Saturday, July 7, 2012

ရိုးရိုးသားသားတောလား

ဧရာဝတီ မြစ်ကမ်းပါးယံကြီးက နေရောင်ပြင်းပြင်း အောက်မှာ လင်းလင်း ထင်းထင်းကြီး ကျောကော့ နေလိမ့်မယ်။ အချိန်ကလည်း နေရောင် အရှိန် ရပြီးသား အားကောင်းမောင်းသန် မွန်းတိမ်း မွန်းလွဲ။

ဧရာဝတီ မြစ်ရေကို ယက်ပြီး သာရဝေါ ကမ်းနဖူး ထိုးဆိုက် လာတဲ့ မော်တော်တွေ၊ သင်္ဘောတွေ၊ ပဲ့ထောင်တွေ၊ ခရီးသည်ပေါင်း များစွာကို တင်ဆောင် လာပြီးတော့ များသော အားဖြင့်က  ဟင်္သာတဘက် ကမ်းက ကူးလာကြတာ၊ ရန်ကုန်ဘက်ကို ခရီးဆက်ကြရော။ဒီလမ်းပဲ ရှိလို့ ဒီလမ်းကို ရွေးချယ်ကြတာလား။ ထပ်မစဉ်းစား ဖြစ်သရွေ့ဒီလမ်းနဲ့ပဲ အဆုံး သတ်ကြရပါလိမ့်မယ်။

ကမ်းနဖူး လှန်တက်ရတဲ့ အနေအထားက ရာသီဥတုနဲ့ ဆိုင်တယ်။ ဧရာဝတီမြစ်ရဲ့ ဗိုက်ထဲမှာ ရေတွေ ဖောင်းကား နေချိန်ဆို သင်္ဘောကုန်း ပေါင်နှုတ်ခမ်းကို သစ်သားတံတား အစပ်မှာ မေးတင်လိုက်၊ ရေကျချိန်ဆိုလို့ကတော့ အနားကပ်လို့ မရ၊ ဒူးလောက် မရောက် တရောက် ရွှံ့ညွန်တွေထဲ ထဘီမ ပုဆိုးမပြီး ရုန်းကြ။ ပြီးတာနဲ့ ကမ်းနဖူး မော့မော့ကြီးရဲ့ချောကျိကျိ မြေသားလှေကား တွေကို မယိုင်မလဲအောင် ထိန်းသိမ်းပြီး တက်ကြ။

ခရီး အဆုံးမှာ ဆိုင်ခန်းတွေက အတန်းအစား ခွဲပြီး ကြိုတယ်။ အဲဒီမှာ သာရဝေါ ဘူတာလေး ရှိရဲ့။ ဒီခရီး ရောက်ဖို့ ဒီလမ်း တစ်ပေါက်ပဲ ဖွင့်ပေးထားတယ်ဆိုရင် ငြင်းမလား၊ ငြိမ်မလား၊ ကိုယ့်ကိုယ်ကို ဘယ်အတန်း အစားမှာ စာရင်း ဖွင့်မလဲ။

ကျွန်တော်တို့ သားအမိရဲ့ ရွေးချယ်မှုက ကျွန်တော်တို့နဲ့ လက်လှမ်းမီရာ နေပူရောင်ဘက် တည့်တည့်မျက်နှာ လှည့်ထားတဲ့ တစ်ခန်း၊ သစ်ပင်ဆိုလို့ ရထား သံလမ်းဘေးမှာ ပေါက်နေတဲ့ ဒန့် ကျွဲပင် အခြောက်တွေပဲ ရှိတယ်။ ရှေ့ တည့်တည့်မှာတော့ ဧရာဝတီကို ကျောပေး၊ နေရောင် တောက်တောက်ကို ကျော ခိုင်းထားတဲ့ ဧရာမ ဆိုင်ခန်းတွဲကြီးတွေ၊ ကောင်းပေ့၊ ညွန့်ပေ့၊ ဈေးကြီးပါပေ့ ဆိုတာတွေ အကုန် ရောင်းပေးတယ်။ သူတို့ ဆိုင်ကြီးမှာ အားပေးမယ် ဆိုရင် အရိပ်ကောင်း နေရာကောင်းမှာ စိတ်တိုင်းကျ နားနေနိုင်တဲ့ အခွင့်အရေး။ ထားပါတော့ ကိုယ်နဲ့ လက်လှမ်းမီ သလောက်ပေါ့။

အမေက အဲဒါမျိုးကို စာရင်း မထည့်ဘူး။ စိတ်ကို တတ်အားသရွေ့ ဖြတ်ချထားတယ်။ ရန်ကုန်ဘက် သွားမယ့် ရထားကြီးက ထိုးဆိုက် လာပြီးသား ဖြစ်ချင်ဖြစ်မယ်။ ခရီးသည်တွေထက် နောက်ကျချင် နောက်ကျမယ်။ ဒါပေမဲ့ အားလုံးက လက်လွှတ်လို့ မရကြသေးတဲ့ နောက်တော့....။

ဧရာဝတီ ကမ်းပါးစွန်းရဲ့ ပူတောက်တောက် နေရောင်အောက်မှာ ကျွန်တော်တို့ သားအမိ နှစ်ယောက် နံနက်စာ စားသုံးလေ့ ရှိကြပါတယ်။ ရေနွေးကြမ်း တစ်အိုး၊ ထန်းကြောဖျာ တစ်ချပ်ငှားပြီး တဲတန်းငယ် ၀ါးကြမ်း ခင်းပေါ်မှာ သုံးကျပ်တန် မြို့ကွင်း ထမင်းထုပ် ဖြေပြီး၊ မျက်နှာတည့်တည့် နေရောင်ကို မျက်နှာသုတ် စောင်ကလေးနဲ့ မလုံမလောက် ကာပြီး၊ ဘာပဲပြောပြော ပါ... တစ်ခါတစ်ရံမှ ကြုံခွင့်ရတဲ့ ဧရာ ၀တီမြစ်ကမ်းပါး လေပူတွေနဲ့ စားမြိန်ပါတယ်။

ရန်ကုန်ဘက် သယ်ဆောင်သွား မယ့် ဒီဇယ် ရထားကြီးက တစ်ခါတစ်ရံမှာ အဆင်သင့် ဆိုက်ကပ်ပေးထား တတ်သလို တစ်ခါတစ်ရံမှာတော့ ဘယ်ရောက်နေမှန်း မသိ ပျောက်နေတတ်ရဲ့။ ထားပါ ဒါက ပြဿနာ မရှိပါဘူး။ အဆင်သင့် ဆိုက်ကပ် ပေးထားလည်း ခရီးသည်တွေက ရထားပေါ် တက်ပြီး နေရာ ယူကြသေးတာမှ မဟုတ်တာ။ အေးအေးလူလူ စားသောက်နားနေပြီးမှ ကိုယ့်သတ်မှတ် ထားတဲ့ တွဲပေါ် တက် ကြတာ။ ခုံနံပါတ်နဲ့။

အဲဒီကျမှ မင်းသားက ပေါ်တော် မူလာတော့တာ။ ရထား ဈေးသည်တွေနဲ့ အတူ။ သာရဝေါ ကြည့်မြင်တိုင် ရထားပေါ်မှာ ဈေးသည် အမျိုးမျိုးရှိတယ်။ ဆေးလိပ် ကွမ်းယာသည်က စပြီး အိုးဖာ တိပ်၊ အပ်တွယ်ချိတ်အထိ ရောင်းချ ပေးတဲ့ ဈေးသည်မျိုးစုံ ရှိလေရဲ့။

ကျွန်တော်တို့ ဖောက်သည်ကြီးကတော့ ခမောက်ကြီးမုန့် ဖြစ်ပါတယ်။ အမေဆို အသွားအပြန် အားပေးလေ့ ရှိတယ်။ ရန်ကုန်ဘက် သွားမယ်ဆိုလည်း ရန်ကုန်သားတွေ အတွက်၊ ရန်ကုန်က ပြန်မယ် ဆိုရင်လည်း ရန်ကုန်ပြန် လက်ဆောင်။ အမေရယ် မဟုတ်ပါဘူး။ သာရဝေါ-ကြည့်မြင်တိုင် ရထားကြီး ပေါ်က ခရီးသည် အများစုက ခမောက် ကြီးနဲ့ တစ်သားတည်း။

လူဆိုတာ ပုဂ္ဂိုလ်စွဲ ရှိတယ်ဆိုတာ ယုံလိုက်။
ခမောက်ကြီးမုန့်က ဘယ်လောက်မှ မထူးခြားဘူး။
ခမောက်ကြီး မုန့်သည် ရထားတွဲ ပေါ်တက်လာပြီဆို အားလုံး သတိထားမိ ကြတယ်။ သူ့အနေအထားနဲ့ သူ့ အသံထွက်ကို။ ပမာဆိုကြပါစို့...ခမောက်ကြီး ဈေးသည်ရဲ့ရှေ့မှာ “မရှော့ဆီ” ရောင်းတဲ့ ဈေးသည်က အော်ဟစ်ကြော်ငြာ ရောင်းချနေခဲ့ရင် ခမောက်ကြီးက ဘယ်တော့မှ အပြိုင် မရောင်းဘူး။ အိမ်သာထောင့်မှာ ကပ်ပြီး ရင်းနှီးတဲ့ ခရီးသည် တချို့နဲ့ အဖွဲ့ ကျနေလိမ့်မယ်။ သူ့ အလှည့်ရောက်ပြီ ဆိုရင်လည်း ဘယ်တော့မှ အော်ဟစ်ညွှန်းဆိုပြီး ကြော်ငြာလေ့ မရှိဘူး။ ရထားတွဲ အစကနေ အဆုံးထိ လူတိုင်းစေ့ အမြည်း ကျွေးတော့တာပဲ။

နေဦး။
ပုံပန်းသဏ္ဌာန်ကို နည်းနည်းလောက် ညွှန်းဆိုရဦးမယ်။
လူကအညာသားပုံ ညိုညိုတောင့် တောင့်ကြီးပါ။ ခမောက်ကြီးလို့ နာမည် တပ်တဲ့အတိုင်း ၀ါးဖတ်ခမောက် အမြဲ ဆောင်းထားတယ်။ စိတ်တောင်း (ဆန် တစ်စိတ်ဝင်တောင်း)ကို စစ်ခါးပတ် ကြိုးတပ်ပြီး စလွယ်သိုင်းလွယ်ထား တယ်။ အဲဒီအထဲမှာ ခမောက်ကြီး မုန့်ထုပ်တွေ မရောင်းသေးခင် တစ်ထုပ်ပြီး တစ်ထုပ် ဆီဝနေတဲ့ ကတ်ကြေးနဲ့ တရွှပ် ရွှပ်ညှပ်ပြီး အမြည်းကျွေးတော့တာပဲ။

မုန့်ပုံသဏ္ဌာန်က ပျော့စိစိပါ။ ကရေကရာလိုလို၊ ထိုးမုန့်လိုလို၊ ကောက်ညှင်းနဲ့ ထန်းလျက်နဲ့ ထောပတ် နဲ့ နှမ်းဆီနဲ့ ဘိန်းစေ့နဲ့ အုန်းသီးနဲ့ရော မွှေပြီး ချက်လုပ်ထားတာမျိုး ဖြစ်ပါလိမ့် မယ်။
အရသာရှိတယ်။
ဈေးချိုတယ်။
သဘောကောင်းတယ်။

ပရိသတ်နဲ့ တစ်သားတည်း ဖြစ်တာကြောင့် ခမောက်ကြီး မုန့်က အောင် မြင်တယ်လို့ ယူဆမိပါရဲ့။ ခမောက် ကြီးရဲ့ ရောင်းအားက နည်းမှ မနည်း တာ။ ခရီးသွား အားလုံးနီးပါးဝယ်ကြ တယ်။ အဲဒီအထဲမှာမှ ငါးဆယ်ရာခိုင် နှုန်းလောက်က မိတ်ရင်းမိတ်ချာတွေ ဖြစ်လို့။ သာရဝေါ-ကြည့်မြင်တိုင် ရထားကြီး ချိတ်ဆွဲလာတဲ့ တွဲပေါင်းက နည်းမှ မနည်းတာ။ ဒီတော့ စီးနင်းလိုက် ပါတဲ့ ခရီးသည်အားက ဘယ်သေးလိမ့် မလဲ။ အားလုံးနီးပါး ခမောက်ကြီး ဖောက်သည်လို့တောင် ပြောရပါလိမ့် မယ်။ အားပေးမှုက အနည်းနဲ့ အများပဲ ကွာလိမ့်မယ် မှတ်တယ်။ တစ်ချက်ရှိ တာက ခမောက်ကြီးမုန့်ကို အားပေး ချင်တယ်ဆိုရင်တော့ သာရဝေါနဲ့ လက် ပံတန်း ဘူတာကြားမှာပဲ အားပေးခွင့် ရှိပါလိမ့်မယ်။ လက်ပံတန်း ဘူတာ ရောက်ရင်တော့ ခမောက်ကြီး ဈေးသည် က ရန်ကုန်ဘက်ကဆင်းလာတဲ့ ရထား နဲ့ ပြန်လိုက်သွားပါလိမ့်မယ်။

လူဆိုတာ သူ့လုပ်ဆောင်ချက်နဲ့ သူရှိကြတယ်။
အံ့ကျော်ကြိုက်တာ သူ့ သရုပ် ဆောင်မှု ပီပြင်တာကို သဘောကျလို့ ဆိုရင် ဘာပြောမလဲ။
ခမောက်ကြီးဈေးသည်က ဘယ် ကမ္ဘေကမ္ဘာ ကတည်းက သာရဝေါရထား လိုင်းမှာ ကျင်လည်နေတယ် မပြော တတ်ဘူး။ သူ့ ပရိသတ်နဲ့ သူ အခိုင်အမာ ရှိနေတာတော့ သေချာပါတယ်။ ရထားတွဲပေါ် တက်လာပြီဆို ဘာသံမှ မထွက်တောင် ခမောက်ကြီးကို လူသိ ပြီးသား။ ကြားဘူတာမှာ တစ်တွဲနဲ့ တစ်တွဲအကူး ပလက်ဖောင်းပေါ် ခမောက် ကြီး လျှောက်သွားရင်တောင် ကလေး တွေက “ခမောက်ကြီး” “ခမောက်ကြီး” လို့ လက်ညှိုးထိုးကြတာ။ ကျော်ဟိန်း မဟုတ် ဘာမဟုတ်နဲ့။

ကိုယ့်ကိုယ်ကို တစ်နေရာ ထူ ထောင်ဖို့ လွယ်မလား။
ပရိသတ်ရဲ့အားဆိုတာ မရှိမဖြစ် လိုပါလိမ့်မယ်။
အချိန် ကာလရဲ့ သတ်မှတ်ချက် အပြင်းစား လတွေ၊ နှစ်တွေ ကူးပြောင်း သွားပေမဲ့ ခမောက်ကြီးကတော့ သာရဝေါ လိုင်းမှာ သူ့မူသူ့ဟန်နဲ့ အောင်ပွဲခံဆဲ။ ကိုယ်ပိုင်ဟန် အပြည့် အ၀ရှိနေတဲ့ ဈေး သည်တစ်ယောက် ဆိုတာတော့ မငြင်း မကွယ် လက်ခံရပါလိမ့်မယ်။

ရာသီဥတုတွေ ခဏခဏ ပြောင်း လဲနေပါတယ်။
ကာကွယ်ဆေး သိရင် အဆင်သင့် ဆောင်ထား။
ခမောက်ကြီးလည်း ဘာသားနဲ့ ထုထားတာ မှတ်လို့ ဒီတစ်ခေါက် သူ့အတွက် သူရဲရဲတင်းတင်း ပြောင်းလဲ ပစ်လိုက်တယ်။ ခမောက်ကြီး ဈေးသည် ရထားတွဲပေါ် တက်လာတော့ သူ့နောက်မှာ ကုလားဒိန် နှစ်ယောက်နဲ့။

“လူကြီးမင်း အပေါင်းတို့ ခင်ဗျာ။ ကျွန်တော့်ရဲ့ ခမောက်ကြီး မုန့်လုပ်နည်းနဲ့ ဈေးကွက်ကို ဂျစ်ကားတစ်စီး ပိုက်ဆံ ဆယ်သိန်းနဲ့ ရောင်းစား လိုက်ပါပြီ။ ဒီမိတ်ဆွေများက ကျွန်တော့်ရဲ့ မုန့် လုပ်နည်း အချိုးအစား အတိုင်း အရသာ မပျက် ဈေးနှုန်း မပြင်ဘဲ ဆက်လက် ရောင်းချပါလိမ့်မယ်။ ကျွန်တော့် အနေနဲ့ ကတော့ ဒီမိတ်ဆွေများကို ကျွန်တော့် ဖောက်သည်များနဲ့ မိတ်ဆက်ပေးတဲ့ အနေနဲ့ တစ်လတိတိ ဟောဒီ ရထားတွဲ တွေအပေါ်မှာ လုပ်အားခ မယူဘဲ အခမဲ့ ကူညီ  ရောင်းချပေးပါ့မယ် ခင်ဗျား”

မကြော်ငြာစဖူး အကြော်ငြာထူး တဲ့ ခမောက်ကြီး။ လောကဓံ အထုအထောင်းရဲ့ လက်သာရာဘက် ကောက်ကောက် ပါသွားရပြီလို့ တချို့ က မှတ်ချက်ပြုကြတယ်။ ဒါလည်း မလိုတမာရယ်တော့ မဟုတ်ကြဘူး။ နားလည် ခွင့်လွှတ်ပေးလို့ ရတဲ့ အကူး အပြောင်းမျိုး။ ဖြစ်တတ်ပါတယ်ပေါ့။

အောင်ဘာလေသိန်းထီတောင် ငါးသိန်းလား၊ ဆယ်သိန်းလား မသိ၊ ရှိတဲ့ ခေတ်ကြီးမှာ ဂျစ်ကားတစ်စီး၊ ငွေသား ဆယ်သိန်းဆိုတဲ့ အားက နည်းမှတ်လို့။ ခမောက်ကြီး အနေနဲ့ မက်မယ်ဆိုလည်း မက်ထိုက်တယ်လို့ ဆိုရလိမ့်မယ်။

ဘာတတ်နိုင်မှာလဲ။
သူ့သဘော သူဆောင်တယ်လို့ မှတ်။
ခမောက်ကြီးနာမည်နဲ့ မုန့်ကတော့ သာရဝေါ ရထားပေါ်မှာ အဆက်မပြတ် ရောင်းနေတုန်းပဲ။ ခက်တာက စားသုံး သူ ပရိသတ်အနေနဲ့ ခမောက်ကြီးမုန့် မဟုတ်သလို ဆက်ဆံနေကြတာပဲ။ အရ သာအရည်အသွေးလည်း တူတယ်။ ရောင်းဈေးလည်း တူတယ်။ ရောင်းတဲ့ လူပဲ ကွာတဲ့ဟာကို။ နောက်လူတွေ လည်း ခမောက်ကြီးနည်းအတိုင်း အမြည်းကို အလျှံပယ် ကျွေးတာပဲ။ ဒါပေမဲ့ မစားကြဘူး။

လူတွေက ဘာတွေနဲ့ တိုင်းထွာ အကဲဖြတ်နေကြတာလဲ။
စိတ်ထဲမှာ ခံစားမိတဲ့ အတိုင်းချ ပြောမှ အမှန်လား။
သာရဝေါ-ကြည့်မြင်တိုင် ရထား ကြီးကတော့ ခေါက်တုံ့ခေါက်ပြန်ဆွဲ နေတာပဲ။ ဈေးသည်တွေလည်း တက်လိုက် ဆင်းလိုက် ရောင်းနေတာပဲ။ သေချာတာကတော့ ခမောက်ကြီးမုန့် အရင်ကလောက် မရောင်း ရတာတော့ ငြင်းလို့ မရ။ ၀ယ်သူ အားပေးသူတွေ ကိုယ်၌က ထောက်ခံကြပါလိမ့်မယ်။

ပြက္ခဒိန် တစ်ချပ်စာတောင် မကုန်လိုက်ဘူးနဲ့ တူပါရဲ့။ သာရဝေါ-ကြည့် မြင်တိုင်လိုင်းမှာ ခမောက်ကြီးမုန့် ရောင်းသူ ကျဲပါး ပျောက်ကွယ်သွားပါ တော့တယ်။ အခြေအနေ မဟန်တော့ တပ်ခေါက်ပြန်တာ ဖြစ်လိမ့်မပေါ့။ များမကြာမီကာလမှာတော့ ဖဲချပ်ထဲက ဂျိုကာဝတ်စုံ ၀တ်ပြီး ခမောက်ကြီး မုန့်ပုံစံ မျိုးနဲ့ ဈေးသည်တစ်ယောက် ရထား တွဲပေါ် တက်လာတယ်။ အမလေး အားပေးလိုက်တာမှ ၀က်ဝက်ကွဲ။ မုန့်နာမည်က ဂျိုကာ ဖြစ်ပေမဲ့ စားသုံးသူ ပရိသတ် အားလုံးက အရသာကို မှတ်မိ နေသလိုပဲ။ အားလုံးက ပြောတယ်။ ခမောက်ကြီး ပြန်လာပြီလို့။

အဲလိုထူး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင် ၂၀၁၂)

No comments:

Post a Comment