဲ့လုံးမှာ တကယ်ကတတ်တာ နှစ်ယောက်ပဲရှိတာ၊ အားလုံး သင်ရမှာ၊ သင်ပေးမယ့် ဆရာတွေခေါ်ပြီးပြီ"
တော်ပါသေးရဲ့ဟု ကျိတ်ပြီး သက်ပြင်းချရသည်။ မင်းသမီးဖြစ်ဖို့က သေချာသွားပြီပေါ့။

"ဘာကရမှာလဲ၊ တပင်တိုင်လား၊ ယိုးဒယားလား၊ နှစ်ပါးသွားလား"

"မဟုတ်ဘူး၊ ဘီလူးက"

"ဟင်... ဘာပြောတယ်၊ ဘီလူးက..."

"ဟုတ်တယ်လေ၊ ရာမဇာတ်တော်ကြီးကမှာ၊ နင်က ဒဿဂီရိရဲ့နှမတော် ဂမ္ဘီလုပ်ရမယ်"

ဟုတ်တာပေါ့လေ။ ရာမဇာတ်မှာ ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ သီတာဒေ၀ီလုပ်ချင်လို့တော့ ဘယ်ဖြစ်ပါ့မလဲ။ ဖြစ်ချင်းဖြစ် ဂမ္ဘီ ပဲဖြစ်ရမှာပေါ့။ ဂမ္ဘီ ဖြစ်တော့ကော နည်းသလားဟု ကိုယ့်စိတ်ဓာတ်ကို မြှင့်လိုက်ရသည်။

"နင်ဖိတ်ချင်တဲ့ စာရေးဆရာတွေ အကုန်သာဖိတ်၊ ရှေ့ဆုံးကခုံတွေကို ဧည့်သည်တောတွေအတွက် နင်ကြိုက်သလောက်ယူ၊ ပိုတဲ့ခုံတွေကိုမှ ဈေးသူဈေးသားတွေ ထိုင်ကြမှာ၊ ပြီးတော့ နင့်ဧည့်သည်စာရေးဆရာတွေအတွက် လက်ဖက်သုပ်၊ ဆိပ်သားပတ်ဖ်၊ လက်ဖက်ရည်နဲ့ ဧည့်ခံမယ်၊ စိတ်ချ နင်မျက်နှာမငယ်စေရဘူး"

နည်းတဲ့ အခွင့်အရေး မဟုတ်ပါလား၊ ကျွန်မကြောင့်ဖြင့် မဟုတ်ပါ။ စာပေကို ချစ်သော စာရေးဆရာများကို လေးစားသော

ကျွန်မတို့ဈေးမှ ဈေးသူဈေးသားများကြောင့် ကျွန်မ မျက်နှာရတော့မည့်ကိန်း ဆိုက်လာခြင်းဖြစ်သည်။ သည်လောက် အခွင့်အရေးပေးလို့မှ မယူလိုက်က ကျွန်မ ဘီလူးမိုက် ဖြစ်ရော့မည်။

 နောက်ရက်ကစ၍ ဇာတ်တိုက်ရတော့သည်။ အဖွဲ့ခေါင်းဆောင် နှစ်ယောက်ဖြစ်သော အုန်းငှက်ပျောဆိုင်မှ ဦးမြတ်ကျော်မှ ပသျှူးရာမနှင့် ဆန်ပွဲရုံမှ အဘ ဦးတင်ညွှန့်က ဟာနုမာ ဇာတ်ရုပ်များကို ယူထားရင်းမှ ကျန်ဈေးသူဈေးသားတွေကိုလည်း အကဆရာ ဆိုဗီယက်ပြန် ဦးလှမိုး၊ ရာမဦးအုန်းမောင်၊ ဒဿဂီရိ ဦးမြဟန်တို့နှင့်တွဲ၍ အကသင်ပေးသည်။ ရာမမင်းသားလုပ်မည့် ဦးစိုးသန်းနှင့် လက္ခဏလုပ်မည့် မိဘ မေတ္တာ အုန်းငှက်ပျောဆိုင်ပိုင်ရှင် မောင်အောင်ခိုင်တို့က နဂိုထဲက အဆို၊ အကအနုပညာဗီဇ ရှိကြသူများမို့ အရာရာအဆင်ပြေရုံမျှမက သီတာဒေ၀ီကလေးမ နွယ်နီဝင်းကလည်း ရုပ်ရည်ဟန်ပန် အမူအယာကအစ ပြောစရာမရှိ။

 ပြောစရာရီသည်က  ဒဿဂီရိလုပ်မည့် ကျွန်မ၏ အစ်ကိုတော် ဘိုဘိုနှင့်  ဂမ္ဘီနှမ ကျွန်မတို့ နှစ်ယောက်သာ အစိမ်းသက်သက် ခြေမမြှောက် လက်မမြှောက်တတ်နှင့် ဆရာတွေ ချွေးပြန်အောင် သင်ရသည်။ အဲသည်မှာမှ ဘိုဘိုက ဆရာကောင်းတပည့် ပီသသည်၊ ရိုးသားကြိုးစားသဖြင့် အချိန်တိုတိုနှင့် မှင်မောင်းကောင်းကောင်း  ဒဿဂီရိလောင်းဘဝ

ရောက်သွားသည်။ မရိုးမသားနှင့် မကြိုးစားသော ကျွန်မသာ ဂမ္ဘီ  သခင်မကိုင်မည့် ဒေါင်းတောင်အစား မဲဇလီကိုင်းများနှင့် အကတိုက်ပြီးတိုင်း တစ်နေ့တစ်နေ့ မဲဇလီရွက်တွေ ခြွေခြွေသုပ်စားပစ်သဖြင့် မကြာခဏ မဲဇလီကိုင်း ရှာပေးရသည့် ဇာတ်ဆရာ ဦးမြတ်ကျော် ဇနီး မခင်စန်းနွယ်၏ ဒေါသအိုးကို မဲဇလီရိုးနှင့် ထိုးဖွင့်ပြီး တစ်ရပ်ကွက်လုံး မဲဇလီပင် တုံးသွားမှ ကျွန်မ ကကွက် သုံးကွက်လောက်နှင့် စင်ပေါ်ရောက်ခဲ့တော့သည်။

..........................

ထိုညက ကောင်းကင်တွင် ပြည့်စက်လှပသော လမင်းနှင့်အတူ ငွေကြယ်တို့သည် စိန်ပွင့်ကလေးများ ကြဲပက်ထားသည့်အလား ပြိုးပြက်တောက်ပနေကြသည်။

ကထိန်ခင်းသည့် ဆားလင်းကျောင်းတိုက်ရှေ့မှ "မြန်မာ့နန်းတွင်း ပုံတော်ရာမအဖွဲ့၏ ရာမယဏဇာတ်တော်ကြီး" ဟူသော နဖူးစည်းဆိုင်းဘုတ်အောက်မှ ခမ်းနားကြီးကျယ်သော ဇာတ်စင်ကြီးမှာလည်း ဆလိုက်မီးရောင်များ မြန်မာ့ဆိုင်းဝိုင်းကြီးမှ ဧည့်ခံတီးလုံးများနှင့် ကတ္တီပါကားလိပ်များကအစ ပရိတ်သတ်၏ စိတ်နှလုံးကို ညှို့ယူဖမ်းစားထားခဲ့သည်။

ဇာတ်စင်ရှေ့မှာတော့ အလှူလက်ဖက်နှင့် မျက်နှာလုပ်ထားသော ကျွန်မ၏အထူးဧည့်သည်တော် စာရေးဆရာများ၊ ဥက္ကဌကြီး (ဆရာ လင်းယုန်မောင်မောင်)၊ မမဦး(ဆရာမကြီး ဒေါ်ခင်ဆွေဦး)၊ ဆရာကြည်နိုင်၊ ဆရာချစ်ဦးညိုတို့ ဇနီးမောင်နှံ၊ ဆရာဟိန်းလတ်တို့ ဇနီးမောင်နှံ၊ ဆရာမောင်သွေးသစ်တို့ ဇနီးမောင်နှံ၊ ဆရာဆောင်းဝင်းလတ်၊ ဆရာမ ခင်ပန်နှင်း၊ ဆရာမ သွယ့်ပန်းဆန်၊ ဆရာမောင်ညိုပြာ၊ ဆရာ ယဉ်မင်းပိုက်၊ ပန်းချီသန်းမြင့်အောင်၊ ကွန်ပျုးတာ မောင်ဝဏ္ဏ၊ ပန်းချီမမွှေး၊ ရာသက်ပန်၊ ညိုညိုတင်လှ၊ မြသွေးရည်၊ မြသက်နိုင်နှင့် တခြားဆရာ ဆရာမများ ရောက်လာပြီးနေရာယူနေကြပြီ။ ဆရာ မောင်ညိုပြာက စရောက်ကတည်းက

"ကျုပ်တို့က ဝေးတယ်၊ ကျုပ်တို့အဖွဲ့ ပွဲပြီးရင် ဘုန်းကြီးကျောင်းမှာပဲ အိပ်ပြီး မနက်မှ ထပြန်မှာ"

ဟု သတင်းပို့ထားသဖြင့် ကလေးတွေက ကျောင်းပေါ်မှာ နေရာတစ်နေရာ အဆင်သင့် ရှင်းထားပေးသည်။ နောက်ထပ်စာသမားတွေ တဖွဲဖွဲ ရောက်လာကြသည်။ စာရေးဆရာတွေက ရာမဇာတ်လည်းဖြစ်၊ ကျွန်မလည်း ကမည်ဆို၍ လာအားပေးသူများပြီး ဈေးသူဈေးသားများက စာရေးဆရာများကို လေးစား၍ ဖိတ်ကြားခြင်းဖြစ်သော်လည်း ကျွန်မက ကြားထဲမှ နှစ်ဖက်စလုံးမှာ မျက်နှာ ရ၍နေသည်။ ကျေနပ်ဖွယ် ကောင်းလေစွ။ ရာမဇာတ် မထွက်မီ ဈေးသူဈေးသား ကလေးများက သီချင်းပဒေသာနှင့် ဖြေဖျော်ကြစဉ် စာရေးဆရာများနှစ်သက်အားပေးကာ ဆုချကြသဖြင့် ပို၍တက်ကြွကုန်ကြကာ တကယ့် သမ္ဘာရင့် မင်းသား မင်းသမီး အဆိုတော်ဂိုက်တွေ ဖမ်းကုန်ကြကာ ဇာတ်ရှိန်တက်လာကြသည်။

ထိုနေ့ညကတော့ အမှန်တကယ်ပင် ကျွန်မအလုပ်များနေခဲ့သည်။ ညနေပိုင်း ခုံခင်းသည့် အချိန်မှစ၍ ပွဲစတင်၍ ရှေ့ပိုင်းသီချင်းပဒေသာ အစီအစဉ်နှင့် ရာမဇာတ် စတင်သည့် အချိန် အစီအစဉ်ကြေညာနေရသည်အထိ ကိုယ့်ကကွက်ကို စိတ်ကူးနှင့်မျှ မြင်ယောင်ကျင့်ဖို့ မတွေးအား။

"သမီး သွားပြင်ချေတော့။ အဘ နရေးရှင်းပြောပေးမယ်" ဟု ဆရာ ရာမဦးအုန်းမောင် အနားလာပြောမှ မိုက်ခရိုဖုန်းကို ပေးပြီး ပြေးဝင်ခဲ့ရသည်။ ဇာတ်စင်နောက်မှ ရွှေရောင်ပြောင်ပြောင်ကလေး ဘယ်ပြေးညာပြေးနှင့် သမင်အက ကျင့်နေသော မျိုးမျိုးကို  ခလုပ်တိုက်ပြီး ဒုသနှင့် ခယသားနှစ်ပါးလုပ်မည့် ကိုသန်းညွန့်နှင့် နန်းမုံဝေတို့ ဘီလူးညီနောင်ဘေးမှ ဂမ္ဘီ၀တ်စုံကို ယူကာ ၀တ်ရသည်။ မိတ်ကပ်စိုးစိုးက အလွန်ကျွမ်းကျင်၍ ဆယ်မိနစ်မျှလောက်နှင့် မျက်နှာခြယ်သပြီးသွားသည်။ အစ်ကိုတော် ရာဝဏက စိမ်းစိမ်းလက်လက်ပြိုးပြက်နေသော ဒဿဂီရိဝတ်စုံနှင့် ခန့်ငြားထွားကြိုင်း၍ နေသည်။ ရင်ကိုဖွင့်ကာ လက်နှစ်ဖက်ကို ပိုက်ထားပြီး ကျွန်မကို ဘီလူးပြုံး ပြုံးကာ-

"ဟဲ ... ဟဲ... နှမတော် ဂမ္ဘီ၊ အိုကေတယ်မဟုတ်လား" ဟု နှုတ်ဆက်ကာ လက်ထဲမှ ကိုင်ထားသော သန်လျက်ကို ဟန်ပါပါ တစ်ချက်ဝင့်ပြသည်။

"ဟို... ကျွန်မ မဲဇလီ... အဲ... ဒေါင်းတောင်ရော" ဟု အပြေးအလွှားရှာမည်ပြင်တော့ ၍  လက္ခဏမောင်အောင်ခိုင်က

"ရော့၊ ဒီမှာ အစ်မကြီး ဒေါင်းတောင်" ဟု ယူလာပေးသည်။ ဒေါင်းတောင် နှစ်ခုကို လက်ပြန်ဆုပ်လိုက်သည့် လက်ဖ၀ါးများ၏ သွေးလှည့်ပတ်နှုန်း ခံစားမှုက ရင်ထဲသည့်တိုင် စီးမျောဝင်ရောက်လာသည်။
ကျွန်မ ဂမ္ဘီ္ဘဖြစ်သွားပြီ။

ထိုညမှာ ကျွန်မ၏ ကကွက်က သုံးခန်းဖြစ်သည်။ မှောရုံတောမှာ တောမြိုင်များကို လှည့်ပတ်ကြည့်ရှုပြီး သားတော်နှစ်ပါးကို နယ်မြေအပိုင်စားပေးသော  ဂမ္ဘီနယ်ပေးခန်း၊ သားတော် ဒုသနှင့်ခယမင်းသား၏လေးချက်နှင့် သေပွဲဝင်သွားသော ဦးခေါင်းများကို ဖြတ်၍ မော်ကွန်းကမ္ဗည်းထိုးထားခဲ့သည်ကို ရင်ကွဲပက်လက်မြင်ရသော အခန်းနှင့် ရာမမင်းအပေါ် အငြိုးကြီးစွာနှင့် မောင်တော် ဒဿဂီရိထံ အခစားဝင်၍ ရာမ၏ဇနီး သီတာဒေ၀ီကို သိမ်းပိုက်ရန် ရွှေသမင်ယောင်ဆောင်ပြီး ဖြားယောင်းစေခန်း ဘဲလေးကကွက်တို့ဖြစ်သည်။

ရာမဦးအုန်းမောင်က နောက်ခံစကားပြောပိုင်သည်။ ဆိုင်းက အပို့ အပင့်ကောင်းသည်။ ဇာတ်ခွင်ထဲ သရုပ်ဆောင်တွေက ဇာတ်ကွက်မှာ စီးမျောသည်။ အမှားအယွင်းကင်းစွာ ထိုညက 'က' နိုင်ခဲ့ကြသည်။

ကျွန်မ အခန်းများမှာ ကျွန်မထွက်မလာခင် ရာမဦးအုန်းမောင်၏ နရေးရှင်းမှာ 'ဂမ္ဘီသခင်မ' ဟု ပါလိုက်သည်နှင့် လက်ခုပ်သံများက ထွက်လာသည်။ ဂမ္ဘီလုပ်မည့် ကျွန်မကို ရှေ့မှ စာရေးဆရာများက ကြိုတင်အားပေးသော လက်ခုပ်သံဖြစ်သည်။ ထိုလက်ခုပ်သံတွေက စခြူလိုက်သလိုဖြစ်ပြီး ကျွန်မထွက်လာသည်နှင့် နောက်မှ ပရိတ်သတ်က ဆက်တီးတော့ လက်ခုပ်သံက တော်တော်နှင့်မရပ်၊အပေါ်က ကရသည့်သူမှာ အားတက်လိုက်သည့်ဖြစ်ခြင်း။

တစ်ရပ်ကွက်လုံး မဲဇလီပင်တုံးအောင် ဖြုံးလာခဲ့သည့်ကျွန်မ သည်ညကျခါမှ ဒေါင်းတောင်နှစ်လက်နှင့် သွက်လိုက်သည်မှာ ပြောစရာမရှိ။ ပထမတစ်ခန်းပြီး၍ အထဲဝင်လာကတည်းက ဇာတ်ဆရာ ဦးမြတ်ကျော်က-

"ဂွတ်တယ်ဟေ့၊ နင် အတော်လမိုင်းကပ်တယ်" ဟူသော မှတ်ချက်နှင့်အတူ ပွဲပြီးသွားသည်နှင့် ခင်မင် ရင်းနှီးသူများအားလုံး ၀ိုင်းဝန်းနှုတ်ဆက်ထောပနာပြုကြသဖြင့် ကြည်နူးစိတ်တစ်ဝက်နှင့် မယုံမရဲ။

စာရေးဆရာတချို့ နှုတ်ဆက် ပြန်ကြပြီး တချို့က ကျောင်းပေါ်မှာ အိပ်ကြည်။ အားလုံးလိုလို...

"နင် ဂမ္ဘီ လုပ်တာ တော်တယ်" ဟု အားပေးကြသည်။ (တကယ် ဟုတ်မဟုတ်တော့မသိ၊ မကောင်းဘူးပြောရမှာ အားနာလို့လည်း ဖြစ်နိုင်သည်။) ဆရာတစ်ယောက်က -

" ဂမ္ဘီဆိုတဲ့နာမည်နဲ့ ကလောင်ခွဲပြီး စာရေး" ဟု တိုက်တွန်းသည်။ ဘာပဲပြောပြော ထိုညကတော့ ကြည်နူးကျေနပ်စရာအတိနှင့် ကုန်ဆုံးသည်။

မနက်လင်းတော့ ကျွန်မ ဆိုင်ခင်းရကာ ပုံမှန်ဘ၀ ပြန်ရောက်သည်။ အဲသ်ညမှာ မမျှော်လင့်ဘဲ ကျွန်မ၏ အချစ်တော်များ ကျွန်မဆိုင်ရှေ့သို့ ဘွားခနဲ ရောက်လာကြသည်။ ညဥ့်တုန်းက ကြည်နူးမှုလေး မပြယ့်တပြယ်နှင့် ကျွန်မ လိုက်လျောညီထွေ စကားစခင်းပေးလိုက်မိသွားသည်။

"ဘာလိုချင်လို့ပါလဲ၊ သံပုရာသီး သနပ်လား၊ သရက်သီး သနပ်လား" ဆိုတော့ သူတို့က ကျွန်မကို တလေးတစားကြည့်ပြီး -

"၀ယ်တော့ ၀ယ်ပါ့မယ်၊ ဒါပေမဲ့ အစ်မနဲ့ စကားပြောချင်လို့လာတာပါ"     

ထူးထွေသည့် အဲ့ရာသော်ပဲ၊ ကျွန်မ မျက်နှာကို အသက်အောင့် ကြည့်ခဲ့ဖူးသူတွေက...

"အစ်မ ညက သိပ်ကောင်းတာပဲ၊ ကျွန်မတို့ လာကြည့်တယ်" 

ကျွန်မမျက်နှာ အစွမ်းကုန်ပြုံးသွားမိမည်ထင်သည်။ ကမန်းကတမ်း ပြန်ဘရိတ်ဖမ်းလိုက်ရသည်။ နောက်တစ်ယောက်က ထပ်ပြောသည်။

"ဟုတ်တယ် အစ်မ သိပ်တော်တာပဲ"

"ကိုယ့်ပုံစံနဲ့ ဘီလူးကကတော့ သူများထက် ပိုသဘာဝကျလို့နေမှာပေါ့"

"မဟုတ်ဘူး၊ အစ်မက ညက အရမ်းလှနေတယ်။"

ဘုရားရေ၊ ကျွန်မကို လှတယ်ဆိုပါလား။ အရပ်ကတို့ရေ၊ ဟုတ်မှလည်း လုပ်ကြပါ။

"အစိမ်းရောင်ထိုင်မသိမ်းနဲ့ အဆင်တန်ဆာတွေက အစ်မကို စင်ပေါ်မှာ ထွားထွားကြီး ဖြစ်သွားတယ်။ ခေါင်းကလည်း တင်ခေါင်းဆိုတော့ အရပ်ပိုမြင့်သွားသလိုပဲ။ ပြီးတော့ အစ်မ ဆံပင်တွေက အရှည်ကြီး၊ ဖားလျားချထားတာ သိပ်ကြည့်ကောင်းတာပဲ”

အင်း… နောက်က ကြည့်လို့နေမှာပေါ့။ ကြည့်ကောင်းရုံတင်ပဲလား၊ စောစောကပြောတော့…

“မှော်ရုံတောမှာ သားလေး နှစ်ယောက်နဲ့ လှည့်ပတ်ကတဲ့ အခန်းမှာ ဒေါင်းတောင်နဲ့ သားတွေကို ကျောသပ်၊ ရင်သပ် ချစ်မ၀တဲ့အခန်းက လှလိုက်တာ အစ်မရယ်၊ ပြီးတော့ တောအုပ်ထဲက အုတ်ခုံပေါ်မှာ သားနှစ်ယောက်ရဲ့ ခေါင်းတွေနဲ့ ကမ္ဗည်းကျောက်စာတွေကိုမြင်တော့ အစ်မဖြစ်သွားတဲ့ဟန်က မျက်စိထဲကကို မထွက်တော့ဘူး၊ ကျွန်မဖြင့် မျက်ရည်တောင်လည်တယ်၊ တကယ်လှတာပါ အစ်မရယ်၊ ဘုရားစူးရစေရဲ့၊ အဲဒါပြောပြချင်လို့ ကျွန်မတို့ အစောကြီး ဈေးလာကြတာပါ”

ကျေးဇူးတင်ပါတယ်လို့ ပြန်မပြောဖြစ်ခင်မှာပဲ သူတို့နှင့် ကျွန်မ နားလည်မှုရသွားသည့်အပြင် အကျည်းတန်သလောက် အလွန်အလှမက်ခဲ့ဖူးလေသော ကျွန်မ၏ဘ၀အတွက် သူတို့၏ သတ်မှတ်ချက်တစ်စုံတစ်ရာက ကျွန်မကို ခွန်အားဖြစ်စေခဲ့လေသည်။

သူတို့ပြောသွားသည့် “လှတယ်” ဆိုတာ မိခင်မေတ္တာကို ဆိုလျင်ဖြင့် ကျွန်မ အမြဲလှနေချင်ပါသည်။

သန်းမြင့်အောင်  
(ဆရာမ သန်းမြင့်အောင် ၏ (သဏ္ထာန်မဲ့ထုထည်) ၀တ္ထုတိုများထဲမှ)




သန်းမြင့်အောင်




မသိင်္ဂီ၊ သန်းမြင့်အောင်၊ ခင်ဆွေဦး၊

No comments:

Post a Comment