Saturday, November 17, 2012

တံခါးအသေနဲ့ သော့တွေကိုဖျက်
လွတ်လပ်စွာဝင်ထွက်ရမယ့် ရန်ကုန်တက္ကသိုလ်



ဖေဖော်ဝါရီ ၉ရက်နေ့ထုတ် ပေါ်ပြူလာနယူးစ် ဂျာနယ်မှာ ဒေါက်တာကျော်သန်းမိုး(ရန်ကုန်တက္ကသိုလ်) ရေးတဲ့ “တက္ကသိုလ် ဆီမီးထိန်ထိန်ညီးဖို့”ဆိုတဲ့ ဆောင်းပါးကို ဖတ်ခဲ့ရတယ်။ အဓိပတိလမ်းမကြီး မီးရောင်လင်း သည်က ပိုကောင်းကြောင်း၊ သို့သော် တက္ကသိုလ်၏အသက်တမျှဖြစ်သော ပညာဆီမီးရောင် လင်းနေဖို့ လိုအပ် ကြောင်း၊ …ရေးသားထားတာ ဖတ်ခဲ့ရပါတယ်။

          ဟုတ်ပါတယ်။ ပညာဆီမီးအရောင် ထွန်းပြောင်စေဖို့ဆိုရင် လွတ်လပ်စွာ ပညာဆည်းပူးလေ့လာခွင့်ရှိ၇ ပါမယ်။လွတ်လပ်စွာ ပညာဆည်းပူးလေ့လာဖို့ဆိုရင် အရင်ဆုံး လွတ်လပ်စွာ ၀င်ထွက်သွားလာခွင့် ရဖို့က အဓိက အချက်ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းကြီးထဲကို ပညာရေးနဲ့သက်ဆိုင်တဲ့ ဆရာ ဆရာမ ကျောင်းသူ ကျောင်းသားတွေ ဘာကြောင့် လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာဖြတ်သန်းခွင့် မရနိုင်သေးတာလဲ။ ပညာရှာမိုးလိုသူတိုင်းအတွက် သွားလာ ၀င်ထွက်လို့လွယ်ကူအောင် သူ့ဌာန သူ့အဆောင် အလိုက် ဖောက်ထားတဲ့ တံခါးပေါက်တွေ ကျောင်းဝင်းပတ်ပတ်လည်မှာ အများအပြားရှိနေပါလျက်နဲ့ သော့ပိတ်ထားတဲ့ တံခါးအသေတွေကပဲ ပတ်ပတ်လည်မှာ မင်းမူနေကြတုန်းပဲ။ ဒါသိပ်ဆိုးတဲ့မြင်ကွင်းပါ။

          အစိုးရသစ်လက်ထက် နိုင်ငံရေးအကျဉ်းသားတွေလည်း လွှတ်ပေးပြိး ဒီမိုကရေစီ လမ်းကြောင်းဆီ ဦးတည် အရာရာအသစ်ပြုပြင်ပြောင်းလဲချိန်လို့ ဆိုနေပေမဲ့ ရန်ကုန်တက္ကသိုလ်တံခါးတချို့ကို အာဏာပိုင်တွေ က ပိတ်ထားခဲ့တာ ခုထိ မပြောင်းလဲသေးတဲ့ အချက်ပါ။ စစ်အစိုးရလက်ထက်မှာ တက္ကသိုလ်ကျောင်းကြီးကို ဂိတ်တံခါးတွေ ပိတ်သည်သာမက၊ ဌာနတစ်ခုနဲ့ တစ်ခု အကြား သံတိုင်တွေပါ ခြားပြီး အသေပိတ်ဆို့ကာရံ၊ အတွင်းတံခါးပေါက်တွေပါ ပိတ်ဆို့ခြင်း ခံခဲ့ရပါတယ်။ နောက်ဆုံး တက္ကသိုလ်ကျောင်းကြီးရဲ့ အချက်အချာဖြစ်တဲ့ ဂျပ်ဆင်ဘုရားကျောင်းကိုပါ တက္ကသိုလ်နဲ့ ခြားနား ကန့်သတ် ကာရံပိတ်ဆို့ပစ်ခဲ့လို့ ရွှေဘိုဆောင်၊ တောင်ငူဆောင်၊ ရာမညဆောင်ဆီသွားချင်သူတွေ ယခင်ကလို ဂျပ်ဆင်ဂိတ်ကနေ ဖြတ်သန်းခွင့်မရတော့ပါဘူး။

          ကျွန်မက ဂျပ်ဆင်ဘုရားကျောင်းဝင်းခြံထဲမှာ နေသူဆိုတော့ ဖြတ်သွားဖြတ်လာလူတွေရဲ့ ဒုက္ခအခက် အခဲကို နေ့တိုင်းမြင်နေရတယ်။အထူးသဖြင့် ပြည်လမ်းမကနေ ဘတ်စ်ကားနဲ့လာသူ၊ စံရိပ်ငြိမ်လမ်းကနေ လမ်းလျှောက်လာသူ အားလုံးဟာ ဒီဂျပ်ဆင်ဂိတ်ကိုသာ အားထားပြီး အ၀င်အထွက်ပြုကြရပါတယ်။ ဂျပ်ဆင်ဘုရားကျောင်းပတ်ပတ်လည်ကို သော့တွေ ပိတ်ထားခဲ့တာကြာပြီ။

ဂျပ်ဆင်ရှေ့ ရွှေဘိုဆောင်အကူး နေရာကိုပါ ကား၊ လူ ၊ ဘာမှ မ၀င်ရ ၊ သော့ပိတ်ထားခဲ့လို့ ရွှေဘို၊ တောင်ငူ၊ ရာမည ဘက်သွားချင်သူ ဆရာဆရာမ၊ ကျောင်းသူကျောင်းသား၊ ၀န်ထမ်းတွေဟာ ကျွန်မတို့ခြံဝင်း နောက်က တန်းလျား အကြိုအကြားကနေ ၊ ဖြတ်နေကြရတယ်။ တန်းလျားအခန်းတွေရဲ့ ဟိုဘက်ထိပ်ဒီဘက်ထိပ်မှာ အိမ်သာတွေ ရှိတဲ့အတွက် အိမ်သာ တွေကို ဖြတ်သန်းသွားရတယ်လို့ပဲ ပြောရတော့မယ်။ ဆရာမတွေထဲမှာ အသက်ကြီးကြီး ပါမောက္ခတွေလည်းပါတယ်။ ဒါကိုမြင်ရတာ စိတ်မချမ်းသာဘူး။ အခုက ခြောက်သွေ့ရာသီမို့တော်သေးတယ်။ မိုးတွင်းဆို ရုပ်ပျက်ဆင်းပျက် ညစ်ပတ်ပေရေ သိပ်ဒုက္ခရောက်ကြ၇တယ်။






          ဂျပ်ဆင်ဘုရားကျောင်းနေရာဟာ တက္ကသိုလ်ရဲ့ လေးဖက်လေးတန် နေရာအနှံ့အပြားကို သွားဖို့ အချက်အချာကျတဲ့နေရာပါ။ တက္ကသိုလ်ကျောင်းဝင်းက အကျယ်ကြီးဖြစ်တဲ့အတွက် အဓိပတိ ဂိတ် တစ်ခုတည်း (ဒါတောင် တံခါးချပ်ကို တစ်ခြမ်းတည်းဖွင့်တာ)ဖွင့်ထားရုံနဲ့ မလုံလောက်ဘူး။ တစ်နေရာနဲ့ တစ်နေရာ ဌာနတွေ၊ အဆောင်တွေ အကူးအသန်းနေရာတွေအားလုံး လွတ်လပ်စွာ ဖြတ်သန်းသွား လာခွင့်ရမှ အဆင်ပြေမယ်။ ဂျပ်ဆင်ကိုရော တက္ကသိုလ်ကျောင်းကိုပါ ၀င်ရောက်လေ့လာချင်တဲ့ နိုင်ငံခြားသား သုတေသီတွေလည်း ရှိနိုင်တယ်။ လူဆိုး သူခိုး ကြမ်းပိုးတွေ ကျက်စားတဲ့နေရာ မဟုတ်တဲ့အတွက် ဒီလိုသော့တွေ ပိတ်ခတ်ထားဖို့ မလိုပါဘူး။

          နိုင်ငံတော်ရဲ့ ပန်းခြံတွေ စိမ်းလန်းစိုပြည်နေသလို ရန်ကုန်ပင်မတက္ကသိုလ်ကြီးကို စိမ်းလန်းစိုပြည်နေ စေချင် တယ်။  ဘုရားကျောင်းအပါအ၀င် တက္ကသိုလ်ကျောင်းကို သော့ခလောက်တွေနဲ့ မွန်းကျပ်နေတာ မမြင်ချင်သလို ဆရာမတွေ နောက်ဖေးလမ်းကြိုလမ်းကြားကနေ နွမ်းလျမောပန်းစွာ ဖြတ်သန်းသွားနေတဲ့ မျက်နှာတွေကို မမြင်ချင်ဘူး။ ဒီကျောင်းကနေ ဘွဲ့ယူခဲ့တဲ့ ဓာတုဗေဒတက္ကသိုလ်ကျောင်းသူ တစ်ဦးအနေနဲ့ရော၊ ဒီဂျပ်ဆင်ဘုရားကျောင်းက အသင်းသူ ခရစ်ယာန်တစ်ယောက်အနေနဲ့ရော ခြုံပြောရရင် ဂျပ်ဆင်နဲ့ တက္ကသိုလ်ကို နယ်မြေကန့်သတ်ခြားနား သော့ခတ် မထားဘဲ၊ ဟိုးယခင်ကလို တစ်ဆက်တစပ်တည်း   လွတ်လပ်စွာ ပူးပေါင်းရှင်နေတာ မြင်ချင်မိတယ်။

          တချို့အသစ်ဝင်ရောက်လာတဲ့ ပညာရေးဝန်ထမ်းတွေခမျာလည်း အိမ်ခြံဝင်းနောက်ထဲ သူများဖြတ်တာ မြင်မိလို့သာ လိုက်ဖြတ်ကြတာ အသေအချာမသိတော့ တန်းလျားအကြိုအကြား မှာ စမ်းတ၀ါးဝါးနဲ့ပါ။ ဒါကြောင့် ဖြတ်သန်းရလွယ်ကူအောင် အိမ်သာနဲ့ ကားဂိုဒေါင် ဘေး က ခြံစည်းရိုးမှာ စက္ကူချပ်နဲ့ လမ်းညွှန်မြေပုံကြမ်း ဆွဲပြီး ချိတ်ပေးထားရတဲ့အထိပါပဲ။

          ရန်ကုန်တက္ကသိုလ်မှာ အဓိပတိလမ်းမီးတိုင်တွေ မီးရောင်လင်းလက်နေတာထက် လွတ်လပ်စွာ အ၀င်အထွက်ပြုရင်း ပညာဆီမီးအရောင်တွေ လင်းလက်တောက်ပနေတာ မြင်ချင်ပါကြောင်း ဆောင်းပါးရှင် ဒေါက်တာကျော်သန်းမိုး(ရန်ကုန်တက္ကသိုလ်)ရဲ့ ဆောင်းပါးကို ထပ်ဆင့်ဖြည့်စွက် ဆန္ဒပြုလိုက်ပါတယ်။

ဆုမီအောင်
November 16, 2012

No comments:

Post a Comment