"ဇူလိုင် ၇ ရက်- ၇ ရက်ဇူလိုင် မမေ့နိုင်တဲ့ ကျောင်းသားသမိုင်း ထာဝစဉ်နီ"
“ဇူလိုင် ၇ ရက်- ၇ ရက်ဇူလိုင် — မမေ့နိုင်တဲ့ ကျောင်းသားသမိုင်း ထာဝစဉ် နီ …” ဆိုတဲ့ စာသားဟာ ၇ ရက် ဇူလိုင် အရေးတော်ပုံကို ဂုဏ်ပြုစပ်ဆိုထားတဲ့ သီချင်းတပုဒ်ထဲက စာသားတကြောင်းပါ။ ဟုတ်ပါတယ်၊ “ဆဲဗင်းဇူလိုင် (ခေါ်) ၇ ရက်ဇူလိုင်အရေးတော်ပုံကြီး” ဟာ ဗမာပြည်ရဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ
ကျောင်းသားသမိုင်းမှာ ဘယ် တော့မှ မေ့ပျောက်လို့ မရနိုင်တဲ့၊ မေ့ဖျောက်ချန်လှပ် ကျော်လွှားသွားလို့ မရနိုင်တဲ့၊ အမြဲထာဝရ နီနေမယ့် အရေး တော်ပုံမှတ်တိုင်ကြီး တခုပါပဲ။
ဗမာပြည်လွတ်လပ်ရေးမကျေညာနိုင်ခင် ကိုလိုနီခေတ်တလျောက်ကို ခဏထား၊၊ လွတ်လပ်ရေးကျေညာပြီးစ ခေတ် တလျောက်အတွင်းမှာကို၊ ကျောင်းသားလှုပ်ရှားမှု သမိုင်းကြောင်းတလျောက်မှာ- အရေးအခင်းနဲ့ အရေးတော်ပုံတွေ ပေါ်ပေါက်ခဲ့တာ အရေအတွက်တော်တော်များ များ ( ဥပမာအားဖြင့် – အောက်တိုဘာ ကျောင်းတလပိတ် အရေး တော်ပုံ၊ ဟယ်ရီတန်အရေးအခင်း-စသဖြင့် စသဖြင့်-) ရှိခဲ့ပါလျက် တနိုင်ငံလုံး လှည်းနေလှေအောင်း
မြင်းဇောင်းမကျန် ပါဝင်ဆင်နွဲခဲ့ကြတဲ့ "၁၃၅ဝပြည့် အရေးတော်ပုံ (ရှစ်လေးလုံးအ ရေးတော်ပုံကြီး)" မတိုင်ခင်အထိအတွင်း၊ ဗိုလ်နေဝင်း စစ်အာဏာရှင်အုပ်စိုးမှု ခေတ်တလျောက်အတွင်းမှာကို တခြား သော အရေအတွက်မနည်းလှတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ၊ ကျောင်းသားအရေးအခင်းတွေ တော်တော်များများ (ဥပမာအားဖြင့် ကျွန်းဆွယ်အရေးအခင်း၊ တက္ကသိုလ်ရွှေရတု လှုပ်ရှားမှု ၊ ဦးသန့် ဈာပနအရေးအခင်း၊ ၇၅ ဇွန် (၆) ကျောင်းသားသပိတ်-စသဖြင့် စသဖြင့် -) ရှိခဲ့ ပေါ်ပေါက်ခဲ့ပါလျက်
ဆဲဗင်းဂျူလိုင် (ခေါ်) ၇ ရက်ဇူလိုင်အရေးတော်ပုံကြီးဟာ တခြားသော ကျောင်းသားအရေးအခင်း အရေးတော်ပုံတွေ ထက်ကို ပိုမိုစူးရှ ပေါ်လွင်ပြီး၊ ပိုမိုထူးခြားတဲ့ အနက်အဓိပ္ပါယ်တွေ ရှိနေတယ်လို့ ယူဆမိပါတယ်။
ဘာ့ကြောင့်လဲ ?(ဘယ်လိုတွေ ဖြစ်ပျက်ခဲ့ကြတယ်၊ ဘယ်လိုတွေ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ကြရတယ်၊ စစ်အစိုးရဟာ ဘယ်လို တွေ မိုက်မိုက်ရိုင်းရိုင်း ယုတ်မာရမ်းကားခဲ့တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး၊ အဖြစ်အပျက်ရဲ့ ဖြစ်စဉ်တွေအကြောင်း ကို မှတ်တမ်းတင်ကြ ပြောကြဆိုကြ ရေးသားခဲ့ကြတာတွေကတော့ (ပြည့်စုံလုံလောက်ပြီလို့ မဆိုနိုင်သေးတဲ့ တိုင် အောင်)၊ တော်တော်များများ ရှိနေပြီဖြစ်တဲ့အတွက် ကျနော်ကတော့ ဒီအရေးတော်ပုံကြီးရဲ့ ထူးခြားတဲ့ ဝိသေသတွေ ကို ဒီနေရာမှာ နိုင်ငံရေးဖက်ကနေပဲ ရှု့ မြင်ဖေါ်ပြကြည့်ချင်ပါတယ်။ )
၇ ရက် ဇူလိုင်အရေးတော်ပုံကြီးဟာ ဗမာပြည်စစ်အာဏာရှင်စနစ်ကို ဗွေဆော်ဦးစတင် တိုက်ပွဲဆင်ခဲ့တဲ့ အရေးတော်ပုံ ဖြစ်တယ်၊ ပါလီမန်ဒီမိုကရေစီစနစ်ကို မြေမြှုပ်သဂြုင်္ိလ်ပစ်ပြီး၊ လက်နက်နဲ့ အကြမ်းဖက်အာဏာသိမ်းယူကာ ဗိုလ်နေဝင်းခေါင်း ဆောင်တဲ့ စစ်အုပ်စုဟာ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ ဗမာပြည်စစ်အာဏာရှင်စနစ်ကို စတင်ထူထောင်လာ ရာမှာ စစ်အစိုးရရဲ့တရားမျှတမှု လုံးဝမရှိတဲ့ အမိန့်အာဏာတွေကို ရဲရဲရင့်ရင့်ပြန်လည်တုံ့ပြန် ဆန့်ကျင်ကန့်ကွက်ပြသ ကြရာက စစ်အာဏာရှင်ရူးတွေရဲ့ ကြိုတင်အစီအစဉ်ရှိရှိ ယုတ်မာရက်စက်မှုတွေကြောင့် ဒီအရေးတော်ပုံကြီး ဖြစ်ပေါ် လာခဲ့ရတာ ဖြစ်တယ်။
စစ်တပ်အာဏာသိမ်းတက်လာပြီး (၄) လ ကျော်ကျော်လေးအကြာမှာပဲ ဒီအရေးတော်ပုံကြီး
ပေါ်ထွန်းခဲ့ရတာ ဖြစ်တဲ့အတွက်၊ ဒီအရေးတော်ပုံကြီးဟာ ဗမာပြည်စစ်အာဏာရှင်စနစ်ကို ဗွေဆော်ဦး ဆန့်ကျင်အံတု ပြခဲ့တဲ့ တော်လှန်တဲ့အရေးတော်ပုံကြီး ဖြစ်တယ်။ သမိုင်းဝင် အရေးတော်ပုံကြီး
ဖြစ်သွားတယ်။
ဒီအရေးတော်ပုံကြီးဟာ စစ်အစိုးရရဲ့ မဆလဆိုရှယ်လစ်မျက်နှာဖုံးကို ပထမဆုံးဆွဲချွတ် ပြလိုက်နိုင်တဲ့ အရေးတော်ပုံ ကြီး ဖြစ်တယ်၊ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်အစိုးရဟာ အာဏာသိမ်းတက်လာပြီး မကြာမီ၊ ရှိနေတဲ့ နိုင်ငံရေးပါတီ အဖွဲ့ အစည်းအင်အားစုတွေ အပါအဝင် ပြည်သူလူထုကြီးတရပ်လုံးကို လိမ်လည်လှည့်ဖြားနိုင်ဖို့၊ မြန်မာ့နည်း မြန်မာ့ ဟန်နဲ့ ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ဖို့ ဆိုပြီး၊ ၁၉၆၂ ခုနှစ် ဇူလိုင် (၄) ရက်နေ့မှာပဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ (မဆလ ပါတီ ) ကို စတင်ထူထောင်ခဲ့ရာမှာ မဆလပါတီစတင် ထူထောင်ပေါ်ပေါက်လာပြီး (၃) ရက်အကြာမှာ “ရရက်ဇူလိုင် အရေးတော်ပုံကြီး” ပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။
ဗိုလ်နေဝင်း စစ်အစိုးရဟာ မဆလပါတီကို ထူထောင်လိုက်ပြီး “ခေတ်ပြောင်းတော်လှန်ရေးကြီးကို ဆင်နွဲမယ်၊ သာယာ ဝပြောသော လူ့ဘောင်သစ်ကြီးကို မရောက် ရောက်အောင်သွားမယ်၊ စာနာမှု ညှာတာထောက်ထားမှု စသည့်ကောင်း မြတ်သောတရားနှင့် ဗြမ္မစိုရ်တရားများ ထွန်းကားနိုင်တဲ့ လူ့ဘောင်သစ်ကြီးဆီ ချီတက်သွားရောက်မယ်” လို့ တဖက် က ကြွေးကြော်မြည်ဟည်းပြနေတုန်းမှာပဲ၊ အပြစ်မဲ့တဲ့ နိုင်ငံ့အညွန့်အဖူး ကျောင်းသားတွေကို သွေးချောင်းစီးအောင် ရက်ရက်စက်စက် သတ်ဖြတ်ကျူးလွန်ပြလိုက်တာ ဖြစ်တဲ့အတွက်၊ စစ်အစိုးရရဲ့ကြွေးကြော်နေချက်တွေဟာ ဗလာစ ကားတွေသာ ဖြစ်တယ်၊ လက်တွေ့ကတော့ လူသတ်သမားတွေသာ ဖြစ်တယ် ဆိုတာကို မီးမောင်းထိုး ပြလိုက်သလို ဖြစ်သွားပြီး၊ စစ်အစိုးရရဲ့မဆလမျက်နှာဖုံးစွပ်ကို ဆွဲချွတ်ပြလိုက်ဘိသကဲ့သို့  ဘွားဘွားကြီး ပေါ်လွင်သွားစေခဲ့ပါတယ်။
ဒါကြောင့် ဒီအရေးတော်ပုံကြီးဟာ စစ်အစိုးရရဲ့မဆလဆိုရှယ်လစ်အတုအယောင် မျက်နှာဖုံးအောက်က အစွယ်ပြူး ပြူး သွေးစိမ်းရှင်ရှင် တကယ့် ဘီလူးရုပ်အစစ်အမှန်ကို ဆွဲချွတ်ပြသလိုက်နိုင်တဲ့ အရေးတော်ပုံကြီး ဖြစ်ပါတယ်။
ဒီအရေးတော်ပုံကြီးဟာ သမိုင်းမှာ-တော်လှန်သူလား၊ ဖေါက်ပြန်သူလား-စည်းခြား မှတ်တမ်းတင်ပေးနိုင်ခဲ့တဲ့ အရေး တော်ပုံဖြစ်တယ်၊ စစ်အစိုးရဟာ ဒီလောက်ရက်ရက်စက်စက် သတ်ဖြတ်နှိပ်ကွပ်ပြခဲ့တာ လက်တွေ့ မျက်တွေ့မြင်နေ ရတာတောင်၊ တဖက်က ဆိုရှယ်လစ်အနံ့ ပေးထားမှုကြောင့်သော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးအလိုရမ္မက်
မျှော်လင့်ချက် တွေကြောင့်သော်လည်းကောင်း အမှန်တရားကို မမြင်နိုင်ဘဲ၊ ဒါမှမဟုတ် မျက်ကွယ်ပြုခဲ့ကြရင်း သဘောထားမမှန် ကြသူတွေ၊ ရပ်တည်ချက်မခိုင်မာခဲ့ကြသူတွေ၊ စံသွေခဲ့ကြသူတွေ အထင်အရှား ပေါ်ပေါက်လာခဲ့ကြရာမှာ “ဒီအရေး တော်ပုံကြီးအပေါ် ဘယ်လိုသဘောထားသလဲ၊ သဘောထားမလဲ” ဆိုတာ အရေးပါတဲ့ မှတ်ကျောက် မေးခွန်း တခု ဖြစ်လာခဲ့ရပါတယ်။
တစုံတရာ တိုးတက်ပါတယ် တိုးတက်တဲ့လက်ဝဲဝါဒကို လက်ခံကိုင်စွဲပါတယ်လို့ ဆိုခဲ့ကြတဲ့ ပမညတ အဖွဲ့ ကြီးထဲက ပမညတခေါင်းဆောင်ကြီးတယောက်ဟာ၊ ဒီအရေးတော်ပုံကြီးပြီးစ-ဒီအရေးတော်ပုံကြီး အပေါ် ဘယ်လိုသဘောထား မလဲလို့ ပြောဆိုဆွေးနွေးကြတဲ့ ပမညတအစည်းအဝေးပွဲတခုအတွင်းမှာ၊ “ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေး ကောင်စီအစိုးရဟာ ဆိုရှယ်လစ်ရေးဆီ ရှေ့ရှုပြီး ဆိုရှယ်လစ်လမ်းကြောင်းအတိုင်းသွားဖို့  လုပ်ဆောင်နေတာ ဖြစ်တဲ့ အတွက် ဒီ ၇ ရက်ဇူလိုင်အရေးအခင်းဟာ ဆိုရှယ်လစ်သန္ဓေသားကို သားလျှောအောင် လုပ်တဲ့ လုပ်ရပ်” လို့ ဆို လိုက်တော့၊ ဒီအရေးတော်ပုံကြီးရဲ့ဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ပြခဲ့တဲ့ ဦးခင်မောင်မြင့် (ပြည်သူ့ တိုးတက် ရေးပါတီ ) က ချက်ချင်းကန့်ကွက်ခဲ့ရင်း “သခင် … ရဲ့ ဒီသဘောထားပြောကြားချက်ကို မှတ်တမ်းတင်ပေးပါ” လုံးဝ လက်မခံနိုင်ပါဘူး- လို့တုံ့ပြန်ချေပ ခဲ့ရပါတယ်။
ဒီအရေးတော်ပုံကြီးအပေါ် အဲဒီလို မတူကွဲပြားစွာ သဘောထားခဲ့ကြ သူတွေရဲ့ ဖြစ်စဉ်တွေကနေ မဆလ (၂၆) နှစ် တာကာလအတွင်း ဘယ်သူတွေ ဘယ်လိုဖြစ်ပေါ်သွားကြသလဲဆိုတာ ဇာတ်ပေါင်းကြည့်လိုက်မယ်ဆိုရင် အရေး တော်ပုံကြီးအပေါ် သဘောထားမမှန်ကန်ခဲ့သူတွေဟာ မဆလရဲ့ခွေးကတက်ရင်းက ပုဂ္ဂိုလ်တွေ၊ မဆလရဲ့ ကျေး တော်မျိုး ကျွန်တော်မျိုးတွေအဖြစ်-သမိုင်းမှာ မျက်နှာမလှ ဇာတ်သိမ်းသွားကြရပြီး၊ အရေးတော်ပုံကြီးဖက်က ရပ်ခံရပ် တည်ဖေါ်ပြသွားခဲ့ ကြသူတွေကတော့ မဆလစစ်အစိုးရကို ဆက်လက်ဆန့်ကျင်အံတုသွားခဲ့ကြရင်း သူရဲကောင်းတွေ တော်လှန်သူတွေအဖြစ် ကမ္ပည်းမော်ကွန်းတင်သွားခဲ့ကြတာ တွေ့နိုင်ပါတယ်။
ဒါကြောင့် ဒီအရေးတော်ပုံကြီးဟာ သ မိုင်းမှာ တော်လှန်သူလား-ဖေါက်ပြန်သူလား
စည်းခြားသတ်မှတ်ပေးလိုက်တဲ့၊ သမိုင်းအချိုးအကွေ့တခုရဲ့ မှတ်ကျောက်တခုသဖွယ်လဲ ဖြစ်ခဲ့ပါတယ်။
ဒီအရေးတော်ပုံကြီးဟာ ခွပ်ဒေါင်းတွေရဲ့ တောင်ပံခတ်သံတဖျတ်ဖျတ်ကို တကျော့ပြန် တကျော့ပြန် အဖန်ဖန်အထပ် ထပ် အမြဲမပြတ်စေနိုင်လောက်အောင် ပဲ့တင်ဆောင်နိုင်စွမ်းအား အလွန်ကြီးမားလှတဲ့ အရေးတော်ပုံကြီးဖြစ်တယ်။
ဗမာပြည် ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အမှန်တရားအတွက် ပြည်သူလူထုအတွက် ကျောင်းသားထုရဲ့ တရားမျှတ တဲ့ အခွင့်အရေးနဲ့ ရပိုင့်ခွင့်တွေအတွက်၊ ဖေါက်ပြန်တဲ့အုပ်စိုးသူ အဆက်ဆက်ကို ပြန်လည်တွန်းလှန် ဆန့်ကျင်အံတု တိုက်ပွဲဆင်ခဲ့ကြတဲ့ ဂုဏ်ပြောင်တဲ့ ကျောင်းသားလှုပ်ရှားမှုနဲ့ ကျောင်းသားတိုက်ပွဲတွေ၊ အရေးတော်ပုံနဲ့ အရေးအခင်း တွေ ခေတ်တိုင်းလိုလို ပေါ်ပေါက်ခဲ့တာ တော်တော်များများ ရှိခဲ့ပါတယ်။
အားလုံးဟာ သူ့ခေတ် သူ့ကာလအလျောက် သူ့အတိုင်းအတာနဲ့သူ မော်ကွန်းတင် ကမ္ပည်းထိုးထားရမယ့် အရေးပါတဲ့ တိုက်ပွဲတွေချည်း ဖြစ်ပါတယ်။ ဒီအထဲမှာမှ ၇ ရက်ဇူလိုင် အရေးတော်ပုံကြီးရဲ့ ထူးခြားချက်ကတော့၊ တော်လှန်တဲ့ ကျောင်းသားထုရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်း ရှိုင်းကို စူးဝင်နေပြီး၊ ဒီနေ့ဒီရက် ဒီအချိန်ရောက်လေတိုင်း-‘ဆဲဗင်း ဇူလိုင်-ဆဲဗင်းဇူလိုင်’ ဆိုတဲ့ အသံဟာ တိုက်ပွဲခေါ် သံပမာ ပဲ့တင်ထပ်နေစေခဲ့တာ၊ ‘ကျောင်းသားမျိုးဆက်အဆင့်ဆင့်မှသည် ကနေ့ထက်တိုင်အောင်’ ပါပဲ။
နှစ်စဉ် နှစ် တိုင်းလိုလိုမှာ ‘ရရက် ဇူလိုင် လှုပ်ရှားမှုတွေ’ အသွင်အမျိုးမျိုးနဲ့ ရှင်သန်ပေါ်ပေါက်နေလေ့ရှိပြီး၊ ခွပ်ဒေါင်း တောင်ပံခတ်သံ တဖျတ်ဖျတ်ကို တကျော့ပြန် တကျော့ပြန် ပြန်လည်ကြားရ နားထောင်ရလေ့ ရှိပါတယ်။
ဒီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရတဲ့ ၁၉၆၂ခုနှစ် ဇူလိုင် ၇ ရက်နေ့နောက်ပိုင်းကစပြီး နှစ်စဉ်နှစ်တိုင်းလိုလို ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ နေရာအမျိုးမျိုးကနေ အထိမ်းအမှတ်ပြုကြ၊ သတိတရရှိနေစေခဲ့ကြတာ သိကြတဲ့အတိုင်းပါပဲ။ ၁၉ရရ ခုနှစ် ဇူလိုင် ၇ ရက်နေ့တုန်းကဆိုရင် ‘၇-၇-၇၇’ ခွန်လေးလုံးအရေးတော်ပုံအထိ ပေါ်ပေါက်အောင် ဦးတည်လှုပ်ရှားခဲ့ကြဖူး
တာတွေ ရှိသလို၊ အဲဒီတုန်းက တိုးတက်တဲ့ စီးပွားရေးတက္ကသိုလ်ကျောင်းသားများကနေ-စီးပွားရေးတက္ကသိုလ် နှစ် လည် မဂ္ဂဇင်းကို အနက် ရောင်အဖုံးကြီးနဲ့ပဲ ထုတ်ဝေခဲ့တာတွေလဲ ရှိပါတယ်။
၁၉၇၈ ခုနှစ် ထဲမှာလဲ စက်မှုတက္ကသိုလ် ကျောင်းဝင်းအတွင်းကနေ၊ ၇ ရက် ဇူလိုင်နှစ်ပတ်လည်လှုပ်ရှားမှု အဖြစ်၊ ‘ရရက်ဇူလိုင်’ နေ့မှာ အစီအစဉ်ရှိရှိ တိုက်ပွဲ ခေါ်သံပေးပြီး သပိတ်ပေါ်အောင်
ဖေါက်ခွဲလှုပ်ရှားပြခဲ့ကြရင်း မဆလ စစ်အစိုးရရဲ့ဖမ်းဆီးထောင်ချခံခဲ့ရသူတွေလဲ ပေါ်ပေါက်ခဲ့ရဖူးပါတယ်။
ဒီအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့တာ နောက်နှစ်ဆိုရင် နှစ် (၅ဝ) တင်းတင်း ပြည့်တော့မှာ ဖြစ်ပါတယ်။ ၁၉၆၂- ၇ ရက် ဇူလိုင်တုန်းက လူမဖြစ်ခဲ့ကြသေးတဲ့ အသက် (၅ဝ) အောက် ကျောင်းသား လူငယ်မျိုးဆက်အဆင့်ဆင့် တွေအတွင်း မှာရော၊ ကနေ့မှ ကျောင်းသားအဖြစ် ဖြတ်သန်းနေကြရသူ လက်ရှိ မျိုးဆက်ကျောင်းသားလူငယ်တွေအတွင်းမှာပါ ‘၇ ရက် ဇူလိုင်’ ‘ဆဲဗင်းဇူလိုင်’ ဆိုတဲ့အသံကို ကြားလိုက်ရလေတိုင်း၊ တရားမျှတမှုကို လိုလားတဲ့၊ နိုးကြားတဲ့ ကျောင်း သား မှန်သမျှ၊ ရင်ခုန်လှုပ်ရှားကြရတုန်း၊ ခွပ်ဒေါင်းသွေးတွေ တရိပ်ရိပ် မြင့်တက်နိုးကြွလာရတုန်းဖြစ်သလို၊ ခွပ်ဒေါင်း တောင်ပံခတ်သံ တဖျတ်ဖျတ်ကို အတိတ်တောစပ်ကနေ ပစ္စုပ္ပန်မြေအထိ ကြားနေ မြင်နေ လှုပ်ရှားနေကြရတုန်း ဖြစ် ပါတယ်။
ဒါကြောင့် ဒီအရေးတော်ပုံကြီးဟာ (ရှစ်လေးလုံး အရေးတော်ပုံကြီးကလွဲရင်) ခွပ်ဒေါင်းတောင်ပံခတ်သံ တ ဖျတ်ဖျတ်နဲ့ အထပ်ထပ်အဖန်ဖန် ပဲ့တင်သံလှိုင်းအား အမြင့်မားဆုံးသော အရေးတော်ပုံကြီးလို့လဲ သတ်မှတ်ဂုဏ်ပြု ချင်ပါတယ်။
ဒီအရေးတော်ပုံကြီးဟာ ဖေါက်ပြန်တဲ့ မဆလစစ်အာဏာရှင်တသိုက်ကို
နောက်ဆုံးထွက်သက်အထိ သွေးပျက် ချောက်ခြားနေအောင် အဆက်မပြတ် စွဲချက်တင်ရင်း၊
အစဉ်မပျက် အရိုးတွန်သံပေးနေခဲ့တဲ့ အရေးတော်ပုံကြီးဖြစ် တယ်။
ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီ စစ်အာဏာရှင်အစိုးရဟာ တရားမျှတတဲ့
ကျောင်းသားထု အခွင့် အရေးတွေအတွက် ဥပဒေဘောင်အတွင်းကနေ
အေးချမ်းစွာဆန္ဒပြတောင်းဆိုနေကြတဲ့ ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေအပေါ် ရက်ရက်စက်စက် သွေးချောင်းစီးအောင် သတ်ဖြတ်ဖြိုခွင်းပြလိုက်တဲ့အပြင်၊ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး အစဉ်အလာကြီးခဲ့တဲ့ ကျောင်းသားထုရဲ့အဖွဲ့ အစည်းတွေဖြစ်တဲ့ ‘ဗကသ’ ‘တကသ’ ‘ရကသ’ တွေ ကိုလဲ အပြီးတိုင် ဖျက်သိမ်းချေမှုန်းပစ်နိုင်ဖို့ အစီအစဉ်ရှိရှိနဲ့ လက်တွေ့
အကောင်အထည် ဖေါ်ပြလိုက်တာ ဖြစ်သလို၊ သမိုင်းတလျောက် ကိုလိုနီအုပ်စိုးသူတွေ
လက်ထက်ကတောင် မတို့မထိဝံ့ခဲ့တဲ့ သမိုင်းအစဉ်အလာ ကြီးမားလှတဲ့ ‘ကျောင်းသားသမဂ္ဂ အဆောက်အဦကြီး’ ကိုပါ မိုက်မိုက်ရိုင်းရိုင်းနဲ့ ဒိုင်းနမိုင်းကပ်ပြီး ဖြိုချဖျက်ဆီးပစ်ခဲ့ပါတယ်။
ဗမာပြည်သမိုင်းမှာ အုပ်စိုးသူအဆက်ဆက် ဘယ်သူမှ မလုပ်ဝံ့ခဲ့တာတွေကို ကောက်ကောက်ကျစ်ကျစ် ယုတ်ယုတ် မာမာနဲ့ ပေါ်ပေါ်ထင်ထင် ရမ်းကားပြခဲ့တာပဲ ဖြစ်ပါတယ်။ တက္ကသိုလ်နဲ့မဝေးလှတဲ့ မြန်မာ့အသံ အသံလွှင့်ရုံထဲမှာကို တော်လှန်ရေးကောင်စီဝင်တွေရော ရဲချုပ်ပါ ပါဝင်တဲ့ ‘အမိန့်ပေး ကွပ်ကဲရေးရုံး’ ဖွင့်လှစ်ထားပြီး တိုက်ရိုက်အကောင် အထည်ဖေါ် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဇူလိုင် (၇) ရက်နေ့မှာ ကျောင်းသားတွေကို ပစ်သတ်၊ (၈) ရက်နေ့ မနက် အစောကြီးမှာပဲ သမဂ္ဂအဆောက်အဦကြီးကိုပါ အုတ်ပုံတစပြင်ဖြစ်အောင် လုပ်ပြီးပြီချင်း အဲဒီမနက်ပိုင်းမှာပဲ
တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်နေဝင်းရဲ့ ‘ဓါး ဓါးချင်း၊ လှံ လှံချင်း၊ Face to Face ရင်ဆိုင်ဖို့ပဲ’ ဆိုတဲ့ ရိုင်းပျမောက် မာလှတဲ့ စိန်ခေါ်သံ မိန့်ခွန်းကြီးကို ရေဒီယိုကနေ အသံလွှင့်ကျေညာသွားခဲ့ပါတယ်။ နောက်တရက်မှာတော့ တော် လှန်ကောင်စီဥက္ကဋ္ဌ ဗိုလ်နေဝင်းဟာ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်အောင်ကြီးကို ယာယီတာဝန်လွှဲအပ်ပေးခဲ့ပြီး နိုင် ငံခြားကို အပန်းဖြေခရီး ထွက်သွားလိုက်ပါတော့တယ်။
အဲဒီလို ရက်ရက်စက်စက် ပြတ်ပြတ်သားသား အကောင်အထည်ဖေါ်ခဲ့ပြီး
ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကိုပါ တစစီဖြစ်အောင် လုပ်ဆောင်ပြခဲ့ကြကာ၊ အောင်မြင်စွာ ရှင်းလင်းပစ်လိုက်နိုင်ပြီးပြီအဖြစ် အဲဒီတုန်းက တော်လှန် ကောင် စီတအုပ်စုလုံး ဂျိုကြွမောက်မာ ဝမ်းသာအူမြူးခဲ့ကြပေမဲ့၊ ကာလသိပ်မကြာခင်မှာပဲ သမဂ္ဂကြီးရဲ့ အရိုးတွန်းသံ တွေကို အဆက်မပြတ်လိုလို ကြားလာရပြီးတဲ့နောက်၊ ဥက္ကဋ္ဌကြီးဆိုသူ ဗိုလ်နေဝင်းကိုယ်တိုင် ချောက်ခြားသွေးပျက် လာခဲ့ရပါတော့တယ်။ သမိုင်းဝင်အဆောက်အဦကြီးဖြစ်တဲ့ ‘သမဂ္ဂကြီး’ ကို ဖျက်ဆီးခဲ့သူ ‘သမိုင်းတရားခံ’ အဖြစ်ကနေ ရုန်းထွက်နိုင်ရေးအတွက်၊ ၁၉၆၈-၆၉ ဝန်းကျင်မှာ ဗိုလ်နေဝင်းဟာ (‘၇ ရက် ဇူလိုင် အရေးတော်ပုံကာလ’ က ‘ကွပ်ကဲ ရေးအဖွဲ့ ’မှာ ရှေ့တန်းကနေ ပါဝင်ခဲ့ကြသူတွေတချို့ကို ခေါ်ယူပြီး ) ‘လှဟန် လာဦး’ ‘စောမြင့် လာဦး’ ‘ကျော်စိုး လာ ဦး’ ဆိုပြီး ခေါ်ယူကာ၊ “အဲဒီနေ့က အဖြစ်အပျက်မှာ မင်းတို့ ပါဝင်ခဲ့သမျှ ရေးကြစမ်း” ဆိုပြီး အဲဒီပုဂ္ဂိုလ်တွေရဲ့ တဦး ချင်းဆိုင်ရာ ‘တင်ပြချက်’ တွေကို ရယူထားရတဲ့အထိ ကိုယ်လွတ်ရုန်းနိုင်ဖို့ ပြင်ဆင်လာခဲ့ရပါတော့တယ်။
တော်လှန် ရေးကောင်စီ အာဏာသိမ်းအဖွဲ့မှာ ဒုတိယခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဗိုလ်အောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး) ကလဲ နောက်ပိုင်းမှာ- သမဂ္ဂအဆောက်အဦကြီးကို ဖြိုတဲ့ကိစ္စမှာ သူ မဟုတ်၊ ဥက္ကဋ္ဌကြီးလဲ မဟုတ်တန် ရာ ဗိုလ်ကျော်စိုး လုပ်လိုက်တာ ဖြစ်မယ် ဆိုတဲ့သဘောမျိုး၊ ဟိုလိုလို ဒီလိုလို ဆင်ဝှေ့ ရန်ရှောင်စကားတွေ ပြောဆို လာခဲ့ပြီး၊ သမိုင်းတရားခံအဖြစ်ကနေ ရုန်းထွက်နိုင်ရေး ကြိုးစားလာတဲ့အထိ ‘လိပ်ပြာလန့်’ လာတာ တွေ့ ရပါတယ်။ ‘၇ရက် ဇူလိုင်’ ရဲ့အရိုးတွန်သံ၊ သမဂ္ဂကြီးရဲ့အရိုးတွန်းသံတွေက ဘယ့်လောက်ထိအောင်များ မြည်ဟိန်းရိုက်ခတ်ပြီး၊ စစ်အာဏာရှင်တသင်းကို သွေးပျက်ချောက်ခြားအောင် အဆက်မပျက် ထိုးနှက်ထုပုတ်နေသလဲဆိုရင် မဆလပါတီရဲ့ ဥက္ကဋ္ဌကြီးဗိုလ်နေဝင်းဟာ ၁၉၈၈ခုနှစ် ဇူလိုင်လထဲမှာပဲ၊ ရာဇာပလ္လင်ပေါ်က ဆင်းပေးကြောင်း ထုတ်ဖေါ်ကျေညာ လိုက်ရတဲ့ နောက်ဆုံးနှုတ်ထွက်ပေး မိန့်ခွန်းထဲမှာအထိတောင်၊ ‘သမဂ္ဂကြီးကို ဗုံးနဲ့ခွဲပစ်တဲ့ကိစ္စဟာ သူအမိန့်ပေးခဲ့တာ
မဟုတ်ပါဘူး’ လို့  အထိတ်တလန့်ရှင်းလင်းတင်ပြရင်း ကိုယ်လွတ်ရုန်းနိုင်ဖို့ ကြိုးစားသွားခဲ့တာ တပြည်လုံးကြားလိုက် ကြရပါတယ်။
အဲဒီ မဆလရဲ့နောက်ဆုံးအရေးပေါ်ညီလာခံမှာ ဗိုလ်နေဝင်းက လွန်ခဲ့တဲ့ အချိန်ကာလတခုတုန်းကတည်းက အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး၊ ကွပ်ကဲရေးအဖွဲ့ မှာ ကိုယ်တိုင်ပါဝင်ခဲ့ကြတဲ့ ဗိုလ်လှဟန်၊ ဗိုလ်ကျော်စိုး၊ ဗိုလ်စောမြင့် တို့ကို သီး သန့်ခေါ်ယူပြီး၊ ‘အဲဒီနေ့ကအဖြစ်အပျက်မှာ မင်းတို့ ပါဝင်ခဲ့ကြသမျှ သိသမျှ ရေးကြစမ်း-’လို့ ခိုင်းပြီး တင်ပြချက်တွေ ရယူထားတာရှိကြောင်း ထုတ်ဖေါ်ပြောဆိုရင်း၊ သမဂ္ဂကြီးကို ဗုံးနဲ့ခွဲခဲ့တဲ့ အဓိကတရားခံဟာ ဗိုလ်အောင်ကြီးပဲ ဖြစ် တယ်လို့  ဖေါ်ညွှန်းပြောဆိုသွားခဲ့ပါတယ်။ အဲဒီကာလ မတိုင်ခင်ကတည်းကစပြီး သမဂ္ဂရဲ့အရိုးတွန်သံ လာမှာမှန်း သိနေတဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ ဗိုလ်အောင်ကြီးကလဲ ဗိုလ်နေဝင်းထုတ်ဖေါ်မပြောဆိုမီကာလကတည်းက ‘သမဂ္ဂကြီးကို ဗုံးနဲ့ခွဲပြီး ဖြိုဖျက်ခဲ့တဲ့ကိစ္စမှာ သူမဟုတ်ရကြောင်း၊ ဥက္ကဋ္ဌကြီးလဲ ဟုတ်ဟန်မတူ၊ ဗိုလ်ကျော်စိုး ပဲ လုပ် လိုက်တာဖြစ်မယ် ဆိုတဲ့သဘောမျိုး၊ ထမင်းရည်ပူ လျှာလွှဲပြတဲ့ ကိုယ်လွတ်ရုန်းမှုတွေကို တိုးတိုးတဖုံ ကျယ်ကျယ် တမျိုး ပြောဆိုကြိုးစားနေခဲ့ရတာ အားလုံး သိကြတဲ့အတိုင်းပါပဲ။
ဗိုလ်နေဝင်းကတော့ ‘ဓါး ဓါးချင်း-လှံ လှံချင်း’ ဆိုတဲ့ မိန့်ခွန်းကို ပြောကြားခဲ့ရတာကိုတောင်၊ သူ့ အပြောအရကတော့ ‘သူက ခေါင်းဆောင်မို့၊ စုပေါင်းလုပ်တာကို တာဝန်ယူတဲ့အနေနဲ့ပြောရတာ’ အဖြစ် ပုံဖေါ် ရှင်းလင်းသွားခဲ့ပါတယ်။ အမှန်ကတော့ ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီးဟာ သမဂ္ဂကြီးကို မိုက်မိုက်ရိုင်းရိုင်း ဗုံးနဲ့ခွဲ ဖျက်ဆီးခဲ့တဲ့ အယုတ်တမာ အမှုကြီးမှာ၊ တယောက်က ‘တစ်တရားခံ’ ဆိုရင် ကျန်တယောက်က ‘နံပတ်၂ တရားခံ’ ပါပဲ၊၊ သမိုင်းတရားခံတွေ အ ဖြစ်ကတော့ ပြေးမလွတ်ပါ။
ဒါတွေကနေ ဘာကိုဖေါ်ပြနေသလဲဆိုတော့-မတရားမှု ယုတ်မာမှုကို ကျူးလွန်ခဲ့ကြတဲ့ စစ်ဘီလူးကြီးတွေဟာ နောက်ဆုံးအချိန်အထိ ဒီအရေးတော်ပုံကြီးရဲ့ အရိုးတွန်းသံတွေကို အဖန်ဖန်အထပ်ထပ် ကြား နေရရင်း၊ အသေအလဲခုခံကာကွယ် ငြင်းဆန်နေရရင်း၊ အဆက်မပြတ်သွေးပျက် ချောက်ခြားနေခဲ့ရတယ်ဆိုတာကို ဖေါ်ပြနေတာပါပဲ။ နောက်ဆုံးထွက်သက်တွေအထိလဲ သွေးပျက်ချောက်ခြားသွားကြရမှာ အသေအချာပဲ ဖြစ်ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီးကာလအတွင်းတုန်းကလဲ မဆလနောက်ဆုံး သမတကြီးလုပ်ခဲ့တဲ့ ဒေါက်တာ မောင် မောင်က တိုက်ပွဲဝင်ကျောင်းသားထုကို လေပြေထိုးပြတဲ့အနေနဲ့ “ကျောင်းသားသမဂ္ဂအဆောက်အဦ” ကို ပြန်လည် ဆောက်လုပ်ဖို့  အတူလက်တွဲပြီး ပျော်ပျော်ပါးပါး ပန္နက်ချကြရအောင်” လို့  မရဲတရဲ သွေးတိုးစမ်းကြည့်ခဲ့ဖူးပါသေး တယ်။ ကျောင်းသားတွေကို သတ်ဖြတ်ပြီး လက်မှာ သွေးအထပ်ထပ် စွန်းနေသူတွေနဲ့အတူ၊ လက်ရှိလဲ အသတ်ခံနေ ဆဲဖြစ်တဲ့ စစ်မှန်တဲ့ ကျောင်းသားတွေဟာ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို ပြန်ဆောက်ဖို့ ဘယ်လိုလုပ်ပြီး ပျော်ပျော်ပါးပါး အုတ်မြစ်ချ ပန္နက်ရိုက်ပြနိုင်ပါ့မလဲ။ ဒေါက်တာမောင်မောင်ရဲ့စကားဟာ အကောင်းဆုံးပြက်လုံး တစ လိုပဲ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒါကလဲ ဘာကို ဖေါ်ပြနေသလဲဆိုတော့ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကိစ္စဟာ အာဏာရှင် ဖေါက်ပြန်ရေးသမား အုပ်စိုးသူတွေရဲ့ ရင်တွေထဲမှာလဲ လုံးဝဖျောက်ဖျက်ပစ်လိုက်လို့မရတဲ့ ကိစ္စကြီးအ ဖြစ် ဆန့်ကျင်ဖက်ကနေ အသိအမှတ်ပြုထားရရင်း အမြဲလိုလို
ချောက်ခြားသွေးပျက်နေရတဲ့သဘော၊ တနေ့နေ့မှာမုချ ကို မလွှဲမသွေ
ပြန်လည်ပေးဆပ်ရမယ့် ‘သွေးကြွေး-သမိုင်းကြွေး’ ရှိနေတာကို လက်ခံအသိအမှတ်ပြုထားလိုက် ရတဲ့သဘောလို့ ယူဆချင်ပါတယ်။
၇ ရက်ဇူလိုင်အရေးတော်ပုံကြီးဟာ နောက်နှစ်မှာဆိုရင် နှစ် (၅ဝ) တင်းတင်း ပြည့်ပါတော့မယ်။ တော်လှန်တဲ့ ကျောင်း သားလှုပ်ရှားမှု၊ ကျောင်းသားသမိုင်းနဲ့ ဆက်စပ်နေတဲ့၊ ကျောင်းသားတွေရဲ့ အရေးတော်ပုံနဲ့ သပိတ်တွေကို သင်္ကေတ ပြု အမှတ်အသားပြုပြီး ဖေါ်ပြကြည့်မယ်ဆိုရင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး ခေတ်ကာလတုန်း ကတော့ -
၁၉၃၆-ကျောင်းသားသပိတ်ကြီးရဲ့ အမှတ်အသားဟာ ကိုနု၊ ကိုအောင်ဆန်း
၁၉၃၈-အထွေထွေသပိတ်အရေးတော်ပုံကြီးရဲ့ အမှတ်အသားဟာ – ကိုဗဟိန်း (သခင်ဗဟိန်း)၊ ကိုလှရွှေ (ဒေါက်တာလှရွှေ) လို့ ဆိုကြပါတယ်။
ဒီလို ဆိုရင် …
ဗမာပြည် လွတ်လပ်ရေးကျေညာပြီးနောက်ပိုင်း၊ စစ်အာဏာရှင်အုပ်စိုးမှု ဆန့်ကျင်ရေးတိုက်ပွဲတွေအတွင်းက ၁၉၆၂ – ၇ ရက် ဇူလိုင် အရေးတော်ပုံကြီးရဲ့
အမှတ်အသားဟာ ဘယ်သူတွေဖြစ်မလဲ။
ကျနော်ကတော့ ကျနော့်ရဲ့တဦးချင်းအမြင်အရ …၁၉၆၂ – ၇ ရက် ဇူလိုင် အရေးတော်ပုံကြီးရဲ့
အမှတ်အသားကတော့ ကိုသက် (ဗကသ)၊ ကိုဗဆွေလေး (တကသ)
လို့ပဲ ဆိုလိုက်ချင်ပါတယ်၊၊ သတ်မှတ်လိုက်မိပါတယ်။
နောက်ထပ် အမြဲလိုလို အမှတ်ရနေသင့်တာတခုကတော့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေ တဲ့ကြားက မြောင်းမြသား တက္ကသိုလ်ကျောင်းသား ‘ကိုကျော်ဝင်း’ ဟာ သူ့ ခန္နာကိုယ်ပေါ်က စီးကျလာနေတဲ့ သွေး တွေနဲ့ကို မန္တလေးဆောင်နံရံပေါ်မှာ ရေးထိုးပြသွားခဲ့တဲ့ “၇ ရက် ဇူလိုင် မမေ့ကြနဲ့” ဆိုတဲ့ သွေးသစ္စာ ကမ္ပည်းစာတန်း လို့ပဲ ဆိုလိုက်ချင်ပါတယ်။ ၊၊
ဝင်းတင့်ထွန်း
၁၃၊ ၆ ၊ ၂ဝ၁၁
No comments:
Post a Comment