Friday, August 10, 2012

၁၃၀၀ မေတ္တာ



အဖေသည် 'ဒို့ဗမာအစည်းအရုံး' နှစ်ခြမ်းကွဲသွားခြင်းအတွက် အတော်စိတ်ထိခိုက်ရသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ တပည့်ရင်းတစ်ဦးဖြစ်သောကြောင့် မှိုင်းသခင်အုပ်စုဘက်သို့  ယိမ်းတာတော့မှန်သည်။ သို့ရာတွင် သူက နယ်ချဲ့သမားကိုသာ တိုက်လိုသည်။ အချင်းချင်း မညီမညွတ် မသင့်မတင့်ဖြစ်တာမျိုးကိုတော့ မလိုလား။

    တချို့လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားတွေ ရာထူးလေးရလာသောအခါ ဖောက်ပြန်ချင်လာတာ၊ ကိုယ်ကျိုးရှာချင်လာတာ၊ အချင်းချင်းအပေါ် မောက်မာချင်လာတာတွေ မြင်ရသောအခါ စိတ်ပျက်လာ၏။ ထို့အပြင် ဖက်ဆစ်ဂျပန်နှင့်ပေါင်းတာကိုလည်း မထောက်ခံချင်။ ထို့ကြောင့် နိုင်ငံရေးမှအနားယူပြီး ဘေးထွက်နေလိုက်သည်။ လုံးဝကင်းကင်းရှင်းရှင်းဖြစ်သွားတာတော့မဟုတ်။

    သူ လေးစားချစ်ခင်သော သခင်ထိပ်တင်ကိုယ်တော်ကြီး၊ သခင်မြ၊ သခင်နု၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်လွင် စသောပုဂ္ဂိုလ်များကို အခါအားလျော်စွာ အကူအညီပေးလေ့ရှိ၏။

အထူးသဖြင့်တော့ အမြဲလိုလို ငွေကြေးပြတ်လပ်နေတတ်သော သခင်မိတ်ဆွေများကို အသုံးစရိတ်ထောက်ပံ့ခြင်း၊ အ၀တ်အစားဝယ်ပေးခြင်း၊ ထမင်းကျွေး၊ လက်ဖက်ရည်တိုက်ခြင်း၊ ဆံပင်ညှပ်ခပေးခြင်း စသည်တို့ ပြုလုပ်နေခဲ့သည်။

    သခင်သန်းထွန်းသည် ကွန်မြူနစ်ပါတီကို တည်ထောင်သောအခါ သူနှင့်လက်တွဲရန် အဖေ့ကို လာခေါ်သည်။ အဖေက ငြင်းသောအခါ 'နိုင်ငံရေးမလုပ်ချင်လည်း တိုင်းပြည်အတွက် အကျိုးရှိတာတစ်ခုခုတော့ လုပ်သင့်တယ်'

    ဟု အကြံပေးသည်။ အဖေက ဘက်မလိုက်သတင်းစာတစ်စောင်ထုတ်ဝေပြီး သတင်းမှန်များကို ဖော်ထုတ်ရေးသားဖို့ စိတ်ကူးရသည်။ သတင်းစာတိုက်ထောင်ဖို့ အရင်းအနှီးကမရှိ။ ထို့ကြောင့် ပူတူတူးကလေး ဆေးပေါင်ဒါပြုလုပ်ရောင်းချရင်း ငွေစုသည်။ (နောက်ပိုင်းတွင် သတင်းစာလုပ်ငန်းကို အစပျိုးသည့်အနေဖြင့် ပုံနှိပ်စက်ကလေးတစ်လုံး တည်ထောင်သည်။ မဂ္ဂဇင်းအဖုံးလာရောက်အပ်နှံသော သွေးသောက်ဆရာဦးပြည့်စုံ၏ တိုက်တွန်းချက်ကြောင့် '၀န်ကြီးတမတ်'ဆိုသော ၀တ္ထုတိုတစ်ပုဒ် စတင်ရေးသားရာမှ စာရေးဆရာဖြစ်မှန်းမသိ ဖြစ်လာခဲ့လေသည်။)

ဂျပန်ခေတ်နှောင်းပိုင်းတွင် သူသည် သင်္ဃန်းကျွန်းမှာ မိခင်နှင့်အတူနေထိုင်ရင်း ကလေးဆေးပေါင်ဒါလုပ်ရောင်းနေသည်။ မျက်နှာချင်းဆိုင်ရှိ ဒက္ခိဏာရုံဘုန်းတော်ကြီးကျောင်းတွင် စစ်ပြေးလာသောမိသားစုများ ခိုလှုံနေကြသည်။ ၄င်းတို့ထဲမှ မခင်ညိုဆိုသော မိန်းကလေးတစ်ယောက်ရှိ၏။ သူက ကျောင်းဝင်းထဲမှာ တဲကြီးထိုးပြီး ဖွင့်ထားသော ယာယီမူလတန်းကျောင်းမှ ဆရာမလေးဖြစ်၏။

    သူ့အတန်းတွင် မအေးကြည်ဆိုသူ သွက်လက်ချက်ချာသောကျောင်းသူလေးတစ်ဦးရှိသည်။ မအေးကြည်က ဆရာမလေးမခင်ညိုကို အလွန်ချစ်သည်။ ထို့ကြောင့် သူ့ဆရာမသည် ချောကြောင်း၊ လှကြောင်း၊ အလွန်သဘောကောင်းကြောင်း အစ်ကိုဝမ်းကွဲ သခင်ဖေသန်းကို ပြောပြသည်။ ပြောဖန်များတော့ စိတ်ဝင်စားလာပြီး နှမကို ကျောင်းသွားကြိုသလိုလုပ်ရင်း အကဲခတ်ကြည့်သည်။ မြင်မြင်ချင်းမှာပင် ဆရာမလေးအပေါ် သခင်ဖေသန်း ကြွေသွားတော့သည်။

    ထို့ကြောင့် ဆရာမလေးနှင့်သိကျွမ်းခွင့်ရအောင် ကြိုးစားသည်။ ဒီအတောအတွင်း ကျောင်းရန်ပုံငွေအတွက် အလှူထည့်ဝင်ကြပါရန် နှိုးဆော်လာသောအခါ အကွက်ဝင်သွား၏။ သခင်ဖေသန်းသည် ကျောင်းသို့သွားပြီး အလှူငွေထည့်ဝင်လိုကြောင်း ပြောသည်။ ဆရာမလေးက ၀မ်းသာအားရပေါ့။ အလှူငွေစာရင်း ကြည့်ပါရစေဆိုတော့လည်း ပျာပျာသလဲ။

    သခင်ဖေသန်းက အလှူရှင်တွေထဲက အများဆုံးထည့်ဝင်သော ငွေ၏နှစ်ဆလှူလိုက်သည်။ ဒီနည်းနဲ့ သူ့အပေါ် သတိပြုမိလာအောင်လုပ်သည်။ ထို့နောက် နှမကို ကျောင်းကြိုရင်း ၀င်လာတယ် ဆိုတာကလည်းတစ်မျိုး။ ထိုအချိန်က ရှားရှားပါးပါးဖြစ်သော မြေဖြူခဲတို့ ခဲတံ ပေတံ စသည်တို့ရအောင် ရှာဝယ်ပြီးပေးတာကတစ်မျိုး၊ နည်းအမျိုးမျိုးဖြင့် ရင်းနှီးအောင်လုပ်သည်။

    ဆရာမလေးမခင်ညိုကတော့ ရိုးရိုးအအဆိုတော့ ဒီအကွက်တွေထွင်နေတာမသိ။ အလှူအတန်းရက်ရောသော စေတနာရှင်တစ်ယောက်ဆိုပြီး လေးစားမှုသာရှိ၏။ အတော်အတန်ခင်မင်မှုရလာသောအခါ သခင်ဖေသန်းက တစ်ဆင့်တက်သည်။ မခင်ညိုကို ဖွင့်ဟချစ်ရေးဆိုလာတာတော့မဟုတ်။ စိတ်မရှည်တတ်သော သူ့ထုံးစံအတိုင်း အဖေနှင့်အမေကိုခေါ်ပြီး မခင်ညို၏မိခင်ကြီးထံသွား၍ တစ်ခါတည်းတောင်းရမ်းလေတော့သည်။

    ဒီနေရာမှာ ပြောစရာလေးတစ်ခုရှိသည်။ သခင်ဖေသန်း၏အမေ ဒေါ်ဖွားမျှင်နှင့် မခင်ညို၏အမေ ဒေါ်နှင်းလှိုင်တို့၏အလွန်ခြားနားသော အခြေအနေအကြောင်းပင်ဖြစ်၏။

    ဒေါ်ဖွားမျှင်က စာတစ်လုံးမှမတတ်သော လမ်းဘေးဈေးသည်။ သူ၏အမြင့်ဆုံးအခြေအနေမှာ လမ်းဘေးထမင်းဆိုင်ဖွင့်ဖူးခြင်းပင်ဖြစ်၏။ စရိုက်က နည်းနည်းကြမ်းသည်။ အဆဲအဆိုလည်း သန်သည်။

    ဒေါ်နှင်းလှိုင်က စာတတ်ပေတတ်အမျိုးသမီးကြီးဖြစ်၏။ ရပ်ကွက်ထဲကမိန်းကလေးတွေကို ပရိတ်ကြီးဆယ့်တစ်သုတ်အပါအ၀င် ဘုရားတရားစာများပို့ချခဲ့သူ။ ကွယ်လွန်သူခင်ပွန်း ဦးစံမင်းက အင်ဂျင်နီယာဝန်ထောက်။ သူ ကိုယ်တိုင်ကလည်း ပုဇွန်တောင်ဈေးထဲမှာ ပိုးထည်ဆိုင်ဖွင့်ထားသည်။ အဆင့်အတန်းရှိသည်ဟု ဆိုနိုင်၏။

    သို့တိုင်အောင် လမ်းဘေးဈေးသည်ဖြစ်ခဲ့သူ ဒေါ်ဖွားမျှင်က ပိုပြီးလူရည်လည်သည်။ ခုချိန်တွင် ချောမောလှပသော မိန်းမပျိုကလေးများမှာ အန္တရာယ်တွေဝိုင်းနေကြောင်း၊ ဂျပန်စစ်သားများသည် ပြေးခါနီးကျမှ ပိုပြီးအတင့်ရဲနေကြောင်း၊ မိန်းကလေးငယ်ငယ်မြင်လျှင် ကားပေါ်အတင်းဆွဲတင်ပြီး ခေါ်သွားတတ်ကြောင်း၊ ပြီးလျှင် အိမ်ပြန်မရောက်တော့ဘဲ ဆောင်ကြာမြိုင်သို့ အပို့ခံရတတ်ကြောင်း အခြောက်အလှန့်ကလေးတွေနှင့်ပြောသည်။

    တစ်ဖက်ကလည်း သူ့သားမှာ အလုပ်ကြိုးစားပြီး ၀င်ငွေကောင်းသော ပေါင်ဒါလုပ်ငန်းရှင်လေးဖြစ်ကြောင်း၊ စစ်ကြီးပြီးသွားလျှင် ပေါင်ဒါနှင့် ရေမွှေးစက်ရုံတည်ထောင်ဖို့ အလားအလာရှိကြောင်း၊  ဒါတင်မက အဓိပတိဒေါက်တာဗမော်နှင့် အလွန်ခင်ကြောင်း၊ သခင်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်းတို့နှင့် သူငယ်ချင်းတွေဖြစ်ကြောင်း စသည်ဖြင့် အထင်ကြီးလောက်အောင် ပြောသည်။

    ဒေါ်နှင်းလှိုင်သည် ခပ်နုံနုံ၊ ခပ်အအထဲကတော့မဟုတ်။ သို့တိုင်အောင် သူ့မှာ စဉ်းစားချင့်ချိန်စရာတွေရှိနေ၏။ စုဆောင်းထားသောငွေနှင့် လက်ဝတ်လက်စားတွေက စစ်ပြေးရင်း သုံးစွဲရသဖြင့် အတော်လျော့ပါးနေပြီ။ ပုဇွန်တောင်အိုးဘိုရပ်ကအိမ်ကိုလည်း ပစ်ထားခဲ့ရသည်။ ဘာတွေဖြစ်ကျန်ခဲ့မလဲမသိ။ စစ်ကြီးပြီးလျှင် ပိုးထည်ဆိုင်ပြန်ဖွင့်နိုင်၊ မဖွင့်နိုင်ဆိုတာလည်း မသေချာ။ အရင်းအနှီးလည်း သိပ်မရှိတော့။

    အထူးသဖြင့်ကတော့ သူ၏ကျန်းမာရေးအခြေအနေ တဖြည်းဖြည်းချူချာလာတာကို ထည့်တွက်ရမည်။ ယုံကြည်ရသူတစ်ဦးရဲ့လက်ထဲ သမီးလေးကို စိတ်ချလက်ချ အပ်ထားခဲ့ချင်သောဆန္ဒရှိနေခဲ့သည်။

    မောင်ဖေသန်းဆိုသူသည် လုပ်ရည်ကိုင်ရည်ရှိတာတော့မှန်သည်။ သို့ရာတွင် အသည်းကမည်းမည်း။ ရုပ်ကလည်း ဆိုးသေးသည်။ ဘုကျကျ ခွဂလန့်သမားဟုလည်း နာမည်ထွက်သည်။ သူ့မှာ မက်လောက်စရာတစ်ခုပဲရှိ၏။

    ဒေါ်နှင်းလှိုင်မှာ ၀ံသာနုစိတ်ထက်သန်သူဖြစ်၏။ ဆရာကြီးဒီးဒုတ်ဦးဘချိုနှင့်ရပ်ဆွေရပ်မျိုးဖြစ်ပြီး ခင်ခင်ရင်းနှီးသည်။ ကျုံမငေးသခင်တင်မောင်နှင့် ဆွေမျိုးစပ်တော်သည်။

    မခင်ညိုကလည်း ဆရာချစ်ခေါ် သခင်ချစ်၏ တပည့်တစ်ဦးဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော၊ ဗိုလ်ဇင်ယော်တို့နှင့် ကျောင်းနေဖက်သူငယ်ချင်း။ ၁၃၀၀ပြည့်အရေးတော်ပုံမှာ သပိတ်မှောက်ကျောင်းသူတစ်ယောက်ဖြစ်ပြီး ဗိုလ်အောင်ကျော်တို့နှင့်အတူ စစ်ပုလိပ်များ၏ရိုက်နှက်ခြင်းကို ခံခဲ့ရဖူးသည်။ ခု လက်ရှိမှာလည်း အာရှလူငယ်အဖွဲ့ဝင်။

    သူတို့မိသားစုသည် ဒို့ဗမာအစည်းအရုံးမှ သခင်များအပေါ် လေးစားချစ်ခင်သောသဘောထားရှိသည်။ ထို့အချက်ကြောင့်ပင် ဒေါ်နှင်းလှိုင်က ခေါင်းညိတ်လိုက်ခြင်းဖြစ်၏။

    သခင်ဖေသန်းသည် (တစ်ဖက်မှ စိတ်ပြောင်းသွားမှာစိုးလို့လားမသိ) မင်္ဂလာဆောင်ဖို့ အမြန်ဆုံးစီစဉ်သည်။ ရှားပါးသောကာလမှာပင် ဖိတ်စာလှလှကို ရအောင်ရှာရိုက်သည်။ ဧည့်ခံပွဲကို အတတ်နိုင်ဆုံး ခမ်းနားအောင်လုပ်သည်။

    သခင်ဖေသန်းက ပုဆိုး တိုက်ပုံအင်္ကျီ၊ ခေါင်းပေါင်း ၀ါဝါထိန်ထိန်။ အသားကမည်းမည်းဖြစ်သောကြောင့် အတော်ကြည့်ရဆိုးသည်။ မခင်ညိုကတော့ အ၀ါနုရောင်သတို့သမီးဝတ်စုံဖြင့် အလွန်လှပနေ၏။ ပရိသတ်တချို့မှာ

    'ဒေါ်ခင်နှင်းလှိုင်နှယ်၊ ဘာများကြည့်ပြီး သဘောတူလိုက်ပါလိမ့်'ဟု ဝေဖန်ရင်း နှမြောတသဖြစ်နေကြသည်။

    ဟိုခေတ်က မင်္ဂလာဆောင်ထုံးစံအတိုင်း သြဘာစာဖတ်၊ မင်္ဂလာရတုတွေဆို၊ ဆုံးမသြ၀ါဒစကားတွေ တစ်ယောက်ပြီးတစ်ယောက်ပြော... အချိန်တွေ အတော်ယူရသည်။ သတို့သား၊ သတို့သမီးမှာ မလှုပ်မယှက် ကျုံ့ကျုံ့လေး ထိုင်နေကြရသည်။ သခင်ဖေသန်းသည် ခုလို ငြိမ်ငြိမ်ထိုင်လေ့ရှိသူမဟုတ်။ အလုပ်တစ်ခုအဆက်မပြတ်လှုပ်ရှား လုပ်ကိုင်နေတတ်သူသာဖြစ်၏။ အလ့အကျင့်မရှိသဖြင့် ကြာတော့ ခြေထောက်တစ်ဖက်က ညောင်းညာကိုက်ခဲလာသည်။

    ထိုစဉ်မှာပင် အစီအစဉ်တွေပြီးဆုံးသွားသည်။ ဧည့်ပရိသတ်တွေကို နှုတ်ဆက်ဂါရ၀ပြုဖို့ ထရပ်လိုက်သောအခါ သခင်ဖေသန်း၏ခြေထောက်တစ်ဖက်က ထုံကျင်နေပြီ။ ထို့ကြောင့် လမ်းလျှောက်သောအခါ ထော့နဲ့ထော့နဲ့ဖြစ်နေ၏။ ထိုအခါ နဂိုကမှ အမြင်မကြည်လင်ရတဲ့ကြားထဲ...

    'ဟင်း...အသားကမည်းမည်း၊ ရုပ်က ဆိုးရုံမကဘူး။ ခြေထောက်တစ်ဖက်ကလည်း ကျိုးနေသေးတယ်။ မခင်ညိုလေးတော့ သနားပါတယ်'

    ဆိုပြီး ငိုတဲ့လူတောင်ရှိသည်။

    မခင်ညိုကတော့ 'ဒီလို ထော့နဲ့ထော့နဲ့လမ်းလျှောက်ပုံမျိုးကို မြင်ဖူးသလိုလိုပဲ'ဟု တွေးထင်လိုက်မိလေသည်။

 မောင်ဖေသန်းသည် အသက်၁၇နှစ်အရွယ်တွင် ရန်ကုန်အလယ်ပိုင်း ဒို့ဗမာအစည်းအရုံးကို ဦးဆောင်တည်ထောင်ပြီး အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ကုန်ဈေးတန်း သခင်ဖေသန်းဆိုလျှင် အသက်ငယ်ငယ်၊ ဘုကျကျ၊ မှန်တင်ထင်လျှင် ဘယ်သူ့မျက်နှာမှမထောက်ဘဲ ဒိုးဒိုးဒေါက်ဒေါက်ပြောချတတ်သူဟု လူသိများသည်။

    ၁၉၃၈ သူ့အသက်၂၀အရွယ်တွင် ၁၃၀၀ပြည့်အရေးတော်ပုံကြီး ပေါ်ပေါက်လာသည်။ သခင်ဖိုးလှကြီးခေါင်းဆောင်သော ရေနံမြေသပိတ်တပ်ကြီး ရန်ကုန်သို့ ချီတက် အင်အားပြကြတော့မည်။

သခင်ဖေသန်းသည် ဒို့ဗမာအစည်းအရုံး၏ တာဝန်ပေးချက်အရ သပိတ်တပ်ကြီးကို ချောက်ရေနံမြေမှ ရန်ကုန်အထိ ဦးဆောင်ခေါ်ယူလာရန် သခင်ခေါင်းဆောင်အချို့နှင့်အတူ အသေခံတပ်ဗိုလ်အဖြစ်ဆောင်ရွက်ခဲ့သည်။

    အင်္ဂလိပ်အစိုးရ၏ အနှောင့်အယှက်အမျိုးမျိုး၊ ခြိမ်းခြောက်မှုအမျိုးမျိုး၊ အဟန့်အတားအမျိုးမျိုးကို ရဲရဲရင့်ရင့်ကျော်ဖြတ်ရသည်။ ရာသီဥတုဒဏ်၊ ကြုံရာအိပ် ဖြစ်သလိုစား၊ မိုင်သုံးရာကျော်ခရီးကို လမ်းလျှောက်ချီတက်ရသဖြင့် ပင်ပန်းဆင်းရဲမှုဒဏ်များကို အန်တုကျော်လွှားရသည်။

    ထိုအချိန်တွင် မခင်ညိုသည် ဆရာဖြစ်သင်ကော်လိပ်ကျောင်းသူဖြစ်၏။ ၁၉၃၈ တတိယကျောင်းသားသပိတ်ကြီးဖြစ်လာသောအခါ တက်ကြွစွာပါဝင်လှုပ်ရှားသည်။ အတွင်းဝန်ရုံးကိုသွားဝိုင်းပြီး ပိတ်ဆို့သည်။ စစ်ပုလိပ်တွေက မျက်ရည်ယိုဗုံးနှင့်ထုသည်။ မြင်းနှင့်တိုက်သည်။ နံပါတ်တုတ်တွေနဲ့ဝင်ရိုက်သည်။ သူလည်း နားအုံကို အရိုက်ခံရပြီး ခွေကျသွားသည်။ လဲကျနေစဉ် နောက်တစ်ချက် ထပ်ရိုက်သည်။ ထိုအခိုက်မှာ ကျောင်းသားတစ်ဦးက သူ့အပေါ်မှာ မိုးပြီးဝင်ကာပေးလိုက်သဖြင့် သက်သာသွားသည်။ ထိုကျောင်းသားကတော့  ခေါင်းကွဲသွားသည်။

    ရေနံမြေသပိတ်တပ်ကြီးဝင်လာတော့ သူတို့သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေက သွားရောက်ကြိုဆိုကြသည်။ လက်ခုပ်တီးကြ၊ ကြွေးကြော်သံတွေတိုင်ပြီး အားပေးကြ၊ ပန်းကုံးတွေစွပ်ကြ။

    မခင်ညိုသည် ပန်းကုံးလေးကိုင်ပြီး စောင့်နေသည်။ ထိုစဉ်တွင် တန်းစီပြီးလျှောက်လာသော ရေနံမြေသပိတ်တပ်ဖွဲ့ဝင်တွေထဲမှာ ရှေ့နားညာဘက်အစွန်က လျှောက်လာသူတစ်ယောက်ကို သတိပြုမိ၏။ မည်းမည်းပိန်ပိန်ခြောက်ခြောက်၊ ညစ်ပတ်စုတ်ပြတ်နေသည်။ ခြေထောက်တစ်ဖက်မှာ ပတ်တီးစည်းထားပြီးတော့ ထော့နဲ့ထော့နဲ့လျှောက်လာနေ၏။ မခင်ညိုသည် ကရုဏာသက်မိပြီး ထိုသူဆီ တန်းတန်းမတ်မတ်လျှောက်သွားလိုက်လေသည်။

 ''အဲ့ဒါ ကျုပ်ပဲ''ဟု သခင်ဖေသန်းက ပြောသည်။ သူတို့လက်ထပ်ပြီး နှစ်အတော်ကြာတော့မှ ရှေးဟောင်းနှောင်းဖြစ်တွေ အပြန်အလှန်ပြောကြရင်း ဒီကိစ္စ ပြန်ပေါ်လာခြင်းဖြစ်၏။

    ''ဟင်..တိုက်ဆိုင်လိုက်တာနော်''

    ''အဲဒီတုန်းက လမ်းမှာ ဖိနပ်ပြတ်သွားလို့ ခြေထောက်ဗလာနဲ့လျှောက်လာရတာ။ ကတ္တရာလမ်း အရမ်းပူတော့ ခြေဖ၀ါးမှာ အရေကြည်ဖုတွေ ပေါက်လာလို့ ပတ်တီးစည်းထားရတယ်။ အရမ်းနာလို့ မဖြစ်ဘူးဆိုပြီး အားတင်းလျှောက်လာရတာ။ ဒါကြောင့် ထော့ကျိုးဖြစ်နေတာပေါ့။ ကိုယ်က ရုပ်ဆိုးလို့ထင်တယ်။ မိန်းကလေးတွေက ကိုယ့်ကိုရှောင်ပြီး သူများတွေကိုပဲ ပန်းကုံးစွပ်ကြတယ်။ နို့...နေ့စမ်းပါဦး၊ ညိုက ကိုယ့်ကိုမှ ရွေးပြီးဘာဖြစ်လို့ ပန်းကုံးစွပ်ရတာလဲ''

    ''သိပါဘူး။ ထော့ကျိုးလေးမို့ သနားမိတယ်ထင်ပါရဲ့''

    ''အင်း..ဖူးစာဆိုတာ အတော်ဆန်းကြယ်တာပဲနော်''

    ကရုဏာသက်ခြင်းက စတင်သောအချစ်သည် ကြာရှည်ခိုင်မြဲတတ်သည်ဟု အဆိုရှိ၏။ အဖေသည် ထိုအချက်ကို အခွင့်ကောင်းယူပြီး အမေ့အပေါ် တစ်သက်လုံးလွှမ်းမိုးချုပ်ကိုင်ခဲ့လေသလား။ မေမေကကော။ အဖေဟာ ဘယ်လောက်အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်ကြီးဖြစ်နေပါစေ၊ သူ့မျက်စိထဲမှာတော့ သနားစရာထော့ကျိုးသခင်လေးအဖြစ်ပဲ ထင်မြင်နေခဲ့လေသလား။

    ဘာပဲဖြစ်ဖြစ် အဖေသည် စိတ်လိုလက်ရရှိသောအခါ သီချင်းတစ်ပုဒ်ကို ညည်းလေ့ရှိသည်။ ဒီထဲကမှ စာသားလေးတစ်ကြောင်းကို ထပ် ထပ်ကျော့ပြီး သီဆိုတတ်သည်ဟု ဆို၏။
    '♪♫ .... အသွင်မှာ မည်းပေမယ့်...အသည်းမှာ ပတ္တမြားရောင်ခြယ် .... ♫♪'

 မင်းလူ
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း.. သခင်ဖေသန်း(သာဓု)မှတ်မှတ်ရရစာအုပ်မှ]

No comments:

Post a Comment