Sunday, November 24, 2013


"ထောင်နှင့်မိခင်"







နိုဝင်ဘာ ၁၃၊ ၁၉၇၆
၁၃၃၈ တန်ဆောင်မုန်းလဆုတ် (၈) ရက်

  
        (၂၉ သြဂုတ် ၁၉၇၆) သားသွားတဲ့နေ့..................................
   
    ကိုယ့်မွေးနေ့က ၁၂၇၇ ခု တန်ဆောင်မုန်းလဆုတ် (၈) ရက်။ ဦးလှနဲ့လက်ထပ်တာက ၁၉၃၉ ခု နိုဝင်ဘာလ (၁၃) ရက်။ ဒါကြောင့် ဒီနှစ် မွေးရက်နဲ့ လက်ထပ်ရက်နဲ့ ထပ်တယ်။ အသက် (၆၁) နှစ်ပြည့်တဲ့နေ့။ လက်ထပ်တာ (၃၇) နှစ် ပြည့်တဲ့နေ့ဟာ ဒီနိုဝင်ဘာ (၁၃) ရက်ပဲလို့ လွန်ခဲ့တဲ့ (၄-၅) ရက်ကတည်းက ကြိုတင်သိခဲ့တယ်။ မြန်မာရက်နဲ့ အင်္ဂလိပ်ရက်နဲ့ကလည်း အကွာသား။ မွေးနေ့ အင်္ဂလိပ်ရက်က ၁၉၁၅ နိုဝင်ဘာ (၂၉)၊ လက်ထပ်တဲ့ မြန်မာရက်က ၁၃ဝ၁ ခု တန်ဆောင်မုန်းလဆန်း (၃) ရက်။ ဒါကြောင့် တစ်ခုနဲ့တစ်ခု ဆုံစည်းတိုက်ဆိုင်မှုက နည်းတယ်။ အဲဒီလို နည်းတာထဲက ဒီနှစ်ဆုံစည်းနေတယ်ဆိုတော့ ဦးလှက "မင့်မွေးနေ့၊တို့လက်ထပ်တဲ့နေ့ ဘာလုပ်မလဲ၊ တစ်ခုခုလုပ်ဖို့ စဉ်းစားထားလေ" တဲ့။ သူသတိပေးလို့ စဉ်းစားကြည့်ပါရဲ့။ ဘာလုပ်ချင်လိုက်တာလို့မှ စိတ်ထဲပေါ်မလာဘူး။ မတက်ကြွဘူး။ လုံးလုံး မတက်ကြွဘူး။ နိုင်ငံရေး၊ ဘာသာရေး ဘက်စုံပါပဲ။
   
    ဘာဖြစ်လို့ မတက်ကြွတာလဲလို့ ပြန်စဉ်းစားကြည့်တော့  " နှစ်ပတ်လည်နေ့ " ဆိုတာရဲ့ အဓိပ္ပာယ်မရှိမှုကြောင့်ပဲ ထင်ပါရဲ့။ ဒီကနေ့ဟာ မနေ့ကနဲ့ ဘာခြားလို့လဲ။ နက်ဖြန်နဲ့ကော ဘာခြားမှာလဲ။ ဘာမှမခြားပါဘူး။ အဲ - တစ်ခုခုလုပ်ရင်တော့ အဲဒါဟာ ခြားနားတဲ့အဖြစ်လို့ ဆိုရမှာပေါ့။
   
    ပြီးတော့ - ငါ့အသက် ဘယ်လောက်တောင်ရှိလာပြီ၊ ငါတို့အိမ်ထောင်သက် ဘယ်လောက်တောင် ရှိလာပြီ၊ တို့ရှေ့နေရဖို့ သိပ်အများကြီး ကျန်မယ် မဟုတ်တော့ဘူး။ အဲဒီတော့ ခုလို နှစ်ယောက်စလုံး ကျန်းကျန်းမာမာ ရှိနေတုန်း အလုပ်တွေ ဖိလုပ်မယ်။ ဘာတွေလုပ်မယ်၊ ဘယ်လောက်ပြီးအောင်လုပ်မယ်ဆိုတဲ့   " အဓိဌာန် " တို့ ဘာတို့ကလည်း ဆွဲထုတ်လို့တောင် မရအောင် ဖြစ်နေလိုက်သေးတယ်။ အဲဒါက ဘာ့ကြောင့်တဲ့လဲ။ အဲဒါကလည်း အလုပ်ခွင်က မပြေလည်မှုတွေလည်း ပါလိမ့်မယ် ထင်တယ်။ စာရေးတဲ့လူအဖို့ စက္ကူရဖို့ ခဲယဉ်းတာ၊ မင်ရဖို့ ခဲယဉ်းတာဟာ စိတ်ဓာတ်ကျစရာ အကောင်းဆုံးကိစ္စပဲ ထင်တယ်။
   
    စစ်ပြီး ဒီဘက်ခေတ်မှာ ၁၉၆၅ ခုနှစ်လောက်အထိ တစ်ထုပ် ၁ဝ ကျပ်လောက် ပေးရတဲ့ သတင်းစာရိုက်စက္ကူ (News Print ၂ဝ" ×၃ဝ") ဟာ ကနေ့မှောင်ခိုမှာ တစ်ထုပ်ကို ၃ဝဝ ကျပ်က ၃၁ဝ ကျပ်အထိ ပေးဝယ်နေရတယ်။ ဒါတောင် မနေ့တနေ့ကပုံနှိပ်တိုက်တွေကို စက္ကူထပ်ရောင်းထားလို့ ၃၆ဝ ကျပ်၊ ၃၇ဝ ကျပ် ဈေးကနေပြီး ကျသွားတဲ့ စက္ကူဈေးပေါ့။ အစိုးရဆိုင်က ပုံနှိပ်သူများကို အရင်က စက်တစ်လုံး၊ နည်းရင် စက္ကူ (၂) ထုပ်၊ များရင် (၅) ထုပ်၊ (၁ဝ) ထုပ် လစဉ် ရောင်းနေကျဟာ ဒီနှစ် နှစ်ဆန်းကစပြီး အရောင်းလုံးလုံး ရပ်သွားတယ်။ အခု (၁၁) လပိုင်းကျမှ စက်တစ်လုံးကို စက္ကူ (၅) ထုပ်နဲ့ မင် (၂) ပေါင်စီ ထုတ်ရောင်းတယ်။ ဒါကြောင့် စက္ကူမှောင်ခိုဈေးဟာ တထုပ် ၃၈ဝ ကျပ်၊ ၃၇ဝ ကျပ်ကနေပြီး ၃ဝဝ ကျပ်၊ ၃၁ဝ ကျပ်အထိ ကျသွားတာ။ ဒါပေမဲ့ နောက်တခါဘယ်တော့မှ ပြန်ရောင်းမယ်
ဆိုတာ မပြောနိုင်လို့ ခုကျတဲ့ဈေး ၃ဝဝ ကျပ်၊ ၃၁ဝ ကျပ်ဟာ ကြာကြာနေမယ် မဟုတ်ပါဘူး။ ပြန်ပြီးပိုတက်ဦးမှာပါ။
   
    ကြီးပွားရေးပါ်ုနှိပ်တိုက်က စာအုပ်ရိုက်ထုတ်ဖို့ အရင်ကတော့ တစ်လစာအုပ် (၂) အုပ်စာလောက် စက္ကူထုတ်ပေးနေကျ။ ပုံပြင်က တစ်အုပ်၊ တခြားစာအုပ်က တစ်အုပ်ပေါ့။ ခုတော့ ဒီနှစ်ထဲ (၁၁) လပိုင်းရောက်လာပြီ။   "ဆရာကြီးသခင်ကိုယ်တော်မှိုင်း"တအုပ်စာပဲ စက္ကူရသေးတယ်။ ဒါတောင် ရောင်းဈေးက ၄၆ ကျပ်ပါတဲ့။
   
    ကုန်ပစ္စည်းတွေအားလုံး အဆမတန် ဈေးတွေတက်၊ ငွေတန်ဖိုးက ကျချင်တိုင်းကျ၊ လူတွေရဲ့ ဝင်ငွေကတော့ တက်မလိုက်တဲ့ အတွက် လူများစုကြီး ဒုက္ခတွေ့နေတာနဲ့ ပတ်သက်ပြီး တညည်းထဲညည်းနေကြတော့ ပြက်လုံးးက ဘယ်လိုပေါ်လာသလဲဆိုတော့ -
   
     " ဒီခေတ် မတက်တာ ဘာမှမရှိဘူး၊ ဘာမဆို အကုန်တက်ချည်းနေတာပဲ "
     " ဟာ အကုန်တော့လည်း မဟုတ်ဘူး၊ ကျတာတခုတလေတော့ ရှိတယ်  "
     " အံမာ ဘာများကျတာ ရှိသတုန်း ပြောစမ်း "
     " စိတ်ဓာတ် စိတ်ဓာတ် " တဲ့


     " ရှားလိုက်တာကွာ၊ အရာရာပါပဲဟ "
     " ဘာများပေါတာ ရှိသေးတုန်း "
     " ပေါတာ ၃ - ၄ ခုတော့ ရှိပါတယ်။ အားလုံး မရှားပါဘူး "
     " ဘာတွေများ ပေါတာတုန်း "
     " သူတောင်းစား၊ ပြည့်တန်ဆာ၊ အရူး "
    ဒီပြက်လုံးတွေကို ပြောကြ၊ ရယ်ကြတယ်လေ။

    ဘာတွေ ဘယ်လောက်ရှားရှား ဂျပန်ခေတ်တုန်းကတောင် အလုပ်ဖြစ်အောင် ကြံဖန်လုပ်ခဲ့၊ စာအုပ်တွေ ရိုက်ထုတ်ခဲ့သေးတာပဲ၊ ပစ္စည်းရှားလို့ချည်း လူက ထုံထိုင်းထိုင်းဖြစ်နေတာတော့ ဟုတ်ဟန်မတူဘူး၊ တခြား အကြောင်းတွေလည်း ရှိလိမ့်ဦးမယ်။
   
    ရှိပါသော်ကော၊ ကနေ့ နိုဝင်ဘာ (၁၃) ရက်ဆိုတော့ သားလေး ဖိုးသံချောင်း အိမ်ကထွက်သွားတာ သြဂုတ်လ (၂၉) ရက်၊တော်သလင်းလဆန်း (၆) ရက် တနင်္ဂနွေနေ့ကမို့ ကနေ့ဆို နှစ်လခွဲရှိသွားပြီကော။
   
    အဲဒီနေ့က သူ့ကို MI က လာဖမ်းကြတယ်။ သူလည်း ခေါ်ရာလိုက်ဖို့ အိမ်မှာ အိပ်ရာလိပ်နဲ့ အဝတ်အစား ဆေးဝါးနဲ့ ပြင်ထားပြီး အသင့်ထိုင်စောင့်နေတာ၊ လိုက်ဖို့ပါပဲ။ နို့ပေမယ့် အဖမ်းလာတဲ့လူတွေက  အိမ်မှာ ရှာတာဖွေတာ (၃) နာရီကျော် ကြာနေလေတော့ အရင်တခါ သူ (၁၉) နှစ်သားက အဖမ်းခံရတုန်းက MI မှာ ခံရပုံတွေ၊ မန္တလေးထောင် အင်းစိန်ထောင်တွေမှာ တယောက်ထဲ ထည့်ချုပ်ထားတာတွေ၊ ကိုကိုးကျွန်းက မသေကျန်လို့ ပြန်လွတ်ရတာတွေ (ဗိုလ်ချုပ်က လွှတ်ပေးခိုင်းလို့ လွတ်ရတာ) ကို ပြန်သတိရမှာပေါ့။ ဒါကြောင့်ထင်ရဲ့ သူတို့လစ်တော့ ထွက်ပြေးရော။ လူတွေ အများကြီး ဝိုင်းထားတဲ့ကြားက ညနေ (၅) နာရီသာသာမှာ ထွက်ပြေးတာ ဖြစ်လေတော့ အမေလုပ်တဲ့ကိုယ်မှာ ရင်တွေတုန် ဒူးတွေတုန် လူကမောပြီး ကျန်ရစ်ရတယ်။
   
    ဟိုမှာမိတယ်၊ ဒီမှာမိတယ်ဆိုတဲ့ သတင်းတွေကြောင့် အမေရော အဖေပါ မအိပ်နိုင် မစားနိုင်ခဲ့ရတဲ့ ရက်တွေလည်း နည်းရော့မလား။ စက်တင်ဘာ (၉) ရက်နေ့ကတော့ အိပ်ရာက နိုးခါနီးမှာ အိပ်မက်မက်တယ်။ ဖိုးသံချောင်း ဘေးကင်းရာ ရောက်သွားပြီဆိုပြီး ဆရာတော်က ဘုရားခန်းကို လင်းခနဲ လုပ်ပြလိုက်သတဲ့။ အိပ်ရာကနိုးတော့ သြော် - တကယ်ပဲ ဖြစ်ပါစေတော့လို့ ဆုတောင်းမိတယ်။
   
    ပူလိုက်ရတာ၊  ပူလိုက်ရတာ၊  အူတုန်သဲတုန် ဖြစ်လိုက်ရတာ၊  အချိန်က ကုစားတယ်
ဆိုပေမယ့်  တော်တော်နဲ့ ဒီခံရချက်  မသက်သာဘူး။ တစ်လတိတိပြည့်တဲ့နေ့ကျမှ  နည်းနည်း
သက်သာသလိုလို ရှိတယ်။ နို့ပေမယ့် အမေ ဟုတ်လား။
   
    ဒီသောက ဒီဒုက္ခတွေက စိတ်ထဲမှာ အကြီးအကျယ် ဗောက်ဗက်ခတ်ခဲ့တာ ဖြစ်လေတော့ စာရေးဖို့ ဘာဖို့ဆိုတဲ့ တက်ကြွမှုက ကျကုန်တော့တာပေါ့။
       
    ပစ္စည်းရှားတာကိုတော့ ဂျပန်ခေတ်တုန်းက တဖက်ချောနဲ့ စာအုပ်ထွက်ခဲ့တာမျိုး၊ ဦးလှက မိုင်းကိုင်စက္ကူနဲ့ စာအုပ်ရိုက်ဖို့ ကြိုးစားနေပါတယ်။ ဟိုက နမူနာယူကြည့် ရိုက်စမ်း၊ ဈေးကိုတွက်ကြည့် ဆိုတာမျိုး ခဏခဏ လုပ်နေတာပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာအုပ်ကို မိုင်းကိုင်နဲ့ ထုတ်ပြီး ရောင်းတာကိုကပဲ တိုင်းရင်းဖြစ် လက်လုပ်မိုင်းကိုင်စက္ကူကို ပွဲထုတ်ကြည့်လိုက်တဲ့ သဘောပေါ့။ စာရိုက်ဖို့စက္ကူ အင်မတန်ရှားလာရင်တော့ မိုင်းကိုင်နဲ့ စာအုပ်ထွက်ကြည့် ရမှာပဲ။       
   
    ကဲ စိတ်ဓာတ်လည်း တက်လာပြီး စက္ကူပြဿနာလည်း တိုင်းရင်းဖြစ်လက်လုပ်နဲ့ ဖြေရှင်းမယ်ဆိုရင်ဖြင့်  အလုပ်ဖြစ်ရောပေါ့။  ဘာလိုသေးသလဲလို့ တွေးလိုက်တော့  လိုပါသေး
သော်ကော။
   
    ရေးစရာ အကြောင်းအရာလေ။
   
    ဘာသာပြန်မလား။ ဘာသာပြန်ကတော့ ခုခေတ် စာပေစိစစ်ရေးက ဆရာတွေ
လုပ်စားတဲ့ အလုပ်တဲ့။ ဘာသာပြန်လို့ ကောင်းမယ့် စာအုပ်မျိုး သူတို့ပဲ ရတယ်။ ဘယ်ကနေပြီး ဘယ်သူ့ဆီကိုပို့ပို့ သူတို့က အရင်ယူ၊ အရင်ဖတ်ကြည့်၊ ကြိုက်ရင် ဘယ်မှမပေးတော့ဘဲ ယူထားလိုက်ကြရောဆိုကိုး။ ပြီးတော့ သူတို့ပဲ ဘာသာပြန် သူတို့ပဲစိစစ်၊ သူတို့ပဲ ရိုက်နှိပ်ခွင့်ပြုလိုက်သတဲ့။
   
    ကိုယ့်မှာတော့ ကိုယ်ပြန်ချင်တဲ့ စာအုပ်မျိုး ခွင့်ပြုချက်မရမှာစိုးလို့ အလကား အပင်ပန်းခံရတာမျိုး အဖြစ်မခ်ါနိုင်တာနဲ့ ပြန်မကြည့်ဝံ့ဘူး။ အသာပဲ နေလိုက်ရတယ်။
   
    ဘာသာမပြန်ဘဲ ကိုယ်ပိုင်ရေးဖို့သားဖို့ကျတော့လည်း တော်တော်ရှာရတယ်။
   
    နို့ပေမယ့်  ဘာပဲဖြစ်ဖြစ်  တခြားဟာထက်  စာရေးတာကို ကိုယ်က လုပ်နိုင်တာဖြစ်လေတော့ အကြောင်းအရာ ရှာဖွေပြီး ရေးရမှာပဲ။
   
    မနေ့က ဦးစံရီက အသက် (၇၄) နှစ်ပြည့်လို့ စိန်ပန်း မဟာစည်ရိပ်သာမှာ ဆွမ်းကျွေးရင်း ထမင်းကျွေးလို့ သွားစားခဲ့ရတယ်။  ဆွမ်းစားကျောင်းဝရန်တာမှာ  တရားကို  အသက်ငယ်တုန်းရှာမှ အသေချမ်းသာမတဲ့။ အသက်ကြီးတော့မှ ရှာမယ်လို့ အောက်မေ့ရင် နေဝင်ခါနီးမှ စပါးလှမ်းသလို ရှိလိမ့်မယ်လို့ သတိပေးရေးထားတဲ့ စာတပုဒ် တွေ့ခဲ့တယ်။

    စာလည်း ရေးနိုင်တုန်း စိတ်အားဉာဏ်အား ထက်သေးတုန်း ရေးရမှာပဲ။ အသက်ကြီးလာတော့ ဇရာက မနေဘူး။ ကြာလေ ချို့တဲ့ဆုတ်ယုတ်လာလေ ဖြစ်နိုင်တယ်။ ဒါကြောင့် အခက်အခဲတွေကြားထဲကပဲ ဖြစ်နိုင်တာလုပ်လို့ ရတာကိုတော့ လုပ်နေရမှာပဲပေါ့။

၁၅ - ၁၂ - ၇၆

လူထုဒေါ်အမာ


(အမေ လူထုဒေါ်အမာ၏ ၉၈ နှစ်ပြည့် မွေနေ့ အထိမ်းအမှတ် ဂါရဝပြုခြင်းဖြင့် အလင်းအိမ်မဂ္ဂဇင်း (ဂျပန်) မှ စီစဉ်ထုတ်ဝေဖြန့်ချီခဲ့တဲ့ အမေ လူထုဒေါ်အမာ ရဲ့ "ထောင်နှင့်မိခင်" စာအုပ်မှ ထုတ်နှုတ်ဖေါ်ပြပါသည်။)



"ထောင်နှင့်မိခင်"
၎ - ၅ -၇၂ သားလွတ်တဲ့နေ့.....................





မနက်စောစော ထတယ်။ ကိုအေးကြည်လည်း ထတယ်။ (၈) နာရီမှာ War Office ခေါ်တဲ့ စစ်ရုံးကို ညီညီကားနဲ့ (၄)ယောက်သား သွားကြတယ်။ တခေါက်တခါမှ သွာဖူးတာ မဟုတ်တော့ အလံပြဘုရားလမ်းကနေပြီး အစောင့်တွေကို ပြောဝင်တယ်။ နောက် စုံစမ်းရေးရုံးဆိုတာကို ရှာတယ်။ ဒီလမ်းထဲမှာ မဟုတ်ဘူး။ ဟိုဘက်ကိုသွားလို့ပြလို့ အဲဒီပြရာလမ်းဘက်ကို ဆင်းလာရတယ်။ တကယ်တော့ အဝင်မှားခဲ့တာ။ စုံစမ်းရေးရုံးဟာ လူတကာ လွယ်လွယ်ဝင်နိုင်တဲ့ လမ်းတလမ်းရဲ့ ထိပ်မှာပဲ ရှိတယ်။ War Office ကြီးထဲ (လူတိုင်းဝင်မရ) ဝင်တဲ့ မင်းလမ်းမကြီးပေါ်မှာ မဟုတ်ဘူး။ စုံစမ်းရေးရုံးကို ညီညီလွှတ်လိုက်တယ်။ ဒုဗိုလ်မှုးကြီးတင်ဦးနဲ့ တွေ့ချင်တယ်လို့ ပြောပြီး တွေ့ခွင့်တောင်းရမှာ။

ညီညီက တော်တော်နဲ့ ပြန်မလာဘူး၊ နောက်တော်တော်ကြာမှ တွေ့ခွင့်ပုံစံ ကလေး သူ့ဖြည့်ထားတာကို လာပြတယ်။ တွေ့လိုတဲ့ကိစ္စ ".. ဝန်ကြီးချုပ်ညွှန်ကြားချက်အရ" လို့ ထည့်ထားတယ် ဟုတ်ပလားတဲ့။ "အေး" - လို့ပြောတော့ တခေါက်ပြန်သွားပြန်တယ်။ ခဏနေတော့ ဗိုလ်ကြီးတယောက် ပေါက်လာတယ်။ လာကြ။ သူ့ကားနောက်က လိုက်ခဲ့ကြတဲ့။ စစ်ရုံးဝင်းကြီးထဲ ကားနှစ်စီး မောင်းဝင်သွားကြတယ်။ မြန်မာတပြည်လုံးကို လက်နက်နဲ့ အုပ်ချုပ်နေတဲ့ယန္တရားရဲ့ ဗဟို အချက်အခြာဒေသကြီးပေါ့။ စစ်ရုံးလုပ်ထားတဲ့ အဆောက်အဦးတွေက အများကြီးပဲ။ ကားတွေ ရပ်ရမယ့်နေရာတခုက ကွက်လပ်မှာ ကားရပ်ထားရပြီး ဦးလှနဲ့ဒေါ်အမာ သူ့နောက်က လိုက်ခဲ့ဆိုလို့ သူ့နောက် လိုက်သွားရတယ်။ ကိုအေးကြည်နဲ့ ညီညီက ကားပေါ် ကျန်ခဲ့တယ်။ စစ်ရုံးကြီးပေါ်ကို ကျယ်ပြန့်တဲ့ လှေကားကြီးပေါ်က တက်ရတယ်။ ပထမအထပ်ရောက်တော့ ရုံးခန်းတွေ တခုပြီးတခုကို ကျော်သွားရတဲ့ အတွင်းစင်္ကြံလမ်းကနေပြီး အဆောက်အဦးကြီးရဲ့ အစွန်တနေရာက အခန်းငယ်တခန်းထဲ ရောက်သွားတယ်။ အဲဒီအခန်းထဲမှာ ခဏစောင့်၊ စောင့်ပြီး လာပါတော့ဆိုတော့ အခန်းကျယ်ကြီးတခန်းထဲ ဝင်သွားရတယ်။ အဲဒီအခန်းဟာ M.I.S. Chief ဒုဗိုလ်မှုးကြီးတင်ဦးထိုင်တဲ့ အခန်းပဲ။ အထဲက စားပွဲရှည်တခုမှာ ဗိုလ်မှုးကြီးချစ်ခင် ထိုင်နေတာတွေ့ရတယ်။ ထွက်လာခေါ်တဲ့ ဒုဗိုလ်မှုးကြီးတင်ဦးက ဦးလှတို့နဲ့တွေ့ရအောင် ဗိုလ်မှုးကြီးချစ်ခင်လည်း ဒီမှာ ရောက်နေသတဲ့။

အခန်းကြီးက ကြီးကြီးကျယ်ကျယ် ဆေးနံရံတွေက သက္ကလပ်အစိမ်း လိုက်ကာကြီးတွေကာလို့၊ ဒီလိုက်ကာကြီးတွေကို ခလုပ်ကနေ ဖွင့်လိုက်ရင် မြေပုံကြီးတွေ (ရုပ်ရှင်ထဲကလို) ပေါ်လာ မယ်ထင်တယ်။ ခမ်းနားသပ်ရပ်တဲ့ အခန်းကြီးပါပဲ။

.............................................................

(၄) ယောက်သား ထိုင်မိကြတော့ "အလ္လာပ သလ္လာပ" တွေကို ဒ-ဗ-မ ကြီးတင်ဦးက ပြောပါတော့တယ်။ သူပြောတဲ့အထဲမှာ ကနေ့ မြန်မာပြည်နိုင်ငံရေးနဲ့ ပတ်သက်ပြီး သူတို့ M.I.S က ဘယ်လောက်အထိ သတင်းရထားတယ်ဆိုတာတွေ အများဆုံး ပါပါတယ်။ သူတို့ဖမ်းဖူးတဲ့ လူတွေ ဘယ်ကိစ္စမှာ ဘယ်လောက် ပါဝင်ရှုပ်ထွေး ခဲ့ဖူးတယ် ဆိုတာမျိုးတွေလည်း အများကြီး။ ဥပမာ - ဗိုလ်လက်ျာကိစ္စနဲ့ဒေါ်တင်လှိုင်၊ ဦးနုတို့ ပြည်ပြေးအဖွဲ့ရဲ့ လှုပ်ရှားမှုကို သူတို့ ဘယ်လောက်သိတယ် ဆိုတဲ့အကြောင်း၊ ပြည်ပြေးအဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးမသန့်ရှင်းမှုတွေကို သူတို့ ဘယ်ကလောက်သိတယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ပြောတယ်။ ပြောတဲ့အခါ မြိန်ရေရှက်ရေ ရှိလွန်းလို့ (ဒီလူတွေ ကိုယ့်ဘက်လည်း ဒါမျိုးမှာ အလွန်စိတ်ပျက်ဖို့ ကောင်းလောက်အောင် ဖောက်ပြန်ပျက်စီးနေတာ မှန်ပါရဲ့နဲ့ ဘယ့်နှာကြောင့် ဒီလိုပြောချင်တာပါလိမ့်လို့ နားထောင်ရင်း စိတ်ပျက်မိသေးတယ်။) ဒေါက်တာဗမော်တို့အကြောင်းလည်းပါရဲ့။ ဗကပအကြောင်းလည်းပါရဲ့။

ကိုကိုးကျွန်း အကြောင်းကျတော့ ဓာတ်ပုံ Album ယူခဲ့စမ်းဟေ့လို့ စစ်ဗိုလ်တယောက်ဆီက လှမ်းတောင်း လိုက်ပြီး၊ သားတို့ ကိုကိုးကျွန်းက ပြန်ခေါ်တော့ ကျွန်းမှာ သင်္ဘောပင်တွေကို ဓားနဲ့ပိုင်းဖြတ်ထားပစ်ခဲ့တဲ့ ဓာတ်ပုံကစပြီး၊ ကျဆုံးတဲ့ ရဲဘော်တွေ အတွက် စိုက်ထူခဲ့တဲ့ အထိမ်းအမှတ် ကျောက်တိုင် ကြီးတွေ၊ ထမင်းစားခန်းက Board မှာရေးထားတဲ့ ကြွေးကြော်သံတွေ၊ လှုံ့ဆော်ချက်တွေ၊ Monuments တွေအားးလုံး သူတို့ ဓာတ်ပုံရိုက်လာခဲ့သမျှကို ပြတယ်။ ဒီကျွန်းမှာထားတော့ ရဲနဲ့ထောင်အမှုထမ်းကပဲ အုပ်ချုပ်တာမို့ သားတို့က ဘယ်သူ့ကိုမှ မမှုဘဲ စည်းမဲ့ကမ်းမဲ့ ဖြစ်သွားတဲ့ အကြောင်း၊ အင်းစိန်ထောင် ပြန်ခေါ်ပြီးတော့မှ စည်းကမ်းသေဝပ် အောင် ပြန်လုပ်ယူရတဲ့အကြောင်း၊ သူတို့ကို သင်္ဘောနဲ့ ပြန်ခေါ် လာရာမှာ သင်္ဘောပေါ်ကနေ ကုန်းပေါ်တက်ပြီး ကားတွေနဲ့ခေါ်တော့ တလမ်းလုံး ကြွေးကြော်သံတွေ ကြွေးကြော်လာကြ တဲ့အကြောင်း၊ အဲဒီအချိန်က အင်းစိန်ဈေးဟာ ဝေလီဝေလင်းမှာ လူစည်နေပြီဖြစ်လို့ ဈေးရှိလူကုန်က ကြားလိုက်ရတဲ့အကြောင်းတွေလည်း ပြောတယ်။ ဗိုလ်မှုးကြီးချစ်ခင်ကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ တရားနာခံပဲလုပ်တယ်။ သိပ်ပြီး ဝင်မပြောဘူး။ ဒီပွဲမှာ တကယ်စကားပြောတဲ့ လူကတော့ ဒုဗိုလ်မှုးကြီးတင်ဦးပါပဲ။ သူက သားတို့ကို ကိုကိုးကျွန်း ပို့တာ၊ အင်းစိန်မှာ ရိုက်ပုတ်ညှင်းဆဲ လုပ်နေတာတွေ အားလုံးဟာ သူတို့ဘက်က တရားတယ်လို့ပဲ ပြောချင်သလားတော့ မသိဘူး။ သူ့စကားတွေက များလွန်းအားကြီးတာလည်း တကြောင်း၊ ကိုယ်က ကိုယ့်သားလွတ်ရေးကိုသာ အာရုံစောပြီး အင်းစိန်ထောင် အမြန်ဆုံးရောက်၊ သားကလေးခေါ်ထုတ်ပြီးသား ဖြစ်ချင်တဲ့ဇော၊ အဲဒီအာရုံပဲ ခဏခဏဝင်နေတာလည်းတကြောင်းကြောင့် ထင်ပါရဲ့ သူ့စကားတွေဟာ သယ်သယ်ပိုးပိုးနဲ့ စည်းလုံးပြီး ပို့ပေးတဲ့စကားမျိုးတော့ ဖြစ်တယ်မထင်ဘူး။ ဘာပဲဖြစ်ဖြစ် "အဲဒါ ငါသိပြီးသား" ဆိုတဲ့အပေါက်တွေကတော့ တော်တော်ပါတယ်။ ဒီလူဟာ ပြန်ကြားရေးက ဗိုလ်မှုးတင်ထွန်းလိုပဲ သူ့ Subject ကို သူအနိုင်ဆုံးပဲလို့ သူ့ကိုယ်သူ အထင်ကြီးမှုတော့ အပြည့်ရှိတယ်။ MIS ဗိုလ်အဖြစ်နဲ့ နာမည်ကြီးမယ်ဆိုရင်လည်း ကြီးလောက်ပါရဲ့။ သူက ဦးလှတို့ ဒေါ်အမာတို့ရေးတဲ့ စာအုပ်တွေကို ငယ်ငယ်ကတည်းက ဖတ်တယ်။ ခုလည်း ဖတ်တယ်။ စာအရေးအသားနဲ့ ပတ်သက်လို့သူက နည်းယူသတဲ့။

မြတ်စွာဘုရား ရင်ကျိုး စရာပဲ။ နိုင်ငံရေးဆောင်းပါးတွေ ဘခက်တို့နာမည်နဲ့ ရေးနေတာတွေ သူ့လက်ရာက အများကြီးဆိုပါကလည်း။ ဟိုစာအုပ်ကြီးနှစ်အုပ်လည်း ဒီလိုနေမယ့်ပုံပါပဲ။ ကိုယ်ကတော့ နားသာထောင်နေရတယ်။ စိတ်က သူ့စကားပြီးပါစေတော့ ပြီးပါစေတော့လို့ချည်း အောက်မေ့တယ်။ ဒါပေမဲ့ ကိုယ်နဲ့သူက အနီးဆုံးထိုင်နေတာမို့ သူပြောတာ စိတ်မဝင်စားတဲ့ပုံမျိုး ရိုင်းအောင်လည်း နေမဖြစ်ဘူး။ ကိုယ့်သားက သူတို့လက်ထဲမှာရှိနေသေးတာ။ ကော်ဖီနှစ်ခွက် တိုက်သေးတယ်။ တနာရီခွဲလောက်များ ကြာသလားမသိ။ အဲဒီတော့မှ စကားပြတ်တယ်။ ဒီအချိန်မှာ ဦးလှက "ဦးလေးတို့သားလေး သွားခေါ်ချီတော့မယ်"တဲ့။ ကိုယ်ကတော့ ဘာပေးပါဦးဆိုတဲ့ တောင်းခံသံမျိုး ထွက်မလာပါစေနဲ့၊ တောင်းရင် ဘာမှ မပေးနိုင်ဘူးလို့ပဲ ကြိတ်စိတ်ပူနေတယ်။ "ဟုတ်ကဲ့ ခေါ်တာပေါ့" ဆိုမှပဲ ဟင်းကျတယ်။

ဗိုလ်ကြီးဘမှန်ကို ခေါ်သွားပါ။ ဦးလေး သိမှာပါ။ သူ မန္တလေးမှာ နေသွားတာပဲတဲ့။ ဘမှန်ကို သိတာပေါ့။ အားကြီးသိတာပေါ့။ အတင် လွတ်တုန်းက မျက်နှာချင်းတောင် ဆုံခဲ့ရသေးတာပဲ။ ဘမှန်က ဒီတခါတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ "ကဲ ဦးလေးတို့ ကြွပါတဲ့"။ ဒါနဲ့ ဗိုလ်မှုးကြီး ချစ်ခင်နဲ့တင်ဦးကို နှုတ်ဆက်ပြီး သူ့အခန်းက ထွက်ခဲ့ကြတယ်။

.................................................

ဘမှန်က "ဦးလေးတို့ ကားပါသလား"တဲ့။ "ပါတယ်"ဆိုတော့ ဒါဖြင့် သူ့ကားနဲ့ သူကရှေ့က သွားမယ်၊ ဦးလေးတို့ကားက နောက်က လိုက်ခဲ့ပါဆိုပြီး စစ်ရုံးချုပ်ကနေ အင်းစိန်ဘက် ဦးတည်မောင်းတာပဲ။ အဲဒီတော့ (၉) နာရီခွဲလောက် ရှိရော့မယ်။ အင်းစိန်ကို မရောက်တာက ကြာလှပြီ။ ဒါကြောင့် RIT ကိုလည်း ခုမှမြင်ဖူးတယ်။ နို့ပေမယ့် ဒါတွေ ကြည့်မနေအားဘူး။ သားဆီကို ရောက်ချင်ဇောပဲ ရှိတယ်။

ငါ့သားကလေး ချောချောမောမော လွတ်ပါ့မလား၊ ငါတို့ရင်ခွင်ထဲ တကယ်မှ ပြန်ရောက်ပါ့မလား၊ လွှတ်တဲ့လူက လွှတ်ပြီဆိုပေမယ့် ဘာပြုလို့ ညာပြုလို့ဆိုပြီး ငါ့သားနဲ့ မတွေ့ရဘဲများ ရှိမှာလား၊ ကျန်းကျန်းမာမာရှိကောင်းပါရဲ့ ၊ ငါ့သားလေးနဲ့ ငါတို့နဲ့ ဒီတခါတော့ တကယ်တွေ့ရတော့မှာ ဟုတ်ကောင်းပါရဲ့နဲ့ ရင်ထဲက မရေမရာ ဇဝေဇဝါတွေဟာ ထွေးလုံးရစ်ပတ် ဖြစ်နေတာပဲ။ ခရီးကလည်းဝေးတော့ တော်တော်ကြာအောင် ကားမောင်းရတယ်။

ဒီအချိန်မှာ ငါ့သားလေး လွတ်တော့မှာပဲဆိုပြီး ဗိုလ်ချုပ်နဲ့တွေ့အပြီး ဒေါ်ခင်ကြွယ်တို့အိမ်ကိုရောက်တော့ ကတုန်ကရီနဲ့ မောလာလို့ တုံးလုံးလှဲအိပ်ရတဲ့ အဖြစ်မျိုးလိုလည်း တစ်ထစ်ချ စိတ်လှုပ်ရှားတာမျိုး မဟုတ်ဘူး။ လွတ်တော့မှာဆိုတာဟာ တကယ်မှ အကောင်အထည်ပေါ်လာပါ့မလားလို့ စိုးရိမ်တဲ့စိတ်မျိုး၊ ဝိုးတိုးဝါးတား မရေမရာနဲ့ ရင်မောနေတာမျိုးချည်းပဲ။ ဖြစ်သင့်တာက တွေ့ရတော့မယ် သားလေးနဲ့ တွေ့ရတော့မယ်၊ (၆) နှစ်လောက် ကွဲနေတဲ့ ငါ့သားလေး ငါ့ရင်ခွင်ထဲ ပြန်ရောက်တော့မယ်လို့ဆိုပြီး ရင်တွေက ဒိန်းဒိန်းနဲ့ ခုန်နေတာမျိုး ဖြစ်သင့်တာပေါ့။ ခုတော့  ဒီလို မဖြစ်လာဘူး။ လွတ်မှလွတ် ပါ့မလား၊ လွှတ်ပြီဆိုကာမှ သားက အထဲမှာ သေနေမှာလား၊ တနည်းနည်း ကွဲမှာလားနဲ့ ဘာမှ စိတ်ချလက်ချ တွေးလို့မရဘူး။ အင်းစိန်မိန်းဂျေးက ဗူးထဲမှာ နိုင်ငံရေးသမားတွေကို လွှတ်တဲ့အခါ သတင်းစာသမားတွေနဲ့ တွေ့ပေးတဲ့ လေအေးပေးစက်နဲ့ အခန်း (Press Room Airconditioned) ထဲကို ကိုယ်လင်မယား၊ ကိုအေးကြည်နဲ့ ညီညီကိုပါ ခေါ်သွားပြီး အထိုင်ခိုင်းတယ်။ ဗိုလ်ကြီးဘမှန်ကတော့ သားကိုခေါ်ဖို့ ထွက်သွားတယ်။

စောင့်လိုက်ရတာ နာရီဝက်လောက်လား မသိဘူး။ ဒီထက်ကြာချင်လည်း ကြာမှာပဲ။ ကိုယ့်စိတ်ထဲတော့ အကြာကြီး စောင့်နေရတယ် ထင်တာပဲ။ စောင့်ရင်း ကိုယ်ဝင်ခဲ့တဲ့ အပေါက်ဆီ ကိုလည်း လှမ်းလှမ်းကြည့်တယ်။ သူတို့လာပြီဆိုရင် အရင်ဆုံးမြင်ရအောင်လို့ပေါ့။ ကိုယ်ထိုင်ရတာက ဒီအပေါက်ကျောပေး ထိုင်ရတာမို့ လည်လိမ်ပြီး မျှော်ရတာပါ။ ကြာလိုက်တာ၊ ကြာလိုက်တာ။ သားကလေး ပါလာပါစေတော့၊ ဒီရောက်လာရင် ဘာလက်မှတ်ထိုးဦး၊ ညာလက်မှတ်ထိုးဦး ဆိုတာမျိုးတွေများ လုပ်နေဦးမှာလားဆိုတဲ့ သောကကလည်း ဝင်သေး။ တံခါးပေါက်ကို လှည့်ကြည့် တာ အခါပေါင်း ဆယ်ခါမကရှိတော့ လူသံကြားလာတယ်။ ဝင်လာပြီ၊

ဗိုလ်ကြီးဘမှန်၊ နောက်တယောက် ထောင်ပိုင်ဗိုလ်မှုးတင်အုန်း၊ နောက်တယောက် ဒုထောင်ပိုင်၊ နောက် တယောက် သား။ "အမယ်လေး သားရယ်" လို့ စိတ်ထဲကမြည်ရင်း ထိုင်ရာကထပြီး သားကို ပြေးဖက်တယ်။ သူကပြုံးလို့။ "သားတို့ရုပ်ရည် သီတာမည်သား ရေကြည်ချမ်းမြ တပေါက်ကျက မိဘတို့ဝမ်း ငြိမ်းစတမ်း" ဆိုတာ သိပ်နည်းသေးတာပဲ။ (၆) နှစ်လုံးလုံး တကြိမ်မှ မတွေ့ရတဲ့သား။ အင်တာဗျူး ဆိုတဲ့ တွေ့ခွင့်ကို မန္တလေးနဲ့ အင်းစိန်ထောင်မှာ သားရှိတုန်းက တယောက်ယောက်ဆီ တောင်းရင် ရလောက်စရာ ရှိပါတယ်။ ဒါပေမဲ့ တွေ့ရုံတော့ ခွင်မတောင်းလိုပါဘူး။ ဒါကြောင့် ဘယ်သူ့ဆီမှ ဘာခွင့်မှ မတောင်းခဲ့ဘူး။ သားတွေ့ပါရစေ၊ ပစ္စည်းပို့ပါရစေ၊ စာရေးပါရစေ ဘာမှ မတောင်းဘူး။ သားလွှတ်ပေးပါ ဆိုတာလည်း စာမတင်နိုင်ပါဘူး။

(၆) နှစ်နီးနီးကွဲနေတဲ့သား သူက ပြုံးလို့ ပြုံးလိုက်တော့ သွားတက်ကလေးကလည်းပေါ်လို့၊ အမယ်လေး တော်သေးရဲ့ အရင်ရုပ်ကလေး မပျက်ဘူးလို့ အောက်မေ့မိတယ်။ ကိုယ်မွေး ထားတဲ့အထဲ သူက ရုပ်ရည်အချောမောဆုံး။ သူတို့နှိပ်စက် ညှင်းပန်းထားလို့ သွားတွေ နဲ့သွားတယ်၊ သတက်ကလေး ကျိုးသွားတယ် စတဲ့သတင်းတွေက ကြားထားတာကိုး။

သားကို အားရပါးရ တအားဖက်ထားပြီး သူ့လက်တွေကိုလည်း ဆုပ်ကိုင်ထားမိတယ်။ " ငါ့သား အဝသားပါလား" လို့ ပြောတော့ "ထောင်နဲ့တည့်လို့ပေါ့ အမေရယ်" တဲ့။ " ဒီလို မပြောစမ်းပါနဲ့ကွယ် " လို့ သူ့ကို ရိုက်မိသေးတယ်။ ရင်ထဲများ နာလိုက်တာ။ ဒင်းတို့ ကျွေးထားတဲ့ ထမင်းဟင်းနဲ့ ဒီလိုသန်သန်စွမ်းစွမ်းဖြစ်အောင် သူနေခဲ့တာကိုး။ သားအမိ သားအဖ ထိုင်နေကြတုန်းကို MIS က ဓာတ်ပုံရိုက်လိုက်တာ ထောင့်မျိုးစုံက တဖြတ်ဖြတ်ပဲ။ သားလက်ထဲမှာ ဂုံအိတ်တလုံးနဲ့ သူ့ပစ္စည်းဆိုတာတွေလည်း ပါလာရဲ့။ " ကဲ ကျွန်တော်တို့သား ခေါ်သွားတော့မယ်" လို့ သူ့အဖေက ပြောတော့ "ခေါ်သွားပါတော့" တဲ့။

သူတို့အလွှတ်နဲ့လွှတ်တာ မဟုတ်။ ဗိုလ်ချုပ်နေဝင်းက လွှတ်တာဆိုတော့ ဘာတွေညာတွေ သူတို့လုပ်ချင်တိုင်း လုပ်တဲ့ဟာတွေ ဘာမှမခံခဲ့ရဘူးပေါ့။ မဟုတ်ရင် ကိုယ်ရေးရာဇဝင် ရေးရတာတို့၊ ဓာတ်ပုံ ထောင့်အမျိုးမျိုးကနေ ရိုက်နေတာတို့နဲ့ ထောင် တနေကုန်အောင် ခံရတယ်ဆိုပဲ။ ခုတော့ သားကို တိုက်ကနေပြီး "လာ" လို့ခေါ်၊ "အင့်" ပစ္စည်းသိမ်းခဲ့၊ ယူခဲ့ဆိုပြီး စောင်အုပ်ခေါ်လာတယ်။ စောင်ကဖွင့်တော့ ဗူး၊၊ ဗူးမှာ သူအပ်ထားတဲ့ ပစ္စည်းနဲ့ပိုက်ဆံယူ၊ တွဲဘက်က မိန်းဂျေးကို ခေါ်လာ၊ မိန်းရောက်တော့ အဖေအမေနဲ့တွေ့၊ တွေ့တော့မှ လွတ်တာလို့ သူက ရိပ်မိသတဲ့လေ။

...........................................................

သားကလေးလက်ဆွဲပြီး အင်းစိန်ထောင်က ကားနဲ့ပြန်ခဲ့ကြတယ်။ သားဟာ ကွဲကွာနေတာ (၆) နှစ်ကြာပေမယ့် (၆) နှစ်ကြီးလာတဲ့ရုပ် မဟုတ်ဘူး။ အရင်ကထက် နည်းနည်းထွားပြီး နည်းနည်းဝနေတာပဲ ရှိတယ်။ မောင်းအိုးကြီးတွေ ဘာတွေတော့ ဖွဲ့နေတယ်ပေါ့။ သူ့မျက်စိမျက်နှာဟာ အရင်အတိုင်းပဲ ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ၊ လတ်လတ်ဆတ်ဆတ်။

တချို့လူတွေ ထောင်ကလွတ်လာတယ်ဆိုရင် ကြောင်တောင်တောင်ကြီး ဖြစ်နေရှာကြတယ်။ တချို့များ မျက်စိကြည့်တာတောင် မကောင်းဘူး။ တမျိုးကြီး ကြောင်နေတယ်။ ဖိုးသံကတော့ ပကတိမှ တကယ့် ပကတိပါပဲ။ ရုပ်ရည်တွင်လား ဆိုတော့လည်း မဟုတ်ဘူး။ သူနဲ့ တလလောက် အတူနေမိတော့ စိတ်ဓာတ်ကလည်း မှန်လိုက်တာ လွန်ပါရော။

"သားရယ် မင်းဟာ ဒါလောက်အကြာကြီး အချုပ်အနှောင် အနှိပ်အစက်ခံလာရတာကြောင် မင့်စိတ်ဟာ ဘာမှထိခိုက်ခíတ်ယွင်းမှု မရှိဘူး။ တချို့လူတွေများ စိတ်မမှန်တော့ဘူး" လို့ ပြောတော့ "သူတို့က နိုင်ငံရေး ယုံကြည်ချက်မှ မရှိဘဲ အမေရယ်" တဲ့။ ဟုတ်မှာပဲ - ဟုတ်မှာပဲ။ ယုံကြည်ချက်နဲ့ တိုက်ပွဲတွေကြားက ထွက်လာတဲ့လူမို့ လူနဲ့လည်း တသားတည်း မြေနဲ့လည်း တသားတည်း။

သားကလေးရဲ့ ကြံ့ခိုင်ပုံတွေကို မြင်ရတော့ အားရလိုက်တာ၊ ဂုဏ်ယူလိုက်တာ၊ ဝမ်းမြောက်လိုက်တာ မပြောပါနဲ့တော့။ အဲဒီနေ့က ရန်ကုန်မြို့ထဲ ပြန်လာတော့ ပြည်လမ်းက ဦးသန်းတင့်၊ စုစုတို့အိမ်ဝင်ပြီး ရေသောက်ကြတယ်။ စုစုနဲ့ သားသမီးတွေကို တွေ့တယ်။ ဒါ သူတို့ မတွေ့ဘူးသေးတဲ့ အစ်ကို ကိုသံချောင်းပဲလို့ပြတော့ စောမွန်ဆင့်နဲ့ လုလုက "ဒီကိုကိုမှာ အပြစ်မရှိပါဘူး၊ ဒီလိုရုပ်မျိုးက ရာဇဝတ်မှု မကျူးလွန်ပါဘူး"တဲ့လေ။ ပြီးတော့ ရေခဲနဲ့သံပရာရှာလပတ်ရည် တိုက်တယ်။

အဲဒီမှာပဲ မိတ်ဆွေတချို့ကို ဖုန်းဆက်ပြောတယ်။ ဦးအေးမောင်တို့ အိမ်ကိုတော့ သမီးသန်းယဉ်မာ စာဖြေပြီးလို့ ထွက်လာရင်ပြောလိုက်ပါ။ သူ့မောင်လွတ်လာပြီလို့ အပြောခိုင်းတယ်။ ပြီးတော့ ဦးအေးကြည်တို့အိမ်ကို တန်းပြန် လာကြတယ်။ အဲဒီသားကလေး လွတ်တဲ့နေ့ဟာ သမီးသန်းယဉ်မာ M.D သင်တန်းတက်ဖို့အတွက် စာမေးပွဲဖြေရတဲ့နေ့ပဲ။ ဦးအေးကြည်အိမ် ရောက်တော့ ရန်ကုန်မြို့ပေါ်က ရင်းချာတဲ့ မိတ်ဆွေတွေကိုလည်း ဖုန်းဆက်ပြောတယ်။ မန္တလေးကိုလည်းဖုန်းဆက်ပြောတယ်။ သားဘိုညိုကို အိမ်စောင့်ထားခဲ့ရတာမို့ " သားရေ တို့မိတ်ဆွေတွေကို ဖုန်းနဲ့ဆက်ပြောလို့ ရသမျှ ပြောနှင့်၊သတင်းပေးနှင့်ပါလို့ မှာရတယ်"။ သားဖိုးသံကို ဗိုလ်ချုပ်က လွှတ်ပေးမယ်လို့ ပြောတယ်ဆိုတာကို ၁၉၇၁ စက်တင်ဘာလကတည်းက သူ့အဖေက ပြောသင့်တဲ့လူတွေကို ပြောပြထားတော့ ဒီသတင်းက မိတ်ဆွေ တော်တော်များများအပြင် အချုပ်အနှောင်ခံနေရတဲ့ လူတွေရဲ့ လောကမှာ တော်တော်ပျံ့နှံ့နေပြီ။

ဒါပေမဲ့ ၁၉၇၂ ခု ဖေဖော်ဝါရီလ (၂၃) ရက်နေ့က နိုင်ငံရေးအကျဉ်းသား (၂ဝဝ) ကျော် ပထမအသုတ် လွှတ်ရာမှာလည်း သူမပါလာ၊ မတ်လ (၄) ရက်နေ့မှာ နိုင်ငံရေးသမား (၃ဝ) ကျော် လွှတ်တဲ့ ဒုတိယအသုတ်မှာလည်း သူမပါလာတော့ မိတ်ဆွေတွေက နိုင်ငံရေးသမားတွေ လွှတ်တယ်ဆိုတိုင်း၊ ဖိုးသံလေး ပါပလားလို့ စာနဲ့ရေးမေးကြ၊ လူကိုယ်တိုင် မေးကြရတာက ခဏခဏ။

ဒါကြောင့် ဒီတခါ တကယ်လွတ်တော့ မိတ်ဆွေတွေ သိရအောင် သားလွတ်ပြီဆိုတာကို သတင်းစာမှာ သတင်းပါစေချင်တယ်။ နို့ပေမယ့် ဒါက MIS က လွှတ်ပေးတဲ့အလွတ်မျိုး မဟုတ်တော့ သတင်းစာတွေက သတင်းထည့်မပေးနိုင်ကြဘူး။ ဒါကြောင့် ဖိုးသံလွတ်တဲ့သတင်း သတင်းစာမှာ မပါဘူး။ ဒီသတင်း မပါပေမယ့် မိတ်ဆွေ သတင်းစာသမားတွေက ဓာတ်ပုံသတင်းလုပ်ပြီးတော့ ထည့်ပေးသေးတယ်။ ပြည်လမ်း လိပ်ခုံး BOC ကောလိပ်မှာ အောင်တိတ်တို့က (၅ - ၅ - ၇၂) နေ့က မိုးဦးပန်းချီပြပွဲ ဖွင့်တယ်။ အဲဒီကိုလာပါလို့ဖိတ်လို့ သားဖိုးသံရယ်၊ သမီးသန်းယဉ်မာနဲ့ မတင်ဝင်းရယ်၊ မစိန်ရယ်၊ အမေနဲ့အဖေရယ် သွားကြတယ်။ အဲဒီမှာ ပြပွဲကြည့်နေတဲ့ ပုံတပုံ ဖိုးသံကို အဓိကထား ရိုက်ပြီး သတင်းစာမှာ ဖော်ပြကြတယ်။ ကြေးမုံက ဖော်ပြတဲ့ပုံက အကောင်းဆုံး အထင်ပေါ်ဆုံးပဲ။ ဒီပုံကိုမြင်တော့ ဖိုးသံကို သိသမျှလူက ဖိုးသံလွတ်ပြီလို့ သိကြတာပေါ့။ သတင်းဓာတ်ပုံဟာ (၈ - ၅ - ၇၂) နေ့မှာ ပါလာတော့ သိတဲ့ မိတ်ဆွေတွေက တည်းနေကြအိမ်နဲ့ အပါတင်မောင့်ဆီကို ဖုန်းဆက်ဆက်မေးလိုက်ကြတာတဲ့။





အဲဒီတော့ ကိုယ်သားအမိသားအဖေက လေယာဉ်နဲ့ မန္တလေးကို ပြန်ခဲ့ပြီလေ။ (၆ - ၅ - ၇၂) နေ့မှာပဲ မန္တလေးက ဆွေမျိုးတွေ မျှော်နေမှာစိုးလို့ ပြန်ခဲ့ကြတယ်။ (၅ - ၅ - ၇၂) နေ့ကတော့  ရန်ကုန်မှာ ပန်းချီပြပွဲကြည့်ပြီးတော့  သွားနှုတ်ဆက်မှကောင်းမယ့် အိမ်တွေကို သွားနှုတ်ဆက်တယ်။

အဲဒီမှာ မိတ်ဆွေတွေက ဝမ်းသာအားရ ကျွေးကြ မွေးကြလို့ စားလိုက်ကြရတာ ဝမ်းတွေများ ပျက်လို့၊ ဗိုလ်မှုးချုပ်ကျော်ဇောတို့ကဆိုရင် အုန်းနို့ခေါက်ဆွဲချက်ပြီး မနက်ကြီးက မျှော်နေတာတဲ့။ ညနေမှလာတော့ ညနေမှ ကျွေးတာပဲ။ ဆရာဇော်ဂျီတို့ အိမ်ကလည်း မုန့်ဟင်းခါးတွေ ချက်ကေíးတယ်။

ဝတ်လုံဦးအေးမောင်တို့ ကလည်း ထမင်းကေíးတာ ဟင်းတွေလှိုင်လို့၊ ဦးလေးကြီး ဦးတင်ပွတို့ကတော့ မနက်စာကေíးပြီး ဒူးရင်းသီးတွေ လှိုင်ဘောလယ် ကျွေးလွှတ်တယ်။ ကိုအေးကြည်အိမ်မှာလည်း ဖိုးသံလွတ်တယ်ကြားလို့ လာကြတဲ့ မိတ်ဆွေတွေကို မခင်တီက ကော်ဖီဖျော်တိုက်ရတာ အမောပဲ၊ အမေနဲ့အဖေကလည်း တပြုံးပြုံးနဲ့ ဧည့်ခံကြ သပေါ့။

နောက်မနက်တော့ (၆ - ၅ - ၇၂) နေ့မှာ အစောကြီးထပြီး လေယာဉ်ကွင်းကို လာခဲ့ကြတယ်။ ညီညီလင်မယား၊ ဦးသန်းတင်စုစုတို့နဲ့ ကလေး (၃) ယောက်၊ အမာလေးတို့ သားအဖ၊ ဦးအေးမောင်၊ ဇဝန - မထားအိနဲ့ သမီးထွေးထွေးတို့ လိုက်ပို့ကြတယ်။ ဦးအေးမောင်က ပို့ရုံနဲ့ အားမရသေးလို့ ကွင်းမှာစားဖို့တဲ့၊ အသားသွတ်ပေါင်မုံ့၊ ငှက်ပျောသီး၊ ကော်ဖီ၊ ကြက်ဥတွေ ယူလာသေးတယ်။ လေယာဉ်ပေါ်မှာ တရားရေးဌာနဝန်ကြီး ဒေါက်တာမောင်မောင် ပါလာလို့ လေယာဉ်က ချမ်းချမ်းသာသာ ငြိမ်ငြိမ်သက်သက်နဲ့ အချိန်မှန် (၆) နာရီခွဲမှာထွက်၊ မန္တလေးကို (၈) နာရီမှာ ရောက်ကြတယ်။

မန္တလေးလေဆိပ်မှာ ဆွေမျိုးတွေအားလုံးဟာ ကြိုနေကြတယ်။ ဒေါ်မြင့်မြင့်ခင်တို့ ဦးစံဘော်တို့လည်း လာကြိုတယ်။ ဒီကြိုတဲ့လူထဲက ဘိုညိုနဲ့ မိကြီးကို ဖိုးသံက မမှတ်မိဘူးတဲ့။ ဒီနှစ်ကောင်က အရမ်းထွားနေကြတာကိုး။ ဖိုးသံရဲ့ အချစ်တော် ဘုန်းကြီးလည်း ကြိုသူထဲမှာ ပါတယ်။ သူလည်း သတင်းရသတဲ့လေ။ လေယာဉ်ကွင်းမှာ ပစ္စည်းစောင့်ရင်းနဲ့ စကားပြောကြတယ်။ နောက် အိမ်ပြန်လာတော့ ဖိုးသံ ဦးပဉ္စင်းကို မိုးတားတိုက် လိုက်ပို့တယ်။ ပို့ခဲ့ရင်း "ဦးဇင်း ဖိုးသံနဲ့ တွေ့ရလို့ ကျေနပ်ပလား ဘုရား" လို့မေးတော့ "ကျေတော့ ဘယ်ကျေနပ်ဦးမှာလဲ ဒကာမကြီးရယ်၊ကျောင်းတည၊နှစ်ညလောက်သိပ်ပြီး စကားပြောချင်သေးတာပေါ့ " တဲ့။ "ဦးဇင်း အခုတော့ ဘောလုံးပွဲလည်း မလုပ်တော့ဘူးလား" လို့မေးတော့ "ကောင်ကလေး မရှိကတည်းက စိတ်မချမ်းသာလို့၊ ကျုပ်ကွင်းကို လုံးလုံးပိတ်ပစ်လိုက်တယ်" တဲ့။ ဖိုးသံ ကစားရင် ကွင်းဘေးကလှည့်ရင်း တုတ်တချောင်းနဲ့ "မင်းတို့ လူမချနဲ့နော်၊ ငါ့ကောင်က အရိုးနုကလေး ရှိသေးတာ" လို့ အော်ရင်း ဖိုးသံကို စောင့်ရှောက်တဲ့ ဦးပဉ္စင်းလေ။ ဒီဦးပဉ္စင်းဟာ ဖိုးသံကို ဖမ်းထားတဲ့တချိန်လုံး အိမ်ခဏခဏလာပြီး သတင်းမေးရှာရတာ အမော။ သူ့မှာ ဖိုးသံရဲ့သံယောဇဉ်က တော်တော်ကြီးတာ။

အိမ်ပြန်ရောက်တော့ ဆွေတွေမျိုးတွေ ဝိုင်းပြီးပါလာတဲ့ မုံ့ပဲတွေနဲ့ ဧည့်ခံရ ကေíးရတယ်။ အိမ်နီးချင်းတွေကလည်း လာကြမေးကြပဲ။ အဲဒီလို ဧည့်တွေလာနေလိုက်တာ တလလောက်အထိ အဝေးအနီးက မစဲနိုင်ဘူး။ သားကလေးပြောပြလို့ သူခံခဲ့ရတဲ့ (၅) နှစ်နဲ့ (၁ဝ) လ၊ လပေါင်း (၇ဝ)၊ ရက်ပေါင်း (၂၁၂၉) ရက်မှာ တိုက်နဲ့ကျွန်းအတွေ့အကြုံတွေကဖြင့် ရင်နာစရာ၊ ဒေါသဖြစ်စရာ၊ နာကြည်းစရာ အတိပဲ။ ခံနိုင်ရည်၊ ဇွဲ၊ သတ္တိနဲ့ ယုံကြည်ချက်ကဖြင့် ပြောင်ပါပေ့သားရယ်။

အမေ့ခေါင်းမာမှု ငါ့သားက အမွေဆက်ခံထားတာ မှန်ပေမယ့် အမေကိုယ်တိုင် ငါ့သားလောက် ပြောင်မြောက်အောင် ခံနိုင် ရည်ရှိပါ့မလား၊ ယုံကြည်မှုပြင်းပါ့မလား၊ သံမဏိဟာ မီးထဲချမှ သိသာသတဲ့။

လူထုဒေါ်အမာ

(အမေ လူထုဒေါ်အမာ၏ ၉၈ နှစ်ပြည့် မွေနေ့ အထိမ်းအမှတ် ဂါရဝပြုခြင်းဖြင့် အလင်းအိမ်မဂ္ဂဇင်း (ဂျပန်) မှ စီစဉ်ထုတ်ဝေဖြန့်ချီခဲ့တဲ့ အမေ လူထုဒေါ်အမာ ရဲ့ "ထောင်နှင့်မိခင်" စာအုပ်မှ ထုတ်နှုတ်ဖေါ်ပြပါသည်။)