မှော်ဝင် ပန်းချီကားတချပ်
တကယ်တော့ သူသည် ပန်းချီကို သိပ်ခံစားတတ်လှသူတော့ မဟုတ်ပါ။ လီယိုနာဒိုဒါဗင်ချီ (Leornado Da Ving) ၏ မိုနာလီဇာအပြုံး၊ ဗင်ဂိုး၏ အာလူးစားသူများ စသည့် ကမ္ဘာကျော်ပန်းချီများကိုပင် အပြည့်အ၀ ခံစားနားလည်တတ်သူပင် မဟုတ်ပါ။
သို့သော် စွဲမိစွဲရာဆိုသလိုပင် စိတ်ထဲတွင် မှတ်မှတ်ထင်ထင် ဖြစ်နေတတ်သောပန်းချီကားများလည်း ရှိပါသည်။ ဥပမာ .. ပေါ်ဦးသက်၏ မိသားစုပန်းချီကားလိုမျိုး။ နောက် ဘယ်ပန်းချီဆရာ ရေးဆွဲထားမှန်း သူမသိသော ပန်းချီမျိုးလည်း မှတ်မိနေတတ်ပါသည်။ နာဇီစစ် သားတဦးက သေနတ်ဖြင့်ပစ်အံ့ဆဲဆဲအနေအထားတွင် မလုံခြုံမှန်းသိလျက်နှင့် သားငယ်ကိုရင်နှင့်ဝှက်ကာ ကာကွယ်ထားသည့် မိခင်တဦး ၏မေတ္တာကို ထင်သာစေသည့်ပန်းချီကားတချပ်ကို သတိရနေတတ်လေသည်။
နောက်တခုကတော့ ကလေးပန်းချီ တချပ်ဖြစ်ပါသည်။ နယ်စပ်ဒေသက မူလတန်း ကလေးငယ်လေးတဦးရေးဆွဲထားပြီး ပန်းချီကားထဲတွင် ပြုံးတပျော်ပျော် ဖြစ်နေကြသော အဖေအမေကို လက်တဖက်ဆီဆွဲကာ ပန်းခင်းထဲမှာ ကြည်နူးနေရှာသော သမီးငယ်လေးပုံဖြစ်ပါသည်။ လက်တွေ့ဘ၀တွင် မဖြစ်နိုင်တော့သည့် ဘ၀အိပ်မက်ကိုရေးဆွဲထားသည့် ကလေးငယ်လေး၏ခံစားချက်ကို ပန်းချီကားလေးက အတိုင်း သား ဖော်ပြနေသည်ကိုး ...။
အလို .. သူ့စိတ်ထဲမှာ မှတ်မှတ်ထင်ထင်ဖြစ်နေတတ်သော ပန်းချီကားတွေက မိသားစုမေတ္တာဖွဲ့တွေပါလား။
ဟုတ်တော့လည်း ဟုတ်သည်။ အထူးသဖြင့် ယခုတလော သူ့စိတ်ထဲ မကြာမကြာ မြင်ယောင်နေမိတတ်သလို အဖန်ဖန်လည်း ကြည့်မိ နေသာပန်းချီကားလေးမှာ မင်းကိုနိုင်၏ အမေဆိုသည့် ပန်းချီကားလေး ဖြစ်ပါသည်။
ယခုနောက်ဆုံး အဖမ်းခံရသည့် နံနက်ကပင် မိခင်ဖြစ်သူအား “သားခဏ လိုက်သွားဦးမယ်။ ညနေ ပြန်လာခဲ့မယ်”ဟု နှစ်သိမ့်သွားခဲ့သော ကိုမင်းကိုနိုင်သည်လည်း အမေချစ်သူတဦးဖြစ်မှန်း သူ့ပန်းချီကားလေးက ထင်ရှားစေပါသည်။
ကိုမင်းကိုနိုင်၏ ဖခင်သည် ပန်းချီကျော်တဦး ဖြစ်ပါသည်။ သို့သော် ကိုမင်းကိုနိုင်သည် ပန်းချီထက် ကဗျာလေးတွေရေးတာကိုသာ ဖတ်ဖူးပါ သည်။ သူရေးသော ပန်းချီကားဆို၍ ဒီ “အမေ” ဆိုသည့် ပန်းချီကားလေးတခုသာ မြင်ဖူးပါသည်။ ပန်းချီကားလေးသည် အလင်းတွေ အရောင်တွေ အနီးအဝေး အနုအရင့် စသည့် ပန်းချီစည်းကမ်းတွေကို အပြည့်အ၀လိုက်နာထားသည် မဟုတ်ဟု ထင်ပါသည်။ သို့သော် ခံစားမှုကို အသားပေးရေးဆွဲထားသဖြင့် ပန်းချီကားသည် ပိုလို့ပန်းချီ (အနုပညာ) ဆန်နေသည်ဟု ထင်ပါသည်။
ကိုမင်းကိုနိုင်၏ အမေပန်းချီကားထဲတွင် အမေသည် အိမ်တံခါးလေးကိုကိုင်ရင်း အဝေးဆီမှပြန်လာမည့်သားကို မျှော်နေပါသည်။ အမေ့ မျက်ဝန်းသည် မှိုင်းမှုန်နေရှာပါသည်။ သို့သော် သားပြန်လာမည်ကိုတော့ အပြည့်အ၀မျှော်လင့်ယုံကြည်နေမှန်း ထင်သာနေပါသည်။
ဘေးနံရံပေါ်တွင်တော့ ကြက်ခြေခတ် အနီတွေထင်းနေသည့် ပြက္ခဒိန်လေးတခု။ သားပြန်မလာသေးသည့် ရက်စွဲတွေကို ရေးခြစ်ထားသည် မှာ ဘယ်လောက်မျးခဲ့ပြီမသိ။ ပန်းချီကားထဲတွင် ဖတ်လက်စ စာအုပ်တအုပ်နှင့် ဘောပင်လေးတွေရှိသည်။ သား၏ဘောလုံးတလုံးလည်း ရှိနေသည်။ ဂစ်တာစိမ်းလေးတလက်ကလည်း ဖုံတွေတက်၊ ကြိုးတွေလည်း လျော့နေမည် ထင်သည်။ လွယ်သူမဲ့နေ(မျှော်နေ)ရှာသော လွယ်အိတ်လေးတလုံးကလည်း နံရံမှာ ချိတ်လျက်။
ကိုမင်းကိုနိုင်သည် သူ၏ အမေဟူသော ပန်းချီကားလေးကို အရောင်မှိန်မှန်လေးရေးထားပါသည်။ သို့သော် အနက်အဓိပ္ပါယ်ခံစားမှုက တော့ လင်းလက်နေပါသည်။
ကိုမင်းကိုနိုင်သည် သူ့အမေကို “ညနေ ပြန်လာခဲ့မယ်” ဟု ဆိုခဲ့ပါသည်။ သူ့အမေလည်း ပန်းချီကားလေးထဲကလို မျှော်နေရှာရော့မည်။ သူ့လိုပင် ကျနော်တို့ကိုမျှော်နေသော အမေတွေလည်း အများအပြား ရှိနေပါသည်။ ကျနော်တို့လည်း အိမ်ကို ပြန်ချင်လှပါပြီ။ ယခုအချိန်ထိ တော့ ကျနော်တို့အမေတွေနှင့် ဝေးကွာနေဆဲဖြစ်ပါသည်။
သူရိန်ထက်
အောက်တိုဘာ ၁၈၊ ၂၀၁၁
(၀န်ခံချက် - လွန်ခဲ့သော ၆ နှစ်ခန့်လောက်က မိုးမခ၊ ဘားမားတူဒေး၊ ဟစ်တိုင်တို့တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ် ပါသည်)
No comments:
Post a Comment