အင်းပေါခုံ-ကြာရိုးချည်မျှင် လက်ရက္ကန်းစင်သို့ တခေါက်
ကျမတို့ အင်းပေါခုံရွာကို ရောက်တော့ ကျမစိတ်ထဲ အင်းလေးချည်ထည် ပတ်ထမီလေးတွေ ဝယ်ဖို့သာ စိတ်စောနေမိတယ်။ တကယ်တော့ အဲဒီ မတိုင်ခင် ရေပေါ်ဈေးဆိုင်လေးတခုမှာ လက်ရက်ထည် ထမီ ၄ကွင်း ဝယ်ခဲ့ပြီးသားပါ။ ဒါပေမဲ့ ပုဂံရောက်တဲ့အခါ မြန်မာထမီလေး ဝတ်ချင်တဲ့စိတ်ကြောင့် အဆင်သင့် ဝတ်နိုင်တဲ့ အင်းလေးဆင် ပတ်ထမီလေးတွေ ထပ် ဝယ်ချင်မိပြန်တာပါ။
အရင်ကတော့ ကြာရိုးချည်မျှင်နဲ့
ရက်လုပ်တာဆိုလို့ ကြာသင်္ကန်း ဆိုတာကိုပဲ ကျမ ရင်းနှီးခဲ့ရတာ။ ဝါဆိုတဲ့အခါ
မြတ်စွာဘုရားရှင်ကို သန့်ရှင်း မွန်မြတ်စွာသော ကြာသင်္ကန်းတော်
ဆက်ကပ်လှူဒါန်းတဲ့ပွဲတွေ ကျမ ငယ်ငယ်က ကြုံခဲ့ဖူးတာကိုး။ အဲဒီကတည်းက
ကြာသင်္ကန်းတော်ဆိုတာကို လက်နဲ့ ထိတွေ့ကြည့်ပြီး ကြာရိုးမျှင်တွေကနေ
အထည်ဖြစ်အောင် ဘယ်လိုများ ရက်လုပ်ရပါလိမ့်လို့ တွေးခဲ့ဖူးပါတယ်။
ခု မျက်မြင် တွေ့ရတော့မှ အင်မတန်
လက်ဝင်ပြီး စိတ်ရှည်လက်ရှည် အချိန်ယူ လုပ်ရမှန်း သိခဲ့ရပါတယ်။
ကြာရိုးအရှည်လိုက်ကနေ လက်နှစ်ဆစ်သာသာ အရှည်လေးတွေ ဖြတ်ဖြတ်ပြီး အမျှင်မပြတ်
ထွက်လာတဲ့ ကြာရိုးမျှင်ကလေးတွေကို ခုံပေါ်တင်လို့ လက်ကလေးနဲ့ လှိမ့်ကာ
လှိမ့်ကာ အမျှင်တန်းကလေးတွေ ဖြစ်အောင် ခိုင်ခန့်အောင် လုပ်ယူရပါတယ်။ ပြီးမှ
ဗိုင်းငင် ချည်ရှင်း၊ လိုရာ အရောင်ဆိုး အခြောက်ခံ နောက်ဆုံး
လွန်းအိမ်ကလေးထဲ ရစ်လို့ ယက္ကန်းစင် တင်ရပါတယ်။ ကြာရိုးချည်မျှင်နဲ့
ရက်လုပ်တဲ့ အထည် အပြင် ပိုးထည်၊ ချည်ထည်၊ ပိုးစစ်စစ်၊ ပိုးအရော၊
ကြာရိုးချည်မျှင်နဲ့ ပိုးအရော အဲသည်လို အထည်ဆန်းလေးတွေ၊ အဆင်ဆန်းလေးတွေ
ရက်လုပ်နေတာကိုလည်း တွေ့ခဲ့ရသေးပါတယ်။
အဝတ်တထည် ဖြစ်လာဖို့ရာ တကယ်ကို
မလွယ်လှတာပါ။ ဒါကြောင့် ကျမတို့ အဖိုးအဖွားများဟာ အထည်တထည်ဆို
မေ့လောက်အောင် ဝတ်တတ်ကြတာမျိုးပါ။ ဝတ်မရတော့တာတောင်မှ လက်ခု အဖြစ်၊
ခြေသုတ်ဝတ်အဖြစ် သုံးတတ်ကြသေးတာပါ။ ဟိုးတုန်းကတော့ ကျေးရွာတွေမှာ
အိမ်တိုင်းလိုလို ရက္ကန်းစင်ရှိကြပြီး ကိုယ်တိုင် လက်ရက်ထည်လေးတွေပဲ
ဝတ်ကြရတာမို့ တထည်ဆို ဆိုသလောက် ဆွေးအောင် ဝတ်တတ်ကြတာ။
ခုဆိုရင် ကြာရိုးချည်မျှင်နဲ့
ရက်တဲ့ အထည်တွေဟာ မြန်မာပြည်ထဲကနေ ကမ္ဘာကိုတောင် ခြေဆန့်လို့ ကျော်ကြားစ
ပြုနေပြီ ဖြစ်ပါတယ်။ ကြာရိုးချည်မျှင်နဲ့ အထည်ရက်လုပ်တဲ့အခါ ရှေးရိုး
အစဉ်အလာအတိုင်း ရက်လုပ်သူဟာ ငါးပါးသီလ စောင့်ထိန်းပြီးမှ ရက်လုပ်ကြရတယ်လို့
ဆိုပါတယ်။ အသေးစိတ် ဖတ်ချင်ရင် ဒီမှာ သွားဖတ်ကြည့်နိုင်ပါတယ်။
စိတ်ဝင်တစားနဲ့ ဓါတ်ပုံတွေ
လိုက်ရိုက်ရင်း စက်လှေပေါ် ပြန်ရောက်မှ ပတ်ထမီ မဝယ်ခဲ့မိတာကို
သတိရပါတော့တယ်။ ပုဂံရောက်ရင် ရေပေါ်ဈေးဆိုင်လေးက ကျမ ဝယ်လာဖြစ်ပြီး
မချုပ်ရသေးတဲ့ ထမီကွင်းလေးတွေပဲ ဒီအတိုင်း ပတ်ဝတ်ရင် ကောင်းမလားတောင်
စိတ်ကူးမိသေးရဲ့...
No comments:
Post a Comment