အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို
ခဏထားစမ်းပါ ...

(၂၀၁၁ မေလ ၁၆-ရက်နေ့ (၃) နာရီ အမေရိကန်ပြည်ထောင်စု နယူယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးတွင် မိန့်ခွန်းပြောခဲ့စဉ်က)
" အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါ ...
အတွင်းကမ္ဘာ Inidividual World တစ်ယောက်ဆီ တစ်ယောက်ဆီနဲ့ ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို အရင်လုပ် ....."
( သီတဂူဆရာတော်ကြီး )
ခဏထားစမ်းပါ ...
(၂၀၁၁ မေလ ၁၆-ရက်နေ့ (၃) နာရီ အမေရိကန်ပြည်ထောင်စု နယူယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးတွင် မိန့်ခွန်းပြောခဲ့စဉ်က)
" အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါ ...
အတွင်းကမ္ဘာ Inidividual World တစ်ယောက်ဆီ တစ်ယောက်ဆီနဲ့ ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို အရင်လုပ် ....."
( သီတဂူဆရာတော်ကြီး )
မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ့ မြောက်ဘက် ကက်ရှ်မီးယားရဲ့ အရှေ့မြောက် လာဒက်က ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီးတရားဟောတယ်။
Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာအဖွဲ့ ရဲ့ ဌာနချုပ်မြို့ လယ်ခေါင်မှာဖွင့်ထားတယ်။ တစ်မြို့ လုံး ပိုစတာ ထောင်ပြီးတော့ ကြော်ငြာလိုက်တော့ ဗုဒ္ဓဘာသာဝင်ရော ၊ ခရစ်ယာန်စတဲ့ အခြားဘာသာဝင်တွေရော အားလုံးလာပြီးတော့ နားထောင်ကြတယ်။ Tourist တွေကလည်း အရမ်းပေါတယ်။ သူတို့ လည်း လာနားထောင်ကြတယ်။ ခေါင်းစဉ်က ဘုန်းကြီးပေးတဲ့ ခေါင်းစဉ်မဟုတ်ဘူး။ သူတို့ ပေးတဲ့ခေါင်းစဉ်။ Buddhist and World Peace ဗုဒ္ဓဘာသာတရားတော်နှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ်ကို ဟောရမှာ။
ကမ္ဘာ ဆိုတာဘာလဲ .......
စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမ္ဘာဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီကစတာ။ ရေ မြေ ၊ တော တောင် ၊ နေ လ ၊ နက္ခတ် တာရာ ၊ ပင်လယ် သမုဒ္ဒရာ ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို မင်းတို့ က ကမ္ဘာလို့ ခေါ်ချင်သလား။ မင်းတို့ ခေါ်ချင်လည်း ခေါ်ရပါတယ်။
တို့ ဗုဒ္ဓကတော့ ခြေဖျားမှ ဆံပင်ဖျားတိုင်အောင် တစ်လံမျှရှိတဲ့ ခန္ဓာကိုယ်ကို “တစ်ကမ္ဘာ” လို့ သတ်မှတ်တယ်။ အဲဒီတော့ ကမ္ဘာက လူ့ အပြင်ဘက်မှာရှိတဲ့ အပြင်ကမ္ဘာ နှင့် လူသား တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ အတွင်းကမ္ဘာဆိုပြီး ၂ မျိုးရှိတယ်။
ဘုန်းကြီးက သူတို့ ကို “အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။ အတွင်းကမ္ဘာလို့ ခေါ်တဲ့ Individual World တစ်ယောက်ဆီ တစ်ယောက်ဆီ နှင့်ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို ပဲ မင်းတို့ လုပ်ကြပါကွာ ” လို့ ဘုန်းကြီးကပြောလိုက်တယ်။
အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေကို မင်းတို့ ခဏထား ၊ မင်းတို့ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ ငြိမ်းချမ်းရေး Individual Peace ကိုမှ မတည်ဆောက်နိုင်ရင် ကမ္ဘာ့ ငြိမ်းချမ်းရေးဆိုတာ အဓိပ္ပာယ်မရှိဘူး။ အဲဒီငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့ မယုံဘူး။
ကမ္ဘာစစ်၏ အစ .......
ဒီတော့ “ကမ္ဘာစစ်ဆိုတာ ဘယ်ကစသလဲ” ဆိုရင် အင်္ဂလိပ်က စတယ်။ အမေရိကန်က စတယ်။ ဟစ်တလာက စတယ်။ ကွန်မြူနစ်က စတယ်။ ဆိုရှယ်လစ်က စတယ် ဆိုတာတွေပြောမနေပါနဲ့ ။ ဒါတွေတစ်ခုမှ မဟုတ်ဘူး။
စစ်ကို ဘယ်ကစသလဲ ဆိုရင် စိတ်က စတယ်။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ကနေပြီးတော့ စတာ။ အဲဒါကြောင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို မလုပ်သေးခင် ဘာအရင်လုပ်မလဲ ၊ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရမယ်။
“တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည် ဗုဒ္ဓ၀ါဒပဲ။ ဒါနဲ့ ပတ်သတ်လို့ မင်းတို့ စောဒက တက်စရာရှိရင် တက်ကြ။ မေးစရာရှိရင် မေးကြ ” ပြောပြီး ကြားထဲမှာ ခဏလောက် တရားရပ်ထားတယ်။ ဘယ်သူမှ ဘာမှမမေးကြဘူး။ ငြိမ်နေကြတယ်။
“မင်းတို့ အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေးရပြီ ” လို့ ပြောတော့ သူတို့ အားလုံး ရယ်ကြတယ်။ ကမ္ဘာစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။ တစ်ကယ်တော့ ကမ္ဘာက မစဘူး။ စိတ်က စပါတယ်။ ကမ္ဘာစစ်ကို စိတ်ကစရင် ကမ္ဘာ့ ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင်တည်ဆောက်ရမှာဖြစ်ပါတယ်။
ဒါကြောင့် စိတ်ရဲ့ ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက် နှင့် နေရူးတို့ က ဗုဒ္ဓရုပ်ပုံတော်တို့ က ကြည့်ကြည့်ပြီးတော့ သူတို့ ရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို ယူသွားကြတယ်။ ရလည်း ရသွားကြတယ်။
အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်း နဲ့ သူထောင်ကလွတ်တော့ ခရစ်ယာန်ဘုန်းကြီးဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနှင့်ဖြစ်သလဲဆိုရင် ဓမ္မပဒနဲ့ ဖြစ်တာ။
ဒီအကျဉ်းထောင်မှာ ဗုဒ္ဓဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန်ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။
ခရစ်ယာန်တွေရဲ့ ကိုးကွယ်ရာက God ၊ ဂျူးတို့ ရဲ့ ကိုးကွယ်ရာက ယေဟိုးဝါး ၊ အစ္စလာမ်တို့ ရဲ့ ကိုးကွယ်ရာက အလ္လာအရှင်မြတ် ၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ God ကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကိုလည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။
အရေးကြီးဆုံး အလုပ်နှစ်ခု ......
ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို့ က ပဓာန။ ကိုးကွယ်စရာပေါင်းများစွာကို အကုန်လုံး သိမ်းကျူံးကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။ စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace ( တစ်နည်းပြောရရင် ) စိတ်ဓာတ်ယဉ်ကျေးမှု Mental Culture။
ဒီတော့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို နောက်မှလုပ်ပါ။ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ဘယ်ကစလုပ်ရမလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ် ၊ ကိုးကွယ် ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံးလုပ်ကြရမယ်။
စိတ်ဓာတ် ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှုနှစ်ခုကို အပြည့်အ၀ရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံးပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်ကျေးသေးသမျှ အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာမဟုတ်ဘူး။
အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ၀ထ္ထုတွေ အားလုံးပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်းလိုနေတယ်။ သူတို့ ကို မေးကြည့်လိုက်ရင် ပြည့်စုံတယ်လို့ ဘယ်သောအခါမှ မပြောကြဘူး။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာမှန်တယ်။ သို့ သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့ အခြေခံအားလုံး အလုံအလောက်ရှိတယ်။
အာရှမှာ အကုန်လုံးပြည့်စုံတယ်......
သိသာအောင်ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာမွေးလဲ။ အာရှမှာ မွေးတယ်။ သိဒ္ဓတ္ထဂေါတမ ဘယ်မှာမွေးလဲ။ အာရှမှာမွေးတယ်။ ဟိန္ဒူဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်လည်း အာရှမှာပဲမွေးတယ်။
ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို့ ရန် Mental Fulfilment အတွက် Mental Culture , Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိက စတဲ့ အနောက်တိုင်းကလူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။
ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်ကလူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို ရှိခိုးချင်တယ်ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှုပိုဖြစ်တယ်။
ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်ဓာတ်ယဉ်ကျေးမှု ၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို့ နှင့် ပတ်သတ်တဲ့ နည်းစနစ်တွေကို အပြည့်အ၀ အသုံးမချနိုင်ဘူးရင် အာရှတိုင်းသားတွေ အကြီးအကျယ် နစ်နာမယ်။
ဗုဒ္ဓတရား နှင့် ဆရာလုပ်နေတယ် .....
ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Chruch ကျောင်းမှာ သုံးသွားတယ်။ ဗုဒ္ဓတရား နှင့် ဆရာလုပ်နေကြတယ်။ ဒါဝန်တိုစရာမဟုတ်ဘူး။ သိပ်ဝမ်းသာစရာ ကောင်းတယ်။
လူသားတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးကို ဗုဒ္ဓတရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ့ တန်ဖိုးကို နားလည်ကြဖို့ ပဲ။
ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓတရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို့ ဘာသာတရားဖြစ်ပါတယ်” လို့ ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုးစရာကောင်းတဲ့ စကားပဲ။ "
သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရ
(မှတ်ချက်။ ။ဇွန်ပွင့်စာပေ မှ ၂၀၁၁ အောက်တိုဘာလတွင် ပထမအကြိမ်ထုတ်ဝေသော “လူငယ်နှင့် ဓမ္မတန်ဖိုး” စာအုပ် မှ ကူးယူဖော်ပြပါသည်)
source... လူဗိုလ်
................................................
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
မနုသေးသောမြက် နုလာအောင်
သီတဂူဆရာတော်ကြီးသည် ရေအလှူတော်စီမံကိန်း၊ အာယုဒါန ဆေးရုံအလှူများ အရှိန်အဟုန်မြင့်စွာဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လာခဲ့ရာ အောင်မြင်မှုသရဖူဆောင်းနိုင်သည့် အထိ အောင်မြင်လာခဲ့သည်။ ဆရာတော်၏ Ground to Crown ဆောင်ပုဒ်အတိုင်း ရေကြည်ရာ မြက်နုရာ မဟုတ်ဘဲ ရေမကြည်သေးတဲ့ နေရာ ရေကြည်လာအောင် မနုသေးတဲ့မြက် နေရာ မြက်နုလာအောင် အရိုင်းပန်းမှ တော်ဝင်ပန်း (သရဖူပန်း)အထိ အောင်မြင်လာအောင် ဆောင်ရွက်လာခဲ့သည်။
ယခုတဖန် ပညာရေးနယ်ပယ်မှာလဲ စွမ်းစွမ်းတမံ ဆောင်ရွက်လာခဲ့ရာ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်ကြီးများ ညီလာခံကြီး ကို လက်ခံကျင်းပနိုင်ခဲ့သည့်အထိ တရှိန်ထိုး အောင်မြင်လာခဲ့သည်။ ပညာရေးနယ်ပယ်တွင် ဆောင်ရွက်ရာတွင်----
ဗဟိုတက္ကသိုလ်
စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟိုတက္ကသိုလ်ကြီးသည် ၁၉၉၆ခုနှစ်ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။ Diploma course များ, B.A course များနှင့် M.A coruse များ ဟန်ချက်ညီညီ ပုံမှန် သက်ဝင်လှုပ်ရှားလျက်ရှိနေသည်မှာ အထူးအောင်မြင်လျက်ရှိပါသည်။ Diploma course အောင်မြင်ပြီးကျောင်းသား ၅၅၀ ကျော်၊ B.A course အောင်မြင်ပြီးကျောင်းသား ၄၀ ကျော် နှင့် M.A course ဒုတိယနှစ်အတွက် စတင်နေပြီဖြစ်ပါသည်။
ဘွဲ့နှင်းသဘင်ခန်းမ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ ဘွဲ့နှင်းသဘင်ခန်းမကြီး၊ ထိုခန်းမကြီးဖွင့်ပွဲအဖြစ် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များ အစည်းအဝေးကြီး ခန်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့သည်။ နိုင်ငံပေါင်း ၃၀ ကျော် မှ ကိုယ်စားလှယ်ပေါင်း ၃၀၀ကျော် တက်ရောက်ကြသည်။
စာသင်ဆောင်များ
တက္ကသိုလ်ကြီးကို စာသင်ဆောင်၊ ကွန်ပျူတာဆောင်၊ စာကြည့်တိုက်၊ အစည်းဝေးခန်းမဆောင်၊ ဓမ္မသဘာဆောင်၊ ပြန်ကြားရေးဆောင်၊ ဘုရားဆောင်၊ ဆွမ်းစားဆောင်၊ အုပ်ချုပ်ရေးဆောင်၊ မော်ကွန်းထိမ်းဆောင်၊ ပါမောက္ခေချုပ်ဆောင်၊ အဓိပတိဆောင်၊ ထေရာဝါသ သုံးထပ်ဆောင်စသည်ဖြင့် ၂၉ဆောင် နှင့် ဆရာများအတွက် အခန်းပေါင်း ၃၂ ၊ ဆက်သွယ်ရေး အင်တာနတ်ဆောင် စသည်တို့ဖြင့် တံဆာဆင်ထားသည်၊
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ ဘွဲ့နှင်းသဘင်ခန်းမကြီး၊ ထိုခန်းမကြီးဖွင့်ပွဲအဖြစ် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များ အစည်းအဝေးကြီး ခန်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့သည်။ နိုင်ငံပေါင်း ၃၀ ကျော် မှ ကိုယ်စားလှယ်ပေါင်း ၃၀၀ကျော် တက်ရောက်ကြသည်။
စာသင်ဆောင်များ
တက္ကသိုလ်ကြီးကို စာသင်ဆောင်၊ ကွန်ပျူတာဆောင်၊ စာကြည့်တိုက်၊ အစည်းဝေးခန်းမဆောင်၊ ဓမ္မသဘာဆောင်၊ ပြန်ကြားရေးဆောင်၊ ဘုရားဆောင်၊ ဆွမ်းစားဆောင်၊ အုပ်ချုပ်ရေးဆောင်၊ မော်ကွန်းထိမ်းဆောင်၊ ပါမောက္ခေချုပ်ဆောင်၊ အဓိပတိဆောင်၊ ထေရာဝါသ သုံးထပ်ဆောင်စသည်ဖြင့် ၂၉ဆောင် နှင့် ဆရာများအတွက် အခန်းပေါင်း ၃၂ ၊ ဆက်သွယ်ရေး အင်တာနတ်ဆောင် စသည်တို့ဖြင့် တံဆာဆင်ထားသည်၊
ဆရာများမွေးထုတ်
တက္ကသိုလ်၏ ပါမောက္ခ၊ ကထိက ဆရာများကို ဆရာတော်၏ ကိုယ်ပိုင်န၀ကမ္မများဖြင့် ထောက်ပံ့ကာ တပည့်များကို ပြည်ပသို့ပညာတော်သင် စေလွှတ်ခဲ့ပါသည်။ အမေရိက၊ အင်္ဂလန်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ တို့တွင် နိုင်ငံတကာ တက္ကသိုလ်များ၏ အတွေ့အကြုံ ဗဟုသုတများရစေလိုသည်။ အများစုသောဘာသာရပ်များမှာ ဗုဒ္ဓစာပေဆိုင်ရာ ဘာသာရပ်များနှင့် ဒဿနိကဗေဒဆိုင်ရာ ဘာသာရပ်များ၊ ယခုအခါ ရှေးဟောင်းသုတေသနဆိုင်ရာ ဘာသာရပ်နှင့် ဟိန္ဒီဘာသာ၊ ဝေဒစာပေများကို လေ့လာစေရန် ညွန်ကြားထားသည်။ တက္ကသိုလ်အသီးသီးမှ ဒေါက်တာဘွဲ့များ၊ အမ်အေဘွဲ့များ ရရှိအောင်မြင်ပြီးသော တပည့်များသည် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များတွင် စာပေများ သင်ကြားပို့ချလျက် တာဝန်များ ထမ်းဆောင်နေကြပြီဖြစ်သည်။
တက္ကသိုလ်ခွဲများ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများကို ရန်ကုန်မြို့နှင့် အောက်မြန်မာပြည်ရှိ ဗုဒ္ဓစာပေများကို စိတ်ဝင်စားသူတွေအတွက် အလွယ်တကူတက်ရောက် သင်ယူနိုင်ရန် ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို ၎င်း၊ မန္တလေးမြို့ဝန်းကျင်ရှိ ဗုဒ္ဓစာပေများကို လေ့လာသင်ကြားလိုသူများအတွက် အဆင်ပြေစေရန် ၂၀၀၉ ခုနှစ်က မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို၎င်း ဖွင့်လှစ်ခဲသည်။ Diploma course များ ဖွင့်လှစ်ပြီးသင်ကြား ပို့ချလျက်ရှိပါသည်။ B.A course များဆက်လက် ဖွင့်နိုင်ရန် ကြိုးပန်းလျက်ရှိသည်။
ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြု အဖွဲ့ချုပ် စင်တာကြီးကို တည်ဆောက်ပြီး Diploma course များသင်ကြားလျက်ရှိရာ သုံးနှစ်ခရီးပင်ရောက်ခဲ့ပြီ။ ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြု ဗိမာန်တော်ကြီး၏အောက်ထပ် ကားထားရာ နေရာ (car parking) မှာ စာသင်ဆောင်များ မရှိသေးသဖြင့် ယာယီ သင်ကြားလျက်ရှိရာ သုံးနှစ်ခရီးပင် ရောက်ခဲ့ပြီ။ ယခုအခါ အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြု ဗိမာန်တော်ကြီးနှင့် ကပ်လျက် သုံးထပ်စာသင်ကျောင်းဆောင်ကြီး (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)) တည်ဆောက်လျက်ရှိပါသည်။
လှူဒါန်းရန် နှင့် အလှူရှင်များ
မြေညီထပ်တွင်
တစ်ဆောင်လျင် ကျပ်သိန်း (၁၀၀၀)
၁။ ဘောဇနသာလာ (Dining Hall)
၂။ လုမ္ဗိနီသင်တန်းခန်းမဆောင်ကြီး (Lecture Theater)
ဒုတိယထပ်တွင်
စာသင်ဆောင် (၆) ဆောင်၊ တစ်ဆောင်လျင် ကျပ်သိန်း (၅၀၀)
၁။ သာဝတ္ထိခန်းမဆောင် (အလှူရှင် ရပြီး)။ ၂။ ဇေတ၀န်ခန်းမဆောင် ၃။ ရာဇဂြိုဟ်ခန်းမဆောင်
၎။ ဝေဠုဝန်ခန်းမဆောင် ၅။ ဗာရာဏသီခန်းမဆောင် ၆။ မိဂဒါဝန်ခန်းမဆောင်။
ထို ဒုတိယထပ်မှာပဲ ပါမောက္ခဌာနမှူး ရုံးခန်း (၃)ခန်း၊ တစ်ခန်းလျင် ကျပ်သိန်း( ၂၅၀) စီဖြင့် လှူဒါန်းနိုင်ပါသည်။
တတိယထပ်တွင်
မဟာသမယ မဟာသန္နိပါတ ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး အတွက် ကျပ်သိန်း (၃၀၀၀) အလှူရှင်ရပြီး နှင့် ကျပ်သိန်း (၂၅၀) အခန်းများမှာ---
၁။ အဓိပတိဆရာတော် ရုံးခန်း (Chancellor's Office) အလှူရှင်ရပြီး။
၂။ ပါမောက္ခချုပ်ဆရာတော် ရုံးခန်း (Rector's Office)
၃။ မော်ကွန်းထိန်းဆရာတော် ရုံးခန်း (Registrar's Office)
သုံးထပ်စာသင်ကျောင်းဆောင် မ.တည်အလှူရှင်များ
၁။ ဒေါက်တာ ကျော်ခိုင်+ဒေါ်စိန်ဌေး မိုးကုတ်မြို့၊ ကျပ်သိန်း (၁၀၀၀)
၂။ ဦးတင်ဦး+ဒေါ်လှမြင့် (ရွှေစင်ရတနာရွှေဆိုင်) ရန်ကုန်၊ ကျပ်သိန်း (၁၀၀၀)
၃။ ဦးမြသန်း+ဒေါ်ယဉ်ထား (ရွှေကျီးမင်း ရွှေဆိုင်) ရန်ကုန်၊ ကျပ်သိန်း (၁၀၀၀)
၎။ ဦးခင်ဦးအောင်+ဒေါ်မြင့်မြင့်အုန်း (အောင်ပြည်တန်ကုမ္ပဏီ မိသားစု) ကျပ်သိန်း (၅၀၀)။
ဤသို့အားဖြင့် အခွင့်ကောင်းကို ရယူပြီးသွားကြသော အလှူရှင်များနှင့် လှူဒါန်းရန် အလှူရှင်အပေါင်းတို့အား မြန်မာ့သာသနာနှင့် ကမ္ဘာ့သာသနာမှာ လိုအပ်ချက်များကို ဖြည့်စွက်သော အားဖြင့် သမိုင်းသစ်၏ မှတ်တမ်းတစ်ခုကို အရယူရန် အောက်ပါ တာဝန်ရှိသူများနှင့်ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
၁။ သီတဂူသာသနာပြုအဖွဲ့ ရန်ကုန်
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဒေါက်တာအရှင်အဂ္ဂဓမ္မ (စီမံတာဝန်ခံ) ၀၉-၈၆၀၁၈၅၉
ဦးကျော်ရှိန် (ရုံးအဖွဲ့မှူး) ၀၁-၅၈၁၉၉၉။ ၀၉-၈၅၅၃၄၈၇
၂။ ဦးဟန် (အတွင်းရေးမှူး-၁) ၀၉-၅၁၉၉၉၉၀
၃။ ဦးခင်မောင်ဝင်း (အတွင်းရေးမှူး-၂) ၀၉-၅၀၀၇၅၆၀
၎။ ဦးဝင်းအောင် (အတွင်းရေးမှူး-၃) ၀၉-၅၀၁၇၄၉၃
၅။ ဦးမြင့်အောင် (အတွင်းရေးမှူး-၄) ၀၉-၅၁၄၉၄၆၄
၆။ ဦးတင်အေး (တည်ဆောက်ရေးတာဝန်ခံ) ၀၉-၅၁၃၉၄၆၄
သူတော်ကောင်းဓာတ် တရားမြတ် လွမ်းပတ်ကမ္ဘာ တည်စေသော်။
May the Sublime Dhamma prevail in its pristine purity
in every corner of the world!
သတင်းအချက်အလက်များကို စုစည်းပေးသော ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ (သင်ကြားစီမံ၊ ရန်ကုန်) အား အထူးကျေးဇူးတင်ပါသည်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး အကြောင်းကို Sitagu International Buddhist Academy တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။
Admin
No comments:
Post a Comment