Sunday, July 22, 2012

ရှိပြီးသားကို လွှင့်ပစ်နေကြတယ်



ဥရောပ ၁၁ နိုင်ငံက သုံးစွဲကြမယ့် ယူရိုငွေကြေးစနစ်အောင်မြင်တယ် ဆိုပြီး ဒီစိတ်ကူးကို အကောင်အထည်ဖော်ကြသူတွေက ၀မ်းသာနေကြတယ်။ ပြီးတော့ အမေတို့ ကမ္ဘာကြီးက ဆက်သွယ်ရေးတွေ တစ်နေ့ တစ်ခြား ကောင်းလာကျယ်ပြန့် လာတာမို့ ကမ္ဘာဟာ မြို့ ကြီးတစ်မြို့ သဘောမျိုးဖြစ်လာလိမ့်မယ်။ တစ်နေ့ တော့ တစ်ကမ္ဘာလုံးသုံးစွဲတဲ့ငွေကြေး တစ်ကမ္ဘာလုံး သုံးစွဲပြောဆိုကြမယ့် ဘာသာစကားတွေပေါ်လာရမှာပဲလို့ လည်း ပြောလာကြပါပြီ။

ဟုတ်ပါရဲ့ ။ ဆက်သွယ်မှုတွေက လျင်မြန်ပါပေ့။ နီးစပ်လာမှုကလည်း ကြီးမားပါပေ့။ နို့ ပေမယ့် အဲဒီခေတ် အဲဒီအချိန်မတိုင်ခင်ကြားမှာတော့ လူမျိုးရယ် ဘာသာရယ် စကားရယ် ဆိုတာတွေကတော့ ရှိနေရဦးမှာပဲပေါ့။ အဲဒီလိုရှိတဲ့အခါ လူမျိုးတစ်မျိုးအတွက် သူ့ ဘာသာစကားတစ်ခုကတော့ ရှိနေဦးမှာပါပဲ။ ရှိတော့ အဲဒီဘာသာစကားဟာ တစ်နေ့ တခြားကြီးထွားစည်ပင်လာရမှာလည်း ဧကန်ပဲ။  ဘာလို့ လျှဲိုတော့ ဘာသာစကားဆိုတာ လူ့ အတွက် ကျောက်လက်နက်မျိုးမှ မဟုတ်ပဲ။ ခေတ်အခါနဲ့ အညီပေါ်ထွန်းလာတဲ့ အသစ်အသစ်သော သူ့ အသုံးအဆောင်ပစ္စည်းကိရိယာတွေရဲ့ ဝေါဟာရတွေက တိုးတက်ဖြည့်စွက်ဖန်တီးပေးနေကြရမှာမဟုတ်လား။


အဲဒီလိုဖြစ်တဲ့အခါ အသစ်များတိုးတာနဲ့ အတူရှိပြီး အသုံးကျအဖိုးတန်တဲ့ ဝေါဟာရများကိုလည်း ထိန်းသိမ်းသုံးစွဲနေရမှာပဲပေါ့။ ဝေါဟာရဆိုတာ ကြွယ်ဝလေ ပြည့်စုံလေ ကောင်းလေဖြစ်တဲ့အမျိုးအစားပါ။

လူတစ်မျိုးရဲ့ ဝေါဟာရ ကြွယ်ဝတာနဲ့ မကြွယ်ဝတာ ၊ ကြွယ်ဝမှုက ပိုလို့ ကောင်းပါတယ်။ ဒါက သံသယရှိစရာ မဟုတ်ပါဘူး။ ဒါပေမယ့် အမေတို့ ငယ်ငယ်ကတော့ အသိအမြင်က မကြွယ်သေးလို့ ထင်ပါရဲ့ ။ မကြွယ်တာကိုပဲ အကောင်းထင်ပြီး ဟုတ်နိုးနိုးလုပ်ခဲ့ကြဖူးတယ်။

အမေတို့ မြန်မာစကားဟာ တချို့ နေရာတွေမှာ ကုံလုံကြွယ်ဝမှုရှိပါတယ်။ နို့ ပေမယ့် ငယ်ငယ် အင်္ဂလိပ်စာသင်စကတော့ ကိုယ်တတ်တဲ့ အင်္ဂလိပ်စကားလုံး ကလေးတွေကို ညှပ်ညှပ်သုံးပြီး ကိုယ့်စကားကို မေ့ချင်ယောင်ဆောင်ခဲ့ဖူးတယ်။

ဥပမာ ဆွေမျိုးတော်စပ်ပုံနဲ့ပတ်သတ်လို့ ပြောကြဆိုကြတဲ့အခါ ဒါမှမဟုတ် တစ်ဦးကိုတစ်ဦး အမျိုးမတော်ပေမယ့် ရင်းနှီးချစ်ခင်တဲ့သဘောပြချင်လို့ ဆွေမျိုးလို ခေါ်ဝေါ်တဲ့အခါ အန်ကယ်ရေ ၊ အန်တီရေနဲ့ ခေါ်ချင်ပြောချင်ပါတယ်။ သူနဲ့ ကျွှန်မနဲ့ ကာဇင်တော်တယ်ဆိုတာမျိုးလည်း ပြောချင်တယ်။ တစ်ကယ်ကတော့ အင်္ဂလိပ်စကားကလေး မတောက်တစ်ခေါက်တတ်တာကို ကြွားချင်တာလည်းပါတယ် ထင်ပါရဲ့ ။

အမှန်ပြောကြစို့ ဆိုရင် ဆွေမျိုးတော်စပ်ပုံနဲ့ ပတ်သတ်ရင် မြန်မာဝေါဟာရတွေက တော်တော်ကုံလုံကြွယ်ဝပါတယ်။ အင်္ဂလိပ်စကားလုံးမှာ အမေ အဖေနဲ့ ညီအစ်ကိုမောင်နှမတော်စပ်တဲ့ ဆွေမျိုးအားလုံးကို ယောကျာင်္းဆိုရင် အန်ကယ် ၊ မိန်းမဆိုရင် အန်တီဆိုတဲ့ စကားပဲရှိပါတယ်။ အမေတို့ အနေနဲ့ အဲဒါသူ့ အဖေအမေနဲ့ ဘာတော်တာမှန်းမသိရပါဘူး။

အမေတို့ မြန်မာမှာတော့ အဖေ့အမျိုးဆိုရင် အဖေ့အစ်ကိုဟာ “ဘကြီး” ၊ အဖေ့ညီဟာ “ဘဒွေး” ၊ အမေ့အစ်ကိုဟာ “ဦးကြီး ” ၊ အမေ့မောင်ဟာ “ဦးလေး” တော်တယ်လို့ သုံးနှုန်းတာပါ။

အဖေ့အစ်မကို “အရီး” ၊ အဖေ့နှမကို “ဒွေးလေး” ၊ ဒါမှမဟုတ် “အရီးလေး” လို့ ခေါ်ပါတယ်။ အမေ့အစ်မကို “ကြီးတော်” ၊ အမေ့ညီမကို “အဒေါ်” ခေါ်တာပဲ။



လူထုဦးလှ၊ သခင်ကိုယ်တော်မှိုင်း၊ လူထုဒေါ်အမာ

အင်္ဂလိပ်စကားမှာ In-Laws အင်လောတဲ့။ သွေးစပ်တာမဟုတ်ဘူး။ တရားဥပဒေအရရ ထိမ်းမြားလက်ထပ်ထားမှုကြောင့် အမျိုးတော်တာလို့ ဆိုပြီး ယောက္ခမကို အမေအင်လော ၊ အဖေအင်လောပေါ့။ အမေတို့ မြန်မာမှာတော့ ယောင်္ကျားရဲ့ အစ်မနဲ့ နှမကို “ယောက်မ” ။ ယောင်္ကျားက သူ့ မိန်းမရဲ့ အစ်မကို “မရီး” ၊ ညီမကို “ခယ်မ” ။ ယောင်္ကျားရဲ့ ညီကို “မတ်” ၊ အစ်ကို ကို “ခဲအို” ။ ကိုယ့်အစ်မနဲ့ နှမရဲ့ ယောင်္ကျားကို “ယောက်ဖ” လို့ ခေါ်ပါတယ်။ ကိုယ့်ထက်အကြီးယူတာလား ၊ အငယ်ယူတာလား ခွဲချင်သေးရင် ယောက်ဖကြီး ယောက်ဖငယ်လို့ ခွဲလို့ ရပါသေးတယ်။

သူနဲ့ သူနဲ့ ဘာတော်သလဲမေးလို့ ဖြေလိုက်ရင် တော်စပ်ပုံကို အတိအကျသိပါတယ်။ မြန်မာစကားမှာ မသဲကွဲတာ တစ်ခုပဲရှိတယ်။ အဲဒါက “ယောက်ဖ” နဲ့ “ယောက်မ”ဆိုတဲ့စကား။ ယောက်ဖဟာ အစ်မ ၊ နှမကို ကိုယ်ကပေးထားတဲ့လူလား ၊ ကိုယ်ကယူထားတဲ့လူလား မကွဲပြားဘူး။ ယောက်မလည်း ဒီအတိုင်းပဲ။ ပြီးတော့ ညီအစ်ကိုမောင်နှမတော်စပ်ကြရာမှာလည်း ယောကျာင်္းချင်းက ညီနဲ့ အစ်ကို။ ယောင်္ကျားလေးနဲ့ မိန်းမလေးကို မောင်နဲ့ နှမပါ။ မိန်းမချင်းက ညီအစ်မပါ။ ခုခေတ်မှာ ယောင်္ကျားလေးလုပ်သူက ကိုယ့်ထက်ငယ်မိန်းကလေးကို နှမဆိုတဲ့ စကားမသုံးတော့ပဲ ညီမလို့ ခေါ်နေကြပါတယ်။

 အမေတို့ အနေနဲ့ ကြားစက “ကျွှန်တော့်ညီမက” ဆိုတဲ့ စကားမျိုးကြားရရင် သြော် ဒီသူငယ်က မိန်းမလျာကလေးထင်ပါရဲ့ လို့ အောက်မေ့လိုက်တယ်။ နှမလို့ မသုံးတော့ပဲ ယောကျာင်္းလေးတန်မယ့်က ညီမလို့ ကိုယ့်နှမကို ခေါ်လာကြ နှစ်တွေသိပ်မကြာသေးဘူး။ အောက်ပိုင်းက စသုံးတာ ၊ အထူးသဖြင့် ရန်ကုန်ကပေါ့။ ခုတော့ အဲဒါမှ စတိုင်ကျသလိုလို ဟုတ်နိုးနိုး ၊ ကောင်းနိုးနိုင်း ခေါ်ဝေါ်နေလိုက်ကြတာ။ နှမဆိုတာကို မောင်နှမလို့ တွဲသုံးရင်သာကျန်တော့တယ်။ အစ်ကိုလုပ်သူကဖြင့် ကိုယ့်နှမကို နှမ မခေါ်တော့ဘူး။ ညီမလေးတဲ့။

သြော်…………ရှိပြီးသားအကောင်းကို ဖျောက်ပစ်ပြီး အလွဲသုံးနေကြတာလေ။ အမေတို့ ဝေါဟာရတွေက အဖိုးတန်ပါတယ်။

လူထုဒေါ်အမာ
ကလျာမဂ္ဂဇင်း အမှတ် ၁၆၉ ၊ ၁၉၉၉ မတ်

No comments:

Post a Comment