Sunday, February 3, 2013

အတွေးအကြံနှင့် အကျင့်စရိုက်



လူသည် သူ၏ စိတ်နှလုံးတွင် စဉ်းစားခွဲထင်ထားသည့်အတိုင်း တကယ်ဖြစ်၏ ဟူသော စကားတစ်ခုရှိသည်။

သည်စကား၏အဓိပ္ပာယ်သည် အလွန် နက်နဲကျယ်ဝန်းသည်။ လူတစ်ယောက်၏ စိတ်တွင် စွဲစွဲလမ်းလမ်းဖြစ်နေသော အရာတစ်ခုသည် တစ်ချိန်၌ တကယ်လက်တွေ့ အကောင်အထည်ပေါ်လာစမြဲ ဖြစ်သည် ဟူသော သဘောမျှပြောခြင်းမဟုတ်။ လူတစ်ယောက်၏ ဘ၀တစ်ခုလုံး၊ သူ့ဘ၀၏ သိသာထင်ရှားသော အခြေအနေအားလုံး၊ မသိသာမထင်ရှားသော အကြောင်းခြင်းရာအားလုံး၊ သူ့ဘ၀ကံကြမ္မာ သို့မဟုတ် သူ့ဘ၀တစ်လျှောက်လုံး ကြုံတွေ့ရမည့် အဖြစ်သနစ်များ၊ ကောင်းသော ဆိုးသော အလားအလာများ စသည်တို့အားလုံးပင် သူ့စိတ်ကူး သူ့အတွေးအကြံများ၏ ဖန်တီးချက်ဖြစ်သည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။

လူတစ်ယောက်၏ ဘ၀ကို သူ၏အကျင့်စရိုက်က ဖေါ်ဆောင်ဖန်တီး၏။ ထိုအကျင့်စရိုက် ဟူသည်လည်း သူ့အတွေးအကြံများ၏ စုပေါင်းရလဒ်ပင် ဖြစ်၏။

ပမာဆိုရသော်…
အစေ့ မရှိလျှင် အပင်မရှိ၊ အစေ့ရှိမှသာ အပင်တို့ ပေါက်ဖွားတည်ရှိနိုင်သကဲ့သို့ လူ၏အပြုအမူ ဟူသမျှသည်လည်း အတွေးတည်းဟူသော ပုန်းခိုနေသောမျိုးစေ့များမှပင် ပေါက်ရ၏။ အတွေးမျိုးစေ့မရှိဘဲ အပြုအမူ သို့မဟုတ် လုပ်ဆောင်ချက်သစ်ပင် မဖြစ်ပေါ်ပေ။

လုပ်ဆောင်ချက်ဆိုရာ၌ သေချာဂန စီစဉ်ကြံဆ၍လုပ်သော အလုပ်မျိုးမှသည် ကြိုတင်စဉ်းစားခြင်းမရှိ မတော်တဆ အမှုမဲ့အမှတ်မဲ့ ရုတ်တရက်အလိုအလျောက် လုပ်လိုက်မိသော လုပ်ရပ်များအထိ အားလုံး အကျုံးဝင်ပေသည်။
အပြုအမူသည် အတွေးအကြံမှ ဖူးပွင့်လာ၍ စိတ်ချမ်းသာရွှင်လန်းရခြင်း (သုခ)၊ ပူပန်ဆင်းရဲရခြင်း (ဒုက္ခ) တို့ကား ထိုအဖူးအပွင့်တို့မှ ဆက်လက်ဖြစ်ထွန်းသည့် အသီးအနှံဖြစ်၏။

လူသည် သူစိုက်ပျိုးသောအပင်မှ အသီးအနှံကိုပင် ချိုသည်ဖြစ်စေ၊ ခါးသည်ဖြစ်စေ ခူးဆွတ်ရိတ်သိမ်းမှု ပြုရပေသည်။

  စိတ်တွင်းရှိ အတွေးအကြံတို့သည် ကျွန်ုပ်တို့အား ဖန်ဆင်း၏။

   ကျွန်ုပ်တို့၏ လက်ရှိအဖြစ်သည် ကျွန်ုပ်တို့၏ စိတ်အာရုံ၌ တည်ရှိခဲ့သည့် အတွေးအကြံတို့၏ စီမံဖန်တီးထားမှုများသာ ဖြစ်၏။

  လူ တစ်ယောက်၏ စိတ်အာရုံ၌ မကောင်းဆိုးဝါး အတွေးအကြံများ ရှိငြားအံ့။ ထိုသူ့ထံသို့ ဆင်းရဲဒုက္ခသည် နွားနောက်က လာသည့် လှည်းဘီးပမာ မခွာတမ်း လိုက်ပါ၏။

  အကယ်၍ လူတစ်ယောက်သည် စင်ကြယ်သော အတွေးအကြံအားဖြင့်သာ တည်ကြည်စွာ ရှိငြားအံ့။ ချမ်းသာသုခသည် သူ၏ နောက်မှ အရိပ်ပမာ ထက်ကြပ်လိုက်ပါပေမည်။
လူသည် မိမိကိုယ်ကို ကောင်းမွန်ပြည့်ဝအောင် တည်ဆောက်နိုင်သကဲ့သို့ ဆိုးယတ်ပျက်စီးအောင်လည်း ဖျက်ဆီးခြင်း ပြုနိုင်၏။ အတွေးတည်းဟူသော လက်နက်တိုက်၌ သူသည် သူကိုယ်တိုင်အား ဖျက်ဆီးမည့် လက်နက်ကိရိယာကို သူ့ဘာသာပုံသွင်းပြုလုပ်၏။ အလားတူပင် သူ့အား ချမ်းသာပျော်ရွှင်မှု ကြံ့ခိုင်မှုနှင့် ငြိမ်းချမ်းမှုတို့ကို ပေးမည့် ဘုံဗိမာန်ကြီး တည်ဆောက်ရန် စူး ဆောက် တန်ဆာပလာများကိုလည်း သူပင်လျှင် ပုံစံထုတ် ပြုလုပ်ပေသည်။

မှန်သော အတွေးအကြံကိုသာ စီစစ်လက်ခံကာ မှန်ကန်စွာ အသုံးပြုခြင်းဖြင့် လူသည် အမြင့်ဆုံးသော ဘုံအဆင့်အထိ လှမ်းတတ်နိုင်၏။ တစ်ဖက်တွင်မူ မှားသောအတွေးအကြံကို ခံယူခြင်း၊ လွဲမှားစွာ အသုံးပြုခြင်းတို့ဖြင့် အဟိတ်တိရစ္ဆာန်ထက် နိမ့်ပါးသောအဆင့်သို့ ကျဆင်းသွားနိုင်၏။ ဤအစွန်းနှစ်ခုကြား၌ လူပုဂ္ဂိုလ်၏ နေရာအနိမ့်အမြင့် အဆင့်ဆင့်တို့ရှိကြရာ ထိုအဆင့်အသီးသီးသို့ ရောက်ရှိစေမှုတွင် ၄င်းပုဂ္ဂိုလ်သည်ပင် ဖန်တီးသူ အရှင်သခင် ဖြစ်ပေသည်။

လူသည် အတွေးအကြံ၏ အရှင်သခင်ဖြစ်သကဲ့သို့ အကျင့်စရိုက်၏ ဖန်တီးရှင်လည်းဖြစ်၏။ ထို့ပြင် သူ့အခြေအနေ၊ သူ့ပတ်ဝန်းကျင်နှင့် သူ့ဘ၀ကြမ္မာဟူသမျှတို့ကို ပုံသွင်းပြုလုပ်သူလည်း ဖြစ်ပေသည်။
မည်သည့်အနေအထား၌မဆို လူသည် မိမိကိုယ်တိုင်၏ အရှင်သခင်ဖြစ်သည်။ စဉ်းစားဆင်ခြင်ဉာဏ် အနည်းဆုံး အချိန်၊ အဆိုးယုတ် အနိမ့်ကျဆုံးအချိန်၌လည်း အရှင်သခင်သည် အရှင်သခင်ပဲ ဖြစ်သည်။

သို့သော် ထိုသို့သောအချိန်မျိုး၌မူ သူသည် မိမိအိုးအိမ်ကို ကောင်းစွာ စောင့်ရှောက် ထိန်းသိမ်းနိုင်စွမ်း မရှိသည့် မိုက်မဲသော အရှင်သခင် ဖြစ်သည်။ သို့သော် အကယ်၍ မိမိအနေအထားကို ပြန်လှန်သုံးသပ်မှုပြုလာမည်၊ မိမိဘ၀ တည်မှီနေရသည့် အကြောင်းအကျိုး နိယာမတရားကို စူးစမ်းသိမြင်လာမည်ဆိုလျှင်မူ သူ၌ ဉာဏ်ပညာအမြော်အမြင် ရှိလာပြီ၊ သတိသမ္ပဇဉ်တရားကို သူလက်ကိုင်ထားတတ်လာပြီ။ ထိုအခါ သူ၏စွမ်းအားများကို အသိဉာဏ်တွဲ၍ အသုံးပြုတတ်လာမည်။ သူ၏ အတွေးအကြံများကိုလည်း အကျိုးကျေးဇူး ဖြစ်ထွန်းစေမည့် အကြောင်းရပ်များဘက်သို့ တည့်မတ်ထိန်းကျောင်းလာမည်ဖြစ်သည်။

............................

လူသည် ဤသို့ မိမိအတွေးအကြံနှင့် မိမိဘ၀ အခြေအနေတို့ ကြောင်းကျိုးဆက်စပ် ဖြစ်တည်နေပုံသဘောကို မိမိကိုယ်တိုင်၌ တွေ့ရှိသိမြင်ပြီးသည့်အခါမှသာ ဉာဏ်အမြော်အမြင် ရှိသော အရှင်သခင် ဖြစ်လာနိုင်ပေသည်။

ဤသို့ သိမြင်ရေးသည် သာမာန်အားဖြင့် လွယ်သယောင် ရှိသည်။ သို့သော် ဤအရာကား ဤသို့တည်းဟု သူတစ်ပါး ညွှန်ပြသဖြင့် အမှတ်မဲ့ သိရခြင်းမျိုးသည်မူ အပေါ်ယံကြော သိခြင်းမျှဖြစ်၍ သိစိတ်ထဲတွင် ရေရှည်မနေ။ နောင်ကာလ လက်တွေ့ဘ၀၌ ၄င်းအသိကို ထင်ဟပ် သုံးစွဲလေ့မရှိ။ တစ်နည်းပြောရလျှင် ထိုအသိသည် သိသယောင် ရှိလိုက်ပြီး ပျောက်သွားသည့် တစ်ဒင်္ဂအသိမျှသာဖြစ်၍ အကျိုးကျေးဇူး မထင်ရှားပေ။

သိစိတ်အာရုံ၌ ရေရှည်စွဲမြဲ၍ အကျိုးကျေးဇူး ထင်ရှားသော အသိတရားဖြစ်ရန်အတွက်မူ အားထုတ်မှု လိုသည်။ အားထုတ်မှုဟူသည်ကား ယင်းကြောင်းကျိုးတရား မိမိဘ၀၌ ထင်ရှားဖြစ်ပေါ်ပုံကို အနုလုံ ပဋိလုံ စေ့ငု ဆင်ခြင်ရန် ဖြစ်သည်။

အတွေ့အကြုံနှင့် ယှဉ်သော အသိ၊ ကိုယ်တိုင်စူးစမ်းစိစစ် ဖော်ထုတ်မိသော အသိမျိုးသာ သိစိတ်အာရုံ၌ ခိုင်မြဲစွဲထင်ကာ နောက်တွင်လည်း လက်တွေ့ဘ၀၌ ၄င်းအသိကို ထင်ဟပ်သုံးစွဲမိမည် ဖြစ်သည်။

.........................

ပတ္တမြား၊ စိန်၊ ရွှေ စသည့် အဖိုးတန် ကျောက်မျက်ရတနာကို အလွယ်တကူ မရ။ ဇွဲနပဲကြီးစွာ စူးစမ်းရှာဖွေခြင်း၊ တူးဆွဖော်ထုတ်ခြင်းတို့ဖြင့်သာ ရသကဲ့သို့ မိမိကိုယ်တိုင်နှင့် စပ်လျဉ်းသည့် အစစ်အမှန်တရားများကိုလည်း လူသည် မိမိနာမ်ဝိညာဉ်အား အနက်အရှိုင်း တူးဆွဖေါ်ထုတ်ခြင်းဖြင့်သာ တွေ့ရှိသိမြင်နိုင်ပေသည်။

မိမိ၏အတွေးအကြံ အသီးသီးကို ခွဲခြမ်းစိစစ်ကာ တစ်ခုသော အတွေးအကြံကြောင့် ပစ္စုပ္ပန်ကာလ မိမိဘ၀၌ မည်သို့ဖြစ်ပေါ်ပုံ၊ မိမိနှင့်ဆက်စပ်သည့် အခြားသူများ၏ ဘ၀၌ မည်သို့သက်ရောက်ပုံ၊ ထိုသက်ရောက်မှုများကြောင့် မိမိဆက်ဆံရသော လူမှုဝန်းကျင်အနေအထားတို့ ပြောင်းလဲလာပုံ၊ ထိုပြောင်းလဲလာသော ပတ်ဝန်းကျင် အနေအထားများကြောင့် မိမိဘ၀ကံကြမ္မာများ၊ မိမိဘ၀၏ အကောင်းအဆိုး အလားအလာများ ပြောင်းလဲဖြစ်ပေါ်ပုံ စသည်တို့ကို စောင့်ကြည့်မှတ်သားမည်။ တစ်ဖန် ထိုအတွေးအကြံကိုပင် အတိုင်းအတာတစ်ခုအထိ ပြုပြင်ပြောင်းလဲကြည့်ခြင်းဖြင့် ပစ္စုပ္ပန်ကာလ မိမိဘ၀၊ မိမိနှင့် ဆက်စပ်သူတို့၏ ဘ၀၊ မိမိ ပတ်ဝန်းကျင်၊ မိမိ အလားအလာ၊ မိမိ ကံကြမ္မာ စသည်တို့၌ ဆင့်ကဲပြောင်းလဲ ဖြစ်ပေါ်ပုံတို့ကို စောင့်ကြည့်မှတ်သားမည်။

ယင်းစောင့်ကြည့်တွေ့ရှိချက်များအပေါ် စေ့စပ်သေချာစွာ နှိုင်းယှဉ်သုံးသပ်မှုများပြုမည်ဆိုပါက မိမိသာလျှင် မိမိ၏ အကျင့်စရိုက်ကို ဖန်တီးသူ၊ မိမိသာလျှင် မိမိဘ၀ကို ပုံသွင်းသူ၊ မိမိသာလျှင် မိမိဘ၀ကံကြမ္မာကို အဆုံးအဖြတ်ပြုနေသူဖြစ်ကြောင်း ပီပြင်ထင်လင်းစွာ သိမြင်လာပေမည်။
“ရှာသောသူသည် တွေ့၏၊ တံခါးခေါက်သူအတွက်လည်း တံခါးသည် ပွင့်၏” ဟူသောစကားသည် ဤနေရာ၌ အပြည့်အ၀မှန်ကန်၏။

အကြောင်းမူ ထက်သန်ပြင်းပြခြင်း၊ စိတ်ရှည် ဇွဲရှိခြင်း၊ မပြတ် ကြိုးကုတ်ခြင်းတို့ဖြင့်သာ ပညာဘုံဗိမာန်တံခါးကို ဖွင့်လှစ်ဝင်ရောက်နိုင်သောကြောင့်တည်း။

ပညာသည်  တန်ခိုးဖြစ်၏။
တန်ခိုးစွမ်းအားအပေါင်းတို့အနက် သစ္စာတရားကို မြင်သည့် ပညာရှင်၏ တန်ခိုးစွမ်းအားသည်သာ အကြီးမားဆုံး ဖြစ်ချေသည်။

လူတစ်ယောက်၏ အတွေးကို သူ ဘာတွေ တွေးနေပါသည် ပြောသဖြင့် မသိရ။ သူ့လုပ်ဆောင်ချက်များအားဖြင့်သာ သိရ၏။

အိုက်ဇက် ဘာရှိဗစ်ဆင်းဂါး


ဖေမြင့်
source....  http://mmcybermedia.com

No comments:

Post a Comment