Tuesday, July 24, 2012

  ပျော်ချင်လျှင် ချစ်ပါ




လူတိုင်းပင် ပျော်ရွှင်ချင်ကြသည်။ ပျော်ရွှင်ခြင်းကို တောင့်တကြသည်။ သို့သော် ပျော်ရွှင်ခြင်းဟူသော စကားလုံး၏ အနက်အဓိပ္ပါယ်ကို ဆင်ခြင်မိသူမှာ နည်းပါးလိမ့်မည် ထင်ပါသည်။ တချို့က ပျော်ရွှင်ခြင်းဆိုတာ ကိုယ်ထင်ရာလုပ်နိုင်တာ၊ ကိုယ်လုပ်ချင်ရာ လုပ်ခွင့်ရတာဟုပင် မိုက်မဲစွာ ဖွင့်ဆိုတတ်ကြသည်။

လောကနီတိ တရားအလိုအရ လူသည် မကောင်းမှု၌ မွေ့လျော်တတ်သည့် သဘောရှိ၏။ သို့ဖြင့် လိင်အပျော်အပါး၊ မူးယစ်ဆေးဝါးနှင့် အရက်၊ လောင်းကစား စသည်တို့ဖြင့် ထွေးလုံးရစ်ပတ်ဖြစ်ကာ ဘဝပျက်သွားသူတွေ အတော်များများ တွေ့ဖူး၏။ သူတို့ တကယ်တမ်း ပျော်ရွှင်မှုကို တွေ့ရှိသွားသည်ဟုမူ မယုံကြည်ချေ။ ထိုအကုသိုလ် ဒုစရိုက်တို့မှ ရိုက်ခတ်သော ဒုက္ခအညစ်အကြေးနွံအတွင်း သက်ဆင်းရခိုက်၌ ခဏတာ စိတ်ထွက်ပေါက်ကို ပျော်ရွှင်မှုဟု အယူလွဲခဲ့မိကြောင်း ကာယကံရှင်တို့ ကောင်းကောင်း သိလောက်သွားသည်ထင်ပါသည်။

တချို့ကမူ ပျော်ရွှင်ခြင်းကို အောင်မြင်ပြည့်စုံခြင်းဟု အနက်အယူ ကောက်ကြသည်။ အထွတ်အထိပ် ရောက်အောင် အောင်မြင်ပါလျှင် လိုလေသေးမရှိသော ဘဝဟု ဆိုနိုင်လောက်အောင် ရုပ်ပစ္စည်းပြည့်စုံ ကြွယ်ဝပါလျှင် ပျော်ရွှင်မှုအစစ်ကို မရနိုင်ကြရှာသူတွေ ဤလောကတွင် တစ်ပုံတစ်ပင် ရှိပေ၏။ ယခုတလောမှာပင် သန်းကြွယ်သူဌေးတချို့ ကိုယ့်ကိုကိုယ် သတ်သေနေကြကြောင်း သတင်းတွေ ကြားနေရသည်။ လောကဓံတရား ရှစ်ပါးထဲက သူတို့လည်း မလွတ်။

လူအတော်များများကတော့ အတ္တကို ဗဟိုပြုစဉ်းစားကြ၏။ ကျွန်တော်နှင့် နီးစပ်သော အသိုင်းအဝိုင်းမှ လူတစ်ယောက်ဆိုလျှင် သူ့ကိုယ်သူနှင့် ငွေကိုသာ ချစ်တတ်သူဖြစ်သည်။ ထိုအချက် (၂)ချက်ကလွဲလျှင် သူဘာကိုမှ အလေးမထား။ ဘာကိုမှ စိတ်မဝင်စားသူသည် သူ့သားသမီးများကိုပင် ဟက်ဟက်ပက်ပက် ချစ်ပုံပြသည်ကို မမြင်ဖူးခဲ့။ သူ့ဘဝနှင့်သူတော့ ဟုတ်သလိုလို ရှိ၏။ သို့သော် သူ့ဘဝသည် ပျော်စရာကောင်းလှသောဘဝ မဖြစ်တာကတော့ သေချာသည်။ သူကွယ်လွန်သောအခါ အထီးကျန်ဆန်ဆန် ခြောက်ကပ်ကပ် ကွယ်လွန်သွားသည်။ လူသည် အတ္တကို ဗဟိုပြုလေ ပျော်ရွှင်မှုနှင့် ကင်းဝေးလေဖြစ်မည် ထင်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ကျွန်တော်သည် ချစ်လွယ်သော သဘာဝရှိသူ မဟုတ်ပါ။ လူ့အဖွဲ့အစည်းထဲတွင်လည်း မဝင်ဆံ့။ တစ်သီးတစ်သန့် နေထိုင်တတ်သူပါ။ သို့သော် ကျွန်တော့်တွင် (ကျွန်တော့် တူမလေးနှစ်ယောက် အပါအဝင်) ချစ်သူအနည်းငယ် ရှိပါသည်။ ပျော်သည်ဟု ကျွန်တော်ထင်တာတွေ (ရုပ်ရှင်ကြည့်ခြင်း၊ ပန်းချီဆွဲခြင်းစသဖြင့်) လုပ်ခဲ့သမျှအထဲတွင် သူတို့ကို ချစ်ရတာ ပျော်စရာအကောင်းဆုံးဟု ကျွန်တော်တွေ့ရှိသွားပါသည်။

ချစ်သည်ဆိုသည်မှာ ကိုယ်ချစ်တဲ့သူအတွက် အတတ်နိုင်ဆုံး ကောင်းကျိုးဆောင်ရွက်ပေးခြင်းဟုသာ ကျွန်တော်နားလည်ပါသည်။ ပေးဆပ်ရခြင်းသက်သက်သာ ဖြစ်ပါသည်။ ကျွန်တော့်ကြောင့် သူတို့ပျော်နေတာ မြင်ရလျှင် ကျွန်တော်လည်း ပျော်ပါသည်။ ထို့ကြောင့် ပျော်ချင်လျှင် ချစ်ပါဟု တွေးမိသည်။

ထို… ကျွန်တော့်အချစ်သည်ပင် မိမိနှင့်သက်ဆိုင်ခြင်းဟူသည့် အခြေခံ အတ္တနှင့် မကင်း။ အတ္တကို စွန့်ခွာနိုင်သမျှ စွန့်ခွာကာ တခြားသူများကို ချစ်နိုင်လေ ပျော်စရာကောင်းလေ ဖြစ်မည်ဟု ထင်ပါသည်။ ဥပမာ ထင်ရှားသော သီလရှင်ကြီး ‘မာသာထရေဆာ’ ကိုကြည့်ပါ။ သူကား အယုတ်အလတ် အမြတ်မရွေး ကျောသားရင်သားမခွဲခြားဘဲ ချစ်နိုင်သည်။ သူ့ဘဝတစ်လျှောက်လုံး ကိုယ်ကျိုးမပါဘဲ အများအတွက် ပေးဆပ်ထားခဲ့သည်။ ထို့အတွက် သူသည် ကြည်နူးပီတိ ဖြစ်နေလိမ့်မည်။

ထိုပီတိမျိုး ပြည့်လျှမ်းနေသည့် နှလုံးသားပိုင်ရှင်သည် လောကတွင် အသန့်စင်ဆုံးပျော်ရွှင်သူ ဖြစ်လိမ့်မည်။ မဟာကရုဏာရှင် မြတ်စွာဘုရားသည် သတ္တဝါတိုင်းကို သူ့သားတော် ရာဟုလာနှင့်မခြား မေတ္တာထားတော်မူနိုင်ပေသည်။ သူတော်စင် အစဉ်အဆက် ပရဟိတ အကျိုးဆောင်ဖို့၊ သတ္တဝါတွေအပေါ် မေတ္တာထားဖို့ ဟောပြောခဲ့သည်မှာ အကြောင်းမဲ့မဟုတ်ချေ။

အရှင်သီရိနန္ဒာဘိဝံသ၏ စာတစ်ပုဒ်ကို ညွှန်းဆိုချင်ပါသည်။ ဆရာတော်က ‘သတိ’ ဆိုတာ တစ်ယောက်တည်း တည့်အောင်နေဖို့၊ ‘မေတ္တာ’ ဆိုတာ အများနှင့် တည့်အောင်နေဖို့ဟု ဆုံးမပါသည်။ ပျော်ရွှင်ချင်လျှင် ပတ်ဝန်းကျင်ကို ချစ်နိုင်အောင် ကြိုးစားကြစေချင်သည်။ သင်သည် တစ်ကိုယ်တည်း အထီးကျန်ဖြစ်နေသည့်တိုင်အောင် သင့်ပတ်ဝန်းကျင်တွင် သင်သည် ချစ်စရာတစ်ခုခုတော့ ရှာဖွေတွေ့ရှိနိုင်ပါသည်။

သင်္ဘောပျက်၍ ကျွန်းပေါ်တွင် ၂၄ နှစ်လုံးလုံး တစ်ကိုယ်တည်း နေထိုင်ခဲ့သည့် ‘ရော်ဘင်ဆင်ကရူးဆိုး’သည်ပင် သူ့အချစ်တွေကို ပေးဖို့အတွက် ကြက်တူရွေးတစ်ကောင် မွေးမြူ၍ ထားခဲ့သည်။ နီးစပ်သော သွေးသားရင်းချာ မရှိဘူးဆိုလျှင်ပင် သင်သည် ခွေးကလေး၊ ကြောင်ကလေးတစ်ကောင် မွေးနိုင်မည် သို့မဟုတ် ပန်းအိုးတစ်အိုးနှင့် ပန်းပင်တစ်ပင်တော့ စိုက်ပျိုးနိုင်သည်။ ထိုအပင်ကလေးကို ရေလောင်းပေါင်းသင် အရိပ်ကြည့် စောင့်ရှောက်နေရလျှင် သင်ပျော်နေလိမ့်မည်။ သက်မဲ့အရာဝတ္ထုကလေးကိုဖြစ်ဖြစ် ချစ်ရလျှင် သင့်ဘဝသည် ခြောက်ကပ်မနေဘဲ စိုပြေနေလိမ့်မည်။ ပန်းပင်ကလေးတစ်ပင်မှ သဘာဝတရားကြီးကို ချစ်ခင်စိတ် ပေါက်ဖွားလာနိုင်သည်။ ထိုအခါ သင်နေထိုင်သော သဘာဝပတ်ဝန်းကျင်ကို မယိုမယွင်းအောင် ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာနိုင်လေသည်။

သူနှင့်တိုက်ရိုက်မပတ်သက်ပါဘဲနှင့် အဖိနှိပ်ခံ ကျွန်တွေကို ချစ်သော ‘လင်ကွန်း’၊ အလုပ်သမားပစ္စည်းမဲ့တွေကို ချစ်သော ‘ကားလ်မာ့စ်’ တို့သည် ပျော်ရွှင်သော လူသားများ ဖြစ်ကြလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။

ပရဟိတသမားများသည် ပျော်ရွှင်သောသူများ ဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ ကျန်စစ်သားမင်း နန်းတက်စဉ်က ရေးထိုးခဲ့သည်ဆိုသော ကျောက်စာပါစာသားတချို့ကို သတိရမိပါသည်။ ‘တိုင်းသူပြည်သားများကို ကျောသားရင်သား မခွဲခြားဘဲ ချစ်ခင်ပါမည်။ ငါ့၏ ညာလက်ဖြင့် စားစရာကို ပေး၍ ငါ၏ ဘယ်လက်ဖြင့် ဝတ်စရာကိုပေးမည်’ ဟု မှတ်မိနေသည်။ ဤအတိုင်းဆိုလျှင် ကျန်စစ်သားမင်းကြီးသည် ပျော်ရွှင်သောဘုရင် တစ်ပါးဖြစ်မည်ဟု ထင်ပါသည်။

သစ္စာနီ 
ခေတ် (အက်ဆေးနှင့် ဆောင်းပါးများ)

No comments:

Post a Comment