"ထိပ်ထားနဲ့ သေနာ"
၁၉၉၃-၉၄ လောက်မှာ ကျုပ် Time တစ်စောင်ဖတ်ရတယ်။ ထောင်ထဲမှာ။ မဂ္ဂဇင်း မျက်နှာဖုံးက ဒေါ်စုရဲ့ပုံ မျက်နှာအပြည့်။ ဒေါ်စုပုံအောက်မှာ အဲဒီတုန်းက စစ်အာဏာရှင် တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့် (ထောက်လှန်းရေးထိပ်သီး) ရဲ့ပုံ။
ခေါင်းစီးက The Lady and The General တဲ့။ ကျုပ်က ဆောင်းပါးကိုဘာသာပြန်၊ ပလပ်စတစ်ပေါ်မှာ သံချွန်နဲ့ရေး၊ ထောင်ထဲက ရဲဘော်တွေဆီ ဖြန့်။ ဘာသာပြန် ခေါင်းစီကို “ ထိပ်ထားနဲ့သေနာ” လို့တပ်လိုက် တယ်။
သေနာ ဆိုတာ သေနာပတိကြီး ဗိုလ်ချုပ်မှူးကြီးလို့ ဆိုလိုတာပါ။ ထိပ်ထားရဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီ စနစ်။ သေနာရဲ့ နိုင်ငံရေးဟာ အာဏာရှင် စနစ်။ ထိပ်ထားရဲ့ နိုင်ငံရေး လုပ်ဟန်က ညှိနှိုင်းဖြေရှင်း
ခြင်း။ သေနာရဲ့ နိုင်ငံရေး လုပ်ဟန်က အမိန့် အာဏာ။
ဒီနေ့ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ နိုင်ငံရေး ပြဿနာတွေ၊ ပဋိပက္ခတွေ၊ အကျပ်အတည်းတွေ၊ လိပ်ခဲ တည်း လည်းတွေ၊ ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းတုတ်တွေ၊ ရန်-ငါတွေ၊ သူမသာ ကိုယ်ဈာပနတွေ။ ဒါတွေအားလုံးရဲ့ ဇစ်ဖြစ်က ဘာလဲ။
ချုပ်ပြောရင် ရှင်းတယ်ဗျ။ ဒီနေ့ ကျုပ်တို့ ဘယ်လမ်းလိုက်မလဲ။ ထိပ်ထားလမ်းလား။ သေနာ လမ်းလား။ တစ်လမ်းလှမ်းရင် တစ်လမ်းခွာရမယ်ဗျ။ ဒီမိုကရေစီလမ်းလား။ အာဏာရှင် လမ်းလား။ အမိန့်အာဏာ လမ်းလား၊ ညှိနှိုင်း ဖြေရှင်းလမ်းလား။ ရွေးကြပေတော့။
ဒီမိုကရေစီ ထိပ်ထားလမ်းသစ်လမ်းကောင်း ရှေ့ မှာရှိတယ်။ အာဏာရှင် သေနာလမ်း ဟောင်းလမ်းဆိုး လဲ ရှေ့မှာပဲရှိသေးတယ်။
ထိပ်ထား လမ်းရွေးကြရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေဆိုတာကြီး ကို ပြင်ရမယ်ဗျ။ ပြောင်းရမယ် ဗျ။ ဖြုတ်ရမယ်ဗျ။ ဖျက်ရမယ်ဗျ။ ။ ။
ဟံသာဝတီ ဦးဝင်းတင်
ဒီလှိုင်းဂျာနယ် ။ အတွဲ(၁) ၊ အမှတ်(၄၇)
No comments:
Post a Comment