Friday, August 3, 2012

အမေနှင့်ဓာတ်ပုံများ



ဧရာဝတီမြစ်ထဲက လှမ်းကြည့်လျှင်ပင် မတ်ေ-ာက်မြင့်မားသော မြစ်ကမ်းပါးတွေကို တွေ့နေရလေသည်။ ရွှေညိုရောင်မြစ်ကမ်းပါးသည် ဧရာဝတီကို မြင့်မားသော အရပ်မှ ငုံ့ကြည့်နေသည်။ စိမ်းကြည်သော ဧရာဝတီရေဦးသည် မြစ်ကမ်းပါးဆီသို့ ဦးတည်တိုးဝင်ရ်ျ ကွေ့ကာ ၊ တိမ်းကာ အဝေးဆီသို့ ဆက်လက်စီးဝင်သည်။ မြစ်ကမ်းပါး၏ သက်ရင့်ကျောက် မြေလွှာသည် အထစ်ထစ် အရစ်ရစ် ထကာ ၊ လွှသွားတွေပါသော မုန့်လှီးဓားဖြင့် ပျော့တွဲနေသော မုန့်လုံးများကို လှီးဖြတ်ထားသလို ခုံးခုံးရုံးရုံး လှပနေသည်။ မြစ်ရေသည် ကမ်းပါးယံအောက်ခြေကို ထိစပ်နေခြင်းမရှိ။ မြစ်ကမ်း နှင့် ကမ်းပါး အောက်ခြေကြားတွင် လူသွားစရာ သဲကြမ်းလမ်းကလေး ရှိသည်။ သည်လမ်းက မြစ်နားတန်းရွာကလေးတွေဆီ သွားလို့ရသည်။

သံကိုင်းဘက်မှခုတ်မောင်းလာသော မော်တော်သည် မြစ်ကွေ့ကျောက်ကမ်းပါးမြင့်မြင့်ကို
တွေ့ရလျှင်ပင် ရေနံချောင်း ရောက်တော့မည်ကို သိနိုင်သည်။ ကမ်းပါးမြင့်မြင့်ကြီးတွေနှင့် ယှဉ်ကာ မော်တော်သည် စက်ရှိန်သတ်ရင်း ၀င်ရောက်တက်သည့်အခါတိုင်း ၊ အမေ့ မွေးရပ်မြေနှင့် စပ်လျဉ်းရ်ျ ခံစားမှုသည် တိုးထိလာရမြဲ။ ရေစပ်စပ် သဲပြင်ပေါ်သို့ ထိုးချထားသော ကုန်းပေါင်က တစ်ဆင့် ညောင်လှဆိပ်ကမ်းကို ခြေချမိသည့် အခါတိုင်း သည်ဒေသ ၊ သည်ပတ်ဝန်းကျင်၏ ရနံ့တွေက တိုးဝင်လာတက်သည်သာ။ညောင်လှဆိပ်ကမ်းမှာ ရေနံချောင်းမြို့တွင်းကို သွားဖို့ မြင်းလှည်းတွေ ရှိသည်။ မော်တော်ကားတွေ ရှိသည်။

ညောင်လှမှ ရေနံချောင်းသို့ သွားရာ လမ်းသည် တောင်ကုန်း ၊ ချိုင့်ဝှမ်း ၊ ရေနံစင် ၊ ရွှေရောင်မြက်ခင်းများ ၊ နီညိုရောင် ကျောက်စရစ်မြေ ၊ အဝေးမှ ရေနံမျှော်စင်များ ၊ ငွေရောင် သံကန်များ ၊ ၀ါးကပ်မိုး အိမ်ကလေးများဖြင့် လှပနေတက်သည်။ ကျွန်တော်က ဈေးသက်သာသော မော်တော်ကားကို စီးလေ့မရှိ။

ခရီးသည်တွေ ၊ ကုန်တွေ ညပ်သပ်နေတက်တာ ဘာမှခံစားလို့မရ။ တစ်ခါတစ်လေမှ ရောက်ရသော သည်ရေ ၊ သည်မြေ၏ အလှတွေကို အနည်းငယ်လျော့ပါးသက်သာသော ငွေကြေးဖြင့် မလဲချင်။ မြင်းလှည်းကို တစ်ယောက်တည်း ငှားကာ သွားလေ့ရှိသည်။ အဆင်းတွေမှာ တရွေ့ရွေ့ ထိန်းဆင်းရသော ၊ အတက်တွေမှာ တမော့မော့ ရုန်းတက်ရသော သည်ဒေသ၏ ပထ၀ီဝင်ကို အပြည့်အ၀ ခံစားချင်လို့ဖြစ်သည်။ ကားလမ်းနှင့် ယှဉ်ကာ ဧရာဝတီသည် တစ်ခါတစ်ခါ ဖွေးခနဲ ပေါ်လာတက်သည်။

အဆင်းကွေ့တွေမှာလဲ မြင်းလှည်း (မြင်းရထားဟု ခေါ်ကြပါသည်) ဘီးထဲကို မြင်းရိုက်ကြိမ် ကလန့်သံ တောက်….တောက်…တောက်….တောက်သည် သည်ဒေသ၏ ဂီတဖြစ်သည်။
အမေ့ကို သည်ဒေသမှာ မွေးသည်။ နှစ်ပေါင်းများစွာ သည်ဒေသမှာ နေထိုင်ခဲ့သည်။ အမေက သူမ၏ ငယ်ဘ၀တွေကို ပြန်ပြောတိုင်း သည်ဒေသ၏ ရေ ၊ မြေ ၊ လေ ၊ အိမ်ခြေတွေ အကြောင်း ပါတက်သည်သာ။ ဧရာဝတီ ၊ ဘီအိုစီ အလုပ်သမားတန်းလျား ၊ ရေနံစင်နှင့် ပိုက်လိုင်းများ ၊ ထနောင်းနှင့်တမာတန်းများအကြောင်း ပြောရ်ျမ၀နိုင်။ တစ်နှစ်တစ်ခါမှ ၊ နှစ်နှစ်မှတစ်ခါ ကျဲကျဲပါးပါး ရောက်ဖြစ်သော သည်နေရာကို မြင်းလှည်းဖြင့် ဖြတ်သန်းရတိုင်း အမေ့ကို သတိရပါသည်။

အမေ့ကို သတိရတိုင်း အမေပြခဲ့ဖူးသော ဓာတ်ပုံများကို သတိရပါသည်။ အထူးသဖြင့်မူ…..။
အမေ့အကြောင်းကို သိပ်များများစားစား (ထူးထူးခြားခြား) ပြောစရာမရှိလှပါ။ အမေသည် သာမာန်ဆင်းရဲသော မိသားစုတစ်ခုတည်းမှ မွေးဖွားသူသာဖြစ်သည်။ အမေသည် သစ်တောအုပ်ထဲက သာမာန် သစ်ရွက်တစ်ရွက်သာ ဖြစ်သည်။ သစ်ရွက်ဆိုပေမယ့် အညာနွေမှာ ရဲရဲပီပီ ရှိတက်သော ထနောင်းရွက်ကလေးနှင့် နှိုင်းရမည် ထင်သည်။

အမေ့ကို ညောင်လှမှာ မွေးသည်။ နောက်တော့ နှစ်ပေါင်းများစွာ ကြာသောအခါ အဖေ့အလုပ်ရှိရာ ရန်ကုန်သို့ ပြောင်းလာရသည်။ အမေ့ဘ၀ခရီးက ဒါပဲဖြစ်သည်။ အမေသည် စကားသိပ်ပြောလှသူ မဟုတ်။ အဖေနှင့်မူ လုံးဝ ပြောင်းပြန် အချိုးကျသည်။ အမေ၏ ညိုညက်သော အသားအရေ ၊ ၀ို်င်းစက် ပြူးကျယ်သော မျက်လုံးတစ်စုံ ၊သနားကြင်နာတက်သော စိတ်ဓာတ်နှင့် မျက်ရည်လွယ်ခြင်းများကို အမေ့အမွေအဖြင့် ကျွန်တော် ရရှိပါသည်။ ကျွန်တော် အပါအ၀င် မောင်နှမ ငါးယောက်ထဲမှာ အမေ ကျွန်တော့်ကို အချစ်ဆုံးဖြစ်သည် (ဟု ထင်ပါသည်) အကို အမတွေ အသိုက်ခွဲသွားကြပြီ။

...........................

‘မင်း အမေနဲ့ ပေါင်းရသင်းရတာ ဟန်မကျပါဘူးကွာ။စကားက တယ်နည်းတာပဲ။ ကပ်စည်းနည်းလိုက်တာလည်း လွန်ရော။ မင်းအမေ သေရင် ဥစာစောင့်ဖြစ်မှာကွ။ လည်ပင်းမှာ သော့ကြီးဆွဲထားတာ ကြည့်ပါလား ‘
အဖေ မကြာခဏ ပြောတက်သည်။ အမေ့ အင်္ကျီရင်ဘတ်တွင် တိုက်ချိတ်အကြီးကြီးတစ်ချောင်း တွယ်ချိတ်ထားတက်သော “သော့” တစ်ချောင်းကို ရည်ညွန်းရ်ျ အဖေက စတက်ခြင်း ဖြစ်သည်။ ကျွန်တော် မှတ်မိသည့် အရွယ်ကတည်းက အမေ့ရင်ဘတ်က သော့ တစ်နေ့တစ်ရက်မှ ဖြုတ်ထားတာ မတွေ့ရဖူးချေ။

အမေက သုံးသလောက် ၊ ဖြုန်းသလောက် အမေက နှမြောတက်သည်။ အဖေ ငယ်ငယ်က ဖဲရိုက်သည်။ အရက်ကလေး ဘာလေး သောက်ချင်သည်။ အမေ အမှတ်တရ ပြောပြတက်သော အဖြစ်အပျက်တစ်ခုကို ကျွန်တော် သတိရနေတက်သည်။ ထိုနေ့က အဖေ ဖဲရှုံးလာသည်၊ အရက်တွေလည်း မူးလာသည်။အမေ ဆွဲထားသော ဆွဲကြိုးနှင့် လက်ကောက်ကို တောင်းသည်။ အမေက မပေး။ မပေးတော့ အဖေက ရိုက်သည်။

ဆွဲကြိုးနှင့် လက်ကောက် မပေးတော့ အမေ့သစ်တာကို ရန်ရှာတယ်။ အမေ့ရင်ဘတ်က ချိတ်ဖြင့် တွယ်ထားသော  သော့ကို ထိချင်လာသည်။ အမေက သူ့သော့ကို အထိမခံ။ ဆွဲကြိုးကို ချွတ်မနေတော့ပဲ ဆွဲဖြတ်လိုက်သည်။ လက်ကောက်ကို ချွတ်သည်။ အဖေ့လက်ထဲကို ထည့်ပေးလိုက်သည်။ ထိုအခါကျမှ အဖေ ငြိမ်သက်သွားသည်။ နှမြောတွန့်တိုတက်သော အမေက ရွှေကို ရက်ရက်ရောရော ပေးတော့ အဖေကပင် အံ့သြသွားသည်။ ထိုနေ့က အဖေ ရွှေတွေ ဖဲရှုံးပစ်လိုက်သည်။ အဖေထွက်သွားတော့မှ အမေငိုသည်....တဲ့

''အမေက ရွှေတွေ ဘာဖြစ်လို့ ပေးလိုက်တာလဲဗျ ''
  ထိုစဉ်က ကျွန်တော့်ကို မမွေးသေးသော်လည်း၊ အမေပြောပြတော့ ကျွန်တော်က နှမြောတသစွာ အမေ့ကို အပြစ်တင်နေခြင်း ဖြစ်သည်။
''အဲဒါတွေက သူရှာထားတဲ့ ပစ်စည်းတွေပဲဟာ ၊ သူယူသွားခွင့် ရှိတာပဲ''
'' နောက်လည်း အဲဒီလို လုပ်တာပဲလား ''
'' ဟင့်အင်း ၊ နင့်အဖေ အဲဒီတစ်ခါပဲ လုပ်တာပါ ၊ စိတ်ထိခိုက်သွားသလား မသိပါဘူးဟယ် ၊ နောက်တော့ ဖဲမရိုက်တော့ပါဘူး ''

အမေက ကျွန်တော့်ကို ''နင်''  ဟု သုံးတက်ပါသည်။အမေက စိတ်ကူးရသည့်အခါ ငယ်ဘ၀တွေကို ပြောပြတက်ပါသည်။ အဖေကတော့ အမေ့ကို စိတ်လိုလက်ရ စတက်သည်။ ထိုအခါမျိုးတွင် အမေက ပြုံးသည်ဆိုရုံကလေး ပြုံးကာ ၊ အဖေ့ကို ငေးကြည့်နေတက်သည်။

.......................

'' မင်းအမေက ညောင်လှသူကွ ၊ ညောင်လှ ဘီအိုစီမှာ မွေးတာ ။ အဖေက ရေနံတွင်း တစ်တွင်းမှာ စက်ဆရာပေါ့ ။ ညနေဘက် အလုပ်အားတဲ့ အချိန်ကလေးဆို အဖေက ညောင်လှကို စက်ဘီးကလေးနဲ့ လာရတာ ။ မင်းအမေတို့နေတဲ့ ညောင်လှ ဘီအိုစီတန်းလျားက မြို့နဲ့ တော်တော် လှမ်းသား ။ အဖေကသာ ပိုးရတာပါကွာ ၊ မင်းအမေက ဘ၀င် ခပ်မြင့်မြင့်ရယ် ။

'' အဖေက မယ်ဒလင်လေးနဲ့ သွားသွားကြူရတာ ။ ဟိုသီချင်းဟာကွာ.....ဘာတဲ့.....'' ဂုဏ်မြင့်သူ ''ဟာ ။ တကယ်မေတ္တာစစ်နဲ့ ချစ်ရဲ့သားနဲ့ ငြင်းပယ်တော်မူအားရက်တယ် ၊ အထင်တော်လွဲလို့ရယ်....ချစ်တဲ့သူရယ် မခွဲနိုင်ရှာရက်တယ် ။ အဲဒီသီချင်းကို ဘီအိုစီညောင်ပင်အောက်ကနေ ဆိုတာ ၊ မင်းအမေက လှည့်တောင် မကြည့်ဘူးကွ ''

အဖေက အသံနေအသံထားတွေနဲ့ ဆိုပြတော့ အမေက မျက်လုံးတွေ မှေးစင်းနေအောင် ရယ်မောနေတက်သည် ။ အမေက မာနကြီးကြောင်း ၊ နောက်တော့ အဖေက ရိုးသားမှန်း သိ၍ လူကြီးတွေက ပေးစားခဲ့ကြောင်း ၊ အမေက မိဘစကားကို နားထောင်ကာ အဖေနှင့် လက်ထပ်ခဲ့ကြောင်းများကို အဖေက စီကာစဉ်ကာ ပြောတက်သည်။

အခုတော့ အမေလည်း ခုနှစ်ဆယ်ကျော်ပြီ။ အဖေက အမေ့ထက် နှစ်နှစ်ကြီးသည်။ သားသမီးတွေက အိမ်ခွဲသွားကြပြီ ။ အငယ်ဆုံးဖြစ်သော ကျွန်တော်သာ အိမ်မှာ ကျန်ရစ်နေတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း မပြောင်းလဲတာ တစ်ခုရှိသည်။ အမေ့ရင်ဘတ်မှာ တိုက်ချိတ်ကြီးနှင့် တွယ်ချိတ်ထားသော သော့တစ်ချောင်း။

...................

ထိုနေ့က အိမ်မှာ အမေနှင့် ကျွန်တော် နှစ်ယောက်ပဲ ရှိသည်။ ပြီးတော့ ထိုနေ့က မှတ်မှတ်ရရ အိမ်ရှေ့က ပိတောက်ပင်တွေ ပိတောက်တွေ ပွင့်နေသည်။ မိုး၏ ရှေ့ပြေး ရနံ့တချို့ ဝေ့၀ဲနေသော နွေနှောင်း၏ ရက်တစ်ရက် ဖြစ်လေသည်။ အမေက ပြတင်းဝက ပိတောက်ရှုခင်းတွေကို ကြည့်နေသည်။

'' ဂျပန်တွေ တော်လှန်တာ နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲ သား ''
'' နှစ်ပေါင်း လေးဆယ်ကျော်ပြီ အမေ''
'' နှစ်ပေါင်း လေးဆယ်တောင် ကျော်သွားပြီလား ''
ထို့နောက် အမေ စကားပြတ်သွားသည်။ အမေက သူ့အခန်းထဲကို ၀င်သွားသည်။ ပြီးတော့ ရင်ဘတ်က သော့ကိုဖြုတ်ကာ အမေ အပျိုဘ၀ကတည်းက ပါလာသော သံမဏိသေတ္တာကြီးကို ဖွင့်သည်။

အ၀တ်အစားတွေအောက်က ကျောက်ကာ သေတ္တာ အနက်တစ်လုံးထုတ်သည်။ ကျောက်ကာသေတ္တာလေးကို ဖွင့်လိုက်တော့ အထဲမှာ ငွေဖလားလေးတွေ ၊ ငွေကွမ်းလေး ၊ ငွေထုံးဘူးကလေးတွေ ၊ နောက် အမေ ငယ်ငယ်တုန်းက ဇာပန်းထိုးသည့် ဇာထိုးအပ်တွေ ၊ ပန်းထိုးအပ်တွေလည်း ပါသည်။ ရောင်စုံချည်လုံးကလေးတွေ ၊ ငွေဒင်္ဂါးကလေးတွေ ၊ ကြေးနီပြား ညိုညိုလေးတွေ ။ နောက် ဂျပန်ငွေစက္ကူတချို့ ။

သည်ကျောက်ကာ သေတ္တာအနက်ကလေးကို ကျွန်တော် တခါမှ မမြင်ဖူးချေ ၊ အဖေပင် မြင်ဖူးလိမ့်မည် မထင် ။သေတ္တာကလေးက အလျား ရှစ်လက်မ ၊ အနံငါးလက်မလောက် ရှိသည်။ သေတ္တာထဲက ပစ္စည်းကလေးတွေကို အမေ တယုတယ ထုတ်သည်။ သေတ္တာကလေးထဲမှာ ခင်းထားတဲ့ စက္ကူကလေးကို ဖယ်လိုက်တော့ ဓာတ်ပုံအဟောင်းကလေး သုံးပုံ ထွက်လာသည်။ အမေက တစ်ပုံ အရင်ပြသည်။ အမျိုးသမီး တစ်ယောက်၏ ပုံဖြစ်သည်။ ဆယ်နှစ်အရွယ် မိန်းကလေးတစ်ယောက်နှင့် ယှဉ်ကာ မတ်တပ်ရပ်နေသည်။ နောက်မှာ တန်းလျားခင်းတွေ ။

'' ရပ်နေတာ နင့် အဘွားပေါ့ ၊ အမေ့အမေက ဒေါ်သော့တဲ့ ၊ အသားဖြူဖြူကလေးနဲ့ သိပ်လှတာ သားရဲ့ ''
'' ရပ်နေတဲ့ ကောင်မလေးက ဘယ်သူလဲ ''
'' အဲဒါ အမေလေ ၊ အမေ ကိုးနှစ်သမီးတုန်းက အမေ့အမေနဲ့ ရိုက်ထားတာ ''
ဓာတ်ပုံထဲမှာ သားအမိ နှစ်ယောက်လုံး ဓာတ်ပုံအရိုက်ခံနေသည်နှင့် မတူ။ ကင်မရာကို အထူးအဆန်းလို ကြည့်နေကြပုံမျိုးဖြစ်သည်။
'' နောက်က တန်းလျားက ညောင်လှက အမေတို့ နေခဲ့တဲ့ ဘီအိုစီ တန်းလျား၊ အမေငယ်ငယ်ကတည်းက နေခဲ့တာ''

အမေက နောက်တစ်ပုံ လှမ်းပေးသည်။ မိန်းမပျိုတစ်ယောက် ဖြစ်သည်။ ဆံတောက်သိမ်းစ လှပသော မိန်းမပျိုတစ်ယောက်ဖြစ်သည်။ မေးစေ့ကို လက်ထောက်ထားသည်။ အင်္ကျီလက်တွေက
ပွယောင်းယောင်း ၊ နောက်ခံပန်းချီကားက ဧည့်ခန်းတစ်ခန်း၏ ပုံဖြစ်သည်။

မိန်းမပျိုက ပြုံးနေသော်လည်း အသက်မပါလှချေ။
'' အဲဒါ အမေ့သူငယ်ချင်း မြစိန် ၊ အမေ့ရဲ့ အချစ်ဆုံးသူငယ်ချင်း၊ ရန်လည်း အဖြစ်ဆုံး သူငယ်ချင်းပေါ့ ။ အမေ့အနွံတာလည်း သိပ်ခံရှာတယ်။ ဒီဓာတ်ပုံက အမေနဲ့ သူ တနေ့တည်း ရိုက်တာ ၊ ရေနံချောင်းကို သွားရိုက်တလေ ၊ အဖေမသိအောင် ရိုက်တာ။ အပြန်မိုးချုပ်လို့ အဖေ့ အရိုက်ခံရသေးတယ်''

အမေက စိတ်ပါလက်ပါ ပြောနေခြင်း ဖြစ်ပါသည်။ ၀မ်းပန်းတသာ ရှိနေပုံလည်း ရသည်။ တစ်ဆက်တည်းမှာပင် ၀မ်းနည်းနေပုံလည်း ရသည်။ အခန်းတွင်းမှာ ပိတောက်နံ့တွေ ရှိနေသည်။ လေသည် မိုးငွေ့တွေကို သယ်ဆောင်လာစ ပြုလာပြီ။

'' ဟောဒီပုံကို ကြည့်စမ်း....သား ''
အမျိုးသားတစ်ယောက်ပုံ ဖြစ်သည်။ဓာတ်ပုံအနားတွေ ဖွာလန်နေသည်။ ဓာတ်ပုံထောင့်မှာ ဆေးသားတွေ ကွာကျနေသည်။
ချောမောသည်ဟု မဆိုသာသော်လည်း  ညိုလဲ့သောမျက်ဝန်းနှင့် နှုတ်ခမ်းများက ပြတ်သားကြည်လင်ဟန် ရှိသည်။

'' ဒါက ဘယ်သူလဲ အမေ''
''နောက်ဘက်မှာ ကြည့်''
 ဓာတ်ပုံနောက်မှာ စာတန်းလေးတစ်ကြောင်း ။ မင်ရောင်က နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သည့် မင်ရောင်။
'' အသက်နှင့် ထပ်တူထပ်မျှ ချစ်ရပါသော မြသို့ ''
                              ၁၃ ၊ ၃ ၊ ၁၉၄၅

ကျွန်တော် အမေ့မျက်နှာကို နားမလည်နိုင်သလို ကြည့်နေမိသည်။ အမေက ပြုံးသည် ဆိုရုံကလေး ပြုံးနေသည်။

'' အဲဒါ အမေ့ငယ်ရည်းစားပေါ့ ၊ ကိုဘအေးတဲ့။ ဂျပန်တော်လှန်ရေးထဲကို ပါသွားတာ ၊ ပြန်မလာတော့ဘူး ''

''ဘယ်လို ပြန်မလာတာလဲ အမေ ''

'' သူတို့ သူငယ်ချင်း သုံးယောက် ထွက်သွားကြတာပဲ။ ကိုဘအေးရယ် ၊ ကိုကံမောင်ရယ် ၊ ကိုပိုက်တင်ရယ်။ကိုပိုက်တင်ကတော့ စစ်ကြီးပြီးတော့ ရန်ကုန်ရောက်သွားတယ်ဆိုလား။ ကိုကံမောင်ကတော့ ရွာကို ပြန်ရောက်လာတယ် ၊ဒါပေမယ့် ဦးနှောက်ပျက်စီးသွားပြီး ပြန်ရောက်လာတာ ၊ ဘာမှပြန်မပြောနိုင်တော့ဘူး။ကိုဘအေးကတော့ သရက်မှာဆိုလား ၊ ပျဉ်းမနားဆိုလား
ကျဆုံးသွားတယ်တဲ့ ''

''ဒီဓာတ်ပုံက အမေ့ကို သူမသွားခင်က ပေးခဲ့တာလား''

''အေး...ဟုတ်တယ် ၊ သူမသွားခင်က ကြိုပေးခဲ့တာ။ အခုနက အမေ့သူငယ်ချင်း မြစိန်နဲ့အတူ သွားရိုက်တဲ့ အမေ့ဓာတ်ပုံကိုလည်း သူယူသွားတယ်။ တော်လှန်ရေးက သူ ပြန်မလာတော့ဘူးဆိုရင် သူ့ ဓာတ်ပုံကို တစ်သက်လုံးသိမ်းထားလိုက်ပါတော့တဲ့။ အမေ့ဓာတ်ပုံကတော့ စစ်မြေပြင်မှာပဲ ကျနေခဲ့ပြီ တူပါရဲ့ ''

'' ထွက်သွားတဲ့နေ့က အမေနဲ့ မတွေ့ဘူးလား ''

'' တွေ့တာပေါ့ ၊ မြစိန်ပဲ အမေ့ကို လာခေါ်တာ။ ညောင်လှ မြစ်ဆိပ်က ကမ်းပါးထိပ်ကို အမေ ရောက်သွားတော့ သူတို့သုံးယောက်ပါတဲ့ လှေကလေးက မြစ်ဆိပ်ကနေ ထွက်နေပြီ ၊ လှေပေါင်းမိုးထဲမှာ လက်ပြသွားရှာတယ်။ အမေက ကမ်းပါးထိပ်က သူတူို့လှေကလေး အဝေးမှာ ပျောက်သွားတဲ့အထိ အမေ ကမ်းပါးထိပ်မှာ ရပ်နေတယ်။ အဲဒါ နောက်ဆုံး မြင်လိုက်ရတာပါပဲ''

'' ဒီဓာတ်ပုံကို အဖေက ဘာပြောလဲဟင် ''

''ဟင့်အင်း...ဒီဓာတ်ပုံအကြောင်း နင့်အဖေမသိဘူး ၊ အမေ တစ်ခါမှ မပြခဲ့ဘူး ''
အမေက ကျောက်ကာသေတ္တာလေးထဲကို ပစ္စည်းတွေ ပြန်ထည့်သည်။ ဓာတ်ပုံအဟောင်းကလေးတွေကို တယုတယ ပြန်ထည့်သည်။
ပိတောက်ရနံ့သည် လေထဲတွင် ဝေ့၀ဲနေသည်။

အမေဆုံးသွားတာ ကြာခဲ့ပြီ။ မိုးရက်တစ်ရက်မှာ ဆုံးခဲ့ခြင်းဖြစ်သည်။ နှစ်လည်ရက် တစ်ရက်မှာတော့ အမေ့ကို ရည်စူး၍ ဆွမ်းကျွေးချင်သည်ဟု အဖေပြောသည်။ ရပ်ဝေးက သားသမီးတွေကိုလည်း အမေ မှာသည်။ အမေ ကျန်ရစ်ခဲ့သော ထဘီ ၊ အင်္ကျီ တချို့ကိုလည်း နွမ်းပါးသူတွေကို ပေးပေးဖို့ အဖေစီစဉ်သည်။ ထိုနေ့က အမေ့ သေတ္တာကို နှစ်ပေါင်းလေးဆယ်လောက်အတွင်း ပထမဆုံးအကြိမ် အဖေဖွင့်သည်။ ဤသို့ဖြင့် နောက်ဆုံးတော့ အမေ့ကျောက်ကာသေတ္တာကလေးကိုလည်း ဖွင့်ဖြစ်သွားကာ ၊ ဓာတ်ပုံဟောင်းတွေကို အဖေ တွေ့သွားခဲ့သည်။

ကျွန်တော်က အဖေ့ကို အကဲခတ်နေမိသည်။ အဖေက ဓာတ်ပုံတွေကို တစ်ပုံချင်းကြည့်သည်။ ဓာတ်ပုံနောက်က စာကို ဖတ်သည်။ နောက်တော့ ပြုံးလာသည်။

''ဒါ ဘယ်သူလဲကွ''

'' အမေ့ ငယ်ရည်းစားလို့ ပြောတာပဲ ''

'' ဟေ....မင်း ဘယ်သူပြောလဲ''

'' အမေ ပြောခဲ့ဖူးတာပဲ''

အဖေက ဘာမှမပြောတော့ပဲ ဓာတ်ပုံကလေးတွေကို ကျောက်ကာသေတ္တာထဲသို့ ပြန်ထည့်သည်။ အတော်ကြီးကြာမှ စကား စပြောသည်။

'' မင်းကွာ သိလျက်သားနဲ့ ၊ မင်းအမေ မြေမြှုပ်တဲ့နေ့က ပြောဖို့ကောင်းတယ်''
''ဘာကိုလဲ အဖေ''

'' သြော်....ဓာတ်ပုံတွေလေကွာ ၊ မင်းအမေ မြေမြှုပ်တဲ့နေ့က သည်ဓာတ်ပုံလေးတွေ သူနဲ့အတူ ထည့်ပေးလိုက်ရင် သူ သိပ်ဝမ်းသာရှာမှာ''

အဖေက အလေးအနက် ပြောနေခြင်း ဖြစ်ပါသည်။အပြင်ဘက်မှာတော့ မိုးတွေ ညိုရီနေသည်။ ကျွန်တော်က အမေ့ရင်ဘတ်က သော့ကလေး ၊ စစ်မြေပြင်မှာ ကျန်ရစ်ခဲ့သော အမေ့ရဲ့ ဓာတ်ပုံကလေး ၊ ပြီးတော့ မျက်ရည်လွယ်တက်သော အမေ့ မျက်ဝန်းများကို လွမ်းနေမိလေသည်။

နေ၀င်းမြင့်
mmcybermidia

No comments:

Post a Comment