ကျေးဇူးတင်ဖို့ကောင်းတဲ့
မြေကြီးနဲ့ ကျောက်ခဲကလေးတွေ
မြေကြီးနဲ့ ကျောက်ခဲကလေးတွေ
သူတို့ အညာမှာ မိုးက ခေါင်သလောက် ဟောဒီ အကြေမှာ မိုးတွေက ရွာလှပါလား။ တစ်ခါတစ်လေ ရွာလိုက်တာမှ ရေအပြည့်နဲ့ ဧရာမ မိုးဗြဲဒယ်အိုးကြီးကို သွန်မှောက်ချလိုက်သလိုပဲ။ ပင်လယ် သမုဒ္ဒရာထဲမှာ ရေတွေမှာ ကျန်ရစ်ကြသေးရဲ့လားလို့ ထင်ရလောက်အောင်ကို ရွာတာ။ အညာသားဖြစ်တဲ့ သူဟာ အကြေမိုးနဲ့ နေသားတကျ မဖြစ်ခင်မှာ အတော် နေရခက်တယ်။ ပြီးတော့ မိသားစုနဲ့ ခွဲခွာနေရချိန်ဆိုတော့ တိမ်ညိုတိမ်မည်းတွေကလည်း အလွမ်းတိမ်ဖြစ်ကြ မိုးရေစက်တွေကလည်း အလွမ်းမိုးစက်တွေ ဖြစ်နေကြတော့တာပေါ့။ တော်ပါသေးရဲ့။ မိုးရေတွေကြောင့် မြေပြင်ဟာ ဗွက်ထ မနေရစ်ဘဲ၊ အလိုက်သင့် စီးဆင်းသွား၊ အလျားသင့် စိမ့်ဝင်သွားပေလို့။
ပတ်ဝန်းကျင်မှာ မြင်မြင်ရသမျှ အရောင်အဆင်းဆိုလို့ သုံးမျိုးသုံးစားပဲ မြင်တွေ့နေရတာကိုတော့ သူ စိတ်ပျက်မိတယ်။ ဟိုမှာ အဖြူ၊ ဟိုနေရာ ခပ်စိမ်းစိမ်း၊ ဒီအနား စိမ်းညို့ညို့၊ ဟိုဘက်မှာ နီညိုရောင် ဒီဘက်မှာ ညိုနီရောင်၊ မိုလင်းကနေ မိုးချုပ်၊ တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ် အဖြူ၊ အစိမ်း၊ နီညိုရောင်တွေချည်း မကြည့်ချင် မြင်လျက်သားနဲ့ နေရတာ လကို နှစ်တွေ စားခဲ့ပြီ။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေရော သူကိုယ်တိုင်ရောက အဖြူရောင်၊ ပတ်ပတ်လည် ကြည့်လေရာမှာ ရှောင်မလွတ်တာက မြေနီရောင်သုတ်ထားပြီး ရေညှိတွေစွဲပြီး စိမ်းညို့မှောင်နေတဲ့ အုတ်နံရံ၊ ပြီးတော့ သူတို့ စိုက်ထားကြတဲ့ ကန်စွန်းပင်ကြီးတွေ၊ ဟင်းနုနယ်တွေ၊ မုန်ညင်း၊ မုန်လာပင်တွေက အစိမ်းရောင်၊ မနေ့ကလည်း ဖြူ၊ နီ၊ စိမ်း၊ ဒီနေ့တော့ နီ၊ ဖြူ၊ စိမ်း၊ မနက်ဖြန်ကျတော့ စိမ်း၊ နီ၊ ဖြူ နောက်နေ့တွေကျတော့လည်း ဒီ အရောင် သုံးရောင်ထဲမှာပဲ သံသရာလည်နေရဦးမှာ ကြာလာတော့လည်း သူ စိတ်ပျက်မိတာပေါ့။
ပြီးတော့ ဘာဂီတမှလည်း နားထောင်စရာ မရှိတဲ့ ရပ်ဝန်း။ တစ်ခါတလေ အကြောင်းသင့် တိုက်ဆိုင်လွန်းပါမှ ရွာမဘက်ဆီက ထင်ပါရဲ့ တစ်ခါတစ်ရံ အေးသိဒ္ဓိဘက်က ထင်ပါရဲ့၊ အသံချဲ့စက်က သီချင်းကလေး သဲ့သဲ့ လေကြောင်းကြုံနဲ့ မျက်စိလည် လမ်းမှား ရောက်လာတယ်။ စာဥရော ငါ အရောက်လာခဲ့မှာ မောင် ဘယ်လို ဖြေဖြေ မရတော့ဘူး အရှုံး မပေးနဲ့ မိငယ်ရေ လူခြေတိတ်တောင် အိပ်လို့ မရပေါင် တဲ့။ တိုးတိုးသဲ့သဲ့ ကြားရတဲ့ သီချင်းသံကို နားစိုက်ထောင်နေတုန်း လေကြောင်းက ချော်ထွက်သွားတော့ သူ့ နား ခံတွင်းချဉ် ကျန်ရစ်ပြန်ရော။
ညအိပ်ဆောင် ပိတ်ချိန်မှာတော့ ခရမ်းနယ်ဘက်က ဓားပြမှုနဲ့ ဒီထဲ ရောက်လာတဲ့ နာနူးတို့၊ မော်လမြိုင်ကျွန်းဘက်က ပစ္စည်းယူ လူသတ်မှု ကျူးလွန်ခဲ့ကြတဲ့ ဘတိုး တို့၊ သံလုံး တို့၊ ပလပ်စတစ်ဇလုံကို ဗုံလုပ်တီးပြီး သီချင်းတွေ ဆိုတတ်ကြတယ်။ သံစဉ် ခုနစ်ပါးရဲ့ ဟိုဘက်က အဋ္ဌမမြောက် သံစဉ်နဲ့ န၀မမြောက် သံစဉ်တွေလား၊ နံပါတ် ထိုးမရတဲ့ သံစဉ် အသစ်တွေနဲ့ ဆိုနေလိုက်ကြတာ။ ကြာတော့လည်း သူတို့ သီချင်းတွေက ထပ်တစ်ရာမကတော့ဘူး။ ဒီတော့ ရိုးအီလာပြီလေ။ သူတို့လည်း သီချင်းတွေ ဒီလို ဆိုရ ဟစ်ရမှ နေသာကြပေမပေါ့။
အဆိုတော်တွေရဲ့ နာမည်ကြီး သီချင်းတွေကို အညှီအဟောက် စာမြှောင်တွေ သွတ်သွင်း ဖလှယ် စပ်ဆိုထားတဲ့ နာဒူးတို့ သီချင်းတွေကို အိပ်ရာပေါ် ကျောခင်းရင်း အကြောဆန့်နေရတဲ့ သူကတော့ ကြားတစ်ချက်၊ မကြားတစ်ချက်။ ယောက်ျားသားတွေချည်း နေကြတဲ့ ကျားတိုင်းပြည်၊ ဖိုလောကသားတွေရဲ့ ဖိုမြို့တော်ဆိုတော့ နားနူးတို့ရဲ့ သီချင်းတွေထဲမှာ ရုန့်ရင်းတာတွေ တစ်တစ်ခွခွတွေ ဗုံးပေါလအောပေါ့။ ဆီးကျိုးတာရော၊ ကွင်းလုံးပုံတာရော၊ အံမလေးတော့တွေရော ပါကြလေတော့ ကြိုးထိုးစိပ်ပုတီးတွေ၊ နေ့နံစိပ်ပုတီးတွေနဲ့ သမ္ဗုဒ္ဓေဂါထာတွေ၊ နာမောတေဂါထာတွေ စိပ်နေကြသူတွေရဲ့ နားကို မုဒိမ်းကျင့်သလို ဖြစ်နေတယ်လေ။
ကျောခင်း၊ အညောင်းဆန့်၊ ပေါင်းထမင်းလုံးတွေကို စီရင်း သူ့စိတ်တွေကတော့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သုံးပြည်ထောင်ကို ခြေဆန့် ခရီးပြင်းနှင်နေတယ်။
ငယ်ငယ်က ကစားခဲ့တဲ့ ဘောလုံးပွဲတွေမှာ ရှုံးခဲ့တာတွေ၊ အနိုင်ရခဲ့တာတွေ၊ နေဗာရွန်းအမြောက်၊ အာရေးဗျရဲ့လော့ရင့်(စ်)၊ လူစွမ်းကောင်းခုနစ်ယောက် စတဲ့ ကြိုက်နှစ်သက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ပြန်ပြီး အရသာခံ စဉ်းစားရင်း ကျောင်းသားဘ၀က လွတ်သွားခဲ့ရတဲ့ ချစ်သူရည်းစား ငါးကြီးတွေ အကြောင်းလည်း ပါတာပေါ့။
ဆရာဗန်းမော်တင်အောင်၊ ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်တို့ ရေးခဲ့တဲ့ စာအုပ်တွေထဲက စွဲမက်မှတ်မိနေတဲ့ လူ့မိတ်ဆွေတွေ၊ ပန်းချီဆရာကြီး ဦးခင်မောင် (ဘဏ်)၊ ဆရာဦးအောင်ခင်၊ ဆရာဦးဘရင်ကလေး၊ ဆရာပေါ်ဦးသက်၊ ဆရာခင်မောင်ရင်၊ ကိုရွှေအောင်သိမ်း၊ ကိုအောင်တိတ်တို့ရဲ့ လက်ရာမြောက် ပန်းချီကားတွေကလည်း သူ့ စိတ်အာရုံထဲမှာ ပြန်ပေါ်လာတယ်။
တကောင်းနဲ့ ကြာညှပ် ကြားက အိမ်ကလေး လေး၊ ငါး၊ ခြောက်လုံးလောက်ပဲ ရှိတဲ့ ငလျင်ပြိုဆိုတဲ့ ရွာကလေးမှာ အခြေစိုက်ကြပြီး ဘူမိဗေဒကွင်းဆင်းခဲ့ကြတဲ့ အတွေ့အကြုံတွေ၊ ကြာညှပ် လက်ရွေးစင် အသင်းနဲ့ သူတို့တစ်တွေ ဘောလုံး ယှဉ်ပြိုင်ကစားခဲ့ကြပုံတွေ၊ အနီးစခန်း၊ ဗောင်နီ၊ ကျားတွင်းရေ၊ ကျွဲနွားထောက် ရွာတွေက ဘူမိဗေဒ ကွင်းဆင်းရင်း ခင်မင်ရင်းနှီးခဲ့ကြတဲ့ မိတ်ဆွေတွေကို သတိရ အောက်မေ့ရင်း သူ့ စိတ်ကူးတွေ လွတ်လပ် ပျံဝဲနေကြတယ်။
သူနဲ့ ကပ်လျက် အိပ်တဲ့ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနဲ့ ရောက်လာတဲ့ ဒိုက်ဦးနယ်ထဲက ဦးလေးခန့်ကတော့ သူ့ရဲ့လက်မ လက်သည်းခွံ နှစ်ခုနဲ့ သန်းကြီးမတွေကို နာနာ တုပ်နေတယ်။ သူ့ ခါး ကိုင်းကိုင်းကြီးကို ပိုပြီး ကိုင်းလိုက်ပြီး မျက်မှောင်တွေ ကုတ်လိုက်မိပြီဆိုရင်တော့ သန်းကြီးမတွေ ကံဆိုးကုန်ကြတာပေါ့။ သူ့ခမျာ ထင်ထင်ရှားရှား မြင်ရတာတော့ မဟုတ်ရှာပါဘူး။ ဒါပေမဲ့ သန်းကြီးတွေ ဘယ်နား နေလေ့နေထ ရှိတယ်ဆိုတာ သိလေတော့ ကျွမ်းကျင်ရာ လိမ္မာဆိုသလိုပေါ့။
သူ ရောက်နေတဲ့ အဆောင် (၃)၊ အခန်းနံပါတ် (၄) မှာ ဘ၀တူ အယောက် တစ်ရာကျော် ရှိတယ်။ ဒီ လူတစ်ရာကျော်ကို အထိန်းခိုင်းထားခံရသူကတော့ ရုပ်ရှင်တွေထဲမှာ ပါတတ်တဲ့ စိတ္တဇလူသတ်သမားလို သွေးအေးအေးနဲ့ ရက်ရက်စက်စက် လူသတ်လာခဲ့တဲ့ လူတစ်ယောက်ပဲ။ တရားရုံးက သူ့ကို သေဒဏ်ချခဲ့တယ်။ ဒါပေမဲ့ ဒီလူကြီး သေနေ့ မစေ့ခဲ့ဘူး။ အမိန့်ကြေညာချက် တစ်ခုကြောင့် ဒီလူကြီးကို သေဒဏ်ကနေ တစ်သက်တစ်ကျွန်းပြောင်း ချမှတ်လိုက်တယ်။
အရပ် ကလန်ကလား၊ မျက်ပေါက် ကျဉ်းကျဉ်း၊ နှာခေါင်း ပွတတ၊ မျက်နှာမှာ ၀က်ခြံပုန်းတွေ ဗရပျစ်နဲ့ အပြုံးအရယ် မရှိ။ မျက်နှာထား ဆိုးဆိုးနဲ့ ဒီ အခန်းလူကြီးကို ကွယ်ရာမှာ သရဲကြီးလို့ ခေါ်ကြတယ်။ ဒီ အရင်က ထောင် ဘယ်နှခါ ကျဖူးပြီး သရဲကြီး ဆိုတဲ့ ဘွဲ့ကို ဘာလို့ အပ်နှင်း ထားကြပါလိမ့်၊ စပ်စုချင်စရာ မကောင်းလို့ ထင်ပါရဲ့၊ ဘယ်သူကမှ မစပ်စုကြဘူး။
စိပ်ပုတီးတစ်လုံး လည်ပင်းမှာ ဆွဲချင် ဆွဲထားမယ်၊ ဒါမှမဟုတ် ဘယ်လက်မှာ ကိုင်ချင် ကိုင်ထားမယ်။ ညာဘက်မှာတော့ အကျဉ်းသားတွေကို ရိုက်ဖို့ တုတ်တစ်ချောင်း အမြဲလိုလို ကိုင်ထားလေ့ရှိတဲ့ သရဲကြီးကို ဒလဘက်က ခိုးမှုနဲ့ ထောင်ကျတဲ့ အောင်ဘုက အလကား ဟန်ဆောင်နေတဲ့ သရဲကြီး။ လိမ်စရာ မရှိ ဘုရားတောင် လိမ်တဲ့ လူလိမ်ကြီး။ ပါးစပ်က ဘုရား .. ဘုရား၊ လက်က ကားရား .. ကားရား ဆိုတဲ့ အကောင်ကြီး။ ထောင်ထဲကနေ ခြေထောက်က အရင် ထွက်မလာပါစေနဲ့၊ ခေါင်းက အရင်ထွက်လာပါစေလို့ ဆုတောင်းပေးနေတယ်။ သူခိုးအောင်ဘုကို သရဲကြီးက တမြန်နေ့က ရိုက်ထားတာ အရှိုးတွေ ထင်လို့။ ဒီ့ပြင်လူတွေ နည်းတူ ဒီ အရှိုးတွေက နှစ်ရက်၊ သုံးရက်နဲ့ ပျောက်ဦးမှာ မဟုတ်ဘူး။ ဒီ သရဲကြီးကို အပြင်ရောက်ရင် သရဲဘ၀က ကျွတ်အောင် ချွတ်မယ်လို့ ကြုံးဝါးနေကြတဲ့ အောင်ဘုတို့လို အောက်လမ်းသမားတွေ၊ အထက်လမ်းသမားတွေ အများကြီး။
သရဲကြီးက အခန်းသား အချင်းချင်း ပြဿနာ မဖြစ်ရအောင်၊ ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ အညီ နေအောင် ကြီးကြပ်ပေးရတာအပြင် သူတို့ ဘာစကားတွေ ပြောနေကြတယ်၊ ဘာတွေ တိုင်ပင်နေကြတယ် ဆိုတာတွေကို အမြဲ နားစွင့်နေပြီး ထောင်မှူးဆီကို အစီရင်ခံရတဲ့ အခန်းလူကြီးတွေရဲ့ အလုပ်ကို တာဝန်ကျေတဲ့ အပြင် အလွန် ကျိုးနွံတဲ့လူ။
မဂ္ဂဇင်းမှာ အယ်ဒီတာ လုပ်ခဲ့တဲ့ ကိုမြင့်ဆန်းနဲ့ တွေ့ကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ဖတ်ဖူးကြတဲ့ ၀တ္ထုတွေ၊ ဆောင်းပါးတွေ၊ ကဗျာတွေ အကြောင်း လမ်းလျှောက်ရင်း စကားတွေ ပြောကြတယ်။ အဲဒီ အချိန်မှာ သူဟာ ဘူမိဗေဒအသင်းက ထုတ်ဝေတဲ့ ကျောက်ရိုင်း နံရံကပ် စာစောင်ရဲ့ စာတည်း ပြန်ဖြစ်သွားရော။ စာမူတွေ ဖိတ်ခေါ်ကြ၊ စာမူတွေ ရွေးချယ်ကြ၊ လက်ရေးလက်သား ကောင်းတဲ့ သူငယ်ချင်း ကိုကိုထွေးနဲ့ ၀င်းသော်တို့၊ စာ အဖတ်များတဲ့ ၀င်းတင့်နဲ့ ရဲသျှမ်းတို့က အယ်ဒီတာတွေ၊ ပန်းချီ သရုပ်ဖော် ကောင်းတဲ့ မောင်မောင်စိုးမင်းနဲ့ ဇင်မော်တို့ရဲ့ အကူအညီ မပါဘဲ ကျောက်ရိုင်း နံရံကပ် စာစောင် ဖြစ်မလာနိုင်ဘူး။ ကျောက်ရိုင်း အကြောင်း ပြန်တွေးရင်း ပျော်စရာအတိ လွမ်းစရာ အပြည့်နဲ့မို့ သူ့ မျက်လုံးတွေ စိုစွတ် ကုန်တာပေါ့။
ကံ့ကော်ရိပ်၊ တမာရိပ် ခိုခဲ့တဲ့ သူတွေနဲ့ တွေ့တဲ့အခါမှာ သူ့ထဲမှာ တမာရနံ့တွေ ကြိုင်သင်းလာပြီး ကျောက်မျက်ပညာ၊ ကျောက်ဖြစ်ရုပ်ကြွင်းပညာနဲ့ ထရဗေဒတွေ အကြောင်း နှီးနှော ဖြစ်ကြပြန်ရော။ ဘရမ်တန် ကွန်ပတ်စ်ကို အသုံးပြုနည်း၊ ကောင်းကင် ဓာတ်ပုံ ကြည့်နည်းတွေကို သူ မှတ်မိနေတုန်းပဲ။
ပန်းချီဘိုဘိုထွန်းနဲ့ ဆုံတဲ့ အခါကျတော့ သူက ၀င်ပြီး ပြောလို့ မဖြစ်တော့ဘူး။ ပန်းချီဆရာက ရေဆေးပန်းချီ၊ ပါတိတ်ပန်းချီအကြောင်း ပြောတဲ့အခါမှာ သူ့မှာ များများစားစား ပြောစရာ မရှိဘူး။ အဲဒီ အခါ သူက အကောင်းဆုံး နားထောင်သူ သက်သက်။ ပန်းချီကိုဝသုန်ရဲ့ ရေးဟန်၊ ပန်းချီကိုညိုဝင်းရဲ့ အလုပ် လုပ်ပုံလုပ်နည်း၊ ပန်းချီကိုကျော်သောင်းရဲ့ စိတ်ဓာတ်နဲ့ လူတွေ စိတ်ဝင်စား နေကြတဲ့ ပါတိတ်ပန်းချီ ရေးဆွဲနည်း ပညာတွေ အကြောင်း ဘိုဘိုထွန်းက သူ့ မျက်စိထဲမှာ မြင်ယောင်လာအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်တယ်။ သူကတော့ ဟိုတစ်ချိန်က ဆီဆေးပန်းချီကို နည်းနည်းပါးပါး စမ်းသပ် ရေးဆွဲခဲ့ဖူးတဲ့သူ၊ ကျောင်းပန်းချီ ပြပွဲတွေမှာ လူချော လုပ်ခဲ့ဖူးသူ မဟုတ်လား။ ပန်းချီဘိုဘိုထွန်းနဲ့ တွေ့ရတာ သူ့ရဲ့ အေးစက်နေတဲ့ ပန်းချီ ရေးချင်စိတ်တွေ ပြန်ပြီး ပူနွေး လာစေတယ်။
ဂစ်တာနဲ့ ပက်သက်ပြီးတော့ရော၊ သီချင်းတွေနဲ့ ပက်သက်ပြီးရော ပြောစရာတွေ ရင်ဘတ်နဲ့ အပြည့် ရှိနေသူကတော့ ကိုမိုးမြင့်ပဲ။ သူ ခံစားမိတာတွေကို ရေးဖွဲ့ထားတဲ့ တေးကဗျာတွေကိုလည်း ခဏ ခဏ ရွတ်ဆို ပြတတ်တယ်။ ဘာ တူရိယာမှ လက်ကိုင် မရှိတဲ့ တေးရေးဆရာပေါ့။ ကန်စွန်းခင်ကို လေတိုးလို့ ယိမ်းနွဲ့ နေတာလည်း ပါသလို ပုရွက်ဆိတ်လေးတွေ၊ စပါးလုံးတွေ ချီသွားကြပုံကိုလည်း ပမာပြုလိုက်သေးတယ်။
ရုပ်ရှင်အဘိဓာန်၊ ရုပ်ရှင်မော်ကွန်းတိုက်ဆိုတဲ့ ဘွဲ့တွေကို ပိုင်ဆိုင်သူကတော့ ရဲကျော်စွာတဲ့။ မြင်မြင်သမျှ သူ ကြည့်ဖူးတဲ့ ရုပ်ရှင် ဇာတ်ဝင်ခန်းတွေနဲ့ ဆင်ဆင် တူသတဲ့။ ရေချိုးကြရတာ၊ ထမင်းယူကြရတာ၊ ပေါက်ပြားပေါက်ကြရတာ အားလုံး အားလုံး ဟောလိဝုဒ်က ထုတ်လုပ်တဲ့ ရုပ်ရှင်ကား၊ ဂျပန်ရုပ်ရှင်၊ ဟောင်ကောင်ရုပ်ရှင်၊ အိန္ဒိယရုပ်ရှင်ကားတွေရဲ့ နာမည်တွေနဲ့ ဇာတ်လမ်းအကျဉ်း ပြောလိုက်၊ အကျယ် ပြောလိုက်နဲ့ သူ ကြည့်ဖူး မှတ်မိနေတဲ့ ရုပ်ရှင်ကားတွေထဲက ဇာတ်ဝင်ခန်းတွေနဲ့ ဆင်ဆင် တူသတဲ့။ မိလ္လာတက်ကြရင်း အခန်းချင်း ကပ်နေရင်တောင် သူ မှတ်မိတဲ့ ရုပ်ရှင် အကြောင်း၊ ဗွီဒီယိုတွေ အကြောင်း ပြန်ပြောပြရင် မစင်နံ့ နံတာကို သတိ မထားမိအောင် ပြောနိုင်စွမ်းတယ်။
ရာသီတွေပြောင်း၊ နှစ်တွေ ကြာညောင်းလာတော့ လူတစ်ယောက်မှာ အနုပညာဆိုတာ မရှိမဖြစ် လိုအပ်တယ် ဆိုတာ သိသိ လာသလို အနုပညာ ခံတွင်းတွေလည်း ချဉ်၊ ချဉ်ခြင်းတွေလည်း တပ်လာတယ်။
အင်း …. နေနှင့်ဦး။ အပြန်ရောက်လာရင်တော့ဆိုပြီး ဆန္ဒ ရှိတာတွေ၊ အာသီသ ရှိတာတွေ တန်းစီ ဇယား ဆွဲထားတာ ဇယားက အတော် ရှည်နေပြီ။
ထွက်နှင့်သမျှ စာအုပ်တွေ၊ မဂ္ဂဇင်းတွေတော့လား မထတမ်း ဖင်ဂျွတ်စွဲအောင်ကို ဖတ်ပစ်လိုက်ဦးမယ်။ ရုပ်ရှင်တွေလည်း တစ်ကားပြီး တစ်ကား၊ တစ်ရုံပြီး တစ်ရုံ ဆက်တိုက် ကြည့်ပစ်လိုက်ဦးမယ်။ ထုတ်ဝေ ဖြန့်ချိပြီး ပြပွဲတွေ စောင့်ကြည့်၊ ပန်းချီပြခန်းတွေကို တ၀ကြီး လှည့်ကြည့်လိုက်စမ်းမယ်။ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြနဲ့ပေါ့။
တကယ်တော့ တောင်ယာတွေကြားထဲက လမ်းကလေးဟာ သူတို့တတွေ အိပ်ရာထဲ မ၀င်ကြခင်မှာ အညောင်းအညာပြေ လျှောက်ကြတဲ့ လမ်းကလေး။ ၈ ပေ၊ ၉ ပေ လောက် ကျယ်တဲ့ မြေသားနည်းနည်း၊ သဲများများနဲ့ ဖွဲ့တည်နေတယ်။ ဒီထဲကနေ အိမ်ကို ပြန်ရောက်ဖို့ ဆုမှတ်ရက် သုံးဖို့ တစ်ဖို့ ကိုက်ရဲ့လား။ ဘယ်လ၊ ဘယ်ရက်မှာ အိမ်ပြန်ရောက်မှာလဲ။ တွက်ကြ ချက်ကြတာ ဒီ သဲမြေလမ်းကလေးပေါ်မှာပဲပေါ့။ မဟာဘုတ်တွေ ထူခဲ့ကြတာ အောင်လံထူ စစ်သူကြီးပွဲတွေရော၊ ဇနကပျက်ကိန်းတွေ၊ တစ်ထိပ်စည်း၊ ငါးအလယ်ထိုင်၊ ဆယ့်နှစ်ဘရိတ်တွေ ရေးခြစ်တွက်ချက်ကြတဲ့ မြေသင်ပုန်း သဲစာအုပ်ကြီးလေ။
လမ်းကလေးရဲ့ ဟိုဘက်မှာရှိတဲ့ ကန်စွန်းကြီးခင်းထဲက အရွက်တွေက လမ်းကလေးရဲ့ ဒီဘက်မှာ ရှိတဲ့ ဟင်းနုနယ်ပင်တွေဟာ ဆွေမတော်၊ မျိုးမတော်ကြပါဘဲနဲ့ လေတိုက်တိုင်း ယိမ်းကနေကြတယ်။
တိမ်ညိုတိမ်မည်တွေ အထုလိုက် အထည်လိုက် စုပြုံချီတက်လာပြီဆိုရင် ဟောဒီ အကြေအရပ်မှာ မိုးက မရွာဘဲကို မနေဘူး။ ပြိုမတတ် ရွာတတ်တယ်။ အဲဒီလို ရွာချပြီဆိုရင် အလွမ်းဓာတ်ခံတွေနဲ့ ပြည့်နှက်နေတဲ့ သူတွေအဖို့ ပိုလွမ်းစေတာပေါ့။ သူ့မှာ သံယောဇဉ်တွေ၊ ခင်မင်မှုတွေ၊ တွယ်တာစရာတွေ အများကြီး ထားရစ်ခဲ့ရတာ မဟုတ်လား။ လွမ်းမိုးစွေတာနဲ့ အနုပညာ ငတ်မွတ်ဆာလောင်နေတာနဲ့ ပေါင်းမိပြီး သူ အတော်ကို အနေရ အထိုင်ရ ခက် နေမိတယ်။
မိုးတွေ သည်းသည်းပဲ ရွာရွာ၊ ဖွဲဖွဲပဲ ရွာရွာ၊ မိုးတိတ်သွားရင် ရေတွေ စီးသွား၊ စိမ့်သွားပြီး ကျန်ရစ်ခဲ့တဲ့ တောင်ယာခင်းတွေကြားက လမ်းကလေးရဲ့ မျက်နှာပြင် အကြောတင်းနေပုံက ခြေချရက်စရာ မရှိဘူး။ ဗန်းထဲက ဖုတ်ပြီးသား နနွင်းမကင်း မုန့်တွေလိုပဲ၊ မို့မို့အိအိ တင်းတင်းရစ်ရစ်လေး။ ပန်းချီ ရေးချင်စရာ၊ သဲမြေပြင် အိအိစိုစိုက ကဗျာတွေ ရေးလှည့်ပါ၊ ပန်းချီဆွဲလှည့်ပါလို့ သူ့ကို လက်ယပ် ခေါ်နေသလိုပဲလေ။
တုတ်ကလေး တစ်ချောင်း သူ လိုက်ရှာတယ်။ ကျန်ခဲ့တဲ့ မိသားစုကို လွမ်းနေသူ ဆိုတော့ မိသားစုနဲ့ အတူ နေခဲ့တဲ့ အိမ်ကလေး။ သူ့ ချွေးနှဲစာနဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ကလေး။ တစ်သက်လုံး ဘယ်တော့မှ မခွဲဘဲ နေချင်တဲ့ မိသားစုနဲ့ ဘယ်တော့မှ မခွာချင်တဲ့ အိမ်ကလေး။ မိသားစုကို လွမ်းဆွတ် သတိရစိတ်ကလေးကို လွမ်းတမ်းတစိတ်က လှိုက်လှိုက် တက်လာတယ်။ သူ ရှာနေတဲ့ တုတ်ချောင်းလေး တွေ့တော့ သဲမြေမွမွပေါ်မှာ သူ့ အိမ်ကလေးရဲ့ ပုံကို ရေးဆွဲပစ်လိုက်တယ်။
ဟောဒါက ၀ရန်တာလေး၊ အရင် ၀ါးကပ်မိုးထားတဲ့ အိမ်ကလေးကို သူက သဲပန်းချီထဲမှာတော့ စိတ်ကူးထဲ ရှိတဲ့အတိုင်း သွပ်မိုးနဲ့။ ဒါက အရင်က ပြတင်းပေါက်။ အခု သူ ရေးနေတဲ့ အိမ်ကလေးမှာ ပြတင်းပေါက် ခပ်ကျယ်ကျယ်၊ တံခါးလည်း နဂို အရှိထက် ကျယ်လိုက်တယ်။ ဒီဘက်မှာ သူတို့ ဇနီးမောင်နှံ လက်ထပ်ကြတဲ့ တစ်ရက်နေ့ အထိမ်းအမှတ် စိုက်ထားတဲ့ “တည်ပင်” အရွက်တွေက ဝေစည်နေလို့။ သူ့ စိတ်ကူးထဲမှာ အကိုင်းတွေ၊ အခက်တွေ ဝေစည်နေမယ့် “တည်ပင်” ကို မြင်ယောင်ရင်း သဲမြေပေါ်မှာ တည်ပင်တစ်ပင် ရေးလိုက်တယ်။ လှေကားရဲ့ ညာဘက်မှာ သားဦးလေး “ပတ္တမြားသွေး” မွေးတဲ့ အထိမ်းအမှတ် အနေနဲ့ စိုက်ထားတဲ့ စိန်ပန်းနီပင်ကလည်း အုပ်အုပ်ဆိုင်းဆိုင်း။ စုတ်တံတွေနဲ့ အနှစ်နှစ် အလလ ဝေးနေတဲ့လူ လက်ထဲက ၀ါးတုတ် ခနောင်းလေးမှာ ပန်းချီမှော်နဲ့ အနုပညာ ဈာန်တွေ ကိန်းဝပ် ပျံ့နှံ့ နေကြပြီလား။ စံပယ်ရုံလေးကလည်း မပါမဖြစ်၊ သူ့ သမီးလေး “စံပယ်မြင့်” မွေးနေ့မှာ စိုက်ခဲ့တဲ့ စံပယ်ရုံကလေး။ အိမ်မှာတော့ ဒီ စံပယ်ရုံလေးရဲ့ အခြေမှာ ထုံးကျောက်တွေ ပတ်ချာဝိုက်၊ စီစီရီရီ ၀ိုင်းပတ်ထားတာလေ။
သူ တကုပ်ကုပ်နဲ့ ပန်းချီဆွဲနေတာကို ပန်းချီဆရာ ဘိုဘိုထွန်း လာကြည့်ပြီး ပန်းချီဆရာပါ သူ့ ဆီက ပန်းချီရေးချင်စိတ် ကူးစက်သွားတယ် ထင်ပါရဲ့။ ပန်းချီဆရာက သူ့ စကား ဆယ်ခွန်းမှာ ခြောက်ခွန်း၊ ခုနစ်ခွန်းပါတတ်တဲ့ သူ့ရဲ့ သားကလေး ပုံတူကို ရေးလိုက်တယ်။ သူ့ သားလေးနဲ့ ဘိုဘိုထွန်း သားလေးက မတိမ်းမယိမ်၊ ကျွမ်းကျင်သူ ရေးတာဆိုတော့ ခဏလေးနဲ့ ပြီးသွားပြီ။ ပုံကလေးက ချစ်စရာလေး။ ပါးဖောင်းဖောင်း နားရွက်ကားကားလေး။ သူတို့နှစ်ယောက် ပန်းချီရေးနေကြတာကို မိတ်ဆွေ အခန်းဖော်တွေ၊ အညောင်းပြေ လမ်းလျှောက်ကြသူတွေ လာကြည့်ကြတယ်။ တချို့ကလည်း ခရီးသွားဟန်လွှဲ၊ တချို့ကလည်း စိတ်ဝင်တစား လာကြည့်ကြတယ်။ တစ်ကနေ ရှစ်အထိတဲ့ အခန်းရှစ်ခန်းက သရဲကြီးလို ဘီလူကြီး၊ ဘီလူးလေး၊ သရဲလေးတွေလည်း ပြပွဲကြည့် ပရိသတ်ထဲမှာ ပါတယ်လေ။
နောက်နေ့တွေမှာတော့ ပန်းချီဆရာ ရွက်ပုန်းသီးတွေ၊ ပန်းချီဝါသနာရှင်တွေ ပန်းချီလက်သင်တွေ ၀င်ပြီး လက်စွမ်းပြကြသလို ပြပွဲကြည့် ပရိသတ်ဦးရေလည်း ပထမနေ့ကထက် အများကြီး တိုးလာတယ်။ ရေးကြတဲ့ အကြောင်းအရာတွေကလည်း ကိုယ့်ဝါသနာနဲ့ ကိုယ်၊ ကိုယ့်ခံစားချက်နဲ့ ကိုယ်။ အပြင်မှာ ပန်းချီဆရာကြီးတွေ ပန်းချီပစ္စည်းတွေ ဈေးကြီးမြင့်လို့ ရတက်မအေး ဖြစ်နေချိန်မှာ သူတို့ကတော့ ကုန်ကျစရိတ် အလျဉ်း မရှိဘဲ ပန်းချီကားတွေ ဟောတစ်ကား၊ ဟောတစ်ကား ရေးနေကြပြီ။
ကြက်သားကြော် အမြည်းနဲ့ အကောင်းစား အရက်ပုလင်းပုံ ရေးသူရှိသလို၊ မေနဲ့မောင်နဲ့ ဖဲမွေ့ရာပေါ်မှာ အတူယှဉ်တွဲ အိပ်နေကြပုံ ရေးသူလည်း ရှိတယ်။ ဆေးမင်ကြောင်ရုပ်က ဒီဇိုင်းဆန်ဆန် အရုပ်တွေ ရေးသူရှိသလို၊ ရေကူးဝတ်စုံနဲ့ အတိုင်းအထွာ စံချိန်ပြည့်၊ စံချိန်လွန် ပုံတွေ ရေးကြသူလည်း ရှိတယ်။ တောကား၊ တောင်ကား၊ ယာလွမ်းသူ၊ လယ်လွမ်းသူတွေလည်း ပါတာပေါ့။
သူကတော့ သက်ထားကို သတိရနေတာနဲ့ မအိမ်သူရဲ့ ပုံတူကို ဈာန်အပြည့်နဲ့ ရေးတယ်။ အတတ်နိုင်ဆုံး တူအောင် ကြိုးစားရေးတယ်။ နှာတံစင်းစင်း၊ နှုတ်ခမ်းပါးပါး၊ ဆံပင်တွေက သွယ်ဖြောင့်ဖြောင့်၊ မျက်ရစ်က ပါတယ်ဆိုရုံ၊ မျက်မှန်က ဘဲဥပုံနဲ့၊ ဆံပင်တွေက ပိပိရိရိ၊ ပြုံးနေ ရယ်နေတာပဲ မြင်ချင်စိတ်နဲ့ သွားကလေးတွေ ပေါ်ရုံလောက် ပြုံးနေတဲ့ပုံ ရေးလိုက်တယ်။
ဘယ်ကနေ ဘယ်လို စိတ်ကူးရတယ် မသိဘူး။ သက်ထားရဲ့ နားရွက် အဖျားမှာ အရွယ် အလောတော်လောက် ကွာဇ့်ကျောက်ကလေး နှစ်လုံး နားကပ် အနေနဲ့ ကောက်ပန် ပေးလိုက်တယ်။ ဒီနားကပ် နှစ်လုံး မပန်ခင်မှာ ကွာ့ဇ်မှာ ကပ်နေတဲ့ သဲမှုန်တွေကို ပုဆိုးဖြူနဲ့ စင်းနေအောင် ပွတ်လိုက်သေးတယ်။ ပြီးတော့ ရင်ညွန့်ကနေ လည်ပင်းအထိ အနားမှာ ရှိတဲ့ ကွာ့ဇ်၊ မာဘယ်၊ ထုံးကျောက်ရောင်စုံတွေ လျှောက်ကော်ပြီး လည်ဆွဲအနေနဲ့ အလှဆင် စီခြယ်ပေးလိုက်တယ်။ သဲမြေပေါ်က သူတို့ ရေးကြတဲ့ သဲမြေကမ္ဗလာ တစ်ကြောင်းဆွဲ ပန်းချီတွေဟာ ဘ၀တူတွေ အတွက်တော့ သောက၊ အပူအပင်၊ အမောအလွမ်းတွေ အထိုက်အလျောက် ပြေစေလိမ့်မယ် ထင်ပါရဲ့။
သူတို့အားလုံး အိပ်ဆောင်ထဲ ၀င်ကြရတဲ့ အချိန်မှာတော့ ကပ္ပလီပင်လယ်အော်က တိမ်ပုပ်၊ တိမ်ညစ်တွေ ခါးတောင်း ဖင်ကြားမြှောင်အောင်ကျိုက်၊ လက်ပန်းပေါင်းတွေ တဖြောင်းဖြောင်းခတ်ပြီး ဘီလူးဆိုင်းတီး တက်လာကြတယ်။ အိပ်ဆောင်ထဲမှာ တန်းစီ ထိုင်နေကြရင်း အခန်းသားတွေက သဲမြေပေါ်မှာ ရေးထားတဲ့ ပန်းချီတွေဆီ လှမ်းကြည့်လိုက်ကြ၊ ကောင်းကင် မည်းမည်းကြီးကိုလည်း မျက်တောင်ဝင့်ကြည့်လိုက်ကြနဲ့ ဂနာမငြိမ်ကြဘူး။ ပန်းချီရေးတဲ့သူ မဆိုထားနဲ့ ကြည့်ကြတဲ့ ပရိသတ်တောင်မှ ပန်းချီကားတွေ အပေါ်မှာ သံယောဇဉ် ဖြစ်နေကြပါပေါ့လား။
သရဲကြီးကတော့ တုတ်တစ်ချောင်းကို ညာလက်မှာ ကိုင်ထားပြီး အခန်းရဲ့ ရှေ့ထိပ်၊ နောက်ထိပ် လမ်းလျှောက်ရင်း ဘယ်လက်နဲ့ စိပ်ပုတီး စိပ်နေတယ်။ လျှပ်စီးတွေ ၀င်းခနဲ၊ ပြိုးခနဲ လက်သွား၊ မိုးခြိမ်းသံတွေ ပေါက်ကွဲထစ်ချုန်းနေတဲ့ အပြင်ဘက်ကို တစ်ချက်တစ်ချက် ငေးလို့ နေပြန်တယ်။
မကြာခင်မှာပဲ အုတ်ရိုးတွေပေါ်၊ တောင်ယာတွေပေါ်၊ သွပ်ပြားတွေ အပေါ် မိုးစစ်သည်တွေ တရကြမ်း ခုန်ပေါက် ပြေးဆင်းလာကြတယ်။ ရွာတာမှာ အငြိုးတကြီးနဲ့ ရွာနေသလိုမျိုး။ ကန်စွန်းပင်တွေလည်း ပြားပြားဝပ်နေကြသလို ဟင်းနုနယ်ပင်တွေလည်း ခပ်ကုပ်ကုပ်နဲ့ ချမ်းနေကြရှာတယ်။
အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတဲ့ အခန်းလူကြီးက “နှမြောစရာတော့ ကောင်းတာပေါ့၊ သင်္ခါရချည်းပဲလေ။ ဒါပေမဲ့ မိုးတိတ်သွားရင်တော့ ကျန်ရစ်တဲ့ သဲမြေလေးဟာ ပန်းချီရေးဖို့ ကောင်းတဲ့ မြေပြင် ပြန်ဖြစ်လာဦးမှာ” တဲ့။
သရဲကြီးပါးစပ်က လူစကား ထွက်လာတယ်။
ညီပုလေး
(လပ်ပေါ် ကိုးအုပ်တော့ မြတ်ကျော် ပုဆိုးစုတ်နှင့် မဂ္ဂဇင်း ၀တ္ထုတိုများ မှ)
No comments:
Post a Comment