မိုးပေါ်ထောင်မပစ်ဘူး

ဒီရက်ပိုင်း နယူးရီးယားက စလိုက် တဲ့ ဗျစ်ရည်စုပ်တဲ့ အကျင့်က ၂ပတ် လောက် အသားကျနေတယ်။ဗျစ်ရည် မမြုံတာ ၅လရှိပြီမို့ ပိုခံတွင်းလိုက်နေ သလားမပြောတတ်။ ဒီလိုနဲ့တစ်နေ့ တော့ ကိုယ်ရယ်၊ ၀တ်္ထုတိုရေးတဲ့ ကိုဆန်းလင်းရယ်၊ အုတ်သဲကျောက် ကုန်သည်လေးတစ်ယောက်ရယ် ဧရာ ရွှေတောင်မှာ လေဖော်နေမိကြတယ်လေ။ ဒီလိုနဲ့ အကယ်ဒမီပေးပွဲ အကြောင်း ရောက်သွားတယ်။
အကယ်ဒမီရတဲ့သူကို ကိုလူချော တစ်သိုက်က အစိမ်းရောင်ဝတ်စုံတွေနဲ့ ဦးထုပ်တွေနဲ့ တရားခံဖမ်းလာသလို ခေါ်လာ။ ကင်မရာမင်းတွေက ထန်း လျက်ခဲ ပုရွက်ဆိတ်တွေ အုံခဲပြီး သယ်သွားသလို ပြုံလိုက်နေပုံကိုပြော ပြနေမိတယ်၊ ဇာဂနာကပြောသွားပါ သေးတယ်။ မူစယ်လာတုန်းကလေ ဒီနှစ်အကယ်ဒမီပွဲကို အော်စကာပွဲလို လုပ်ထားတယ်တဲ့။ အော်စကာပွဲမှာ ကင်မရာမင်းတွေက အခုလိုပြုံမလိုက် ကြပါဘူးနော်။ နောက်ကိုယ်ကမြန်မာ့ အသံမြက်ခင်းပြင်မှာလုပ်တဲ့ အကယ် ဒမီပွဲကို တက်ဖူးတဲ့အကြောင်းပြောပြ နေမိတယ်။ နောက် တဖြည်းဖြည်းနဲ့ ယဉ်ကျေးမှု ကဇာတ်ရုံကို ရောက် သွားတယ်။ ဒါနဲ့ မှတ်မှတ်ရရရုပ်ရှင် စိန်ရတုပွဲအကြောင်း ပြောပြနေမိ တယ်။
ဒီပွဲလုပ်တဲ့အချိန်မှာ ကိုယ်က ပိုင်သ၊ ဒီနေ၊ အောင်ဝေးတို့နဲ့ပေါင်းပြီး ပန်းဆိုးတန်း ဟော်လိဝုဒ်အကြောင်း ပြောပြနေမိတယ်။ အဲဒီတုန်းက လုပ် ချင်တာတွေ လျှောက်လုပ်နေတဲ့ အပျော်ဆုံးကာလတွေလို့ဆိုရင် မမှား ဘူး။ ဇာတ်ညွှန်လေး ရေးလိုက်၊ ဇာတ်လမ်းလေးရေးလိုက်၊ ပိုင်သနဲ့ တွဲရိုက်လိုက်နဲ့ပေါ့။ အောင်ဝေးလည်း ပါတယ်။ အဲဒီစိန်ရတုပွဲတော်နေ့က ကိုယ်ရယ်၊ ဆရာ မောင်သာရရယ် (ဒီတုန်းက ဆရာမောင်သာရက ကိုယ်တို့တွေနဲ့ တစ်အုပ်ကြီးလျှောက် လိုက်နေတာ၊ အရက်ဆိုင်ရောပဲ။ဆရာ ကတော့ အရက်မသောက်ပါဘူး။ အမြည်းစားသူကြီးပေါ့) ဇာတ်ညွှန်း ရေးဆရာ ရှေ့နေကြီး မြမြင့်မိုရ်ရယ်၊ အောင်ဝေးရယ်၊ ပိုင်သရယ်၊ နောက် ကဗျာဆရာတွေ ပါသေးတယ်။
မိုင်ဒါကွင်းက ရုပ်ရှင် ပွဲတော်ကနေ မြို့မကျောင်းလမ်းမှာရှိတဲ့ ယဉ်ကျေး မှု ကဇာတ်ရုံဆီ ချီတက်ကြတယ်။ ပွဲက စောနေသေးလို့ ရိုးရာမပျက် ကိုယ်တို့တစ်တွေ ပွဲဈေးတန်းက အရက်ဆိုင်လေးမှာ ၀င်ထိုင်လိုက်ကြ တယ်။ သိတဲ့အတိုင်းပဲလေ။ ဗျစ် ကြမ်းဝင်တော့ အားလုံး ပေါက်ပေါက် မြောက်မြောက် ဖြစ်နေကြပြီ။
ဆရာမောင်သာရကတော့ ဇာတ်ရုံ နောက်ဘက်ကနေ၀င်ပြီး ခဏနေတော့ ကိုယ်တို့ ၀ိုင်းထဲကနေ ထလစ်ပြီး ဆိုက်ကားနဲ့ ပြန်ချသွားတယ်။ ဆရာ က ကန်တော်လေးလမ်း၉၀မှာနေတာ။မြမြင့်မိုရ်လည်း လစ်သွားတယ်။ကိုယ်တို့တွေက မှန်ပြီး ဇာတ်ရုံနောက် ဘက်က၀င်တော့ ကိုပိုးဖြူကဆီးနှုတ် ဆက်တယ်။
ဇာတ်ရုံနောက်မှာ သရုပ် ဆောင်မယ့်လူတွေက ကိုယ့်အခန်း လေးတွေနဲ့ ကိုယ်နေကြရတယ်။
ဒီထဲမှာ ကိုသန်းဖေလေးကတစ်ခန်း ပေါ့။ သူက ပြဇာတ်မကခင် ဆွဲနေ တယ်။ မနက်ပိုင်းဆိုရင် ကိုယ်တို့ရဲ့ ဖော်စတာဂိုဏ်းဝင်ပဲ။ ပန်းဆိုးတန်း ခုံးတံတား မဆောက်ခင်က လက်ဖက် ရည်ဆိုင်ရဲ့ ပလက်ဖောင်းလေးမှာထိုင် ရင်း ဖော်စတာဗျစ်ရည်စုပ်ကြတာပေါ့။
အခုညကမယ့် ပြဇာတ်မှာ ကိုသန်း ဖေလေးက ရွာသားတစ်ယောက်ပေါ့။ ကိုယ်တို့လည်း ကိုသန်းဖေလေးကြီး သရုပ်ဆောင်တာကို အားပေးဖို့ တီးဝိုင်း ဆရာတွေ နေရာမှာ သွားထိုင်လိုက်ကြ တယ်လေ။ ပွဲက ကနေပါပြီ။ကိုသန်း ဖေလေးက သူ့အခန်းမရောက်သေးလို့ သာ ဆွဲနေတာ။ ကိုယ်တို့လည်း အားလုံး ပျော်ပျော်မြူးမြူးနဲ့စောင့်နေ လိုက်ကြတာပေါ့။ ကိုသန်းဖေလေးက သူ့အခန်းလည်းရောက်ရော တစ်ဖက် ကရွာသားတွေနဲ့အတူ ပါလာတယ်။ သူက ဟိုဘက်ကရွာသားတွေကိုမင်း တို့သိမယ်ဆိုပြီး ပြန်သွားတယ်။
နောက်တစ်ခန်းကျတော့ ကိုသန်း ဖေလေးက လက်ထဲ သေနတ်ကြီး ကိုင်ပြီး နောက်ကရွာသား တစ်အုပ်နဲ့ ၀င်လာတယ်။ သူက ဒီသေနတ်ကို ရွာက ကာကွယ်ရေး တစ်ယောက်ဆီ ကနေငှားလာတာ။ ဟိုဘက်ကရွာသား တွေလည်း လန့်သွားတာပေါ့၊။စကား တွေများရင်းကနေ ကိုသန်းဖေလေး က ဟေ့ကောင်တွေ မင်းတို့ကောင်တွေ ငါ့ကို ဘာမှတ်နေလဲကွ၊ ဒီသေနတ်က ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူးကွ။ မင်းတို့ ဖင်တည့်တည့်ကို မှန်အောင် ပစ်မှာကွလို့ အော်ထည့်လိုက်တယ်။ ပရိသတ်က အုန်းခနဲ ပွဲကျသွားတယ်။တဝေါဝေါပဲ ။
ဒီအချိန်မှာ နောက်မှ သိလိုက်ရတာက ပွဲလာကြည့်တဲ့အထဲ မှာ ဗိုလ်ခင်ညွန့်ရှိနေတယ်လို့ ဆို တယ်။ ဗိုလ်ခင်ညွန့်ကတောက်ခေါက် ပြီး ထထွက်သွားတယ်လို့လည်းပြော တယ်။ အဲဒီညပဲ ကိုသန်းဖေလေးလည်း ဇာတ်ရုံကနေ ပျောက်ချင်းမလှ ပျောက် သွားခဲ့တယ်။ ပန်းဆိုးတန်းလမ်း ရောက် မလာတော့ဘူး။မော်စကို ရောက်သွား ရှာတယ်။
ကိုယ်တို့လည်း စိတ်တွေညစ် သောက်ထား တာလေးတွေလည်း ပျောက်ကုန်ပြီ။ ဇာတ်ရုံအပြင်ဘက် ထွက်တော့လည်း ပွဲဈေးတန်းလေးမှာ ဆိုင်တွေက ပိတ်နေပြီ။ ပိုင်သက ဆိုက်ကားနဲ့ ၃၄လမ်းကို ပြန်သွား တယ်။ အောင်ဝေးက မြောက်ဒဂုံမှာနေတယ်။
ကိုယ်က စမ်းချောင်းပြန်ရင်ရပေ မယ့် ဒီအချိန်ကြီး မပြန်ချင်တော့တာမို့ အောင်ဝေးနဲ့အတူ မိုးအလင်းဆိုင်မှာ အရက်ဆက်သောက်ဖို့ ထွက်လာခဲ့ကြ တယ်။ မြို့မကျောင်းလမ်းက တိတ် ဆိတ်ငြိမ်သက်နေတယ်။ ခွေးတစ် ကောင်တောင် လမ်းပေါ်မှာ မရှိဘူး။ ဆေးတက္ကသိုလ်(၁) လမ်းမတော် ဆောင်ရှေ့ကဖြတ် ဗိုလ်ချုပ်လမ်း အတိုင်း လျှောက်ခဲ့ကြတယ်။ ရန်ကုန် ဆေးရုံကြီး အုတ်နီနီတွေက ညသန်း ခေါင်ကျော်မှာ ချောက်ချားစရာ ဖြစ် နေတယ်။
ဗိုလ်ချုပ်ဈေးကြီးကလည်း အေး အေးသက်သက် ကုပ်လို့။ ဆူးလေ လမ်းမဘက်ကနေ ဘူတာကြီးဘက် လှည့်လိုက်တယ်။ ကားတစ်စီးတလေ တော့ ဖြတ်သွားတယ်။ အဲဒီတုန်းက ထရိတ်ဒါးဟိုတယ်နေရာမှာ ပလေဒီ ယံ (ပပ၀င်း) ရုပ်ရှင်ရုံ ရှိနေသေး တယ်။ ဆူးလေလမ်းအတိုင်း ခုံးကျော် တံတားကြီးကို ဖြတ်ပြီး ရန်ကုန်ဘူတာ ကြီးရှေ့ လျှောက်လာကြတယ်။ အေး စိမ့်စိမ့်။ ဒီအချိန်မှာ မိုးအလင်းအရက် ရတဲ့နေရာကတော့ ဘူတာကြီးရှေ့က ထမင်းဆိုင် စားသောက်ဆိုင်လေးတွေ ပါပဲ။
ကိုယ်တို့ နှစ်ယောက်သား မီးမှိန် မှိန်ဆိုင်လေးမှာ ထိုင်လိုက်ရင်း မနက် ခင်း မန်္တလေး အဆန်အမြန်ရထား ထွက်ချိန်ထိ ထွေးညို ဂျမ်းဂဲလ်လေးကို ရင်ပူပူခါး သက်သက်မျိုချ။ အမြည်း ကလည်း မနေ့ညက ရောင်းမကုန်လို့ ကျန်တဲ့ ကြက်ကြော်၊ ငါးကြော် မာ ကျစ်ကျစ်အေးစက်စက်ကို ဆွဲကိုက် ပေါ့လေ။ လွမ်းစရာကြီးပါ။ အခု ကိုသန်းဖေလေးလည်း မရှိတော့ဘူး။ ပိုင်သလည်း မရှိတော့ဖူး။ ဆရာကြီး မောင်သာရလည်း အမေရိကန်မှာ။ အောင်ဝေးလည်း အမေရိကန်မှာ ရောက်နေကြတယ်။ မြမြင့်မိုရ်ကြီး ကတော့ ခုထိ မြင့်ဦးဦးမြင့်နဲ့ ရုပ်ရှင် လောက၊ ဗီဒီယိုလောကမှာကျင်လည် နေတုန်း။ မြင့်ဦးဦးမြင့်တောင် ဇာတ် ညွှန်းအကယ်ဒမီ ရသွားခဲ့ပြီ။
ကိုယ် ကတော့ အခု ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်မြို့လေးမှာ ရောက်နေ တယ်။ သြော် မေ့တော့မလို့ ဗိုလ်ခင် ညွန့်ကြီးတောင် နေအိမ်အကျယ်ချုပ် ဆိုင်းငံ့ပြစ်ဒဏ် ၄၅နှစ်ကနေ အခု လွတ်လာပြီ။ ဇာဂနာလည်း လွတ်လာ ပြီ။ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်လွတ်လပ်လပ် ပြောဆိုနေပြီ။ ကိုယ်လည်း ရန်ကုန်ကို ပြန်ချင်နေပြီ လေ။
ပြေ-ဆေး(၂)
TRUE NEWS အတွဲ ၅၊ အမှတ် ၉ မှ ဆောင်းပါး
No comments:
Post a Comment