ညွှတ်သော . . .၊ ပျောင်းသော . . .
နွဲ့သော . . .၊ ယဉ်သော . . .

တငြိမ့်ငြိမ့် ရေအလျဉ်မပြတ် စီးသွန်နေတဲ့ မြစ်မင်းဧရာရဲ့ အရှေ့ဘက်၊ မြေ၌ စုန့်စုန့်ပေါက်နေတဲ့ မဏ္ဍလခေါ် မန္တလေးတောင်တော်ခြေရင်းမှာ နန္ဒာကန်၊ အောင်ပင်လယ်ကန်၊ ဇောင်းကလောကန်၊ တောင်သမန်အင်းနဲ့ တက်သေးအင်း ငွေလွှာအသွင် ရေပြင်ကျယ်တို့ ၀န်းရံပြီး မန္တလေး ရတနာပုံမ် နေပြည်တော်ရယ်လို့ ပေါ်ပေါက်လာပြီးနောက်၊ ပြာသာဒ်အဆောင်အောက်၊ ဟင်္သာပဒါးရောင်ရွှေရောင်ဖိတ်တောက် နန်းရင်ပြင်ပွဲကြည့်ဆောင်မှသည် ရွှေမြို့တော်အတွင်း ၀င်းများ၊ ပြလမ်းများဆီမှာထိ မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးက ထွန်းလင်းတောက်ပ ဂုဏ်ဝင်ခဲ့တဲ့ မြန်မာမှုသုခုမပညာတွေ ဖူးပွင့်ဝင်းလက်ခဲ့ပါသည်။
ပြည်သူလူထုအပေါ် တိမ်းညွှတ်စောင့်ရှောက်ခဲ့တဲ့ မြို့တည်နန်းတည် သာသနာပြုမင်းလက်ထက်မှာ အရပ်ရပ်က ဖူးပေ့၊ ညွှန်ပေ့၊ ကွန့်ပေ့၊ ကောင်းပေ့၊ တော်ပေ့ ဆိုတဲ့ ပညာရှိစာဆိုများ၊ အနုပညာသည်များဟာလည်း မန္တလေးနေပြည်တော်မှာ တစ်စုတစ်စည်းတည်း မြှောက်စားချီးမြှင့်ခြင်းခံရကာ မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာတွေလည်း ဖိတ်ဖိတ်လက်မျှ တောက်စားထွန်းလင်းခဲ့ပါတယ်။ သူ့ခေတ်နဲ့ သူ့နားသာတယ်ထင်ရာကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။
မင်းတုန်းမင်းကြီးခေတ်ဟာ တိုင်းပြည်က အထိုက်အလျှောက် အေးချမ်းသာယာတယ်။ ဘုရင်ကလည်း အေးချမ်းသာယာမှုရှိအောင် အစွမ်းကုန်ကြိုးစားရင်းနဲ့ တစ်ဘက်ကလည်း တိုင်းပြည်လူမျိုးအတွက် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုတွေကို အစွမ်းကုန်အားပေးတယ်။ ဒီတော့ တိုင်းသူပြည်သားတွေကလည်း အားတက်မှု၊ တက်ကြွမှုတွေ ရှိလာတယ်။ ယဉ်ကျေးမှုပိုင်းမှာလည်း နောက်ကျမကျန်ရစ်အောင် အခြားသော ဖွံ့ဖြိုးမှုများနဲ့အတူ ရင်ပေါင်တန်း ခိုင်မာစေတယ်။ ဒီအတွက် ကြိုးပမ်းလုပ်ဆောင်မှုအားလုံးကိုလည်း ဘုရင်က အားပေးတယ်။
အနုပညာဆိုတာကလည်း တက်ကြွမှု၊ ယုံကြည်မှု၊ အားပေးမှုတွေရှိလာတဲ့အခါ မကုန်နိုင်တဲ့ ဆန်းသစ်တီထွင်မှုတွေ ပေါ်ပေါက်လာတာလည်း ဓမ္မတာပါ။ ဒါ့အပြင်လက်နက် စက်ရုံတည်တယ်။ ဖန်ချက်တယ်၊ စာပုံနှိပ်စက်နဲ့ စာအုပ်တွေ ရိုက်တယ်၊ သတင်းစာထုတ်တယ်၊ ငွေဒင်္ဂါးသွန်းတယ်၊ မြန်မာလို ကြေးနန်း ရိုက်တယ်။ ဒီအချိန်မှာ အောက်မြန်မာနိုင်ငံက အင်္ဂလိပ်လက်အောက်ရောက်နေတာ မဟုတ်လား။ ခေတ်မပြိုင်ရင် ကျန်ရစ်မှာ။
ဒီတော့ ယဉ်ကျေးမှုဘက်ကလည်း ကိုယ်ခံအားကောင်းအောင် ကြိုးပမ်းတယ်။ အားပေးတယ်။ ဒါကလည်း မလုပ်လို့မဖြစ်ဘူး။ အတိတ်က ရွှေထီးဆောင်းတာ တသသပြောရင်း ကွမ်းအစ်တစ်လုံး ရေနွေးကြမ်းတစ်အိုးနဲ့ အချိန်ကုန်ခံ လေပစ်နေလို့မရဘူး။ ကိုယ်ခံအားမကောင်းရင် အောက်ကယဉ်ကျေးမှုက ချက်ချင်းဝါးမျိုသွားမှာ။ မြန်မာတွေ စိတ်ဓာတ်ကလည်း အသစ်အဆန်းဆို ကြားခါမြင်ခါမျှနဲ့ ချက်ချင်းအထင်ကြီးတတ်တယ်။ ကိုယ့်ပစ္စည်း ခိုင်ခိုင်မာမာကို ချက်ချင်းစွန့်တတ်တယ်။ သူများဟာကို ချက်ချင်းကောက်သုံးတတ်တယ်။ သူများပစ္စည်းက ကိုယ့်ပစ္စည်းလောက် မဟန်မှန်းသိချိန်ရောက်တော့ ကိုယ့်ပစ္စည်းက ပျက်နေပြီ၊ ယွင်းနေပြီ။ အဲလိုကြုံရတာချည်းပါပဲ။ ဒါကို ပညာရှင်ကြီးတွေက မြော်မြော်မြင်မြင်နဲ့ကိုယ့်ပစ္စည်းကို ခိုင်သထက်ခိုင်၊ မာသထက်မာအောင် မန္တလေးမှာ အားစိုက်ကြိုးပမ်း ခဲ့ကြတာက ထူးခြားလှပါတယ်။
(၁)
မန္တလေးခေတ် ၀ါယ ဂီယ နစ်ရဲ့ ကနဦးလုပ်ဆောင်မှုကတော့ ရှေ့ဘက်ပြေး မောင်မောင်သိုက်ဦးဆောင်တဲ့အဖွဲ့က မြ၀တီမင်းကြီးရဲ့ ပတ်ပျိုးကြီးတွေကို စောင်းနဲ့ ကျကျနနကြီး ပြန်လည်ဖော်ထုတ်တယ်။ မန္တလေးမှာ မြန်မာ့စောင်းပညာက သိပ်တက်လာတယ်။ မောင်မောင်သိုက်က မြန်မာ့စောင်းရဲ့ မူလ ၇ ကြိုးမှာ ၆ ကြိုးထပ်တိုးပြီး ၁၃ ကြိုးနဲ့ စ တီးခတ်ခဲ့သူပါ။ နန်းတော်တွင်းက မောင်မောင်သိုက် ဦးဆောင်တဲ့ မဟာဂီတအဖွဲ့ကြီးမှာ စောင်းသမား ၁၇ ဦးလောက်ရှိတယ်။ ရတနာပုံခေတ်မှာ စောင်းမတတ်ရင် လူရာမ၀င်ဘူး။ ဘုရင့်ရှေ့တော်ပြေးအဖွဲ့လို မိဖုရားခေါင်းကြီးဘက်က မမအုံး၊ မမဥ၊ တပယ်ခင်သစ်တို့ ဦးဆောင်တဲ့ အမျိုးသမီး မဟာဂီတသမားတွေကလည်း သူတို့ပညာနဲ့ အကောင်အထည်ဖော်ကြပြန်တယ်။ မဟာဂီတဟာ မင်းတုန်းမင်းခေတ်မှာ အထင်ပေါ်အကျော်ကြားဆုံး ဖြစ်လာတယ်။
မောင်မောင်သိုက်ရဲ့ မူလရှေ့တော်ပြေးအဖွဲ့မှာ စောင်း မောင်မောင်သိုက်၊ အဆို ဦးပေနဲ့ မိကျောင်းမောင်မောင်ကြီးတို့ ပါဝင်တယ်။ မောင်မောင်ကြီး ဆိုတာ မောင်မောင်သိုက်ရဲ့ဇနီး ခင်ခင်ရဲ့မောင်ပါ။ နောက်တော့ မောင်မောင်ကြီးက စောင်းကို လိုက်စားတယ်။ မောင်မောင်ကြီးက သူ့ယောက်ဖ မောင်မောင်သိုက်တီးတဲ့အကွက်တွေကို ယူတီးပေမယ့် မောင်မောင်သိုက်ရဲ့ စံချိန်ကို ချိုးနိုင်တယ်။ မောင်မောင်သိုက်ထက်ကောင်းတဲ့ အကွက်တွေ တီထွင်တီး ခတ်တယ်။ အရင်စံချိန်ထက် ခံတဲ့နေရာ ပိုခံ့လာတယ်။ တွဲတဲ့နေရာ ပိုတွဲ့လာတယ်။ နွဲ့တဲ့နေရာ ပိုနွဲ့လာတယ်။ သပ်တဲ့နေရာ ပိုသပ်လာတယ်။ ရှပ်တဲ့နေရာ ပိုရှပ်လာတယ်။ သွက်တဲ့နေရာ ပိုသွက်လာတယ်။ ဟန်ယူရမယ့်နေရာ ပိုဟန်ယူလာတယ်။ အဆိုသမားကို အခင်းနဲ့ခေါ်တယ်။ အခေါ်နဲ့အခင်းနဲ့ တီးပေးတယ်တဲ့။
ဆရာဖြစ်သူ မောင်မောင်သိုက်က သူ့ထက်တော်တဲ့သူကို နေရာပေးတယ်။ သဘောထားကြီးတယ်။ ရှေ့တော်ပြေးအဖွဲ့က စောင်းကို မောင်မောင်ကြီးပဲ တီးစေတော့တယ်။ မောင်မောင်ကြီးတို့ စောင်းတီးကွက်က ထမင်းလုတ် လက်ကလွတ်ကျအောင် ကောင်းလှပါသတဲ့။ မောင်မောင်ကြီးက ရှေ့သီချင်းမှန်သမျှ အကုန်တော်လှန်ရေးလုပ်ပစ်သတဲ့။ ရှေ့ကသီချင်းတွေကို သီချင်းအားလုံး နရီစည်းချည်းလုပ်တယ်။ နရီစည်းနဲ့ပဲသီဆိုခဲ့သတဲ့။ မောင်မောင်ကြီးဟာ သီပေါမင်းလက်ထက်မှာအထိ ရှေ့တော်ပြေးအဖွဲ့ရဲ့ ခေါင်းဆောင်စောင်းဆရာဖြစ်ခဲ့ပြီး၊ ဒေ၀ဣန္ဒာဘွဲ့ ချီးမြှင့်ခံရတယ်။ သူ့အဖွဲ့မှာ စောင်းက ဒေ၀ဣန္ဒာမောင်မောင်ကြီး၊ အဆိုက ဦးပေ၊ တယောက ကွမ်းဘိုးထိန်း ဦးမှို တို့ပါတယ်။
ဒါကြောင့် မြန်မာ့ဂီတရယ်လို့ စုစုစည်းစည်း၊ ဆုပ်ဆုပ်ကိုင်ကိုင် ထင်ရှားကျော်ကြားတဲ့ မန္တလေးရတနာပုံမ်ခေတ်ကာလမှာ သီချင်းအားဖြင့် ရေးသားအကောင်အထည်ဖော်ရာမှာ မြ၀တီမင်းကြီး ဦးစ ကလွဲလို့ အခြားမရှိပါဘူး။ ဒီသီချင်းတွေကို အသစ်အဆန်း အကွက်အလက်များနဲ့ အပီအပြင်ဖော်နိုင်တဲ့ တီးဖက်ဆိုင်ရာမှာ ဒေ၀ဣန္ဒာမောင်မောင်ကြီးထက် သာလွန်သူ အခြားမရှိပါဘူး။ ဒီသီချင်း ဒီအတီးနဲ့ လိုက်ဖက်စွာ သဒ္ဒါဆယ်ပါးနှင့် လိုက်ဖက်သီဆိုနိုင်သူကလည်း နောင်အချိန် ဘုန်းကြီးပေ လို့ခေါ်ကြတဲ့ ဦးပေထက်သာလွန်သူ မရှိခဲ့ပါဘူးလို့ သတ်မှတ်ခဲ့ကြပါတယ်။ သူတို့သီချင်း သူတို့အတီး သူတို့အဆိုကို မူအဖြစ် စံအဖြစ် သတ်မှတ်ခဲ့ကြတယ်။ ဒါဟာ မန္တလေးမူ၊ မန္တလေးစံမျှသာ မဟုတ်ပါဘူး။ မြန်မာ့မူ၊ မြန်မာ့စံပါ။ ဒီမူ ဒီစံတွေကို ခေတ်ပြိုင်ပညာရှင်တွေကလည်း နာယူတယ်။ ထိန်းသိမ်းတယ်။ ဖြန့်ဝေတယ်။
ဒီမူ ဒီစံတွေနဲ့ မသိမသာ ယွင်းကာ ယိမ်းကာဖြစ်တဲ့အချိန် သီပေါမင်းလက်ထက် အတွင်းတော်လက်ျာစိန်ဆိုင်းအမှုတော်ထမ်း ဆီဆုံရွာစား နေမျိုးကျော်စွာခေါင် ဘွဲ့ရ ဆရာဖေကြီးဟာ သီပေါဘုရင်ရှေ့မှောက်သျှောင်မှာ ပေရွက်ထိုးပြီး အသိပေးတင်ပြခဲ့လို့ တိမ်းတဲ့ ယိမ်းတဲ့ မူများ စံများကို ဆရာကြီးဖေကြီးကိုယ်တိုင် သုတ်သင်တည်းဖြတ် ပြင်ဆင်ပေးခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ ဒီမူမှန် ဒီစံမှန်တွေဟာ ဆရာကြီးသား ဆရာစိမ့်တို့၊ ရွာစားကြီးစိန်ဗေဒါတို့နဲ့အတူ ဂီတ၀ိသောဓနီ မောင်မောင်လတ်၊ စောင်း မောင်မောင်ခန့်၊ ရွှေပြည်ခင်ခင်ကြီး၊ ခင်ခင်လေး၊ ဆရာသိန်းကြီး၊ ဒေါ်သူဇာ၊ အုတ်ဆက်ခင်လေး၊ မေ၊ ဆရာဘကြီး၊ ဆရာဘကလေး၊ ဆရာနွဲ့၊ ဦးပေါ်ဦး၊ ဆရာမှန်း၊ ဦးလူကြီး၊ တပယ်ခင်သစ်၊ မမအုံး၊ မမမှုန်၊ ဘီလစ် ဦးထင်၊ ရုံပိုင်ကြီး ဦးစံဝင်း၊ ဦးခင်မောင်ဒွေ၊ ဦးဘသင်၊ ဘာဂျာ ဆရာလွှား၊ ဒေါ်အောင်ကြည်၊ ဒေါ်စောမြအေးကြည်စသည်ဖြင့် ပညာရှင်များဆီအထိ တစ်ဆုပ်တစ်ခဲ တင်းပြည့်ကျပ်ပြည့် ကျန်ရစ်ခဲ့ခြင်းဖြစ်ပါတယ်။
(၂)
တစ်ဘက်က အမရပူရခေတ်ကတည်းက ဖြစ်ထွန်းခဲ့တဲ့ နန်းတွင်းအီနောင်တို့၊ ရာမတို့ဇာတ်တွေ၊ အခြားဇာတ်တော်ကြီးတွေ၊ မြေ၀ိုင်းအဖွဲ့တွေ၊ ရုပ်စုံသဘင်တွေဟာလည်း ရတနာပုံခေတ်မှာ ပိုမိုပြီးအားကောင်းဖွံ့ဖြိုးလာတယ်။ မယင်းတော်၊ မကွမ်းငုံ၊ မဆင်ခိုး စတဲ့ မင်းသမီးတွေဟာ နာမည်ကျော် တွေပေါ့။ နောက် သူတို့အမွေကို မထွေးလေးက ဆက်ခံလိုက်တယ်။ ဆက်ခံတယ်လို့ပြောရရုံမက အရင်မင်းသမီးတွေရဲ့ စံချိန်ကို သူ့ခေတ်သူ့အခါနဲ့အညီ ချိုးနိုင်ခဲ့တယ်ဆိုရင် ပိုမှန်ပါတယ်။ ဘာလို့လဲဆိုတော့ မထွေးလေးမူ၊ မထွေးလေးဟန်၊ မထွေးလေးအကရယ်လို့ ပိုမိုပြီးလည်း ကောင်းမွန်အောင် သန္ဓေမပျက် တီထွင်နိုင်ခဲ့လို့ပါပဲ။ မြန်မာအကမှာ ကိုယ်ပိုင်မူရယ်လို့ ပိုမိုကောင်းမွန်အောင် တီထွင်နိုင်တာ များများစားစား မရှိလှပါဘူးတဲ့။ မင်းသားမှာ ဦးစိန်ကတုံးနဲ့ ကိုရာပြတ်၊ မင်းသမီးထဲမှာ မထွေးလေးပဲ ရှိတယ်လို့ ဆိုကြပါတယ်။
ရတနာပုံမ်ခေတ်မှာ လက်ထက်တော်ကြီးရော လက်ထက်တော်ကလေးမှာရော မြန်မာ့ယဉ်ကျေးမှုသဘင်ပညာတွေဟာ မန္တလေးမှ တစ်လျှောက်လုံး တခမ်းတနား ရှိခဲ့ပါတယ်။ သီပေါမင်းလက်ထက်မှာ ခေတ်မီခမ်းနားတဲ့ ဇာတ်ရုံတော်ကြီးတွေလည်း ရှိနေပါပြီ။ ဇာတ်ရုံတော်ကြီးတွေနဲ့ပတ်သက်ပြီး ကုန်းဘောင်ဆက်မဟာရာဇ၀င်တော်ကြီးမှာ အခုလိုရေးသားထားပါတယ်။
“ထိုနှစ် (သက်္ကရာဇ် ၁၂၄၆) တပို့တွဲလ သမီးတော်မြတ်ရတနာ နားထွင်းမင်္ဂလာ ချီးမြှင့်တော်မူမည်ကို အစပြု၍ ပွဲသဘင်ခံတော်မူသည်မှာ အရှေ့ဘက်ဇာတ်ရုံတော်ကြီးတွင် ကောင်းကင်ခရီးပျံခြင်း သွားခြင်း၊ စက်ယန္တရားအလုပ်အဆောင် အဖွယ်အရာ၊ မြေမှပေါ်ခြင်း ထွက်ခြင်း၊ ငုပ်ခြင်း လျှိုးခြင်း၊ ဥမင်လမ်း အလုပ်အဆောင် အဖွယ်အရာ၊ ဇာတ်ရုံတော်ကြီးအလယ် ဆန်းကြယ်သော ရေကန်ဝယ် ရိုးရွက်စိမ်းရွှင်စွာ အဖူးချပ်ရုံ ပွင့်ငုံနှင့်တကွသော ရွှေပဒုမာကြာပင်သည် ရေအောက်မှ တရွှေ့ရွှေ့ပေါ်ထွက်၍ နေအရုဏ်သင့်၍ ပွင့်လတ်သောအခါ ယင်းသည့်ကြာငုံအတွင်းမှပါသော လျှပ်စစ်နွယ်ကဲ့သို့ အဆင်တန်ဆာရောင် ကိုယ်ရောင်တို့ဖြင့် ယှက်သန်းသော ဒေ၀စ္ဆရာ ကညာဥပပတ်၊ သန္ဓေနတ်သည် လှည့်ပတ်ဟန်လှ ဦးညွှန်ခပြီးလျှင်၊ ကျူကခြင်းပြုစသော စက်ယန္တရား အလုပ်အဆောင် အဖွယ်အရာ၊ မကိုဋ်သရဖူ၊ ဇာတ်ရုပ် ဇာတ်ခေါင်း အမျိုးမျိုးများကိုလည်း စိန်ရောင် မြရောင် ဖန်မှန်ထွတ်မျိုးတို့နှင့် စီခြယ်လျက် စနစ်ကျကျ လှပကောင်းမွန်အောင် အသစ်လုပ်ဆောင်၍ ဆင်စေခြင်း ” စသည်ဖြင့် ရေးသားထားပါတယ်။ အရှေ့ဇာတ်ရုံတော်ကြီးမှာ “ရာမဇာတ်တော်” ကြီးကို အဆက်မပြတ် ကယပြစေသလို၊ အလားတူ အနောက်ဇာတ်ရုံတော်ကြီးမှာလည်း အရှေ့ဇာတ်ရုံတော်ကြီးနည်းတူ ဆန်းကြယ်ခမ်းနားစွာ ပြင်ဆင်ပြီး “အီနောင်ဇာတ်တော်” ကြီးကို ကပြခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီလို ဇာတ်ရုံတော်ကြီးတွေနဲ့ ကယပြကြရာမှာ မင်းသားတွေက အီနောင် ကိုစံတုတ်တို့၊ အီကင်း ကိုမောင်ကြီးတို့၊ ကိုရာပြတ်တို့နဲ့အတူ မယင်းတော်၊ မကွမ်းငုံ၊ မဆင်ခိုးတို့ ဖြစ်မှာပေါ့။ နောက်ပိုင်း မထွေးလေး၊ တပယ်ခင်သစ်၊ တံပယ်ခင်ဥ၊ မစိန်ကြာ့၊ မစိန်သုံ စတဲ့ မင်းသမီးတွေဖြစ်မှာပါ။
ဘယ်သူဘယ်ဝါတွေဖြစ်စေ၊ မင်းတုန်းမင်းကြီးလက်ထက်မှသည် သီပေါမင်းလက်ထက်အထိ အနုပညာအမွေအနှစ်အာလုံး စုရုံးဖော်ထုတ် စံပြုခဲ့တဲ့ မူတွေ ဟန်တွေ စံတွေအတိုင်း သန္ဓေမပျက်အမြုတေအဖြစ် အခြေတည်ပြီးကာ ထိုမူ ထိုဟန် ထိုစံတွေကတစ်ဆင့် ခေတ်နဲ့အညီ ပိုမိုကောင်းမွန်အောင် တီထွင်နိုင်ခဲ့ကြတဲ့ ပညာရှင်တွေချည်းပါပဲ။ ဒီစံ ဒီဟန် ဒီမူတွေအားလုံး “မန္တလေး” မှာပေါ်ထွန်းခဲ့တာချည်းပါပဲ။
(၃)
သက္ကရာဇ် ၁၂၄၇ ခု ပါတော်မူပြီးနောက် ထီးကျိုးစည်ပေါက်ဖြစ်ပြီး တစ်စုတစ်စည်းတည်းသော အနုပညာရှင်တွေ ရေဝေးကြာပမာ ဖြစ်ကြရပါတယ်။ ဒီတော့လည်း ရေကြည်ရာမြက်နုရာဆိုသလို ထက်အောက်စုန်ဆန် လွင့်ပါးကြရပါတော့တယ်။ အစုအစည်းပြေပျက်၊ အထိန်းအကွပ်မဲ့ပြီး အားပေးချီးမြှင့်သူလည်း မရှိဖြစ်ကာ တစ်ဘက်ကလည်း အုပ်စိုးသူ လူမျိုးခြားရဲ့ ယဉ်ကျေးမှုတွေက လွှမ်းမိုးလာလေတော့ မြန်မာအနုပညာရှင်တွေဟာ ကိုယ့်ပညာကို ရင်ဝယ သိမ်းသိမ်းထုပ်ထုပ်ပြုလုပ်ရုံကလွဲပြီး မတတ်နိုင်ကြတော့ပါဘူး။ ရောက်ရာနေရာဒေသမှာ ကျားကုတ်ကျားခဲ ရပ်တည်ပြီး ကိုယ့်အနုပညာ မပျက်အောင် မနည်းထိန်းသိမ်းနေကြရတဲ့ကာလတွေပါပဲ။
မန္တလေးမှာ ကျန်ရစ်တဲ့ ၀က်မစွပ်ဝန်ထောက်မင်းလို၊ လှေသင်းအတွင်းဝန်မင်းလိုစသည်ဖြင့် ပုဂ်္ဂိုလ်ကြီးတွေက မြင်တွေ့မှတ်ကြား တတ်သိထားသမျှ မပျောက်မပျက်ရအောင် ရေးချွတ်ထိန်းသိမ်းထားကြရတယ်။ ယောအတွင်းဝန်မင်းရဲ့သားဖြစ်သူ ရွှေပြည် မောင်မောင်လေး နဲ့ လွှတ်တော်သံတော်ဆင့်မင်းတို့ကလည်း ရသမျှ သီချင်းကြီး သီချင်းခံကို မူရင်းစာသား၊ သီချင်းဗျူပ္ပတ်တွေနဲ့အတူ ရေးမှတ်ထားခဲ့ကြတယ်။ အင်မတ် အမြော်အမြင်ကြီးတဲ့ ပုဂ်္ဂိုလ်ကြီးတွေပါ။ အနုပညာကိုယ်ခံအားနည်းကာ စံချိန်မသိဘဲ လေထဲခါးတောင်ကျိုးပြီး တစ်ကပြန်စကြတာမျိုး မဖြစ်ရအောင် မူလတင်ခဲ့ပြီးသားစံချိန်ကို တခုတ်တရ မှတ်တမ်းတင်ခဲ့တဲ့သဘောပါ။
မန္တလေးက မခွဲမခွာကျန်ရစ်ခဲ့တဲ့ ဒေ၀ဣန္ဒာမောင်မောင်ကြီးတို့၊ ဘုန်းကြီးပေတို့၊ စင်တော်ကြီးဦးပေါ်ဦးတို့၊ ဦးလူကြီးတို့၊ အညံ့ဖြူ ဦးတုတ်တို့၊ ရွာစားကြီး စိန်ဗေဒါတို့၊ ဘာဂျာဆရာလွှားတို့၊ ဦးထွန်းအိုင်တို့၊ မထွေးလေးတို့၊ မစိန်သုံတို့၊ ဆီကျော် စိန်တင်တို့၊ တပယ်ခင်သစ်တို့၊ တပယ်ခင်ဥတို့၊ ဆရာဘကြီး၊ ဆရာဘလေးတို့၊ စောင်းဆရာမ မေတို့၊ ဦးခင်မောင်ဒွေးတို့၊ ဦးဘသင်၊ ဦးထင်၊ ဦးစံဝင်းတို့အထိ အမြဲမပြတ်စုဝေးကာ မြန်မာ့မှု မြန်မာ့ဟန် သီချင်းဂီတနဲ့ သဘင်မှုတွေ မပျောက်ပျက်ရအောင် အစဉ်အမြဲ တွေ့ဆုံတီးမှုတ်ညှိနှိုင်းကြတယ်။
နယ်မှာ တစ်ယောက်တစ်နေရာ ရောက်သွားကြသူတွေမှာတော့ ဒီလိုအခွင့်အရေး မရကြရှာဘူးပေါ့။ မြစ်ဝကျွန်းပေါ်ဘက် ရောက်သွားတဲ့ ရာမဇာတ်တော်ပညာသည် အဖွဲ့တွေကတော့ စုစုစည်းစည်းရှိကြလို့ ပြန်လည်ကယပြနေကြသတဲ့။ သီပေါစော်ဘွား ဆာစောချယ်ကလည်း သူ့စခန်းသာဟော်မှာ မန္တလေးနန်းတွင်းက ၀ါဂီနစ်ပညာရှင်တွေ အတော်များများကို ခေါ်ယူစောင့်ရှောက်ထားခဲ့တယ်။
၁၉၃၀ ၀န်းကျင်ရောက်တော့ မန္တလေးက “မဟာဂီတအသင်းကြီး” ကို ဖွဲ့ပြီး စနစ်တကျ ထိန်းသိမ်းကြတယ်။ ဒီအချိန်မှာ အနောက်နိုင်ငံတေးသွားနဲ့ တူရိယာပစ်္စည်းတွေက တွင်ကျယ်နေပြီ။ မြန်မာလူငယ်တွေမျက်စိကျ သွားရည်ယိုနေကြပြီ။ ဒါပေမယ့် မန္တလေးမှာ မြန်မာ့အနုပညာ အသွေးအသား အဆီ အနှစ်က ဖိန့်ဖိန့်တုန်အောင် အားကောင်းခဲ့တော့ ဒီအရသာက ခေတ်လူငယ်တွေ နှလုံးသားထဲ စွဲထင်ကာ တစ်သွေးတည်း တစ်သားတည်း ဖြစ်နေပြီ။
ဒီတော့ ကိုဘသက်၊ ကိုညိန်း၊ ကိုသန့် စတဲ့ ခေတ်ပညာတတ်လူငယ်များရဲ့ ဂီတသစ်ကို ချဉ်းကပ် သင်ယူ ဖန်တီးကြမူမှာ မြန်မာ့ဂီတသန္ဓေက ခိုင်မာပြီးသားဖြစ်နေတော့ မျက်စိမှိတ်ပုံတူကူးတာမျိုး ဘယ်လုပ်ပါတော့မလဲ။ ဒါကြောင့်လည်း ဒီကနေ့အထိ မြို့မငြိမ်း၊ ဓားတန်းဦးသန့်နဲ့ မြို့မတူရိယာ အသင်း ဆိုတာတည်ရှိနေတာပေါ့။ ဂီတသစ်ကို ဖန်တီးတဲ့လူငယ်တွေပေမယ့် ကိုဘသက်တို့၊ ကိုညိန်းတို့၊ ကိုသန့်တို့ ဆိုတာ စိန်ဗေဒါနဲ့ အိမ်နီးချင်းတွေ၊ လက်ရင်းတပည့်တွေ၊ စိန်ဗေဒါညှော်ကို တစ်ဝကြီးမိခဲ့ကြတဲ့သူတွေ။ ဒါကြောင့် ၁၉၃၀ ၀န်းကျင်ကာလဟာ မင်းတုန်းမင်းကြီးခေတ်မှာ ထပ်ဆင့်တီထွင်မွမ်းမံ စနစ်တကျတည်ရှိနေတဲ့ မြန်မာ့ဂီတအနုပညာကို မြန်မာ့ဟန်၊ မြန်မာ့စံ၊ မြန်မာ့မူအပေါ် ကမ္ဘာနှင့်ယှဉ်ပြီး ခေတ်မီကမ္ဘာ့တူရိယာဟာ ကမ္ဘာ့သင်္ကေတနည်းပညာတွေနဲ့ တီထွင်ဆန်းသစ် ကြိုးပမ်းအောင်မြင်ခြင်းရဲ့ အထင်ကရ နှစ်ကာလတွေ ဖြစ်ခဲ့တာပါပဲ။
ပိုမိုထူးခြားတာက မြန်မာ့မူမှန် စနစ်မှန်မူရင်းမဟာဂီတကို မန္တလေး မဟာဂီတအသင်းကြီးက စနစ်တကျ ထိန်းသိမ်းရုံသာမက ဒီပညာကို ရှေ့နေကြီး ဦးခင်မောင်ဒွေးလို၊ ရုံပိုင်ကြီး ဦးစံဝင်းလို၊ ဘီလစ် စာရေးကြီး ဦထင်လို၊ ကွန်ဗင့်ကျောင်းသူ မသန်းမြင့်လို၊ မလှရွှေလို ခေတ်ပညာတတ် လူငယ်များကလည်း အုံနှင့်ကျင်းနှင့် အမွေဆက်ခံကြသလို၊ကမ္ဘာနှင့်အညီ တီထွင်ဆန်းသစ်တဲ့ ခေတ်ပေါ်ဂီတကိုလည်း ကိုဘသက်၊ ကိုသန့်၊ ကိုညိန်းတို့လို အုပ်စုအသင်းဝင်တွေကလည်း မြန်မာသန္ဓေမပျက် တခမ်းတနား မျက်နှာစာသစ်ဖွင့်တဲ့ ကာလာတွေပါ။ ပုံမှန်ဖြစ်ထွန်းခြင်း ခေတ်ပြိုင်ကာလများလို့ ပြောရပါမယ်။
သဘင်မှုမှာလည်း အငြိမ့်သဘင်ကအထူးခြားဆုံး တိုးတက်ဖြစ်ထွန်းခဲ့တယ်။ မငွေမြိုင်၊ သြဘာသောင်း၊ လေဘာတီမမြရင်၊ ဥက္ကလာအေးကြည်စသည်ဖြင့် အခုထိနှစ် ၁၀၀ ချဉ်းလုတိုင် တသသဖြစ်နေကြတဲ့ ကာလတွေပါပဲ။ တီထွင်ဆန်းသစ်တဲ့ အနုပညာမှန်သမျှကို ကိုယ်ခံအားကောင်းခဲ့တဲ့ မြန်မာသန္ဓေမပျက် မမေ့မလျော့နားလည်သဘောပေါက် ကျွမ်းကျင်ပေါက်မြောက်စွာနဲ့ တီထွင်ခဲ့ကြတာချည်းပါ။
(၄)
လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်မီးကြောင့် မတည်ငြိမ်မှုနဲ့ ပင်ရင်းမူလပညာရှင်ကြီးများ တစ်စတစ်စ ဆုံးပါးသွားမှုတွေကြောင့် ယိမ်းယိုင်မှုက သိသာလာပါတယ်။ ဆရာဘကလေးတို့၊ ဆရာထူးတို့လို မဟာဂီတပညာရှင်ကြီးတွေက ကိုယ့်စားရိတ်ကိုယ်စားပြီး ရှမ်းပွဲက သဘင်သမဂ္ဂအဆောက်အအုံလေးမှာ မဟာဂီတသင်တန်းကို ခက်ခက်ခဲခဲပေးနေရတာ နောက်ဆုံးဘယ်လိုမှ မရပ်တည်နိုင်တော့တဲ့ အခြေအနေရောက်ခဲ့တယ်။ မန္တလေးက ပညာသည်တွေအဖို့ ကိုယ့်ဘာသာကိုယ့်အသိနဲ့ကိုယ် ရပ်တည်ထိန်းသိမ်းနေရတာပဲရှိတယ်။
ဒါပေမယ့် ပညာရေးအရရော အသိအရရော စေတနာအရရော ကောင်းခဲ့ကြတော့ “ သဘင့်တက္ကသိုလ် ”ဆိုတဲ့ ကမ္ပည်းမော်ကွန်းက ၀င်းလက်တောက်ပဆဲပါ။ မန္တလေးရတနာပုံမ်မြို့တော်မှာ အရှိန်အဟုန်နဲ့ ပွင့်လန်းခဲ့တဲ့ မြန်မာ့အနုပညာ စံမှန်မူမှန် စနစ်မှန်တွေကို အစဉ်အဆက် မပျောက်မပျက် လက်ဆင့်ကမ်းခဲ့ကြတဲ့ မယင်းတော်၊ မကွမ်းငုံ၊ မဆင်ခိုးစတဲ့ ပညာကျော်မင်းသမီးကြီးတွေရဲ့အမွေကို ဆက်ခံတာ မထွေးလေးမဟုတ်ပါလား၊ မထွေးလေးဟာ အမွေကိုဆက်ခံရုံမက မထွေးလေးဟန်၊ မထွေးလေးမူ၊ မထွေးလေးအကရယ်လို့ တွင်ကျန်ရစ်အောင် တီထွင်နိုင်ခဲ့သူမဟုတ်ပါလား။
မထွေးလေးရဲ့ပညာအမွေကို ဆက်ခံသူက သြဘာသောင်းဖြစ်တယ်။သြဘာသောင်းက မထွေးလေးဆီက ပညာတွေသာမက ရွှေနန်းတွင်းပညာရှင်တွေဖြစ်တဲ့ အီနောင်ကိုစံတုတ်နဲ့ တပည့်မင်းသား ဦးစိန်အုပ်တို့၊ဦးထွန်းရတို့၊ ရုပ်သေးကြိုးဆွဲဆရာမုန်းတို့၊ အပျိုတော်မသုံကြီးတို့၊မစံရှား မစံထားတို့ဆီကလည်း ပညာကုန်သင်ယူရရှိခဲ့တဲ့သူ ဖြစ်တယ်။
မထွေးလေးဆီက မြန်မာအကစစ်စစ်နဲ့ မင်းသမီးအတတ်ပညာတွေ ရခဲ့တယ်။မင်းသား ဦးစိန်အုပ်ဆီက ယိုးဒယားအကလို့ခေါ်တဲ့ ရှေးရိုးတပင်တိုင် အကတွေ၊အီနောင်အကတွေ ရခဲ့တယ်။မသုံကြီးဆီက အပျိုတော် ၁၂ ခန်းကို သင်ရိုးကုန်ရတယ်။မစံရှား မစံထားဆီက အငြိမ့်အကတွေ ရခဲ့တယ်။ ရွှေနန်းတော်ကြီးထဲက နန်းသုံးတော်ဝင် မူမှန်စနစ်မှန်မင်းသမီးအတတ်ပညာတွေကို သြဘာသောင်းက ရခဲ့တာဖြစ်တယ်။ သြဘာသောင်းဟာ ဆရာတွေရဲ့စံချိန်ကိုချိုးပြီး အကမှာဖြင့်သြဘာသောင်းမူ၊သြဘာသောင်းဟန်အဖြစ် သီးခြားခွဲထွက်လာကာ သြဘာသောင်းခါး၊ သြဘာသောင်းမေးထိုး၊ သြဘာသောင်းဒူး၊ သြဘာသောင်းပခုံး၊ သြဘာသောင်းထဘီနားခတ်လို့ ပြောစမှတ်ဖြစ်ခဲ့ပါတယ်။ သြဘာသောင်းဟာ မထွေးလေးလိုပဲ အကမှာ တံခွန်ထူ စံချိန်ချိုးခဲ့သူ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် မန္တလေးပန်တျာ မြေပေါ်ကနေ သြဘာသောင်းဟာ တစ်လျှောက်လုံးနိုင်ငံတကာက တစ်မေးတည်းမေးခဲ့ကြလို့ ပညာရှင်ကြီးတွေမျက်နှာပူခဲ့ကြတဲ့ “ မြန်မာအကဗေဒ (Choregraphy)ရှိသလား ”ဆိုတဲ့ မေးခန်းကို လက်မထောင်ပြီး ရဲရဲဝံ့ဝံ့ဖြေနိုင်အောင် စနစ်တကျ တီထွင်အဖြေပေးနိုင်ခဲ့ပါတယ်။
သြဘာသောင်းတို့ခေတ်ရောက်တော့ ခေတ်အနေအထားရ အငြိမ့်ပုံစံကိုပြောင်းလဲစေခဲ့ပေမယ့် “မြန်မာအက” မူရင်းဟန်ကတော့ အကောင်းဘက်ကို ပိုမိုတိုးတက်ခဲ့တယ်။ ဒါဟာ သြဘာသောင်းရဲ့အစွမ်းအစပဲဖြစ်ပါတယ်။= ကိန်းကြီးခန်းကြီးနိုင်လှတဲ့ မြန်မာအကကို သွက်သွက်လက်လက်၊ ဖျတ်ဖျတ်လတ်လတ်၊ စည်းသွက်၊ ပြိုင်စည်းတွေနဲ့ ဖျိုးဖျိုးဖျတ်ဖျတ် ကကွက်တွေအဖြစ် ဆန်းသစ်ခဲ့တယ်။ ဒါပေမယ့် မြန်မာအကသန္ဓေကို နားလည်ထား၊ တတ်ကျွမ်းထားသူမို့ သန္ဓေမပျက် တီထွင်နိုင်ခဲ့တာသေချာပါတယ်။
မန္တလေးပန်တျာကျောင်းမှာ အကနည်းပြဆရာမကြီးလုပ်ခဲ့တဲ့ သြဘာသောင်းဟာ သူ့သင်တန်းသူတွေကို သင်ဖို့ဗုံလေးလုံးနဲ့ ကရတဲ့ ကဗျာလွတ် ကကွက်(၃)ဆင့် ကကြိုး(၇၅)မျိုးကို တီထွင်သင်ကြားသလို . . .။ အကယ်၍ ပန်တျာသင်တန်းဟာ (၃)နှစ်နဲ့ မလုံလောက်လို့ (၅)နှစ်တိုးခဲ့ရင် အဆင်သင့် သင်ကြားနိုင်ဖို့နောက်ထပ် (၂)ဆင့် ကကြိုး(၅၀)မျိုး၊ စုစုပေါင်းကကြိုး(၁၂၅)မျိုးကို အဆင်သင့်တီထွင်ပြီးတဲ့ အနေအထားရောက်နေပါပြီ။
မြန်မာအကမှာ ဒိုးဆစ်ကအဓိကကျပါတယ်။ မြန်မာသံစဉ်ထဲမှာ အဆစ်အပိုင်းတွေပါတယ်။ ပတ်မဆစ် စခွန့်ဆစ်တွေပါတယ်။ ဒါကြောင့် ဘယ်မြန်မာ သီချင်းမဆို စာသားနဲ့အသွားမသိရချင်နေ ဒိုးဆစ်ကိုစံထားပြီး ကပြလို့ရတာ မြန်မာအကရဲ့ ထူးခြားချက်ပါ။ ဒိုးဆစ်ဟာ မြန်မာအကရဲ့ သင်္ကေတပဲ။ ဒါကို သြဘာသောင်းကသိတော့ သူ့ကကွက်ကကြိုး (၁၂၅)မျိုးဟာ အားလုံးဒိုးဆစ်ကို အခြေခံတယ်။ ဗုံလေးလုံး၊ စည်းဝါးနဲ့ရှိရင်ကလို့ ရပြီ၊ ကြိုက်တဲ့ မြန်မာသီချင်း လာခဲ့။
မြန်မာအကဟာ “ခေါင်း၊ ခါး၊ ခြေ၊ လက် ဤလေးချက်မပျက်စေရ သုခမ” လို့ဆိုရိုးစကားရှိသလို ခေါင်းအငဲ့အစောင်း၊ ခါးအညွှတ်အကွေး၊ ခြေအနှုတ်အသိမ်းသာမက မျက်စိအကြည့်ထိ သေးစိပ်တယ်။ လက်ရဲ့လှုပ်ရှားမှုကတော့ မပြောပါနဲ့တော့၊ အညွှတ်၊ အပျောင်း၊ အနွှဲ့၊ အယဉ်အကုန်ပါတယ်။ လက်မောင်းလက်ဖျံသာမက လက်ချောင်းလေးငါးချောင်းရဲ့ အပူးအကပ်၊ အကွေးအဆန့်တွေကအစ စနစ်တကျရှိပါတယ်။
ဒါကို ကသောလက်လို့ သီးခြားထုတ်နှုတ်ခေါ်ရပါအုံးမယ်။ ဒေါင်းလက်တဲ့၊ ဟင်္သာလက်တဲ့၊ အရုပ်လက်တဲ့၊ သမင်ချိုထောင်လက်တဲ့၊ အလံလက်တဲ့၊ ဟင်္သာပါးစပ်လက်တဲ့၊ ပုဇွန်တက်ကျိုးလက်တဲ့၊ ယိုးဒယားလက်ကွင်းလက်တဲ့၊ ကြာဖူးလက်တဲ့၊ ကြာပွင့်လက်တဲ့၊ မြွေဟောက်လက်တဲ့။ သူ့ဟာနဲ့သူရှိပါတယ်။ ဥပမာဆိုပါတော့ အငြိမ့်မင်းသမီးတစ်ယောက်က “အကို့ မခို့တရို့ဆိုလိုက်သည်၊ စိမ်းလဲ့ကြည်ကြည်” လို့ သီချင်းဆိုပြီး အကို့ဆိုကာ အငြိမ့်စင်ထောင့်ကို ရည်ညွှန်းရင် လက်ညှိုးနဲ့ တည့်တည့်မထိုးပါဘူး။ သမင်ချိုထောင်လက်ကလေးနဲ့ ညွှန်ပြကြတာပါ။
“ မြရင်ပါ မောင်ရယ်၊ တစ်နာရီထဲ မောင်နဲ့ချစ်ပါရစီ” ဆိုရင်လည်း တစ်နာရီဆိုတဲ့တစ်ကို သမင်ချိုထောင်လက်နဲ့ပဲ သရုပ်ဖော်တာပါ။ ဒါမှ အနုပညာမြောက်တယ်။ မြန်မာအကဆိုတာ ကဟန် ကိုယ်နေကိုယ်ထား လှပဖို့က အဓိကကျတယ်။ မြန်မာအကသန္ဓေဟာ မျဉ်းကွေးသဘောဆောင်တယ်။ ညွှတ်ပြောင်းတယ်။ နွှဲနှောင်းတယ်။ စက်ဝိုင်းသဘော မျဉ်းကွေးသဘော အခြေခံမှာ အကတွေကို တီထွင်ကြတာပါ။ မျဉ်းမတ်၊ မျဉ်းဖြောင့်သဘောဆောင်တဲ့ ကကျိုးကကွက်တွေက မြန်မာအကရဲ့ သန္ဓေမဟုတ်ပါဘူး။ မြန်မာ့မျက်စိမှာ အလှလို့ မမြင်နိုင်ပါဘူး။ တကယ်တော့ အကဆိုတာ အလှကို ဖန်ဆင်းတာပဲ မဟုတ်ပါလား။
(၅)
နည်းပညာတွေ မိုးထိုးထွန်းကားပြီး တက်ကျွမ်းနေကြချိန် တစ်ချိန်က မန္တလေးမှာ ဖြစ်ထွန်းစံချိန်တင်ခဲ့တဲ့၊ ယဉ်ကျေးမှုမှတ်တိုင်ကြီးတွေလည်းဖြစ်တဲ့ မြန်မာဆင်ဖိုနီ သြဂတ်စတြာနဲ့ မြန်မာ ကိုရီယိုဂရပ်ဖီဆိုတာ . . .၊ အခု . . .။
ဆူးငှက်
No comments:
Post a Comment