Saturday, September 22, 2012

ပွင့်ခြောက်သံစဉ်



လူသား မျိုးနွယ်စု တွေရဲ့ ရွေးချယ်ခွင့် မရှိတဲ့ တော်စပ်မှုတွေ ကြားထဲက ကံတရား ဆိုတဲ့ မြစ်ကျဉ်း ကလေး ထဲမှာ နွမ်းခြောက်စွာ မျောလာ ကြတဲ့ ပန်းကလေးတွေ အကြောင်းပေါ့။

"အေးအေးမွန်"

"ဆရာမ"

"ချောစုဝင်း"

"ဆရာမ"

"မြမြထွေး"

"ဆရာမ"

"သူဇာသိန်း"

"ဆရာမ"

ကျမ နားထဲ ထူးဆန်း နေသည်။ ကလေး တွေရဲ့ နုံချာ မွဲတေ နေတဲ့ ဘ၀နဲ့ သူတို့ အမည် နာမများ လိုက်ဖက်မှု မရှိတာ ကတော့ ထားလိုက် ပါတော့လေ။ မိဘမဲ့ ခိုကိုး ရာမဲ့ ဘ၀လေး တွေကိုး။ ဒါပေမယ့် နာမည် ခေါ်ချိန်မှာ သူတို့ ပြန်ထူး ကြတဲ့ အသံ တွေက ရုတ်တရက် ထပြီး ဆရာမကို အလန့် တကြား ပြန်ခေါ်လိုက်တဲ့ လေသံမျိုး ဖြစ်မနေ ဘူးလား။

"ငြိမ်းချမ်း"

"ဆရာမ"

"ချစ်ချစ်ဌေး"

"ဆရာမ"

"ချမ်းမြအေး"

".........."

"ချမ်းမြအေး"

".........."

"ချမ်းမြအေး"

".........."

ဆရာမက နာမည် နှစ်ခါ ခေါ်တဲ့ အထိ မထူးတဲ့ အခါမှာ တနေရာကို စူးစိုက် ကြည့်နေ ပြီးတော့မှ အသံကို မြှင့်ပြီး ခပ် ဆတ်ဆတ် ကျယ်ကျယ် လောင်လောင် အော်လိုက် ကာမှ ကမန်းကတန်း လူးလဲ ခေါင်းထောင်ပြီး ...

"ဆရာမ"

လို့ အကျယ်ကြီး ပြန်ထူး လိုက်တဲ့ သူလေးကို ကျမ သင်တန်းမှာ ပထမ ဦးဆုံး သတိ ပြုမိ လိုက်တာပါပဲ။ သင်တန်း တာဝန်ခံ ဆရာမက နာမည်တွေခေါ် မိတ်ဆက် ပေးပြီးတော့ ကျမကို အမည် စာရင်း စာအုပ်ကို အပ်ရင်း ...

" အားလုံး သုံးဆယ့် ငါးယောက်ပါ ဆရာမ၊ ဆရာမ ရွေးခိုင်း ထားတဲ့ အသက်မီတဲ့ ကလေးတွေ သင်လို့ ရမယ် ထင်ရတဲ့ ကလေးတွေပါ။ တချို့ကတော့ အရွယ်ကြီး ပေမယ့် စိတ်မချရလို့ သင်တန်းခန်းကို ဆင်းခိုင်းလို့ မဖြစ်လို့ပါ။ အခု ကလေးတွေ ကလည်း အားလုံးတော့ စိတ်ချထားလို့ မရသေး ပါဘူး ဆရာမ။ ကြည့်ရဦး မှာပါပဲ။ ဆရာမကို ကြိုတင် တောင်းပန် ထားပါရစေ။ ကျမတို့ ကလေးတွေက နေရာ အနှံ့အပြားက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ရောက်လာ ကြတဲ့ သူတွေဆိုတော့ အမှားအယွင်း ရှိရင် သည်းခံပြီး ဆုံးမ သွန်သင် ပေးပါ။ ဆရာမရယ်။ ကျမတို့ ဆရာမကို အပ်ပါတယ်။ တချို့ ကလေးတွေက အသိဥာဏ် လုံးဝ မဖွံ့ဖြိုး သေးဘူး။ တချို့ ကလေးတွေက သိပ်ရိုင်းတယ်။ ဆရာမ သင်တန်း အတွက်တော့ ကျမတို့ အတတ်နိုင်ဆုံး ရွေးချယ် ပေးထား ပါတယ်။ ဒါတောင် ဒီအထဲမှာ စာမတတ်တဲ့ ကလေးတွေ အတော် များများ ပါနေတယ် ဆရာမ"

"ရပါတယ်။ သူတို့ အတွက် ကျမ လက်တွေ လုပ်နည်းတွေနဲ့ သင်သွားမှာပါ။ အုပ်စုတော့ ခွဲပြီး သင်ရ လိမ့်မယ် ထင်တယ်။"

"ဆရာမ သင်တန်းမှာ ဆရာမ ကြိုက်နှစ်သက်သလို စီမံ ခန့်ခွဲပါ။ ကျမက ဆရာမ လိုတာကို ကူညီ ဖြည့်စွက် ပေးဖို့ သက်သက် ပါပဲ၊ လိုတဲ့အခါ ကျမကို ခေါ်လိုက်ပါ။ ကျမ ရုံးခန်းမှာ ရှိနေမှာပါ။ ကျမကို ခွင့်ပြုပါဦး"

"ကောင်းပါပြီ ဆရာမ။ ကျေးဇူးတင်ပါတယ်"

တာဝန်ခံ ဆရာမက အခန်းထဲမှ ထွက်သွားမည် ပြင်ပြီးမှ ကလေးတွေ ဘက်လှည့်ကာ ...

"မင်းတို့ကို စက်ချုပ် ပညာ သင်ပေးဖို့အတွက် ဟောဒီ ဆရာမက အဝေးကြီး ကနေ ပင်ပင်ပန်းပန်း ရောက်လာတာ၊ ဆရာမ သင်ပြတာကို ဂရုစိုက်ပြီး နားထောင်ပါ။ မင်းတို့ စက်ချုပ် တတ်သွားရင် ပိုက်ဆံရမယ်။ ပိုက်ဆံ ရရင် ကျောင်းကကျွေးတဲ့ ထမင်းအပြင် မင်းတို့ စားချင်တာ ၀ယ်စားလို့ရမယ်။ ပိုက်ဆံတွေ စုထားလို့ရမယ်၊ မင်းတို့ အသက်ကြီးလို့  အပြင်မှာ လုပ်စား ချင်ရင်လည်း မင်းတို့မှာ စုဆောင်းပြီးသား ပိုက်ဆံတွေနဲ့ လုပ်ကိုင်စားလို့ရတဲ့ အတတ်ပညာ တခု ပါသွားမယ်။ ဟုတ်ပြီလား။ မင်းတို့ ဘ၀တွေ တိုးတက်စေချင်လွန်းလို့ ဟောဒီ ဆရာမက အခကြေးငွေ တပြားမှ မယူဘဲနဲ့ စေတနာနဲ့ လာသင်ပေးတာ။ ဆရာမကို ရိုရိုသေသေ ဆက်ဆံပါ။ စည်းကမ်းမရှိတဲ့ မကြိုးစားတဲ့ ရိုင်းစိုင်းတဲ့ သူဆိုရင် ဒီသင်တန်းက ထုတ်ပစ်မယ် ကြားလား၊ အားလုံး ကြားကြလား"

"ကြားပါတယ် ဆရာမ"

"ဆရာမမှာ သမီး ကလေးတွေ ရှိလားဟင်"

"ရှိတာပေါ့ သမီးရယ်"

"ဘယ်နှစ်ယောက် ရှိလဲ"

"နှစ်ယောက်"

"ဆရာမက သူတို့ကိုချစ်လားဟင်"

"ချစ်တာပေါ့ သမီးရယ် ကိုယ်မွေးထားတာပဲ"

"သူတို့ကကော ဆရာမကို ချစ်လား"

"အင်းပေါ့၊ ချစ်တာပေါ့"

"သမီးလည်း ချစ်စရာ အမေ တယောက်လောက် လိုချင်လိုက်တာ။"

ကျမ ကလေးကို အလန့်တကြား မော့ကြည့် လိုက်မိသည်။ ဒီကလေးက တခြား ကလေးတွေနှင့် မတူ။ ငယ်လည်းငယ် သွက်လည်းသွက်တာ ကျမ စားပွဲနား အားတိုင်း လာလာပြီး ရစ်သီ ရစ်သီ လုပ်နေလေ့ ရှိသည်။ ကျမက ချိုချို သာသာ တုံ့ပြန် သောအခါ ပြောရဲ ဆိုရဲ ရှိလာသည်။ သူ့အမည်က ငြိမ်းချမ်း။ အသက် ဆယ့်တစ်နှစ်ခန့်သာ ရှိသေးသဖြင့် သူ့ကို စက်ပေါ် မတက်ခိုင်းသေးဘဲ လက်ချုပ်၊ ကြယ်သီးတပ် သင်ပေး နေသဖြင့် ကျမနှင့် လက်ပွန်းတတီး ရှိနေကြသော ကလေး အုပ်စုထဲမှ တယောက် ဖြစ်သည်။

"သမီးလေ ဆရာမ သမီးတွေလို အမေ ရှိချင်လိုက်တာ။ သမီးရဲ့ အမေရော ရှိသေးလား မသိဘူးနော်"

"ဒီကျောင်းက ဆရာမတွေဟာ သမီးရဲ့ အမေတွေပေါ့ သမီးရဲ့၊ မဟုတ်ဘူးလား"

"ဟုတ်ပါတယ်။ ဒါပေမယ့် သမီးကို မွေးထုတ်တဲ့ အမေရင်း တယောက် သိပ်လို ချင်တာပဲ"

"သမီးက ဘယ်က လာတာလဲ၊ သမီး အမေကရော"

"သမီးက ငယ်ငယ်လေး တည်းက အမေ မရှိတာ ဆရာမရဲ့၊ သမီး ငယ်ငယ် ကတည်းက 'ပြုစုရေး" ကို ရောက်နေတာ။ မွေးမွေးပြီးချင်း ပြုစုရေးက သမီးတို့ကို ခေါ်ထားတာ၊ အခု သက်ခြောက်နှစ် ပြည့်ပြီး ကတည်းက ဒီကျောင်းကို ရောက်နေတာ ဆရာမရဲ့။ အဲဒီမှာလည်း သမီးတို့ အမေ ဆရာမတွေ အများကြီးပဲ"

"ဒါများ သမီးရယ်၊ နဂိုကတည်းက မမြင်ဖူးတာကို အခုမှ တွေးပြီး စိတ်မကောင်း ဖြစ်မနေပါနဲ့။ သမီးပဲ ပြောတယ် မဟုတ်လား သမီးမှာ အမေတွေ အများကြီးပဲဟာ သမီး အမေဟာလည်း ဆရာမ တို့လို မိန်းမတယောက်ပါပဲကွယ်။ သမီး ညအိပ် ရာဝင်ရင်တော့ အဖေ အမေကို ရည်မှန်းပြီး ကန်တော့ပေါ့ သည့်ထက် ပိုပြီး သမီးဘာမှ တွေးတော ပူပန် မနေနဲ့၊ ပညာသာ တတ်အောင်သင်"

"'ဒါပေမယ့် ကိုယ့်ကို မွေးထုတ်လိုက်တဲ့ အမေ တယောက်ရဲ့ မျက်နှာကိုတော့ သမီး မြင်ဖူး ချင်တာပေါ့ ဆရာမရယ်"

"ဆရာမ တပည့်တွေ  အကြောင်းကို တိုင်ရဦးမယ် ဆရာမရေ"

တနေ့ သင်တန်း ရောက်ရောက်ချင်း တာဝန်ခံ ဆရာမက ကျမကို ဆီးပြောတယ်။

"ဘာဖြစ်လို့လဲ ဆရာမ"

"ညက ဆရာမ တပည့် နှစ်ယောက် အိပ်ဆောင်ထဲ ရောက်မှ စက်ခန်းထဲကနေ ၀ှက်ယူသွားတဲ့ အပ်နဲ့ တယောက် တလှည့် နားဖောက်ကြလို့ ဆရာမရေ"

"ဟုတ်လား။ ဘယ်သူတွေလဲ"

"ကြည်ကြည်အေးရယ်။ စုစု ရယ်ပေါ့။ လူတွေအားလုံး အိပ်ပျော် ကုန်မှ တိတ်တိတ်ကလေး ထလုပ်ကြတာ။ ညက ကျမ ဂျူတီ ကျတယ် ဆရာမရဲ့။ သူတို့ဟာ သူတို့ ကျိတ်ပြီး လုပ်နေကြတာ။ နောက်မှ သွေးတွေ အရမ်းထွက်ပြီး ဘယ်လိုမှ မတိတ်ဘဲ ရွဲနစ်နေမှ ဘေးက ကလေးတွေ နိုးကုန်ပြီး ကျမတို့ပါသိတော့ ကျောင်းအုပ်ကြီးကို အကြောင်းကြား၊ ဆရာဝန်ကို ပြေးခေါ်နဲ့ တညလုံး ဒုက္ခတွေ များလိုက်တာ ဆရာမရယ်။ စုစု ဆိုရင် သွေးတွေ နင်းကန်ထွက်ပြီး သတိတောင် လစ်မလို ဖြစ်နေပြီ"

"ဘုရား ... ဘုရား ... မသေကောင်း မပျောက်ကောင်း ပါလား"

"အဲဒါပေါ့ ဆရာမရယ်။ အပ်ကလေး တချောင်းတောင် စိတ်ချလို့ မရတဲ့ ကလေးတွေကို ကျမတို့ ဘယ်လိုလုပ်ပြီး သင်တန်း လွတ်လိုက် ရမလဲ။ သူတို့ နှစ်ယောက်ကို တပတ်တိတိ စက်ခန်းထဲ မ၀င်ရဘူးလို့ ဒဏ်ပေးထားတယ်။ အနာလည်း ကျက်သွားအောင်၊ မှတ်လည်း မှတ်သွားအောင်လို့ပါ။ ဒီမှာက မတရာ သားသမီးတွေကို အုပ်ချုပ်နေရတာ ဆိုတော့ အရမ်းလည်း အလိုမလိုက်ရဲ၊ အရမ်းလည်း မတင်းကျပ်ရဲဘူး ဆရာမရေ။ တကယ်တော့ ကလေးတွေက သနားဖို့ ကောင်းပါတယ်။ သူတို့ ကျင်လည် လာကြတဲ့ ပတ်ဝန်းကျင် စရိုက်တွေက ကောင်းတဲ့ ကလေးတွေကို ကူးမှာ စိုးရတာ တမျိုးနဲ့ ကျမတို့လည်း ထောင့် စေ့အောင် မနည်းကြည့် နေရတယ်။ ဒါတောင် တချို့က ထွက်ထွက် ပြေးသွား ကြသေးတယ်"

"အင်း ... ထွက်ပြေးတဲ့သူ ရှိတယ်လား"

"ရှိတာပေါ့ ဆရာမရယ်၊ တချို့က အပြင်မှာ တာဝန် မယူနိုင်ကြလို့ ဒီကို ပို့ထားကြတာ။ တချို့က အမှုအခင်း ဖြစ်ပြီး ကလေး သာသာ အရွယ်မို့ အုပ်ထိန်းသူ မရှိလို့ ဌာနဆိုင်ရာ ကနေ ပို့လိုက်တာ။။ သူတို့ ဆန္ဒ မပါဘဲ၊ သည်တော့ လစ်တာနဲ့ ပြေးကြတာပေါ့။

"အင်းလေ ... ဒီအရွယ်တွေက ထိန်းရ သိမ်းရ အခက်ဆုံး အရွယ်တွေပဲ"

" ဆရာမ သင်တန်း မစခင် ရက်ကလေး ကတင် ညဘက်ကြီး ပြတင်းပေါက်က တွယ်ဆင်းပြီး အုတ်တံတိုင်းကို ကျော်ပြီး ကလေး တယောက် ထွက်ပြေးသွားသေးတယ်။ မလှသန်းနဲ့ အတူတူ ခိုးမှုဖြစ်ပြီး ပို့လိုက်တဲ့ ကလေးမလေး တယောက်ပေါ့"

"ဟင် ... မလှသန်း၊ ဘယ်က မလှသန်းလဲ"

"ဆရာမ တပည့် မလှသန်းပေါ့၊ ဆရာမ လာရင် ဆွဲခြင်း ပြေးပြေးယူပြီး ကြိုတတ်တဲ့ မလှသန်းလေ"

ကျမ အခန်းထဲတွင် အတော်ဆုံး ကလေးသည် မလှသန်း ဖြစ်သည်။ တတ်သိ လိမ္မာပြီး အလုပ်လုပ်ရာတွင် တိကျသည်။ အလွန် ပညာလိုချင်ပြီး သင်သမျှကို မှတ်နိုင်သည်။ ဒါတောင် သည်ကလေးက စာမတတ်ရှာ။ အတွက် အချက် မပါဘဲ လက်တွေ့ သင်သမျှကို မညည်းမညူဘဲ စိတ်ရှည် လက်ရှည် နာယူသည်။ မျက်နှာ ၀ိုင်းဝိုင်း၊ အသား ညိုညို၊ တုတ်တုတ်ခဲခဲနှင့် ချစ်စရာ ကောင်းသော သည်မိန်းကလေးသည် ခိုးမှုနှင့် အဖမ်း ခံရပြီး အမှု ပြီးသော အခါ နေစရာမရှိ၍ ဤသင်တန်းကျောင်းသို့ ရောက်လာခြင်းဟု ဆိုနေ၏။ ကျမ မယုံချင်ပါ။

"သည်ကလေးက တော်တယ် ဆရာမရဲ့၊ သူရဲ့ အနေအထားကလည်း အကျင့် စာရိတ္တ ချို့ယွင်း နေတယ်လို့ မထင် ရဘူး"

"တကယ်လည်း သူကိုယ်တိုင် မပျက်စီး ပါဘူး။ အပေါင်းအသင်း မှားလို့ပါ ဆရာမရယ်။ နယ်ကနေ အိမ်ဖော် လာလုပ်ရင်းနဲ့ အိမ်ရှင်ကလည်း မကောင်းတော့ အခြား အိမ်ဖော် တယောက်က ထွက်ပြေးဖို့ ဆွယ်ရင်းနဲ့ ရောပြေးကြတာ၊ ဟိုကလေးက အိမ်က အဖိုးတန် ပစ္စည်းတွေပါ မလှသန်း မသိအောင် ခိုးယူလာခဲ့တော့ နှစ်ယောက်စလုံး အဖမ်းခံရတာပေါ့။ အဲဒါနဲ့ အမှုဖြစ်ကြ၊ မိဘ ကလည်းမရှိ။ အိမ်ဖော် ပွဲစားကလည်း ပြန်လက်မခံတော့ သွားစရာ နေစရာ မရှိတော့ ဒီကျောင်းကို ရောက်လာ တာပဲ။ အဲဒီ တယောက်က ဒီကျတော့ ပြန်ထွက် ပြေးသွားတယ်။"

"သူတို့မှာ မိဘတွေ မရှိကြ တော့ဘူးလား၊ ဆွေမျိုးသားချင်း တွေရော၊ ဆရာမတို့ မေးကြည့် သေးလား"

"ဟိုတယောက် ကတော့ အစတည်းက ဇာတ်ရှုပ်နဲ့ တူပါတယ်။ ဆရာမရယ် တခါမေးရင် တမျိုးပြောပြီး ဘယ်တော့မှ လည်း အမှန်အတိုင်း ပြောပုံ မရဘူး။ မလှသန်း ကတော့ နယ်မှာ သူ့အဘွားနဲ့ နေတာတဲ့ သူ့အဖေကို မမြင်ဖူးလိုက်ဘူး။ သူ့အဖေက နယ်ကို လာရင်းနဲ့ သူ့အမေနဲ့ အကြောင်းပါတာ။ အိမ်ထောင် ကျပြီးတော့မှ သားကြီး မယားကြီးတွေ ပေါ်လာပြီး ပြဿနာ တက်လို့ မလှသန်း ကိုယ်ဝန်နဲ့ နယ်ပြန် ရောက်လာတာတဲ့။ မလှသန်း ဆယ်နှစ်သမီးလောက်ကျမှ လယ်ထဲမှာ ပိုးထိပြီး ဆုံးသွားတာလို့ ပြောတယ်"

"အဲဒါဆို အဘွားတော့ ရှိသေးတာပေါ့"

"အဘွားလည်း မရှိတော့ဘူး၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အဘွားဆုံး သွားလို့ မလှသန်း တယောက်တည်း ကျန်ခဲ့ပြီး သူတို့ရွာကို လာတဲ့ အိမ်ဖော် ပွဲစားနဲ့ အလုပ်လုပ်ရအောင် လိုက်လာရာ ကနေ ဒီလို အဖြစ်မျိုးနဲ့ ရောက်လာတာပဲ ဆရာမရေ။"

"အင်းပေါ့လေ၊ ခုတော့လည်း သူ့ဘ၀လေး အေးချမ်း သွားတာပေါ့။ ဒီကို ရောက်လာပြီးတော့မှ ထပ်ပြီး ရုပ်ပျက် ဆင်းပျက် ဖြစ်စရာ မရှိတော့ ပါဘူး"

"မထင်နဲ့ ဆရာမရေ၊ လူတွေ အမျိုးမျိုးပဲ၊ ကျမတို့ ကျောင်းက အသက်ခြောက်နှစ်ကနေ ဆယ့်ရှစ်နှစ် အထိ ဆိုတော့ တချို့ကလည်း ငယ်ငယ် ကလေးတည်းက မိဘကလည်း မရှိ။ ရှာဖွေ ကျွေးမွေးဖို့ အတွက် သွေးရင်း သားရင်းတွေကလည်း နွမ်းပါးကြလို့ လာပို့ သွားကြတယ်။ ကလေးတွေလည်း ဆယ်ငါးနှစ်၊ ဆယ့်ခြောက်နှစ် ခိုင်းစားလို့ ကောင်းတဲ့ အရွယ်လည်း ရောက်ရော၊ အဲဒီ ဦးလေးတွေ၊ အဒေါ်တွေကပဲ ပြန်ခေါ်သွားကြရော။ သင်းတို့ကလည်း ၀မ်းသာ အားရနဲ့ လိုက်သွားကြတာ။ ကျမတို့မှာသာ လွမ်းပြီးတော့ ကျန်ခဲ့တာ။ အချို့ အပျို အရွယ်ရောက်မှ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ရောက်လာကြတာ၊ သူတို့က အပြင်မှာ အဆက်ကလေးတွေ အထုံးကလေးတွေနဲ့ ဆရာမရဲ့ အခွင့်လည်း သာရော လိုက်ပြေးကြတာပဲ၊ ကျမတို့က စိတ်တွေ ပူပြီး ကျန်ခဲ့ရပြန်ရော"

"ချမ်းမြအေး .. .ဆရာမ သင်တာ သမီး စိတ်မ၀င်စားဘူးလားဟင်"

ကျမက အတတ်နိုင်ဆုံး စိတ်ရှည်ရှည် ထားပြီး နောက်ဆုံးမှ စက်ခုံပေါ်တွင် ထိုင်ငေးနေသော ချမ်းမြအေးဆီ လျှောက် လာပြီး သူ့ရှေ့တည့်တည့်မှာ မတ်တပ်ရပ်ကာ မေးလိုက်တော့ သူအနည်းငယ် ရွံ့သွားသည်။

"ဆရာမ မေးနေတာ ပြောပါ။ သူများတွေ အားလုံး အလုပ်လုပ် နေကြတယ်။ သမီး ဘာလို့ မလုပ်တာလဲ၊ စက်မချုပ်ဘဲ စက်ခုံပေါ် ဘာလို့ တက်ထိုင်နေရတာလဲ"

"ချုပ်ပါတယ် ဆရာမ"

"ဆရာမကို မညာနဲ့လေ၊ သမီး စက်ထဲမှာ လွန်းအိမ်မှ မရှိတဘဲ သမီး ဘယ်လိုလုပ်ချုပ်လဲ၊ ဆရာမ စောစောကပဲ စက်တွေ လိုက်စစ်ထားတာ၊ သမီး ချုပ်မကြည့်လို့ မသိတာပေါ့"

ကျမပြောလိုက်မှ သူ့စက်ထဲ ကမန်းကတန်း နှိုက်ကြည့်သည်။

"ဘယ်မှာလဲ မင်း ..... လွန်းအိမ်"

"မ . ... မတွေ့တော့ဘူး၊ ဆရာမ"

"ဘယ်တွေ့မလဲ၊ မင်းရဲ့ လွန်းအိမ်နဲ့ လွန်းဆံက ဆရာမဆီက ရောက်နေတာကိုး၊ မနေ့က သူများ တွေအားလုံး စက်ထဲက လွန်းအိမ်တွေ ထုတ်ပြီး လာသိမ်းကြတယ်။ မင်း လာမသိမ်းဘူး၊ ပြီးတော့ မင်းစက်က မော်တာကြီးလည်း မပိတ်ဘဲနဲ့ ထားခဲ့တာ ပူခြစ်နေတာပဲ၊ ဆရာမကို ကလေး တယောက် လာပြောလို့ မော်တာပိတ်ပြီး လွန်းအိမ် ထုတ်သိမ်း သွားရတယ်၊ သည်နေ့လည်း အခြား ကလေးတွေ သူတို့ လွန်းအိမ်တွေ လွန်းဆံတွေ လာထုတ်ယူပြီး ချုပ်နေကြပြီ။ မင်း တယောက်တည်း အပေါ်ဘက်ကနေ အပ်ချည်ကလေး တပ်ပြီး ချုပ်ချင်ယောင်ဆောင်နေတယ်။ ဒီသင်တန်းကို သမီး စိတ်မပါဘူးလား။။ စိတ်မပါ ရင်မတက်နဲ့လေ။ သမီးကို ဆရာမ စာရင်းထဲက ထုတ်လိုက်မယ်။ သမီးအစား စိတ်ပါ ၀င်စားတဲ့ ကလေး တယောက်ကို ထည့်လိုက်ရင် ပိုအကျိုးရှိတာပေါ့၊ မဟုတ်ဘူးလား"

"မထုတ်ပါနဲ့ ဆရာမရယ်၊ သမီး ကြိုးစားပါ့မယ်"

စိုစွတ်သော မျက်ဝန်းများနှင့် ကျမကို မော့ကြည့်ရင်း အသံ တုန်တုန်ရီရီဖြင့် တောင်းပန် နေသော ချမ်းမြအေးကို ကြည့်ရင်း ကျမက ဂရုဏာ သက်သွားသည်။

"သမီးကို ဆရာမ သတိထား မိနေတာ ကြာပြီ။ သမီး အာရုံဟာ ဘယ်တော့မှ အခန်းထဲမှာ မရှိဘူး။ အမြဲတန်း အပြင်ဘက်ကို ငေးနေတာပဲ။ သမီး စိတ်တွေ ဘယ်ရောက်နေတာလဲ။ သမီးမှာ ဘာတွေ အခက်အခဲ ရှိလဲ။ ဆရာမကို ပြောပါလား။ ဆရာမ ကူညီနိုင်ရင် ကူညီမှာပေါ့။"

သူက ကျမကို အားကိုးတကြီး မော့ကြည့်ရင်းမှ မျက်ရည်တွေ ပိုးပိုး ပေါက်ပေါက် ကျလာသည်။

"သမီး အမေ့ကို အောက်မေ့လို့ပါ ဆရာမရယ်။ အမေ သမီးကို လာမတွေ့တာ သုံးလကျော်သွားပြီ။ ခါတိုင်းဆို တလ တခါ အမြဲလာတွေ့တယ်။ သမီး အမေ့ကို သတိရပြီး ဘယ်လိုမှ နေလို့မရဘူး။ အိမ်မက်တွေလည်း ခဏခဏ မက်တယ် ဆရာမ ရယ်။"

"သြော် ... သမီးမှာ အမေ ရှိသေးလား။ သမီး အမေက ဘာအလုပ်လုပ်လဲ"

"သူနာပြု ဆရာမပါ"

"သမီးက ဒီကျောင်းကို ရောက်တာ ကြာပြီလား"

"တနှစ်ပဲ ရှိပါသေးတယ်"

"အဖေ ကရော ရှိသေးလား"

"ရှိပါတယ်"

"အဖေကရော ဘာအလုပ်လုပ်လဲ"

"အဝေးပြေးကား မောင်းပါတယ်"

"သမီးတို့က မောင်နှမတွေ များလား"

"သမီး တယောက်တည်း ရှိပါတယ်"

"ဟင် .. အဖေရော အမေရော ရှိတာတောင်၊ သမီးလေး တယောက်ကို မကျွေးနိုင်ဘူးလား။ ဘာလို့ ဒီမှာ လာပို့ ထားရ တာလဲ.."

"ကျွေး .. ကျွေးနိုင်ပါတယ်.."

"ကျွေးနိုင်ရဲ့သားနဲ့များကွယ် နေပါဦး အဲဒါက သမီး မိဘ အရင်းတွေလား"

"သမီး အတွက်တော့ အရင်းပါပဲ ဆရာမရယ်၊ အဖေနဲ့ အမေက သမီးကို သိပ်ချစ်တာ၊ သမီးကလည်း အသက်ကြီး လာမှ သူများပြောလို့ မွေးစားသမီးမှန်း သိတာပေါ။"

"ဟုတ်လား ဒါဖြင့် အခု ဒီကျောင်းကို ဘယ်သူ လာပို့တာတုန်း"

"အမေ ပို့တာပါ ဆရာမ၊ အမေတို့က မောင်နှမ နှစ်ယောက်တည်း ရှိတာ၊ သမီး ငယ်ငယ် ကတည်းက အဖေနဲ့ အမေရော ဘကြီးတို့ မိသားစုပါ အမွေဆိုင်အိမ်မှာ အတူတူ နေကြတာ။ သမီးကို အမေက ဆေးရုံက ယူလာပြီး မွေးစားတာတဲ့။ သမီးကို မွေးတဲ့ အမေက ဆေးရုံပေါ်မှာ တိတ်တိတ်ကလေး ဆင်းပြေးသွားတာတဲ့။ အဖေနဲ့ အမေက သမီးကို နို့ဘူး တိုက်ပြီး မွေးခဲ့တာ။ အမေ့ အကိုကြီး ဘကြီးကတော့ ကောင်းပါတယ်။ သူ့သားတွေက မကောင်းဘူး။ အမေလည်း အိမ်ခွဲနေလို့ မရဘူး။ ဘိုးဘိုးက ရှိသေးတယ်။ ဘိုးဘိုးက လေဖြတ်ပြီး အိပ်ရာထဲ လဲနေတော့ အမေပဲ ပြုစုရတယ်။ အခု သမီး ဒီအရွယ် ရောက်လာတော့ အမေကလည်း ဆေးရုံမှာ ညဂျူတီကျ၊ အဖေကလည်း ကားထွက်နေတဲ့ အချိန်ဆို ဘကြီး သားတွေက သမီးကို မရိုးမသား ကြံဖို့ ကြိုးစားတယ် ဆရာမရဲ့ သမီး ညညဆို အိပ်တောင် မအိပ်ရဘူး"

"သမီး အမေကို မပြောပြဘူးလား။ ဘကြီး မိန်းမနဲ့ရော မတိုင်ဘူးလား"

"အမေ့ကို ပြောပြ တာပေါ့။ အမေနဲ့ သူ့ယောင်းမနဲ့လည်း သမီးအတွက် စကားများ ကြသေးတယ်။ သမီးကို ဘယ်က မိမစစ် ဖမစစ်မှန်း မသိဘဲနဲ့ နာမနေနဲ့လို့ ပြောလို့ အမေနဲ့ စကားများကြတာ။ သူ့သားတွေ ကျတော့ အရက်သမားရော၊ ဘိန်းစား ရောပဲ ဆရာမရဲ့

အဲဒါနဲ့ အမေက သမီးကို ငါ့သမီးလေး တော်ကြာ ပန်းကောင်း အညွှန့်ကျိုးဖြစ်မယ်၊ လောလောဆယ် မိန်းကလေး သင်တန်းကျောင်းမှာ ခဏသွားနေ၊ နောက်ကျတော့ အမေတို့ မိသားစုသုံးယောက် အတူနေရအောင် ကြိုးစား ကြတာပေါ့လို့ ပြောပြီး လာအပ်သွားတာပါ။ အမေက တလ တကြိမ် ဧည့်တွေ့တဲ့ ရက်တိုင်း လာတွေ့နေကျ ဆရာမရဲ့၊ အခု မလာတာ သုံးလ ရှိပြီ သမီး အမေ လာမလားလို့ မျှော်မျှော်နေတာပါ ဆရာမရယ်။ အမေ သမီးကို ပြန်မခေါ်တော့ဘူးလား မသိဘူး။ သမီး အမေ့ကို သိပ်သတိရတာပဲ။

သမီး အမေရဲ့ လိပ်စာ ဆရာမကို ပေးလေ၊ ဆရာမ တနည်းနည်းနဲ့ သမီး သတိရနေတဲ့ အကြောင်း အကြောင်းကြားပေးမယ်။ သူအားရင် လာတွေ့မှာပေါ့ သမီးရယ် သူ့မှာလည်း ဘယ်လို အခက်အခဲတွေ ရှိနေလဲမှ မသိတာ....

ချမ်းမြအေးနှင့် ကျမ စကားပြောပြီးနောက် တပတ်ခန့် အကြာတွင် ချမ်းမြအေး၏ အမေ လာတွေ့ကြောင်းနှင့် စားစရာတွေ အများကြီး ပေးသွားပြီး ဆေးရုံမှ အလုပ်တဖက်၊ အိမ်မှာ လူမမာ တဖက်နှင့်မို့ မလာနိုင်ကြောင်း သမီးကို တနေ့နေ့ ပြန်ခေါ်မှာ သေချာကြောင်း ပြောသွားသဖြင့် ချမ်းမြအေး တယောက် အရင်ကနှင့် မတူဘဲ သွက်သွက်လက်လက် တက်တက်ြွကြွကနှင့် အလုပ်မှာ စိတ်ပါလာပုံကို ကြည့်ပြီါ် ကျမပါ သူနှင့် အတူရော၍ ပျော်သွားရတော့သည်။

ဆရာမ ... ဆရာမ
မလှသန်းက ကျမ ဆွဲခြင်းကို ဆီးယူရင်းမှ ကျမကို သတင်းတခု ပေးမည့် အနေအထားဖြင့် အစပျိုးရင်းမှ ...
ညက ချောနုဝင်းနဲ့ ချစ်ချစ်ဌေး ရန်ဖြစ်ကြတယ်။ အကြီးအကျယ်ပဲ
ဟုတ်လား ... ဘာလို့ ဖြစ်တာလဲ
အေးနိုင်ကြောင့်ပေါ့
အေးနိုင်ဆိုတာက ..
ဟိုဘက်အဆောင်ကပေါ့၊ သူက ယောင်္ကျား စိတ်ပေါက်နေ သလိုလို ဘာလိုလိုနဲ့ ဆရာမရဲ့
အင်း...
အေးနိုင်က အစက ချစ်ချစ်ဌေးနဲ့ တွဲနေတာ၊ အခုကျတော့ ချောနုဝင်းနဲ့ အနေများပြီး ချစ်ချစ်ဌေးကို အဖက် မလုပ်တော့လို့တဲ့ ချစ်ချစ်ဌေးက ပြဿနာ ရှာတာ
ဘယ်လို ပြဿနာ ရှာတာလေ...

ညက အဆောင်ထဲမှာ ချောနုဝင်း ခုတင်ကို ချစ်ချစ်ဌေးက အရင်စပြီး ပါးလာရိုက်တယ်၊ ချောနုဝင်းကလည်း ပြန်ရိုက်တာပေါ့၊ သတ်လိုက်ကြတာ မပြောပါနဲ့တော့

ဘုရားရေ ... ဆရာမတွေ မသိဘူးလား
အားလုံး သိကုန်တာပေါ့၊ ဒီမနက် ဆရာမကြီးက သူတို့ကို ခေါ်ပြီး အပြစ်ပေးတယ်
အဲဒီ နှစ်ယောက်ရော အခန်းထဲမှာ မတွေ့ပါလား
ချစ်ချစ်ဌေးက ဒီနေ့ မီးဖိုချောင် တာဝန်ကျတယ်၊ ချောနုဝင်းကတော့ နေမကောင်းလို့ အဆောင်က ဆရာမက ခွင့်စာရေးပေး လိုက်ပါတယ်။

ဆရာမ .. ဆရာမ ၊ ဟိုဟာ အေးနိုင်ပေါ့
အရပ်မြင့်မြင့်၊ ဆံပင်တိုတို၊ ညိုညိုပိန်ပိန် ကလေး တယောက် အခန်းရှေ့မှာ ဖြတ်လျှောက် အသွားတွင် မလှသန်းက ကျမကို လှမ်းပြသည်။

သည်လိုနှင့် ကလေး အတော်များများကို သံယောဇဉ် တွယ်ပြီးခါမှ ကျမ သင်တန်းက ပြီးဆုံးသွားသည်။
စိတ်ကျေနပ်စရာ ကောင်းသည်က ကျမ ကလေးတွေ အားလုံး ကျမ သင်သမျှကို နားလည် တတ်မြောက်ကြခြင်း ဖြစ်ပြီး ကြေကွဲ စရာအကောင်းဆုံးကတော့ သူတို့အားလုံး ကျမနှင့် ခွဲခွာရမည်ကို ဝမ်းနည်းနေကြခြင်း ဖြစ်သည်။

ဆရာမကို သမီးတို့ ကန်တော့ပါတယ်
ကျမ ဆုတွေ အများကြီး ပေးပစ်လိုက်သည်။ ရင်ထဲမှာ ..။
ပထမ တလုံး နှစ်လုံးလောက်ပဲ နှုတ်က ခပ်တိုးတိုး ရေရွတ်မိပြီး နောက်ပိုင်းမှာ နှုတ်ခမ်းလှုပ်ရုံပဲ ရှိနေတော့သော ကျမမှာ သတ္တိ နည်းလွန်းစွာ အသံကို ချွေတာနေမိသည်။

ဆရာမ သမီးတို့ဆီ လာခဲ့ဦးနော်
သမီး အမေနဲ့ အဖေနဲ့ အတူတူပြန်နေရင် ဆရာမဆီ လာခဲ့မယ် ...
လာခဲ့ပါ ချမ်းမြအေးရယ်၊ ဆရာမ ကြိုနေပါ့မယ်
ကျမ သင်တန်း ခန်းမထဲက ထွက်လာတော့ ကလေးတွေက နှုတ်ဆက် လက်ပြ ကျန်ခဲ့ကြသည်။

မလှသန်းက ကျမ ဆွဲခြင်း လေးကို ကိုင်ပြီး ထုံးစံအတိုင်း လိုက်ပို့ရင်း မျက်ရည်တွေ စီးကျကာ ငိုရှိုက်နေသည်။ ပြီးတော့ ခပ်တိုးတိုး ပြောသည်။
ဆရာမ ကျမလည်း ရွာပြန်ချင်တယ်။

ကျမ တုံ့ခနဲ ရပ်ပြီး သူ့ကို လှည့်ကြည့်လိုက်တော့  သူကလည်း ကျမကို မော့ကြည့်ရင်း ဆက်ပြောသည်။
ကျမ ရန်ကုန်ကို အိမ်ဖော် ပွဲစားနဲ့ လိုက်လာတာက ကျမ အဖေကို ရှာမယ်ဆိုပြီး စိတ်ကူးယဉ်မိလို့ပါ ဆရာမရယ်။ ကျမ အမေ့ ဆီက အဖေ့နာမည်ရယ်၊ အဖေ့ မိန်းမ နာမည်ရယ် ကျမ သိလိုက်ရတယ်။

အမေ့ကို ညာယူပြီး ကျမ ရှိမှန်းတောင် မသိတဲ့ ကျမ အဖေ ကိုများတွေ့နိုင်မလားလို့ ကျမ ရန်ကုန်ကို အိမ်ဖော်လုပ်ဖို့ လိုက်လာတာပါ။ အခုတော့ ကျမ ဒုက္ခတွေ ခံခဲ့ရလို့ သူများ အိမ်မှာနေဖို့လည်း ကြောက်သွားပါပြီ။ အဖေ့ကိုလည်း မရှာချင်တော့ပါဘူး။ ပြီးတော့ မတော်တဆ ကျမကို သူ့သမီးမှန်း သိသွားရင်တောင် ကြည်ဖြူကြမှာ မဟုတ်ပါဘူး။ သမီး အမေနဲ့ အဘွားနဲ့ ခေါင်းချသွားတဲ့ ရွာကိုပဲ ပြန်ချင်တော့တယ် ဆရာမရယ်
သမီး ခြေထောက်ပေါ် သမီး ရပ်နိုင်တဲ့ တနေ့ကျရင် ဆရာမတွေဆီက ခွင့်တောင်းပြီး ပြန်ပေါ့ သမီးရယ်။

အခုတော့ နေလိုက် ပါဦး။ တိတ်တိတ်ကလေးလည်း မပြန်သွားနဲ့ဦးနော်.....
နေမှာပါ၊ သမီး ဘယ်တော့မှလည်း ထွက်ပြေးဖို့ မစဉ်းစားဘူး၊ ကျောင်းမှာ ဆရာမ သင်ပေးတဲ့ စက်ချုပ်ပညာနဲ့ ငွေစု ဦးမှာပါ၊ သမီး အပြင်ရောက်သွားရင် ဘယ်သူ့ကိုမှလည်း အားမကိုးဘူး၊ ကိုယ့်အဖေလို လူမျိုးကိုလည်း မတွေ့အောင် ရှောင်မယ်။ သမီးဘဝကို အမေ့လို ဘယ်တော့မှ အဖြစ်မခံဘူး...

ဟုတ်တာပေါ့ သမီးရယ်၊ မိန်းမသားတွေရဲ့ ဘဝမှာ အဲဒါက အရေးကြီးဆုံးပဲ၊ မိဘနဲ့ သားသမီးဆိုတဲ့ တော်စပ်မှုမှာ ရွေးချယ်ခွင့် မရှိဘူး။ ဘယ်အဖေကို လိုချင်တယ်။ ဘယ်အမေကို လိုချင်တယ်။ ဘယ်သားသမီးကိုမှ သားတော်မယ်၊ သမီးတော်မယ်လို့ ဖန်တီးယူကြလို့ မရဘူး။ ရွေးချယ်ခွင့် မရှိတဲ့ ကံတရားက ပေးလာတဲ့ မိခင်၊ ဖခင်တွေ အပေါ်မှာ သမီးတို့ မှားယွင်းတဲ့ အတွေးမျိုးတွေ မထားမိစေနဲ့၊ အေး ..... မိခင်လောင်း ဖြစ်လာမယ့် မိခင် မျိုးနွယ်စုဝင် သမီးတို့ မိန်းကလေးတွေအတွက် ရွေးချယ်ခွင့်ရှိတဲ့ ဘဝတဆစ်ချိုးကျရင်သာ သမီးတို့ အရွေးမမှားကြစေနဲ့၊ သမီးအမေလို ဟန်ဆောင်ကောင်းတဲ့ ယောင်္ကျားတွေကို ယုံမိရင်တော့ မလှသန်း ကလေးတွေ ထပ်ပြီး သံသရာ လည်နေဦးမှာပဲ၊ ကဲ .. ဆရာမ သွားတောမယ်။ နေခဲ့တော့နော် မလှသန်း....

သူက ကျမ ဆွဲယူလိုက်သော ခြင်းကို လွှတ်ပေးလိုက်ရင်း အိခနဲ တချက် ရှိုက်ကာ အဆောင်ဝတွင် ကျန်ရစ်ခဲ့သည်။ နောက်ကို လှည့်မကြည့်ဖြစ်အောင် ကြိုးစားရင်း ကျမ အတော်အတန် လှမ်းသော သင်တန်းကျောင်း အဝင်အထွက် တံခါးပေါက်ကို လေးကန်သော ခြေလှမ်းများဖြင့် လျှောက်လာခဲ့သည်။

ဆရာမ .. ဆရာမ .. ဆရာမ
နောက်က ပြေးလိုက်လာသော ခြေသံနှင့်အတူ တစုံတယောက်၏ အသံစူးစူးလေးကို ကြားလိုက်ရ၍ ကျမ ခြေအစုံကို ရပ်တန့် လိုက်သည်။

ဆရာမ
ကျမ နောက်လှည့် မကြည့်ရသေးခင် ခေါ်သူက ကျမဘေးမှ ဖြတ်တက်ကာ ကျမ ရှေ့သို့ ရောက်လာသည်။
ငြိမ်းချမ်း၊ ဘာဖြစ်လို့လဲ သမီး
အနည်းငယ် မောနေသော ငြိမ်းချမ်းက ကျမ ရှေ့တွင် ခြေစုံရပ်ကာ ကျမ မျက်နှာကို မော့ကြည့်ရင်း အသက်ပြင်းပြင်း ရှုနေသည်။

ဆရာမ နောက်ကို ဘာလို့ လိုက်လာတာလဲ၊ ဘာပြောစရာ ရှိလို့လဲ ပြောလေ
နုနယ် ဝင်းမွတ်သော မျက်နှာပြင်ပေါ်မှာ ပါးစုန့်ကြီးတွေက ပန်းရောင်သန်းပြီး မျက်ခုံး ထူထူအောက်မှာ မျက်လုံးတောက်တောက် များက ကျမ မျက်နှာကို အတန်ကြာ စိုက်ကြည့်ပြီးတော့မှ လက်ညိုးကလေး တချောင်း ထောင်ပြကာ ...

ဆရာမကို အမေလို့ တခွန်းလောက် ခေါ်လို့ ရမလားဟင်
ဟင် ..

ထင်မှတ် မထားသော မေးခွန်းကြောင့် ကျမ ရုတ်တရက် အံ့ဩဝမ်းနည်းသွားသည်။ သူက ကျမ၏ ခွင့်ပြုချက်ကို မျှော်လင့် တောင်တစောင့်ဆိုင်းရင်း ကျမကို မျှော်ငေးနေဆဲ။ အဲသည့်ဒဏ်ကို ကျမ မခံနိုင်ပါ။
ခေါ်ပါ ကလေးရယ် ... ခေါ်ပါ....

သူ့မျက်နှာလေး ပြုံးသွားပြီး မျက်လုံးများ ပိုမို ဝင်းလက်လာကာ နှုတ်ခမ်း ဖျားလေး ပွင့်ဟ လှုပ်ခတ်သွားလိုက်ချိန်မှာ ...
အဲသည် တစုံတရာကို ကျမ ကြားလိုက်မိသလား။

သန်းမြင့်အောင်

No comments:

Post a Comment