သာဒွန်း
(၁)
အခုပြောမယ့် အကြောင်းအရာက သူကြီးခေတ်က ဖြစ်ခဲ့တာလေးပါ ။ တချို့က အခု မနေ့တစ်နေ့က ဖြစ်တယ်လို့ ထင်မှာစိုးလို့ ပြောရတာ ။ သိပ်ထူးထူးဆန်းဆန်းကြီးတော့လည်း မဟုတ်ဘူ့း ။ လူငါးယောက်နဲ့ က ခဲ့တဲ့ တစ်ခန်းရပ် ပြဇာတ်ကလေး တစ်ပုဒ်အကြောင်း ဆိုပါတော့ ။
(၂)
သဖန်းချောင်း ဘုန်းကြီးက ရွာဆွမ်းသိမ်းပွဲအတွက် အစည်းအဝေး ခေါ်တယ် ။ သွားကြရတော့တာပေါ့ ။ တစ်နယ်လုံးက ကြည်ညိုတဲ့ ဆရာတော်ကြီးကိုး ။ သဖန်းချောင်းက မြို့မဟုတ်တော့ ရွာထဲက အပိုင်း အပိုင်းလေးတွေ အစုလေးတွေကို ရက်ကွက်လို့ မခေါ်တော့ဘူုး ။ အစုတဲ့ ၊ ချောင်တဲ့ ၊ ထားပါတော့လေ ချောင်ပဲ ။ သဖန်းချောင်းမှာ ချောင်ငါးခု ရှိတယ် ။ လက်ခုပ်ချောင်တဲ့ ၊ အလိုလေးချောင်တဲ့ ၊ ဘောဂချောင်တဲ့ ၊ မြို့မတဲ့ ၊ မင်းလမ်း တဲ့ ။
မြို့မနဲ့ မင်းလမ်းက နည်းနည်းအလယ်ကျပြီး ပိုက်ဆံရှိတဲ့လူ ပေါတဲ့ အစုတွေပါ ။ လက်ခုပ်ချောင် ၊ အလိုလေးချောင် ၊ ဘောဂချောင်တွေကတော့ ဆင်းဆင်းရဲရဲလက်လုပ်လက်စား များတယ် ပြောပါတော့ ။
ဘာပဲဖြစ်ဖြစ် နှစ်စဉ် လုပ်နေကျ ဆွမ်းသိမ်းပွဲကြီး ဒီနှစ်လည်း စည်ကားချင်တော့ တစ်ရွာလုံး ပါရတော့တာကိုး ။ တစ်ချောင် သုံးယောက်ကျနဲ့ အစည်းအဝေးတက်တော့ ဘောဂချောင်က လူကြီးသုံးယောက်လည်း ပါတယ် ။ ထုံးစံအတိုင်းပေါ့ ၊
သူကြီးက ဆွမ်းသိမ်းပွဲ အစီအစဉ်တွေ နှစ်စဉ်နှစ်တိုင်းလိုပဲ စည်စည်ကားကား ဖြစ်ချင်တဲ့အကြောင်း ၊ အိုးစည်ဝိုင်း ၊ ဒိုးပတ်ဝိုင်းတွေနဲ့ မနှစ်က စီစဉ်သွားတာ တော်တော်လေး အဆင်ပြေတဲ့အကြောင်း ၊ သည်နှစ်တော့ တစ်ချောင်တစ်မျိုး တာဝန်ယူပြီး ကြည့်ချင်ပွဲလေးလုပ်ရင် ပိုများ သင့်မြတ်မလားလို့ ထင်ကြောင်း ၊ ရွာကလည်း ခေါင်တော့ ကိုယ့်အရပ် ကိုယ့်ဇာတ်လေး လုပ်ပါမှ ရွာသူ ရွာသားတွေ ကြည့်ကြရမှာဖြစ်ကြောင်း အမိန့်ရှိတော့ သင့်မြတ်ပါတယ် ဘုရားပေါ့ ။ ကတိပေးကြတယ် ။
ဆွမ်းသိမ်းပွဲတွေကလည်း မိုးလေ၀သ ကင်းမှဆိုတော့ လုပ်မယ်ဆိုရင်လည်း ဖြစ်နိုင်တော့ လွယ်လွယ်ပဲ ကတိပေးလိုက်ကြတယ် ။
ဒါပေမဲ့ အစည်းအဝေးပြီးလို့ အိမ်ပြန်ကြတော့ စိတ်ညစ်သွားတာ ဘောဂချောင်က လူကြီးသုံးယောက်ပဲ ။
"ကိုင်း...ဘယ့်နှယ့်လုပ်မတုံး...တစ်ချောင် တစ်မျိုးနဲ့....တာဝန်ယူပြီး ဇာတ်လမ်းကလေး သွင်းရမတဲ့...."
ဆိုတော့ ကျန်တဲ့ နှစ်ယောက်ကလည်း ဘာမှပြန်မပြောနိုင်ဘူး ။
ကိုယ့်ချောင်အကြောင်း ကိုယ်သိတာကိုး ။ ထိုးဇာတ်ကလေး နေနေသာသာ ထမင်းစားဖို့ ဖတ်သီဖတ်သီ ရှာနေရတဲ့ချောင် ။ ပြေးကြည့်မှ တစ်ချောင်လုံး လူတစ်ရာ မပြည့်တဲ့ချောင် ။ အဘို့းကြီး အဘွားကြီးတွေ ၊ ကလေးတွေ ၊ မိန်းမတွေ နုတ်လိုက်ရင် ယောက်ျားသားဆိုလို့ ရှိလှမှ သုံးဆယ်ပေါ့ ။ အဲသည်အထဲမှာ လူငယ်ဆိုလို့ လေးငါးဆယ်ယောက်လောက် ရှိတယ် ။ ကျန်တဲ့ ယောက်ျားသားတွေကလည်း ကိုယ့်အသက်အရွယ်နဲ့ မျက်နှာချေ အဖွေးသားလိမ်းပြီး ဘယ့်နှယ်လုပ် ဇာတ်စင်ပေါ် တက်မတုံး ။ ကိုင်း တက်ပါပြီတဲ့ ၊ ဘာ ကကြမှာတုံး ။ ဘယ်သူက သင်ပေးမှာတုံး ၊ သူများချောင်တွေက ဖြစ်ပါတယ် ဆိုလို့သာကိုး ....
မခံချင်လို့သာ ခေါင်းညိတ်ရတယ် ၊ ကျုပ်တို့ ချောင်က....
ဘာသွား ကမှာတုံး ၊ စိတ်စက်များ ညစ်ပါတယ်...
ပြန်သာ လာရတယ် ၊ မျက်နှာ မကောင်းကြဘူး ။ ရက်ကတော့ ရပါသေးတယ် ။ သီချင်းကျွတ်မှ ဆိုတော့ လုပ်မယ်ဆိုရင် တိုက်ဖို့ပြုဖို့ ရက်ကလေးတော့ ရတယ် ။ ဒါပေမဲ့ ဘယ်သူ ဘာဇာတ်ကို ကမှာတုံး ၊ တစ်ယောက်ကတော့ အကြံပေးတယ် ။
"ကျုပ်တို့ချောင်က ယောက်ျားလေးက နည်းရတဲ့အထဲ လူငယ်ကာလသားက ဘယ်နှစ်ယောက် ရှိလို့တုံး ..သည်တော့ ရှိတဲ့အထဲက သာဒွန်းတို့ တာဝန်ပေးရင် ကောင်းမလား..."
"မိန်းကလေးကကော...ဘယ်သူက မင်းသမီး လုပ်မှာတုံး ၊ နေ့နဲ့ည ထဘီတောင် အနိုင်နိုင်လဲနေရတဲ့ ကလေးမတွေ...ဘယ်က ထဘီ ၊ အင်္ကျီ ရမှာတုံး...ဒါလည်း တွက်ပါဦး...."
"အင်းဗျာ....ဘာလုပ်ရမှန်းတောင် မသိတော့ဘူး "
"နေပါဦးဗျာ....သာဒွန်း မေးကြည့်ပါဦး "
လူကြီးတွေကလည်း တာဝန်သာ ယူလာတာ ၊ ဘောဂချောင်က တင်ဆက်ရမယ့် တစ်ခန်းရပ်ပြဇာတ်ကို ဘယ်လိုမှ စဉ်းစားလို့ မရဘူး ။ ဘာလို့လို့ လုပ်ရမှန်းလည်း မသိဘူး ။ နောက်ဆုံးတော့ ချောင်ထဲက အမြဲမူးနေတဲ့ သာဒွန်းကို ဆရာတင်ဖို့ လုပ်ရတော့တယ် ။
သာဒွန်းက ဟိုစပ်စပ် ဒီစပ်စပ်တော့ ပါတယ် ။ စည်းလေး ၀ါးလေး နည်းနည်းပါးပါး နားလည်တယ် ။ ဒိုးလေး စခွန့်လေး တီးတက်တယ် ။ သီချင်းလည်း ဆိုတက်တယ် ဆိုပေမယ့် နှဲက စီရှပ်ဆိုရင် သူက ငါးပေါက် အောက်ပြန်လောက်နဲ့ အော်ချင်အော်နေတဲ့ ကောင်ပေမယ့် ဘောဂချောင်မှာတော့ သူလည်း တေးသံရှင် "ဘောဂချောင် သာဒွန်း" ပေါ့လေ ။
"ဒီကောင် လုပ်ရင်တော့ ဖြစ်မယ် ထင်တာပဲဗျာ ။ မေးကြည့်တာပေါ့...."
(၃)
သာဒွန်းနဲ့ သူ့သူငယ်ချင်းလေးယောက်က သူတို့ရှေ့က လူကြီး သုံးယောက်ကို အံ့သြတကြီး ကြည့်နေကြတယ် ။ သူတို့တစ်သက် ချောင်က လူကြီးတွေက သည်လို ယုံယုံကြည်ကြည် တာဝန်ပေးတာမျိုး မရှိခဲ့ဖူးဘူး ။ သူတို့ကို အားကိုးတယ်လို့လည်း တစ်ခါမှ ပြောဖူးတာ မဟုတ်ဘူုး ။ မင်းတို့ မရှိရင် ချောင်က ဘယ်လိုမှကို နာလန်ထူမှာ မဟုတ်ဘူုး ။ ဘောဂချောင်ရဲ့ ဂုဏ်သိက္ခာကို မင်းတို့ ထိန်းသိမ်းရမယ် ဆိုတာမျိုးကိုလည်း သူတို့ မကြားဖူးဘူး ။
ဒါပေမယ့် ကနေ့တော့ လူကြီးသုံးယောက်က ခေါ်တယ်ဆိုလို့ လာကြတော့ တကယ့်ကို တာဝန်ပေးနေပြီ ။ တာဝန်ကလည်း ကြည့်ဦး ။ တစ်ရွာလုံးက ကြည့်မယ် ပွဲတဲ့ ။ ဆွမ်းသိမ်းပွဲတဲ့ ။ ချောင်ငါးခု စလုံးက တစ်ချောင် တစ်မျိုး အသုံးတော်ခံကြမှာတဲ့ ။ ကိုယ့်ချောင်က ညံ့ရင် ကိုယ်ခံတဲ့ ။ ပြဇာတ် ၊ ထိုးဇာတ် ၊ တစ်ခန်းရပ် ၊ အော်ပရာ ကြိုက်ရာ တစ်ခုခု လုပ်တဲ့ ။ ဘယ်သူမှမစွတ်ဖက်စေရတဲ့ ။ ဘယ်သူကမှ မင်းတို့ကို သြဇာမပေးစေရဘူးတဲ့ ။ ဘောဂချောင်မှာ ရှိတဲ့ ပစ္စည်းပစ္စယ ကြိုက်တဲ့ထဲက ကြိုက်တဲ့အိမ်က ယူသုံးခွင့်ပြုသတဲ့ ။
ဒါပေမယ့် ဆွမ်းသိမ်းပွဲမှာတော့ ဘောဂချောင်က တာဝန်ယူ တင်ဆက်မယ့် အခန်းတစ်ခန်းတော့ ပါကို ပါရမယ်တဲ့ ။
"ကိုင်း....မင်းတို့ ဖြစ်မလား သာဒွန်း "
သာဒွန်းကလည်း သူ့သူငယ်ချင်း လေးယောက်ကို လှမ်းကြည့်တယ် ။ သူငယ်ချင်း လေးယောက်ကလည်း သာဒွန်းပြီးရင် ပြီးတာပဲဆိုတော့ သာဒွန်းကိုပဲ ပြန်ကြည့်တယ် ။ အမှန်တော့ ကိုယ့်ချောင်အကြောင်း ကိုယ် သိတယ် ။ အမည်ကသာ ဘောဂချောင် ၊ ဆင်းရဲလိုက်ကြတာ တာတေလံလို့ ။ ဘယ်အိမ်မှ တံခါးရှိတာ မဟုတ်ဘူုး ။ ဘယ်အိမ်ကမှ နွားတစ်ရှဉ်း ၊ ကျွဲတစ်စီး ပိုင်တာ မဟုတ်ဘူး ။ ဟင်းရွက်လေးခူးလိုက် ၊ ကောက်သင်းလေး ကောက် ၊ စပါးလေး ရိတ်နဲ့ ၀မ်းတစ်ထွာ ရှာရတဲ့ ချောင်မှာ တခမ်းတနား တင်ဆက်ရမယ့် ထိုးဇာတ် ဘယ်လို စီစဉ်မလဲ ။ သာဒွန်း စဉ်းစားတယ် ။
ခဏနေတော့မှ-
"ရပါတယ်ဗျာ.....ကျုပ် လုပ်မယ် "
"ဟေ..."
လူကြီးသုံးယောက်ကတော့ ၀မ်းသာကြတာပေါ့ ။ ဆရာတော်ကိုလည်း လေးစား ၊ သူကြီးကိုလည်း ကြောက်လို့သာ ယူရတဲ့ တာဝန် ။ ပခုံးပြောင်း ပေးရတော့မယ်ဆိုတော့ ၀မ်းသာတာပေါ့ ။
"ဟုတ်မှလည်း လုပ်ပါ မောင်ရာ...."
"သိပ်ဟုတ်တာပေါ့ဗျာ "
"လူ ဘယ်နှယောက် ကုန်မှာတုံး "
"ငါးယောက် "
"ဟေ..."
"တော်ပြီ ကျုပ်တို့ ငါးယောက်ပဲ..."
"ဟဲ့ကောင် သာဒွန်း....ငါးယောက်နဲ့ ပြဇာတ် ဖြစ်လို့လားဟ"
"ဖြစ်တယ် ၊ ငါးယောက်ပဲ ကုန်မယ် "
"မိန်းကလေးကကော...ပြဇာတ်မင်းသမီး လုပ်ဖို့..."
"မလိုဘူး....မင်းသမီး မပါဘူး "
"ဟေ..."
မင်းသမီး မပါဘဲ လူငါးယောက်နဲ့ ကမယ့် ဇာတ်လမ်း သူတို့လည်း မကြားဖူးတော့ ၀မ်းသာတဲ့ ကြားက စိုးတော့ စိုးရိမ်တယ်နဲ့ တူပါတယ် ။
တစ်ယောက်က-
"ဟဲ့ကောင် တစ်ရွာလုံးကြည့်မယ့်ပွဲနော် .. မင်း ပေါ့ပေါ့ဆဆတော့ သဘောမထားနဲ့ ငါ့ကောင်ရ... မင်း အစွမ်းတော့ ငါ သိပါတယ်.... ဒါပေမဲ့ မင်းသမီးလည်း မပါဘဲ လူငါးယောက်နဲ့ ကမယ့်ဇာတ် ရှိလို့လား "
"ရပါတယ်ဗျာ...ဆွမ်းသိမ်းပွဲဆိုတာ ဘာသာရေးနဲ့ ပက်သက်ရမှာကိုးဗျ ။ ဒါလည်း စဉ်းစားရသေးတယ်...ဘောဂချောင်က ဆင်းရဲပေမယ့် သာဒွန်း ဖြစ်အောင် လုပ်နိုင်ပါတယ် ..."
"ကောင်းပါ့ မောင်ရာ.... ဒါ့ထက် အ၀တ်အစားကော.."
"မလိုဘူး...မင်းညီမင်းသား အ၀တ်အစားတစ်စုံနဲ့...သင်္ကန်းဟောင်း တစ်ထည်ပဲ လိုတယ်..."
"ဟေ.."
" ဘကြီးတို့ စိတ်အေးအေးသာ ထားပါဗျာ၊ ကျနော် ရှာခိုင်းတာသာ ရှာပေးပါ"
"ဒါလောက် ဖြစ်ပါတယ်...ကျန်တဲ့ သုံးယောက်က ဘာဝတ်မှာတုံး..ဇာတ်က ဘာဇာတ်တုံး "
"နာမည် မပြောနဲ့ဦး...တစ်ခန်းရပ်လို့ပဲ ပြောထား ။ ကပ်ပြီးမှ ကြေညာမယ်...ကျန်တဲ့ သုံးယောက်ကလည်း ဘာမှဝတ်စရာမလိုဘူး ၊ ရတယ်... "
ဘောဂချောင်က လူကြီးသုံးယောက်ကတော့ နားကို မလည်နိုင်တော့ဘူး ။ လူ ငါးယောက်နဲ့ ကမယ့် တစ်ခန်းရပ်တဲ့ ။ အ၀တ်အစား မလိုဘူးတဲ့ ။ အမျိုးသမီး မလိုဘူးတဲ့ ။ ဘာဇာတ်လည်း ဆိုတော့ မပြောနိုင်ဘူးတဲ့ ။ လျှို့ဝှက်တောင် ထားရဦးမယ်တဲ့ ။ ဘာပဲဖြစ်ဖြစ်လေ ဆွမ်းသိမ်းပွဲမှာ "ဘောဂချောင် သာဒွန်း" ရဲ့ တစ်ခန်းရပ်ပြဇာတ် တင်နိုင် ပြီးတာပဲ ။ သည်လိုပဲ သဘောထားရတော့တာပေါ့လေ ။
(၄)
သည်လိုနဲ့ ဆွမ်းသိမ်းပွဲ နီးလာပြီ ပြောပါတော့ ။ တကယ်ဆိုရင် သူများတွေက ဆိုင်းသံ မောင်းသံတွေနဲ့ တခြိမ့်ခြိမ့် တိုက်ကြ ပြုကြ ၊ စတော်တိုက်ကြ ၊ လမိုင်းတင်ကြ ၊ ဆိုကြ ၊ ငိုကြနဲ့ နောက်နောက် နောက်နောက် ဖြစ်နေချိန်မှာ ဘောဂချောင်က သာဒွန်းတို့ ဘာမှ မလုပ်သေးဘူး ။
သူများတွေ လုပ်ကြကိုင်ကြတာလည်း ကြည့်ဦးလေ ။ လက်ခုပ်ချောင်က သေရိဝ ၀ါဏိဇ ရွဲကုန်သည် ဇာတ်တဲ့ ။ ရွှေမန်းဦးတင်မောင်ရဲ့ ရွဲကုန်သည်ကို တိတ်ခွေနဲ့ ဖွင့်ပြီး ရှေ့က လူက သရုပ်ဆောင်ကြမှာတဲ့ ။ ဒန်ဖလားကို ရွှေရောင်စက္ကူ ကပ်သူက ကပ်လို့ ။
အလိုလေးချောင်က ကိသာဂေါတမီ တိတ်ခွေ ဇာတ်လမ်းတဲ့ ။ အ၀တ်အစားတွေ မြို့တက်ငှားလို့တဲ့ ။ ကိသာဂေါတမီလုပ်တဲ့ မိန်းကလေးကလည်း မာန်ပါလိုက်တာတဲ့ ။ မြို့မနဲ့ မင်းလမ်းကတော့ ချမ်းသာတဲ့ လူများတော့ တက်လည်း တက်နိုင်တာကိုး ။ ယိမ်းတွေနဲ့တဲ့ ။ တစ်ခန်းရပ်ပြဇာတ်ကလေးနဲ့တဲ့ ။ ဘောဂချောင်က သာဒွန်းတို့ကတော့ အေးအေးပဲ ။ တစ်ခန်းရပ်လုပ်မယ့် သာဒွန်းလည်း ကဖို့ နှစ်ရက်ပဲ လိုတာတောင် သူ့ဇာတ်ကို မပြောသေးဘူး ။ သူနဲ့ တွဲဖက် သရုပ်ဆောင်ရမယ့် လေးယောက်ကလည်း အခုထက်ထိ ဘာလုပ်ရမယ် မသိသေးဘူး ။
တကယ်ဆိုရင် တိုက်ဖို့ကောင်းပြီ တိုက်သားကျဖို့ ကောင်းပြီ ။ နောက်ခံတီးဝိုင်းက ဘာတီးမယ် ၊ ဘယ်သူက ဘယ်လိုထွက်မယ် ၊ ဘယ်သူက ဘာပြောမယ် ဆိုတာလည်း အခုချိန်လောက်ဆိုရင် သိဖို့ ကောင်းပြီ ။
သာဒွန်းကတော့ အေးအေးပဲ ။ လူကြီးတွေကတော့ ခေါင်းပူလှပြီ ။ သာဒွန်းရှာခိုင်းတဲ့ မင်းညီမင်းသား ၀တ်တဲ့ အ၀တ်အစားလေး မရှိမယ့် ရှိမယ့် ငှား ၊ သင်္ကန်းဟောင်းလေး တစ်ထည် ကျောင်းက တောင်းပြီး လာပို့ထားတာတောင် တစ်ခန်းရပ်က မလုပ်သေးတော့ သာဒွန်းတို့ လေးယောက်ကို ခေါ်ရတော့တာပေါ့ ။
သာဒွန်းရောက်လာတော့ လူကြီးတွေကလည်း ဒေါကန်သူ ကန်နေကြပြီ ။
'သာဒွန်း...သူများတွေ ဇာတ်တိုက်တာပဲ လိုက်ကြည့်မနေနဲ့ ၊ မင်းတို့ သန်ဘက်ခါ ဖိန်းနွဲခါပဲ ကရတော့မယ် ဘာမှ မလုပ်သေးဘူး ၊ ဟုတ်ရော ဟုတ်ရဲ့လားကွာ...'
'ဟုတ်ပါတယ် ဘကြီးရ...ကနေ့ညမှ တိုက်မှာပါ..'
'ဟ ဖြစ်ပါ့မလားကွာ...မင်းဟာက ။ နေပါဦး မင်းကောင်တွေကကော ဇာတ်လမ်း ဇာတ်ကွက် သိပလား..'
'မသိသေးဘူး....မကြာဘူး ဘကြီးရေ ခဏလေးရယ် ။ တစ်ခန်းရပ်ပါဆို...'
'ဘာဇာတ်လဲကွာ...သည်အချိန်ရောက်မှတော့ ပြောပါတော့ကွာ..'
'တို့လည်း သိပါရစေတော့...'
'နမိတ်လေးအင် ဗုဒ္ဓ၀င်..'
လူကြီးတွေတောင် ကြောင်သွားတယ် ။ နိမိတ်လေးအင် ဗုဒ္ဓ၀င်ဆိုပါလား ။ သည်ကောင်က ပြောသာပြောရတာ ၊ လုပ်လိုက်ရင် ကြီးကြီးကျယ်ကျယ်ထဲကဆိုတော့ မဟုတ်ဘူးလား မပြောနိုင်ဘူးလေ ။
'
ဆိုပါဦး မင်းဇာတ်လမ်းက...'
'ဘာခက်လို့လဲ ဘကြီးရ....တစ်ယောက်က ငှားထားတဲ့ မင်းသားအ၀တ်အစားနဲ့ အလောင်းတော် သိဒ္ဓတ္တမင်းသား လုပ်ရမယ်....တစ်ယောက်က ခေါင်းတုံးတုံးပြီး ရဟန်းလုပ်ရမယ်...တစ်ယောက်က သူသေ လုပ်ရမယ်.... တစ်ယောက်က သူနာ လုပ်ရမယ်....တစ်ယောက်က သူအို လုပ်ရမယ်...။ မင်းသမီး မလိုဘူး ...အ၀တ်အစား မလိုဘူး...သိပ်သရုပ်ဆောင်စရာ မလိုဘူး ။ ဥယျာဉ်တော်မှာ နိမိတ်ကြီး လေးပါး မြင်တော်မူခန်းကို ပြမှာ ။ နောက်ခံက မယ်ဒလင်သမား ငပြူးကို ယသော်ဓရာ ယိုးဒယား တီးခိုင်းရုံပါ..ဒါပါပဲ...'
'ရွေ နိပ်ဟ..'
လူကြီးတွေ တော်တော်သဘောကျသွားတယ် ။ ဟုတ်သားပါလား ။ သာဒွန်းကို ဒါ့ကြောင့် အားကိုးတာ ။ ကြည့်စမ်း ၊ သူများတွေ ကုန်လိုက်တဲ့ ပိုက်ဆံ ၊ ရွဲကုန်သည်တဲ့ ၊ ကိသာဂေါတမီတဲ့ ၊ ၀ဏ္ဏပထတဲ့ ၊ တို့ သာဒွန်းက နိမိတ်ကြီးလေးအင် ဗုဒ္ဓ၀င်တဲ့ ။ တခြားစီ ။ ကောင်းချက်ကတော့ ရက်စက်တယ်ထဲက နေမှာပဲဟေ့ ။ ကြည့်စမ်း ၊ ဒီကောင် သူ့ဉာဏ်စွမ်း ဉာဏ်စနဲ့ သူမို့လို့ စဉ်းစားမိတယ် ။ ကြီးလည်း ကြီးကျယ်ရမယ် ။ တရားသံဝေဂလည်း ရရမယ် ။ ပိုက်ဆံလည်း မကုန်ရဘူး....ဘယ်လောက်ကောင်းသလဲ ။ ဘောဂချောင်ကတော့ ဆွမ်းသိမ်းပွဲမှာ အာဂပေါ့ကွယ် ။
လူကြီးတွေကတော့ သာဒွန်း အပြောနဲ့ပဲ သာဒွန်းဇာတ်ကို ယုံကြည်သွားတယ် ။ အဲသည်တော့မှ သူ့ သူငယ်ချင်းလေးယောက်ကလည်း သူတို့ ကရမယ့် ဇာတ်လမ်း သူတို့ သိတော့တယ် ။ ဘာပဲဖြစ်ဖြစ်လေ တိုက်ရက်ကလည်း ကြား တစ်ရက် နှစ်ရက်ပဲ ကျန်တော့ ကနေ့ည စ တိုက်ကြမယ်ပေါ့ ။ မယ်ဒလင်သမားကိုလည်း ညကျရင် သီချင်း ချပေးမယ်ပေါ့ ။ ယသော်ဓရာ ယိုးဒယားထဲက "လေးပါးရယ် သူအို ၊ သူနာ ၊ သူသေ...မြင်ပြန်လျှင် ခွဲစိတ်သံဝေ....လူတိုင်းရပ်မြေ...ကြာရှည်နေ၀ံ့ပဲ..." အပိုဒ်ကို သုံးလေးကျော့ တီးခိုင်းမယ်ပေါ့ ။
(၅)
ဆွမ်းသိမ်းပွဲညက တကယ် ပွဲကတော့ ချောင်လေးခုက တင်ဆက်တဲ့ ထိုးဇာတ်တွေ ၊ ယိမ်းတွေပဲ ပါတော့တယ် ။ ဘောဂချောင်က “ နိမိတ်လေးအင် ဗုဒ္ဓ၀င် “ မတင်ဆက်နိုင်တော့ဘူုး ။ သူကြီးကတော့ ဘောဂချောင်က လူကြီးသုံးယောက်ကို မျက်စောင်းတခဲခဲ ၊ အံတကြိတ်ကြိတ်ပေါ့လေ ။ ကြီးကြီးကျယ်ကျယ် နိမိတ်ကြီး လေးပါးလေး ၊ ဘာလေးနဲ့ ။ နေနှင့်ဦး။ ဒင်းတို့တော့လည်း ကြိမ်းသတဲ့ ။
ဘောဂချောင်က လူကြီးတွေကလည်း မျက်စိမျက်နှာ ပျက်လို့ ။ သာဒွန်းကတော့ မင်းညီမင်းသား အ၀တ်အစားနဲ့ မျက်နှာချေ အဖွေးသားနဲ့ ။ ကျန်တဲ့လေးယောက်ကို ရှာလို့ မတွေ့လို့ ထင်ပါရဲ့ ၊ မျက်နှာလေး ငယ်လို့ ။
“ ကောင်းကြသေးရဲ့လား……သာဒွန်းရာ ၊ မင်းဟာက ကောင်းချည်ကောင်းရက်နဲ့ “
“ ကျွန်တော်လည်း သေသေချာချာ စီစဉ်တာပါပဲဗျာ…..ငါက သိဒ္ဓတ္တ မင်းသား လုပ်မယ် ၊ ကြာယုံက ရဟန်းလုပ် ၊ ငတေက သူသေလုပ် ၊ စိန်မောင်က သူနာလုပ် ၊ ကျော်လှက သူအို လုပ် ။ သေချာ အကွက်ချထားတော့ပဲ …ဘကြီးရာ ။
ကြာယုံက ခေါင်းတုံး မတုံးချင်ဘူးတဲ့ ….သင်္ကန်းကြီးနဲ့ မပါချင်ဘူးတဲ့……သိဒ္ဓတ္တ မင်းသား လုပ်မယ်တဲ့ ။ ငတေက ဇာတ်ခုံပေါ်မှာ သူသေလုပ်ပြီး ပက်လက်ကြီး လုပ်နေမှတော့ မပါတာ ကောင်းတယ်တဲ့ ။ ဘာလုပ်ချင်တုံးဆိုတော့ မင်းသားလုပ်မယ်တဲ့ ။ ကျော်လှကလည်း ရုပ်က အဘိုးကြီးအိုရုပ် ပေါက်နေလို့ သူအိုလုပ်ပါ ဆိုတော့ သူ့ကောင်မလေးက ဇာတ်ခုံပေါ်မှာ သူအို မလုပ်ရဘူးတဲ့….လုပ်ရင် အပြတ်ပဲတဲ့ ။ လုပ်ချင်ရင် မင်းသားလုပ် ၊ မရရင် မလုပ်နဲ့ ပြောလို့တဲ့ ။
“စိန်မောင်ကကော “
“ဒီကောင်လည်း မကောင်းပါဘူး ဘကြီးရာ ။ သူက အရိုးပေါ် အရေတင်မို့လို့ သူနာလုပ်ပါ ဆိုတာကို သူ့ကို နှိမ်တာတဲ့ ၊ ငါ မင်းသားလုပ်မယ်တဲ့ ။ ကျွန်တော်ကလည်း ကျွန်တော်ဇာတ်ပဲ ၊ ကျွန်တော် မင်းသားလုပ်မှာပေါ့ ။ ဒီကောင်တွေ လူပါးကို ၀ တယ် “
“အေး ကောင်းကွာ ၊ အခု ဒီကောင်တွေကကော “
“မရှိတော့ဘူး ၊ ဘယ်နေရာ သွားမူးနေကြသလဲ မသိဘူး ။ ကျွန်တော်ရှာတာလည်း မတွေ့ဘူး “
အဲဒီညက သာဒွန်းကတော့ မင်းညီမင်းသား အ၀တ်အစားနဲ့ မျက်နှာချေနဲ့ ။ လူကြီးတွေကလည်း မျက်စောင်းတခဲခဲ ၊ အံတကြိတ်ကြိတ်နဲ့ ။ နိမိတ်လေးအင် ဗုဒ္ဓ၀င် ဇာတ်မှာ သူအို ၊ သူနာ ၊ သူသေ ၊ သူရဟန်း လုပ်မယ့်လူမရှိတော့ သာဒွန်းလည်း ဘာတက်နိုင်မှာတုံး ။ ဆဲလည်း ခံရုံပေါ့ ။ သာဒွန်းကတော့ သူအို ၊ သူနာ ၊ သူသေ ၊ သူရဟန်း လုပ်မယ့် သူ့သူငယ်ချင်းလေးယောက်ကို မျှော်တုန်း ။
(၆)
ကြာတော့ ကြာပါပြီ ။ သဖန်းချောင်မှာ သူကြီးခေတ်က ဖြစ်ခဲ့တာပေမယ့် အကြောင်းတိုက်ဆိုင်ရင် သဖန်းချောင်သားတွေက ပြောတုန်း ၊ ဥပမာ ပေးကောင်းတုန်း ၊ ရယ်ကြ မောကြတုန်း ။
နေ၀င်းမြင့်
No comments:
Post a Comment