တင်းပြည့် တော်လှန်သူ အမျိုးသမီးနိုင်ငံရေးသမားများ (Women Political Citizenship) နှင့် နိုင်ငံရေးပြိုင်ကွင်း ( Political Arena)
သိပ်မထူးဆန်းတဲ့ မေးခွန်းတခု ခေါင်းထဲကို မကြာခဏ ၀င်လာလေ့ရှိမှာပါ၊ အဲဒါက ဘာကြောင့် အမျိုးသမီးတွေဟာ ခေါင်းဆောင်ပိုင်းနဲ့ ခေါင်းဆောင်မှုနယ်ပယ်တွေမှာ ကိုယ်စားပြုမှုနည်းပါးကြတာလဲ။ သို့မဟုတ် အဲလို နေရာတွေကို မရနိုင်ကြတာလဲ၊ ရထားတဲ့ နေရာအရေအတွက် ဘာလို့ လျော့နည်းနေသေးတာလဲ၊ ဘာတွေက တားဆီးထားတာလဲ၊ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရသလဲ၊ အမျိုးသမီးတွေရဲ့ အသုံးမကျမှု၊ အားနည်းမှုကြောင့်လား ဆိုတဲ့ မေးခွန်းတွေကလည်း နောက်ဆက်တွဲ စဉ်းစားစရာတွေ ဖြစ်လာမှာပါ၊ ဒီလိုမှ မဟုတ်ရင်လည်း ကနေ့ လူ့အဖွဲ့အစည်းရဲ့ ကျင့်သုံးဆဲ ဖြစ်နေတဲ့ မဟာဖိုဝါဒကဘဲ အဆုံးစွန် ကန့်သတ်ထိန်းချုပ်ထားတဲ့ ၀န်ရိုးကြီးတခုလား ဆိုတာ တွေးတောစရာ ဖြစ်နေတယ်။
၁၉၉၅ ခုနှစ် ယူအန်ဒီပီက ထုတ်တဲ့ လူသားအရင်းအမြစ်ဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး အစီရင်ခံစာရဲ့ သုတေသနစာတမ်းတစောင် ပေါ်ထွက်လာပါတယ်၊ စိတ်ဝင်စားစရာကောင်းတာက နိုင်ငံရေးနယ်ပယ်အတွင်း အမျိုးသမီးများ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး “နိုင်ငံရေးနယ်ပယ်ဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ မွေးရာပါ ပါဝင်ခွင့်ရှိတဲ့ ကြီးမားတဲ့ အခန်းကဏ္ဍ တခုဖြစ်ပါတယ်၊ သို့ပေမဲ့လည်း အဲဒီ နယ်ပယ်ဟာ အမျိုးသားတွေ ထိန်းချုပ်ထားတဲ့ ကွင်းတခု၊ ကဏ္ဍတခုပုံစံသာ ဖြစ်နေသေးပါတယ်” လို့ ဖွင့်ထုတ်ထားပါ ပါတယ်။ ဘာကြောင့် ဒီစာတမ်းကနေ ထုတ်ဖော်ပြောရသလဲ၊ စာတမ်းထဲမှာ ပြောထားတာက နိုင်ငံတိုင်းမှာရှိတဲ့ အစိုးရအဖွဲ့တခုချင်းဆီမှာ အမျိုးသမီး ကိုယ်စားလှယ် အရေအတွက်က သတိပြုစရာ ဖြစ်နေအောင် နည်းပါးနေတာကို တွေ့ရလို့ပါပဲ။ နှိုင်းယှဉ်ကျစတမ်းဆိုရင် ၁၉၉၀ ခုနှစ် စစ်တမ်းတွေအရ အမျိုးသမီး လှုပ်ရှားမှု၊ ပါဝင်နိုင်မှု အရှိန်အဟုန်တွေ ကောင်းလှပါတယ်ဆိုတဲ့ မြောက်ပိုင်း ဥရောပ နိုင်ငံတွေမှာတောင် လွှတ်တော်ကိုယ်စားပြု အမျိုးသမီးအရေအတွက်ဟာ အားရစရာ မကောင်းလှဘဲ၊ သူတို့ရဲ့ ပါဝင်နိုင်မှုဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ တွက်မယ်ဆိုရင် နည်းနေပါသေးတယ်။
နောက်တခါ ဥရောပ သမဂ္ဂရဲ့ မူဝါဒတွေထဲမှာ အမျိုးသမီးတွေကို ခေါင်းဆောင်မှုနေရာတွေမှာ ပိုမို ပါဝင်နိုင်ဖို့၊ ဒါကို တွန်းအားပေးနိုင်ဖို့အတွက် အဖွဲ့ဝင် နိုင်ငံအားလုံးက လိုအပ်တဲ့ အခွင့်အလမ်းမှန်သမျှ ဖွင့်ပေးနိုင်ဖို့ ကြိုးစားပေးပြီး တစိုက်မတ်မတ် အာရုံစူးစိုက် လုပ်ဆောင်သွားဖို့ တညီတညွတ်တည်း သဘောတူထားကြပါတယ်၊ ဒီနေရာမှာလည်း တခါ ပြန်တွေ့ရတာက လူဖြူ အမျိုးသားတွေက ခေါင်းဆောင်မှုပိုင်းမှာ နေရာတော်တော်များများ ယူထားနိုင်ပြီးသား ဖြစ်ပြီး ကျန်တဲ့ အနည်းစု နေရာလောက်မှာသာ အမျိုးသမီးတွေရယ်၊ လူမည်းတွေရယ်၊ အခြား လူမျိုးစုကိုယ်စားပြု ကိုယ်စားလှယ် တွေကို တွေ့ရမှာပါ၊ ဒါက ဥရောပသမဂ္ဂ ဆိုတဲ့ အဖွဲ့မှာတောင် တွေ့နေရတဲ့ သာဓကတခုပါ။ ဘယ်လိုတော်လှန်ရေးမျိုးမှာမဆို အရေးပါအရာရောက်တဲ့ နေရာတိုင်းမှာ အမြဲတမ်းလိုလို နောက်ကျကျန်နေတာက အမျိုးသမီးများတင် မကပါဘူး။ လူမည်းတွေလည်းပါတယ်။ လူမျိုးစုနွယ်တွေလည်း ပါပါတယ်၊ ဒါပေမဲ့ ဒီဆောင်းပါးထဲမှာတော့ အမျိုးသမီးအခန်းကဏ္ဍကို လေ့လာမယ်၊ အထူးသဖြင့် အစိုးရတရပ်ရဲ့ အုပ်ချုပ်ရေး ကိုယ်ထည်တခုလုံးနဲ့ နိုင်ငံရေး ပြိုင်ကွင်းထဲမှာ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို ကိုယ်စားပြုပြီး ပါဝင်နေတဲ့ အနေအထားဟာ တပိုင်းတစ အမျိုးသမီး နိုင်ငံရေးသမား အနေနဲ့လား။ တင်းပြည့် အမျိုးသမီး နိုင်ငံရေးသမားလားဆိုတာကို ပြန်စဉ်းစားတဲ့ အခြားရှုထောင့်တမျိုးနဲ့ပေါ့။
အမျိုးသမီးထု တရပ်လုံးဟာ ရာစုနှစ်နဲ့ ချီပြီး ကဏ္ဍပေါင်းစုံမှာ နောက်ကျကျန်နေခဲ့တာပါ၊ ခေါင်းဆောင်ပိုင်းမှာ ရောက်နေတဲ့ အချို့ အမျိုးသားတွေ ကိုယ်တိုင် တွေးနေတာက အမျိုးသမီးတွေမှာ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်း မရှိလှဘူး။ တွေးခေါ်မှုတွေကလည်း စနစ်မကျလှဘူး၊ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဖရိုဖရဲနိုင်လှပါတယ် ဆိုတာမျိုးတွေပေါ့။ ဒါပေမဲ့ လှုပ်ရှားမှုတခု၊ တော်လှန်ရေးတခု ဖြစ်လာပြီဆိုရင် အမျိုးသမီးတွေရဲ့ ပါဝင်လှုပ်ရှားမှုနဲ့ သူတို့ရဲ့ အင်အားတွေကိုတော့ မေ့မထားပါဘူး၊ သို့သော်လည်း ခေါင်းဆောင်မှုပိုင်းအထိ လက်တွဲခေါ်လာဖို့တော့ အရည်အသွေး မပြည့်လှဘူးလို့ ရာစုနှစ်နဲ့ချီပြီး တွေးတောခံထားခဲ့ရပါတယ်။
အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ဟာ အကြောင်းအရာပေါင်းစုံ၊ ခေါင်းစဉ်မျိုးစုံအောက်မှာ မှေးမှိန်ခဲ့တယ်။ ချောင်ထိုးခံထားခဲ့ရပါတယ်။ အသုံးမပြုတဲ့ ဓားများ သံချေးတက်သွားသလိုပဲ။ ရာစုနှစ်နဲ့ ကြာလာတော့ အမျိုးသမီးတွေ ကိုယ်တိုင်က သူတို့ကိုယ်သူတို့ အရည်အသွေးပြည့်သူတွေမဟုတ်ဘူးလို့ သံမှိုနှက်ထားပစ်လိုက်ကြတယ်၊ လူ့အဖွဲ့အစည်းရဲ့ ရာစုနှစ်များစွာ ပုံသွင်းမှုနဲ့အတူ ကျမတို့ အမျိုးသမီးထုဟာ ကြီးပြင်းခဲ့ရတယ်၊ လူ့အဖွဲ့အစည်းရဲ့ ပုံသွင်းခံရမှုကြောင့် မိမိကိုယ်ကို ပုံသွင်းခံ ပုံစံခွက် တခုထဲမှာ နစ်မြှုပ်ခံနေရမှန်းမသိ ဖြစ်နေခဲ့တယ်။
အလားတူ ဆက်လက်ဆွေးနွေးနိုင်တာက အမျိုးသမီးတွေက ရပ်ရွာအဆင့်ကနေစပြီး နိုင်ငံတကာအဆင့်အထိ အခြေခံ လူသားဆိုင်ရာ ကျင့်ဝတ်နဲ့ အခွင့်အရေးတွေကို တောင်းဆိုတဲ့ အခါတိုင်းမှာ ပါဝင်လှုပ်ရှားကြတယ်၊ သို့ပေမယ့် ဆန္ဒပြတောင်းဆိုသူ အဆင့်လောက်မှာဘဲ ရပ်တန့်ပစ်လိုက်ကြတယ်။ တနည်းဆိုရရင် မတရားမှုကို တရားသဖြင့်ပြောင်းလဲအောင် ဆန္ဒပြကြတဲ့ အခါတိုင်း၊ နောက်ပြီး အခြားနိုင်ငံသားဆိုင်ရာ အခွင့်အရေးတွေကို တောင်းဆိုတိုင်းမှာ သူတို့ဟာ ဆန္ဒပြသူတွေအဖြစ် အကျအန ပါဝင်မယ်။ အောင်မြင်သွားရင်တော့ မူလကိုယ့်အလုပ်ကိုပဲ ကိုယ် ပြန်လုပ်နေမယ်၊ မအောင်မြင်နေသေးရင်လဲ တော်လှန်သူအဖြစ် တဆင့်တက် ကြိုးစားမယ်၊ ဒီအနေအထားတွေနဲ့ ယနေ့အထိ သွားနေသေးတာကို တွေ့နေရပါသေးတယ်။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ဆန္ဒပြသူ။ တော်လှန်သူ အဆင့်မှာဘဲ ရပ်နေသေးတဲ့ သဘောပါ။ မိမိရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ဒါ့ထက်ပိုပြီး အသုံးချနိုင်တယ်ဆိုတာကို လျစ်လျူရှုထားကြပါတယ်။
ယေဘုယျအားဖြင့် အမျိုးသမီးနဲ့ နိုင်ငံရေး အခန်းကဏ္ဍဆိုတာကို စဉ်းစားတဲ့ အချိန်မှာ ပါဝင် ပတ်သက်မှု အဆင့်နှစ်ဆင့် ရှိတယ်လို့ ရုသ်လစ်စတာ က ဆွေးနွေးထားတယ်၊ ဒါက အစိုးရတရပ်ရဲ့ အုပ်ချုပ်ရေး ကိုယ်ထည်မှာ ပါဝင်နိုင်မှုနဲ့ နိုင်ငံရေး ပြိုင်ကွင်းတွင်း ပါဝင်နေမှုဆိုတာပါပဲ။ ယေဘုယျ မြင်နေရတာက အမျိုးသမီးတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု၊ သို့တည်းမဟုတ် အဆင့်တဆင့်မှ နောက်ထပ် နိုင်ငံရေး အသွင်ကူးပြောင်းတဲ့ အဆင့်တိုင်းအတွက် လှုပ်ရှားတဲ့အခါ သူတို့ရဲ့ဟာ အစိုးရတရပ် (သို့) အတိုက်အခံ တခုရဲ့ ယန္တရားထဲမှာ အဓိက ပါဝင်မနေဘူး။ နိုင်ငံရေးပြိုင်ကွင်းထဲမှာ တင်းပြည့် ၀င်ကစားသူလို့လဲ မသတ်မှတ်ကြဘူး၊ ဘာဖြစ်လို့လဲဆိုတာကို လစ်စကာ ထောက်ပြတာက အမျိုးသမီးတွေဟာ အမျိုးသားတွေ ထက်စာရင် သူတို့ကိုယ်တိုင် နိုင်ငံရေးလှုပ်ရှားသူ၊ မတရားမှုတွေကို တော်လှန်သူ ဆိုတဲ့ အခန်းကဏ္ဍကနေ နိုင်ငံရေးပြိုင်ကွင်းတွေအထိ သွားဖို့ စိတ်မ၀င်စားလှဘူးလို့ ပြောပါတယ်၊
တနည်းအားဖြင့် အမျိုးသမီးတွေဟာ သူတို့ရဲ့ ထက်မြက်တဲ့ အရည်အသွေးတွေကို အသုံးပြုပြီး ပြောင်မြောက်တဲ့ အခန်းကဏ္ဍကနေ နိုင်ငံရေးပြိုင်ကွင်းမှာလည်း ကစားနေနိုင်တယ်ဆိုပေမဲ့လည်း သူတို့ကိုယ်တိုင်က သူတို့အရည်အသွေးတွေကို သင်္ဂြိုဟ်ပစ်တတ်တယ်။ လျစ်လျူရှုလိုက်တယ်။ ပြီးတော့ လှုပ်ရှားသူ၊ တော်လှန်သူ အနေအထားကနေဘဲ တောက်လျှောက်ပါဝင်လာတာကို သတိပြုမိတာပါပဲ။ လစ်စတာ ရဲ့ သဘောအရ ယနေ့ လူ့အဖွဲ့အစည်းဟာ အမျိုးသမီးများအပေါ် အဆုံးစွန်ကန့်သတ် ထိန်းချုပ်မှုတွေ ရှိနေတဲ့အပြင် အမျိုးသမီးတွေ ကိုယ်တိုင်မှာပါ အထက်မှာ ဖော်ပြခဲ့သလို ယုံကြည်ချက်တွေ အားနည်းနေတယ် ဆိုတာပါပဲ။
အမျိုးသမီးတွေ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်လာဖို့ကလည်း တခါတလေ နောက်ထပ် အသွင်တမျိုးပုံစံနဲ့ ရှိနေတတ်ပြန်ပါတယ်၊ နိုင်ငံရေးလှုပ်ရှားမှုမှာ သားသည်အမေတွေ။ သားပျောက်မိခင်တွေရဲ့ မခံမရပ်နိုင်တော့တဲ့ ခံစားမှုပုံစံတွေနဲ့ တော်လှန်မှု ဖြစ်စဉ်တွေကနေတဆင့် နိုင်ငံရေး နယ်ပယ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်လာနိုင်တဲ့ အခြေအနေမျိုးတွေပေါ့။ သို့သော် အဲဒီအပေါ်မှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးနယ်ပယ်မှာ ပါဝင်ပတ်သက်မှုလို့ မြင်တာထက် သားသည်အမေတွေ ပါဝင်ပတ်သက်မှုဆိုတဲ့ အမြင်က ပိုအလေးကဲပါတယ်၊ ဆာရာရက်ဒစ် ထောက်ပြတာက သားသည်အမေတွေရဲ့ လှုပ်ရှားမှု၊ နိုင်ငံရေးမှာ ပါဝင်မှုဆိုတာ အမြဲတစေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ အတူသွားတယ်။ ငြိမ်းချမ်းရေးကိုသာ ပိုမို ဦးတည်တယ်။ အကြမ်းမဖက် လှုပ်ရှားမှု အသွင်ကို ဆုတ်ကိုင်ပြီး ပြောင်းလဲဖို့ ကြိုးစားကြတယ်လို့သာ အကြောင်းပြ ငြင်းဆိုပါတယ်။
ဒါကရော အမျိုးသမီးတွေ နိုင်ငံရေးနဲ့ ပါဝင်ပတ်သက်တဲ့အခါတိုင်း လူ့အဖွဲ့အစည်းရဲ့ ခေါက်ရိုးကျ တွေးခေါ်နည်းတွေလား ဆိုတာ စဉ်းစားစရာပါပဲ။ နမူနာပေးရရင် အာဖရိကနဲ့ လက်တင်အမေရိကနိုင်ငံများက အချို့သော အမျိုးသမီးအဖွဲ့တွေရဲ့ စတင်စုစည်းမှုမျိုးတွေမှာ လေ့လာနိုင်ပါတယ်၊ ဥပမာ – လက်တင်အမေရိကနိုင်ငံ တခုဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံက မားဒရက်အော့ဖ် သည် ပလာဇာ ဒီ မာရို ဆိုတဲ့ အဖွဲ့မျိုးပါ၊ စတင်ဖွဲ့စည်းချိန်က သူတို့ စုစည်းမှုဟာ သားပျောက်မိခင်၊ လင်ပျောက်မိန်းမတွေရဲ့ ခံစားမှုတွေ စုဆုံရာ အဖွဲ့လေးတခု အဖြစ်ကနေ လူထုလှုပ်ရှားမှုတွေ ဖြစ်စေတဲ့အထိကို အရှိန်အဟုန် ကောင်းစေခဲ့ပါတယ်။ ဒါဟာလည်း အမျိုးသမီးထုရဲ့ နိုင်ငံရေးပြိုင်ကွင်းထဲကို အသွင်တမျိုးနဲ့ ၀င်ရောက်မှုပါ။
အစိုးရတရပ်အုပ်ချုပ်မှု ကိုယ်ထည်နဲ့ နိုင်ငံရေး ပြိုင်ကွင်းတွေ အထိ အမျိုးသမီးတွေ ပါဝင်တက်လှမ်းလာနိုင်ဖို့ရာ အခြားအဆုံးစွန်ဆုံး တားဆီးမှုတွေအပြင် ၄င်းတို့ကိုယ်တိုင်ကိုက နိုင်ငံရေးနဲ့ ပတ်သက်တဲ့အခါတိုင်း မိမိကိုယ်ကို အဆင့်တဆင့်မှာ လျှော့ချထားခြင်းကလည်း အရင်တုန်းကရော ယခုလက်ရှိအခြေအနေမှာပါ လူ့အဖွဲ့အစည်းရဲ့ ကန့်သတ်ချက်တွေအဖြစ် ရောယှက် ရှုပ်ထွေးလို့နေတယ်၊ အနည်းစု အမျိုးသမီးတွေကတော့ တမူထူးခြားစွာ သူတို့ရဲ့ အစမ်းသပ်ခံ အရည်အသွေးတွေနဲ့အတူ အထက်က ရောယှက်ရှုပ်ထွေးမှုတွေကို ဖြတ်ကျော်ပြီး နိုင်ငံရေး နယ်ပယ်နဲ့ ကစားကွင်းတွေထဲမှာ ကျကျနန ကစားနေတာကိုလည်း အားရစရာ မြင်တွေ့ရပါတယ်၊ သို့သော် အရည်အတွက်က အင်မတန် နည်းနေသေးတာကိုတော့ သတိထားမိမှာပါ၊ အမှန်တော့ ဒါကို အားရစရာကောင်းတဲ့ တိုးတက်မှုလို ယနေ့အထိ ပြောလို့မရသးပါဘူး၊ ရှေ့ဆက် သွားဖို့ လိုပါသေးတယ်။
နောက်တချက်က နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ အမျိုးသမီးများရဲ့ ပါဝင်မှု အခန်းကဏ္ဍတိုင်းဟာ ကြီးမားလှတယ်ဆိုတာ မငြင်းနိုင်ပါဘူး၊ သို့သော် အမျိုးသမီးများ ပါဝင်နေနိုင်ပြီဆိုတဲ့ အဆင့်မှာပဲ ကျမတို့ရပ်နေမလား၊ နောက်ထပ် တပိုင်းတစ အမျိုးသမီး နိုင်ငံရေးသမားတွေ အဖြစ် တပိုင်းတစ ပါဝင်ရာကနေ တင်းပြည့် အမျိုးသမီးနိုင်ငံရေးသမားများဖြစ်ဖို့ ဘာတွေ ဆက်စဉ်စားဖို့ လိုနေသေးလဲ၊ စွမ်းရည်တွေကို လျစ်လျူရှုပစ်တတ်တဲ့ ကိုယ်ကိုယ့်ကိုလဲ ပြန်လည်ပြုပြင်ဖို့ လိုပါသေးတယ်။ တဖက်က ခေါင်းစဉ်ပေါင်းစုံနဲ့ ရှိနေတဲ့ အဆုံးစွန်တားဆီးမှုတွေကိုလည်း ခုခံတွန်းလှန်ရင်းပေါ့။ ကျမတို့ ဘယ်နေရာမှာ ရှိနေလဲ၊ ဘယ်လိုလှုပ်ရှားမှု နိုင်ငံရေး ရေစီးကြောင်းထဲမှာလဲ၊ ဆန္ဒပြသူနေရာကလား။ တော်လှန်သူလား။ တပိုင်းတစ အမျိုးသမီးနိုင်ငံရေးသမားလား။ တင်းပြည့် အမျိုးသမီး နိုင်ငံရေးသမားတွေ အဖြစ်နဲ့လား ဆိုပြီး ကိုယ်ရောက်နေတဲ့ နေရာကို သေချာဆန်းစစ်ဖို့ လိုပါတယ်။
အင်္ဂလန်နိုင်ငံမှာ လက်ရှိ အာဏာရ လေဘာအစိုးရရဲ့ ကတ်ဘိနက် အဖွဲ့ဝင်တဦးလည်းဖြစ် လွှတ်တော်အမတ်တဦးလည်း ဖြစ်တဲ့ ရုသ်ကယ်လီက လက်ရှိ အမျိုးသမီး ပါလီမန် အမတ်တွေရဲ့ ပုံရိပ်တွေကို ယခုလိုစကားစုနဲ့ ရေးခြယ်မှုန်းခဲ့ပါသေးတယ်။ “ပါလီမန်မှာ မနက်စောစော မဲပေးရမယ်ဆိုရင် အစောဆုံး မဲသွားပေးနိုင်သူတွေက အမျိုးသားအမတ်တွေပါပဲ။ အမျိုးသမီးတွေကတော့ မနက် ၁၀နာရီနောက်ပိုင်းမှသာ မဲပေးနိုင်ကြတယ်။ သိတဲ့အတိုင်း ကျမတို့က ကလေးတွေအတွက်ရော၊ အိမ်မှုကိစ္စအတွက်ပါ ပါလီမန် မတက်ခင် စီမံခန့်ခွဲနေရသေးတာကိုး။”
အမျိုးသမီးများ နိုင်ငံရေးပြိုင်ကွင်းမှာ ပါဝင်လာနိုင်ဖို့ အလေးအနက် စဉ်းစားတဲ့အခါ လက်ရှိအတားအဆီး၊ အခက်အခဲတွေကို အတတ်နိုင်ဆုံး လျှော့ချပေးရပါမယ်၊ ပြီးတော့ ပြိုင်ကွင်းနဲ့ အုပ်ချုပ်ရေး ကိုယ်ထည်တွေဟာ အမျိုးသမီးတွေအတွက် သူစိမ်းပြင်ပြင် နေရာတခု ဖြစ်မနေသင့်ဘဲ လိုက်လျောညီထွေမှု ရှိတဲ့ သွင်ပြင်ပုံစံတွေအနေအထားကို ပြောင်းလဲပစ်ပေးရမှာပါ။
အကြံပြုချင်တာက နိုင်ငံရေးနယ်ပယ်အတွင်းမှာ လှုပ်ရှားတက်ကြွနေသူ အမျိုးသမီးတိုင်း ပြန်ဆန်းစစ်သင့်တာက ကိုယ်ဘယ်လို အနေအထားနဲ့ ပြိုင်ကွင်းအတွင်း လှုပ်ရှားနေသလဲ။ ဘယ်အဆင့်မှာလဲ ဆိုတာပါ၊ ခေါင်းဆောင်မှုပိုင်းမှာ အမျိုးသမီးတွေ ကိုယ်စားပြုမှုနည်းပါးတာကို စဉ်းစားရင် ၁) လူ့အဖွဲဏ္ဍအစည်းရဲ့ ခေါက်ရိုးကျ အမြင်နဲ့ တားဆီးမှု။ ၂) မဟာဖိုဝါဒရဲ့ အခန်းကဏ္ဍ။ ၃) အမျိုးသမီးများ ကိုယ်တိုင်ရဲ့ အားနည်ချက်။ ၄) နိုင်ငံရေး အ၀န်းအ၀ိုင်းဘက်ကလည်း လက်ရှိပြုပြင်ပြောင်းလဲမှု ဆိုတာကို ပိုပြီးလက်တွေ့ကျအောင် ကြိုးစားသင့်တာတွေပါပဲ။ တွေးရုံနဲ့တော့ အလုပ်မဖြစ်လှပါဘူး။ လက်တွေ့ လိုက်လျောညီထွေတဲ့ ခင်းကျင်း ပြင်ဆင်မှုတွေလည်း ရှိနေသင့်ပြီလို့ ဆိုချင်ပါတယ်။
ဒါဆို ကျမတို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှု နိုင်ငံရေး ပြိုင်ကွင်းကရော ဘယ်အနေအထားမှာလဲ၊ ဘာတွေ ဆက်ပြုပြင်ပြောင်းလဲမှာလဲ၊ အမျိုးသမီးတွေကရော တပိုင်းတစ တော်လှန်သူ နိုင်ငံရေးသမားလား။ တင်းပြည့် တော်လှန်သူ နိုင်ငံရေးသမားတွေလား ဆိုတာတွေကိုလည်း ဆက်စပ်ပြီး သုံးသပ်ကြစေချင်ပါတယ်။ ဒါဆိုရင် ရှေ့ဆက်ပြီး ကျမတို့ လုပ်စရာရှိတာ နဲ့ လုပ်ဖို့လိုတာလေးတွေ ထပ်ဖြည့် ထပ်တွေးနိုင်ပြီထင်ပါတယ်။
ရွှေကြာ
ကျမ်းကိုး – Lister, R.1997. Women’s Political Citizenship: Different and Equal. In. Citizenship: Feminist Perspectives. Macmillan. Basingstoke
source.... မျက်ရှု
No comments:
Post a Comment