Monday, July 30, 2012

အညာကြိုက်




အင်းဝရွှေမြို့တော်ကြီးမှာ ထိုစဉ်က တုန်လှုပ်ချောက်ချားလျက် ရှိနေသည်။ သို့သော် မြို့တော်သူ မြို့တော်သားများကား ဣနြေ္ဒမပျက် သွားလာ လုပ်ကိုင်လျက်ပင် ရှိ၏။ စိတ်ထဲ၌သာ ဘယ်တော့ ပြေးရလွှားရ ဖြစ်မည်လဲဟု တထင့်ထင့်နှင့် နေကြရသည်။ တိုင်းတော်ပြည်တော်၏ အခြေအနေ ဆိုးရွားမှု လုံးဝ မရှိ။ ဘုန်းတော်ကြောင့် ငြိမ်ဝပ်ပိပြားကာ သူပုန်သူကန် တောပုန်းဓားပြ မရှိ။

ထို့ကြောင့် တိုင်းသူပြည်သူများ စိတ်အေးအေးနှင့် နေကြစေ။ အထိတ်တလန့်ဖြစ်အောင် မမှန်သတင်းလွှင့်သူများအား မင်းဒဏ်ခတ်မည်ဟု ရွှေနန်းတော်ကြီးမှ အမိန့်တော် ထုတ်ပြန်ကြေညာထားခြင်းကြောင့်သာ မိမိတို့၏ စိုးရိမ်မှုများကို လူရှေ့သူရှေ့တွင် ဖွင့်ဟပြောဆိုခြင်း မပြုကြသော်လည်း “အိမ်ရှေ့စံကိုယ်တော်ကြီးဖြင့် ရွှေပြည်တော်မှာ မရှိတော့ဘူးတဲ့၊ ထွက်တော်မူပြီး လူစုနေပြီတဲ့” ဟု အချင်းချင်း တီးတိုးပြောသူပြော၊ “နန်းတော်ထဲမှာ အခစားတော့ ၀င်တုန်းပဲတဲ့၊ ဒါပေမယ့် ရွှေနန်းရှင်ကို အယုံသွင်းပြီး နန်းချဖို့ အစီအစဉ်တွေ ရှိသတဲ့” ဟု လေသံဖြင့် နှစ်ကိုယ်ကြား ဆိုသူဆိုနှင့် မြို့တော်သူ မြို့တော်သားများမှာ ပါးစပ်သတင်း အမျိုးမျိုးကို လျှာညောင်းအောင် လွှင့်လျက် နားလျှံအောင် ကြားလျက်ပင် ရှိကြသည်။

လွှတ်တော်ဝန်ကြီးများ၏ အမိန့်အရ စီးပွားရေး အလုပ်အကိုင်များကိုလည်း လုပ်မြဲလုပ်လျက်၊ အလှူအတန်းနှင့် ရှင်ပြုနားထွင်းစသော မင်္ဂလာပွဲများ၊ ပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပမြဲ ကျင်းပလျက် ရှိကြသည်။ အိမ်ရှေ့စံကိုယ်တော်ကြီးက တစ်ခါသောအခါ မိမိ လူယုံများအား “ငါ အမြင့်စံရတဲ့ အခါကျရင် ဒီလို နန်းငယ်ငယ်ကလေးနဲ့ မစံဘူးကွယ်။ နန်းတော်ကြီးကြီးလှလှ ခံ့ခံ့ကို တည်ပြီး စံမယ်” ဟု ပြောမိရာ ထိုစကားမှာ ပေါက်ကြားသွားကာ နန်းမတော်ဘုရား၏ ဘက်တော်သားများက အိမ်ရှေ့မင်း၏ ဘက်တော်သားတို့အား နန်းကြီးသမားများဟု သရော်၍ ခေါ်ကြသည်။ ထိုအခါမှစ၍ အိမ်ရှေ့မင်း၏ ဘက်တော်သားများကလည်း တစ်ဖက်က သရောက်မှုကို မထီသော အနေဖြင့် သူတို့သည် နန်းကြီးဂိုဏ်းသားဟု ဂုဏ်ယူပြောဆိုလျက် ရှိသည်။ မည်သူမည်ဝါဟာ နန်းကြီပဲဟု တီးတိုးပြောဆိုလိုက်လျှင် ဘာကို ဆိုလိုသည်ကို ရိပ်မိသူ များကြသည်။

တိုင်းရေးပြည်ရေး မအေးရသည့် အထဲ၌ပင် ထိုစဉ်က အရေးတစ်ခု ပေါ်လာပြန်လေသည်။ ထို အရေးသစ်ကြောင့် နန်းမြို့တွင်းနေ နန်းတော်သူ နန်းတော်သားများ၊ ၀န်ကြီး ဗိုလ်မှူးစသည့် အရာရှိကြီးများမှာ မည်သို့မျှ ထိခိုက်တုန်လှုပ်ခြင်း မရှိသော်လည်း မြို့တော်၏ အစွန်အဖျား ရပ်ကွက်များ၊ အစုများတွင်ကား တထိတ်ထိတ် တလန့်လန့်နှင့် စိုးရိမ်မကင်း နေကြရပေသည်။ ထိုအရေးကား အခြားမဟုတ်။ မြို့တော် အနီးအနားရှိ ရွာများသို့ ၀င်ရောက်ကာ နွား၊ ဆိတ်များမှ အစ တစ်ခါတစ်ရံ လူကိုပင် ဆွဲချီသွားတတ်သည့် ကျားကြီးတစ်ကောင်၏ အရေးပင် ဖြစ်လေသည်။

ကျားသည် တစ်စတစ်စ အတင့်ရဲလာကာ ညအချိန်သာမက နေ့အချိန်များ၌ပင် ရွာများသို့ ၀င်ရောက် ဒုက္ခပေးသည် အထိ ဖြစ်လာ၏။ ယခုဖော်ပြလတ္တံ့သော အဖြစ်အပျက်များ အချိန်၌ကား ယင်းကျားကြီးသည် မြို့တော်၏ အစွန်အဖျား ရပ်ကွက်များထဲသို့ နေ့ခင်းကြောင်တောင်ပင် ၀င်၍ နွားများ၊ ကလေးငယ်များကို ချီဆွဲသွားသည်မှာ တစ်ခါ၊ နှစ်ခါ ရှိနေပြီ ဖြစ်သောကြောင့် အစွန်အဖျား ရပ်ကွက်နေ လူများသည် ကြောက်ကြောက်လန့်လန့်နှင့် နေထိုင်သွားလာ နေကြရလေသည်။ ကျားကြီးကို လှံတံ၊ တုတ်၊ ဓား၊ လေး၊ မြား စသည့် လက်နက်များဖြင့် လိုက်လံ ထိုးခုတ်ပစ်ခတ်သော်လည်း ကျားကြီးသည် လွတ်မြောက်သွားသည်ချည်းပင်။

ထောင်ချောက် အမျိုးမျိုးဖြင့် ထောင်ဖမ်းသော်လည်း ကျားကြီးသည် ထောင်ချောက်၏ နေရာကို ကြိုတင် သိနှင့်သကဲ့သို့ ရှောင်ကွင်းသွားနိုင်သည်ချည်းပင်။ ထို့ကြောင့် နတ်ကျားဖြစ်ရမည်ဟု တစ်ထစ်ချ ယူဆကာ နတ်ကန္နားပေး၍ ပသသူများလည်း မရှားပေ။ ယင်းကျားကြီး၏ ထူးခြားချက်တစ်ခုမှာ ရပ်ထဲရွာထဲသို့ ၀င်ဆွဲသည့်အခါ မြင်လိုက်ရသည့် လူအများ ပြောကြားချက်အရဆိုလျှင် ကျားကိုယ်မှာ အခြားကျားများထက် အနည်းငယ်သာ ပိုမိုကြီးသော်လည်း အမြီးမှာ အလွန်ပင် ရှည်လျားစွာ ရှိသည်။ ရွာထဲရပ်ထဲတွင် မြီးရှည် လာပဟေ့ ဟု တစ်စုံတစ်ယောက် အော်လိုက်လျှင် ကလေးအမေများ သံကုန်ဟစ်ခေါ်သံ၊ လူအများ အော်ဟစ် ပြေးလွှားသံ၊ တုတ် ဓား ဆွဲသံ၊ ကလေးများ ငိုသံတို့နှင့် ကျွက်ကျွက်ဆူ ဖြစ်သွားလေ့ရှိသည်။

စာရေးတော်ကြီး နေမျိုးကျော်သူသည် အေးချမ်းစွာ နေလိုစိတ် ရှိသူ ဖြစ်သည့်အတိုင်း မြို့စွန်ရပ်ကွက် တစ်ခုတွင် ကျယ်ဝန်းသော ၀င်းခြံနှင့်တကွ အိမ်ကြီးတစ်လုံး၌ စာရေးတော်ကြီးကတော်အပြင် တစ်ဦးတည်းသော သမီးဖြစ်သူ ခင်မြတ်လှနှင့်အတူ အေးအေးလူလူ နေထိုင်လျက် ရှိလေသည်။ နိုင်ငံရေး အရှုပ်အထွေးတွင်လည်း မည်သည့်ဘက်ကမျှ မပါဝင်ပေ။

သို့ရာတွင် လှုပ်လှုပ်ရွရွ ဖြစ်နေသည့် အခြေအနေနှင့် အချိန်အခါတွင်း၌ သတိကင်းမဲ့စွာ မနေအပ်ကြောင်းကိုမူ သိသူ ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ တရားတော်တွင် သတိစွဲမြဲခြင်းသည် အဆီအနှစ်ပင် ဖြစ်သည်ဟု ယူဆသူ ဖြစ်ရကား သတိလစ်ဟင်း မေ့လျော့ခြင်း မဖြစ်စေရန် အစဉ် အားထုတ်သူတစ်ဦး ဖြစ်ပေသည်။ မိမိ ရာထူး ဂုဏ်အရ မြို့လယ်ပိုင်း၌ နေမည်ဆိုက နေနိုင်သည်သာမက နေပင် နေသင့်သော်လည်း စာရေးတော်ကြီး ကိုယ်တိုင်နှင့် စာရေးတော်ကြီး ကတော်အပြင် သမီး ခင်မြတ်လှ ကပါ ပန်းပင်သီးပင် စိုက်ပျိုးရေးကို ၀ါသနာထံရလှကား ၀င်းခြံ ကျယ်ကျယ်ဝန်းဝန်းနှင့် စိတ်ရှိလက်ရှိ စိတ်နိုင်ပျိုးနိုင်သည့် မြို့စွန်ရပ်ကွပ်၌ နေထိုင်ရသည်ကို အလွန်ပင် နှစ်သိမ့်လျက် ရှိကြသည်။ မြို့လယ်ခေါင်၌ နေရသည်ထက် ပိုမို စိတ်ချမ်းသာသည်ဟု အစဉ်မပြတ် ပြောလေ့ရှိကြသည်။

သမီးကလေး ခင်မြတ်လှမှာ အသက်နှစ်ဆယ်ခန့် ရှိ၍ နာမည်နှင့် လိုက်အောင်ပင် စိတ်သဘောထား မြင့်မြတ်ကာ ရုပ်ရည်ကလည်း ချောမွေ့လှပပေသည်။ ထိုစဉ်ကမူ ခင်မြတ်လှ၏ ကံ စီမံရာကို မည်သူမျှ ကြိုတင်တွေးဝံ့သူ ရှိမည် မဟုတ်ပေ။ စာရေးတော်ကြီး၏ မိတ်ဆွေ အချို့က ကျားကြီးမြီးရှည် ရန်ကို စိုးရိမ်ရကြောင်း သတိပေးကြသော်လည်း စာရေးတော်ကြီးမှာ တပည့်လက်သား အသိုက်အ၀န်း ကောင်းသဖြင့် အကြီးအကျယ် စိုးရိမ်လှခြင်း မဖြစ်ဘဲ သတိနှင့် နေလျှင် လုံလောက်ပြီ ဟုသာ ယူဆကာ နေမြဲတိုင်း နေကြလေသည်။

တစ်နေ့သောအခါ စာရေးတော်ကြီး နေမျိုးကျော်သူရ၏ မွေးနေ့ကျရောက်သဖြင့် သံဃာတော်များအား အရုဏ်ဆွမ်းပင့်၍ ဆွမ်း ဆက်ကပ်လေသည်။ သံဃာတော်များ ပြန်ကြွသွားပြီးနောက် စာရေးတော်ကြီးနှင့် ရင်းနှီးသူ မိတ်ဆွေများ၊ အိမ်နားနီးချင်းများအား နံနက်စာ သုံးဆောင်ရန် ဖိတ်ကြားထားသည့်အတိုင်း စာရေးတော်ကြီး ကတော်၊ သမီး ခင်မြတ်လှနှင့် တပည့်လက်သားတို့သည် စားဖိုချောင်တွင် အစားအသောက်များကို ဖွယ်ဖွယ်ရာရာဖြစ်စေရန် အမျိုးမျိုး စီစဉ်၊ စီမံလျက် အသင့် ပြင်ဆင်နေကြလေသည်။

စာရေးတော်ကြီး နေမျိုးကျော်သူကား ၀တ်ဖြူစင်ကြယ်နှင့် အိမ်ရှေ့ခန်းတွင် ရောက်နှင့်နေကြသော ဧည့်သည်များအား ဧည့်ခံစကား ပြောလျက်ရှိသည်။ ဧည့်သည်များလည်း တဖွဲဖွဲ ရောက်လာလျက် ရှိသည်။ ခင်မင်ရင်းနှီးသည့် မိတ်ဆွေ တစ်ဦး၊ နှစ်ဦးက “စာရေးတော်ကြီးမင်းရယ်၊ ဒီလို အချိန်အခါမျိုးမှာမှ ထမင်းစား ဖိတ်သကိုးဗျ။ တခြားအိမ်ဆိုရင် လာဖြစ်မှာတောင် မဟုတ်ဘူး။ အင်မတန် ခင်မင်လေးစားလို့သာ လာရတာ။ စာရေးတော်ကြီးမင်း အသိသား မဟုတ်လား

။ မြီးရှည်တို့ ဘာတို့က အစ ဟိုဟိုဒီဒီ ရန်တွေကြောင့် ကျွန်တော်တို့ဖြင့် အိမ်ထဲကတောင် မထွက်ချင်ဘူး” ဟု ပြောကြသည်။ စာရေးတော်ကြီးက “ဒါလောက်လည်း မဟုတ်သေးပါဘူးလေ၊ စိုးရိမကင်း ဖြစ်မနေပါနဲ့။ ကိုင်း … ကျုပ်ရဲ့ မွေးနေ့မှာ စိတ်ချလက်ချ ပျော်ပျော်ပါးပါး စားကြနေကြရအောင်” ဟု ပြန်ပြောလိုက်လေသည်။

လာရောက်ကြသူ မိတ်ဆွေများထဲမှာ အချို့ ခင်မင်ရင်းနှီးသည့် ကတော်များက စားဖိုဆောင်ထဲသို့ ၀င်ကာ “စာရေးတော်ကြီး ကတော် ဘာ ကူလုပ်ပေးရမလဲ။ ကြက်သွန် လှီးပေးမယ်လေ၊ လက်သုပ် သုပ်ပေးမယ်လေ” ဟု ပြောသူပြော၊ “ဘာဟင်းတွေများလဲ၊ မွှေးလိုက်တာ၊ စားစရာတွေကလည်း စုံလို့ပါလား။ မုန့်တီတွေလည်း များလှချည်လား” ဟု မေးသူမေး၊ ရောက်တတ်ရာရာ ရယ်စရာ မောစရာ ပြောသူပြောနှင့် စားဖိုဆောင်တွင် နေရာ မဆံ့လောက်အောင်ပင် စည်စည်ကားကား တရုန်းရုန်း ရှိနေတော့၏။

စာရေးတော်ကြီး ကတော်ကလည်း ကြည်လင် ရွှင်ပျသော မျက်နှာထားဖြင့် “ဟင်း အမယ် ကတော့ နှစ်မျိုး သုံးမျိုး လောက်ပါပဲ။ ၀က်သား၊ ကြက်သားဟင်းနဲ့ ဟင်းချို ဆိုပါတော့လေ။ ဒါပေမဲ့ ဟောဒီ သမီး ခင်မြတ်လှက လက်သုပ်မျိုးစုံ ပါမှ ကောင်းမယ်ဆိုလို့ မုန့်တီလည်း လုပ်ထားပါတယ်။ မုန့်တီပင်ကြီးနဲ့ ပင်သေးနှစ်မျိုးမို့ များနေတာပါ။ ကူဖို့လည်း မလိုပါဘူး။ အဆင်သင့်ပါပဲ။ ပဲမှုန့်တို့၊ ဆီချက်တို့၊ ငရုတ်ဆီတို့လည်း ဒီ ဒေါင်းလန်းတွေမှာ အသင့်ပါပဲ” ဟု ပြန်ဖြေလိုက်၏။

ထိုအခိုက်တွင် ခြံဝနားဆီမှ အော်သံဟစ်သံ ဆူသံညံသံ၊ လူအများ ၀ိုင်း၍ ညာသံပေးသံများ ရုတ်တရက် ကြားရလေရာ အိမ်ရှေ့ရှိ ဧည့်သည်များသည့် အထိတ်တလန့်ဖြစ်ကာ ထကြည့်ကြ၏။

တစ်ဦးတစ်ယောက်က “ဟော ဒုက္ခပါပဲ၊ နန်းကြီးလား မြီးရှည်လား မသိဘူး” ဟု အလန့်တကြား အော်လိုက်ရာ အိမ်ရှေ့ဘက်ဆီမှ ဆူညံသံ ကြားရသဖြင့် စားဖိုဆောင်မှ လူများက နားစွင့်နေခိုက် နန်းကြီးလာပြီ မြီးရှည်လာပြီ ဟု အကြားမှားသဖြင့် မိန်းမတစ်ယောက်က စတင်၍ ဖြုန်းခနဲ ထွက်ပြေးသည်နှင့် တစ်ပြိုင်နက် ကျန်လူများပါ ရောယောင် ပြေးကြလေရာ၊ အိမ်ရှေ့လူများပါမကျန် အိမ်ရှေ့ပေါက်က ထွက်သူထွက်၊ နောက်ဖေးပေါက်မှ ခုန်ချသူချနှင့် အကုန်လုံး ဒရောသောပါး ဆင်းပြေးကြ၏။ ခလုတ်တိုက်သူ တိုက်၊ လဲသူ လဲ၊ ကွဲသူ ကွဲ၊ အမိတသူ တနှင့် ဗရုန်းသုန်းကား ဖြစ်သွား၏။ ဟင်းအိုးများ၊ ဒေါင်းလန်းများလည်း ခလုတ်တိုက်ခံရသဖြင့် ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားလေသည်။

တအားကုန် ထပြေးကြပြီးသည့်နောက် ခြံပြင်ဘက်မှ ဘာသံမျှ ထပ်မံ မကြားရသည်နှင့် အရှိန်သတ်ကာ ပြေးသူများသည် နားစွင့်ကြပြန်သည်။ ထိုခဏ၌ ခြံဝမှ နောက်ထပ် ဧည့်သည်တစ်စု မောကြီးပန်းကြီးနှင့် ၀င်လာသည်ကို တွေ့ရလေသည်။ အိမ်ရှေ့ခြံထဲသို့ ဆင်းပြေးသူများက “ဘာဖြစ်တာလဲ၊ နန်းကြီး ထ လာပြီလား၊ မြီးရှည် ၀င်သလား” ဟု ထိတ်ထိတ်ပျာပျာ ဆီးမေးကြရာ “ဟာ … မဟုတ်ပါဘူး၊ ကျုပ်တို့ ဒီအလာမှာ ဟိုဘက်ခြံက ခွေးကြီး ထွက်ဆွဲလို့ ပြေးလိုက်ရတာ။ ခွေးရှင်ကလည်း အော်ပြီး မောင်း၊ အနားက လူတွေကလည်း ၀ိုင်းပြီး အော်ကြ ခြောက်ကြလို့သာပေါ့။ လွတ်ရုံကလေး ရှိတာ” ဟု ပြန်ပြောတော့မှပင် အိမ်မှ ဆင်းပြေးကြသူများသည် တစ်ဦးမျက်နှာကို တစ်ဦးကြည့်ကာ မိမိတို့ ထိတ်လန့်တကြားဖြစ်မိပုံကို ခပ်ရှက်ရှက်နှင့်  ဣနြေ္ဒ ပြန်ဆည်နိုင်ကြတော့သည်။ အချို့ကလည်း “အခုမှပဲ ရင်ထဲက အလုံးကြီး ကျသွားတော့တယ်” ဟု ပြောကြ၏။ အချို့ကမူ မည်သူမည်ဝါက မည်သို့ ပြေးတာပဲ၊ ပုဆိုးမနိုင် ပ၀ါမနိုင် ဖြစ်တာပဲ စသည်ဖြင့် ပြောကာ တသောသော ရယ်မောနေကြ၏။

စာရေးတော်ကြီးကတော် မျက်နှာပျက်၍ ခင်မြတ်လှကလေး ငိုမဲ့မဲ့ ဖြစ်မည်ဆိုကလည်း ဖြစ်စရာပင်။ ထမင်းနှင့် ဟင်းများကို ပြန်ချက်ရန်မှာလည်း အချိန် မရှိတော့ပေ။ ဟင်းလျာကိုပင် ၀ယ်ခြမ်း၍ ရတော့မည် မဟုတ်ပေ။ ဧည့်သည်များကို ထမင်း မကျွေးနိုင်တော့ဟု ပြန်လွှတ်ရမှာလည်း အလွန်ပင် အားနားစရာကောင်း၊ ရှက်စရာ ကောင်းနေတော့သည်။

စာရေးတော်ကြီး နေမျိုးကျော်သူသည် ဧည့်သည်များအား ထမင်းပွဲ တည်ခင်းကျွေးရန် အချိန်တော်ပြီ၊ အထူးသဖြင့် သီလယူထားသူများ အတွက် နောက်ကျရန် မသင့် ဟု ဇနီးနှင့် သမီးအား အသိပေးလိုသဖြင့် စားဖိုချောင်ထဲသို့ ၀င်လာရာ စကားပြောမည်ဟု ဟ လိုက်သော ပါးစပ်သည် စားဖိုချောင် မြင်ကွင်းကြောင့် ဟ လျက်သား ဟောင်းလောင်း ဖြစ်နေတော့၏။

သို့သော် သမာဓိနှင့် သတိကို စွဲမြဲအောင် လေ့ကျင့်အားထုတ်နေသူ ဖြစ်သည့်အတိုင်း တစ်ခဏမျှသာ တွေဝေခြင်း ဖြစ်ပြီးနောက် “ကိစ္စ မရှိဘူးဟေ့၊ ထမင်းကလ လွဲလို့ ကြမ်းပေါ် ရောက်အောင် ဖိတ်စဉ်ကုန်တာ နည်းနည်းပဲ။ ဒေါင်းလန်းတွေထဲမှာသာ ဖိတ်ထာပဲ။ ကိုင်း … ဟင်းချို ခပ်သူ ခပ်ဟေ့။ ဒီဒေါင်းလန်းတွေ ထဲမှာ ရှိတဲ့အတိုင်း ရောပြီး ကျွေးမယ်။ ဟင်းချိုက သပ်သပ် ပေါ့ကွာ။

မုန့်တီပင်ကြီး ဒေါင်းလန်းနဲ့ မုန့်တီပင်သေး ဒေါင်းလန်းထဲက ဟာတွေကို တခြားစီ ပန်းကန်တွေထဲ ထည့်ဟေ့” ဟု ပြောကာ ချက်ချင်း စီမံခန့်ခွဲလေတော့သည်။ စာရေးတော်ကြီး ကတော်က “ဖြစ်ပါ့မလား” ဟု ပြောရာ “အိုကွယ် ဟင်းလျာ အစားအစာဆိုတာ အာဟာရအတွက်ပဲ မဟုတ်လား။ တခြားစီ စားစား၊ အတူ ရောပြီး စားစား အရသာရှိပြီး အာဟာရဖြစ်ရင် ပြီးရောပေါ့။ ကဲဟေ့ ခူးကြခပ်ကြစမ်း” ဟု ပြောကာ အိမ်ရှေ့သို့ ထွက်သွားပြီးလျှင် ဧည့်သည်များအား စားသောက်ဖွယ် အသစ်အဆန်း နှစ်မျိုးဖြင့် အထူးတလည် ကျွေးမည်ဖြစ်ကြောင်း အားရ၀မ်းသာ ပြောထားနှင့်၏။

ခင်မြတ်လှ ကိုယ်တိုင်နှင့် တပည့် မိန်းကလေးလေးများ ယူငင်တည်ခင်း ကျွေးမွေးသော စားဖွယ်များကို ဧည့်သည်များ သုံးဆောင်ကြရာ အလွန်ပင် အရသာ တွေ့သွားလေသည်။ ဧည့်သည်များ၏ ချီးကျူးထောမနာ ပြုသံများမှာ အတောမသတ် ရှိတော့သည်။ “စာရေးတော်ကြီး ကတော်ရယ်၊ နှစ်မျိုးစလုံး တယ်ကောင်းပါကလား။ ဘယ်လိုများ စီမံထားပါလိမ့်။ ဒီနည်းကို ဘယ်ကများ ရပါလိမ့်” ဟု ပြောသူ ပြော၊ “စာရေးတော်ကြီးမင်းရယ်၊ ဒီလို အရသာ ထူးတဲ့ ခဲဖွယ်မျိုး မကြုံဖူးပါဘူး။ ဘယ်လိုများ ခေါ်ပါလိမ့်” ဟု မေးသူမေးနှင့် ဧည့်သည်များ သဘောကျ နှစ်ခြိုက်ကြောင်း သိရမှပင် စာရေးတော်ကြီး ကတော်နှင့် ခင်မြတ်လှတို့မှာ ပြုံးနိုင်ရွှင်နိုင်လာတော့သည်။ အဖြစ်မှန်ကိုလည်း ပြောရမှာ ရှက်သဖြင့် ၀မ်းထဲကမူ ယားကျိ ယားကျိနှင့် နေကြလေသည်။

အရသာ ရှိလှသော အစားထူး၊ အစားဆန်းများကို မည်သို့ ခေါ်ဝေါ်ပါသနည်းဟု အထပ်ထပ် မေးကြရာ၊ စာရေးတော်ကြီးသည် ပထမ၌ အကျပ် ကျနေသော်လည်း အထက်က ဆိုခဲ့သည့်အတိုင်း တရားပေါက်လုနီးပါး ဖြစ်နေသူတစ်ဦး အနေဖြင့် သတိတရားကို ချက်ခြင်း ပြန်လည် လက်ကိုင်ထားလိုက်ကာ “ကျွန်တော်တို့ကတော့ စိတ်ကူး ကြံစည်ပြီး ကောင်းမယ်ထင်လို့ တီထွင် စီရင်လိုက်တာပါပဲ။ အမည်ကတော့ မပေးရသေးပါဘူး။ ခုနက ဖြစ်ပျက်တဲ့ ဟာကလေးကို အတိတ်ယူပြီး မုန့်တီပင်သေးကလေးကို အရင်းခံပြီး စီမံထားတာကကို မြီးရှည်၊ မုန့်တီပင်ကြီးနှင့် စီရင်ဖန်တီးထားတာကိုတော့ နန်းကြီးလို့ ခေါ်ရင် မကောင်းဘူးလား။ ဒါကတော့ ကိုယ့် အချင်းချင်းသာ သိစေပေါ့” ဟု အဖြေပေးလိုက်ရာ မိတ်ဆွေများ၊ ဧည့်သည်များ အားလုံးက ကောင်းမွန်ကြောင်း သင့်လျော်ကြောင်း ၀ိုင်းဝန်း ပြောဆိုကြလေသည်။

ထိုနေ့မှစ၍ စာရေးတော်ကြီး နေမျိုးကျော်သူ အိမ်မှ ကျွေးမွေးလေ့ရှိသည့် မြီးရှည်နှင့် နန်းကြီး ခဲဖွယ်များမှာ အထူး ကျော်ကြားသွားကာ ရမယ်ရှာ၍ စားချိန်သောက်ချိန်လောက်တွင် လာလည်သည့် ဧည့်သည်များလည်း မနည်းလှပေ။ စားဖွယ် ခဲဖွယ် အသစ်အဆန်း ဖန်တီးတတ်သူ ခင်မြတ်လှ၏ သတင်းမှာလည်း မွှေးကြိုင်သင်းပျံ့စွာ ပေါ်ထွက်လာရာ တန်ခိုးအာဏာလည်း ထက်၍ အစားလည်း မက်လှသော စဥ့်ပြောင် မြို့စား ဇေယျမင်းထင် နန္တသူသည် စကားကမ်းလှမ်းလာကာ ခြိမ်းတစ်လှည့်၊ ခြောက်တစ်လှည့်ဖြင့် အဆောင်ပြိုင် ပဉ္စမကြင်ရာတော် အဖြစ်သို့ ချီးမြှင့် သိမ်းပိုက်လိုက်လေသည်။

စာရေးတော်ကြီး၏ မိတ်ဆွေရင်းချာများလည်း ခါသာပိတ်အုပ် ၁၊ ပေါ်တူဂီ မန်တီလာပ၀ါ ၁၊ ပြင်သစ် ဘိုကေရေမွှေး ၁ နှင့် အလျှိုလျှို လာရောက်ကာ မြီးရှည်နှင့် နန်းကြီး ခဲဖွယ်များ စီရင် ဖန်တီးနည်းကို သင်ပြပေးပါမည့်အကြောင်း စာရေးတော်ကြီး ကတော်အား တိုးလျှိုး တောင်းပန်ကြရာ၊ အထူးပင် လျှို့ဝှက်ထားရန် ကတိဖြင့် သင်ပြပေးလိုက်ရာ မကြာမီပင် ယင်းနည်းမှာ အတွင်းဝန်၊ ၀န်ကြီးများ အထိ မင်းပိုင်းစိုးပိုင်း သူဌေးသူကြွယ်ပိုင်း အကုန်လုံးတွင် ပျံ့နှံ့သွားလေ၏။ မြီးရှည်နှင့် နန်းကြီးတို့သည် မင်းသုံး စိုးသုံး၊ အရာရှိသုံး ဗိုလ်မှူးသုံး ဖြစ်သွားရုံသာမက အမြတ်တနိုး စီစဉ် စားသောက်ကြရသည့် ခဲဖွယ်များ ဖြစ်သွား၏။

တစ်နေ့သောအခါ ၀န့်ရှင်တော်မင်းကြီး မဟာဓမ္မသီဟဇေယျာသည် ရွှေနန်းရှင် မင်းတရားကြီးအား မျက်နှာလို မျက်နှာရ ပြုလုပ်လိုသေ အကြံအစည် ဖြစ်သဖြင့် မြီးရှည်နှင့် နန်းကြီး ခဲဖွယ်ဆန်းများကို ရွှေနန်းတော်သို့ ယူဆောင်ကာ ပွဲတော်ဆက်လေသည်။ မင်းတရားကြီးလည်း ပွဲတော်တည်ရင်းပင် အလွန် နှစ်ခြိုက်တော်မူသဖြင့် ၀န်ရှင်တော်မင်းကြီး မဟာဓမ္မသီဟဇေယျာအား အနည်းငယ် ကျုံ့ရုန့်သွားပြီ ဖြစ်သော ၀တ်လဲတော်ကို ချက်ချင်း ဆုချတော်မူလိုက်၏။

ခဲဖွယ်များ၏ အမည်သညာကို မေးမြန်း စုံစမ်းတော်မူရာ ၀န်ရှင်တော်မင်းကြီးသည် အမှတ်တမဲ့ပင် “မြီးရှည်နှင့် နန်းကြီးပါ ဘုရား” ဟု သံတော်ဦး တင်လိုက်၏။ သံတော်ဦး တင်မိသည်နှင့် တစ်ပြိုင်နက် မိမိ အမှားကို မြင်မိလေသည်။ အားလုံး ငြိမ်ဝပ် ပိပြားနေသည်ဟု အမိန့်တော် ပြန်တမ်း ထုတ်ထားပါလျက်နှင့် မြို့စွန်မြို့ဖျားမှာ သောင်းကျန်းနေသည့် မြီးရှည်ကျားကြီး အကြောင်းကိုသော်လည်းကောင်း၊ ပုန်ကန် ထကြွမည် တကဲကဲ လုပ်နေသော နန်းကြီးဂိုဏ်းသားများ အကြောင်ကိုသော်လည်းကောင်း ဖွင့်ဟ သံတော်ဦး တင်ရန် မဖြစ်နိုင်ကြောင်းကို ၀န့်ရှင်တော်မင်းကြီးသည် ကောင်းကောင်းကြီး သိပေရာ၊ တောင်စွယ်မှာ နေကွယ်လျှင် အပါယ်နှင့် သုဂတိ တစ်ခုခု အထိ သွားရမည့် ကိန်းမျိုးနှင့် ကြုံကြိုက်ရန် သီသီကလေး လိုတော့သည့် အရေးကို တွေးကာ ရင်ဖိုနေတော့၏။

ရွှေနန်းရှင်ဘုရားက “အိမ်း … အရသာ ထူးသလို အမည်တွေကလည်း ထူးဆန်းပါပေ့။ အနက်အဓိပ္ပာယ်ကတော့ ဘယ်လိုလဲ မင်းကြီးရဲ့၊ တင်စမ်းပါဦး” ဟု အမိန့်တော်ရှိရာ မှန်ပါ ဘုရား၊ “ဘုန်းတော်ကြောင့် တရုတ်ပြည်ခေါ် စိန့်တိုင်းက နည်းအရ စီမံထားသည့် ခဲဖွယ်များဖြစ်၍ စိန့်တိုင်းသားများ မှည့်ခေါ်သည့် အမည်များပါ ဘုရား။ အဓိပ္ပာယ် အထူးအထွေ မရှိပါ ဘုရား” ဟု လိမ်လည် လှည့်ဖြားကာ လျှောက်လိုက်လေ၏။ ရွှေနန်းရှင် မင်းတရားကြီးလည်း “ကောင်းပေ့၊ ကောင်းပေ့ဗျား” ဟု မြွက်တော်မူကာ ဆက်လက်၍ အားရပါးရ ပွဲတော်တည်နေလေသတည်း။

(ရန်ကုန်တက္ကသိုလ်ရှိ ကိုစိန်၏ မြီးရှည်ဆိုင်မှ မြီးရှည်တစ်ခွက် သုံးဆောင် (ဘွာ ဘွာ … ) အ၀ စားပြီးနောက် တစ်မှေး အိပ်ပျော်သွားရာမှ ပေါ်ထွက်လာသည့် လူမှုသမိုင်း သုတေသန တစ်ရပ် ဖြစ်ပါသည်။ မြီးရှည်နှင့် နန်းကြီးဆိုလျှင် အသေအလဲ ကြိုက်ကြသည့် အညာသူ အညာသား (၀ါ) သူတို့ကိုယ် သူတို့ အခေါ် အထက်သူ အထက်သားများသည် ယခုမှပင် သူတို့၏ အသည်းစွဲ မြီးရှည်နှင့် နန်းကြီး၏ ပင်ရင်းဇစ်မြစ် သမိုင်းအမှန်ကို သိရသဖြင့် ကျွန်တော့်အား ကျေးဇူးတင် ဂုဏ်ပြုလိုမည် ဖြစ်သော်လည်း နေပါစေ … နေပါစေ။)

နွယ်စိုး
ငွေတာရီ၊ သြဂုတ် ၁၉၆၀

No comments:

Post a Comment