Wednesday, September 19, 2012

ဆာဟာရ သမုဒ္ဒရာ


၃၅-လမ်း နံဘေးက ညောင်ပင်ကြီး တပင်အောက်မှာ ဦးလေးယုထင်ရဲ့
ဆံပင်ညှပ်ဆိုင်လေးရှိတယ်။ ဒီဆိုင်လေးက တနင်္လာနေ့လည်း မပိတ်ဘူး။ အခါကြီး
ရက်ကြီးလည်း မပိတ်ဘူး၊ ဘယ်နေ့မှ မပိတ်ဘူး။

တမြန်နေ့ မနက်ကဖိုးညီအလုပ်သွားတော့ ဆံပင်ညှပ်ဆိုင်ကလေးမှာ ဦးလေးကို မတွေ့မိဘူး၊
ဧကန္တအိမ်ကနေ ဆိုင်ကိုအလာ၊ တနေရာရာက ဖောက်သည် တယောက်ယောက်က
ဦးလေးကိုခေါ်ပြီး ဆံပင်ညှပ်ခိုင်းနေလို့ပဲလို့ သူထင်လိုက်တယ်။ အဲဒီညနေ
အလုပ်ကပြန်တော့လည်း ဦးလေးကို သူမတွေ့မိဘူး။ ဆေးရုံတရုံရုံက၊ ဒါမှမဟုတ်
ဆေးခန်းတခုခုက နေမကောင်းတဲ့လူ တယောက်ယောက်ကို ဆံပင်ညှပ်ရအောင်
လာခေါ်သွားတာဖြစ်မယ်လို့ ဖိုးညီတွေးမိတယ်။

ဖိုးညီ အဖြစ်နိုင်ဆုံးတွေ အကောင်းဘက်ကချည်း တွေးပြစ်လိုက်တယ်။
ဒီလိုတွေးလို့သာတွေးနေတာ ဦးလေးယုထင်က
သူတွေးသလို နေ့မအား၊ ညမအား ဖောက်သည်တွေ တလှေကြီးကို ဆံပင်
ညှပ်ပေးရတဲ့ ဆံသဆရာတယောက်မှမဟုတ်ပဲ။ တနေ့လုံးနေမှ သုံး,လေးခေါင်း
ညှပ်ရတဲ့အခါ ညှပ်ရ၊ တခါတလေလည်း တခေါင်းမှ မညှပ်ရတဲ့ရက်တွေ
တောင်မှရှိရဲ့။ သူ့ဟာသူလည်း အခုလိုအကောင်းဘက်က လှည့်တွေးနေပေမယ့်
တွေးတဲ့အတိုင်းတော့ မဖြစ်နိုင်ဘူးဆိုတာ ဖိုးညီသိတယ်။ တော်ရုံတန်ရုံ နေထိုင်
မကောင်းယင်တောင် ဆိုင်ကို မဖြစ်မနေ ဇွတ်ပေထွက်တတ်တဲ့ ဦးလေး၊ အခုတော့.. . .

ဆံပင်ညှပ်ခံမယ့်လူ ထိုင်တဲ့ ခွေးခြေခုံကလေးလည်း မရှိ။ ဆံသလို့ ရေးထား
တဲ့လက်ဆွဲသေတ္တာလေးလည်း မမြင်၊ ညောင်ပင်က သံငုတ်မှာ တွဲလွဲခိုနေကျ
သင်တုန်းဓားခတ်တဲ့ သားရေပြားလည်း မတွေ့မိ။ တမြန်နေ့ကရော၊ မနေ့ကပါ
အလုပ်သွား အလုပ်ပြန် ဦးလေးကိုမတွေ့တော့ ဘာများဖြစ်ပါလိမ့်လို့ တွေးပူမိ
တာပေါ့။ တနေ့လက်လှုပ်မှ တနေ့စားရတဲ့ ဦးလေး ယုထင်တယောက် အခုလို
ပျောက်ချက်သားကောင်းနေတော့ အကြောင်းတခုခုတော့ ထူးပြီလို့ ဖိုးညီသိနေ
တယ်။

သင်္ဘောကျင်းကအပြန် အိမ်ကိုတောက်လျှောက် မပြန်သေးပဲ၊ ဦးလေးနေတဲ့
''သင်္ဂဇာချောင်းအရှေ့ကမ်း''ဘက်ကို ဦးတည် လာခဲ့တယ်။ သစ်လုံးတွေ၊ ရေနံတွေ၊
ဒီဇယ်တွေ၊ မီးထိုးဆီတွေ၊ တင်လဲတွေကို ဆိပ်ကမ်းနဲ့ဘူတာ၊ ဘူတာနဲ့ဆိပ်ကမ်း
အသယ်အပို့ လုပ်တဲ့ကုန်ရထားပြေး သံလမ်းအတိုင်း ဖိုးညီလျှောက်လာတယ်။

ရထားသံလမ်းက သံချေးရောင် ထနေတယ်။ ဇလီဖားတုံးတွေ ကြားက
ကျောက်စရစ်ခဲတွေကလည်း မရှိတော့သလောက်ပဲ။ ဟိုဒီနှံ့နေတဲ့ မစင်ပုံတွေ
ကိုရှောင်ယင်း ဇလီဖားတုံးအဟောင်းတွေကို နင်းပြီး ဖိုးညီလျှောက်လာခဲ့တယ်။
ခင်းထားတဲ့ ဇလီဖားတုံးက အစိပ်အကြဲမညီတော့ ဖိုးညီရဲ့ ခြေလှမ်းလည်း
အစိပ်အကြဲ မညီဘူး ပေါ့။

အရှေ့တည့်တည့် လျှောက်လာယင်းနဲ့ လှည်းခေါင်း အိမ်ထောင့်ရောက်တော့
သံလမ်းနံဘေးဖဲ့ဆင်းပြီး မြောက်ဘက်ကို ကွေ့လိုက်တယ်။ ဆိပ်ကမ်းမှာ
ကုန်တိုက်နေကြတုန်းမို့ လှည်းတွေ၊ နွားတွေ၊ လှည်းခေါင်းအိမ်ဝင်းထဲမှာ
မရှိကြဘူး။ လှည်းခေါင်းရဲ့ အိမ်ကနေ သုံးအိမ်ကျော်တော့ အနောက်ဘက်ကိုဝင်တဲ့
လမ်းကြားတခုရှိတယ်။ ဒီလမ်းကြားက ဦးလေးရဲ့အိမ်ကို သွားဖို့ အနီးဆုံးလမ်းပဲ။

လမ်းကြားထဲမှာ ဆိုက်ကားတစီးက ဖိုးညီကို ဖြည်းဖြည်းချင်း ကျော်တက်
သွားတယ်။ ဆိုက်ကားဆရာလည်း ရေချိန်ကိုက်လာတယ်ထင်ရဲ့။ အရက်နံ့
တထောင်းထောင်းနဲ့။ ဆိုက်ကားဘီးတွေကတော့ ယိမ်းထိုးမနေပါဘူး။

ဖိုးညီရဲ့မိတ်ဆွေတွေထဲမှာ ဦးလေးက ဝင်ငွေအနည်းဆုံးပဲ။ မုဆိုးဖိုလည်းဖြစ်သေး၊
သားထောက်သမီးခံလည်း တယောက် မှမရှိတော့၊ မိသားစုဦးရေလည်း အနည်းဆုံး
ပေါ့။ အိမ်တလုံးမှာ တကိုယ်တည်းနေတယ်။ အိမ်လခတလ တဆယ့်ငါးကျပ်
ပေးရတဲ့ အိမ်။ ဘယ်လိုအိမ်ကလေးများပါလိမ့်လို့ ဖိုးညီမရောက်ဖူးခင်တုန်းက
တွေးကြည့်မိတယ်။

ရောက်သွားတော့ အိမ်ကလေးက တွေးထားတာထက်
အခြေအနေ ပိုဆိုးနေတာပေါ့။ လမ်းကြားရဲ့ဘယ်ဘက်က အိမ်တအိမ်ရဲ့ရှေ့မှာ
ရေခဲချောင်းထည့်တဲ့ သွပ်ပုံးတပုံးကိုရေဆေးပြီး မှောက်ထားတာ ဖိုးညီ မြင်ခဲ့တယ်။
အဲဒီအိမ်နဲ့ မျက်စောင်းထိုး အိမ်ဟောင်းကြီးတအိမ်ရှိတယ်။ အိမ်ထဲမှာ အမေအို
တယောက် ဒူးတုပ်ထိုင်ယင်း ဆေးလိပ် လိပ်နေလေရဲ့။

ကြားလမ်းကလေးပေါ်မှာတော့ ဘုန်းကြီးပျံလှည့်လာတာကို ထွက်ကြည့်နေကြ
သလိုပဲ၊ အိမ်ရှိကလေးတွေအကုန် လမ်းပေါ်ရောက်နေကြတယ်။ ကစားနေ
ဆော့နေလိုက်ကြတာ။ ဖိုးညီ ကလေးတွေကို ရှောင်ကွင်းပြီး ဆက်လျှောက်
လာခဲ့တယ်။

ဦးလေးက ပိန်လည်း တော်တော်ပိန်တယ်။ ငယ်ငယ်ကတည်းက ပိန်တာတဲ့၊
အလုပ်လည်း တော်တော်စုံအောင် လုပ်ခဲ့ရဖူးသတဲ့။ မြင်းလှည်းလည်း မောင်းဖူး
တယ်။ ကိုယ်ပိုင်မြင်း ကိုယ်ပိုင်လှည်းတော့ ဘယ်ဟုတ်မလဲ၊ ပြီးတော့
မြို့လည်ခေါင်က ဈေး တဈေးမှာ ညစောင့်လည်းလုပ်ခဲ့ဖူးတယ်။ ဒီအလုပ်ကလည်း
ဆိုင်ခန်းရှင်တွေနဲ့ အယင်လုပ်နေတဲ့ ညစောင့်တွေနဲ့ အဆင်မပြေကြလို့ ရတဲ့
အလုပ်။ သိပ်ကြာကြာ မလုပ်လိုက်ရပြန်ဘူး။ သူတို့ချင်းပြန်ပြီး အဆင်ပြေ
သွားတော့ ဦးလေးလည်း ဒီအလုပ်က နားခဲ့ရပြန်ရော။

မြေကြီးပေါ်မှာပဲဖင်ချထိုင်ပြီး ထမင်းဝိုင်းဖွဲ့နေကြတဲ့ မိသားတစု။ သူတို့လက်ထဲမှာ သံပန်းကန်
ပြား၊ သံဇလုံဟောင်းလေး တွေနဲ့။ အလယ်ခေါင်မှာတော့ ဟင်းခွက်တခွက်ချလို့။
လမ်းသွားယင်း ဟင်းစပ်ကို လှမ်းကြည့်တော့ ဟင်းခွက်ကို သူထက်ငါနှိုက်
နေကြတာမို့ လိမ္မော်ရောင်လို့ပဲ မြင်ခဲ့ရတယ်၊ ဘာဟင်းရယ်လို့ ဖိုးညီမထင်တတ်
တော့ဘူး။

သူတို့အိမ်ရဲ့အနောက်ဘက်က အိမ်ထဲမှာတော့ မိန်းမကြီးတယောက် ထဘီရင်လျား
နဲ့ သူ့ဆံပင်ကို ဘီးစိပ်တိုက်ချနေတယ်။ အဲဒီအိမ်ရှေ့ကနေ လမ်းကလေးက
အနောက်မြောက်ဘက်ဆီ ယောင်ယောင်ကလေး ကွေ့သွားတယ်။ ဒေါ်ဒေါ်လွင်တို့
ဦးလေးယုထင်တို့ အရွယ်ကောင်းကြတုန်းက လင်မယားနှစ်ယောက် ခိုတောင်၊
ချောင်းပေါက်က ခုံဖိနပ်တွေလည်း ယူရောင်းခဲ့ကြဘူးတယ်။

အဲဒီရွာက ရှိရှားသား၊ရေတမာသား၊ စက်ကတုန်းသား၊ လက်ပံသားတွေကို ခုံဖိနပ်ခုတ်ကြတဲ့
ရွာတွေပေါ့။ ခုတ်ပြီးသား ခုံဖိနပ်အရိုင်းတွေကို ဒေါ်ဒေါ်လွင်နဲ့ နှစ်ယောက်သား
ဆေးသုတ်ကြ၊ သဲကြိုးတပ်ကြနဲ့။ ပြီးတော့ မြို့ပေါ် အရပ်တကာ လည်ရောင်း
ကြတာပေါ့။ ခုံဖိနပ် လုပ်ငန်းမှာ ဦးလေးထက် ဒေါ်ဒေါ်လွင်က ပိုရောင်းတတ်၊
ဝယ်တတ်တယ်လေ။

''မြလွင်က ရောင်းတတ်၊ ဝယ်တတ်မို့ နည်းနည်းအသက်ရှူပေါက် ချောင်တာပေါ့။
နို့မို့ယင်တော့လား. . .။ မြလွင်ကျေးဇူးတွေ ကျုပ်အပေါ်ကြီးသဗျ''တဲ့။ ဦးလေး
ဟိုတုန်းက ခဏ. . .ခဏ ပြောနေတဲ့စကားပါ။

လမ်းကြားအတိုင်းသွားယင်း နောက် လမ်းဆုံတခုရောက်တော့ အနောက်ဘက်
သွားတဲ့ လမ်းကျဉ်းကလေးအတိုင်း ဖိုးညီ လိုက်လာခဲ့တယ်။ အာလူးတို့၊
ကြက်သွန်တို့၊ ဟင်းချိုမှုန့်တို့၊ ဆားတို့ရောင်းတဲ့အိမ်ဆိုင်ကလေးလည်းကျော်ရော
လမ်းက ပိုကျဉ်း သွားတယ်။ စက်ဘီးနှစ်စီး ရှောင်လို့လွတ်ရုံလောက်ကျယ်မယ်။

အိမ်ဆိုင်ရဲ့အနောက်ဘက် ကပ်ရက်အိမ်က ကလေးတယောက်ရဲ့ တအီအီနဲ့ငိုနေသံ
ဖိုးညီကြားနေရတယ်။ ကလေးကိုမြင်တော့မှ နေမကောင်းလို့ ငိုရှာတာကိုးလို့
ဖိုးညီတွေးမိတယ်။ ရေကျောက် အဖုတွေလား၊ ဝက်သက်ကလေးတွေလားမသိဘူး။
အဖုကလေးတွေ ထွက်နေရှာတယ်။ မအေလုပ်တဲ့သူက ခေါင်းကို တဗျိဗျိ ကုတ်ပြီး
လမ်းဘက်ကို ငေးနေတယ်။

လမ်းရဲ့တောင်ဘက် တမတ်ရေကန်မှာတော့ လူတချို့
ရေချိုးအဝတ်လျှော်နေကြတယ်။ ရေကန်ဝင်းထိပ်မှာ ဗီဒီယိုရုံတွေက ကြော်ငြာ
စာရွက်တွေ လာကပ်ထားကြတာကို ဖတ်တဲ့လူက ဖတ်လို့။ ဒေါ်ဒေါ်လွင်က
သစ်တော်သီးတို့၊ စပျစ်သီးတို့၊ လိမ္မော်သီးတို့လို ရာသီအလိုက်ပေါ်တဲ့
သစ်သီးတွေကို ပွဲရုံကယူရောင်းတဲ့ အချိန်မှာ ဦးလေးက လက်ဆွဲသေတ္တာကလေး
တလုံးနဲ့ ဆံပင်လည်ညှပ်နေပြီ။ လက်ဆွဲသေတ္တာကလေးပေါ်မှာ သင်္ဘောဆေး
အဖြူနဲ့ ''ဆံသ''ဆိုတဲ့ စာလုံးရေးပြီး၊ အဲဒီသေတ္တာထဲမှာ ဆံပင်ညှပ်တဲ့
ကရိယာတွေထည့်လို့။ မြို့ရဲ့ အရှေ့ပြင်၊ အနောက်ပြင်ကရပ်ကွက် တွေ၊
တောင်ပြင်၊ မြောက်ပြင်က ဆင်ခြေဖုံးရပ်ကွက်ကလေးတွေထဲ လှည့်ပတ်သွားပြီး
ဆံပင်ညှပ်နေပြီ။

ကလေးတွေ၊ သက်ကြီး ရွယ်အိုတွေ၊ နေမကောင်းတဲ့လူတွေ
အညှပ်ရများသတဲ့။ နေပူပူနဲ့ ပင်ပန်းလိုက်ပုံများတော့ လမ်းလျှောက်ရလွန်းလို့
ခြေထောက်က မီးထတောက်တော့မလားလို့ ထင်ရသတဲ့။ ဝင်ငွေကလည်း
တနေ့တနေ့ ဘယ်လောက်မှ သိပ်ရတာ မဟုတ်ပါဘူး။ ဒေါ်ဒေါ်လွင့် ဝင်ငွေကို
မမှီပါဘူး။

ဖိုးညီနဲ့ မျက်မှန်းတမ်းမိနေတဲ့ ဦးလေးယုထင်တို့အရပ်ထဲက သင်္ဘောသားမိသားစု
ကတော့ ဘယ်သွားကြတယ်မသိဘူး။ တံခါးပိတ်ပြီး သော့ခလောက်ခတ်ထားတယ်။
သိပ်ဝေးဝေးသွားကြတာတော့ ဟုတ်ဟန်မတူပါဘူး။ သူအလုပ် လုပ်နေတဲ့
'ပြဒါးရှင်' ကူးတို့ဆိုက်တော့ ပါလာတာ မနေ့ကတင် ဖိုးညီတွေ့လိုက်သေးတယ်။

ဒီသင်္ဘောသားရဲ့ အိမ်ခေါင်ပေါ်ကို ကျော်ကြည့်လိုက်ယင် ဦးလေးတို့ အိမ်အပေါ်ကို
မိုးနေတဲ့ သပြေပင်ကြီး လှမ်းမြင်နေရပြီ။ သင်္ဘောသားရဲ့ အိမ်ရဲ့တောင်ဘက်က
မိသားစုကတော့ နှင်းသစ္စာဗီဒီယိုရုံမှာ မုန့်ဆိုင်သွားထွက်ကြမလို့ ဗန်းတချပ်၊
ထန်းခေါက်တောင်းတလုံးနဲ့ အလုပ်ရှုပ်နေကြပြီ။

''မြလွင်က မိန်းမထဲတော့ ရှားတယ်ဗျ''လို့ ဦးလေးက ပြောနေကျ။ ပြောလည်း
ပြောလောက်တယ်။ ဦးလေးနဲ့ နှစ်ဆယ့် ခြောက်နှစ်ကျော် ပေါင်းသွားတာ ပိုတယ်၊
လျှံတယ်လို့ မရှိခဲ့ဖူးကြပါဘူး။ မပြည့်စုံပေမယ့် မငြီးငြူဘူး။ မငြူစူဘူး။ စီးပွားရှာ
သူ ကိုယ်တိုင်က ခြစ်ခြစ် ခြုတ်ခြုတ်သုံးပြီး သူရှာရသမျှ ဦးလေးဖို့ချည်းပါပဲ။

ဦးလေးရဲ့ဆိုးအမျိုးမျိုးလည်း ခံသွားရရှာတယ်။ ဒေါ်ဒေါ် လွင်ဆုံးတော့ ၅၃နှစ်ပဲ
ရှိရှာသေးတာ။ အဲဒီတုန်းက ဦးလေးက ၅၉နှစ် ကျော်ပြီ။ ဒေါ်ဒေါ်လွင်ဆုံးတာ
အခုဆိုယင် သုံးနှစ်ပြည့်ခါ နီးပြီ။ ဦးလေးရဲ့ အပေါင်းအသင်းတွေက ဒေါ်ဒေါ်လွင်
မရှိတဲ့နောက် ဦးလေးကို စ,ကြ၊ နောက်ကြတယ်။ သွေးတိုးစမ်းကြတယ်။

နောက်တပင်ထူဖို့ပေါ့။ ဦးလေးက ခါးခါးသည်းသည်း ငြင်းတယ်။
''တော်ပြီ၊ တော်ပြီ. . .မြလွင်လောက်ကျုပ်အပေါ်ကောင်းမယ့်မိန်းမ ဒီလောကမှာ
ရှိတော့မှာမဟုတ်ဘူး''တဲ့။ ဦးလေးက အဲသလောက် သံယောဇဉ် ကြီးရှာ တယ်။
ဖိုးညီက ဝင်းကြား လမ်းကလေးအတိုင်း ဆက်လျှောက်လာတယ်။

ဝင်းထရံထောင့်တခုရောက်လို့ ချိုးလိုက်တော့ ဦးလေး နေတဲ့ အိမ်ကလေးကို
မြင်နေရပြီ။ သူ့ထက်နည်းနည်းကြီးတဲ့ အိမ်တွေကြားက ခပ်ကုပ်ကုပ်အိမ်ကလေး။
ဦးလေးရဲ့ အိမ်က ထူးခြားတယ်။ သူများအိမ်တွေလို မဟုတ်ဘူး။ အမိုးက
တံစို့ထိုးကြီး။ အရပ်ထဲက တချို့လူတွေက ဒီလိုပုံစံမိုးထားတာကို မကြိုက် ကြဘူး။
ခိုက်တတ်သတဲ့။ ဦးလေးက ဒါမျိုးတွေ အယူမရှိဘူး။

ဦးလေးက အိမ်ထဲမှာထိုင်ပြီး
ဆေးလိပ်ဖွာနေတယ်။ ဖိုးညီစိတ်အထင်တော့ မမြင်ရတဲ့ နှစ်ရက် သုံးရက်အတွင်း
ဦးလေးက ပိုပိန်သွားတယ်။ မျက်နှာက နဂိုကမှ ခပ်ချောင်ချောင်ရယ်။ အခုတော့
ပါးရိုးတွေငေါထွက်ပြီး တော်တော်အကြည့်ရဆိုးနေတယ်။ အဖြူရောင် ဆံစတွေ
မင်းမူနေတဲ့ ဆံပင်တွေကလည်း ညှင်းသိုးသိုးနဲ့၊ ဆံသဆရာတယောက်
မဟုတ်သလိုမျိုး။ ဦးလေးဝတ်နေကျ ဖန်တရာတေနေတဲ့ စပို့ရှပ်အစိမ်းကလေး
ဝတ်ထားတယ်။ ပုဆိုးကတော့ အစကဘာအရောင်၊ ဘာအမျိုးလို့ ပြောရခက်နေပြီ။
ဦးလေး ဘာဖြစ်နေတာလဲ၊ ဖျားတယ်ဆိုရအောင်လည်း ဦးလေးကအနွေးထည်
ဝတ်မထားဘူး။

အိမ်တွေကြားထဲမှာ ဘုရားပွဲက ဝင်္ကပါထဲ ဝင်မိတဲ့လူလို ကွေ့ကွေ့ကောက်ကောက်
နဲ့ လာနေတာ ဦးလေးက မြင်တော့ မြင်တယ်။ ဘယ်သူဘယ်ဝါရယ်လို့
မခွဲခြားနိုင်သေးဘူး။ ဦးလေးရဲ့ အိမ်ပေါက်ဝတည့်တည့်မှာ သူများအိမ်က
မန်ဒါလီလေးငါးကောင် ဝပ်နေကြတယ်။ ဒီမန်ဒါလီတွေကို ကျော်လွှားပြီး
ဦးလေးဆီရောက်အောင် သွားလိုက်တယ်။ ဦးလေးက ဆေးလိပ်အဖွာ ခဏရပ်ပြီး
မျက်မှောင်ကုပ်ကြည့်နေတာ အကြာကြီး။ တော်တော်ကိုနီးမှ ဝမ်းသာတဲ့အသံမှာ
အံ့သြသံကြီး စွက်လို့. . . .

''ဟာ. . .လာ. . .အဟင်း. . .လာ ဖိုးညီ. . . လာ. . .''တဲ့။ လှမ်းခေါ်ယင်း
ချွဲတချက်ခပ်ရသေးတယ်။ ဦးလေးရဲ့အသံက ပုံမှန်မဟုတ်ဘူး။ ချွဲခြောက်သံကြီး
ရောနေတယ်။ နံဘေးမှာ ရှိတဲ့ ယပ်တောင်ဟောင်း တချောင်းကို ဘေးဖယ်တဲ့ပြီး
ကွပ်ပျစ်ကလေးပေါ် နေရာပေးတယ်။လက်ထဲက ထမင်းဘူးကို ဆပ်ပြာသေတ္တာ
အဟောင်းတခုပေါ်တင်ယင်း-

''ဘာလို့ ဆိုင်မထွက်လာလဲ ဦးလေး ၊ ကျွန်တော်က နေများမကောင်းလို့လားလို့''
''ဟုတ်တယ် ဖိုးညီ၊ နေမကောင်းလို့၊ အစကတော့ အာဂန္တုဖျားလောက်ထင်ပြီး
ဆိုင်ကိုတရက် ဇွတ်ပေသွားလိုက်သေးတယ်။ အဲဒီညနေကျတော့ မနေနိုင်
တော့ဘူးဗျာ၊ တကိုယ်လုံးပူလာလိုက်တာ၊ အာခေါင်တွေကို ခြောက်လာတာပဲ၊
ဖျားလိုက်တာ၊ ဘာပြောကောင်းမလဲ၊ မနေ့ကအထိ တော်တော်ဖျားသေးတယ်''

ဦးလေးရဲ့လက်ကို ကိုင်စမ်းကြည့်တော့ မပူတော့ပါဘူး။ ကြည့်ရတာ
အားတော့ရှိသေးပုံမပေါ်ဘူး။ ဦးလေးအိမ်ကလေးက အိမ်မည်ကာမတ္တပဲ။
မြေစိုက်တဲသာသာ။ အနောက်ဘက်မှာပဲ ဝါးထရံရှိတယ်။ ထုထရံ၊ ဒါပေမယ့်
ယက်ထားတာမဟုတ်ဘူး။ ဒီအတိုင်းထောင်ထားတာ။ ကျန်တဲ့ဘက်က လက်နှစ်လုံး
လောက်ရှိတဲ့ ဝါးခြမ်းပြားတွေ ဘေးတိုက်ယှဉ်ပြီး သံနဲ့စွဲထားတယ်။ ဝါးခြမ်း
တချောင်းနဲ့တချောင်း ခဲတန်အလုံးလောက် ကျဲတဲ့နေရာကကျဲ။ နဂါးဆေးလိပ်
စပယ်ရှယ်အတုတ် လောက်ကျဲတဲ့နေရာက ကျဲနဲ့။ စိတဲ့နေရာက ခပ်နည်းနည်းပဲ။

ဦးလေးအိမ်မှာ ပြတင်းပေါက်မရှိဘူး။ တံခါးတချပ်ပဲ။ တံခါးက အိမ်ကို
ကာထားသလို ဝါးခြမ်းပြားတွေ စီရိုက်ထားတဲ့တံခါး။ ဆောင်းလေအေးကိုတော့
မြောက်ဘက်နံရံမှာ ဖျာကြမ်းကြီးတချပ်နဲ့ ကာထားတယ်။ ထရံမှာ ဖျာကြမ်းကို
နှီးနဲ့ ကြက်ချေးစုတုပ်ထားတယ်။ မြောက်လေကို အတန်အသင့်ကာပေမယ့်
အခုတော့ ဒီဖျာ ကြမ်းကြီးကြောင့် ပိုမှောင်နေတာပေါ့။ မြင်းမိုရ်ပိတ်ကလည်းတမျိုး။
အနောက်ဘက်က သစ်သားမြင်းမိုရ်ပိတ်၊ အရှေ့ဘက်ကတော့ ထရံနဲ့ပိတ်ထား
တယ်။

ဦးလေးဆီမှာ သောက်ရေအိုးစင်မပြောနဲ့ ကရွတ်ခွေတောင် မရှိဘူး။ သောက်ရေအိုး
လည်း မထားဘူး။ အိမ်က အများသုံး ရေတွင်းကို ခြေကန်ဆောက်ထားတာ
ဆိုတော့ ရေအိုးစင်မထားတော့ဘူး။ သစ်စေးတွေကွာနေတဲ့ နှီးရေပုံးဟောင်းကြီးက
ဦးလေးရဲ့ သောက်ရေခွက်ပဲ။ အတောင်နှစ်ဆယ်လောက်နက်တဲ့ ရေတွင်းက
ဦးလေးရဲ့သောက်ရေအိုးပေါ့။

ဖိုးညီရောက်ရောက်ခြင်း သူ့လက်ထဲက ထမင်းဘူး
တင်လိုက်တဲ့ ဆပ်ပြာသေတ္တာအဟောင်းထဲမှာ စက်ကပ်ကြေးပျက် အစိတ်အပိုင်း
တွေရယ်၊ အမွှေးတုံးနေတဲ့ ပလပ်စတစ် ဘရပ်ရှ်တခုရယ်၊ ဖောက်ပြီးသား
အခိုးပွင့်ဆေးနှစ်ထုပ်ရယ်၊ ဆေးလိပ်တိုတွေရယ်၊ စက္ကူဟောင်းတချို့ရယ်
ထည့်ထား တယ်။ ဦးလေး အလုပ်သွား အလုပ်ပြန်ဆောင်းနေကျ စစ်ဦးထုပ်
အဟောင်းက အရှေ့တောင်ထောင့်က လက်ခံတိုင်မှာ ချိတ်ထား တယ်။

ဒီတိုင်မှာပဲဦးလေးရဲ့ မည်းသည်းနေတဲ့ ခြင်ထောင်ရဲ့ ခြင်ထောင်ကြိုးတချောင်းက
လာချည်ထားတယ်။ တွဲလွဲကျနေတဲ့ ခြင်ထောင်ကြိုးစမှာ ခြင်ကျားသုံးလေးကောင်က
ယီးလေးခိုနေကြတယ်။ ခြင်ထောင်က ဈေးချိုမွေ့ရာတန်းက ဇာခြင်ထောင်
ဦးကျော်အေးတံဆိပ်ကပ်လျက်၊ ဒါပေမယ့် ဖုံရောင်ထပြီး ဖာရာတွေ အနှံ့နဲ့မို့
လန်ဒန်ကျွန်းကြီးကလာတဲ့ တိုက်ပန်းကန်ပြားအပဲ့က နှစ်ချပ်ဆိုသလို ဖြစ်နေတာပေါ့။

ယပ်တဖြတ်ဖြတ်နဲ့ ခြင်မောင်းနေတဲ့ ဦးလေးရဲ့လက်ထဲက ယပ်တောင်ကို
ဖိုးညီလှမ်းယူလိုက်တယ်။ ခြင်မောင်းတဲ့အလုပ်ကို ဖိုးညီလုပ်မလို့။ ဦးလေးက
ဆံပင်ညှပ်တဲ့အခါ ခြုံရတဲ့ ခြုံထည်အစုတ် တထည်နဲ့ ခြင်တွေကို တချက်တချက်
မောင်းလိုက်သေးတယ်။

''ထမင်းတော့ စားလို့ မဖြစ်သေးဘူးထင်တယ်နော်''
''ဟုတ်တယ်၊ ဖိုးညီ ဒါကြောင့်တူမတယောက်ကို ဆန်ပြုတ်ကလေး အပြုတ်ခိုင်း
ရတယ်''

ဦးလေးပြောတဲ့အသံကို တော်တော် နားစိုက်ထောင်ရတယ်။ လေသံတိုးတဲ့ကြားမှာ
ဘေးနားက ကြက်သားအုပ်မ နှစ်အုပ်က အိပ်တန်းတက်ခါနီး ကြက်ပေါက်စ
ကလေးတွေကို အစာရှာကျွေးနေတာ၊ ကြက်မကြီးနဲ့ ကြက်ပေါက်စလေးတွေရဲ့
အသံက ညံလို့။

''ဆိုင်တော့ ဘယ်တော့ ပြန်ထွက်မလဲ ဦးလေး''
''ထွက်ချင်တာတော့ ဖြစ်နိုင်ယင် အခုကိုထွက်ချင်တာပဲ၊ ဒါပေမယ့် ကျုပ်အားနည်း
နေသေးတယ်ထင်တယ် ဖိုးညီ''

ဦးလေးက သူ့ရဲ့ လက်ပိန်ပိန်နှစ်ဘက်ကို ကွေးလိုက်ဆန့်လိုက် လုပ်ယင်း
ပြောနေတယ်။ ဒေါ်ဒေါ်လွင် မရှိတဲ့နောက် ဦးလေးကဖြစ်သလိုနေနေတဲ့ပုံပဲ။
တအိမ်လုံး ပွစိခတ်နေတယ်။ မျက်နှာကျက်က ပင့်ကူအိမ် တွေနဲ့ မျက်နှာကျက်
ကျက်ထားတယ်။ ခေါင်တခုလုံးမည်းလို့။ အဖြူရောင်ပိုးအိမ်ကလေးတွေက
ကြယ်လေးတွေလို ဟိုနားစုစု၊ ဒီနားစုစုနဲ့။ အစကဘာအရောင်ပါလို့ အပြောရ
ခက်တဲ့ အဝတ်အစားထည့်တဲ့ သေတ္တာလည်း အဖုံးနဲ့ အံချောင်နေတယ်။

ဒေါ်ဒေါ်လွင်ဆုံးတော့ ကျန်ခဲ့တဲ့ ပန်းကန်တွေ၊ ဒန်အိုးတွေ၊ ဇလုံတွေအကုန် တူ,
တူမတွေပေးပစ်လိုက်တယ်။ မီးပြောင်းတို့ ယောင်းမတို့မပြောနဲ့။ ဇွန်းတောင်
တချောင်းမှ မချန်ဘူး။ ဒေါ်ဒေါ်လွင့် အဝတ်အစားတွေလည်း ပေးပစ်လိုက်တယ်။
ဈေးထွက်တဲ့ မိန်းမဆိုတော့ ဝတ်ကောင်းစားကောင်းလေး တချို့တော့
ဒေါ်ဒေါ်လွင့်မှာ ရှိတာပေါ့။ ဒါတွေကို မြင်နေယင် မြလွင်ကို သတိရလွန်း လို့ဆိုပြီး
ပေးပစ်လိုက်တာ။ ဒေါ်ဒေါ်လွင်နေမကောင်းတုန်းက နေ့မအိပ်ညမအိပ်ပြုစုတဲ့
ဦးလေးတူမ မလှကြိုင်က အဝတ်အစားအများစုရသွားတယ်။ ကြည့်မှန်နဲ့ မီးအိမ်
ကတော့ ဟိုတခါ ဦးလေးယုထင် နေမကောင်းတုန်းက ဆရာဝန်ခြေကြွခ ဖြစ်သွား
ရှာတယ်။

အိမ်ကပစ္စည်း များများစားစားမရှိပေမယ့် ရှိတဲ့ပစ္စည်းနဲ့ အစွမ်းကုန် ရှုပ်ပွနေတယ်။
အယင်က ဇနီးမောင်နှံ နှစ်ယောက် သန့်သန့်ပြန့်ပြန့်နေခဲ့ကြတဲ့ အိမ်လေးက
အခုတော့ ဖြစ်ချင်တိုင်း ဖြစ်နေတယ်။ စည်းမရှိ ကမ်းမရှိနေတတ်တဲ့ ကျောင်းသား
တွေ စုနေကြတဲ့ ဘော်ဒါဆောင် တဆောင်လိုပဲ။ ယိုင်ပြီး ကြမ်းတွေ
ကျဲတိကျဲတောက် ဖြစ်နေတဲ့ ကွပ်ပျစ်ပေါ်မှာ ဖျာကြမ်းတချပ်၊ အဲဒီ အပေါ်က
အနားစုတ်နေတဲ့ သင်ဖြူးဟောင်း၊ ခေါင်းအုံးစွပ်မရှိပဲ ချေးစွဲနေတဲ့ ခေါင်းအုံးပေပေ
ကတလုံး၊ အညာစောင်နဲ့ ခေါင်းစွပ် စွယ်တာကလည်း ထွေးလုံးရစ်ပတ်
နေကြတယ်။

အံမကျတဲ့ သံသေတ္တာဟောင်းကလည်း ဒီကွပ်ပျစ်ပေါ်မှာပဲ။
ကွပ်ပျစ်နဲ့ ကွပ်ပျစ်ခြေရင်းက ခေါင်တိုင်ကို ကြိုးတန်းတတန်း ပစ်ထားတယ်။
ဒီကြိုးတန်းပေါ်မှာ ထဘီနှစ်ထည် တွေ့ရတယ်။ တထည်ကဖြန့်လျက်သား။
တထည်က ဖြစ်သလို လုံးထွေးတင်ထားတယ်။ ခပ်နွမ်းနွမ်းတွေ။ ဒါတွေတွေ့တော့
ဖိုးညီ သိပ်အံ့သြသွားတယ်။ အော်. . .ဒါကြောင့် အခုတလော ဦးလေး
မူပျက်နေတာကိုးလို့ သူ့စိတ်ထဲတင်ပြောနေမိတယ်။

အစကတော့ မြလွင်လောက်
ကျုပ်အပေါ် ကောင်းမယ့်မိန်းမ ဒီလောကမှာ ရှိတော့မှာ မဟုတ်ပါဘူးလေး
ဘာလေးနဲ့၊ လောကကြီးနဲ့ ချီလို့။ ဦးလေးမျက်နှာကို လှမ်းကြည့်တော့ ဘာမှ
မထူးသလို၊ ဘာမှမလုံမလဲ ဖြစ်စရာမလိုတဲ့ပုံ။ မဟုတ်တာ မမှန်တာ ဘာမှမလုပ်တဲ့
မျက်နှာမျိုး။ ခပ်တည်တည်နဲ့။ ခြုံထည်အစုတ်နဲ့ ခြင်မောင်း မပျက်ဘူး။

''ဟင်း၊ အိုကြီး အိုမ ကျမှ. . .''ဆိုတဲ့စကား ဖိုးညီ လည်ချောင်းထဲမှာ
လာတစ်နေတယ်။
''ဒီကဖြင့် သွေးရိုးသားရိုး နေထိုင်မကောင်းဖြစ်တာမှတ်ပြီး သနားမလို့ ဦးလေးက
အခုတော့. . .''လို့ ပြောလိုက်ရကောင်း မလား။ ပြန်စဉ်းစားကြည့်တော့။
ဒေါ်ဒေါ်လွင်ဆုံးတာ သုံးနှစ်တောင် မပြည့်သေးဘူး။ အရိုးတောင် ဆွေးချင်မှ
ဆွေးအုံးမယ်။ ''အော်. . .လူဆိုတာ တခါတလေ အပြောလောဘ
ကြီးတတ်တယ်လေ''လို့ တွေးပြီး သူ့မကျေနပ်စိတ်ကို ဖိုးညီ ချေဖျက်နေမိတယ်။
ယောက်ျားဆိုတာ ဖွဲတဆုပ် မနိုင်တော့မှ ဒီကိစ္စကို ဘယ့်နှယ် ညာ့နှယ်ဆိုတဲ့
စကားနဲ့ ဦးလေးနဲ့တော့ မသင့်တော်တာ အမှန်ပဲလို့ ဖိုးညီထင်တယ်။

''ဦးလေး. . .ဒီ ထဘီတွေက. . .''
အသံရော လေယူ လေသိမ်းကိုပါ ထိန်းထိန်း သိမ်းသိမ်းနဲ့ မေးလိုက်ပေမယ့်
သူ့စိတ်ထဲမှာ ဒေါသသံနည်းနည်း ပါသွားတယ်လို့ ထင်လိုက်တယ်။ ဒါကို
ဦးလေးရိပ်မိသွားလေမလား။

''အော် ကျုပ်က ည,ညဆိုယင် ရေတွင်းမှာ လူရှင်းမှ ရေချိုးရတာကလား''
''တခြားကြောင့် ဟုတ်ပါရိုးလား၊ ရေဝတ်ချိုးစရာ ရေလဲလုံချည် ကျုပ်မှာ
ရှိတာမဟုတ်ဘူး။ တူမတော်တွေ မကြိုက်လို့ ထားခဲ့တဲ့ မြလွင်ထဘီဟောင်း
လေးတွေ ရေလဲလုံချည်လုပ်နေရတာဗျ။ တနေ့ကတော့ ရေတွင်းမှာ လူရှင်းတဲ့
အချိန်က အတော် မိုးချုပ်သွားတယ်။ ဒါကြောင့် ကျုပ်အအေးပတ်ပြီးဖျားတာ၊
ခါတိုင်းလည်း ဒီလိုအချိန် ချိုးတော့ ချိုးနေကျပါပဲ၊ အခန့်မသင့်လို့ပါ ဗျာ. . .''

ဦးလေးက လေအေးအေး တိုးတိုးနဲ့ ဆက်ပြောနေရှာတယ်။ ဖိုးညီ ထခုန်
မတတ်ဖြစ်ပြီး ဦးလေးရဲ့လက်ကို ယောင်ရမ်းပြီး ဖမ်းဆုပ်မိတယ်။ ဦးလေးကတော့
ဒီလူ ဘာဖြစ်သွားတာပါလိမ့် ဆိုတဲ့ အကြည့်နဲ့။

ညီပုလေး
စံပယ်ဖြူ၊ သြဂုတ်၊ ၁၉၈၇

No comments:

Post a Comment