Tuesday, July 10, 2012

စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ်



ရီဝေေ၀…အတွေးများနဲ့..
အတိတ်ကို ပြန်တွေးကြည့်တဲ့အခါ..
လွမ်းမောစရာ..အကြင်နာ မိုး သည်းထဲမှာ..

ဒီရက်ထဲ ..သူ့ပါးစပ် ထဲမှာ .. ဒီ-  ပုဂံလမ်း သီချင်း ပဲ..ရောက်ရောက် နေသည်။ နားသောတ အာရုံ ထဲမလဲ.. မနက်လင်းရင်..CNN တချက်လောက် ကြည့် ပြီးတာနဲ့.. တက္ကသိုလ် သီချင်း တွေ သာ..တမျိုးပြီး တမျိုး ဖွင့် ဖြစ် နေတာ ဆိုတော့…။
တကယ်က.. ရေးလက်စ စာလေး ကို အပြီးသပ် ချင် နေတာ..။ သီချင်း တွေ ထဲက နေ..ပြန်ပြန် ပေါ်လာတဲ့.. ပုံရိပ်ဟောင်း တွေကို..အမိ အရ ခံစား ရင်း.. ပျိုမြစ်ဖူးတဲ့.. ချိုမြိန်မူ တွေကို..နှစ်နှစ် လိုလို .. စိတ်ကူး နဲ့ တူးဆွ လိုက်.. စာလုံးတွေ ချစီ ကြည့် လိုက်… အတိတ်ကို အတိအကျ ဖမ်းဆုပ် နိုင်ခဲ့တဲ့..ဓါတ်ပုံ အဟောင်း တွေ ထဲ မှာ..ပြန်ပြီး ရစ်ဝဲ ကြည်နူးလိုက် ..ဒီလို နဲ့ပဲ..

“ ကေဖွဲ့ဆိုသီ” ထဲ က.. “ဆည်းဆာ” နဲ့ စ ခဲ့မိတဲ့.. စိန်ပန်း နဲ့ ကံ့ကော် တွေ က .. ခု တော့.. ၂၀ ရာစု ရဲ့ နောက်ဆုံးနှစ်များ ဆီက .. “ပုဂံလမ်း ” ထဲ ထိ.. လွင့်လွင့် မျောမျော..ကြွေ ကျ နေပြန် တော့ သည်။ ဒါပေါ့လေ… ဒီ တက္ကသိုလ်ကြီး မှာ လည်း..၂၀ ရာစု အလယ် က..“ ကေ” တို့ “ အထွေး ” တို့ တွေ တင်မက.. ခေတ်အဆက်ဆက်က..“ ကေ” တွေ.. “အထွေး” တွေ.. အားလုံး လိုလို.. စိန်ပန်းတွေ နောက် လေနှောက်တိုင်း ရူးခဲ့ မြူးတူးခဲ့တာ ၂၁ ရာစု ကို ၀င်ဖို့ .. စိန်ရတု တောင် တိုင် ခဲ့ ပြီပဲ မဟုတ်လား..။
ကိုယ် တယောက်တည်း ဆွေးစိတ်မပြေ..
အချစ်ရယ်.. ပြန်လှမ်းခဲ့တော့လေ..
မိုးနဲ့အတူ..ပုဂံလမ်းက စောင့်နေမယ်…

...........................

၉ ၄ ဇူလိုင် ထဲမှာ …. နောက်ဆုံးနှစ် အတန်း အတွက်..ကျောင်းတွေ ဖွင့်လို့ .. ပြန်ရောက်လာ ကြတော့.. ရန်ကုန်မိုး အောက်မှာ ကျောင်းဝင်း ကြီး တခုလုံး..ပိုပြီး စိမ်းစို သစ်လွင် တောက်ပ နေ သည် လေ..။ ရှေ့နှစ် ထဲမှာ….အကြီး အကျယ် ကျင်းပ တော့ မဲ့…ရန်ကုန် တက္ကသိုလ် စိန်ရတု ပွဲကြီး အတွက်.. ကျောင်းဆောင်တွေ အတော်များများ … ဆေးသုတ် မျက်နုတ်..စပြီး ပြင်ဆင် နေကြ သလို….အင်းလျားဆောင် ကြီး လဲ.. စိန်ပန်းတွေ နဲ့ အပြိုင် ..နီ ၀ါ လွင်လွင်…တမျိုးတိုးလို့ .. လှလို့သာ နေ ပြန် သည်..။ စိမ်းညို့ ထူထပ် တဲ့.. ခြုံနွယ် ပင် တွေ နောက်မှာ.. အမြဲလို တိတ် ဆိတ် ငြိမ်သက် နေ တတ်တဲ့..ပုဂံလမ်း ထဲက.. တိုက်အို ကြီး တွေ တောင်.. အရင်ကထက်..လင်းလင်းထင်း ထင်း ရှိလာသလို။ တချို့ အုတ်ခုံ တိုင်လေး တွေမှာ..ထုံးအဖြူလေး တွေတောင် သုတ်ထား နှင့် ကြပြီ။ သူ တို့တွေ..လှည်းတန်း စမ်းချောင်း ဖက်က..ပြန်တိုင်း…ဆင်းနေကျ..ကျောင်းလမ်း ဂိတ် အ၀င်က..လုံခြုံရေး ကင်းတဲ စောင့် တွေ လည်း ..အရင်ထက် ပိုပြီး နိုးနိုးကြားကြား ရှိ နေကြသည်။

ဒါပေမဲ့..သူတို့ တွေ ရဲ့.. စိတ် အနေ တွေ ကတော့.. အရင် အခေါက် တွေ ကလို..မပေါ့ပါး လှ.. မတည်ငြိမ် လှတော့ ပြီ… ။ ပြီးခဲ့တဲ့ နွေ က.. သာစည် ပြင်ညောင် မှာ ဆင်းခဲ့ရတဲ့..တလတာ ကွင်းဆင်း ခရီး ကလည်း..သူတို့ တွေ ကို အများကြီး ပြောင်း လဲ ပြစ် လိုက် သည်..။

အရင် တုန်းက ဆို..သူတို့ တွေ ကြားထဲမှာ..နှိုင်းယှဉ် ရွေးချယ်တာ ..မနာလို သ၀န်တိုတာ ဆိုတဲ့.. နက်ရှိုင်း ရင့်မှည့် တဲ့.. ဆက်ဆံရေးလက္ခဏာ တွေ မရှိခဲ့။ ကလေး မက..လူကြီး မကျ အနေအထိုင် တွေ နဲ့ပဲ.. တက္ကသိုလ် ကြီးထဲမှာ လုံလုံလောက်လောက် ကြည်နူး နိင်ခဲ့ ကြသည်.။. ပေါ့ပေါ့ပါးပါး ရင်ခုန် နိုင် ခဲ့ ကြ သည်။

တကယ်ဆို.. ဒီမတိုင်ခင် တနှစ် ကတောင်.. ပုဂံလမ်း ကြီး ပေါ်မှာ.. သူတို့တွေ.. ကလေး တွေ လို.. ရှက်တတ် ခဲ့ သေးတာပဲ။ ဖြူဖြူစင်စင် နဲ့… ရယ်မော ခဲ့ သေး တာပဲ ။ မရင့်မှည့် သေးတဲ့..ကံ့ကော်ဖူးလေး တွေလို..ပွင့်ဖို့ မွှေးဖို့ ကြွေဖို့..အရေး.. တွက်ချက် မြော်မြင်စရာ မလို ခဲ့ သေးဘူးပေါ့။

အဲဒီ တုန်းက.. သထုံလမ်း ဘောလုံးကွင်း ကြီး ထဲမှာ လုပ်တဲ့.. မေဂျာပေါင်းစုံ လမ်းလျှောက် ပြိုင်ပွဲ မှာ.. ဗိုလ်လု မဲ့..ရီမွန့် ကို အားပေး ဖို့..သူတို့ အဆောင်သူ ဘူမိ တသိုက်… မနက် ခပ်စောစော .. ရီမွန့်ကို ခြံရံ ပြီး ထွက် လာကြတာ.. ။ ရီမွန် က..အရပ်ကြီးက.. ရှည်သလောက်..လမ်းလျှောက် အင်မတန် မြန်သည်။ ဒါကိုလည်း သူက..ဂုဏ်ယူ ချင်သူ။ ..ဘူမိဗေဒ မှာ…ဆရာမကြီး တယောက် ဖြစ်ဖို့..အရည်အချင်း အားလုံး ပြည့်ဝ သူ လို့.. ထင်မှတ် ကျေနပ် နေ တာကို ..သူတို့ အကုန်လုံး… မသိချင်ယောင် ဆောင် နေ ပေမဲ့.. သိနေခဲ့ တာပဲလေ..။ ဒီပွဲမှာ လည်း..သူ ပထမ ရ ကို ရ ရမည် လို့.. နောက်သလိုလို နဲ့ အတည် ပြောနေတယ် ဆိုတာ.. သူတို့ သိတာပဲ…။

ဖြစ်မဲ့ ဖြစ်တော့.. တမနက်စာလုံး..အော်ဟစ် ပျော်မြူး..စားသောက် လာခဲ့ တဲ့ သူတို့ တသိုက်.. အပြန်လမ်း မှာမှ..မိုးမိ ပါလေရော..။သထုံလမ်းပေါ်က နေ တက္ကသိုလ် ရိပ်သာ လမ်း ကြီး ပေါ် တက် မလို့ တုန်း..ဗြုန်းဆို… မိုးကြီး တွေ သဲသဲ မဲမဲ ရွာ ချ လိုက်တာ..လုံးဝ ရှောင်လို့ ပြေးလို့ ခိုလို့ မလွတ်…။ မနက် က ထွက်ကတည်းက..ဘယ်သူ မှ လည်း ထီးယူလာ ဖို့ သတိ တောင် မရ။ ချက်ချင်း လို တုတ်တုတ် ကျ သွားတဲ့..မိုးရေ စိုရွှဲ အောက်မှာ… လုံခြည် တွေ က..တုတ်ပြီး..လမ်းကလည်း ကောင်းကောင်း လျှောက်မရ တဲ့ ကြား…ခပ်ကြမ်းကြမ်း မိုးစက်တွေ အောက်မှာ ..လေပြင်း ပြင်း တချက်.. သုတ်လိုက် တိုင်း…စိမ့်ကနဲ.. အေးကနဲ.. ။ ကွင်းထဲမှာ တုန်းက ..ဌါနက တိုက်တဲ့…ဇီးဘာလီ တွေ.. နင်းကန် သောက်လာ တဲ့..သူတို့ တသိုက်တော့..ဒုက္ခ လှလှ ရောက်တော့တာပေါ့။ မထင်မှတ်ပဲ ရွာတဲ့ မိုးက…. ပုဂံလမ်းထဲ အ၀င် လောက်မှာ ….ပို ပြီး သည်းလာ တယ် ။ အဲဒီတုန်းက….ခါတိုင်းထက် ပိုရှည်နေတဲ့ ပုဂံလမ်းကြီးကို..သူတို့ တွေ အံကြိတ် လျှောက်နေ ခဲ့ ကြ ရတာ ကိုတော့ အသေအချာ မှတ်မိ နေသည်။ ဖြစ်ချင် တော့..ကိုတိုး နဲ့ မှုံကြီး အပြင်..တခြား ကျောင်းသား နှစ် ယောက် လည်း… အပြန်မှာ.. မိန်းထဲ ၀င်အုံးမယ် ဆိုပြီး ..ဘေး မှာ ပါလာ ကြ တော့.. တယောက် ဝေဒနာ လဲ တယောက် မပြောရဲ ကြ…။ ဒါပေမဲ့..တယောက်မျက် နှာ တယောက် ကြည့်ပြီး..နားလည် သဘော ပေါက် နေကြပြီ။

ပုဂံလမ်း တ၀က်လောက် ရောက်တော့ ထင် သည်။ ဘောင်းဘီ. ရှူးဖိနပ် နဲ့.. ရီမွန် က စ ပြေး လေတော့.. သူတို့ လည်း ဘယ်နေမလဲ..ဖိနပ်တွေ လက်က ချွတ်ကိုင်ပြီး..လုံခြည်တွေ မ.. ပြေး ကြတာ.. အဆောင် နောက်ပေါက်က.. တကိုယ်စာ တံခါး လေး ကို တယောက်နဲ့ တယောက် အတင်း တိုးဝှေ့ ပြီး.. အဆောင် ရေချိုးခန်း ထဲ ရောက်တဲ့ အထိ..နောက်ကို ဘယ်သူ မှ လှည့်မကြည့် မိတော့ဘူး…။ ကိုတိုး တို့ လည်း..ဘာတွေ ဖြစ်ကျန် ခဲ့ မှန်းတောင် မသိတော့… ။ အခန်းထဲ ရောက်တော့မှ.. တခွိခွိ နဲ့..ရီလို့မဆုံး..။ တဟိဟိ နဲ့ ရှက်လို့ မဆုံးကြ။

အကြင်နာ မိုး တွေ မရွာခင် ကတော့..ဒီပုဂံလမ်း ပေါ်မှာ.. ပျော်စရာ မိုးရေတွေသာ..။

နောက်တော့သာ..နွေတနွေ စာ ငွေ့ရည်ဖွဲ့ ခဲ့တဲ့.. မိုးတိမ်တွေ ကို သယ်ဆောင် လာခဲ့တာ။ ဟုတ်တယ်..အဲဒီ နွေ ကျောင်းပိတ်ရက် က..သူတို့ကို ..အတော် ပြောင်းလဲ ပြစ်ခဲ့တာ။
............................

ဂိမာန်နွေ ရောက်ခဲ့ပြီ
အချစ်ရေ မပြန်နဲ့ တားခဲ့လည်း..
ကျောင်းပိတ်ချိန် အနေဝေးသွားခဲ့ပီ..
နွေပိတောက်ပန်း စိန်ပန်းများရယ်..
အချစ်ဝေဒနာပေးသွားခဲ့တယ်..
အလွမ်းနဲ့အတူ ပုဂံလမ်းက စောင့်နေမယ်

အဲဒီ ကျောင်းပိတ်ရက် မှာ တော့.. သူတို့တွေ အနေ မဝေး ခဲ့ ကြ ပါ။
“ သမီး.. field ဆင်းရင်..တောထဲ တောင်ထဲ လျှောက်သွားရင်း.. အန္တရယ် ကင်းအောင်.. သန္ဗုဒ္ဓေ္ဓ အမြဲ ရွတ် ..” လို့ တဖွဖွ မှာလိုက် တဲ့.. မေမေ့ စကားကို တောင်.. ည အိပ်ခါနီး မှ ပဲ.. သတိရ ဖြစ် လောက်အောင်… မိုးလင်းက..မိုးချုပ်.. ဒီ သူငယ်ချင်း တွေ နဲ့ပဲ စားစား သွားသွား အတူ ရှိ နေ ခဲ့ ကြသည်။

အိမ်နဲ့ ခွဲနေကျ အဆောင်သူ – သူတို့ တသိုက် အတွက်..သိပ်ပြီး အဆန်းတကျယ် မဟုတ်လှ ပေမဲ့.. မေမိုးတို့..ကြည်ပြာ တို့..လို..ရန်ကုန်သူ တသိုက် အတွက်တော့..မလုံမခြုံ ထရံကာ ပျဉ်ထောင် အိမ်ငယ်လေး တွေ.. အမိုးမြင့် မြင့် ထုတ်တန်း ထူထူကြီးတွေ နဲ့.. သရဲကြောက်စရာ ကောင်းတဲ့.. စာသင်ခန်းလွတ် ကြီးတွေ ထဲမှာ.. အများ နဲ့ ဘေးချင်းယှဉ် အိပ်ယာလိပ် ချ ပြီး…စခန်းချ နေထိုင် ရတာ.. အဆန်း ဖြစ်ကောင်း ဖြစ်နေ ခဲ့ပေ လိမ့်မည်။ တကယ် ဆန်း နေတာက.. ကျောင်း မှာ တုန်းက..ရှိခဲ့တဲ့ ရှိးတိုးရှန့်တန့် ဆက်ဆံရေး တွေ…ဟန်ဆောင် ပန်ဆောင် အမူအရာ တွေ.. .. ပျောက်ချင်းမလှ ပျောက်ကုန် တဲ့ အဖြစ်။

ကိုယ်ပိုင်ကား နဲ့ ကျောင်းတက် ပြီး .. အတန်းထဲမှာ..ရုပ်ရှင် မင်းသားတယောက်လို.. လှပ ကြွရွ နေ လို့..“မင်းသား” လို့တတန်းလုံးက..ခေါ်ရတဲ့ တယောက်. .ချောင်းထဲမှာ ရေချိုးရင်း..ဘောင်းဘီ မျောပါ သွား လို့..၀ိုင်း အော် ကြ..စကြ နောက်ကြ ရတာ လောက် အူမြူးစရာ ကောင်းတာ မရှိ တော့ လား။ စာ အတော်ဆုံး.. အလှဆုံး လို့.. ခင်ချင် သူ တွေ ၀ိုင်းဝိုင်း လည် နေတဲ့.. မေမိုး…အုပ်စု လိုက် တောင်ပေါ် တက်ရင်း..ချော်အလဲမှာ.. ဘောင်းဘီ ကွဲသွား တော့ လည်း..ဘာမှ မထူးခြား သလို.. အားလုံး ရိုးရိုးသားသား ရယ်မော ဖေးမ ခဲ့ ကြသည်။ မေမိုး နေရာမှာ..သူ သာဆို ဘယ်လို နေမလဲ လို့… တွေးရင်း.. နေ့လည် စာ အတန်းလွှတ် ချိန်.. စည်ကားနေတဲ့.. အာစီ တူး ကန်တင်းန် အလယ် လမ်းမ ပေါ်မှာ.. ချော်လဲ ခဲ့ တုန်းက.. ၀တ်ထား ခဲ့မိတဲ့ အပြာရောင် ၀မ်းဆက် ကို..နောင် ဘယ်တော့ မှ မ၀တ် တော့ တဲ့ အထိ..သူ အရှက်ရ ဖူးတာ..ကို လည်း သတိရ မိ သည်။

ခုတော့..သူ တို့ ကြားမှာ.. အဟန့် အတားလေး တွေက.. ခပ်ပါး ပါး သာ ရှိတော့သည် ။ ကြည့် ဦးလေ … အုပ်စု လိုက် တောထဲ ဆင်းရင်း.. သူတို့ အုပ်စု ပေါက်တော ဆင်း ဖို့.. ကိုတိုး တို့ မှုံကြီး တို့ က..နေရာ ရှာပေး ရ တာ..ဘယ်လောက် ဂွ ကျ သလဲ လို့…။ဒါတောင်.. မြွေပါး ကင်းပါး..အကောင်ဗလောင် ကြောက်လို့.. မနီးမဝေး မှာပဲ စောင့်နေ ခိုင်း သေးတာ..။ ဟိုအရင်..ပုဂံလမ်းပေါ် မိုးသဲသဲ မှာ..ရှက်ခဲ့ တာတွေ..ဘယ်ရောက်ကုန် ပြီ လဲ မသိတော့။ အိသွယ်က တဆင့် သူတို့ နဲ့ လာပေါင်းမိ နေတဲ့..မြန်မာ့လက်ရွေးစင် ကရာတေး သမား.. ကြည်ပြာ ဆို .. field ထဲ ရောက်ရင်.. မျက်နှာသစ် ခဲ့ဖို့ ခဏခဏ မေ့တတ် လွန်း လို့.. ။ ပြီးတော့..နေ့လည် အရိပ်ကောင်း တဲ့.. နေရာ မှာ ဟန်းကော ဖွင့် ထမင်းစား ပြီး..ခဏ နား ပြီ ဆို .. ရန်ကုန်မှာ ကျန်ခဲ့ တဲ့ သူ့ ချစ်သူ အကြောင်း ပြောလွန်းလို့.. “နင်ကလေ ..ဟ၀ှါသာ မဖြစ်တာ..ဟ၀ှါတော့ တော်တော်ဖြစ်တယ် လို့..” ကိုတိုး က ငေါက်တော့ ..သူတို့ သဘောတကျ.. အားရပါးရ ရီ ခဲ့ ကြ တာတွေ.. ။

နွေကျောင်းပိတ်ရက် တွေ ကျော်ဖြတ်လာ ခဲ့သမျှ..အဲဒီ နှစ် နွေကတော့.. သူတို့တွေ အားလုံး အတွက်..အတွေ့အကြုံ အသစ်တွေ.. ရင်းနှီး ဆက်သွယ်မူ အသစ်တွေ နဲ့.. စိတ်လှုပ်ရှား စရာ အကောင်းဆုံး ဂိမာန်နွေ ပါ ပေ။ လက်တွေ့ ကျောင်းသင်ခန်းစာ ဘူမိဗေဒတွေ တင်မက…လက်တွေ့ ဘ၀ သင်ခန်းစာ..လူမူဗေဒ..တွေကိုပါ.. အဲဒီ တလတာ နွေ သင်တန်းလေး ထဲမှာ..သင်ယူ ထုတ်နုတ် နိုင် ခဲ့ ကြ သည်။

အဲဒီမှာပဲ..သူငယ်ချင်း မိတ်ဆွေ ဆိုတဲ့..ဆက်ဆံရေး တွေ..ပိုပြီး နက်ရှိုင်း လာခဲ့ ကြသည်။ တယောက် အကြောင်း တယောက် ပိုသိလာခဲ့သည်။ တယောက် အပေါ် တယောက် ရွေးချယ် အကဲဖြတ် မူ တွေ ပါ လာ ခဲ့ ပြီ။ ဒါပေမဲ့ လည်း.. အဲဒီလို..သူငယ်ချင်း မိတ်ဆွေ.. ဆက်ဆံရေး တွေ..ပိုပြီး နီးကပ် လာ သလို… ပိုပြီး ဝေးကွာ သွား တဲ့ အဖြစ် တွေ လည်း.. ဖြစ် ခဲ့ ကြသည်။

ကျောင်းဝန်းကြီး တခုလုံး..စိန်ရတု အကြို လှုပ်ရှားမူတွေအတွက်.. ဇောကပ် နေ တဲ့ အဲဒီနှစ် ဆောင်းမှာ..သူတို့တွေ လည်း.. စိတ်ကူး အိပ်မက် တွေ ကိုယ်စီ နဲ့ ကိုယ့်ဇော နဲ့ ကိုယ်။ ပိုဆိုးတာက..“ နောက်ဆုံးနှစ်” ဆိုတဲ့.. အနေ အထား ကြီး က..သူတို့ အားလုံးကို.. တခုခု ဆုံးဖြတ် ဖို့.. တစုံတရာ လေးနက် ဖို့.. ဖိအားပေး နေသလို..ခံစား နေ ကြရတာ…။ အနည်းဆုံး တော့..ကိုယ့်ရဲ့ .. ဦးတည် ရည်ရွယ်ရာ ..ဘာလဲ ဆိုတာ..သိနေဖို့.. လိုအပ်နေပြီ ဆိုတဲ့.. အသိ။

.......................

ရင်ခုန်စရာ အတွေးများနဲ့
အတိတ်ဝေဒနာ ဟောင်းလေးများရယ်
ဆွေးမြေ့စရာ ဝေဒနာ နှင်းတောထဲမှာ
မျှော်လင့်ရင်း ရင်မောရပီ
အချစ်ရယ် ပြန်လှမ်းခဲ့တော့ကွယ်..
နှင်းနဲ့အတူ … ပုဂံလမ်း က စောင့်နေမယ်

မြူနှင်းတွေ ဝေ နေတဲ့.. ပုဂံလမ်း ပေါ်က… ဆောင်းဦး မနက်ခင်း တခု မှာ … စိတ်ရှိ လက်ရှိ ပွင့် ပြီး..ကြွေပြီး သွားလို့… အရွက်တွေ နဲ့ ချည်း …တည်တည် ငြိမ်ငြိမ် စိမ်းအုပ်နေ တဲ့…စိန်ပန်းပင် တပင် ရဲ့ အောက်မှာ.. ရင်ခုန်စရာ အတွေး တွေ စုပြုံ ရောက်လာ ခဲ့ တဲ့ တရက်။

“ မြင်းဒိုက်မှာ တုန်းက..ဟိုည ကြီးတည.. ဘာဖြစ်ကြတာလဲ…”

“ ဘာမှ မဖြစ်ပါဘူး… အဲဒီ တယောက် ဆီက… ငါ့ စာအုပ်ကို ပြန်တောင်း တာ …ခုမှ တရေးနိုး လာမေး နေပြန်ပြီ.. ”
“ နင် တို့ ဟာ.. တော်တော် ရှုပ်ထွေး တာပဲ… အဲတုန်းက.. ငါ တို့မှာ..နေရင်း ထိုင်ရင်း..လက်သီးနဲ့ပဲ ထထိုးရတော့မလို…”
-
“ ဟေ့… ငါ့ကို အဲလို လာ မပြောနဲ့… ငါက..ငါ့မာန နဲ့ ငါ နေတာ…ငါ့ အတွက်တော့..ရည်းစား တယောက် ထားဖို့ ဆိုတာ..အဲဒီလောက် မလွယ်ဘူး….”
“အေးပါ.. နင် က…အဲလို နဲ့ပဲ…..”
“ အဲလိုနဲ့..ဘာဖြစ်လဲ… ပြောလေ…”

“ ထားပါတော့လေ.. အခု.. ငါပြောချင်တာ.. တခြား…”
“ နင်ပြောမှာ..ငါသိတယ်.. မပြောနဲ့တော့… သွားတော့.. ဟိုတယောက် လာနေပြီ… ငါ သူ့ကို စောင့်နေတာ… ”

အင်းဝဆောင်ရှေ့ ကတ္တရာ လမ်းပေါ်က.. လှမ်း လာတဲ့… ဂျင်းန် ဘောင်းဘီ နဲ့ ပုံရိပ် တခု က..နီး– နီး လာသလို…. ပုဂံလမ်း ပေါက် ဆီ..ထွက်ခွါသွားတဲ့ … အဖြူရောင် နောက်ကျောပြင် တခု သည် လည်း ..ဝေး သထက် ဝေးသွား သည် ။

အဲဒီနေ့က…အင်းဝလမ်း ကြီးဆီ ငေးရီ ရင်း.. ကံ့ကော်ပင်တွေ ကြားထဲ က..မထင်မရှား .. အင်းဝ မုခ်ဦး ကြီး ကို … ဘာလို့များ.. သူ့ရဲ့ နောက် က.. ၀ံ့ဝံ့ စားစား မြင့်မြင့် မားမား ဂျပ်ဆင်ကြီး နဲ့ တထပ် တည်း ကျနေ တာလည်း ဆိုတဲ့.. အတွေးမျိုး … တွေးနေ မိခဲ့ သ လား။ ဒါမှ မဟုတ်… ပုဂံလမ်း ဆီ မှန်း မျှော်ရင်း..သင်းကွဲ ကျန်ခဲ့မဲ့…မိုးနှောင်း လက်ကျန်.. စိန်ပန်းလေးတွေ.. တပွင့် တလေ လောက် တော့ .. အရွက် စိပ်စိပ် သိပ်သိပ်တွေ အောက် မှာ.. ရှိခြင် ရှိနေ နိုင် သေး တာပဲ လို့.. မရေ မရာ မျှော်လင့် နေ ခဲ့ လေ မလား ။

ပြန်တွေးတော့.. အင်းလျား ဆောင် နောက်ပေါက် က..ကံ့ကော် တွေ ..ဆောင်း ဦး ကို ကြို ဖို့..ဖူးတံ တွေ ချီ နေတာ ကို သာ အသေအချာ မှတ် မိ တော့သည်။

kaythwe စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၄)

No comments:

Post a Comment