Sunday, August 5, 2012

မိုးည အမှောင်ရိပ်မှ …
တေးမြုံငှက်၏ အချစ်အိမ်



(က)
ကျနော်တို့ ငယ်ငယ်က နေခဲ့သော မြို့လေးတွင် သီတင်းကျွတ်မီးထွန်းပွဲ၊ ဈေးတန်းလမ်းလျှောက်ရသည်မှာ ပျော်စရာကောင်း၏။ လမ်းမကြီး ဝဲယာတလျှောက်တွင် …. ဝါးလုံးတိုင်များ စိုက်ပြီး …. ကြိုးတန်း၏။ ကြိုးတန်းတလျှောက်၌ကား … ရောင်စုံမီးပုံများ အစီအရီ ထွန်းထားကြသည်။ လမ်းဆုံလမ်းခွများတွင်မူ မုဒ်ဦးကြီးများနှင့် ….။ မီးရောင်စုံ …။ မီးပုံး ပုံသဏ္ဍာန်အမျိုးမျိုးနှင့် …..။

မီးရောင်စုံ ရွှန်းလက်သောည။ ကြည့်စရာပွဲများကလည်း စုံသည်။ အငြိမ့် ….။ ဇာတ်…။ စတိတ်ရှိုး….။ စင်တင်တေးသရုပ်ဖော် …..။ စုံ၏။

နေမကျခင်ကတည်းမှ ကျနော်တို့ ကလေးတသိုက်က ဂွေလိမ့်ရင်း ….. မြို့လမ်းမကြီးတလျှောက် လမ်းသလားထားကြပြီးဖြစ်၏…။ ဈေးထိပ်ကွက်လပ်ကြီးတွင်က….အငြိမ့်…။ တံတားထိပ်ကားဆိပ်မှာက …. စတိတ်ရှိုး …။ စသည် …. စသည်ဖြင့် …. ကျနော်တို့ သတင်းရထားကြပြီ။

ကျနော်တို့က အငြိမ့်စင်အနောက်လည်း ရောက်သည်။ အငြိမ့်မင်းသမီး အမကြီးတို့ အဝတ်လဲနေသည်ကိုလည်း အားမနာ …။ မောင်းထုတ်လျှင်လည်း မသွား … ပေကပ်ကပ်နှင့် ….။

ခြောက်လုံးပတ်ဝိုင်းနားလည်း မယောင်မလည်နှင့် သွား၏။ လူလစ်လျှင်မူ ဗုံတီးလိုက်သေး၏။ ဆိုင်းဆရာမှ မျက်ထောက်နီကြီးဖြင့် လှမ်းကြည့်မှ အနောက်သို့ ဆုတ်ကြ၏။

ကျနော်တို့ နှစ်သက်သည်က စတိတ်ရှိုး…။ စင်ပေါ်တွင် ဂီတာရှည်ရှည်ကြီးများကို “ဒေါင်း” ….“ဒေါင်း” နှင့် ကြိုးညှိနေလျှင် ကျနော်တို့ စင်အနားမှ မခွာတော့ …။ ” တတ်စတင် ….ဝမ်း …တူုး … သရီး …ဖိုး … တတ်စတင် … ဝမ်း…တူး…သရီး…ဖိုး…” ဟူ၍ စင်ပေါ်မှ မိုက်ခွက်အား ကိုင်ပြီး အသံစမ်းလျှင် … ကျနော်တို့ကလည်း စင်အောက်မှ လိုက်အော်သည်။ ဘာရယ်မဟုတ် ပျော်၏။ စင်ပေါ်မှ ဂီတာနှင့် အကိုကြီးများအားလုံးက ကျနော်တို့မြို့မှ သူများပင် …။ သူတို့အား လမ်းထိပ်အုတ်ခုံများ၌ ည…ညတွင် အမြဲတွေ့ရသည်။ ဆံပင်က ရှည်ရှည်…။ အင်င်္ကျီက ကျပ်ကျပ်၊ ကော်လံက ကြီးကြီးချွန်ချွန် …။ ဘောင်းဘီရှည်များက ပေါင်ရင်းကျပ်ပြီး အဖျားတွင် ကျယ်ကျယ်နှင့် “ ဘဲ ” များ “ဖလဲ” များ ….။

“ နေမင်းကွယ် ညှိုးရင်

မိုညအမှောင်ရိပ်ဝယ်…

အို … မေရယ် အနမ်းဝေဖျာမယ်…။

ကြယ်ကလေးတွေကို ဝှက်ရင်

ထွေးပိုက်လို့ထားမယ်

ကြောက်စိတ်တွေ ဖယ်ထားကွယ်….။”

(မောင်သစ်မင်းရေးသည့် အချစ်ညရင်ခုန်သံမှ)

သီချင်းသံများက ညံစီ၏။ စင်ပေါ်မှလည်းဆို၏။ လမ်းဘေးဈေးဆိုင်များမှလည်း ဆောင်းဘောက်များနှင့်ဖွင့်သည်။ အပြိုင် …..။

“ ငွေရောင် ပင်လယ်ဝယ်…

စိတ်ကူးလေး ရွက်လွှင့်မယ်

ပန်းလှေပေါ်မှာကွယ်

အို… အချစ်အိမ်လေး တည်မယ် ”

(မောင်သစ်မင်ရေးသည့် စိတ်ကူးလေးရွက်လွှင့်မယ်မှ )

ထိုစဉ်က ….ညသည် …ကြယ်ရောင် ….လရောင်…. မီးပုံးရောင်စုံများနှင့် ရွှန်းရွှန်းမြမြ…။ လင်းလင်းပပ…။ တေးသံများက ဝေဝေစီစီ ….။ ချိုချိုအီအီ….။ ပြန်၍ ငဲ့ကြည့်သော် … လွန်ခဲ့သော … နှစ် ၃ဝ ကျော်၊ ၄ဝ မှ …။ စတီရီယိုခေတ်ဦး …..။


(ခ)

စာအုပ်အမည် -  တေးမြုံငှက်
စာရေသူအမည် - မောင်သစ်မင်း
စာမူခွင့်ပြုချက်အမှတ် - ၉၉၈/၂ဝဝ၁(၈)
မျက်နှာ်ဖုံးခွင့်ပြုချက်အမှတ် - ၆၂ဝ/ ၂ဝဝ၁(၈)
ထုတ်ဝေသူ - ဦးထွန်းလွင်
ချစ်စရာစာပေတိုက်
အုပ်ရေ ၁ဝဝဝ။ ပထမအကြိမ် ၂ဝဝ၂ ခုနှစ်
တန်ဖိုး ၄၅ဝကျပ်။

(ကို)မောင်သစ်မင်းအား ဝတ္တုရေးဆရာအဖြစ် ကျနော်မသိ…။ သီချင်းရေးဆရာအဖြစ်သာ သိခဲ့၏။ နောင်မှ …. သူ၏ … “အိမ်မက်” ကဗျာစာအုပ်အား ဖတ်မိသဖြင့် (ကို)မောင်သစ်မင်းအား ကဗျာဆရာတဦးအဖြစ် သိရပြန်သည်။ ယခုမူ …. “တေးမြုံငှက်” အား တွေ့၍ သူ့အား ဝတ္တုရေးဆရာအဖြစ်ပါ သိလာရပြန်သည်။

“တေးမြုံငှက်” အရင် … ၁၉၇၅၊ ၇၆ ခုနှစ်များအတွင်း (ကို)မောင်သစ်မင်း လုံးချင်းဝတ္တုရှည်များ ရေးခဲ့သေးသည်။ “အရှေ့နေထွက် အနောက်နေဝင်” “မပြောကောင်းတဲ့ အကြောင်းလေး တခု ” …။

ထိုဝတ္တုများက လျှို့ဝှက်သည်းဖိုဝတ္တုများ။ တတိယမြောက်စာအုပ်တွင်မူ လျှို့ဝှက်သည်းဖိုဆန်မှုမှ ပြောင်း၍သွား၏။ “ဖက်ထားစမ်ပါ အချစ်ရယ်” အား ကဗျာဆန်ဆန်ရေး၏။ “ငရဲ၌ သစ်ငုတ်ဖြစ်စေ” တွင်မူ လျှို့ဝှက်သည်းဖို လုံးဝမပါတော့ ….။ အကို ဆရာဝန်တယောက်၏ ဘဝများအား ရေးထား၏။ (မဆလ)ခေတ် ဆရာဝန်တို့၏ ဘဝများ ….။

ယခု ….“ တေးမြုံငှက်” က (ကို)မောင်သစ်မင်း၏ ပဉ္စမမြောက် ဝတ္တုရှည်ဖြစ်သည်။

ဇာတ်လမ်းက ရိုးရိုး … မေတ္တာဘွဲ့ အချစ်ဇာတ်လမ်း၊ အိမ်ထောင်ရေးဘဝများ …။ တေးသီသော သီချင်းရေးဆရာ “ကိုကိုဝေ” နှင့် သီချင်းများအား စုံမက်မြတ်နိုးသည့် “မေမေကြိုင်” တို့၏ မေတ္တာဘွဲ့ ….။ ကိုကိုဝေက တေးသီ၍ အနုပညာအား ရှာ၏။ ငွေမရှာတတ်…။ ကဗျာဖွဲ့၍ အနုပညာအား သိမ်းဆည်း၏။ ဓန ဥစ္စာ မသိမ်းဆည်း…။ “မေမေကြိုင်” က သံစဉ်များကိုလည်း ချစ်၏။ ကဗျာများကိုလည်း နှစ်သက်၏။ အနုပညာတွင် စီးမျော၍လည်း ပျော်ဝင်၏။ သို့သော် …. အိမ်ထောင်တခုက ငွေကိုလည်း လိုအပ်၏။ ဥစ္စာ ဓနကိုလည်း တောင်းတ၏။ ဤသို့နှင့် “တေးမြုံငှက်” အား အရှိန်မြင့်၍ (ကို)မောင်သစ်မင်း ဖွဲ့၏။

“တေးမြုံငှက်”က ဤမျှနှင့်မရပ် …။ ရန်ကုန်မြို့၏ ဘားလမ်းအား လူးလာခေါက်တုံ့ ပျံ၏။ မောင်ထော်လေးလမ်းသို့ ကူး၏။ ၃၃ လမ်းအတွင်းသို့ ဝင်ပြန်သည်။ ၃၃ လမ်းထိပ်ရောက်တော့ … နားပြန်၏။ “ရွှေကြည်အေး” လက်ဖက်ရည်ဆိုင်တွင် …။ ….“ရွှေကြည်အေး” တွင် သိဒ္ဒတ္တလှိုင်၊ ဖော်ဝေး၊ အောင်ချိမ့်တို့နှင့် တွေ့ရသည်။ တခါတခါ …. ပြည်မှ ဆင်းလာသည့် နယ်ပိုင်ကြီးသား မောင်ချောနွယ်နှင့် ဆုံရပြန်သည်။ ဤတွင် “တေးမြုံငှက်” သည် ကဗျာများအား အာခံတွင်းထဲမှ အန်ထုတ်၏။

တဖန် …. မင်းမင်းလတ်၊ စိုးပိုင်၊ စိန်သစ်၊ အောင်ကိုလတ်တို့နှင့် တွေ့ဆုံစေပြန်သည်။ “ ရော့အင်ရိုး” ဂီတအား ကြားရပြန်၏။ မရပ်သေး…။

“တေးမြုံငှက်” က ပျံဆဲပင် ….။ မန္တလေးသို့ ရောက်၏။ ကိုရဲလွင်၊ ကိုနေဝင်း၊ ဒေါက်တာ စိုင်းခမ်းလိတ်တို့နှင့် ဆုံပြန်၏။ ဂီတသံစဉ်များက …. ဆေးရုံရိပ်သာမှ တောင်ခြေသို့တိုင် ပျံ့လွှင့်စေပြန်၏။ မရပ်မနား တေးမြုံငှက်က ပျံလေ၏…..။ ပျံရင်း အန်ထုတ်၏။ စာလုံး …. ဆေးစက်နှင့် နရီသံစဉ်တို့….။

(ဂ)
စတီရီယိုခေတ်ဦး၏ အစက …. ကျဉ်းကျဉ်းလေးမှ စသည်ဟု ဆိုရမည်။ ရန်ကုန်မြို့၏ အထက်တန်းလွှာနှင့် ပညာတတ် အသိုင်းအဝိုင်းအတွင်းမှာပင် ဗဟိုပြုခဲ့ကြရ၏။ ကျယ်ပြန့်မှုက မရှိ….။

စိုးပိုင်၊ မင်းမင်းလတ်၊ သိန်းတန်၊ ကျော်ဆွေဟန်တို့က ငယ်သူငယ်ချင်းများ ….။ ဂီတာတီးကြ၏။ သီချင်းဆိုကြ၏။ လမ်းဘေးအုတ်ခုံနှင့် တန်ဆောင်တိုင်စင်မြင့်ပွဲများမှာပင် …..။ ထိုစဉ်က …. စိုးပိုင်ဟူ၍ မဖြစ်သေး ….“ဖိုးညို” ဟူသည့် ဂစ်တာသမားတဦးမျှသာ ။ မင်းမင်းလတ်သည်လည်း …. မင်းမင်းလတ်ဟူ၍ မသိကြ ….။ “မာရှယ်” ဟူ၍သာ သိကြသေးသည်။

မြန်မာ့အသံ၏ စနေနေ့ည၊ အင်္ဂလိပ်ပိုင်း အစီအစဉ်တွင် မော်ဂင်၊ အော်စတင်၊ ရစ်ချက်ခင်တို့က လက်စွမ်းပြကြ၏။ ဗစ်တာခင်ညိုက ဆိုသည်။ သူ့အသံက “ကလစ်ရစ်ချတ်” အသံနှင့်တူ၍ နာမည်ရသည်။ တင်မိုးခိုင်တို့ ညီအမများလည်း ဆိုကြသည်။ တက္ကသိုလ်အေးမောင်က ရယ်ဂျီဘဦးအမည်နှင့် ဆိုသည်။ အင်္ဂလိပ်သီချင်းများသာ ….။

ရုပ်ရှင်ဘက်တွင် အင်္ဂလိပ်သံစဉ်အား မြန်မာစာသားသွင်းပြီး ရုပ်ရှင်သီချင်းအဖြစ် ဝင်းဦးမှ စ၍ဆိုသည်။ အောင်မြင်၏။ တက္ကသိုလ်ထွန်းနောင်၏ “ရည်းစားလိုချင်တယ်” သီချင်းပေါက်သည့် နောက်ပိုင်းတွင်မူ …. အင်္ဂလိပ်သီချင်းသံစဉ်တွင် မြန်မာစာသားထည့်၍ ဂစ်တာနှင့် သီဆိုမှုက ဆူဆူညံညံနှင့် ထူးခြားလာ၏။

သိန်းတန်နှင့် သန်းနိုင်က “ ပလေးဘွိုင်း” ဟူ၍ တီးဝိုင်းထောင်သည်။ ပုလဲ၊ စိန်လွင်၊ သန်းနိုင်တို့က ပင်တိုင်အဆိုတော်များ….။

“မာရှယ်” က မော်ဂင်တို့နှင့်ပေါင်းပြီး “အီလက်ထရောနစ်မစ်ရှင်း” (အီးမစ်ရှင်း) အား ထောင်၏။ ပုသိမ်မောင်စိမ်းသူ၏ မြန်မာစာသားဆန်းဆန်းများနှင့် “မာရှယ်” သည် မင်းမင်းလတ် ဖြစ်လာတော့၏။ မင်းမင်းလတ်၏ သီချင်းများက စတီရီယိုခေတ်ဦးအား ထွင်ခဲ့သည်ဟု ဆိုရမည်။

(ဃ)
၃၃ လမ်းထိပ်….။ ရွှေကြည်အေး လက်ဖက်ရည်ဆိုင်၏ စားပွဲတွင် နံရံကိုကပ်ပြီး ထိုင်တတ်ကြသည်က ကဗျာဆရာများ ….။ အောင်ချိမ့်၊ ဖော်ဝေးနှင့် မောင်ချောနွယ်တို့ ….။ ဆံပင်ရှည်ရှည် ညှဉ်းသိုးသိုး၊ လွယ်အိတ်ဖားလျား….။ လွယ်အတ်ထဲတွင်မူ “နုတ်ဘွတ်” သေးသေးလေးများ ပါကြ၏။ ကိုသစ်မင်း၊ ကိုရဲလွင်၊ ကိုနေဝင်း၊ ကိုစိမ်းသူ ….၊ သုခမိန်လှိုင်တို့ကလည်း ရွှေကြည်အေးတွင်ပင် ထိုင်ကြ၏။ သူတို့က သီချင်းရေးကြသည့် သူများ….။ လူစုမိကြပြီဆိုလျှင် …. စကားဝိုင်းသည် ဆူဆူညံညံ၊ စိုစိုပြေပြေ…..။ ရွှေကြည်အေးတွင် စတီရီယိုအုပ်စုနှင့် ကဗျာအုပ်စုတို့ ပေါင်းမိနေကြသည်။

စတီရီယိုအုပ်စုကလည်း ဂီတသစ်အတွက် မျှော်လင့်ချက်ကြီးကြီးနှင့် …..။

ကဗျာအုပ်စုကလည်း ကဗျာသစ်အတွက် ယုံကြည်ချက် ပြင်းပြင်းထန်ထန်နှင့် ….။ သူတို့တွေက လူငယ်များ ….. ။ မျှော်လင့်ချက်တူ သူချင်းလည်းဖြစ်သည်။ အနုပညာသစ်၏ ခရီးဖော်များလည်း ဖြစ်၏။ ဤတွင် ပေါင်းစည်းမိကြခြင်း ဖြစ်သည်။ တဦးနှင့်တဦး ….လေးလေးစားစား၊ ရင်းရင်းနှီးနှီး၊ တိုင်တိုင်ပင်ပင် …..။ ကူညီစရာရှိက…လှိုက်လှိုက်လှဲလှဲ၊ ဝေဖန်စရာရှိလျှင်လည်း ပွင့်ပွင့်လင်းလင်း …..။

“သီချင်းရေးဆရာဆိုတာ ကဗျာဆရာလိုပဲ လေးနက်မှုရှိတဲ့ ပုဂ္ဂိုလ်မျိုးပဲ ဖြစ်ရမယ်။ ကဗျာဆရာတွေ ကဗျာကို ချစ်သလောက် သီချင်းရေးဆရာတွေ သူတို့ သီချင်းကို မချစ်ကြဘူး။ ကဗျာဆရာဟာ ဘယ်တော့မှ သူ့ကဗျာကို ငွေအတွက် မရေးဘူး။ သီချင်းရေးဆရာတွေကတော့ သူတို့သီချင်းတွေကို ငွေအတွက် ရေးနေကြတယ်။ အဲဒီသီချင်းအပေါ်မှာ မြတ်နိုးလေးစားမှုမရှိတာ သိပ်ပေါ်လွင်နေတယ်။ ကျနော် မကျေနပ်ဆုံး အဲဒါပဲ“

မှန်သည်။ သုခမိန်လှိုင်စကား သိပ်မှန်လွန်းနေသည်။ ကဗျာဆရာသည် သူ့ကဗျာလေးတွေအပေါ်မှာ သစ္စာရှိသည်။ ဘယ်တော့မှ ကဗျာဖြင့် စီးပွားမရှာ။ (စာမျက်နှာ ၁၆၆ - မှ)

မောင်သစ်မင်းက သုခမိန်လှိုင်၏ စကားကို နားထောင်ရင်း …. သုခမိန်လှိုင်၏ မှတ်စုစာအုပ်ကလေးကို ဖွင့်လှန်ကြည့်သည်။

“လိပ်စာတွေ၊ တယ်လီဖုန်းနံပါတ်တွေ၊ သီချင်းအတိုအစတွေ အန္တရာယ်ကင်းပရိတ်တွေ၊ ဘုရားစာတွေ၊ အကြွေးစာရင်းတွေ အသုံးစရိတ်မှတ်တမ်းတွေ …..

သမီးအတွက် လွယ်အိတ် ၁၅ ကျပ်

ဖော်ဝေး ထမင်း ၅ ကျပ်

နံရံကပ်ပိုစကာ ၂၅ ကျပ်

လက်ဖက်ရည် ၁၂ ကျပ်

ဘဲကင် ၆ ကျပ်

“အစကတော့ ဒီစာအုပ်လေးထဲ ကဗျာတွေ ရေးဖို့ပဲ နောက်တော့ ကဗျာမရေးဖြစ်ဘဲ အတိုအစတွေ လျှောက်မှတ်တဲ့ စာအုပ်ဖြစ်သွားတယ်“

“ ဒါတွေလဲ ကဗျာတွေပဲပေါ့ဗျာ” မောင်သစ်မင်းက ဝင်ပြောသည်။ (စာမျက်နှာ ၁၆၄-မှ )

(င)
သီချင်းသံအား ကြားရ၏။ ချိုချိုမြမြ….။ အနုပညာပစ္စည်း…။ ပစ္စည်းဟူ၍ ပါလာပြီဖြစ်၍ ကုန်စည်တခုဟုပင် ဝိဂြိုဟ်ပြုကြရတော့မည်…။ ဤတွင် ထုတ်လုပ်မှုပါပြီး ကုန်ထုတ်စွမ်းအားစုများ … ကုန်လုပ်ဆက်ဆံရေးများ ရှိလာလေပြီ။ သီချင်းတပုဒ် ….၊ ကုန်စည်တခုအတွက် ပထမ သီချင်းရေးသူ၊ တီးခတ်မည့်သူများ ….၊ သီဆိုမည့်သူ …။ ပြီးလျှင် … ထုတ်လုပ်မည့်သူ ….။ ဤတွင် ပထမအင်အားစု သုံးစုသည် အနုပညာရှင်များဖြစ်သည်။ သူတို့၏ ထုတ်လုပ်မှု လုပ်အားက နှလုံးသားမှ လာသည်။ ရင်ခုန်သံနှင့် ရင်း၏။ ငွေကြေး မပါ။ ဤအရာများနှင့် ထုတ်လုပ်သူ၏ ငွေရင်းပေါင်း၍ အနုပညာပစ္စည်းအား ထုတ်၏။ ကျနော်တို့ သီချင်းသံအား ကြားရ၏။ ချိုချိုမြမြ….။

ထုတ်လုပ်သူငွေရှင်က ငွေနှင့်ရင်းသည်ဖြစ်၍ အမြတ်အစွန်းများများ ရရန် အားထုတ်၏။ နှလုံးသွေးမှလာသော အနုပညာသည်တို့က အနုပညာတန်ဖိုးအား ကြီးမြတ်မှု ထား၏။ ငွေရှင်က ငွေအမြတ် ရရန် … ဈေးကွက်တွင်လည်း ယူမည်။ ကုန်လုပ်ဆက်ဆံရေးအတွင်းမှလည်း နှိုက်၍ ညှစ်၍ လိုချင်သည်။

ဤပဋိပက္ခများအား “ တေးမြုံငှက်” တွင် တွေ့ရ၏။

စတီရီယိုခေတ်ဦးတွင် ထုတ်လုပ်သူဟူသည်က တေးသံသွင်းဆိုင်များဖြစ်သည်။ ယခုကဲ့သို့ တခွေလုံးအား ဖြန့်ချိခြင်းမဟုတ် …။ မာစတာတခွေအား တေးသံသွင်းဆိုင်မှ ဝယ်ပြီး …..တပုဒ်ချင်းစီဖြစ်ဖြစ်၊ တခွေလုံးဖြစ်ဖြစ် ပြန်ကူး၍ ရောင်းကြခြင်း ဖြစ်သည်။ တေးသံသွင်းဆိုင်များက စီရီးတခွေ .. ခွေလာရောင်းလျှင် အဆမတန် ဈေးနှိမ်ကြ၏။ နာမည်မပေါက်သေးသည့် အခွေဖြစ်ပါက သီချင်းတပုဒ်လျှင် ၅ ကျပ်ထက် ပိုမပေးကြ။

ထိုအချိန်က ထီးဆိုင်တို့၊ စိုးပိုင်တို့၏ အခွေများ ပေါက်သော ခေတ် …. ။

ထီးဆိုင်၏ “ နွဲ့တင်အတွက် သီချင်းတပုဒ်” အခွေအား အောက်မြန်မာပြည်အတွက် ရန်ကုန်တွင် ဆင်းပြီး ဈေးကွက်ရှာသည်။ “ယင်းမာ”တေးသံသွင်းက ကိုယ်စားလှယ်ယူသည်။ သောင်းနှစ်ထောင်နှင့် ….။

“ယင်းမာ” မှာ အောက်မြန်မာပြည်ရှိ တေးသံသွင်းဆိုင်များအား ပြန်၍ ဖြန့်သည်။ ဆိုင်ကြီး ၆ဝဝ ကျပ်။ ဆိုင်လေး ၄ဝဝ ကျပ်နှုန်းနှင့် …။ ဤဈေးက ထိုအချိန်တွင် စတီရီယိုလောက၌ ဈေးမြှင့်သည်ဟု ဆိုရမည်။ ဈေးမြှင့်သော်လည်း ထီးဆိုင်အခွေက မြတ်မည်။ ဤသည်ကိုလည်း …. တေးသံသွင်းဆိုင်များက သိကြ၏။ သို့သော် …. “ယင်းမာ” ၏ တောင်းဈေးအား မပေးချင်ကြ။ ရန်ကုန်ရှိ တေးသံသွင်းဆိုင်များအကြား ညှိကြ၏။ စည်းဝေးကြ၏။ တိုင်ပင်ကြ၏။ စာရွက်တွေ ဝေကြ၏။ ထီးဆိုင်၏ “နွဲ့တင်အတွက် သီချင်းတပုဒ်” အခွေအား ၃ဝဝ ကျပ်ထက် ပိုမပေးရန် …။ လုပ်ငန်းရှင်တို့ သွေးစည်းကြ၏။ အနုပညာသည်တို့မှလည်း တင်း၍တောင့်ထားကြ၏။ သို့သော် … ခပ်လျှော့လျှော့ ….။

“ဒီဆိုင်တွေ အားလုံးပိတ်သွားအောင် လုပ်လို့ရတဲ့ နည်းရှိရင် သိပ်ကောင်းမှာပဲ။ ကျနော်တို့လည်း သီချင်းမရေးတော့ဘူး။ ခင်ဗျားတို့လည်း သီချင်းမဆိုကြနဲ့တော့ ….”

“အဲဒါလဲ ရမှာမဟုတ်ဘူး။ ဒီကောင်တွေက လူလည်တွေဗျ”

မောင်သစ်မင်းက ပြောရင်း သက်ပြင်းချသည်။

“မာနတော့ အတတ်နိုင်ဆုံး တင်းထားရမယ်လေ ”

“တင်းတော့တင်းတာပဲ နောင်နောင်၊ မာနလျှော့လိုက်ရင် ဝင်ငွေကောင်းပြီး မာနတင်းလိုက်ရင် ဝင်ငွေနည်းသွားရော။ ငါ့ဝမ်းပူစာ မနေသာတော့လည်း လျှော့ချည်တခါ တင်းချည်တလှည့် လုပ်နေရတော့တာပဲ” (စာမျက်နှာ ၃၁၉-၃၂ဝ မှ)

စိုးပိုင်၏ စကားဆုံးတော့ အားလုံးသက်ပြင်းရှည်ကြီးအား ချလိုက်ကြသည်။ သူတို့၏ အမောက “ ရွှေကြည်အေး” အတွင်း လှိုက်၍နေ၏။

တေးမြုံငှက်က စတီရီယိုခေတ်ဦး၏ ကောင်းကင်တွင် လေဆန်၍လည်း ပျံ၏။ လေဟုန်တွင်လည်း စီး၏။ အမြင့်သို့လည်း တက်၏။ လျှပ်၍လည်း ပျံသန်း၏။ အာခံတွင်းအတွင်း ငုံကာထားသည့် တေးသီချင်းတို့အား သီရင်း …..။ ။

မင်းဆွေသစ်

No comments:

Post a Comment