တက္ကသိုလ် ဥပဒေကြမ်း ပြန်လည် ရေးဆွဲရာတွင်
တက္ကသိုလ်များ လွတ်လပ်စွာ ရပ်တည်နိုင်ရန် အရေးကြီး

တက္ကသိုလ်ဥပဒေကြမ်းပြန်လည် ရေးဆွဲရာတွင် ပါဝင်သင့်သည့် အချက်များနှင့် ပတ်သက်၍ ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာနမှ လက်ထောက် ကတိက ဒေါက်တာကျော်သန်းမိုး အား ဩဂုတ် ၂၇ ရက်တွင် မြန်မာအင်ဒီပဲန်ဒင့် မှ တွေ့ဆုံ မေးမြန်းရာ၌ တက္ကသိုလ် ဥပဒေသည် လွတ်လပ်သော ဥပဒေသာ ဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။
လက်ထောက် ကထိက ဒေါက်တာ ကျော်သန်းမိုး
ယင်းက တက္ကသိုလ်ဥပဒေကြမ်း ပြန်လည်ရေးဆွဲရာတွင် ဥပဒေသည် တိတိကျကျ ဖြစ်ရန် အရေးကြီးကြောင်း၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၏ အရည်အချင်းအား ကျောင်းသားကပင် သတ်မှတ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တက္ကသိုလ် ပညာရေး ဗဟိုကောင်စီမှ ဦးစီးချုပ်ကိုင်မှုကြောင့် အရာရာတိုင်းသည် အထက်ကို တင်ပြရကြောင်း၊ ထိုသို့မဖြစ်ရန် လွတ်လပ်သော သီးခြား ရပ်တည်သည့် တက္ကသိုလ်ဖြစ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံသောအခါတွင်လည်း တက္ကသိုလ်၏ ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရှိရန် လိုအပ်ကြောင်း၊ အခြားသော နိုင်ငံများတွင် အကြီးဆုံး တက္ကသိုလ်မှ ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း၊ တက္ကသိုလ် အဖွဲ့အစည်းတွင် တက္ကသိုလ်သမဂ္ဂ (Senate)ဟူ၍ ရှိကြောင်း အကြီးဆုံး တက္ကသိုလ်မှ အဓိက တာဝန်ရှိသူက တစ်ဦးတည်း မဆုံးဖြတ်လျှင် သမဂ္ဂက ဆုံးဖြတ်မှု ပြုလုပ်ကြောင်း၊ ယင်းအဖွဲ့အစည်း နှင့်တွေ့ဆုံ၍ နိုင်ငံခြား ပညာတော်သင် စေလွှတ်ခြင်းနှင့် Exchange Programme များ ပြုလုပ်လေ့ ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ယခုကဲ့သို့ နိုင်ငံတကာ တက္ကသိုလ်များနှင့် ဆက်ဆံမှု ရှိလာသည့်အတွက် ယင်းက ပြောကြားရာတွင် “တက္ကသိုလ် တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှုတွေ ပြုလုပ်တဲ့အခါ အကုန်လုံးက လွတ်လပ်မှု ရှိဖို့လိုတယ်။ အခုက အကုန်လုံး အထက်ကို တင်ပြဦး။ အဲဒီတော့ လွတ်လပ်တဲ့ ဥပဒေကို ပြဋ္ဌာန်းဖို့ လိုတယ်”ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒေါက်တာ ကျော်သန်းမိုးက တက္ကသိုလ်များရှိ သင်ရိုးများသည် ပါမောက္ခ အပေါ်တွင်သာ မူတည် သင့်ကြောင်း၊ မိမိ တက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူများအတွက် အကျိုးရှိစေမည့် သင်ရိုးများကို ပို့ချ သင့်ကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများနှင့်တက္ကသိုလ်များ ချိတ်ဆက်မှု ရှိရန် လိုအပ်ကြောင်း၊ ပြင်ပလုပ်ငန်းမှ လိုအပ် ချက်နှင့် မိမိတို့ ကျောင်းသားများ၏ အရည်အချင်း ကိုက်ညီလျှင် ပြင်ပ အလုပ်အကိုင် ပြဿနာ ဖြေရှင်း ပြီးသား ဖြစ်မည် ဟုလည်း ပြောကြားခဲ့သည်။
ထပ်မံ၍ ယင်းက ပြောကြားရာတွင် တက္ကသိုလ်များတွင် စာသင်ကာလသည် တိုတောင်းကြောင်း၊ ကျောင်းသား များအား စာသင်ကြားရာတွင် ၃ လတစ်ဖြတ် ပြုလုပ်ထားသော စာသင်ကာလကြောင့် သင်ကြားရာတွင် အခက်အခဲ ရှိကြောင်း၊ ကျောင်းသားများအား စာသင်ကြားရေးထက် စာမေးပွဲအောင်မြင်ရေး က အရေးကြီး နေကြောင်း၊ ဤအချက် အားလည်း ပြင်ဆင်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ယခုပြန်လည် ရေးဆွဲမည့် ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ရေးဆွဲမည် ဖြစ်သည်။ ရေးဆွဲရာတွင် လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာရေး ကော်မရှင်က ဦးဆောင် ရေးဆွဲမည် ဖြစ်ပြီး။ ထိုကော်မရှင်တွင် လွှတ်တော် ကိုယ်စားလှယ်များ၊ အခြားအဖွဲ့အစည်းတို့ မှ ပညာရှင်များ နှင့်အတူ ယခင်ပညာရေး ဌာနများတွင် အလုပ် လုပ်ခဲ့ကြသည့် ပညာရေးနှင့် ပတ်သက်သော ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များ ပါဝင်မည် ဖြစ်သည်။
ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီက ဇူလိုင် ၄ ရက်တွင် တင်သွင်းခဲ့သည့်တက္ကသိုလ် ဥပဒေကြမ်းအား သဘောမတူမှုများ ရှိခဲ့သဖြင့် အတည်ပြုဆဲ အဆင့်မှ ရပ်ဆိုင်း ဥပဒေကြမ်း ကော်မတီ၊ ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာရေးအဖွဲ့၊ သက်ဆိုင်ရာပြည် ထောင်စုဝန်ကြီးဌာနများနှင့် စိတ်ပါဝင်စား ကြသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံးညှိနှိုင်းကာ အသစ်ပြန်လည် ပူးပေါင်းရေးဆွဲ၍ လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြပြီး လွှတ်တော်၏ ဆန္ဒရ ယူကာ ဆောင်ရွက်သွားမည်ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်းက ဇူလိုင် ၃၁ ရက်တွင် ပြုလုပ်သော လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များအား အသိပေးခဲ့သည်။
မောက္ခ
...........................................
တက္ကသိုလ်စာသင်နှစ် တစ်နှစ်ထပ်တိုး၊ ၀င်ခွင့် ရမှတ် တိုးမြှင့်
အဆင့်မြင့် ကဏ္ဍတက္ကသိုလ် အဆင့်တွင် ယခုပညာသင်နှစ်မှ စတင်ကာ စာသင်နှစ်များကို မူလကထက် တစ်နှစ်စီ ထပ်တိုးထားပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့၌ လက်ခံနိုင်မည့် ကျောင်းသား အရေအတွက်ကိုလည်း ယခင်နှစ်ကထက် လျှော့ချထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရပါသည်။
အလားတူ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များဖြစ်သည့် နည်းပညာ တက္ကသိုလ်များ၊ အစိုးရနည်း ပညာကောလိပ်များနှင့် အစိုးရစက်မှု လက်မှုသိပ္ပံများ၊ နည်းပညာတက္ကသိုလ်များ၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာ တက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်များ စသည့် တက္ကသိုလ်များတွင် ယခင်နှစ်ကထက် ကျောင်းသား ဦးရေလျှော့ချ ခေါ်ယူထားခြင်းနှင့် ၀င်ခွင့် လျှောက်ထားနိုင်သည့် အနိမ့်ဆုံး ရမှတ်များကို ယခင်နှစ်ကထက် တိုးမြှင့်ထားသည့်အပြင် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီး တို့ရှိ ဆေးတက္ကသိုလ် များတွင်လည်း ၀င်ခွင့်လက်ခံမည့် ဦးရေကို ထက်ဝက်ခန့် လျှော့ချထားသည်ကိုလည်း တွေ့ရှိရပါသည်။
“၀င်ခွင့်အမှတ်တွေကို တိုးပြီး ကျောင်းသားဦးရေကို လျှော့ခေါ်လိုက်တာက ထိရောက်တဲ့ သင်ကြား မှုနဲ့ ကျောင်းသားတွေရဲ့ အရည်အသွေးပိုင်းဆိုင်ရာကို မြှင့်တင်တဲ့သဘောပါ။ အရည်အသွေးပိုင်း ဆိုင်ရာကို မြှင့်တင်သွားမှာဖြစ်တဲ့ အတွက် လျှောက်ထားတဲ့ရမှတ်နဲ့ လျှောက်တဲ့ အရေအတွက်ပေါ်မူ တည်ပြီး အမှတ်အများဆုံးကနေစ ပြီး သတ်မှတ်ဦးရေအထိ စိစစ်ရွေးချယ်သွားမှာ ဖြစ်ပါတယ်”ဟု တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ (အဆင့်မြင့် ပညာဦးစီးဌာန-အောက် မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦး ကပြောပြခဲ့ပါသည်။
“၀င်ခွင့်အမှတ် သတ်မှတ်ချက် မပေးထားတဲ့ တက္ကသိုလ်တွေဆိုရင်လည်း ဘယ်တက္ကသိုလ်မဆို မိမိဝါသနာနဲ့ ကိုက်ညီမယ်ဆိုရင် လျှောက်ပါ။ အမှတ်အမြင့်ဆုံး ကနေစပြီး သတ်မှတ်ဦးရေ ပြည့်သည်အထိ စီပြီးသွင်းသွားမှာဆိုတော့ အခွင့်အရေးက လျှောက်တဲ့ ကျောင်းသားဘက်မှာလည်း ရှိနေပါတယ်”ဟု ၎င်းကဆက်လက်ပြော ပြခဲ့ပါသည်။
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် ကျောင်းသားအချို့မှာ မိမိအမှန်တကယ် ၀ါသနာပါသည့် ဘာသာရပ်သင်ယူနိုင်ရန် ရွေးချယ် လျှောက်ထားခြင်းမျိုးထက် မိမိရမှတ် နှင့် ချိန်ဆကာ အမှတ်အများဆုံးကို စီ၍ အစဉ်လိုက် လျှောက်ထားကြ သည့်အတွက် ၀ါသနာနှင့် အသက်မွေးဝမ်းကျောင်း ကိုက်ညီမှုမရှိသည့် ဖြစ်ရပ်များကြောင့် အချို့မှာ ကျောင်းပြီးဆုံးသည်အထိ ပညာ ဆက်လက် သင်ကြားနိုင်မှုမရှိသည့် ဖြစ်ရပ်များကိုလည်း သာဓကတစ်ခုအဖြစ် တက္ကသိုလ်ရွေးချယ် လျှောက်ထားမည့်သူများ သတိပြုရမည် ဖြစ်ကြောင်း အငြိမ်းစားပါမောက္ခချုပ် တစ်ဦးက ပြောကြားသည်။
၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသားကျောင်းသူ ပေါင်း ၁၆၀၇၇၈ ဦးဖြေဆို အောင်မြင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၌ဖြေဆို အောင်မြင်သူ ၁၆၅၀၀၀ ဦး ရှိသော်လည်း တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူ ၁၆၀၀၀၀ ဦး သာရှိခဲ့ကြောင်း သိရသည်။
ဝင်ခွင့်အမှတ်များ တိုးမြှင့်ထားပြီး လက်ခံဦးရေ လျှော့ချထားသည့် တက္ကသိုလ်ကျောင်းများ စာရင်း
တက္ကသိုလ် ၀င်ခွင့်လျှောက်ထားနိုင်သည့် ရမှတ်စာရင်း လက်ခံဦးရေ
၂၀၁၁ ၂၀၁၂ ၂၀၁၁ ၂၀၁၂
ဆေး - - ၂၄၀၀ ၁၂၀၀
နည်းပညာ တက္ကသိုလ်များ/ အစိုးရနည်းပညာ ကောလိပ်များ နှင့်စက်မှုလက်မှုသိပ္ပံများ ၃၂၀ နှင့်အထက် ၃၆၀ နှင့်အထက် ၂၉၂၅၀ ၁၆၀၀၀
မြန်မာနိုင်ငံရေကြောင်းပညာ ၄၀၀ နှင့်အထက် ၄၅၀ နှင့်အထက် - -
မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ ၃၇၀ နှင့်အထက် ၄၂၀ နှင့်အထက် - -
နည်းပညာ(ရတနာပုံဆိုက်ဘာစီးတီး) ၃၅၀ နှင့်အထက် ၄၂၀ အထက် ၁၀၀၀ ၅၀၀
စီးပွားရေး (ဘောဂဗေဒဘာသာရပ် အပါ) ၃၀၀ နှင့်အထက် ၃၅၀ နှင့်အထက် - -
စီးပွားရေး (ဘောဂဗေဒဘာသာရပ် မပါ) ၃၂၀ နှင့်အထက် ၃၅၀ နှင့်အထက် - -
eleven media
No comments:
Post a Comment