ဒါတွေကျန်သေးတယ်…
ရန်ကုန်မြို့က ၀န်ကြီးများရုံး (အတွင်းဝန်ရုံး)၊ ရှေးကအခေါ် စက္ကရီတေးရီးယတ် သမိုင်းဝင် အဆောက်အဦးကြီးကို ဟိုတယ် လုပ်ကိုင်ခွင့် မပေးဘဲ ပြခန်းအနေနဲ့ပဲ စဉ်းစဉ်းစားစား ဆုံးဖြတ် ခွင့်ပြုပါမယ်ဆိုတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထားကို သိရတဲ့အခါ အလွန်တရာ ၀မ်းသာပီတိ ဖြစ်ရပါတယ်။ ဘာလို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း(၆၀)အတွင်း၊ အထူးသဖြင့် ဒီဘက်နှစ်(၄၀)ကျော်အတွင်း နိုင်ငံနှင့်လူမျိုးဖြတ်သန်းမှုရဲ့ သမိုင်းဝင်ဆိုတဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ၊ နေရာဒေသအထိမ်းအမှတ် အဆောက်အဦး ဗိမာန်ဆိုင်ရာတွေမှာ လိုရာဆွဲပြီး တစ်ဦးတည်း၊ တစ်ယောက်တည်း (သို့မဟုတ်)တစ်ဖွဲ့တစ်စည်းရဲ့ ငါနှင့်မတူ ငါ့ရန်သူ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ သဘောထားနဲ့ပဲ ဆုံးဖြတ်စီရင်ခဲ့ကြလို့ ကွယ်ပျောက် ပျက်စီး ဆုံးရှုံးခဲ့ရမှုတွေ များလာလို့ပါပဲ။
ဘုရားပြင်တယ်
ဒီနေရာမှာ သာသနိကအဆောက်အဦးတွေနဲ့ ပက်သက်ပြီး ရှေးဟောင်းသုတေသနဆိုင်ရာ ထိန်းသိမ်းမှုအပိုင်းနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ပြုပြင်တည်ဆောက်မှုတွေအပိုင်းရဲ့ ပဋိပက္ခတွေလည်း အားကောင်းမောင်းသန် ကျန်ရှိနေပါသေးတယ်။ ကိုးကွယ်မှု ဆိုတဲ့ အမြင်တစ်မျိုးတည်းနဲ့ မျက်စိမှိတ်ပြီး မြန်မြန်ဆုံးဖြတ်တာမျိုး မဖြစ်သင့်တော့ဘဲ၊ သက်ဆိုင်ရာအသီးသီးသော ပညာရှင်များရဲ့ အမြင်တွေ၊ သဘောထားတွေ၊ နိုင်ငံတကာ ကမ္ဘာလုံးဆိုင်ရာ အတွေးအခေါ်တွေနဲ့ပါ ချိန်ထိုးပြီးမှ စဉ်းစားဆောင်ရွက်ကြဖို့ကလည်း အရေးတကြီး လိုအပ်နေပါပြီ။
နောက်တစ်ချက်က အခု ပြည်ထောင်စုအစိုးရသစ်လက်ထက်မှာ အထိုက်အလျောက်အနေနဲ့ စတုတ္ထ မဏ္ဍိုင်ရဲ့ အရေးပါမှုနဲ့ မောင်းနှင်အားတွေ သိသာစေတာကလည်း ငြင်းလို့မရပါဘူး။ ဘာပဲပြောပြော…၊ အတွင်းဝန်ရုံးကို ဟိုတယ်အသွင်ပြောင်းဖို့ကိစ္စမှာ စတုတ္ထမဏ္ဍိုင်က အချိန်မဆိုင်းဘဲ ချက်ချင်း ထောက်ပြဝေဖန်လိုက်မှုကြောင့် အခုလို ဟိုတယ်ကိစ္စ တစ်ခန်းရပ်ပြီး တကယ်ဖြစ်သင့်တဲ့ သမိုင်းဝင်အဆောက်အဦးနှင့် ပြတိုက်ပိုင်းဆိုင်ရာစဉ်းစားမှုပေါ်ပေါက်လာတာကိုလည်း ၀မ်းမြောက်ရပါတယ်။
အရွက်ဖုံးတဲ့ မန္တလေး
ဟုတ်ပါတယ်။ ဘယ်လိုမှ မမေ့ပျောက်၊ မတိမ်မြုပ်၊ မဖုံးကွယ်နိုင်တဲ့ နိုင်ငံသမိုင်းနဲ့ ပက်သက်တဲ့ လူပုဂ္ဂိုလ်၊ အထိမ်းအမှတ် အဆောက်အဦးဗိမာန်တွေ လျစ်လျူရှု ပစ်ပယ်ဖုံးအုပ်ထားခံရမှုတွေ၊ ပျက်စီးဖျက်ဆီးခံရလို့ ပျောက်ကွယ်သွားတဲ့ကိစ္စတွေကို အရင်က အတော်များများ ရေးကြ သားကြမှုတွေဟာ စာမျက်နှာထက်မှာ ရောက်မလာခဲ့ပါဘူး။
အထူးသဖြင့် ကျွန်တော်တို့ မန္တလေးမြို့ဟာ နောက်ဆုံးမင်းနေပြည်၏ မြို့တော်ကြီး ဖြစ်ခဲ့ဖူးပြီး၊ ၁၉ရာစုလယ်ပိုင်းမှာ တည်ဆောက်ခဲ့တဲ့ မြန်မာမှုစစ်စစ် မြို့ပြဗိသုကာဆိုင်ရာကို အခြေခံပြီး၊ မြန်မာမှု လူနေမှု စရိုက်လက္ခဏာဖော်တဲ့ ရှေးဟောင်းမြို့ကြီးမို့ ဒီမြို့ရဲ့ ပကတိအရှိ အခင်းအကျင်း ကိုယ်နှိုက်က ရှေးဟောင်းပစ္စည်း တစ်ခုဖြစ်ပြီး မြန်မာပြည်မှာ တစ်ခုတည်းသာကျန်တော့တဲ့ မြို့တော်ဟောင်းကြီးအဖြစ် မတို့မထိ ပကတိအတိုင်းထိန်းသိမ်းနိုင်ဖို့ သဘောထားတွေအပြင်၊ မန္တလေးမှာရှိတဲ့ သာသနိက အဆောက်အဦးများသာမက နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး အထင်ကရရှိနေတဲ့ ဗိမာန်တွေ၊ အဆောက်အဦးတွေကိုလည်း တည်ဆောက်ပြုပြင် အားကောင်းတဲ့ကာလမှာ မထိမခိုက်၊ မပျက်မစီး ရှိစေဖို့ မြို့ခံပညာရှင်ကြီးတွေ၊ မြို့ခံစာရေးဆရာတွေ ရေးသားတင်ပြမှုတွေဟာ စာမျက်နှာထက် မပါရှိခဲ့ရုံသာမက အရာမထင်ခဲ့ပါဘူး။
ပျောက်ကုန်ပြီ
ဒါကြောင့် ရှေးဟောင်းမန္တလေးရဲ့ မြို့ပြဗိသုကာ အခင်းအကျင်း ပျက်စီးခဲ့ပါပြီ။ သမိုင်းဝင်ဈေးချိုတော်ကြီးလည်း ငါ့မြင်းငါစိုင်းစစ်ကိုင်းရောက်ရောက် တသွေးတသံတမိန့်နဲ့ ပျောက်ကွယ်ခဲ့ရပါပြီ။
အချုပ်အခြာအာဏာ ဆုံးရှုံးမှုနှင့် ပက်သက်ပြီး နှလုံးသားထိအောင် ခံပြင်းတက်ခေါက်ကာ သေသော်မှတည့် သြော်ကောင်း၏လို့ နာကျည်းခဲ့တဲ့ ဆီးပန်းနီဆရာတော်ရဲ့ ၇၈လမ်း ခင်စောမူကွေ့နေရာက သမိုင်းဝင် ဗိမာန်တော်လည်း မြေထိုးစက်အောက်ရောက်ရပါပြီ။ ဒါ့အပြင်… ပဒေသရာဇ်စံနစ်ရဲ့ သားကောင်ဖြစ်ရသူ ခေတ်မီ တိုးတက်ရေး ခေတ်ပြင်အမြင်ရှိတဲ့ ကနောင်မင်းသားကြီးရဲ့ ဂူဗိမာန်လည်း တူရွင်းပေါက်ပြား တွေနဲ့ ထိုးကော်ဖယ်ခွာခြင်း ခံခဲ့ရပါပြီ။
မြို့ပြသာယာရေး အကြောင်းပြချက်နဲ့ စနစ်တကျပြောင်းရွေ့ ပြီး အစားထိုးနေရာပေးခြင်း မခံခဲ့ရဘဲ ရွှေဥဒေါင်း၊ မြမျိုးလွင်၊ နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း စတဲ့ ပညာရှင်ကြီးများရဲ့ အထိမ်းအမှတ်အုတ်ဂူတွေလည်း ကွယ်ပျောက်ခဲ့ရပါပြီ။
ရှေးဟောင်းမြေကွက်လည်းချမ်းသာမပေး
အမရပူရခေတ်မှာ ထင်ရှားခဲ့တဲ့ ဘိုးတော်ဘုရားက နိုင်ငံတ၀ှမ်း အတိုင်းအတာ၊ အချင်အတွယ်၊ အကျယ်အ၀န်း စတဲ့ ပမာဏဆိုင်ရာ ကွဲပြားနေမှုအပေါ် တစ်ညီတစ်ညွတ်တည်းရှိစေဖို့ ညှိနှိုင်းပြီး စံအဖြစ် အက္ခရာ စာသားအသွင် ကျောက်ထက်အက္ခရာတင်ခြင်း၊ စံအဖြစ် ပယ်အကျယ်အ၀န်း ဆိုင်ရာကို ဧရိယာအကျယ်အ၀န်း ပကတိအရှိ အမှတ်အသား ပြကျောက်တိုင် စိုက်ပြီး မြေဧရိယာအလွတ်အဖြစ် ထင်ရှားစေခြင်း စတဲ့ ကျောက်စာ၊ ပယ်မြေတွေထိန်းသိမ်းထားရှိတဲ့ ပယ်ပုံတော်ကျောက်စာဝင်းကြီး ကိုလည်း အမရပူရခေတ်က ပယ်ပုံတော်မင်းသမီး၊ မဟာမုနိဘုရားဖူးစဉ် ခေတ္တစံတဲ့နေရာဆိုတဲ့ သမိုင်းအမှားနဲ့ ဖုံးကွယ်ကာ မြေကွက်ရိုက်၊ တိုက်ခန်းဆောက် လိုက်ကြပြန်ပါပြီ။
မကြာခင်ပျောက်တော့မယ်
လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ မန္တလေးက ၁၃၀၀ပြည့်ကာလ အာဇာနည်(၁၇)ဦးအရေးတော်ပုံဟာ အလွန်ထင်ရှား ခဲ့ပါတယ်။ လွတ်လပ်ရေးအတွက် အရေးလည်း ပါလှပါတယ်။ အဲဒီအချိန် အုပ်စိုးသူ အင်္ဂလိပ်အစိုးရက ချမှတ်ထားတဲ့ မတရားမိန့်တွေ ဖြစ်တဲ့ ပုဒ်မ ၂၃(၇) နဲ့ ပုဒ်မ ၁၄၄ တို့ကို ဆန့်ကျင်ကြတယ်။
၁၉၃၈ခု ဒီဇင်ဘာ ၃၁ရက်နေ့မှာ ကျောင်းသားများသမဂ္ဂက ပြဋ္ဌာန်းခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ထောက်ခံတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့၁၉၃၉ခု ဖေဖော်ဝါရီ ၁၀ရက်၊ ၁၃၀၀ပြည့် တပို့တွဲလပြည့်ကျော် ၇ရက်နေ့ရောက်တော့ မဟာလောကရံသီ အိမ်တော်ရာ ဘုရားဝင်းထဲက (၁၄) ခန်းဇရပ်ကြီးမှာ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေစုဝေးပြီး ၂၆ဘီလမ်း(အာဇာနည်လမ်း) အတိုင်း အရှေ့တက်ကာ ပုလိပ်ရုံး (ယခု စည်ပင်သာယာရုံး)ဆီ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြပါတယ်။
ဒီဆန္ဒပြမှုကို ကြေးနန်းရုံး (ယခု ဆက်သွယ်ရေးရုံး) တောင်ဘက်မှာ တစ်ကြိမ်၊ အပ်ပီရီယမ်ဘဏ်ရှေ့ (ယခု ဟောင်ကောင်စတိုး)ရှေ့မှာတစ်ကြိမ်၊ ရိုးကုမ္ပဏီတိုက်ရှေ့ (ယခု မြန်မာ့စီးပွားရေးဘဏ်-၁) မှာတစ်ကြိမ် ပစ်ခတ်နှိမ်နင်းလို့ ရဟန်းတော်(၇)ပါးနဲ့ ကျောင်းသား အရပ်သား (၁၀)ဦး ကျဆုံးခဲ့ပါတယ်။ ဒီအာဇာနည်တွေကို မြို့သူမြို့သားတွေက နေမျိုးမဟာသီဟသူရဘွဲ့များနှင်းအပ်ပြီး မန္တလေး၊ တမ္ပ၀တီ သူကြွယ်ကုန်း ရပ်မှာ ခမ်းနားစွာသဂြုင်္ိဟ်ခဲ့ပါတယ်။
ဒီနေရာကို မန္တလေး ၁၃၀၀ပြည့် အာဇာနည်(၁၇)ဦးဗိမာန် ဆိုပြီး သမိုင်းကျောက်စာ၊ အာဇာနည်တစ်ဦးချင်းစီရဲ့ အတ္ထုပ္ပတ္တိနဲ့ ဂူ၊ ကျဆုံးတဲ့နေရာ မြေပုံကျောက်စာ စသည်ဖြင့် ခမ်းနားစွာ တည်ဆောက်ကာ စနစ်တကျ ဂုဏ်ပြုခဲ့ကြပါတယ်။ နှစ်စဉ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တဲ့ ဇူလိုင် (၁၉) ရက်နေ့ရောက်ရင် အိမ်တော်ရာ ၁၄ခန်း ဇရပ်ကြီးမှာ အာဇာနည်နေ့ အခမ်းအနားကြီးကို လူထုပရိတ်သတ်ကြီးနဲ့ ကျင်းပပြီးတဲ့နောက် တမ္ပ၀တီသူကြွယ်ကုန်းက မန္တလေး ၁၃၀၀ပြည့် အာဇာနည်(၁၇)ဦးဗိမာန်မှာလည်း လွမ်းသူပန်းခွေချ အလေးပြုအခမ်းအနား ကျင်းပလေ့ ရှိခဲ့ပါတယ်။
မန္တလေး ၁၃၀၀ ပြည့်အရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်
ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုကျော်က စပြီး မန္တလေးအာဇာနည်ဗိမာန်ကို သော့အထပ်ထပ်ခတ် ပိတ်ထားပါပြီ။ ပြုပြင်ရှင်းလင်းမှု မရှိတော့လို့ ခြုံနွယ် ပိတ်ပေါင်း အထပ်ထပ် ဖုံးအုပ်ပြီး တော ဖြစ်နေပါပြီ။ မကြာခင် အုတ်ဂူများ၊ သမိုင်းကျောက်စာများ၊ မှတ်တမ်းကျောက်စာများ ပျက်စီးပါတော့မယ်။
မန္တလေး ၁၃၀၀ ပြည့် အာဇာနည် (၁၇)ဦး ဗိမာန်ကြီး ပြန်လည် ဖွင့်လှစ် ထိန်းသိမ်းဖို့ ကျွန်တော် ကိုယ်နှိုက်ကပင် အကြိမ်ကြိမ် ရေးသားခဲ့ဖူးသော်လည်း စာမျက်နှာထက် ရောက်ခွင့် မကြုံခဲ့ပါ။ ယခု ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရများထံ ထပ်မံပြီး တင်ပြရတာပါ။
ဒါတွေကျန်သေးတယ်
နောက် လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲများအတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ဗဟိန်း (၀ါ) သခင်ဗဟိန်းဟာ အလွန်ထင်ရှားသူ တစ်ဦးပါ။ လူပုံစံချောမောနူးညံ့သိမ်မွေ့သလောက် တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် အလွန်ယုံကြည်ချက်ပြင်းထန်၊ အလွန် တက်ကြွ၊ အလွန်မာကြောတဲ့ သံမဏိ စိတ်ဓာတ် ပိုင်ရှင်တစ်ဦးပါ။
လွတ်လပ်ရေးအတွက် မော်စီတုံးရဲ့ တရုတ်တပ်နီတော်နဲ့ ဆက်သွယ်ဖို့ စာရေးဆရာကြီး ဒဂုန်တာရာနှင့်အတူ ရှမ်းပြည်နယ်ကတဆင့် သွားရောက် ကြိုးပမ်းခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ချောက်ရေနံမြေ သပိတ်ကာလအတွင်း မြင်းခွာတစ်ချက်ပေါက်ရင်၊ မီးဟုန်းဟုန်းတောက်စေရမယ်ဆိုတဲ့ သခင်ဗဟိန်းရဲ့ ရဲရဲတောက်မိန့်ခွန်းကလည်း ထင်ရှားလှပါတယ်။
လွတ်လပ်ရေးအတွက် အပြင်းအထန်ကြိုးစားကြဆဲကာလ ငှက်ဖျားရောဂါနှင့် ဆေးရုံတက်ပြီး အသည်းအသန်ဖြစ်နေချိန် ရဲဘော်ရဲဘက်အချင်းချင်း ယုံကြည်ချက်တစ်ခုကြောင့် သဘောထားကွဲလွဲခဲ့ကြတဲ့ ကိစ္စတစ်ခုအတွက် နာကျည်းခံပြင်းစွာနှင့် အသက်ကုန်ဆုံးရတဲ့ အဖြစ်အပျက်ကလည်း ရင်နာစရာပါပဲ။
ပျောက်ကွယ်သွားပြီဖြစ်သော သခင်ဗဟိန်း ဂူဗိမာန်
၁၉၄၆ခု နိုဝင်ဘာ ၂၀ရက်နေ့က မန္တလေး စိန်ပီတာ ဆေးရုံကြီးပေါ် ကွယ်လွန်ခဲ့တဲ့ ရဲဘော်ဗဟိန်း (၀ါ) သခင်ဗဟိန်းကို မန္တလေး ရွာဟိုင်းသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ် ခဲ့ပါတယ်။ ရဲဘော်ဗဟိန်း ဂူလည်း ၁၉၉၀၀န်းကျင် ရွာဟိုင်းသုသာန် ဖျက်သိမ်းချိန်မှာ သမိုင်းကို တန်ဖိုးထားသူ ရဟန်းတော်များနဲ့ လုပ်ဖော် ကိုင်ဖက်များက မပျောက်မပျက် ထိန်းသိမ်းနိုင်ခဲ့ ပါတယ်။
အခု ဒီအုတ်ဂူဟာ ရွာဟိုင်းသုသာန်နေရာမှာ အသစ်တည်ဆောက်ထားတဲ့ မဟာအောင်မြေကျောက် မျက်ဈေးကြီးရှေ့ စားသောက်ဆိုင်များအကြားမှာ မထင် မရှား အုတ်ပုံသာသာ တည်ရှိနေရာက ပျောက်ကွယ် သွားပါပြီ။ ကျွန်တော်တို့တစ်တွေ သတိမမူ လိုက်မိတော့ လက်မတင်လေးပဲ အဖိုးတန် ရတနာတစ်ခု ဆုံးရှုံးသွားပြန် တာပေါ့။
ပျောက်ကွယ်သွားပြီဖြစ်သော သခင်ဗဟိန်း ဂူဗိမာန်
မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ကိုယ်ကျိုး စွန့်အနစ်အနာခံခဲ့တဲ့ သူရဲကောင်းတစ်ဦးရဲ့ သမိုင်းဝင်နေရာ တစ်ခုလည်း စားသောက်ဆိုင်တစ်ခု ရဲ့ နောက်ဖေးနေရာတစ်နေရာက လူမသိသူမသိ အပြီးတိုင် ဆုံးရှုံးသွားရပြန်ပါပြီ။အခုလည်း ခြုံနွယ် ပိတ်ပေါင်းတွေအောက်က သော့အထပ်ထပ်ခတ် မန္တလေး ၁၃၀၀ ပြည့် အရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်ဆိုတာလည်း…။
ဆူးငှက်
No comments:
Post a Comment