သခင်မြ
(သို့) မြန်မာပြည် မြေအောက်တော်လှန်ရေးဖခင်
အာဇာနည် သခင်မြ (၁၈၉၇- ၁၉၄၇)
ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြ ကို ပဲခူးတိုင်းပြည်ခရိုင်
ထုံးဘိုရွာ တွင် အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ် အောက်တိုဘာလ
(၇) ရက်နေ့ တွင် မွေးဖွားခဲ့ပါသည်။ ငယ်နာမည်မှာမောင်ဘရွှေ ဖြစ်ပါသည်။
ညီမ ဖြစ်သူ မမြငွေ တဦးသာ ရှိ၍ နောင်အခါ သီလရှင် ၀တ်သွားပြီး ဒေါ်ခေမာဝတီ ဟု သိရပါသည်။
ဆရာကြီး သခင်မြသည် ငယ်စဉ်က သာယာဝတီ အေဘီအမ် ကျောင်းတွင်
သတ္တမတန်း အောင်မြင်ပြီး ဆယ်တန်းကို ရန်ကုန်ဘက်ပတစ် အထက်တန်းကျောင်းမှ အောင်မြင်ခဲ့
ပါသည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကော်လိပ်နှင့် ကာလကတ္တားတက္ကသိုလ်
တို့မှ အိုင်အက်စီတန်း ကို ဓါတုဗေဒ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။
၁၉၂၀ပြည်နှစ် ပထမ ကျောင်းသားသပိတ် ကာလ အတွင်း တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင်
ဒု-ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ယင်းသပိတ် နောက်ပိုင်းပေါ်လာသော
အမျိုးသားပညာ ရေး ကောင်စီတွင် အဖွဲ့ဝင် ဖြစ်ရုံမက ကြည့်မြင်တိုင်
အမျိုးသား အထက်တန်း ကျောင်းအုပ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။
၁၉၂၄ ခုနှစ်တွင် ဘီအက်စီတန်းကို ဂုဏ်ထူးဖြင့် အမျိုးသား ကော်လိပ်မှ အောင်မြင်
ခဲ့ပါသည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ် ခဲ့ပါသည်။ ၁၉၂၇ ခုနှစ်
တွင် ဥပဒေ ၀ိဇ္ဇာဘွဲ့ အောင်ပြီးသောအခါ သာယာဝတီ သို့ ပြန်၍ ရှေ့နေအလုပ်
ဖြင့် အသက်မွေးခဲ့ ပါသည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံ
ရှုံးနိမ့်ချိန်တွင် အရေးတော်ပုံ အကျဉ်းစံ များဘက်မှ အခမဲ့ ရှေ့နေ လိုက်ရာမှ
ထင်ရှားလာခဲ့ ပါသည်။
၁၉၃၄ ခုနှစ် မတ်လ နွေရာသီ တွင် စီစဉ် ပြုလုပ်ခဲ့သောတို့ဗမာ အစည်းအရုံးကြီး၏ ခရီးရှည်စည်းရုံး ကာလ အတွင်း သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်ဟောင်းဝတ်လုံ ကိုမြ သည် သခင်မြ
ဟူသော သခင်ဘွဲ့ကို ခံယူခဲ့ပါသည်။ ၁၉၃၆ ခုနှစ်ဇွန်လ မြင်းခြံမြို့ တွင် ကျင်းပခဲ့သော တို့ဗမာအစည်းအရုံး ရဲ့ ဒုတိယ အကြိမ်ညီလာခံ က ရွေးချယ်သော ဗမာနိုင်ငံလုံး
ဆိုင်ရာအမှုဆောင်အဖွဲ့ တွင် သာယာဝတီ စီရင်စု ၏
ခေါင်းဆောင်အဖြစ် နံပါတ်စဉ် အမှတ်(၃၀) သခင်မြသည် သခင်စောကြီး၊
သခင်စိန့်၊ သခင်ခင်အောင်၊ သခင်ဗထွန်း၊ သခင်ထွန်း
ဆိုင်၊ သခင်ကျော်ဒင်၊ သခင်ချစ်လှိုင် တို့နှင့်အတူ ဦးဆောင် ပါဝင်ခဲ့ ပါသည်။
၁၉၃၆ ခုနှစ် ဇူလိုင်လ တွင် တို့ဗမာအစည်း အရုံး က အောက်လွှတ်တော်၏ ၉၁ ဌါန အမတ်
ခွဲတမ်း စနစ် ကို တိုက်ဖျက်ရန် ဖွဲ့စည်းခဲ့သော ကိုယ့်မင်းကိုယ့် ချင်း အဖွဲ့ကို
ဖွဲ့စည်းခဲ့ပါသည်။ ကိုယ့်မင်းကိုယ့်ချင်း အဖွဲ့ ၏ တာဝန်ပေးချက် အရ သာယာဝတီ
တောင်ပိုင်း အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံရပြီး ဥပဒေပြု အောက်လွှတ်တော်၏
ပထမဆုံး အရွေးချယ်ခံ သခင်အမတ် သုံးဦးအနက် တစ်ဦး အဖြစ် ပါဝင်ခဲ့ပါသည်။
ကိုယ့်မင်းကိုယ်ချင်း အဖွဲ့ကို စတင်တည်ထောင်စဉ်က သခင်ဟန်နှင့် သခင်ကံတင့်
တို့က ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတာဝန်များ ယူခဲ့သော်လည်း နောက်ပိုင်းတွင် သခင်မြ က
ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ပေးမှု ကို ခံယူ ခဲ့ပါသည်။
၁၉၃၈ ဇန်န၀ါရီ (၈)ရက် နေ့ တွင် စတင်ခဲ့သော ချောက်ရေနံမြေ သပိတ်တိုက်ပွဲကာလ တွင်
အလုပ်သမားများ၏ တောင်းဆို ဆုံးဖြတ်ချက်များကို ဆောင်ရွက်ရန် တာဝန်ခံ
အမှုဆောင် တစ်ဦးအဖြစ် ရှစ်ဦးကော်မတီတွင် ပါဝင်ခဲ့ပါသည်။
တို့ဗမာ အစည်းအရုံးကြီး၏ တတိယအကြိမ်မြောက် ပြည်ညီလာခံတွင် သခင်မြ သည်
ဌါနချုပ်၏ အမှုဆောင် တစ်ဦးအဖြစ် တာဝန်ပေးခြင်း ခံရပါသည်။
တို့ဗမာအစည်းအရုံးကြီး နှစ်အုပ်စုမကွဲခင် ၁၉၃၈ ခုနှစ် သြဂုတ် လ မှာ ပြန်လည်ပြင်ဆင်
ဖွဲ့စည်းခဲ့တဲ့ ဌါနချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် သခင်မြ သည်
စာရင်းစစ် အဖြစ် တာဝန်ယူခဲ့ပါသည်။
လစာမယူသောကိုယ့်မင်းကိုယ့်ချင်း အဖွဲ့ခေါင်းဆောင် အောက်လွှတ်တော်
အမတ် သခင်မြ၊သခင်အံ့ကြီး၊ဘုရင်ခံကိုယ်တိုင် ရွေးချယ်ထားသော အထက်လွှတ်တော်
အမတ် မြို့မကျောင်းအုပ်ကြီး ဦးဘလွင် တို့သည် ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်
ကျဆုံးခဲ့သော အတွင်းဝန်ရုံး(ယနေ့ ခေတ် ၀န်ကြီးများရုံး) ပြဿနာ နှင့် စပ်လျဉ်း၍
ပါလီမန်အမတ် အဖြစ်မှ နုတ်ထွက်စာတင်းသွင်းခဲ့ပါသည်။
တို့ဗမာ အစည်းအရုံးကြီး၏ ဦးဆောင်မှုဖြင့် ဗမာနိုင်ငံလုံး ဆိုင်ရာ
တောင်သူလယ်သမား အစည်းအရုံး ကို ၁၉၃၉ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့
သခင်မြ အား အလုပ်မှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ရွေးချယ်ခဲ့ပါသည်။ အလုပ်မှုဆောင်
အဖွဲ့ဝင်များမှာ …
(၁)သခင်မြ -ဥက္ကဋ္ဌ
(၂)သခင်ခင်အောင်
(၃)သခင်သန်းထွန်း
(၄)သခင်အောင်ဆန်း
(၅)သခင်လှဘော်
(၆)သခင်တင် (သုံးဆယ်)
(၇)သခင်သိန်းဖေ (၀ါးခယ်မ)
(၈)သခင်းစိုးမင်း (ကြို့ပင်ကောက်)
(၉)သခင်ဗသော် (ကညွတ်ကွင်း)
(၁၀)သခင် ကျော်လူကလေး (သံလျင်)
(၁၁)သခင်လှထွန်း (ပဲခူး)
(၁၂)သခင်ဗငြိမ်း (မအူပင်) တို့ ဖြစ်ပါသည်။
၁၉၄၀ ပြည်နှစ် မေလ ၁၂ ရက်နေ့ သာယာဝတီမြို့၌ ကျင်းပသည့် သခင်ကိုယ်တော်မှိုင်း
ဦးဆောင်သော တို့ဗမာအစည်းအရုံး၏ ပဉ္စမ အကြိမ်မြောက် ညီလာခံတွင် ဆုံးဖြတ်ချက်
၁၄(ဋ) တွင် “ ဗမာ့ လွတ်လပ်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ နှင့် ဆက်သွယ်မှု ပြုလုပ်
ပြင်ဆင်ရန်” စသည့် ဆုံးဖြတ်ချက်အရ လက်နက်ကိုင် တော်လှန်ရေး အတွက် စတင်စီစဉ်
ကြ် ပါသည်။ ယင်း အစီအစဉ်တွင် သခင်မြခေါင်းဆောင်၍ သခင်နှင့်ကျောင်းသားလူငယ်
အချို့ ပါဝင်သော ယူဂျီ (U.G= Underground ) ခေါ် မြေအောက် လျို့ဝှက် အဖွဲ့တခုကို
လည်း လျို့ဝှက် ဖွဲ့စည်းခဲ့ပါသည်။
၁၉၄၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် လက်နက်ကိုင် တော်လှန်ရေး အတွက် ဂျပန် နိုင်ငံမှ
ပြည်တွင်းသို့ လျို့ဝှက်စွာ ပြန်လည် ၀င်ရောက် လာသော သခင်အောင်ဆန်း ပုသိမ်
ဆိပ်ကမ်းမှ ရန်ကုန်သို့ မီးရထား ဖြင့် လာခဲ့ပြီး ရန်ကုန်၊ အနောက်ပိုင်း လှည်းတန်းလမ်း
အမှတ်(၉၃)တွင် နေထိုင်လျက် ရှိသော သခင်မြ နှင့် လျို့ဝှက်စွာ ဆွေးနွေး ခဲ့ကြပါသည်။
သခင်အောင်ဆန်းရောက် လာသည့် အခါ လက်နက် ကိုင် တော်လှန်ရေးအတွက်
လျို့ဝှက်ကြိုးပမ်း နေကြသော သခင်မြ ခေါင်းဆောင်သည့် ရဲဘော် များ၏ ဆွေးနွေးပွဲ
တစ်ရပ် ကို သင်္ကန်းကျွန်းဘူတာ အနီး အိမ်တအိမ်တွင် ပြုလုပ် ကြပါသည်။ ထိုဆွေးနွေး
ပွဲတွင်
(၁) သခင်မြ (လက်နက်ကိုင်တော်လှန်းရေး အတွက် ပြည်တွင်း ခေါင်းဆောင်)
(၂) သခင်အောင်ဆန်း (ပြည်ပဆိုင်ရာ ခေါင်းဆောင်)
(၃) ကိုဗဆွေ
(၄) ကိုကျော်ငြိမ်း
(၅) သခင်ချစ် (ဆရာချစ်)
(၆) မစ္စတာ ဆူဂီ (ဂျပန်လူမျိုး- မီနာမီကီကန် အဖွဲ့ဝင်)
တို့ တက်ရောက် ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲမှ အချက် (၆) ပါ သဘောတူညီမှုကို ရရှိခဲ့
ပါသည်။
သခင်မြ ခေါင်းသော လျို့ဝှက် တော်လှန် ရေးအဖွဲ့မှ ဂျပန်သို့လွှတ်ရန် လူငယ်များ ရွေး
ချယ်ရာတွင် နိုင်ငံရေး အရ အစိုးရက ဖမ်းဆီးရန် ၀ါးရမ်း ထုတ်ထား၍ အလုပ် မလုပ်နိုင်ပဲ
တိမ်းရှောင် နေရသူများ၊ နိုင်ငံရေး နယ်တွင် အစိုးရ အာရုံ စူးစိုက်ခြင်း နည်းပါး သေးသူ
သခင်နှင့်ကျောင်းသားလူငယ် များထဲမှ မျိုးချစ်စိတ် ပြင်းထန်း၍ စစ်ရေးနှင့် သင့်တော် သူ
များကို ဦးစားပေး ရွေးချယ်ရန်သတ်မှတ် ခဲ့ကြပါသည်။ သခင် အောင်ဆန်းအား ဗမာ့
လွတ်လပ်ရေး ကြိုးပမ်းရာ တွင် ပြည်ပဆိုင်ရာ တာဝန်ခံ အဖြစ် ဆက်လက် ထမ်းဆောင်
ရန် ဆုံးဖြတ်ခဲ့ ကြပါသည်။
ပဲခူးမြို့ ၌ သခင် ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာ အစည်းအရုံး၏ နိုင်ငံလုံး
ဆိုင်ရာ အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပသည့် ၁၉၄၁ ခုနှစ်မတ်လ ၁၀ရက်
နေ့တွင် သခင်အောင်ဆန်းနှင့်အတူ ပထမအသုတ် အဖြစ် သခင်လှဖေ (ဗိုလ်လက်ျာ)၊
သခင်ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်အေးမောင် (ဗိုလ်မိုး)၊ ကျောင်းသား ခေါင်းဆောင်
ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) တို့သည် ဂျပန်ပြည် သို့ စစ်ပညာ သင်ရန် ထွက်ခွါ သွား
ပါသည်။
၁၉၄၁ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တို့ဗမာ အစည်းအရုံး၏ နိုင်ငံလုံး
ဆိုင်ရာ အလုပ် အမှုဆောင် အဖွဲ့ အစည်း အဝေးကို ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်၊ မင်းလမ်း၊
တောင်ငူ တောင်ပိုင်း အမတ် ဦးဘ၏ တိုက်တွင် တံခါးပိတ် ပြုလုပ် ခဲ့ပါသည်။ ထိုအချိန်
က တို့ဗမာ အစည်းအရုံး ဗဟို ဌါနချုပ် ဥက္ကဋ္ဌ မှာ သခင်တင်မောင်(ပန်းတနော်) ဖြစ်
ပါသည်။
သခင် တင်မောင်သည် သခင်အောင်ဆန်းတို့ တရုပ်ပြည် သွားရာမှ ဂျပန်ရောက်
ကာ မလွှဲမရှောင် သာ ဂျပန်နှင့် အဆက် အသွယ်ပြုရ သည်ကို လုံးဝ လက်မခံသူ တစ်ဦး
ဖြစ်ပါသည်။ သို့သော် သခင်တင်မောင်က ကျန် အလုပ်မှုဆောင် အဖွဲ့ဝင်များ အနေ
ဖြင့် လက်နက် ကိုင် တော်လှန်ရေး ကို ညီညွတ်သော တို့ဗမာအစည်းအရုံးကြီး၏
ခေါင်းဆောင်မှု ဖြင့် ဆင်နွဲနိုင်ရန် သခင်မြ အား ဌါနချုပ် ဥက္ကဋ္ဌ တာဝန်နှင့် တော်လှန်
ရေး ခေါင်းဆောင် တာဝန်ကို ပူးတွဲ ထမ်းဆောင်ရန် ဆွေးနွေး တင်ပြခဲ့ ပါသည်။
သခင်မြ သည် ထိုအချိန်က တို့ဗမာ အစည်း အရုံး၏ ကိုယ့်မင်း ကိုယ့်ချင်း အဖွဲ့ဝင်
လက်ရှိ ပါလီမန် တစ်ဦး ဖြစ်နေပါသည်။ တို့ဗမာ အစည်းအရုံး၏ ဥက္ကဋ္ဌ ရွေးကောက်မှု
ဆိုင်ရာ စည်းမျဉ်းများတွင် “ဥက္ကဋ္ဌ သည် ပါလီမန် အမတ်တဦး မဖြစ်စေရ” ဟု ပါရှိနေ
ပါသည်။ နိုင်ငံလုံးဆိုင်ရာအမှုဆောင် အားလုံးက သခင်မြ၏ခေါင်းဆောင်မှုကို
သံသယ ကင်းစွာ လက်ခံကြသည်။
သို့ရာတွင်လက်နက်ကိုင် တော်လှန်ရေးအတွက် သခင်မြနှင့် လျို့ဝှက်ရဲဘော်များ၏
လုပ်ဆောင်ချက် များကို တို့ဗမာအစည်းအရုံး နိုင်ငံလုံး ဆိုင်ရာ အလုပ် အမှုဆောင် အဖွဲ့ဝင်ရှေ့တန်း ခေါင်းဆောင်အချို့သာ တစိတ်တပိုင်း သိရှိကြပါသည်။
အစည်းအဝေးသို့ တက်ရောက်လာသော (၁၂) ခရိုင်မှ တို့ဗမာ
အစည်း အရုံး၏ ခေါင်းဆောင် အချို့သည် သခင်မြ ဦးဆောင်
သော လျို့ဝှက်လုပ်ငန်း အစီ အစဉ်နှင့် ပက်သက်၍ သိသင့် သိထိုက်သည့် များကို
အစည်းအဝေးအတွင်း မေးမြန်းရန် အခက်ကြုံ နေသဖြင့် “ဥက္ကဋ္ဌ ရွေးချယ်ရေး” စည်းမျဉ်း
ကို ထောက်ပြ၍ အပြင်း အထန်း ဆွေးနွေး လာပါသည်။
သခင်မြနှင့် ဌါနချုပ် အလုပ် အမှုဆောင် အဖွဲ့သည် ထိုအချက်ကို ကောင်းစွာ သိရှိ
သဖြင့် (၁၂) ခရိုင်မှ ခေါင်းဆောင် အချို့ကိုသီးခြားခွဲကာ သခင်မြကိုယ်တိုင် အခြေအနေ
အရပ်ရပ် ကို ရှင်းပြ ခဲ့ပါသည်။ သခင်မြက ဗမာ့ လွတ်လပ်ရေး အတွက် လက်နက်ကိုင်
တော်လှန်ရေးနှင့် ပက်သက်ပြီး သခင် အောင်ဆန်း တရုပ်ပြည်သို့ ဦးစွာ ရောက်ရှိ ခဲ့
ကြောင်း၊ အဆက်အသွယ်ရယူရန် အချိန် ကြာညောင်း မှုကြောင့် အခြေအနေ အရ ဂျပန်
အစိုး၏ အကူအညီဖြင့် လက်နက်ကိုင် တော်လှန်ရေး ကို ဆောင်ရွက်ရန် စီစဉ်ခဲ့ရကြောင်း၊
ဗမာ့ လွတ်လပ်ရေးကို မိမိတို့ကိုယ်တိုင် ကြေငြာမည် ဖြစ်ကြောင်း စသည့်တို့ကို ဖွင့်ဟ
ဆွေးနွေး ပါသည်။ ကိုယ်စားလှယ်များက “အကယ်၍ ဂျပန်က ဗမာ့လွတ်လပ်ရေးကို
အသိအမှတ်မပြုလျင် မည်သို့ ပြုလုပ်မည်နည်း” ဟု မေးမြန်းရသည့် အခါ သခင်မြ က
“ ဂျပန်က လွတ်လပ်ရေး အသိအမှတ် မပြုလျှင် ဂျပန်ကို တိုက်မည်” ဟု တိုတိုတုတ်
တုတ် ဖြေကြားခဲ့ပါသည်။
သခင်မြ၏ ရဲဝင့် ပြတ်သားသည့် အဖြေကို ကိုယ်စားလှယ် များ ကျေနပ် ကြပြီး စည်းမျဉ်း
ဥပဒေပါ “ဥက္ကဋ္ဌ သည် ပါလီမန် အမတ် တဦး မဖြစ်စေရ” အပိုဒ်ကို ယာယီ ရပ်စဲပြီး
သခင်မြ အားတို့ဗမာ အစည်းအရုံး ဌါနချုပ် ဥက္ကဋ္ဌ အဖြစ်၎င်း၊ တော်လှန်ရေး အဖွဲ့
ခေါင်းဆောင်အဖြစ်၎င်း တာဝန် ပေးအပ် ကြပါသည်။
ယင်း အစည်းအဝေး၏ နောက်ဆုံးနေ့ဖြစ်သော ၁၉၄၁ ခုနှစ်မတ်လ ၁၄ ရက်နေ့ မှ
စ၍ တို့ဗမာအစည်း အရုံးကြီး၏ ဒုတိယအကြိမ်မြောက် ဗမာနိုင်ငံလုံးဆိုင်ရာ
တောင်သူလယ်သမား ညီလာခံ ကို ပဲခူးမြို့ ရွှေမောဓေါ စေတီတော် ခြေရင်းတွင် ကျင်းပ ခဲ့ပါသည်။ တောင်သူ လယ်သမား အစည်း အရုံး
ကြီး၏ ဥက္ကဋ္ဌမှာ သခင်မြ ပင် ဖြစ်ပါသည်။
ထိုကြောင့် ကြီးလေး ခက်ခဲသော တော်လှန်ရေး တာဝန် အရပ်ရပ်ကို တာဝန်ယူ
ခေါင်းဆောင် ရတော့မည် ဖြစ်ခြင်း တို့ကြောင့်တောင်သူ လယ်သမား အစည်းအရုံး
ဥက္ကဋ္ဌ တာဝန်ကို သခင်တင် (သုံးဆယ်) အားလွှဲအပ်၍ အစည်းအရုံး နာယက
အဖြစ် သာ လက်ခံရန် စီစဉ် ခဲ့ကြပါသည်။
သခင်မြ ခေါင်းဆောင်သော “ မြေအောက် ယူနစ် ဗဟို အာဏာပိုင် အဖွဲ့ (Supreme
Council of Underground Unit ) တွင်
(၁) သခင်မြ (ဥက္ကဋ္ဌ)
(၂) သခင်ထွန်းရွှေ ခေါ် ဆရာထွန်းရွှေ ( စည်းရုံးရေး ဌါန)
(၃) သခင်ချစ် ခေါ် ဆရာချစ် (စည်းရုံးရေး ဌါန)
(၄) သခင်ဗဟိန်း ခေါ် ကိုဗဟိန်း (၀ါဒ ပြန့်ပွားရေး ဌါန)
(၅) ကိုထွန်းအုံ - တက္ကသိုလ်သမ၀ါယမ (ဘဏ္ဍာရေး ဌါန)
(၆) သခင်ဗဆွေ ခေါ် ကိုဗဆွေ - တက္ကသိုလ် သမဂ္ဂ အတွင်းရေးမှူးဟောင်း
(လက်နက်စုဆောင်းရေး)
(၇) ကိုကျော်ငြိမ်း (နိုင်ငံခြား ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေး)
တို့ ဖြစ်ကြပါသည်။
သခင်မြ၏ ဖြတ်ထိုးဉာဏ်
၁၉၄၂-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၅-ရက်နေ့။
ဤနေ့တွင် ဂျပန်များသည် စင်္ကာပူကိုသိမ်းပိုက်လိုက်လေသည်။ ထိုအခါက အင်္ဂလိပ်၏ ပထမတန်းစစ်ဗိုလ်ကြီးသည် သူ့နောက်က တပ်သားပေါင်း ၇၉၉၉၈ယောက်နှင့်အတူ ဂျပန်တပ်မတော်၏ ဒုတိယတန်းစစ်ဗိုလ်ကြီး ရာမာရှိတာ(မလေးယားကျားကြီး) Yamashita ထံတွင် အလံပေးအပ်ပြီး၊ အညံ့ခံ လက်နက်ချလေသည်။ ထို့ကြောင့်ပင် ဂျပန်စစ်ဗိုလ်ကြီး ယာမာရှိတာသည် ရွှေပြားနှင့် ကြယ်နှစ်ပွင့်ဘ၀မှ ကြယ်တစ်ပွင့်ထပ်တိုး၍ ရာထူးတိုးတက်လာခဲ့လေ၏။
စင်္ကာပူကို ဂျပန်သိမ်းပိုက်လိုက်သောအခါ တရုပ်အမျိုးသားတော်တော်များများပင် သေကြေခဲ့ရသည်ကို မမေ့နိုင်သေးပေ။ စင်္ကာပူမြို့သည် ထွက်ပေါက်မရှိ။ ထို့ကြောင့် တစ်စည်းတစ်လုံးတည်း ပိတ်၍မိနေသကဲ့သို့ ဖြစ်နေပါသည်။
စင်္ကာပူကိုသိမ်းပိုက်ထားသော ဂျပန်အစိုးရသည် အရွယ်ကောင်းသော တရုပ်အမျိုးသား များကို မှတ်ပုံတင်မည်ဟုအကြောင်းပြပြီးလျှင် ခေါ်၏။ ပြီးနောက် ရာဘာတောထဲသို့ခေါ်သွားကာ အလွန်ကြီးသော တွင်းကြီးတစ်တွင်းတူး၍ လူ ၃၀၀၀၀ ကျော်ကို ရက်ရက်စက်စက် စက်သေနတ်ဖြင့် ပစ်သတ်ခဲ့လေသည်။ ထိုရက်စက်မှုကြီးကား တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားလေ၏။
ဗမာပြည်ကို ဂျပန်သိမ်းပိုက်ပြီးလေသောအခါ ယခုဗိုလ်ချုပ်အောင်ဆန်းဈေး (ယခင် ရန်နိုင်ဈေး)နေရာတွင် ဂျပန်ဝါဒပြန်ကြားရေးဌာနမှ ဓါတ်ပုံပြပွဲကြီးတစ်ခု ခင်းကျင်းပြသလေသည်။ ပြသထားသော ဓာတ်ပုံများမှာ စင်္ကာပူတွင် ပထမတန်း အင်္ဂလိပ်စစ်ဗိုလ်ကြီးကား ဒုတိယတန်း ဂျပန်စစ်ဗိုလ်ကြီး ရာမာရှိတာအား အလံပေးအပ်ပြီး လက်နက်ချ အညံ့ခံနေသည့်ပုံများဖြစ်လေသည်။ ဂျပန်စစ်ဗိုလ်ကြီး ရာမာရှိတာ(မလေးယားကျားကြီး) ဆိုသူမှာ ကိုယ်လုံးကိုယ်ထည် ၀၀ဖိုင့်ဖိုင့်ကြီးဖြစ်၏။ ကတုံးကလည်း ပြောင်နေအောင်ရိတ်ထားပြီး နှုတ်ခမ်းမွှေးနှင့်ဖြစ်၏။ သူ့ရုပ်အသွင်က အလွန်ရက်စက်မည့်ဟန် ပေါ်လွင်နေပေသည်။
စင်္ကာပူတွင် တရုပ်အမျိုးသားများကို ဂျပန်အစိုးရက ဖက်ဆစ်နည်းဖြင့် ရက်စက်စွာ သတ်ဖြတ်လိုက်သည့်သတင်းဆိုးကြောင့် ဗမာပြည်အနယ်နယ်တွင်ရှိသော တရုပ်အမျိုးသားများသည် သွေးလန့်၍နေကြလေသည်။ ဗမာပြည်ရှိ တရုပ်အမျိုးသားများသည် တရုပ်ပြည်သို့တစ်မျိုး၊ မြစ်ဝကျွန်းပေါ်တိုင်းသို့ တစ်ဖုံ၊ ရှမ်းပြည်သို့တစ်နည်း ထွက်ပြေးတိမ်းရှောင်ကုန်ကြလေပြီ။ တချို့မပြေးနိုင်သော တရုပ်အမျိုးသားများကား ကိုယ့်မိတ်ဆွေဗမာအမျိုးသားများနှင့် ကောင်းတူဆိုးဘက် လုပ်ကိုင်စားသောက်နေထိုင်ကြပြီး ဂျပန်မြင်လျှင် ပုန်းနေကြ၏။ ဤအချိန်ဝယ် ရန်ကုန်မြို့ပေါ်၌ ခြေသလုံးအိမ်တိုင် တရုပ်ဘိန်းစားများသာ ခိုကပ်နေထိုင်ကြလေ၏။
ရန်ကုန်မြို့ကို ဂျပန်ကသိမ်းပိုက်ပြီး၊ မတ်လ ၇-ရက်နေ့တွင် တရုပ်ပိုင်းဝယ်ရှိသော တရုပ်အမျိုးသားများကို လသာလမ်းနှင့် မဟာဗန္ဒုလလမ်းထောင့်ရှိ တရုပ်ဘုံကျောင်းတွင်စုဝေး ကြရန် ဂျပန်စစ်တပ်က မောင်းခတ်ပြီးခေါ်လေသည်။ တရုပ်အမျိုးသားပေါင်း ၁၀၀-ကျော် ၂၀၀-ခန့် တက်ရောက်စုဝေးကြ၏။ ထိုသူများကား ဘိန်းစားများသာဖြစ်ကြလေသည်။
ဤတရုပ်ဘိန်းစားများကိုကြည့်၍ ဂျပန်စစ်ဗိုလ်ကြီးကအံ့သြ၍နေပေသည်။ ဂျပန်စစ်ဗိုလ် ကြီးသည် သူ့နံဘေးမှ ထိုင်ဝမ်ကျွန်းမှ တရုပ်စကားပြန်အား ““စင်္ကာပူမှာတုန်းကတော့ တရုပ်တွေ အများကြီး၊ ခု ရန်ကုန်မြို့မှာ တရုပ်အမျိုးသားတွေ ဘယ်ရောက်ကုန်သလဲဟု မေးလေ၏။ ထိုစကားကို တရုပ်စကားပြန်က ““စင်္ကာပူမှာတုန်းက .. တရုပ်တွေကို အကြီးအကျယ်သတ်ပစ် လိုက်တယ်လို့ကြားတာကြောင့် ထွက်ပြေးကုန်ပြီ”” ဟူ၍ ပြန်ပြောလိုက်လေသည်။
သည်ကဲ့သို့ တရုပ်ဘိန်းစားများနှင့် ဂျပန်စစ်ဗိုလ်ကြီးတွေ့စဉ်ဝယ် ငါးဆယ်ဝင်စီးကရက် ဗူးကို ရှေ့ချပြီး နောက်သို့လှည့်လိုက်စဉ်မှာပင် စီးကရက်တစ်ဗူးလုံး ပြောင်အောင်ပင်နှံလိုက် လေ၏။ သူတို့ကို ကြည့်လိုက်သောအခါ ဘိန်းပြတ်၍ ဘိန်းငိုက်ငိုက်ပြီးနေသူများ၊ ဘိန်းမစား ရသဖြင့် ကိုယ်လက်လေးလံပြီး ထိုင်းမှိုင်းနေသူများ၊ မျက်လုံးစုံမှိတ် ပါးစပ်ရွဲ့ပြီး မှိန်းနေသူများ ကိုသာတွေ့မြင်ရ၍ ဂျပန်စစ်ဗိုလ်ကြီးသည် အတော်ပင်စိတ်ပျက်သွားလေသည်။
တရုပ်ဘိန်းစားများကလည်း ဂျပန်စစ်ဗိုလ်ကြီးအား.. ““ခင်ဗျားတို့ သတ်ပစ်ရင်လဲသတ်ပစ်၊ ကျွန်တော်တို့အဖို့တော့ အကြောင်းမထူးဘူး။ ဘိန်းမစားရလို့ ပြေးလည်းမပြေးနိုင်တော့ဘူး။ အလုပ်လဲမရှိဘူး”” ဟူ၍ပြောပြလေသည်။
ဂျပန်ခေတ်တွင် တရုပ်ဘိန်းစားများပြဿနာကို တစ်မျိုးဖြေရှင်းပေးရ၏။ ဖြေရှင်းရပုံကား စာရေးတတ်သောဘိန်းစားများကို ဂျပန်အစိုးရက အလုပ်ပေးခြင်းပင်ဖြစ်ပါသည်။ ပေးသောအလုပ်မှာ ရန်ကုန်မြို့ပေါ်ရှိလမ်းမကြီးများပေါ်ဝယ် ဘိန်းစားတစ်ယောက် ဂျပန်စစ်သား တစ်ယောက် တွဲဖက်၍ ရန်ကုန်မြို့ပေါ်ဝယ်ရှိသောလူများကို မှတ်ပုံတင်ကပ်ရေးပေးရသော အလုပ်ပင်ဖြစ်သည်။ ဤသို့ရေးပေးခ တစ်စောင်လျှင် ၂၅-ဆင့် ရလေသည်။ ထို့ကြောင့် သည်ဂျပန်ခေတ်ဝယ် အတော်လေးပွသော ဘိန်းစားများရှိလေသည်။
ထိုသို့ တရုပ်ဘိန်းစားများကို ဂျပန်အစိုးရက အသုံးပြုအလုပ်ပေးထားပြီး မသတ်သည့် သတင်းမှာ ဗမာပြည်အနှံ့အပြားသို့ရောက်ရှိနေသော တရုပ်အမျိုးသားများ၏နားသို့ ပေါက်သွား၏။ ထို့ကြောင့် တောနယ်များသို့ရောက်ရှိနေသော တရုပ်အမျိုးသားများသည် တစ်စတစ်စနှင့် ရန်ကုန်မြို့ပေါ်သို့ ရောက်၍လာတော့သည်။ ဤအခါမှစ၍ ရန်ကုန်မြို့တွင် တရုပ်အမျိုးသား တော်တော်များများ နေထိုင်ရဲသောဘ၀သို့ ရောက်ရှိလာ၏။
ကျွန်ုပ်မှတ်သားမိသမျှ ရန်ကုန်မြို့ပေါ်တွင် တရုပ်အမျိုးသား ၂၀၀-ခန့်ကို ဂျပန်က တစ်ကြိမ်ထဲ ဖမ်းဆီးလိုက်၏။ ပြီးလျှင် ဂျပန်ကိုဆန့်ကျင်သော တရုပ်အမျိုးသား ၅-ယောက် ကိုသာ သတ်ဖြတ်လိုက်လေ၏။
ဂျပန်ကိုဆန့်ကျင်သော တရုပ်-အမျိုးသား ၅-ယောက်ကို သတ်ပြီးနောက် ရန်ကုန်မြို့၌ အတော်လေး အေးအေးဆေးဆေးဖြစ်နေပါသည်။ ရန်ကုန်မြို့ကြီးသည်လည်း အတော်ကလေး လူစည်ကားစပြုလာပါ၏။
သည့်နောက် ၂-လ၊ ၃လကြာ၍လာပြန်သောအခါ၊ ဂျပန်က တစ်ကြိမ်ထပ်၍ဖမ်းပါ တော့သည်။ ဤတစ်ကြိမ်တွင် တရုပ်အမျိုးသားများသာမဟုတ် ဗမာနှင့်အိန္ဒိယအမျိုးသား အများအပြားပါဝင်လေသည်။ ဖမ်းဆီးထားသောသူအတော်များများသည် ဂျပန်၏သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။
ဤသို့ဂျပန်၏ရက်စက်မှုသည် ရန်ကုန်တစ်မြို့တည်းသာမဟုတ်၊ ဗမာပြည် အနယ်နယ် အရပ်ရပ်၌ဖြစ်လေသည်။ ဤအခါကျလေမှ မင်းသားခေါင်းဆောင်းထားသော ဖက်ဆစ်ဘီလူး၏ အစွယ်ကား ဖွေးဖွေးပေါ်လေတော့၏။ နေရာတကာတွင် ဂျပန်ဖက်ဆစ်၏ နှိပ်စက်ခြင်းဒဏ်ကို လှလှကြီးခံစားနေရချိန် ဖြစ်ပါ၏။
ဟုတ်၏၊ မဟုတ်၏ဟူ၍ အတိအကျတော့မသိ။ ယခုတော်လှန်ရေးအစိုးရ၏ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးစောမြင့်၏အစ်ကို ဦးသိန်းတန်အား မန္တလေးအရေးပိုင် ဦး( ) နှင့် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ် ( ) တို့က ဂျပန်ကင်ပေတိုင်စစ်ဗိုလ်ကြီး ရှိမာဒါကို သွား၍သတင်းပေးသည်ဟု ကျွန်ုပ်ကြားမိလေသည်။ ဤသတင်းအရ ဂျပန်တို့သည် ဦးသိန်းတန်ကို အမျိုးမျိုးအဖုံဖုံ ညှင်းပန်းနှိပ်စက်ပြီးလျှင် စစ်ကိုင်းတံတားပေါ်၌ပင်လျှင် ကွပ်မျက်ခြင်းကို ခံလိုက်ရလေသည်။
ထိုမျှသာမက နောက်တစ်ခုလည်းရှိသေးသည်။
မန္တလေးမြို့တွင် ကြေးနန်းကြိုးခွေများ ပျောက်ဆုံးမှုတစ်ခုဖြစ်လေသည်။ ထိုကြေးနန်း ခွေများကို ဂျပန်ကင်ပေတိုင်အဖွဲ့က မရမနေစုံစမ်းချက်ကြောင့်၊ နောက်ဆုံးတွင် ကြေးနန်းကြိုး ခွေများခိုးသော တရားခံကိုမိလေသည်။ ဤတွင် တရားခံက ““ဗမာ့တပ်မတော် စစ်လက်နက်ဌာန စစ်ဝတ်စစ်စား ဌာနမှူးဗိုလ်ဗတင်(ယခုလက်ရှိဗိုလ်လက်ျာနှင့်တွဲဖက်၍ ပင်လယ်ငါးဖမ်းကုမ္ပဏီတွင် လုပ်နေသူ)က ခိုးခိုင်းတယ်””ဟူ၍ ဂျပန်အားထွက်ဆိုလေသည်။
ထို့ကြောင့်လည်း ဗမာ့ကာကွယ်ရေးတပ်မတော်ရုံး(ရန်ကုန်မြို့)သို့ ဂျပန်ကင်ပေတိုင် အဖွဲ့က ဗိုလ်ဗတင်အားသာဖမ်းဆီးပြီး မန္တလေးသို့ ခေါ်ဆောင်သွားလေသည်။
မန္တလေးမြို့သို့ရောက်သောအခါ ဂျပန်က ဗိုလ်ဗတင်အား ဖက်ဆစ်နည်းမျိုးစုံဖြင့် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခြင်းအမှုကို ပြုလေသည်။ နှစ်ရက်တစ်ခါထုတ်ပြီး ရိုက်နှက် စစ်ဆေးလေ၏။ ပြီးနောက် စစ်ဆေးသောဂျပန်က ““ခုကြေးနန်းကြိုးခွေတွေကို ဘယ်သူကခိုး ခိုင်းသလဲ.. ဗိုလ်အောင်ဆန်းကလား၊ ဗိုလ်နေ၀င်းကလား၊ ဗိုလ်လက်ျာကလား””ဟူ၍ အမျိုးမျိုး ရိုက်နှက်ပြီးမေးပါသည်။
ဂျပန်များရလိုသောအဖြေက ဗမာ့တပ်မတော်ထဲတွင် ဦးဆောင်နေသော ဗိုလ်အောင်ဆန်း၊ ဗိုလ်နေ၀င်း၊ ဗိုလ်လက်ျာ ဤအထဲမှ တစ်ယောက်ယောက်က ခိုးခိုင်းပါသည်ဟူသော အဖြေ ပင်ဖြစ်၏။ သို့မှသာလျှင် ဤခေါင်းဆောင်နေသူများကို ဆက်လက်၍ ဂျပန်ကဒုက္ခပေးနိုင် တော့မည်။
အမျိုးမျိုးသော ညှင်းပန်းနှိပ်စက်ခြင်းကို ခံနေရသော ဗိုလ်ဗတင်ကလည်း အံကြိတ်၍ ခံပြီး ““ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေ၀င်း၊ ဗိုလ်လက်ျာတို့နဲ့ ဘာမှမဆိုင်ပါဘူး။ ကျုပ်ကိုယ်တိုင်ကမခိုးခိုင်းပါဘူး။ ဒီကြေးနန်းကြိုးခွေပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ဘာမှမသိဘူး၊ ကျုပ်ကိုသတ်ရင်လဲ ခံပါ့မယ်””ဟူ၍ ရဲရဲဝံ့ဝံ့ပင်ဆိုလေ၏။
ဤသို့ဗိုလ်ဗတင်ကို ဂျပန်များကမတရားနှိပ်စက်နေသည့်သတင်းများကို အမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်သော သခင်မြကသိရှိသွားလေသည်။ ထိုနောက်ပိုင်းတွင် ညှင်းပန်းနှိပ်စက်ခြင်းဒဏ်ကို မရှုမလှ ခံနေရသော ဗိုလ်ဗတင်ကို ဂျပန်က သတ်တော့မည်ဟူသော သတင်းဆိုးကြီးက ထွက်ပေါ်လာ တော့သည်။
ဖြတ်ထိုးဉာဏ်လွန်စွာကောင်းသော သခင်မြသည် ဗိုလ်ဗတင်ကို ဂျပန်ဖမ်းဆီးထားသည့် ပြဿနာနှင့်ပတ်သက်၍ အကြံတစ်ခုရရှိလေသည်။ ထိုစဉ်က ရန်ကုန်မြို့ဝယ်အလွန်သြဇာတိက္ကမ ရှိသော ကင်ပေတိုင် အကြီးဆုံးဗိုလ်ချုပ်ကြီးမှာ မာဇူအိုကာဆိုသူဖြစ်၏။ သူသည်ရွှေပြားနှင့် ကြယ်ပွင့်တစ်ပွင့်ဖြစ်၏။ သူစီးလေသောကားမှာ ၇-ယောက်စီး ဒေါ့ကားဖြစ်ပြီး အလံရောင်မှာ အ၀ါဖြစ်၏။ သူ၏၀ါသနာမှာ ညနေတိုင်းလိုလို ဗဟန်း(ယခုအိုရိယင့်ကလပ်)ကန်တော်ကြီး နားတွင် ငါးမျှားချိတ်နှင့် လိပ်များကိုမျှားလေ့ရှိသည်။
ဤဂျပန်ဗိုလ်ချုပ်ကြီး မာဇူအိုကာသည် ဂျပန်ပြည်၌ဇနီးတစ်ယောက်ရှိလေသည်။ ဇနီးအငယ်မှာ အလွန်ချော၍ သူအလွန်ချစ်မြတ်နိုးခြင်းကို ခံရသူဖြစ်သည်။ ထိုဇနီးငယ်ထံမှ ဂျပန်ပြည်တွင် သားယောက်ျားလေးတစ်ယောက်ဖွားမြင်ကြောင်း သူ့ထံသို့ စာတစ်စောင်လာ၏။ သည်သတင်းကောင်းကို သိပြီးဖြစ်နေသော ဂျပန်ကင်ပေတိုင်ဗိုလ်ချုပ်ကြီးသည် အလွန်ဝမ်းသာပြီး ပီတိသောမနဿဖြစ်နေချိန်ဖြစ်လေသည်။ ဤအကြောင်းကို သခင်မြကကောင်းစွာသိနှင့်ထားပြီး ဖြစ်လေသည်။
ထို့ကြောင့် တစ်နေ့သောအခါ သခင်မြသည် သခင်နု(၀န်ကြီးချုပ်ဟောင်းဦးနု)၊ သခင် သန်းထွန်း(ဗမာပြည် ကွန်မြူနစ်ပါတီခေါင်းဆောင် တောခိုနေသူ)တို့နှင့်အတူ ကင်ပေတိုင် ဗိုလ်ချုပ်ကြီး မာဇူအိုကာ၏အိမ်သို့ သွားရောက်ကြလေသည်။ ရောက်လျှင်ရောက်ချင်း သခင်မြက ၀မ်းသာကြည်နူးသောဟန်ဖြင့်-
““ဗိုလ်ချုပ်ကြီး ခင်ဗျားသတင်းကို ကျုပ်တို့ကြားရတာဝမ်းသာပါတယ်။ ဒါကြောင့် ကျုပ်တို့ကို ထမင်းကျွေးရမယ်နော်””
အမှတ်မထင်ပြောလိုက်သော သခင်မြ၏စကားဆန်းကြောင့် မာဇူအိုကာသည် အံ့သြသွား၏။ ပြီးနောက်မှ သတိရ၍ ““ဘာများဝမ်းသာစရာကြားထားလို့လဲ””
““တစ်ခြားတော့မဟုတ်ပါဘူးလေ၊ ဂျပန်ပြည်မှာရှိတဲ့ဇနီးငယ်ဟာ သားယောက်ျားလေး တစ်ယောက်ဖွားမြင်တယ်မဟုတ်လား””
ဗိုလ်ချုပ်ကြီးမာဇူအိုကာသည် ပါးစပ်အဟောင်းသားနှင့်ဖြစ်သွားကာ ““သြော် .. ဟုတ်တယ် ဟုတ်တယ်””ဟူ၍ ပြန်ပြောလိုက်လေသည်။
ဤစကားတစ်ခွန်းကြောင့်ပင် မာဇူအိုကာ၏မျက်နှာသည် သိသိသာသာကြီး ကြည်လင် သွားလေသည်။ လူတစ်ယောက်စိတ်ရွှင်လန်းနေချိန်တွင် ကိုယ်၏ပြောစကားသည် အောင်မြင်သည် ဟူသော သဘောတရားကို သခင်မြက ကောင်းကောင်းကြီးသိထားနှင့်၏။ ထို့ကြောင့်ပင် စိတ်ရွှင်လန်းမြူးထူးနေသော မာဇူအိုကာအား သခင်မြကဆက်၍ပြောလေသည်။
““ကျွန်တော်တို့ဗမာမှာ ထုံးစံရှိတယ်၊ ကိုယ့်မှာသားယောက်ျားလေးမွေးရင် တတ်နိုင်သမျှ သူတစ်ပါးရဲ့အသက်ကို ဘေးမဲ့လွှတ်ရတယ်...””
““ဘယ်လိုများလဲ””
““ဆိုလိုတာကတော့ ကိုယ့်မှာသားယောက်ျားလေးဖွားတဲ့အခါမှာ သေမဲ့လူရဲ့အသက်လွှတ် ပေးရင် ကိုယ့်သားယောက်ျားလေးဟာလဲ အဘိုးတန်တဲ့ယောက်ျားကောင်းတစ်ယောက် ဖြစ်လာနိုင် တဲ့သဘောပေါ့..၊ ခုပြောလိုတာက တစ်ခြားတော့မဟုတ်ဘူး..၊ မန္တလေးကင်ပေတိုင်အဖွဲ့က ဖမ်းထားတဲ့ ကျွန်တော့်မိတ်ဆွေ ဗိုလ်ဗတင်ကိစ္စဘဲ၊ ဗိုလ်ဗတင်ဟာ လူရိုးလူအေးတစ်ယောက် ဖြစ်ကြောင်းကို ကျွန်တော်ကောင်းကောင်းကြီးသိပါတယ်။ သူ့မှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်လို့ သူ့မှာသာအပြစ်ရှိရိုးမှန်ရင် ကျွန်တော်ဟာဘယ်လိုလုပ်ပြီး ဗိုလ်ချုပ်ကြီးကိုလာပြောဝံ့ပါ့မလဲ”” ““ခင်ဗျားပြောတာအမှန်ပဲနော်””
““ဟုတ်ပါတယ်......မယုံရင် ဗိုလ်ဗတင်အကြောင်းကိုဗိုလ်ချုပ်ကြီးကိုယ်တိုင်စုံစမ်းကြည့်ပါ””
ကင်ပေတိုင်ဗိုလ်ချုပ်ကြီးမာဇူအိုကာသည် ထိုင်ရာမှထ၍ မန္တလေးမြို့ကင်ပေတိုင် ရှိမာဒါ ထံသို့ ၀ါယာလက်ဖြင့် ဗိုလ်ဗတင်ကိုအမြန်ဆုံးလွှတ်ရန်အကြောင်းကြားလိုက်ပါ၏။ နောက်တစ်နေ့ တွင် ဗိုလ်ဗတင်သည် ရန်ကုန်မြို့သို့ရောက်လာတော့သည်။
ကံကောင်းထောက်မသောဗိုလ်ဗတင်သည် သခင်မြ၏ကျေးဇူးကြောင့် အသက်နှင့်ခန္ဓာ အိုးစားမကွဲပဲ ၄၄-ရက်သာ အချုပ်ခံ အညှင်းခံရပြီး လွတ်မြောက်လာခဲ့ပါသည်။ သည့်နောက်တွင် ဗိုလ်ဗတင်သည် ဗမာတပ်မတော်၌ သူ့ရှိရင်းစွဲအလုပ်တာဝန်ကို ဆက်လက်ထမ်းဆောင်နေ၏။ ဗိုလ်ဗတင်လွတ်လာကြောင်းကို ဗိုလ်အောင်ဆန်းအစရှိသော ဗမာ့တပ်မတော်ခေါင်းဆောင်များက သိ၍ များစွာပင်ဝမ်းသာနေကြသည်။
အာဇာနည် အမျိုးသားခေါင်ဆောင်ကြီး သခင်မြ ၏ မိန့်ခွန်းများ
" ကျွန်တော်တို့ သခင်တွေဟာ နိုင်ငံရေးဖိနှိပ်ညှဉ်းဆဲမှုကို မကြောက်တတ်ပါဘူး၊ ဒီအတွက် ရင်ဆိုင်ရန် အသင့်ပါပဲ။ တို့ဗမာအစည်းအရုံးကို နယ်ချဲ့အစိုးရက မတရား အသင်းကြေညာချင်သလား၊ ကြေညာချင်ရင် ကြေညာပါလို့ ကျွန်တော် စိန်ခေါ်လိုက်ပါတယ်။ ပွင့်ပွင့်လင်းလင်း လုပ်ရဲရင်လုပ်ပါ။ ကျွန်တော်တို့ သခင်တွေဟာ နယ်ချဲ့နဲ့ အရင်းရှင်မြေရှင်တွေကို အန္တာရာယ်ပေးခဲ့တာ၊ ပေးမှာအမှန်ပါ။ ”
( ၁၉၃၉၊ ဧပြီလ ၂၇ ရက်တွင် ဗြိတိသျှအစိုးရက တည်ထောင်ပေးထားသော မြန်မာနိုင်ငံတော် ဥပဒေပြုလွှတ်တော် အစည်းအဝေးတွင် သာယာဝတီတောင်ပိုင်း၊ မဲဆန္ဒနယ်မှ ဥပဒေပြုလွှတ်တော်အမတ် သခင်မြ မှပြောဆိုခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်)
" ဆရာ့လို တိုင်းပြည်အတွက် ရာဇဝင်မော်ကွန်းတင်ရစ်အောင် စွမ်းဆောင်နိုင်သူ ယခုခေတ်မှာ အလွန်ရှားပါးပါတယ်။ ဒါကြောင့် ဆရာ့အနေနဲ့ ဘာမှ ကြောက်ရွံ့စရာ မလိုပါ။ ဂုဏ်ယူဝင့်ကြွားစွာဖြင့် လာမည့်ဘေးကို ပြေးတွေ့ပါ။ ဗြိတိသျှအစိုးရက ဗမာပြည်သူတွေအပေါ် မတော်မတရား ကြံစည်ဖိနှိပ်မှုများကို မခံမရပ်နိုင်၍ လက်နက်စွဲကိုင် တော်လှန်ရကြောင်း နောင်လာနောက်သား ဗမာများ ဂုဏ်ယူဝင့် ကြွားနိုင်အောင် ရာဇဝင်တွင်အောင် ရင်ဆိုင်ပြောဆိုပါ။ ကျွန်တော်တို့သာ ဆရာ့နေရာမှာရှိရင် သေဒဏ်တကြိမ်သာမဟုတ် ဆယ်ကြိမ် ဆယ်ကြိုးအကျခံပါမယ်။ "
(လယ်သမားတော်လှန်ရေး ခေါင်းဆောင်ကြီး ဆရာစံ အား သာယာဝတီထောင်ထဲတွင် ရှေ့နေကြီး သခင်မြ မှပြောသောစကား)
“ ဥက္ကဋ္ဌကြီးခင်ဗျာ ကျွန်တော်ကိုယ်တိုင် အဖွဲ့ဝင်အဖြစ် ပါဝင်ထားတဲ့ တို့ဗမာအစည်းအရုံးကြီး ကို ကုလား- ဗမာ အဓိကရိုဏ်း စုံစမ်းရေးကော်မတီက အလွန်နစ်နာစွာ စော်ကားပြု ရေးသားထားပါတယ်။ တို့ဗမာ အစည်းအရုံးကြီးကို ကုလား- ဗမာ အဓိကရိုဏ်းနဲ့ တွဲဖက်ဖော်ပြထားတာဟာ အလွန်မဆီလျော်၊ မအပ်စပ်တဲ့ ကိစ္စဖြစ်ပါတယ်။
တို့ဗမာ အစည်းအရုံးရဲ့ စည်းမျဉ်းမှာ လူမျိုးရေးအရ ကျဉ်းမြောင်းတဲ့ သဘောတရားကို ဘယ်တုန်းကမှ မချမှတ်ခဲ့ပါ။ ဒီလိုဝါဒမျိုးကို အုပ်စိုးခံ ပြည်သူတွေအပေါ်မှာ သွေးခွဲလေ့ရှိတဲ့ အစိုးရများကသာ ချမှတ်လေ့ရှိပါတယ်။
ကျွန်တော်တို့ တို့ဗမာအစည်းအရုံးရဲ့ လှုပ်ရှားမှုတွေမှာ အိန္ဒိယအမျိုးသားများဟာ အမြဲမပြတ် လက်တွဲရပ်တည် လုပ်ဆောင်ခဲ့တာ အားလုံးအသိပါ။
အိန္ဒိယအလုပ်သမား၊ လယ်သမား၊ ကျောင်းသားများသာ တို့ဗမာအစည်းအရုံးတွင် ပါဝင်ခဲ့ပြီး အိန္ဒိယဓနရှင်များ မပါဝင်ပါ။
ဒါကြောင့်လည်း တို့ဗမာအစည်းအရုံးက ကျဉ်းမြောင်းတဲ့ လူမျိုးရေးသွေးခွဲမှု လုပ်ငန်းမျိုးမှာ ဘယ်တော့မှ မပါဝင်ခဲ့ပါ။
သို့ပါလျှက် အဓိကရိုဏ်း စုံစမ်းရေးကော်မတီက တို့ဗမာသခင်တွေကို ရာဇဝတ်ကောင်များဖြစ်အောင် စွပ်စွဲထားပါတယ်။
အစီရင်ခံစာရဲ့ တနေရာမှာ တို့ဗမာအစည်းအရုံးဟာ ကွန်မြူနစ်ဆန်ကြောင်း ကြေငြာထားပြီးတနေရာမှာတော့ သခင်များကိုယ်တိုင် အဓိကရိုဏ်းမှာ ပါတယ်လို့စွပ်စွဲထားပါတယ်။ ဘယ်ကလောက် အမြီးအမောက်မတည့်တဲ့ စွပ်စွဲချက်ပါလဲလို့ မေးပါရစေ။
ကွန်မြူနစ်ဆိုတာ လူမျိုးရေးခွဲခြားမှု ဝါဒအားလုံးကို ပယ်ဖျက်တဲ့ နိုင်ငံတကာ စည်းလုံးညီညွတ်ရေးဝါဒဖြစ်တယ်။ အဖွဲ့အစည်းတရပ်ကို ကွန်မြူနစ်ဆန်တယ်လို့ စွပ်စွဲပြီးရင် ဒီအဖွဲ့အစည်းဟာ ဘယ်လိုလုပ်ပြီး လူမျိုးရေးခွဲခြားရေးဝါဒကို ဆုပ်ကိုင်ထားတယ်လို့ စွပ်စွဲနိုင်ရပါသလဲ။
“ ဥက္ကဋ္ဌကြီးခင်ဗျာ…. အစိုးရက ရွှေတိဂုံစေတီ ကုန်းတော်ပေါ်တက်ပြီး ကျွန်တော်တို့ တို့ဗမာအစည်းအရုံး ခေတ္တဋ္ဌာနချုပ်ကို စစ်တပ်၊ ပုလိပ်တပ်ဖွဲ့များနှင့် ဝိုင်းဝန်းဖျက်ဆီးခဲ့တယ်။ အဲဒီတုန်းက ရန်ကုန်ပုလိပ်မင်းကြီးက ကြေညာချက်တစောင် ထုန်ပြန်ရာမှာ တို့ဗမာအစည်ွးှရုံး ဟာ အစိုးရကိုလက်နက်နဲ့ အကြမ်းဖက်၊ ဖြိုဖျက်ရန်လုပ်ကြံလေတဲ့အတွက် ယခုလို ရှာဖွေဖမ်းဆီးရပါတယ်တဲ့။ တကယ့်လက်တွေ့မှာတော့ ဗြိတိသျှနယ်ချဲ့စနစ်ကသာ တို့ဗမာအစည်းအရုံးကြီးကို အကြမ်းမဖက်ပေမယ့် ဥပဒေနှင့် အကြမ်းဖက်နေတာ ထင်ရှားပါပြီ။“
“ ဟောဒီမှာကြည့်ပါ၊ ဒီကော်မတီအစီရင်ခံစာ စာအုပ်ကြီးဟာ နယ်ချဲ့စနစ်ရဲ့ မတရားလီဆယ် လုပ်ကြံမှုကြီးပါပဲ။ ဒီလုပ်ကြံမှုကြီးဟာ ကျွန်တော်တို့ တို့ဗမာအစည်းအရုံးကြီးကို မတရားအသင်း ကြေညာရန် နိုင်ငံရေးအရ ဖိနှပ်ချေမှုန်းရန် စတင်ကြံစည်ခြင်းပါဘဲ။ နယ်ချဲ့စနစ်က ကျွန်တော်တို့သခင်တွေကို ဖိနှပ်ချေမှုန်းလိုပါသလား။ ဖိနှိပ်ပါစေ။ ကျွန်တော်တို့သခင်တွေက နယ်ချဲ့တို့ထံက တခုခုတောင်ဆိုချင်ပါတယ်။ ဒီစုံစမ်းရေးကော်မတီ အစီရင်ခံစာမျိုးနဲ့ လီဆယ်လုပ်ကြံပြီး တိုက်ပွဲမခင်းဘဲနဲ့ သူ့ဘက်ကိုယ့်ဘက် ရဲရဲဖြောင့်ဖြောင့်ကြီး တိုက်ပွဲဝင်ကြရအောင်။ “
" ကျွန်တော်တို့ သခင်တွေဟာ နိုင်ငံရေးဖိနှိပ်ညှဉ်းဆဲမှုကို မကြောက်တတ်ပါဘူး၊ ဒီအတွက် ရင်ဆိုင်ရန် အသင့်ပါပဲ။ တို့ဗမာအစည်းအရုံးကို နယ်ချဲ့အစိုးရက မတရား အသင်းကြေညာချင်သလား၊ ကြေညာချင်ရင် ကြေညာပါလို့ ကျွန်တော် စိန်ခေါ်လိုက်ပါတယ်။ ပွင့်ပွင့်လင်းလင်း လုပ်ရဲရင်လုပ်ပါ။ ကျွန်တော်တို့ သခင်တွေဟာ နယ်ချဲ့နဲ့ အရင်းရှင်မြေရှင်တွေကို အန္တာရာယ်ပေးခဲ့တာ၊ ပေးမှာအမှန်ပါ။ သို့သော်လည်း စုံစမ်းရေးကော်မတီက ရေးသားစွပ်စွဲထားသလို ဆင်းရဲသားကုလား အမျိုးသားများကိုတော့ အန္တရာယ်မပြုခဲ့တာ အမှန်ပါ။ “
( ၁၉၃၉၊ ဧပြီလ ၂၇ ရက်တွင် ဗြိတိသျှအစိုးရက တည်ထောင်ပေးထားသော မြန်မာနိုင်ငံတော် ဥပဒေပြုလွှတ်တော် အစည်းအဝေးတွင် သာယာဝတီတောင်ပိုင်း၊ မဲဆန္ဒနယ်မှ ဥပဒေပြုလွှတ်တော်အမတ် သခင်မြ မှပြောဆိုခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်)
မှတ်ချက်….၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ( ၉ ) ရက်နေ့တွင် ဗြိတိသျှအစိုးရသည် တို့ဗမာအစည်းရုံးကို မတရားသင်း ကြေညာခဲ့သည်။
ဘုရင်ခံ “ မနေ့ညက စင်ကာပူခံတပ်ကြီး ကျဆုံးသွားပြီ၊ ဗြိတိသျှတပ်တွေအားလုံး လက်နက်ချလိုက်ရပြီလို့ လန်ဒန်ရေဒီယိုက ကြေညာသံကြားရတော့ ကျွန်ုပ်စိတ်မချမ်းမသာ ဖြစ်ရတယ်ဗျာ“
သခင်မြ “ လေးစားရပါသော ဘုရင်ခံမင်းကြီး စိတ်ဒုက္ခခံစား ရတာကို ကျွန်ုပ်တို့ များစွာ ကိုယ်ချင်းစာနာနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အထွဋ်အမြတ်ဖြစ်ခဲ့တဲ့ သီပေါဘုရင်မင်းမြတ် ပါတော်မူခဲ့စဉ်ကတည်း၊ အလားတူပင် ကျွန်ုပ်တို့၏ ဘိုးဘွားဆွေမျိုး ညာတကာ တိုင်းသူပြည်သားများ ယူကျုံးမရ၊ စိတ်ဒုက္ခကြီးစွာ ရောက်ခဲ့ရပါတယ်။ ”
(သခင်မြ က ဘုရင်ခံ ဆာဒေါ်စမစ် ကိုအချက်ကျကျ စကားဖြင့်ထိုးနှက်ချက် )
“ တိုင်းပြုပြည်ပြုလွှတ်တော် သဘာပတိအဖြစ် တင်မြှောက်ဖို့ ကျွန်တော်က ဘဏာရေးဝန်ကြီး သခင်မြကို အဆိုတင်သွင်းပါတယ်။ ဘဏာရေးဝန်ကြီး သခင်မြ အကြောင်းကို ကျွန်တော် အထူးပြောစရာ မလိုပါဘူး။ သူဟာ အရင်တုန်းကလည်း သည်ဥပဒေပြုလွှတ်တော်မှာ မင်းတိုင်ပင် အမတ်ပြုလုပ်လာခဲ့ပါတယ်။ ရှေးကလည်း ဗမာပြည်ရဲ့ တိုင်းကျိုးပြည်ကျိုးကို ၁၉၂၀ ပြည့်နှစ်၊ တက္ကသိုလ်ကျောင်းသားများ သပိတ်က စပြီးတော့ ရွပ်ရွပ်ချွံချွံ တောင်ရွတ်လာခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတဦးဖြစ်ပါတယ်။ သည်တော့ကာ သခင်မြကို ကျွန်တော်က တိုင်းပြုပြည်ပြု လွှတ်တော်ယာယီသဘာပတိအဖြစ် တင်မြှောက်ဖို့ အဆိုတင်သွင်းပါတယ်။ “
( ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၁ ရက်၊ အင်္ဂါနေ့ တွင်ကျင်းပခဲ့သော တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးတွင် လမ်းမတော်မြို့နယ် မဲဆန္ဒနယ်မှ အမတ်ဦးအောင်ဆန်းက ပထမဆုံး လွှတ်တော်အခမ်းအနားတွင် လွှတ်တော်သဘာပတိ အဖြစ် သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်မှ အမတ်သခင်မြအား တင်မြှောက်ရန် အဆိုပြုခဲ့စဉ်က ပြောခဲ့သောစကား)
မှတ်ချက်…ဦးအောင်ဆန်း အဆိုကို ဟင်္သာတကျေးလက် ကရင်တိုင်းရင်းသား အမတ်မန်းဘခိုင်က ထောက်ခံခဲ့လေသည်။
“ ဥက္ကဋ္ဌကြီးခင်ဗျာ၊ ဗြိတိသျှအစိုးရသည် ဗမာပြည်အား လုံးဝလွတ်လပ်သော နိုင်ငံတနိုင်ငံအဖြစ် လိုက်လျောကြေညာခြင်းမပြုသမျှ ကျွန်တော်တို့သည် ဗြိတိသျှအစိုးရ၏ စစ်အောင်မြင်ရေး လုပ်ငန်းများတွင် မည်သည့်နည်းနှင့်မျှ ပူးပေါင်းဆောင်ရွတ်ခြင်း မပြုသင့်ပါ။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အလုပ်၊ ကျွန်တော်တို့ရဲ့ အပြောမှာ ရှေ့နောက်ညီညွတ်သူတွေအဖြစ်နဲ့ ရာဇဝင်မှာ မှတ်တမ်းတင်ခံလိုတယ်ဆိုရင် လွတ်လပ်ရေးဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်လိုသူတွေဖြစ်ရင် ဒီဥပဒေကြမ်းကို သဘောမတူသင့်ပါ။ “
(၁၉၄၀ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ဗမာပြည် အရံစစ်တပ်များ ဖွဲ့စည်းရေး ဥပဒေကြမ်းကို ဥပဒေပြုလွှတ်တော်၌ ဗြိတိသျှနယ်ချဲ့အစိုးရဘုရင်ခံ၏ အတိုင်ပင်ခံ ကာကွယ်ရေးဝန်ကြီး၊ မစ္စတာ ဆာဘူသ်ဂရေဗလီက တင်သွင်းခဲ့ရာ ဥပဒေပြုလွှတ်တော်အမတ် သခင်မြ ကန့်ကွက်ပြောစကား)
အောင်ခင်မြင့်
No comments:
Post a Comment