တံခါးခေါက်သံ
ဒေါက်ဒေါက် ဒေါက်ဒေါက်
တံခါးခေါက်သံ ဖြစ်ပါသည်။ ကျွန်တော့်တွင် တံခါးတစ်ချပ် ရှိ၏။ ပို၍ တိကျအောင် ပြောရလျှင် ပိတ်ထားသော တံခါးတစ်ချပ် ရှိ၏။ ဒါကြောင့်သာ တံခါးခေါက်သံ ဖြစ်ပေါ်တာပေါ့။ (သို့သော် လောကတွင် ဖွင့်ထားသော တံခါးကို ခေါက်သည့် ကြောင်တောင်တောင် လူတချို့လည်း ရှိနိုင်လေသည်။)
ဒေါက်ဒေါက် ဒေါက်ဒေါက်
တံခါးခေါက်သံ ဖြစ်ပါသည်။ ဤသို့တံခါးခေါက်သံ ထွက်ပေါ်လာခြင်းမှာ တံခါးခေါက်သောသူ ရှိသောကြောင့်ဖြစ်ကြောင်း ထင်ရှားလေသည်။ (သို့သော် လောကတွင် တံခါးခေါက်သူ မရှိဘဲ တံခါးခေါက်သံ ထွက်ပေါ်တတ်သည့် ကြောင်တောင်တောင် တံခါးတချို့လည်း ရှိနိုင်လေသည်။)
ဒေါက်ဒေါက် ဒေါက်ဒေါက်
ကျွန်တော့်တံခါးကို ခေါက်တာ ဘယ်သူလဲ။ လက်နှစ်ဘက်ကို ဘေးကိုကား၍ လျှောက်တတ်သော မပြည့်အိုးတစ်ကောင်လား။ ခေါက်ရိုးကျိုးနေတဲ့ ခပ်ညံ့ညံ့ မြန်မာရုပ်ရှင်လား။ နတ်ရေကန်ထဲက တက်လာတဲ့ နေ့ချင်းကြီးတွေလား။ ကြယ်တွေချည်း စုဝေး တောက်ပနေတဲ့ ကောင်းကင်လား။ အရည်မရ အဖတ်မရ ဟန်လုပ်နေတဲ့ တောကြိုက်စကားပြေလား။ ရှုပ်ရုံသာ ရှုပ်ပြီး တစ်ပွင့်မှ မပွင့်တဲ့ ဟောဟို နွယ်လား။ ရွှေရည်စိမ် မော်ဒန် ပန်းချီကားလား။ စက်သံသာ ကြားရပြီး လက်တံမပါတဲ့ နာရီလား။ ကျောက်ဆူးချထားတဲ့ တိမ်လား။ ဟိုကွေ့မှာ ဟိုတက်နဲ့ လှော်နေတဲ့ လှေလား။ အဲဒါတွေကို ကျွန်တော် တံခါးပိတ်ထားခဲ့တာ ကြာချေပြီ။
ကျွန်တော့်တံခါးကို ခေါက်တာ ဘယ်သူလဲ။ မရွာမယ့်မိုးရဲ့ ထစ်ချုန်းသံလား။ နောက်ဆုံးရထားရဲ့ ဥသြသံ ခပ်တိုးတိုးလား။ တွံတေး စိုးအောင်ရဲ့မယ်ဒလင်လက်သံလား။ မသူတော်(၇)ပါးရဲ့ တောင်စဉ်ခုနှစ်ထပ်က ပဲ့တင်သံလား။ အမြင်မတော် ဆင်တော်နဲ့ခလောက်သံလား။ ဝတ်စုံနက်ဝတ် ဂတ်စတာပိုရဲ့ ခြေသံလား။ မျှော်လင့်ခြင်းမဲ့အိပ်မက်ရဲ့ ရှိုက်ငင်သံလား။ အဲဒါတွေကို ကျွန်တော် တံခါးပိတ်ထားခဲ့သည်မှာ ကြာချေပြီ။
ဒေါက်ဒေါက် ဒေါက်ဒေါက်
ကျွန်တော့်တံခါးကို ခေါက်တာ ဘယ်သူလဲ။ တစ်လှေတည်းစီး ငါးခုံးမတစ်ကောင်ရဲ့အနံ့လား။ မုသာဝါဒကို ဆီပူထိုးရာက ထွက်လာတဲ့ ညှော်နံ့လား။ ပတ်ကျဲရိုး တစ်စီးက ထွက်တဲ့အိတ်ဇောငွေ့အနံ့လား။ ဘဂ္ဂဒတ်က ပျံ့လွင့်လာတဲ့ယမ်းခိုးနံ့လား။ အငွေ့ပေး ဝယ်လို့ ရတဲ့ မိန်းမတစ်ယောက်ရဲ့ကိုယ်က ထွက်တဲ့ အပေါစား မိတ်ကပ် အနံ့လား။ ကျကွဲသွားတဲ့ ကြက်ဥပုပ်တစ်လုံးရဲ့ အနံ့လား။ အဲဒါတွေကို ကျွန်တော် တံခါးပိတ်ထားခဲ့တာ ကြာချေပြီ။
ဒေါက်ဒေါက် ဒေါက်ဒေါက်
ကျွန်တော့်တံခါးကို ခေါက်တာ ဘယ်သူလဲ။ ကျွန်တော် မစားတဲ့အသီးအရွက်နဲ့အသားတွေလား။ (ဥပမာ ဒူးရင်းသီးနဲ့အမဲသား)။ မူးယစ်စေတတ်တဲ့ အရည်အဖတ်နဲ့အငွေ့တွေလား။ ဆိုကရေးတီးရဲ့အဆိပ်ခွက်လား။ ဓါးသွားပေါ်က ပျားရည်တစ်စက်လား။ လူတိုင်းအရသာခံ သောက်နေကြတဲ့ မိုးခါးရေ တစ်ပေါက်လား။ အဲဒါတွေကို ကျွန်တော် တံခါးပိတ်ထားခဲ့သည်မှာ ကြာချေပြီ။
ဒေါက်ဒေါက် ဒေါက်ဒေါက်
ဒေါက်ဒေါက် ဒေါက်ဒေါက်
ဒေါက်ဒေါက် ဒေါက်ဒေါက်
ကျွန်တော့်တံခါး ခေါက်ခေါက်နေတာ ဘယ်သူလဲ။ သေချာတာ တစ်ခုတော့ ရှိသည်။ ထိုသူသည် ကျွန်တော်၏ တံခါးပိတ်ထား ခြင်းကို ခံရသောသူသာ ဖြစ်ပေမည်။ သို့မဟုတ် ခံရသော အရာသာဖြစ်ပေမည်။ ထိုသူသည် စတာလင်လား။ အရေခွံ လဲထားသော မြွေလား။ ယေရှုခရစ်လား၊ အကြမ်းစား ခံစားမှုလား။ ဆမ္မာဆက်မွန်လား။ ကျေးဇူးကန်းတဲ့ ကျီးမိုက်လား။ ဒါဝင်လား၊ အနုပညာ အတုလား။ အတောင်မပါတဲ့ လိပ်ပြာလား။ တတ်ယောင်ကားဝါဒလား။ မြစ်နဲ့မတူတဲ့ မိန်းမလား။ ကက်ဆာနိုဗာလား။ ဆင်သေကို ဆိတ်ရေနဲ့ဖုံးလား။ လှောင်ချိုင့်ထဲက တိမ်လား၊ ကဗျာအယောင်ဆောင်ထားတဲ့ကဗျာလား။ ခင်ဗျားလား၊ သူလား။
ဒေါက်ဒေါက် ဒေါက်ဒေါက်
တံခါးခေါက်သံ ပို၍ကျယ်လောင်လာသည်။ ကျွန်တော့် တံခါးခေါက်တာ ဘယ်သူလဲ။ ဘာကြောင့် ခေါက်ရတာလဲ။ လက်အား နေလို့လား။ တပည့်ခံမလို့လား။ ငွေချေးမလို့လား။ မတွေ့ရတာ ကြာ၍ လွမ်းလို့လား။ အမြင်ကပ်သဖြင့် အနှောက်အယှက်ပေးခြင်းလား။ အကြောင်းမရှိ အကြောင်းရှာ ခေါက်တာလား။ မခေါက်ရရင် မနေနိုင်လို့လား။ တံခါးက ခေါက်ခိုင်းလို့လား။ လက်က ခေါက်ခိုင်းလို့လား။ ခေါက်ချင် တဲ့စိတ်က ခေါက်ခိုင်းလို့လား။ မဖြစ်မနေ ခေါက်ရမည့် အချိန်ကျလို့လား။ ခေါက်ရန် တာဝန်ရှိလို့လား။ သဝေထိုးခကွေးရေးချ ကသတ်လျှင် မည်သည့် အသံထွက်မည် သိချင်၍လား။
ဒေါက်ဒေါက် ဒေါက်ဒေါက်
တံခါးခေါက်သံမှာ အကျယ်လောင်ဆုံး အခြေအနေသို့ဆိုက်ရောက်လာသည်။ ထို့ကြောင့် ပိတ်ထားသော တံခါးဆီသို့ ကျွန်တော် လျှောက်သွားကာ အားကုန်ဆွဲဖွင့်လိုက်သည်။ ရှေ့တွင် တွေ့လိုက်ရသည်က ပိတ်ထားသော တံခါးတစ်ချပ်ကိုသာ ဖြစ်လေသည်။ ကျွန်တော်က ထိုတံခါးကို ခေါက်လိုက်သောအခါ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
ဒေါက်ဒေါက် ဒေါက်ဒေါက်
သစ္စာနီ
No comments:
Post a Comment