Wednesday, September 12, 2012

  ရွာကလူတွေဖတ်စေချင်တဲ့  နိုင်ငံရေးအကြောင်း



    ရွာကလူတွေဖတ်စေချင်လို့နိုင်ငံရေးအကြောင်းဆောင်းပါးကလေးတွေရေးခဲ့တာ သုံးပုဒ်ရှိပေါ့။ ကျွန်တော်ပြောချင်တာက ( အရင်က ကြိမ်ဖန်များစွာ ပြောခဲ့ဖူးပါတယ်။ ) ထပ်ပြောချင်
တာက ကျွန်တော်ဟာ နိုင်ငံရေးသမားမဟုတ်ပါဘူး နိုင်ငံရေးသုခမိန်လည်းမဟုတ်ပါဘူး။ သာမန်စာပေဝေဖန်ရေးဆရာပါ။ သို့ ပေမယ့်လည်း လိုအပ်တယ်ထင်လို့ သိထားတာကလေးတွေ ယူဆထားတာကလေးတွေကို လွယ်လွယ်က လေးပြန်ရေးဖို့ ကြိုးစားနေတာပါ။
   
အရင်လတွေတုန်းက "အစိုးရ" "မင်း"အကြောင်း အတော်အသင့်ပြောခဲ့ပါတယ်၊ သိပ်ကျယ်ဝန်း တဲ့ကိစ္စကြီးဆိုတော့ ပြောစရာတွေရှိဦးမှာပဲ၊ ထပ်လည်းပြောရဦးမှာပဲ၊ အစိုးရဆိုတော့ တကယ့်တရားကို စစ်လိုက်တော့ လူထုရဲ့ အစေခံဖြစ်တယ်ဆိုတဲ့အချက်ကို အလေးအနက်ထားပြီး တင်ပြခဲ့ပါတယ်၊ လူထုကြီး တစ်ရပ်လုံးက တစ်နည်းပြောရင် တစ်တိုင်းပြည်လုံးက တို့ကိစ္စကို ဆောင်ရွက်ပေး၊ တို့ဘဝတွေသာယာဝ ပြောအောင်သက်သာချောင်ချိအောင် အစိုးရအဖြစ် တစ်နည်းပြောရရင် မင်းအဖြစ် ခန့်အပ်လိုက်ဖြစ်တယ် ဒီနေရာမှာ လွန်ခဲ့တဲ့ (၂၃) နှစ်လောက်က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားတစ်ခွန်း သတိရလို့ ကိုးကားပါရစေ။
   
အစိုးရဆိုတာပြည်သူလူထုဆန္ဒတဲ့ ကိုက်ညီမယ့် တိုင်းပြည်အကျိုးကို ဆောင်ရွက်ဖို့ အချိန်ကန့် သတ်စေခိုင်းထားတဲ့ သစ္စာအရှိဆုံး ပြည်သူ့ဝန်ထမ်းပဲ ဖြစ်ရမယ်။ ( ၁၊ ၁၁၊ ၈၈၊ နတ်မောက်မြို့ အဖွဲ့ချူပ်ရုံး မိန့်ခွန်း)
    ဒေါ်အောင်ဆန်းစုကြည်ကတော့ "အချိန်ကန့်သတ်စေခိုင်းထားတဲ့ သစ္စာအရှိဆုံး ပြည်သူ့ဝန်ထမ်း"လို့ယဉ်ကျေးဖွယ်ရာ ပြောထားတာပါ၊ ကျွန်တော်ကတော့ တည့်(ဒဲ့)ပြောချလိုက်တာပါ။ ကျွန်တော့် စကားနည်းနည်းနားဝင်ရိုင်းပေမယ့် သဘောကတော့ အတူတူပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်က " အချိန်ကန့်သတ်စေခိုင်းထားတဲ့ "လို့ဆိုပါတယ်၊

အစိုးရသက်တမ်းဟာ ငါးနှစ်ဖြစ်စေ၊ ခြောက်နှစ်ဖြစ်စေ ကန့်သတ်ပေး ထားတယ်၊ ငါ နှစ်အစိတ်အစိုးရလုပ်မယ့်ဟေ့ ငါကတော့ နှစ်ဆယ့်နှစ်နှစ်လောက် လုပ်မယ်ကွာလို့ ကိုယ့်သ ဘောနဲ့ကိုယ် အစိုးရလုပ်လို့မရဘူး၊ အစိုးရဆိုတာ လူထုက သဘောတူရွေးချယ်တင်မြှောက်ခန့်အပ်ရတာ ကိုး၊ ဒီအကြောင်းတွေ ကျွန်တော်တင်ပြခဲ့ပါတယ်။
  
နောက်အရေးကြီးတဲ့အချက်တစ်ချက်လည်း ပြောခဲ့ပါသေးတယ်၊ အဲဒါကတော့ အစိုးရကိုလူထု ကရွေးချယ်တင်မြှောက်ရသလို အဲဒီအစိုးရက လူထုအကျိုးစီးပွားကို မဆောင်ရွက်
တော့ဘူး နေရာမကျ တော့ဘူးဆိုရင် လူထုကအဲဒီအစိုးရကို ဖြုတ်ချနိုင်တယ်၊ အချိန်မရွေးဖြုတ်ချ
နိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဒီအစိုးရကအစကတည်းက လူထုကခန့်အပ်ထားတာမို့ပါပဲ။

ဆက်ပြီးတော့ လူထုက အစိုးရကိုပေးအပ်ထားတဲ့ " လုပ်ပိုင်ခွင့် " တွေအကြောင်းပြောပါ့မယ်လို့
ကျွန်တော် ဒီဆောင်းပါးကို အဆုံးသတ်ခဲ့ပါတယ်၊ အခုဆက် ပါမယ်။
   
" လုပ်ပိုင်ခွင့် "
ဆိုတာ ဘာလဲ၊ မြို့သားစာတတ်ပေတတ် ပရိသတ်တွေအတွက်ကတော့ ဖွင့်ဆိုချက် ပေးရင် အများကြီးပေးလို့ ရပါလိမ့်မယ်။   ကျွန်တော့်ပရိသတ်  ရွာသားတွေအတွက်
ကတော့ လိုရင်းကိုတည့် (ဒဲ့) ပြောမှ နေရာကျပါလိမ့်မယ်၊ လုပ်ပိုင်ခွင့်ဆိုတာ လိုရင်းတည့်(ဒဲ့) ပြောရရင် အာဏာပါပဲ၊ အာဏာရှိ မှ အစိုရလုပ်လို့ရမှာကိုး။ အရင်လတွေက ဆောင်းပါးတွေမှာ ကျွန်တော်ဒီလိုရေးခဲ့ပါတယ်၊

အစိုးရကို လူထုက တို့အတွက် မင်းဒါတွေ ဒါတွေ လုပ်ပေးရမယ်၊ ဒါတွေ ဒါတွေ လုပ်ပေးလို့ ဓခိုင်းထားဓ တာ၊ အဲဒီအတွက်မင်းကို တို့က (၁) လစာ၊ ရိက္ခာ၊ အဆောင်အယာင်တွေ ပေးမယ်၊ (၂) လုပ်ပိုင်ခွင့်တွေ ပေးမယ်၊ မင်း ငါတို့အစိုးရ လုပ်ပေတော့လို့ လူထုကြီးက ခန့်အပ်လိုက်တာ။
အဲဒီ လုပ်ပိုင်ခွင့်ဆိုတာ အာဏာပါပဲ။
   
အဲဒီတော့ လုပ်ပိုင်ခွင့်ဆိုတာ အာဏာကို ခေါ်တာ ဟုတ်ပါပြီ၊ အာဏာဆိုတာ ဘာလဲ၊ ဒါနဲ့ပဲ သပွတ်အူလိုက်တော့မယ်၊ ထင်တယ်၊ ကဲ ဒီလိုလုပ်ရအောင် ကျောင်းဒကာရေ ခင်ဗျားတို့ ကျွန်တော်တို့နဲ့ နီးစပ်တဲ့ ဥပမာ လွယ်လွယ်ပေးပြီး ပြောကြစို့၊

ကျွန်တော်တို့ ပြည်ထောင်စုတစ်ဝန်းတစ်လျားမှာ ကျေးလက် တောရွာတွေ မြို့ကြီး၊ မြို့လတ်၊
မြို့ငယ်တွေမှာ ရပ်ကွက်အသီးသီး ရှိကြတယ်၊  ရပ်ကွက်ဆွမ်းကြီးလောင်း  အသင်းဆိုတာ  ရပ်ကွက်တိုင်းလိုလိုမှာ ရှိတယ်၊  ရန်ကုန်မြို့ကြီးမှာတော့  လမ်းတိုင်းလိုလို  ရှိတယ်၊ 
ရပ်ကွက်  ဓမ္မာရုံမှာပဲ ရပ်ကွက်ရဲ့သာရေးနာရေးကိစ္စအဝဝကို စည်းဝေးတိုင်ပင်ကြတယ်၊

ကျမ်းမာရေးကိစ္စအတွက် ကလေးငယ်တွေ ပိုလီယိုဆေးတိုက်
မယ်ဆိုလည်း အဲဒီမှာပဲစုတယ်၊ မြို့ကြီးတွေမှာဆိုရင်တော့ ရပ်ကွက်ဓမ္မရုံဟာ မြို့တော်ခန်းမပေါ့၊ အဲဒီမှာရပ်ကွက်ဆွမ်းကြီးလောင်း အသင်းဖွဲ့ကြစို့၊ အရေးကြီးဆုံးနဲ့ပထမဆုံးလုပ်ရ မယ့် လုပ်ငန်းက အကြီးအမှူးဦးစီးဦးကိုင်လုပ်မယ့် လူကြီးတစ်ယောက်လိုတယ်၊ ရွေးကြရမယ်။
    ရပ်ကွက်ထဲ မှာ သီလ၊ သမာဓိရှိတဲ့သူ ကိုယ်ကျင့်တရားကောင်းတဲ့သူ၊ စိတ်ကောင်းရှိတဲ့
သူ၊ အများအကျိုးဆောင်ရွက် ချင်စိတ်ရှိတဲ့သူ၊ ဆက်ဆံရေးပြေပြစ်တဲ့သူ၊ စသည် စသည် အရည်
အချင်းရှိသူကို ရွေးရပေမပေါ့၊

အရက် သမား၊ဖဲသမား၊ ဆေးသမားတို့ရွေးလို့ဘယ်ဖြစ်မလဲ၊ နှစ်လုံးတစ်လုံး  ဒိုင်တွေဆိုလည်း  ဘယ်ဖြစ်မလဲ၊  လည်ပင်းမှာ  ပုတီးနဲ့ညဘက်ကျရင် ခုနှစ်အိမ်
ကျော်ကကြားရအောင်  အကျယ်ကြီးအော်ပြီး  ဘုရားရှစ်ခိုးတတ်ပေမဲ့  အိမ်ထဲမှာ ကုတ်ကြိတ်တဲ့
(ကေပီ) သမားဆိုရင်လည်း မဖြစ်သေးဘူး ( ကေပီဆိုတာ ခွက်ပုန်းကိုခေါ်တာ)  အဲဒီတော့  အထက်ကပြောခဲ့တဲ့  အရည်အချင်းတွေရှိသူမှဖြစ်မယ်ပေါ့။

သူ့ကိုအများသဘောတူ ဦးစီးဦးကိုင် လုပ်ဖို့  ရွေးချယ်တင်မြှောက်လိုက်ပြီလို့  ဆိုကြပါစို့၊  ဆွမ်းလောင်းအသင်းရဲ့ ကိစ္စဝိစ္စတွေဆိုတာကလည်း ဝါ တွင်းမိုးလမှာ သံဃာတော်တွေ
ဆွမ်းကွမ်းကိစ္စ မပင်ပန်းရအောင်ရည်ရွယ် လုပ်ဆောင်
ကြတာမဟုတ်လား  ဒီအလုပ်တွေကို သူတစ်ယောက်တည်းလုပ်လို့မရနိုင်ဘူးလေ၊ ရပ်ကွက်သား
ရပ်ကွက်သူတွေ စုပေါင်းညီညာ လုပ်ကြရမှာပေါ့၊

သူက စီမံကွပ်ကဲရမယ်၊ စီစဉ်ညွန်ကြားရမယ်၊ အလုပ်တွေ ခွဲဝေပေးရမယ်၊ လဆန်းလဆုတ် လပြည့်လကွယ် အဖိတ် ဥပုသ်နေ့တိုင်း ဆွမ်းလောင်းရမယ်၊ အရေးကြီးတာတစ်ခုက ရံပုံငွေပဲ။ ငွေရေးကြေး ရေးကိစ္စ ထိန်းသိမ်းရမယ်၊ စာရင်းဇယား ပြုစုထားရမယ်၊ ဒါတွေအားလုံးလုပ်ဖို့ အလုပ်ခွဲဝေပေးရမယ်၊   ဘယ်သူကဘာလုပ်၊ ဘယ်သူကဘာတာဝန်ယူလို့ တာဝန်တွေကို ခွဲဝေပေးအပ်ပိုင်ခွင့် သူ့မှာရှိရမယ်၊ သူပေးတဲ့ တာဝန်ကို ရပ်သူရွာသားတွေ ကျေပွန်အောင်ထမ်းဆောင်ရမယ်၊ အဲဒါ‘အာဏာ’ပဲ။ လုပ်ပိုင်ခွင့်အာဏာ ပါပဲ။
   
ဒီဥပမာနဲ့ ယှဉ်ကြည့်ရင်  ရလိမ့်မယ်ထင်ပါတယ်၊  ရပ်ကွက်ဆွမ်းလောင်းသင်း  ဥက္ကဌ
လူကြီးကို  ရပ်ကွက်သူ  ရပ်ကွက်သားတွေက  ရွေးချယ်တင်မြှောက်ခန့်အပ်ပြီး သူ့ကို လုပ်ပိုင်ခွင့်
ဓအာဏာဓ ပေးအပ်လိုက် ကြတယ်၊ သူကဒီအာဏာကို အသုံးပြုပြီး ရပ်ကွက်ဆွမ်းလောင်း အသင်း
ကိစ္စကို ဆောင်ရွက်တယ်၊ ဒီသဘော ပဲပေါ့။ လူထုကအစိုးရကို ရွေးချယ်တင်မြှောက်လိုက်တယ်၊ ပြီးတော့အစိုးရကို အာဏာပေးအပ်တယ်၊ အဲ ဒီအာဏာကို အသုံးပြုပြီး တိုင်းပြည်ကိုအုပ်ချူပ်တယ် လူထုရဲ့ ကောင်းကျိုးချမ်းသာအတွက် အစိုးရအလုပ် ကို လုပ်ပြီး     " အာဏာ" နဲ့စီမံ ခန့်ခွဲတယ်၊ ချမ်းသာအတွက်ပဲ ဖြစ်တယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့စွဲစွဲ မြဲမြဲ သဘောပေါက်ထားရမယ်။
   
ကိုင်း ကျောင်းဒကာရေ၊  လူထုကတော့ အစိုးရကို  "အာဏာ" တွေပေးအပ်လိုက်ပြီ။
ဒီအာဏာ လုပ်ပိုင်ခွင့်တွေသုံးပြီး အုပ်ချူပ်တော့လို့ အပ်လိုပ်ပြီးပြီ၊ အဲဒီအာဏာတွေက ဘာတွေလဲ၊ ကျွန်တော် အစီရင် ခံခဲ့တဲ့အတိုင်း သိပ်ကျယ်ဝန်းနက်ရှိုင်းပါတယ်၊ ကျွန်တော်ကြိုးစားပြီးတင်ပြနေ
တာပါ၊ မြို့သား စာတတ်ပေတတ်တွေ အတွက်ကတော့ ဖတ်စရာ လေ့လာစရာ စာအုပ်စာတမ်းတွေ ပေါပါလိမ့်မယ်၊ အင်္ဂလိပ်စာအုပ်၊ မြန်မာ စာအုပ်၊ အခုဆိုရင် တရုတ်စာအုပ်တွေတောင်ရှိနေရော့မယ်။

ကျွန်တော်တို့ရွာက လူတွေအတွက်ကတော့ အများစုလူထုက သေစာရှင်စာလောက်သာ တတ်ကြတာဆိုတော့ သူတို့အတွက် ဘယ်မှာ လွယ်ပါ့မလဲ၊ ကျွန်တော် ကြိုးစားတင်ပြနေတာပါ။ နေရာမကျရင် ဝေဖန်ထောက်ပြ ပြင်ဆင်ကြပါ၊ (ရွာသားတွေ နားလည် ဖို့တော့ လိုတာပေါ့၊) အဲဒီတော့လူထုက ပေးအပ်လိုက်တဲ့ အာဏာဟာ (သုံးခု) ရှိတယ်။ ဒီအာဏာ (၃) ရပ်ဟာ လူသိများတယ်၊ အခေါ်အပြောများတယ်၊ အဲဒါတွေက
    (၁)- အုပ်ချူပ်ရေး ၊ စီမံခန့်ခွဲရေးအာဏာ
    (၂)- ဥပဒေပြုရေးအာဏာ
    (၃)- တရားစီရင်ရေးအာဏာ။
ကဲ ...တစ်ခုချင်းကြည့်ရအောင်....

၁၊ အုပ်ချူပ်ရေး၊ စီမံခန့်ခွဲရေးအာဏာ
    အုပ်ချူပ်ရေးဆိုတာက စပြောကြစို့ရှေးဘုရင်ခေတ်ကဆိုရင် တိုင်းပြည်အုပ်ချူပ် မင်းလုပ်တော်မူသည်လို့ ရှိတယ်။ ပြောစရာရှိလာတာက  ကျွန်တော်တို့စကားမှာ  အုပ်ချူပ်တာ
ရှိတယ်၊၊ အုပ်စိုးဆိုတာ ရှိတယ်၊ မကွဲမပြားသုံးစွဲနေကြပေမယ့် တကယ်တော့ အုပ်ချူပ်နဲ့ အုပ်စိုးဆိုတာ မတူဘူး၊ အုပ်ချူပ်ဆိုတာ ကောင်းတဲ့အဓိပ္ပာယ်ရှိတယ်။ လူထုကို ချစ်ခင်ကြင်နာစွာနဲ့ လူထုအကျိုး အမြဲဦးထိပ်ထားပြီး တရားနဲ့အညီ အုပ်ချူပ်တယ်၊ ကောင်းတဲ့ အဓိပ္ပာယ်ရှိတယ်၊ အုပ်စိုးဆိုတာက ဆိုးတဲ့အဓိပ္ပာယ်ရှိတယ်။ ကျွန်တော့်သဘော အရအုပ်စိုးကို အဲသလို ကွဲပြားအောင် ခွဲခြားသုံးချင်တယ်၊

အထက်မှာတုန်းက ကျွန်တော်တို့ ရွေးချယ်တင် မြှောက်လိုက်တဲ့ အစိုးရကို အာဏာလုပ်ပိုင်ခွင့်တွေ ပေးအပ်လိုက်ပြီလို့ ပြောခဲ့တယ်။ အစိုးရက လူထုပေးတဲ့ အာဏာကို အသုံးပြုပြီး တိုင်းပြည်ကိုအုပ်ချူပ်ပြီလို့ နားလည်လိုက်ကြစို့။ ဘယ်လိုအုပ်ချူပ်သလဲ၊ အုပ်ချူပ် တယ်ဆိုတာ ဘာလဲ။
   
အုပ်ချူပ်တယ်ဆိုတဲ့အထဲမှာ  စီမံခန့်ခွဲတယ်ဆိုတဲ့  သဘောက တစ်ခါတည်းပါသွားပြီ
လားလို့ နားလည်အပ်ပါတယ်၊ လူထုရဲ့ အကျိုးစီးပွားအတွက် လူထုရဲ့ အရေးကိစ္စတွေ( စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အခြားလူမူရေးတွေ)ကိုဆောင်ရွက်ဖို့ စီမံခန့်ခွဲရတယ်၊ ကျွန်တော့်ပရိတ်
သတ်  ရွာကလူတွေနဲ့  အနီးစပ်ဆုံးဖြစ်တဲ့ စိုက်ပျိုးရေး ကိစ္စ စဉ်းစားကြည့်ကြပါစို့။ လယ်ယာစိုက်
ပျိုးရေးလုပ်ငန်းဟာ    ကျွန်တော်တို့  ရွာသားတွေရဲ့  အဓိက   စီးပွားရေးလုပ်ငန်း  အသက်မွေး
ဝမ်းကျောင်းလုပ်ငန်းဖြစ်တယ်၊ အရေးကြီးဆုံး အရေးကိစ္စဖြစ်တယ်လို့ဆိုရပါမယ်။

အထက်က ပြောခဲ့တာမှတ်မိမှာပါ၊ အစိုးရဆိုတာ လူထုရဲ့ အရေးကိစ္စ တွေကို လူထုအကျိုးစီးပွားဖြစ်အောင် ဆောင်ရွက်ရတယ်၊ ဆိုတာပြောခဲ့ပါတယ်။ ကဲæ အခုလူထုရဲ့ အရေး ကြီးဆုံးအရေးကိစ္စဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို  အစိုးရက ဘယ်လိုဆောင်ရွက်ပေးမလဲ၊့  စိုက်ဖို့ ပျိုးဖို့မြေယာတွေ ခွဲဝေသတ်မှတ်ပေးရမယ်။ မြေရှိယုံနဲ့မပြီးသေးဘူး မျိုးကလိုသေးတယ်၊ မျိုးစေ့တွေ ပံ့ပိုးပေးရမယ်၊  မြေသြဇာဆိုတာလည်း လိုသေးတယ်၊ ခေတ်နဲ့အညီ ခေတ်မီမြေသြဇာတွေ ပံ့ပိုးပေးရမယ်၊ ပိုးသတ်ဆေးတွေ ပံ့ပိုးပေးရမယ်၊ ဒါ့အပြင် အခြေခံကျတဲ့ ကုန်ထုတ်ကိရိယာခေါ်တာပေါ့၊ လယ်ယာသုံးပစ္စည်းတွေ ကျွဲ နွား၊ ထွန်တုံး၊ ထွန်တံက အစ လယ်ထွန်စက်တွေ၊ ထယ်ထိုးစက်တွေ၊ ပျိုးကျဲစက်တွေ၊ ရိပ်သိမ်းချွေလှေ့စက် တွေကို ခေတ်နဲ့အညီပံ့ပိုးပေးရမယ်၊ စီမံဆောင်ရွက်ပေးရမယ်၊ ဒါ့အပြင် ခေတ်မီတိုးတက်လာတဲ့ နည်းစနစ် တွေကိုလည်း ခေတ်နဲ့အညီ သင်ပြပေးရမယ်။
   
ကဲ... စိုက်ပြီးပြီ၊ ရိတ်သိမ်းပြီးပြီ၊ ရလာတဲ့ထွက်ကုန် သီးနှံတွေ မရောင်းခင် သိုလှောင်ရတော့မယ်၊ ကျီတွေ၊ သိုလှောင်ရုံတွေ၊ ဂိုဒေါင်တွေ ဆောက်ပေးရမယ်၊ ပြီးရင် အရေးကြီးဆုံးအပိုင်းကို ရောက်လာ ပြီ ရောင်းရတော့မယ်၊ ပြည်တွင်းဈေးကွက်မှာ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေစားဖို့အတွက် ရောင်းရမှာပေါ့ ပြည်ပပို့ကုန်အနေနဲ့လည်း ရောင်းရမှာပေါ့၊
ချွေးနဲ့ရင်းပြီး စိုက်ထုတ်ခဲ့ရတဲ့ လုပ်အားအတွက် အကျိုးကျေး ဇူးခံစားရမှာပေါ့၊

ဒီမှာ အရေးကြီးဆုံးအပိုင်းကို ပြောခဲ့ပါတယ်၊ သူတို့ချွေးနဲ့ရင်းပြီး စိုက်ခဲ့ပျိုးခဲ့တဲ့ အကျိုး အမြတ်ကိုကြားလူ၊
( ကြားလူဆိုတာ ငွေရှင်၊ ကြေးရှင်၊ ဓနရှင် တွေပြောတာ ) ခေါင်းပုံဖြတ်တာမျိုးကို အစိုးရက အကာအကွယ်ပေးရမယ်၊ ခေါင်းပုံဖြတ်တဲ့စနစ် မရှိအောင် စီမံဆောင်ရွက်ပေးရမှာ၊ ဘာကြောင့်လဲ၊ ဘာကြောင့်လဲလို့ မေးနေစရာလိုသေးလား၊ ဘာမှမစိုက်မပျိုး အလုပ်မလုပ် တဲ့ဓနရှင်တွေ မတန်တဆ ဈေးနှိမ်လို့ပဲဖြစ်ဖြစ် တခြားလိမ်လည် ကောက်ကျစ်တာမျိုးနဲ့ပဲဖြစ်ဖြစ် "ခေါင်းပုံဖြတ်" သွားရင်လူထုပဲ အကျိုးစီးပွား ထိခိုက်နစ်နာမယ်၊ မထိခိုက် မနစ်နာအောင် အကာအကွယ်ပေးရမှာက အစိုးရတာဝန်ပဲ၊ အဲ ဒီအထိ တာဝန်ယူရမယ်၊
   
အဲဒီအတွက် အများကသိနေကြတဲ့ ဝန်ကြီးဌာနဆိုတာ ရှိလာတယ်၊ အဲဒီမှာ ဝန်ကြီးက တာဝန် ယူတယ်၊ သူ့လက်အောက်မှာ ဌာနပေါင်းများစွာ၊ လူပေါင်းများစွာ၊ ဝန်ထမ်းပေါင်းများစွာ
ထားပြီး အခုပြော ခဲ့တဲ့ လူထု (တောင်သူလယ်သမားထု )ကြီးရဲ့ အရေးကိစ္စတွေကို စီမံခန့်ခွဲပေး
ရမယ်၊ အဲဒါ အာဏာပဲ၊ အဲဒီအာဏာကိုသုံးပြီး အုပ်ချူပ်တာ၊ စီမံခန့်ခွဲတာတွေ အားလုံးဟာ လူထုရဲ့ အကျိုးစီးပွားအတွက်ပဲဖြစ်ရ မယ်၊ ဒါကလွဲ လို့တခြားဘာမှ မဖြစ်ရဘူးဆိုတာကိုတော့ ရင်ထဲ အသည်းထဲမှာစွဲနေအောင် မှတ်ထားရမယ်၊

ထပ်ပြောရရင် အစိုးရက.. အုပ်ချူပ်ရေး၊ စီမံခန့်ခွဲရေး အာဏာကိုသုံးတာဟာ လူထုရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်ရမယ်၊ ပြန်ချူပ်ကြစို့ဆိုရင်ဖြင့် အစိုးရဟာတောင်သူလယ်သမား လူထုကြီးရဲ့ ဘဝအတွက် ပေါက်တူး၊ ပေါက်ပြား၊ ကောက်ဆွ၊ တံစဉ်ကအစ ပံ့ပိုးပေးရမယ်၊ မြေရှင်၊ယာရှင်၊ ဓနရှင် အမျိုးမျိုးရဲ့ အန္တရာယ်က ကာကွယ်ပေးရမယ်၊ မှတ်မိပါလိမ့်မယ်၊ ထင်ပါရဲ့၊ ခင်ဗျားတို့ ကျွန်တော်တို့ အသည်းစွဲ  ပါရမီအနုပညာရှင်ကြီး တွံ့တေးသိန်းတန်ရဲ့ ထွေးညိုသီချင်း တစ်ပုဒ်ထဲမှာ ...
" ဒီစနစ်ဆိုးတွေကိုကာကွယ် ကျောမွဲများအတွက် တိုက်ဖျက်ပစ်ရမယ် " ဆိုတဲ့စာသားမှတ်မိနေဦးမှာပါ၊ အစိုးရက အဲဒီအထိ စီမံခန့်ခွဲ အုပ်ချူပ်ဖို့ တာဝန်ရှိတယ်။

(၂) ဥပဒေပြုရေးအာဏာ
    ဒါလည်း အရေးကြီးတဲ့ ကိစ္စပါပဲ၊ အစိုးရက ဥပဒေပြုရတယ်၊ ဥပဒေပြုခွင့်အာဏာကို လူထုက သူ့ကိုပေးထားတယ်၊ ဥပဒေဆိုတာ ဘာလဲ၊ အင်မတန် ကျယ်ဝန်းနက်ရှိုင်းတဲ့ နယ်ကြီးပါ
လား၊ သိပ်ခက်တယ်၊ သိပ်ရှုပ်တယ်၊ ချဲ့ရင်ချဲ့သလို လိုက်မဆုံး အနက်အဓိပ္ပါယ်တွေက ကျယ်ဝန်း
တတ်တယ်၊ ကျွန်တော့်ရွာက လူတွေနားလည်အောင်တော့ ကြိုးစားယူရလိမ့်မယ်၊

ဥပဒေသဆိုတာ လူ့လောကရဲ့ အကျိုးစီးပွား ကောင်း ကျိုးချမ်းသာ မင်္ဂလာရှိစေဖို့အတွက် လူတွေလုပ်ဆောင်ရမယ့် ကိစ္စ၊ မလုပ်ဘဲနေရမယ့် ကိစ္စတွေခွဲခြားသတ် မှတ်ပေးထားရတယ်၊ အဲဒီ သတ်မှတ်ချက်တွေဟာ ဥပဒေပဲ။ အလွယ်ဆုံးပြောရရင် လူတွေ"ဆောင်ရန်"နဲ့ "ရှောင်ရန်"ပါပဲ။ ဒါတွေ ဒါတွေကိုလုပ်ဆောင်ကြ ၊ လုပ်ခွင့်ရှိတယ်၊  ဒါတွေ ဒါတွေကို ရှောင်ကြ ၊ လုပ်ခွင့်မရှိဘူး။  အဲဒီလို
အစိုးရက သတ်မှတ်ပေးရမယ်။ ( တခြားလူ့လောက သတ်မှတ်ချက်တွေ၊ ဘာသာတရားက သတ်မှတ်ထားတွေလည်းရှိတယ်၊ အခုတော့ အစိုးရက သတ်မှတ်ပေးထားတဲ့ ဥပဒေဆိုတာပဲ ပြောပါမယ်၊ ရောထွေးကုန်မှာစိုးလို့ပါ။) ဘာတွေမလုပ်ရဘူး၊ ဘာတွေရှောင်ရမယ်၊ ဘာတွေတော့ လုပ်ခွင့်ရှိတယ်၊ လုပ် ဆောင်နိုင်တယ်လို့ အစိုးရက ဥပဒေအဖြစ် သတ်မှတ်ပေးပိုင့်ခွင့်ရှိတယ် လူထုကလည်း လိုက်နာကျင့်သုံးရ မယ်၊ မလိုက်နာရင် မကျင့်သုံးရင် အစိုးရက ဓအရေးယူအပြစ်ဓပေးနိုင်တယ်။(အဲဒီအပိုင်းကိုတော့ နောက်မှ ပြောပါ့မယ်။)

အဲဒီလို ဥပဒေပြုခွင့် အာဏာကို လူထုက အစိုးရကိုအပ်ထားတာ ၊ ပေးထားတာ ၊ အရေး ကြီးတဲ့အချက်ကိုထပ်ပြောရအုန်းမယ်၊ အစိုးရက သတ်မှတ်ပြဌာန်းလိုက်တဲ့
ဥပဒေအားလုံး ဟာ ပြည်သူလူ ထုရဲ့ အကျိုးစီးပွား၊ ကောင်းကျိုးချမ်းသာ မင်္ဂလာအတွက်ပဲ၊ ဖြစ်စေရမယ်၊ တခြားဘယ်သူ့အတွက်မှ မဖြစ်စေရဘူး။ ဒီအချက်ကို ကျွန်တော်တို့ စူးစူးနစ်နစ် သဘောပေါက်ထားဖို့လိုတယ်၊ ဥပဒေဆိုတာ လူထု အတွက်ဖြစ်တယ်၊ ဥပဒေဆိုတာ အစိုးရအတွက် မဟုတ်ဘူး။ ဒါ တရားကိုယ်အချူပ်ပါပဲ။ ကဲ ဥပဒေတွေကို တော့ ပြဌာန်းသတ်မှတ်ပေးလိုက်ပြီ၊ ဆက်ပြောမှာက ‘တရားစီရင်ရေးကိစ္စ’ ဖြစ်တယ်။

(၃) တရားစီရင်ရေးအာဏာ
    ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပေးလိုက်ပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ ဒီဥပဒေ တွေကို မလိုက်နာကြဘူး၊ ချိုးဖောက်ကြတယ်ဆိုရင် ဘာလုပ်မလဲ။  အရေးယူ အပြစ်ပေး
ရတော့မယ်၊ ပထမ အဆင့် ပျော့ပြောင်းညင်သာစွာ ဆွေးနွေးပြောဆိုလို့ရတဲ့ကိစ္စဆိုရင် အရင်ညှိနှိုင်း
ရဦးမယ်။ မရလောက်တဲ့ ကိစ္စဆိုရင်တော့ အရေးယူရတော့မယ်၊ ဖမ်းရ ဆီးရတော့မယ်၊တရားရုံး တရားခွင်တင်ရတော့မယ်၊ အပြစ် ရှိ မရှိ စစ်ဆေးရတော့မယ်။ ရှိရင် အပြစ်ပေး။ မရှိရင်လွှတ်ပေါ့။

အဲဒီအတွက် လိမ္မာကျွမ်းကျင်တဲ့ ပုဂ္ဂိုလ် များ(ရှေ့နေ ရှေ့ရပ်၊ ခုံသမာမိတရားသူကြီး စသည်ဖြင့်) အဆင့်ဆင့်က ဆုံးဖြတ်စီရင်ကြလိမ့်မယ်။ အဲဒီလို အပြစ်ရှိ၊ မရှိ ဆုံးဖြတ်စီရင်တာဟာ တရားစီရင်ရေး အာဏာနဲ့လုပ်ရတဲ့ အလုပ်ဖြစ်တယ်။ ဥပဒေချိုးဖောက် သူကို ဓအရေးယူအပြစ်ပေးတာဓပါပဲ။         ဒီအာဏာကိုလည်း လူထုက သူတို့သဘောတူ ရွေးချယ်တင်မြှောက် ထားတဲ့ အစိုးရလက်ထဲ ထည့်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီလို ဥပဒေကို မလိုက်နာ ချိုးဖောက်တာ တစ်ခု တည်းပဲ မဟုတ်သေးဘူး၊ တခြားစဉ်းစားရမယ့် ကိစ္စတွေလည်း ရှိလာတယ်၊

ဆိုပါတော့ ရပ်ကွက်ထဲမှာ အရက်မူးပြီး ဆဲဆိုရမ်းကားတာ၊ ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုး လူသတ်လုယက် ဓားပြတိုက်တာမျိုး ရှိတတ်တယ်။ ကျွန်တော်တို့ အရပ်အခေါ်မှာ ရာဇဝတ်မှုလို့ ခေါ်တယ်၊ ရာဇဝတ်မှုဆို လူပြိန်းတွေ နားလည် တယ်၊ တရားမမှု တရားမကြောင်းဆိုတာလည်း ရှိသေးတယ်၊

ဆိုပါတော့ အမွေမှုမှာ သူရသင့်တယ်၊ ငါရသင့်တယ် အချင်းများကြတယ်၊ အမွေလုကြ
တယ်။ အဲဒီအခါ သက် ဆိုင်ရာပုဂ္ဂိုလ်၊ တရားရုံးက ဝေဖန်သုံးသပ်ပြီး ဥပဒေစည်းမဉ်း စည်းကမ်းတွေနဲ့ အညီ ဘယ်သူယူစေဆိုပြီးတရားစီရင် ဆုံးဖြတ်ပေးလိုက်တယ်၊ အဲဒါကို သက်ဆိုင်ရာ တရားမမှုဖြစ်သူတွေက လိုက်နာရတယ်။ ဒါမျိုးဟာ ရန်ဖြစ်ပြီး တစ်ဖက်လူရဲ့ ခေါင်းကို ရိုက် ခွဲလိုက်
တာမျိုးနဲ့ မတူဘူး။ ဒါဟာ အမှုအခင်းတော့ အမှုအခင်းပဲ၊ လူ့အရေးကိစ္စတစ်ခုဆိုရင် သဘောရလိမ့် မယ်ထင်တယ်။ လူ့အရေးကိစ္စကို ဆောင်ရွက်ပေးရတယ်လို့ အရင်ဆောင်းပါးတွေမှာ ကျွန်တော်ရေးခဲ့ဖူးပါ တယ်၊ ဒါဟာလည်း လူ့အရေးကိစ္စကို အစိုးရက ဝင်ရောက်ဆောင်ရွက်ပေး
တာပဲလို့  နားလည်အပ်ပါတယ်။ 

အရင်ဆောင်းပါးတွေတုန်းက  လူ့အရေးကိစ္စတွေ  ဝင်ရောက်ဆောင်ရွက်ပေးရတယ်လို့ ကြိမ်ဖန်များစွာ ဖော်ပြခဲ့တာကို ပြန်လည်သတိပြုမိစေချင်ပါတယ်။ အဲဒီတော့ တစ်ကြော့ပြန်ချူပ်ရရင် အစိုးရက သူ့ကိုရွေး ချယ်တင်မြှောက်ထားတဲ့ လူထုက ပေးအပ်လိုက်တဲ့ အာဏာသုံးရပ်ကိုသုံးပြီး လူထုအကျိုးစီးပွား ကောင်းကျိုးချမ်းသာမင်္ဂလာကို မလွဲမသွေ ဆောင်ရွက်ပေးရတယ်လို့ ချူပ်ခဲ့ပါတယ်။
    ဆက်ပြီးတော့ သိပ်အရေးကြီးတဲ့အချက်တစ်ချက် တင်ပြခဲ့ပါဦးမယ်၊ သိပ်ဆိုတဲ့စကားကို သတိ ပြုစေချင်ပါတယ်၊ သိပ်အရေးကြီးလို့ သိပ်ဆိုတဲ့စကားသုံးရတာပါ။ တခြားအရေးကြီးတာတွေ
ထက် ပိုအရေး ကြီးတယ်ဆိုတဲ့ သဘောရစေချင်ပါတယ်။ ဒီအကြောင်းပြောရင် အဆိုတစ်ခုကို စပြောရမှာပါ၊ အဲဒီအဆိုက........
    အာဏာဆိုတာ ဘယ်သူ့လက်ထဲမှာပဲထားထား
    ဘယ်သူပဲသုံးသုံး အန္တရာယ်ရှိတယ်။
    အာဏာဆိုတာ ပင်ကိုယ်က မကောင်းဆိုးဝါး တစ်ကောင်နဲ့တူတယ်။
   
သိပ်အရေးကြီးတဲ့စကားပါပဲ။ အာဏာဆိုတာ လူထုကပဲ သုံးသုံး လူတစ်စုအစိုးရကပဲ သုံးသုံး အန္တရာယ်ရှိတတ်တယ်၊ အဆိုးဘက်ကို ရောက်သွားတတ်တယ်၊ အလွဲသုံးစားလုပ်မိတတ်
တယ်။ ထိန်းမရ သိမ်းမရဖြစ်ပြီး လူ့လောကနဲ့ လူထုရဲ့ အကျိုးစီးပွား ဖျက်ဆီးတတ်တယ်။ လူတစ်ယောက်ရဲ့လက်ထဲမှာ ထားရင် ( အာဏာရှင်တစ်ယောက်ကို ဆိုလိုတာ) အဆိုးဆုံးပဲ၊ အဲဒီ
တော့ အာဏာဆိုတာ လူတစ်ယောက် ရဲ့ လက်ထဲမှာပဲ ထားထား လူတစ်စုရဲ့ လက်ထဲမှာပဲထား
ထား။ လူအများစု လူထုရဲ့ လက်ထဲမှာပဲထားထား အန္တရာယ်ရှိတယ်၊ တိမ်းစောင်းမှားယွင်းနိုင်တယ်၊

ဒါကြောင့် အာဏာကို ကိုင်တွယ်ထိန်းသိမ်းဖို့ စနစ်တကျ အသုံးပြုဖို့ သိပ်လိုအပ်တယ်။ ဘာကြောင့်လဲ   အာဏာဆိုတဲ့  လုပ်ပိုင်ခွင့်တွေရဲ့  ခွန်အားသတ္တိဟာကြီးလွန်းလို့ပဲ။  ဒါကြောင့်
အမြော်အမြင်ကြီးကြီးနဲ့ အာဏာကိုထိန်းသိမ်းထိန်းမတ်တဲ့ စနစ်တွေ၊ အစီအစဉ်တွေကို နဂိုကတည်၊က လုပ်ထားရမယ်။ သဘောကတော့ လွယ်အောင်ပြောရရင်......
    အစိုးရကို အာဏာအပ်နှင်းထားရုံနဲ့မပြီးဘူး၊
    အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုနေရမယ်၊
    ထိန်းသိမ်းတည့်မတ်ပေးကြရမယ်။
    အဲဒါဟာ လူထုရဲ့ တာဝန်ပဲ။
ကျွန်တော် အဲသလို ယူဆပါတယ်။ ဆက်ပါဦးမယ်။

ဇော်ဇော်အောင်

    နောက်ဆက်တွဲ......
    ကျွန်တော်ဟာ ရွာကလူတွေအတွက် ရည်ရွယ်ပြီး တောင်မြို့ မဟာန္ဓြွာရုံဆရာတော်ကြီး ရှင်ဇန ကာဘိဝံသရဲ့ အဆိုအမိန့်ကို ခံယူလို့...... စာတွေကို လွယ်အောင်ရေးဖို့ ကြိုးစားနေပါတယ်၊ သို့သော်လည်း တချို့ကိစ္စတွေမှာ ရွာကလူတွေနဲ့ နည်းနည်းဝေးပေမယ့် ပညာလိုက်စားတဲ့ လူငယ်၊ ပညာတတ်ကလေးတွေ အတွက် ကိုးကားဖော်ပြရတာတွေလည်း ရှိလာတတ်ပါတယ်။ အာဏာနဲ့ ပတ်သက်တဲ့ စကားစုကို ကောက်နှုတ်ဖော်ပြပါရစေ။ ခွင့်လွတ်ပါ။
 Power is evil in itself,no matter who exercises it.
    အာဏာဆို ပင်ကိုယ်က မကောင်းဆိုးဝါး ( အန္တရာယ်ကောင်)ပဲ။ ဘယ်သူသုံးသုံး။
Jacob Ourclhart
(1818-1897)
    ( ယာကွတ်ဘုခ်ဟာ ဆွစ်လူမျိုး၊ ပန်းချီသမိုင်းပညာရှင်နဲ့ ပန်းချီဝေဖန်ရေးဆရာ ဖြစ်ပါတယ်။)

(ချယ်ရီမဂ္ဂဇင်း၊ မေလ၊ ၂ဝ၁၂ မှ)

No comments:

Post a Comment