တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှုး
ဒေါက်တာသော်ကောင်း
ဦးသော်ကောင်းအား အဖ စည်သူ ဦးကောင်း (ပညာမင်းကြီး)၊ အမိ ဒေါ်သိန်းတို့မှ ၁၉၃၇ ခု၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ မြန်မာ သက္ကရာဇ် ၁၂၉၉ ခု၊ နတ်တော် လပြည့် သောကြာနေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ မွေးချင်း ၃ ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။
နှစ်မငယ် နှစ်ဦးမှာ ဒေါက်တာ ကြည်မေကောင်းနှင့် ဒေါ်ရီမေကောင်းတို့ ဖြစ်သည်။
ငယ်စဉ် ကလေး ဘဝတွင် rheumatoid arthritis ခေါ် အရိုးအဆစ် နာကျင် ကိုက်ခဲသော ရောဂါကို ခံစားရ သဖြင့် အိမ်၌ပင် မိခင် ဖြစ်သူနှင့် ဆရာ၊ ဆရာမ များက ပညာ သင်ကြား ပေးခဲ့သည်။ အမေဖြစ်သူ ဒေါ်သိန်းသည် ဒုတိယ ကမ္ဘာစစ် မတိုင်မီက ယုဒသန် ကောလိပ်မှ ဘီဘွဲ ရခဲ့သူ ဖြစ်သည်။ ၁၉၄၇ တွင် ဗိုလ်ချုပ် အောင်ဆန်း ကြားဖြတ် အစိုးရက ဦးကောင်းကို 'မြန်မာနိုင်ငံက စေလွတ်သော ပညာတော် သင်များအား ကြည့်ရှု စောင့်ရှောက်ရန်' တာဝန်ဖြင့် အင်္ဂလန်သို့ စေလွှတ်ခဲ့ရာ မိသားစုနှင့် အတူ လန်ဒန် မြို့သို့ လိုက်ပါ သွားခဲ့သည်။ အင်္ဂလန်တွင် ရှိစဉ်ကလည်း ဆရာမ တဦးကို အိမ်ခေါ်ပြီး ပညာ သင်ယူခဲ့သည်။
၁၉၅၀ ပြည့်နှစ် ကုန်ပိုင်းတွင် မိသားစုနှင့် အတူ ရန်ကုန်သို့ ပြန်လာ ခဲ့သော်လည်း နေမကောင်းပြန် သဖြင့် ကျောင်းမတက် နိုင်ခဲ့ပေ။ ၁၉၅၂ တွင် အင်္ဂလိပ် မက်သဒစ် အထက်တန်းကျောင်း (ယခု ဒဂုံ အထက ၁) ၌ သတ္တမတန်း နှစ်လယ်မှ စ၍ ကျောင်းနေခဲ့သည်။ ၁၉၅၄ တွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲကို အင်္ဂလိပ်စာနှင့် ပထဝီဝင် ဂုဏ်ထူး ၂ ဘာသာဖြင့် ပထမဆင့် (1st Division) မှ အောင်မြင်ခဲ့သည်။
၁၉၅၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်တွင် အင်္ဂလိပ် စာပေ၊ မြန်မာ စာပေ၊ ပထဝီဝင်၊ သမိုင်း၊ မနုဿ ဗေဒနှင့် နောက်ပိုင်းတွင် နိုင်ငံရေး သိပ္ပံ ဘာသာတွဲဖြင့် ပညာ ဆက်လက် ဆည်းပူးခဲ့သည်။ ဝိဇ္ဇာ တတိယနှစ်မှ စ၍ အင်္ဂလိပ် ဂုဏ်ထူးတန်း တက်ရောက်ခဲ့သည်။ အင်္ဂလိပ်စာ ဂုဏ်ထူးတန်းကို ၁၉၅၉ တွင် ပထမ အဆင့် (B.A First Class Honours) ဖြင့် အောင်မြင် ခဲ့ပြီး၊ အင်္ဂလိပ်စာ ဘာသာရပ်မှာ ပထမ စွဲမှုကြောင့် 'ဦးဘိုးနှစ်' ရွှေတံဆိပ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။
ဘွဲ့မရသေး မီကပင် ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ဌာန စာကြည့်တိုက်တွင် အချိန်ပိုင်း စာရေး အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ဘီအေ ဂုဏ်ထူးတန်း ဖြေဆိုပြီး အောင်စာရင်း မထွက်မီ (၁ - ၄ - ၁၉၅၉) မှ စ၍ ရန်ကုန် တက္ကသိုလ် လက်အောက်ရှိ လူမှုရေး သိပ္ပံ မဟာ ဌာန (ယခု စီးပွားရေး တက္ကသိုလ်) တွင် အထက်တန်း စာရေး အဖြစ် စာကြည့်တိုက် လက်ထောက် အလုပ်ကို စတင် လုပ်ကိုင်ခဲ့သည်။ (၃ - ၉ - ၁၉၅၉) ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်သို့ စာကြည့်တိုက်မှူး ဦးသိန်းဟန် (ဆရာ ဇော်ဂျီ) ၏ ဒုတိယ စာကြည့်တိုက်မှူး အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင် ရသည်။ ထိုရာထူးသည် ထိုအချိန်က လက်ထောက် ကထိက ရာထူးနှင့် တူညီသော ပြန်တမ်းဝင် အမြဲတမ်း ရာထူး ဖြစ်သည်။
၁၉၆၀ တွင် မြန်မာနိုင်ငံ ပညာသင်ဆု အတွက် စာမေးပွဲ ဝင်ရော ဖြေဆိုရာ အင်္ဂလိပ် အမှတ် အများဆုံးနှင့် အောင်မြင် သဖြင့် State Scholar အဖြစ် ရွေးချယ် ခံခဲ့ရသည်။ ၁၉၆၀ နှစ်လည် ပိုင်းတွင် ဗြိတိန်နိုင်ငံ၊ လန်ဒန် တက္ကသိုလ် ဗဟို စာကြည့်တိုက်တွင် လက်တွေ့ သင်တန်း ၃ လ ဆင်းပြီးနောက်၊ လန်ဒန် တက္ကသိုလ်၏ ရှေးအကျဆုံး ဖြစ်သော University College တွင် စာကြည့်တိုက် ပညာ သင်ယူခဲ့သည်။
လန်ဒန်ရှိ School of Librarianship and Archives (ယခု စာကြည့်တိုက်၊ မော်ကွန်းထိန်းနှင့် သုတ ပညာ သင်ကျောင်း) တွင် ထိုအချိန်က အမြင့်ဆုံး စာကြည့်တိုက် ပညာ ဘွဲ့ဖြစ်သော စာကြည့်တိုက် ဘွဲ့လွန် ဒီပလိုမာ အတွက် လေ့လာ သင်ကြားခဲ့ခြင်း ဖြစ်သည်။ တချိန်တည်း မှာပင် လန်ဒန် တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေး တက္ကသိုလ်ကျောင်း (School of Oriental and African Studies) တွင် အရှေ့တိုင်း ဂန္ထဗေဒ (Oriental Bibliography) ကို အထူးပြု လေ့လာခဲ့ရာ ထိုပညာရပ်တွင် ဂုဏ်ထူး ရရှိခဲ့သည်။
လန်ဒန် တက္ကသိုလ်မှ စာကြည့်တိုက် ပညာ ဘွဲ့လွန် ဒီပလိုမာ ပထမနှစ် စာမေးပွဲ ဖြေဆိုပြီးနောက် မြန်မာနိုင်ငံသို့ ၁၉၆၁ နှစ်ကုန်ပိုင်းတွင် ပြန်လည် ရောက်ရှိခဲ့သည်။
အင်္ဂလိပ် ဘာသာဖြင့် ရေးသား ထားသော မြန်မာနိုင်ငံ အကြောင်း ဆောင်းပါးများ အညွှန်း (ဇန်နဝါရီလ ၁၉၄၈ - ဒီဇင်ဘာ ၁၉၆၁) (Index to Periodical Articles in English on Burma) ကို လန်ဒန် တက္ကသိုလ်သို့ ၁၉၆၃ တွင် စာကြည့်တိုက် ပညာ ဘွဲ့လွန် ဒီပလိုမာ အပိုင်း (၂) အတွက် တင်သွင်းခဲ့သည်။ ယင်းအညွှန်း အတွက် ဂုဏ်းထူး ရရှိပြီး အောင်မြင်ခဲ့သည်။
ဗြိတိန်နိုင်ငံ Library Association တွင် ၁၉၆၀ ပြည်နှစ်မှ စ၍ အသင်းဝင် ဖြစ်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ်တွင် A.L.A (Associate of the Library Association) ဘွဲ့ အပ်နှင်း ခံရပြီး၊ တော်ဝင် စာကြည်တိုက်မှူး (Chartered Librarian) အဖြစ် အသိအမှတ် ပြုခံရသည်။
၁၉၆၁ မှ ၁၉၈၀ ထိ မြန်မာနိုင်ငံ သုတေသန အသင်းတွင် ဂုဏ်ထူးဆောင် စာကြည့်တိုက်မှူး အဖြစ် ဆောင်ရွက် ပေးခဲ့သည်။ သုတေသန စာကြည့်တိုက်ရှိ စာအုပ်များကို ကက်တလောက် ရေးသား စင်တင် ပေးခဲ့ပြီး ထိုကတ်တလောက် စာရင်းကို မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ပုံနှိပ် ဖော်ပြခဲ့သည်။ ထို့အပြင် ထုတ်ဝေသူ တာဝန်ကို ယူပြီး၊ ပေ၊ ပုရပိုက်များ ပေါ်က ရှေးဟောင်း မြန်မာ စာပေ အရေးအသား များကို ပုံနှိပ် စာအုပ်များ အဖြစ် ပေါ်ထွက် လာအောင် ဆောင်ရွက် ခဲ့ပါသည်။
၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဒေါ်ခင်သန်း (စုစု) နှင့် လက်ထပ် ထိမ်းမြားခဲ့ပြီး ၁၉၆၆ တွင် သားကြီး မင်းသော်ကောင်း (ယခု Win Enterprise Ltd.)၊ ၁၉၆၉ တွင် သားလတ် သန့်သော်ကောင်း (ယခု Myanmar Book Center)၊ ၁၉၇၄ သားငယ် မြတ်သော်ကောင်း (ယခု Chartered Accountant, Singapore) တို့ကို မွေးဖွားခဲ့သည်။
၁၉၆၄ တွင် စနစ်သစ် ပညာရေး ပေါ်ပေါက်လာပြီး ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်ကို တက္ကသိုလ်များ ဗဟို စာကြည့်တိုက်ဟု အမည် ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ ဆရာ ဇော်ဂျီ အငြိမ်းစား ယူပြီးနောက် ဦးသော်ကောင်းကို တက္ကသိုလ်များ ဗဟို စာကြည့်တိုက်၏ စာကြည့်တိုက်မှူး (Chief Librarian) အဖြစ် ပါမောက္ခ အဆင့်ဖြင့် ၁ - ၈ - ၁၉၆၉ တွင် ရာထူး တိုးမြှင့် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။
၁၉၆၉ - ၉၇ ခုနှစ်များ အတွင်း တက္ကသိုလ်များ ဗဟို စာကြည့်တိုက်၏ စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင်စဉ် ပေပုရပိုက် ဌာနခွဲကို သီးခြား ထူထောင်ပြီး ရှားပါး ပုရပိုက် အမျိုးအစားပေါင်း ၁၆,၀၀၀ ကျော် စုဆောင်း ထိန်းသိမ်း နိုင်ခဲ့သည်။
Spectrum မဂ္ဂဇင်း စတင် ထုတ်ဝေသည့် ဧပြီ၊ ၁၉၆၈ မှ နောက်ဆုံး ထုတ်ဝေသည့် ဒီဇင်ဘာ ၁၉၇၅ အထိ စာတည်း အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၇၁ တွင် ရန်ကုန် တက္ကသိုလ် လက်အောက်၌ စာကြည့်တိုက် ပညာ ဌာန (Department of Library Science) ကို စတင် ဖွင့်လှစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် စာကြည့်တိုက် ပညာ ဘွဲ့လွန် ဒီပလိုမာ သင်တန်းကို ဖွင့်လှစ် သင်ကြားရန် ဦးဆောင်မှု ပေးခဲ့သည်။ တက္ကသိုလ်များ ဗဟို စာကြည့်တိုက်၊ စာကြည့်တိုက်မှူး တာဝန် အပြင် စာကြည့်တိုက် ပညာ ဌာန ဌာနမှူး အဖြစ် ဒီဇင်ဘာ ၁၉၉၇ အထိ ၂၆ နှစ်ကြာ ပူးတွဲ တာဝန် ပေးခဲ့သည်။ သင်းတန်းတွင် ကက်တလောက် ပညာရပ်ကို နှစ်စဉ် သင်ကြား ပိုချ ပေးခဲ့သည်။ အငြိမ်းစား မယူခင် အဆိုပါ ဌာနကို စာကြည့်တိုက်နှင့် သုတ ပညာ ဌာန(Department of Library & Information Studies) ဟု အမည်ပြောင်းပြီး အချိန်ပြည့် ဌာန ဖြစ်အောင် ဆောင်ရွက် ပေးခဲ့သည်။
၁၉၈၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံ စာကြည့်တိုက် အသင်း၏ အမြင့်ဆုံးဘွဲ့ Hon F. L. A (Honorary Fellow of the Library Association) ဘွဲ့ကို ဂုဏ်ထူးဆောင် အဖြစ် ချီးမြှင့် ခံခဲ့ရသည်။ စစ်ပြီးခေတ်မှာ အရှေ့တောင် အာရှ တိုက်သားတွေ ထဲက ဒီဂုဏ်သိက္ခာ ကြီးမားတဲ့ ဆုကို ပထမဆုံး ချီးမြှင့် ခံခဲ့ရတဲ့ ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
ဦးသိန်းဟန် (ဆရာ ဇော်ဂျီ) လက်ထက်၌ ၁၉၆၅ ခန့်မှ စ၍ ပြန်ကြားရေး ဝန်ကြီး ဌာန၊ ပြန်ကြားရေး ဌာနခွဲက တာဝန် ယူလျက် စာပေ ဗိမာန်တွင် စာကြည့်တိုက် သင်တန်းများကို အကြိမ် အတော်တော် များများ ဖွင့်လှစ်ခဲ့ရာ သင်တန်း ဖြစ်မြောက်ရေး အတွက် ဦးထင်ကြီး၊ ဦးသန်းထွတ် (ဆရာ တိုက်စိုး) တို့နှင့် ပူးတွဲ ပါဝင် သင်ကြား ပို့ချခဲ့သည်။
တဖန် ပြန်ကြားရေး ဝန်ကြီး ဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနက ကြီးမှူး ဖွင့်လှစ်သော 'စာကြည့်တိုက် ပညာ ၄ လ သင်တန်းများ' ကို ၁၆ - ၁၁ - ၁၉၉၂ မှ ၁၉၉၇ ထိ (၉) ကြိမ် တာဝန်ယူ ဆောင်ရွက် ပေးခဲ့သည်။
တက္ကသိုလ်များ ဗဟို စာကြည့်တိုက်၊ စာကြည့်တိုက်မှူးနှင့် စာကြည့်တိုက် ပညာဌာန ဌာနမှူး တာဝန် စသည့် ကြီးလေး များပြားသော တာဝန် များကို ထမ်းဆောင် နေစဉ် ကာလများ ၌ပင် အခြား တာဝန်ကြီး များကို ဆောင်ရွက် ပေးခဲ့သည်။
တက္ကသိုလ် ပညာ ပဒေသာ စာစောင် အုပ်ချုပ်မှု စာတည်း အဖွဲ့၌ အတွင်းရေးမှူး အဖြစ် ၁၉၆၅ မှ ၁၉၇၆ ထိ ဆောင်ရွက်ခဲ့ပြီး၊ နောက်ပိုင်းတွင် အဖွဲ့ဝင် အဖြစ် စာစောင် ရပ်စဲသည် အထိ ဆောင်ရွက် ခဲ့သည်။
သုတေသန စာစဉ် ထုတ်ဝေရေး အဖွဲ့ငယ်တွင် ၁၉၇၀ ပြည်နှစ် ကစ၍ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ နောက်ပိုင်းတွင် ဆော်သြသူ အဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ သုတေသန အသင်း၏ စာအုပ် ထုတ်ဝေသူ တာဝန်ခံ အဖြစ် ၁၉၇၀ မှ အသင်း ရပ်တန့် သွားသည့် ၁၉၈၀ ထိ တာဝန်ယူ ဆောင်ရွက် ပေးခဲ့သည်။
ပြန်ကြားရေး ဝန်ကြီး ဌာန "စာကြည့်တိုက် ပြတိုက်နှင့် ပြပွဲ ကြီးကြပ် စိစစ်ရေး အဖွဲ့" တွင် ပညာရေး ဝန်ကြီး ဌာန၏ ကိုယ်စားလှယ် အဖြစ် ၁၉၇၀ ပြည့်နှစ်မှ ၁၉၉၇ အထိ တာဝန်ယူ ဆောင်ရွက် ပေးခဲ့သည်။
မြန်မာစာ အဖွဲ့တွင် အတွင်းရေးမှူး အဖြစ် ၁၉၇၁ ခုနှစ်မှ ၁၉၇၆ ခုနှစ် အထိ ဆောင်ရွက်သည်။ ထိုနောက် မြန်မာ - အင်္ဂလိပ် အဘိဓာန် ပြုစုရေး အဖွဲ့၏ ပထမဆုံး သဘာပတိ အဖြစ် ၁၉၈၁ - ၈၂ ၌ ဆောင်ရွက်သည်။
အမျိုးသား စာပေဆု စိစစ် ရွေးချယ်ရေး အဖွဲ့ ကော်မတီဝင် အဖြစ် ၁၉၉၀ - ၉၃ ထိ လည်းကောင်း၊ ၎င်းအဖွဲ့၏ ဒုတိယ ဥက္ကဌ အဖြစ် ၁၉၉၄ မှ ယနေ့တိုင် ဆောင်ရွက်လျက် ရှိသည်။
၁၉၉၂ တွင် မြန်မာနိုင်ငံ စာကြည့်တိုက် အသင်း ဖြစ်မြောက်အောင် စီစဉ် ဆောင်ရွက် တိုက်တွန်းခဲ့ပြီး၊ အသင်း၏ နာယက အဖြစ် ယနေ့ထိ ဆောင်ရွက်လျက် ရှိသည်။
၁၉၉၃ ခုနှစ်မှ စ၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့နှင့် ပူးတွဲပြီး မြန်မာနိုင်ငံတွင် ထင်ရှား ကျော်ကြား ခဲ့သော စာရေး ဆရာကြီး များ၏ စာပေါင်းချုပ် များကို ထုတ်ဝေ နိုင်ရန် ဦးဆောင် စီစဉ် ပေးခဲ့ရာ၊ ဆရာ ဇော်ဂျီ စာပေါင်းချုပ်၊ ပီမိုးနင်း စာပေါင်းချုပ်၊ လယ်တီ ပဏ္ဍီတ ဦးမောင်ကြီး စာပေါင်းချုပ်နှင့် မှော်ဘီ ဆရာသိန်းကြီး၏ စာပေါင်းချုပ် တို့ကို ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဆရာ ဇော်ဂျီ စာပေါင်းချုပ် (၇) တွဲ ထုတ်ဝေပြီး ဖြစ်သည်။
ပခုက္ကူ ဦးအုန်းဖေ စာပေဆု ရွေးချယ်ရေး အဖွဲ့ဝင် အဖြစ် ၁၉၉၅ မှ ယနေ့ထိ လည်းကောင်း၊ 'ဆရာဝန် တင်ရွှေ စာပေဆု' ရွေးချယ်ရေး အဖွဲ့ဝင် အဖြစ် ၂၀၀၃ မှ ယနေ့ထိ လည်းကောင်း တာဝန်ယူ ဆောင်ရွက် ပေးနေပါသည်။
တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူး တာဝန်မှ ၁၇ - ၁၂ - ၁၉၉၇ ရက်နေ့တွင် သက်ပြည့် အငြိမ်းစား ယူခဲ့သည်။
မြန်မာ သမိုင်း အဖွဲ့တွင် ၁၉၉၆ ခုနှစ်ကပင် အချိန်ပိုင်း အဖွဲ့ဝင် ဖြစ်ခဲ့ပြီး၊ ၁၉၉၈ ဇန်နဝါရီ လမှ စ၍ ယနေ့ထိ အချိန်ပြည့် အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပါသည်။
၁၉၆၂ ခုနှစ်မှ စ၍ ယနေ့ထိ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် စာတမ်း ၂၀ ခန့် ရေးသားခဲ့ပြီး ပြည်တွင်းပြည်ပ တက္ကသိုလ်များ၊ ပညာရေး၊ သမိုင်း သုတေသနနှင့် ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့များက ကြီးမှူး ကျင်းပသော စာတမ်း ဖတ်ပွဲများတွင် တင်သွင်း ဖတ်ကြားခဲ့သည်။ စာတမ်း အများစုကို စာအုပ် အဖြစ် လည်းကောင်း၊ ဂျာနယ် စာစောင် များတွင် ဆောင်းပါး အဖြစ် လည်းကောင်း ထည့်သွင်း ဖော်ပြ ပုံနှိပ် ခဲ့ပြီး ဖြစ်ပါသည်။ အများစုမှာ Myanmar Perspective ပုံနှိပ်နှင့် Internet Version တွင် ဖြစ်ပါသည်။
ထို့ပြင် ပြည်တွင်းပြည်ပ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များတွင် စာကြည့်တိုက် ပညာ၊ သမိုင်းနှင့် ယဉ်ကျေးမှု၊ လူမှုရေး၊ ကိုးကွယ် ယုံကြည်မှု၊ ခရီးသွားနှင့် ဒေသန္တရ ပထဝီ ဆိုင်ရာ ဆောင်းပါးများ ၁၀၀ ကျော် ရေးသားခဲ့ပြီး ဖြစ်ပါသည်။ အခြား စာရေး ဆရာများ ရေးသားသော စာအုပ် ၆ အုပ်တွင် အမှာစာ ရေးသား ပေးခဲ့သည်။
၁၉၇၀ ပြည့်နှစ်၌ ရန်ကုန် တက္ကသိုလ် ရွှေရတု သဘင် ကျင်းပရေးနှင့် စာစောင် ထုတ်ဝေရေး အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် သမိုင်း ပြုစုရေး အဖွဲ့ဝင်နှင့် အခြား ဆပ်ကော်မတီ များတွင် တာဝန်ယူ ဆောင်ရွက် ပေးခဲ့သည်။
၁၉၉၅ ခုနှစ် ရန်ကုန် တက္ကသိုလ် စိန်ရတု သဘင် အခမ်းအနား ကျင်းပရေး၊ ရန်ကုန် တက္ကသိုလ် သမိုင်းနှင့် အထိမ်းအမှတ် စာစောင်များ ပြုစု ထုတ်ဝေရေး လုပ်ငန်း ကော်မတီတွင် အတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက် ပေးခဲ့သည်။
တက္ကသိုလ်များ ဗဟို စာကြည့်တိုက် စာကြည့်တိုက်မှူး အဖြစ် တာဝန် ယူခဲ့စဉ်၊ မြန်မာ စာကြည့်တိုက် ပညာရှင်များ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး ၁၉၇၆ နှင့် ၁၉၈၄ တွင် သြစတြေးလျ၊ ၁၉၈၀ မှာ ဂျပန်၊ ၁၉၈၈ မှာ ဗြိတိန်နှင့် အမေရိကန်၊ ၁၉၉၀ တွင် ဆွီဒင်၊ ၁၉၉၉ တွင် ထိုင်းနိုင်ငံ များသို့ လေ့လာရေး ခရီး သွားရောက်ခဲ့သည်။
စာကြည့်တိုက် အတိုက်ပင်ခံ အဖြစ်လည်း ၁၉၈၄ - ၈၅ အတွင်း ဗြိတိသျှ စာကြည့်တိုက်သို့ ၃ လကြာ သွားရောက်ခဲ့သည်။ ၁၉၈၉ - ၉၀ တွင် စင်ကာပူ Institute of Southeast Asian Studies Library ၌ ၃ လကြာ၊ ၁၉၉၁ - ၉၂ တွင် ဗြိတိသျှ စာကြည့်တိုက် Oriental and India Office Collections ဌာန၌ တနှစ်ကြာ အတိုက်ခံ အဖြစ် သွားရောက် ဆောင်ရွက်ခဲ့သည်။
စာကြည့်တိုက် ပညာ သင်ကြားနည်း များကို သြစတြေးလျ နိုင်ငံ Perth မြို့ရှိ Western Australian Institue of Technology (ယခု Curtin University) တွင် သုံးလ လေ့လာခဲ့ပြီး၊ Library Studies Certificate ကို ၁၉၇၆ ခုနှစ်တွင် ရရှိ ခဲ့ပါသည်။
၁၉၇၆ ခုနှစ်တွင် Associate of the Australian Library and Information Association (ALIA) အဖြစ် ရွေးချယ် တင်မြှောက် ခံရသည်။
ထိုင်းနိုင်ငံ၏ အဓိက သုတေသန အသင်း ဖြစ်သော Siam Society ၏ အဝေးရောက် စာပေး စာယူ အဖွဲ့ဝင် (Corresponding Member) အဖြစ် ၁၉၉၃ တွင် ရွေးချယ် တင်မြှောက် ခံရပြီး ယနေ့အထိ ဆောင်ရွက်လျက် ရှိသည်။
၁၉၉၉ တွင် သြစတြေးလျနိုင်ငံ အနောက်ဆစ်ဒနီ တက္ကသိုလ် University of Western Sydney က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Doctor of Letters) (Honoris Causa) D. Litt ဘွဲ့ကို ဘွဲ့နှင်းသဘင် အခမ်းအနားဖြင့် ချီးမြှင့် ပေးအပ် ခဲ့သည်။ အရှေ့တောင် အာရှမှ ပထမဆုံး ပညာရှင် စာကြည့်တိုကမှုး အဖြစ် ရွေးချယ် ခံရသူ ဖြစ်သည်။
၁၉၉၉ ၌ပင် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာ ဌာနက မဟာဝိဇ္ဇာ သင်တန်း (စာကြည့်တိုက် အထူးပြု) ကို ဖွင့်လှစ် သင်ကြားခဲ့ရာ၊ ထို မဟာဝိဇ္ဇာ သင်တန်း စတင် ဖွင့်လှစ် သည်မှ စ၍ ယနေ့ အထိ အချိန်ပိုင်း ပါမောက္ခ အဖြစ် စာကြည့်တိုက် ပညာရပ် များကို သင်ကြား ပို့ချ ပေးလျက် ရှိပါသည်။
၂၀၀၀ ပြည့်နှစ်တွင် CONSAL (Congress of Southeast Asian Librarians) အဖွဲ့၏ အလုပ်အမှုဆောင် ကော်မတီဝင် (Executive Committee Member) အဖြစ် ရွေးချယ် ခံရပြီး ယနေ့ထိ ထိုကော်မတီဝင် ဖြစ်သည်။
National Coordinator for SEACAP (South East Asian Consortium for Access and Preservation of Rare Manuscripts) ရှားပါး လက်ရေးစာများ ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ဖတ်ရှု လေ့လာခွင့် ရရှိရေး ဆိုင်ရာ အရှေ့တောင် အာရှ အဖွဲ့၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။
၂၀၀၂ ခုနှစ်တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့ National Museum of Ethnology မှာ ၄ လ ဧည့်ပါမောက္ခ တာဝန်ကို ထမ်းဆောင်ခဲ့သည်။
၂၀၀၄ ခုနှစ်တွင် အမေရိကန် နိုင်ငံသို့ သွားရောက်ပြီး Burma Studies Conference ကို တက်ရောက် ခဲ့ပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အမိန့် ကြောငြာ အမှတ် ၂/၂၀၀၄ အရ ဝိဇ္ဇာ ပညာ ထူးချွန်တံဆိပ် (ဒုတိယ အဆင့်) ကို လွတ်လပ်ရေး နေ့တွင် ဦးသော်ကောင်းအား ချီးမြှင့်ခဲ့သည်။ ထိုမတိုင်မီ ဝန်ထမ်းကောင်းနှင့် အခြား ဘွဲ့တံဆိပ် ၃ ခုကို အစိုးရက ချီးမြှင့်ခဲ့သည်။
၁၆ ကြိမ်မြောက် ဖုကုအိုက အာရှေ ယဉ်ကျေးမှု ဓလေ့ဆု (16th Fukuoka Asian Culture Prizes 2005) ၏ ၂၀၀၅ ခုနှစ် အတွက် ပညာရေး ကဏ္ဍဆု Academic Prize ကို ဦးသော်ကောင်းအား ချီးမြှင့်ကြောင်း ဆုရွေးချယ်ရေး အဖွဲ့က ကြေညာသည်။ ထိုဆုကို ဦးသော်ကောင်းအား ၂ - ၈ - ၂၀၀၅ တွင် ရန်ကုန်၌ လည်းကောင်း၊ စက်တင်ဘာ ၁၃ မှ ၁၈ တွင် ဂျပန်နိုင်ငံ ဖုကုအိုက မြို့၌ လည်းကောင်း အခမ်းအနားများ ကျင်းပ ပေးအပ် ချီးမြှင့်သည်။ (မှတ်ချက်။ ယင်းဆုကို ၂၀၀၀ ပြည့်နှစ် ၁၁ ကြိမ်မြောက်တွင် မြန်မာနိုင်ငံမှ သမိုင်း ပညာရှင် ဒေါက်တာ သန်းထွန်း ရရှိသည်။)
ဆရာကြီး ဦးသော်ကောင်းသည် ဘဝ တလျှောက် စာကြည့်တိုက် ပညာ တိုးတက်ရေးကို မနားမနေ ဆောင်ရွက် ခဲ့သည့် နည်းတူ နိုင်ငံ၏ ပညာရေး၊ စာပေနှင့် အနုပညာ၊ ဘာသာစကား၊ ပထဝီဝင်၊ သမိုင်းနှင့် သုတေသန နယ်ပယ်များတွင် ကြီးမားသော တာဝန် ဝတ္တရား များကို ဆောင်ရွက် လုပ်ကိုင် ခဲ့ခြင်းကြောင့် ပြည်တွင်း ပြည်ပ နှစ်ဌာနလုံးက ပေးအပ် ချီးမြှင့်သော ဘွဲ့ထူး ဂုဏ်ထူး များကို အလီလီ အောင်မြင် ဆွတ်ခူး နိုင်ခြင်းသည် စာကြည့်တိုက်မှူးနှင့် စာကြည့်တိုက် ဝန်ထမ်းများ အားကျ အတုယူဖွယ် ဖြစ်ပါသည်။
အမှတ် ၅၂/က၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်တွင် မိသားစုနှင့် အတူ ပျော်ရွှင့် ချမ်းမြေ့စွာ နေထိုင်လျက် ရှိသည်။
ရေးသားပြုစု တည်းဖြတ်စုဆောင်းခဲ့သည့် စာစုစာရင်း
၁။ Selected Writings of U Thaw Kaung, 2004၊ အင်္ဂလိပ် ဘာသာဖြင့် ရေးတဲ့ သုတေသန စာတမ်း ၁၀ ပုဒ်ကို စုပြီး၊ မြန်မာ့ သမိုင်း အဖွဲ့ရဲ့ နှစ် ၅၀ ရွှေရတု အထိမ်းအမှတ် အဖြစ် ထုတ်ဝေ။
၂။ သမိုင်း အဖွဲ့ဝင် ဆရာမကြီး တယောက်နှင့်အတူ ဇင်းမယ် ရာဇဝင်ကို မြန်မာ ပေမူမှ အင်္ဂလိပ်လို ပြန်ဆိုပြီး ၂၀၀၃ ခုနှစ်တွင် လုံးချင်းထုတ်။
၃။ Bibliography of Early Printed Books, published in Burma, 1816 to 1886 (A British Library funded project)
၎။ Bibliography of Myanmar Art and Archaeology (Compiled jointly with Dr. Elizabeth Moore. Head of Art and Archaeology Dept., School of Oriental and African Studies, University of London, and Daw San San Maw, former Librarian. Department of Archaeology, Ministry of Culture, Myanmar).
၅။ Bibliography of Ethnic Groups of Myanmar (Compiled for the National Museum of Ethnology, Osaka, Japan)
၆။ Bibliography of Professor G. H. Luce's writings (Canberra: National Library of Australia 1999)
ကိုးကား
၂၀၀၇ ခု၊ ဖေဖော်ဝါရီလ တွင် ပုဂံ စာအုပ်တိုက်က စာအုပ် အမှတ် ၃၂၇၊ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'ဦးသော်ကောင်းနှင့် တွေ့ကြသည်' (စာကြည့်တိုက်၊ စာပေနှင့် ဘဝ အတွေ့အကြုံ ပြောပြချက်များ) စာအုပ်
၁။ စာကြည့်တိုက် ပညာရှင် ဆရာကြီး ဦးသော်ကောင်း၊ ပြုစုသူ - ဒေါ်ခင်နှင်းဦး၊ စာကြည့်တိုက်မှူး၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်၊ စာ ၁၉၅ - ၂၀၄ (မြန်မာနိုင်ငံ စာကြည့်တိုက် အသင်း သတင်းလွှာ၊ အမှတ် ၁၄၊ သြဂုတ် ၂၀၀၅ တွင်ပါပြီး)။
၂။ စာအုပ်လူ ဒေါက်တာ သော်ကောင်းနှင့် တွေ့ဆုံခြင်း၊ မောင်ယံ၊ စာ ၁၃၂ -၁၃၆ (ပိတောက် ပွင့်သစ် မဂ္ဂဇင်း၊ ၂၀၀၅ တွင်ပါပြီး)။
source.... မြန်မာဝီကီ
No comments:
Post a Comment