ကျနော့်အိမ်နီးနားချင်း ဗိုလ်ချုပ်ကျော်ဇော

ကျနော်တို့ မိသားစုနဲ့ ဗိုလ်ချုပ်ကျော်ဇောတို့မိ သားစုဟာ ဆွေရင်းမျိုးရင်းလိုပဲ ရင်းနှီးပါတယ်။ ဒါပေမဲ့ သူတို့က ရန်ကုန်မှာနေ၊ ကျနော်တို့က မန္တလေးမှာနေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် တွေ့ချင်ရင် မိုင်၄၀၀ခရီးသွားမှ တွေ့ကြရ ပါတယ်။ ဒါပေမဲ့ ကံကြောင့်ပဲ ပြောရမလား၊ ရေစက်ကြောင့်ပဲ ပြောရမလား၊ ဦးလေး (ကျနော်ကသူ့ကို အမြဲဦးလေးလို့ပဲ ခေါ် ပါတယ်)နဲ့ အိမ်ချင်းပေ ၄၀လောက်အကွာမှာ နေခဲ့ရပါတယ်။
အဲဒါ ၀ဒေသ ပန်ဆန်း(အခု အခေါ် ပန်ခမ်း) မှာပါ။
ကွန်မြူနစ်ပါတီရဲ့ အဲဒီတုန်းက ဗဟိုစခန်းဟာ တရုတ်ပြည်နယ်စပ်၊ နမ့်ခါချောင်း ကွေ့ပတ်စီးဆင်းသွားတဲ့ ချောင်းအကွေ့က တောင်စောင်း၊ တောင်ထိပ်မှာတည်ရှိပါတယ်။ နယ်စပ်မျဉ်းက အဲဒီချောင်းရဲ့ အလယ်တည့်တည့်မှာ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ ကျနော်နေတဲ့ အခန်းနဲ့ ဦးလေးတို့ ဇနီးမောင်နှံနေတဲ့ အခန်းဟာ ခြေလှမ်း၂၀လောက်ပဲကွာ ပါတယ်။ ခေါ်ချင်ရင် အော်ခေါ်ဖို့တောင် မလိုတဲ့အကွာအဝေးပါ။
အဲဒီလို ကာလတွေမှာ ကျနော် သတိပြုမိတဲ့ ဦးလေးအကြောင်းတွေ ရေးပါ့မယ်။ ဦးလေးဟာ မနက်စောစောထလာတာနဲ့ မျက်နှာသစ်ပြီး ကျန်းမာရေးလေ့ကျင့်ခန်း လုပ်ပါတယ်။ ကျနော်တို့ နေတဲ့နေရာရဲ့ အောက်မှာက တသွင်သွင်းစီးဆင်း နေတဲ့ နမ့်ခါချောင်းထဲကို လျှောဆင်းသွားတဲ့ တောင်ခါးပန်းလေးပါ။ နောက်ပြီးချောင်းရဲ့ တဘက်မှာတော့ အလားတူ ဆင်ခြေလျှောတောင်ခါးပန်းနဲ့ တရုတ်ပြည်ထဲက ရှမ်းရွာလေးတရွာ ရှိပါတယ်။ ဟိုဘက်တောင်စောင်းနဲ့ ဒီဘက်တောင်စောင်းဟာ မီတာ၃-၄၀၀လောက် ကွာမယ် ထင်ပါတယ်။ အတော်ကျယ်ပြီး ရှည်လျားတဲ့ လျှိုကြား ချောင်းရိုး ရှုခင်းဟာ သာယာ လှပတယ်လို့ပြောရမှာပါ။ နောက်ပြီး လေထုဟာလည်း သန့်ရှင်းလှတယ်လို့ ပြောနိုင်ပါတယ်။
ဦးလေးက အဲဒီရှုခင်းကို မျက်နှာမူပြီး မနက်တိုင်း လေ့ကျင့်ခန်းလုပ်ပါတယ်။ ဒေါ်ဒေါ် ဒေါ်သန်းစိန်(ဦးလေးရဲ့ဇနီး)ကတော့ မနက်တိုင်း ဘုရားရှိခိုး ပါတယ်။ တရက်မပျက်ပါဘူး။ ဒေါ်ဒေါ်က ညမှာလည်း ဘုရားရှိခိုးပြီးမှ အိပ်ရာဝင်တာပါ။ ဦးလေးဟာ အဲဒီလို လေ့ကျင့်ခန်း လုပ်ပြီးရင် ယေဘုယျအားဖြင့်တော့ မနက်စာ ထမင်းစားတော့တာပါပဲ။ အဲဒီတုန်းက ကျနော်တို့အားလုံး တနေ့မှာ ထမင်း၂နပ်ပဲ စားပါတယ်။ ဒါကြောင့်မနက်၉နာရီလောက်မှာတစ်နပ်၊ ညနေ ၅နာရီလောက်မှာတစ်နပ်၊ ဒါနဲ့ ပြီးတာပါပဲ။
ဦးလေးက အဲဒီတုန်းက ဗဟိုကော်မတီဝင်လည်းဖြစ်၊ စစ်ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဦးလေးတို့လို ခေါင်းဆောင်တွေရတဲ့ ရိက္ခာဟာ ဆန်နဲ့ဆီမှာ ကျန် သာမန်ရဲဘော်တွေ ရတဲ့နှုန်းနဲ့ အတူတူ တစ်နှုန်းထဲဖြစ်ပြီး ဟင်းဖိုးမှာ (ဗမာငွေ) ဆယ်ကျပ်လောက် ပိုပါတယ်။
ဘာမှမများပါဘူး။ ခေါင်းဆောင်တွေလည်း ဈေးပတ်တိုင်း(ငါးရက်တဈေးပါ) အသားငါးစားချင်မှ စားနိုင်တာပါ။ ဒီတော့ နောက်တန်းစခန်းမှာ အိမ်ထောင်တွေဟာ ဟင်းခင်းလေးစိုက်၊ ကြက်မွေး လုပ်ကြပါတယ်။ လူလွတ်တွေကလည်း ဘုံစိုက်ပျိုးမွေးမြူရေးလုပ်ကြပါတယ်။ ဦးလေးတို့ အိမ်မှာတော့ အဓိကအားဖြင့် ဒေါ်ဒေါ်က လုပ်တာပါ။ ဒါပေမဲ့ ဦးလေးလည်းအားရင်၊ ကြုံရင် ပေါက်ပြားပေါက် ရေလောင်း၊ ကြက်စာကျွေး လုပ်ရပါတယ်။ ကြက်မွေးတယ်ဆိုလို့ အထင်မကြီးပါနဲ့။ များလှမှ လေးငါးခြောက်ကောင်ပါ။ အဲဒီမှာ ကြက်မွေးတယ်ဆိုတာက လှောင် မမွေးနိုင်ပါဘူး။ အစာမတတ်နိုင်ပါဘူး။ လွှတ်မွေးရတာပါ။ ဒါပေမဲ့ ညနေစောင်းရင် ကြက်တွေကို ကြက်ခြံထဲပြန်ဝင်စေရပါတယ်။ တောကြောင်က နေ့ခင်းမှာတောင် ဆွဲတတ်တဲ့ ပတ်ဝန်းကျင်မျိုးပါ။ ဒါကြောင့် ရန်သူတွေကိုဝိုင်းပတ် ချေမှုန်းခဲ့တဲ့ ကျနော့်ဦးလေးတယောက်ကို တခါတလေမှာ သူ့ကိုယ်ရံ၊ သူ့ဇနီးတို့နဲ့ အတူ ကြက်တွေ ၀ိုင်းပတ်မောင်းသွင်းနေတာ၊ ကြက်ကို ဖမ်းဖို့ ၀ိုင်းခြောက်ပေးနေတာလည်း တွေ့ရတတ်ပါတယ်။
တော်လှန်ရေးဒေသရောက်တဲ့ ဦးလေးအဖို့ အနေအထိုင် အစားအသောက် အခက်အခဲ၊ ရုပ်ဝတ္ထု အကန့်အသတ်ရှိမှု တောင်တက်ရတဲ့ အခက်အခဲစတာတွေဟာ သူ့အတွက် မှုစရာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ လုံးဝ မကျော်လွှားနိုင်တဲ့ အခက်အခဲ တခုရှိပါတယ်။ အဲဒါက ဘာသာစကားပါပဲ။ အစည်းအဝေးတခုလုပ်ရင် ဘာသာ၂မျိုး ၃မျိုးပြန်ရတဲ့ အရပ်ဒေသမှာ သူ့အဖို့ နေ့စဉ်လိုပဲ ဒီပြဿနာနဲ့ ရင်ဆိုင်ရပါတယ်။ တခါတလေ သူ့ကိုယ်ရံ ရဲဘော်လေးနဲ့ သူနဲ့ စကားမပေါက်လို့ ခြေဟန် လက်ဟန်တွေနဲ့ ဗျာများနေတဲ့ ဦးလေးရဲ့ပုံကို တွေ့ရင် မပြုံးပဲ မနေနိုင်ပါဘူး။ သူများတွေကို အကူအညီ တောင်းရပါတယ်။ ၀ရဲဘော်လေးတွေရဲ့ ဗမာစကား ရေချိန်ကလည်း အကန့်အသတ်ရှိတော့ အခက်အခဲက မသေးပါဘူး။ အဲဒီ ၀ရဲဘော် လေးတွေက ၁၇နှစ်-၁၈နှစ်အရွယ်လေးတွေ များပါတယ်။ အဲဒီ ရဲဘော်လေးတွေကို ဦးလေးက သူ့ထုံးစံအတိုင်း ခါးညွှတ်ပြီး သူဖြစ်ချင်တာကို ခင်ဗျားတွေ ကျနော်တွေနဲ့ ပြောနေတတ်ပါတယ်။ ဘာသာစကားပြဿနာကြောင့် ဦးလေး မကြာခဏ ကြုံတွေ့ရတဲ့ နောက်အခက်အခဲတခုက ထမင်းစာပွဲ၊ ဧည့်ခံပွဲတွေမှာ ဖြစ်ပါတယ်။ သူများတွေက ဦးလေးကို လူကြီးမို့ တလေးတစား ဦးဦးဖျားဖျား အတူ အရက်သောက်ခိုင်း(တို့စ်လုပ်)ရင် အရက်မသောက်၊ ဆေးလိပ်မသောက်တဲ့ ဦးလေး ခမျာ ဒုက္ခတွေ့တော့တာပါပဲ။ ပြုံးပြုံး ပြုံးပြုံးနဲ့ အဲဒီလိုငြင်းနေတဲ့ ဦးလေးရဲ့ပုံကိုက သူ့ရိုးသားမှုကို ဖော်ပြတာမို့ သူ့စကားကို နားမလည်တဲ့ တခြားလူတွေကလည်း ပြုံးကြ နားလည်းကြပါတယ်။
ဦးလေးကို အများဆုံး တွေ့ရတတ်တာကတော့ သူခရီးမထွက်၊ အစည်းအဝေးမတက်ဘူးဆိုရင် မြေပုံတွေဖတ် နေတာ၊ စာကြည့်နေတာ၊ မှတ်စုကူးနေတာပါပဲ။ ဦးလေးကို အလကားနေတာ၊ အလဟဿအချိန်ဖြုန်းနေတာ တစ်ခါမှ မတွေ့ဖူးပါဘူး။ ဦးလေးမှာ ၀တ္တရားတခုလိုဖြစ်နေတဲ့ ကိစ္စတစ်ခုကတော့ ဧည့်ခံစကား ပြောရတာပါ။ မြို့က တောခိုလာတဲ့ လူတွေ၊ ၀ဒေသကို လာရောက်ကြတဲ့ တခြားဒေသတွေက တပ်ပေါင်းစုရဲဘော်တွေဟာ ဦးလေးကို သိပ်တွေ့ချင်၊ စကား ပြောချင်ကြပါတယ်။သူတို့ဟာ ဦးလေးဆီက မေးမကုန်တဲ့ ဗဟုသုတတွေကို နားထောင်ချင်ကြတာကိုး။ ဒါပေမဲ့ ဦးလေးက ပြန်မေးတာကလည်း နည်းတာ မဟုတ်ဘူး။ ဘယ်အရပ်က လာတဲ့လူပဲဖြစ်ဖြစ် ဦးလေးအဖို့ အခြေအနေ နားလည်ယူနိုင်တဲ့ ရေသောက်မြစ်ချည့် ဖြစ်နေပါတယ်။
နောက်ဆုံးအနေနဲ့ ကနေ့အထိ ကျနော်မြင်ယောင်နေတဲ့ ဦးလေးလှုပ်ရှားပုံလေးကိုပြောပြချင်ပါတယ်။ ဗဟိုရုံး စခန်းနဲ့ တစ်မိုင်လောက်ဝေးတဲ့ အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို အစည်းအဝေးသွားတက်တဲ့ ဦးလေးရဲ့ပုံလေးပါ။ သူနဲ့ သူ့ကိုယ်ရံ ၀ရဲဘော်လေး၊ တယောက်က ပစ္စတိုခါးချိတ်၊ စာစောင်စာတန်းတွေ ဘေးလွယ်အိတ်ထဲမှာထည့်လို့၊ နောက် တယောက်က အေကေ ၄၇သေနတ်ကို ပုံခုံးမှာလွယ်လို့၊ ချောင်းရိုးတလျှောက် တောင်စောင်းလမ်းကလေးအတိုင်း ကုတ်ကုတ် ကုတ်ကုတ်နဲ့ လျှောက်သွားကြတဲ့ မြင်ကွင်းပါ။ စကားမပေါက်ကြလေတော့ တယောက်နဲ့ တယောက်လည်း စကားမပြောပဲ သွားကြတာ တောင်စောင်းအကွေ့လေးမှာ ကွယ်သွားတော့မှ မြင်ကွင်းထဲက ပျောက်သွားပါတယ်။ သူတို့ နှစ်ယောက် ညနေစောင်းလို့ ပြန်လာတော့လည်း ဒီပုံပါပဲ။
စပါးနှံများဟာ စပါးအသီး ကြွယ်ဝလေ ညွှတ်လေဆိုသလိုပဲ လူတွေဟာလည်း တန်ဘိုးရှိလေ ရိုးသားနှိမ့်ချလေလို့ ဆိုရမယ်ထင်ပါတယ်။
ဖိုးသံ (လူထု)
[ပြည်တွင်းကထုတ်တဲ့ Myanmar Independent ဂျာနယ် အမှတ် (၃) အောက်တိုဘာ ၁၈၊ ၂၀၁၂ မှ ကူးယူဖော်ပြလိုက်ပါတယ်။]
source... Aye Win's Facebook
No comments:
Post a Comment