"ထောင်နှင့်မိခင်"
နိုဝင်ဘာ ၁၃၊ ၁၉၇၆
၁၃၃၈ တန်ဆောင်မုန်းလဆုတ် (၈) ရက်
(၂၉ သြဂုတ် ၁၉၇၆) သားသွားတဲ့နေ့..................................
ကိုယ့်မွေးနေ့က ၁၂၇၇ ခု တန်ဆောင်မုန်းလဆုတ် (၈) ရက်။ ဦးလှနဲ့လက်ထပ်တာက ၁၉၃၉ ခု နိုဝင်ဘာလ (၁၃) ရက်။ ဒါကြောင့် ဒီနှစ် မွေးရက်နဲ့ လက်ထပ်ရက်နဲ့ ထပ်တယ်။ အသက် (၆၁) နှစ်ပြည့်တဲ့နေ့။ လက်ထပ်တာ (၃၇) နှစ် ပြည့်တဲ့နေ့ဟာ ဒီနိုဝင်ဘာ (၁၃) ရက်ပဲလို့ လွန်ခဲ့တဲ့ (၄-၅) ရက်ကတည်းက ကြိုတင်သိခဲ့တယ်။ မြန်မာရက်နဲ့ အင်္ဂလိပ်ရက်နဲ့ကလည်း အကွာသား။ မွေးနေ့ အင်္ဂလိပ်ရက်က ၁၉၁၅ နိုဝင်ဘာ (၂၉)၊ လက်ထပ်တဲ့ မြန်မာရက်က ၁၃ဝ၁ ခု တန်ဆောင်မုန်းလဆန်း (၃) ရက်။ ဒါကြောင့် တစ်ခုနဲ့တစ်ခု ဆုံစည်းတိုက်ဆိုင်မှုက နည်းတယ်။ အဲဒီလို နည်းတာထဲက ဒီနှစ်ဆုံစည်းနေတယ်ဆိုတော့ ဦးလှက "မင့်မွေးနေ့၊တို့လက်ထပ်တဲ့နေ့ ဘာလုပ်မလဲ၊ တစ်ခုခုလုပ်ဖို့ စဉ်းစားထားလေ" တဲ့။ သူသတိပေးလို့ စဉ်းစားကြည့်ပါရဲ့။ ဘာလုပ်ချင်လိုက်တာလို့မှ စိတ်ထဲပေါ်မလာဘူး။ မတက်ကြွဘူး။ လုံးလုံး မတက်ကြွဘူး။ နိုင်ငံရေး၊ ဘာသာရေး ဘက်စုံပါပဲ။
ဘာဖြစ်လို့ မတက်ကြွတာလဲလို့ ပြန်စဉ်းစားကြည့်တော့ " နှစ်ပတ်လည်နေ့ " ဆိုတာရဲ့ အဓိပ္ပာယ်မရှိမှုကြောင့်ပဲ ထင်ပါရဲ့။ ဒီကနေ့ဟာ မနေ့ကနဲ့ ဘာခြားလို့လဲ။ နက်ဖြန်နဲ့ကော ဘာခြားမှာလဲ။ ဘာမှမခြားပါဘူး။ အဲ - တစ်ခုခုလုပ်ရင်တော့ အဲဒါဟာ ခြားနားတဲ့အဖြစ်လို့ ဆိုရမှာပေါ့။
ပြီးတော့ - ငါ့အသက် ဘယ်လောက်တောင်ရှိလာပြီ၊ ငါတို့အိမ်ထောင်သက် ဘယ်လောက်တောင် ရှိလာပြီ၊ တို့ရှေ့နေရဖို့ သိပ်အများကြီး ကျန်မယ် မဟုတ်တော့ဘူး။ အဲဒီတော့ ခုလို နှစ်ယောက်စလုံး ကျန်းကျန်းမာမာ ရှိနေတုန်း အလုပ်တွေ ဖိလုပ်မယ်။ ဘာတွေလုပ်မယ်၊ ဘယ်လောက်ပြီးအောင်လုပ်မယ်ဆိုတဲ့ " အဓိဌာန် " တို့ ဘာတို့ကလည်း ဆွဲထုတ်လို့တောင် မရအောင် ဖြစ်နေလိုက်သေးတယ်။ အဲဒါက ဘာ့ကြောင့်တဲ့လဲ။ အဲဒါကလည်း အလုပ်ခွင်က မပြေလည်မှုတွေလည်း ပါလိမ့်မယ် ထင်တယ်။ စာရေးတဲ့လူအဖို့ စက္ကူရဖို့ ခဲယဉ်းတာ၊ မင်ရဖို့ ခဲယဉ်းတာဟာ စိတ်ဓာတ်ကျစရာ အကောင်းဆုံးကိစ္စပဲ ထင်တယ်။
စစ်ပြီး ဒီဘက်ခေတ်မှာ ၁၉၆၅ ခုနှစ်လောက်အထိ တစ်ထုပ် ၁ဝ ကျပ်လောက် ပေးရတဲ့ သတင်းစာရိုက်စက္ကူ (News Print ၂ဝ" ×၃ဝ") ဟာ ကနေ့မှောင်ခိုမှာ တစ်ထုပ်ကို ၃ဝဝ ကျပ်က ၃၁ဝ ကျပ်အထိ ပေးဝယ်နေရတယ်။ ဒါတောင် မနေ့တနေ့ကပုံနှိပ်တိုက်တွေကို စက္ကူထပ်ရောင်းထားလို့ ၃၆ဝ ကျပ်၊ ၃၇ဝ ကျပ် ဈေးကနေပြီး ကျသွားတဲ့ စက္ကူဈေးပေါ့။ အစိုးရဆိုင်က ပုံနှိပ်သူများကို အရင်က စက်တစ်လုံး၊ နည်းရင် စက္ကူ (၂) ထုပ်၊ များရင် (၅) ထုပ်၊ (၁ဝ) ထုပ် လစဉ် ရောင်းနေကျဟာ ဒီနှစ် နှစ်ဆန်းကစပြီး အရောင်းလုံးလုံး ရပ်သွားတယ်။ အခု (၁၁) လပိုင်းကျမှ စက်တစ်လုံးကို စက္ကူ (၅) ထုပ်နဲ့ မင် (၂) ပေါင်စီ ထုတ်ရောင်းတယ်။ ဒါကြောင့် စက္ကူမှောင်ခိုဈေးဟာ တထုပ် ၃၈ဝ ကျပ်၊ ၃၇ဝ ကျပ်ကနေပြီး ၃ဝဝ ကျပ်၊ ၃၁ဝ ကျပ်အထိ ကျသွားတာ။ ဒါပေမဲ့ နောက်တခါဘယ်တော့မှ ပြန်ရောင်းမယ်
ဆိုတာ မပြောနိုင်လို့ ခုကျတဲ့ဈေး ၃ဝဝ ကျပ်၊ ၃၁ဝ ကျပ်ဟာ ကြာကြာနေမယ် မဟုတ်ပါဘူး။ ပြန်ပြီးပိုတက်ဦးမှာပါ။
ကြီးပွားရေးပါ်ုနှိပ်တိုက်က စာအုပ်ရိုက်ထုတ်ဖို့ အရင်ကတော့ တစ်လစာအုပ် (၂) အုပ်စာလောက် စက္ကူထုတ်ပေးနေကျ။ ပုံပြင်က တစ်အုပ်၊ တခြားစာအုပ်က တစ်အုပ်ပေါ့။ ခုတော့ ဒီနှစ်ထဲ (၁၁) လပိုင်းရောက်လာပြီ။ "ဆရာကြီးသခင်ကိုယ်တော်မှိုင်း"တအုပ်စာပဲ စက္ကူရသေးတယ်။ ဒါတောင် ရောင်းဈေးက ၄၆ ကျပ်ပါတဲ့။
ကုန်ပစ္စည်းတွေအားလုံး အဆမတန် ဈေးတွေတက်၊ ငွေတန်ဖိုးက ကျချင်တိုင်းကျ၊ လူတွေရဲ့ ဝင်ငွေကတော့ တက်မလိုက်တဲ့ အတွက် လူများစုကြီး ဒုက္ခတွေ့နေတာနဲ့ ပတ်သက်ပြီး တညည်းထဲညည်းနေကြတော့ ပြက်လုံးးက ဘယ်လိုပေါ်လာသလဲဆိုတော့ -
" ဒီခေတ် မတက်တာ ဘာမှမရှိဘူး၊ ဘာမဆို အကုန်တက်ချည်းနေတာပဲ "
" ဟာ အကုန်တော့လည်း မဟုတ်ဘူး၊ ကျတာတခုတလေတော့ ရှိတယ် "
" အံမာ ဘာများကျတာ ရှိသတုန်း ပြောစမ်း "
" စိတ်ဓာတ် စိတ်ဓာတ် " တဲ့
" ရှားလိုက်တာကွာ၊ အရာရာပါပဲဟ "
" ဘာများပေါတာ ရှိသေးတုန်း "
" ပေါတာ ၃ - ၄ ခုတော့ ရှိပါတယ်။ အားလုံး မရှားပါဘူး "
" ဘာတွေများ ပေါတာတုန်း "
" သူတောင်းစား၊ ပြည့်တန်ဆာ၊ အရူး "
ဒီပြက်လုံးတွေကို ပြောကြ၊ ရယ်ကြတယ်လေ။
ဘာတွေ ဘယ်လောက်ရှားရှား ဂျပန်ခေတ်တုန်းကတောင် အလုပ်ဖြစ်အောင် ကြံဖန်လုပ်ခဲ့၊ စာအုပ်တွေ ရိုက်ထုတ်ခဲ့သေးတာပဲ၊ ပစ္စည်းရှားလို့ချည်း လူက ထုံထိုင်းထိုင်းဖြစ်နေတာတော့ ဟုတ်ဟန်မတူဘူး၊ တခြား အကြောင်းတွေလည်း ရှိလိမ့်ဦးမယ်။
ရှိပါသော်ကော၊ ကနေ့ နိုဝင်ဘာ (၁၃) ရက်ဆိုတော့ သားလေး ဖိုးသံချောင်း အိမ်ကထွက်သွားတာ သြဂုတ်လ (၂၉) ရက်၊တော်သလင်းလဆန်း (၆) ရက် တနင်္ဂနွေနေ့ကမို့ ကနေ့ဆို နှစ်လခွဲရှိသွားပြီကော။
အဲဒီနေ့က သူ့ကို MI က လာဖမ်းကြတယ်။ သူလည်း ခေါ်ရာလိုက်ဖို့ အိမ်မှာ အိပ်ရာလိပ်နဲ့ အဝတ်အစား ဆေးဝါးနဲ့ ပြင်ထားပြီး အသင့်ထိုင်စောင့်နေတာ၊ လိုက်ဖို့ပါပဲ။ နို့ပေမယ့် အဖမ်းလာတဲ့လူတွေက အိမ်မှာ ရှာတာဖွေတာ (၃) နာရီကျော် ကြာနေလေတော့ အရင်တခါ သူ (၁၉) နှစ်သားက အဖမ်းခံရတုန်းက MI မှာ ခံရပုံတွေ၊ မန္တလေးထောင် အင်းစိန်ထောင်တွေမှာ တယောက်ထဲ ထည့်ချုပ်ထားတာတွေ၊ ကိုကိုးကျွန်းက မသေကျန်လို့ ပြန်လွတ်ရတာတွေ (ဗိုလ်ချုပ်က လွှတ်ပေးခိုင်းလို့ လွတ်ရတာ) ကို ပြန်သတိရမှာပေါ့။ ဒါကြောင့်ထင်ရဲ့ သူတို့လစ်တော့ ထွက်ပြေးရော။ လူတွေ အများကြီး ဝိုင်းထားတဲ့ကြားက ညနေ (၅) နာရီသာသာမှာ ထွက်ပြေးတာ ဖြစ်လေတော့ အမေလုပ်တဲ့ကိုယ်မှာ ရင်တွေတုန် ဒူးတွေတုန် လူကမောပြီး ကျန်ရစ်ရတယ်။
ဟိုမှာမိတယ်၊ ဒီမှာမိတယ်ဆိုတဲ့ သတင်းတွေကြောင့် အမေရော အဖေပါ မအိပ်နိုင် မစားနိုင်ခဲ့ရတဲ့ ရက်တွေလည်း နည်းရော့မလား။ စက်တင်ဘာ (၉) ရက်နေ့ကတော့ အိပ်ရာက နိုးခါနီးမှာ အိပ်မက်မက်တယ်။ ဖိုးသံချောင်း ဘေးကင်းရာ ရောက်သွားပြီဆိုပြီး ဆရာတော်က ဘုရားခန်းကို လင်းခနဲ လုပ်ပြလိုက်သတဲ့။ အိပ်ရာကနိုးတော့ သြော် - တကယ်ပဲ ဖြစ်ပါစေတော့လို့ ဆုတောင်းမိတယ်။
ပူလိုက်ရတာ၊ ပူလိုက်ရတာ၊ အူတုန်သဲတုန် ဖြစ်လိုက်ရတာ၊ အချိန်က ကုစားတယ်
ဆိုပေမယ့် တော်တော်နဲ့ ဒီခံရချက် မသက်သာဘူး။ တစ်လတိတိပြည့်တဲ့နေ့ကျမှ နည်းနည်း
သက်သာသလိုလို ရှိတယ်။ နို့ပေမယ့် အမေ ဟုတ်လား။
ဒီသောက ဒီဒုက္ခတွေက စိတ်ထဲမှာ အကြီးအကျယ် ဗောက်ဗက်ခတ်ခဲ့တာ ဖြစ်လေတော့ စာရေးဖို့ ဘာဖို့ဆိုတဲ့ တက်ကြွမှုက ကျကုန်တော့တာပေါ့။
ပစ္စည်းရှားတာကိုတော့ ဂျပန်ခေတ်တုန်းက တဖက်ချောနဲ့ စာအုပ်ထွက်ခဲ့တာမျိုး၊ ဦးလှက မိုင်းကိုင်စက္ကူနဲ့ စာအုပ်ရိုက်ဖို့ ကြိုးစားနေပါတယ်။ ဟိုက နမူနာယူကြည့် ရိုက်စမ်း၊ ဈေးကိုတွက်ကြည့် ဆိုတာမျိုး ခဏခဏ လုပ်နေတာပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာအုပ်ကို မိုင်းကိုင်နဲ့ ထုတ်ပြီး ရောင်းတာကိုကပဲ တိုင်းရင်းဖြစ် လက်လုပ်မိုင်းကိုင်စက္ကူကို ပွဲထုတ်ကြည့်လိုက်တဲ့ သဘောပေါ့။ စာရိုက်ဖို့စက္ကူ အင်မတန်ရှားလာရင်တော့ မိုင်းကိုင်နဲ့ စာအုပ်ထွက်ကြည့် ရမှာပဲ။
ကဲ စိတ်ဓာတ်လည်း တက်လာပြီး စက္ကူပြဿနာလည်း တိုင်းရင်းဖြစ်လက်လုပ်နဲ့ ဖြေရှင်းမယ်ဆိုရင်ဖြင့် အလုပ်ဖြစ်ရောပေါ့။ ဘာလိုသေးသလဲလို့ တွေးလိုက်တော့ လိုပါသေး
သော်ကော။
ရေးစရာ အကြောင်းအရာလေ။
ဘာသာပြန်မလား။ ဘာသာပြန်ကတော့ ခုခေတ် စာပေစိစစ်ရေးက ဆရာတွေ
လုပ်စားတဲ့ အလုပ်တဲ့။ ဘာသာပြန်လို့ ကောင်းမယ့် စာအုပ်မျိုး သူတို့ပဲ ရတယ်။ ဘယ်ကနေပြီး ဘယ်သူ့ဆီကိုပို့ပို့ သူတို့က အရင်ယူ၊ အရင်ဖတ်ကြည့်၊ ကြိုက်ရင် ဘယ်မှမပေးတော့ဘဲ ယူထားလိုက်ကြရောဆိုကိုး။ ပြီးတော့ သူတို့ပဲ ဘာသာပြန် သူတို့ပဲစိစစ်၊ သူတို့ပဲ ရိုက်နှိပ်ခွင့်ပြုလိုက်သတဲ့။
ကိုယ့်မှာတော့ ကိုယ်ပြန်ချင်တဲ့ စာအုပ်မျိုး ခွင့်ပြုချက်မရမှာစိုးလို့ အလကား အပင်ပန်းခံရတာမျိုး အဖြစ်မခ်ါနိုင်တာနဲ့ ပြန်မကြည့်ဝံ့ဘူး။ အသာပဲ နေလိုက်ရတယ်။
ဘာသာမပြန်ဘဲ ကိုယ်ပိုင်ရေးဖို့သားဖို့ကျတော့လည်း တော်တော်ရှာရတယ်။
နို့ပေမယ့် ဘာပဲဖြစ်ဖြစ် တခြားဟာထက် စာရေးတာကို ကိုယ်က လုပ်နိုင်တာဖြစ်လေတော့ အကြောင်းအရာ ရှာဖွေပြီး ရေးရမှာပဲ။
မနေ့က ဦးစံရီက အသက် (၇၄) နှစ်ပြည့်လို့ စိန်ပန်း မဟာစည်ရိပ်သာမှာ ဆွမ်းကျွေးရင်း ထမင်းကျွေးလို့ သွားစားခဲ့ရတယ်။ ဆွမ်းစားကျောင်းဝရန်တာမှာ တရားကို အသက်ငယ်တုန်းရှာမှ အသေချမ်းသာမတဲ့။ အသက်ကြီးတော့မှ ရှာမယ်လို့ အောက်မေ့ရင် နေဝင်ခါနီးမှ စပါးလှမ်းသလို ရှိလိမ့်မယ်လို့ သတိပေးရေးထားတဲ့ စာတပုဒ် တွေ့ခဲ့တယ်။
စာလည်း ရေးနိုင်တုန်း စိတ်အားဉာဏ်အား ထက်သေးတုန်း ရေးရမှာပဲ။ အသက်ကြီးလာတော့ ဇရာက မနေဘူး။ ကြာလေ ချို့တဲ့ဆုတ်ယုတ်လာလေ ဖြစ်နိုင်တယ်။ ဒါကြောင့် အခက်အခဲတွေကြားထဲကပဲ ဖြစ်နိုင်တာလုပ်လို့ ရတာကိုတော့ လုပ်နေရမှာပဲပေါ့။
၁၅ - ၁၂ - ၇၆
လူထုဒေါ်အမာ
(အမေ လူထုဒေါ်အမာ၏ ၉၈
နှစ်ပြည့် မွေနေ့ အထိမ်းအမှတ် ဂါရဝပြုခြင်းဖြင့် အလင်းအိမ်မဂ္ဂဇင်း (ဂျပန်)
မှ စီစဉ်ထုတ်ဝေဖြန့်ချီခဲ့တဲ့ အမေ လူထုဒေါ်အမာ ရဲ့ "ထောင်နှင့်မိခင်"
စာအုပ်မှ ထုတ်နှုတ်ဖေါ်ပြပါသည်။)
No comments:
Post a Comment