ဇူလိုင် ၁၉ ၏ ဥသြသံ
မိုးရာသီ ကာလများတွင် ဇူလိုင်လသည် မိုးများ သည်းထန်စွာ ရွာသွန်းတတ်သော လ ဖြစ်လင့်ကစား ထိုနေ့က ဇူလိုင်မိုးမှာ အုံ့မှိုင်းရုံမျှသာ။ နေလည်း မပူ၊ မိုးလည်းမသည်းဘဲ ရွာမလို ခပ်မှိုင်းမှိုင်းဖြစ်နေသော ရာသီဥတုသည် ကျဆုံး သွားခဲ့လေပြီ ဖြစ်သော အာဇာနည်များ အတွက် ဝမ်းနည်း နေသယောင် ဖြစ်နေသည်။
(၆၄)နှစ်မြောက် အာဇာနည်နေ့။ ထိုနေ့တွင် ကျဆုံးလေပြီးသော အာဇာနည်များကို ဂုဏ်ပြုရန်အတွက် ဇူလိုင် ၁၉ မတိုင်မီ ဇူလိုင် ၁၈ ရက်နေ့ညနေ ၆ နာရီကတည်းက ဦးဝိစာရလမ်းနှင့် အနောက် ရွှေဂုံတိုင် လမ်းဆုံးရာမှ အနောက်ရွှေဂုံတိုင် လမ်းအတိုင်း အနောက်ရွှေဂုံတိုင် (၁) လမ်းထိပ်အထိ၊အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်လမ်းအတိုင်းရွှေတိဂုံဘုရားအရှေ့ဘက်မုခ် စောင်းတန်းအထိ၊အနောက်ရွှေဂုံတိုင်လမ်းမှာ အာဇာနည်ဗိမာန်သို့တက်ရောက်ရာ အုတ်လှေကားလမ်းနှင့် ကျောက်ဆည် ဓမ္မာရုံ ဘေး လမ်းကြောင်းများကို ဖြတ်သန်း သွားလာမှု ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ကြိုတင်ကြေညာထားသည်။ထို့ကြောင့် ၂၀၁၁ ဇူလိုင် ၁၉ နံနက် ၁၀ နာရီအထိ လမ်းများ ရှင်း၍နေသည်။
နိုင်ငံပိုင်သတင်းစာများတွင် လမ်းများပိတ်ထားကြောင်း ကြိုတင်သတိပေးကြေညာချက်သာမက အာဇာနည်ဗိမာန်ကို အများပြည်သူများ လာရောက် ဂါရဝပြုနိုင်ကြောင်းလည်း ကြိုတင်ဖော်ပြပေးခဲ့သည်။ ''မနှစ်က အာဇာနည်ဗိမာန်မှာ ဂါရဝပြုလို့ရတာ မသိလိုက်ဘူး။ နောက်ကျမှသိတော့ သွားလို့မရတော့ဘူးလေ။ ဒီနှစ်တော့ သွားဖြစ်အောင်သွားမယ်။ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုချင်တယ်'' ဟု အင်တာနက်ဆိုင် ဖွင့်လှစ်ထားသူအသက် ၃၀ ကျော်အရွယ် ကိုဖိုးဇော်ကဆိုသည်။
အရပ်သားအစိုးရတာဝန်ယူပြီး ပထမဆုံးကျင်းပပြုလုပ်သည့် (၆၄) နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ အများပြည်သူများပါလာရောက်ဂါရဝပြုနိုင်ခြင်းဖြစ်သည်။ တပ်မတော်အစိုးရလက်ထက်တွင် အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့သော်လည်း ထိုကဲ့သို့ အများပြည်သူများ လာရောက် ဂါရဝပြုခြင်းကို ခွင့်မပြုခဲ့ဘဲ သာမန် နိုင်ငံတော် အခမ်းအနား တစ်ခု အနေဖြင့်သာကျင်းပပြုလုပ်ခဲ့သည်။
ထို့အတွက်ကြောင့် မြန်မာပြည်သူအတော်များများမှာ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းပေးခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများကိုနှစ်ပေါင်းများစွာကြာမြင့်သည်အထိ အလေးထားဂါရဝပြုခွင့်မရ၊ ရုပ်သံ၊ ဗီဒီယို စသည်တို့မှလည်း လွှင့်ထုတ်မှု မရှိခဲ့သဖြင့် ထိုနေ့ကို မေ့မေ့လျော့လျော့ဖြစ်နေခဲ့ကြသည်။
''အာဇာနည်နေ့ကို အရင်အစိုးရတုန်းကသိပ်ပြီးအလေးမပေးခဲ့သလို လူတွေကလည်း ကိုယ့်စားဝတ်နေရေးနဲ့ ကိုယ်လုံးပန်းနေတော့ မေ့နေသလိုဖြစ်နေတယ်။ (၆၄)နှစ်မြောက်တုန်းကလို ပြည်သူတွေကို ဂါရဝပြုခွင့်ပေး၊ သတင်းမီဒီယာတွေကိုသတင်းယူခွင့်ပြုတော့ နောက်ပိုင်းကျရင် မြန်မာနိုင်ငံအတွက် မမေ့သင့်တဲ့နေ့ဖြစ်တဲ့ အာဇာနည်နေ့ကို လူတိုင်းအလေးထားလာကြမယ်ထင်ပါတယ်'' ဟု အသက် ၃၀ ကျော်အရွယ် ကိုဝဏ္ဏက ၎င်း၏ထင်မြင်ချက်ကို ပြောဆိုသည်။
လွန်ခဲ့သော ၆၄ နှစ် (၁၉၄၇ ခုနှစ်) ဇူလိုင်လ ၁၉ ရက်နေ့က စစ်ကြီးပြီးစဖြစ်သဖြင့် ရန်ကုန်မြို့တော်တွင် သေနတ်သံ၊ အမြောက်သံများမကြားရ။ ရာသီဥတုမှာလည်း မိုးအေးအေးဖြင့် မြို့တော်တစ်ခွင် အေးချမ်းသာယာလျက်ရှိသည်။
ထိုသို့အေးချမ်းသာယာမှုသည် ကြာရှည်စွာမခံ။ မြန်မာပြည်သူလူထု၏ရင်ထဲတွင် နှစ်ပေါင်းမြောက်မြားစွာ နှမြောတသဖြစ်ကျန်ရစ်မည့်၊ သမိုင်းတွင်ကျန်ရစ်မည့်၊ မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာကပါကြီးမားသော ဆုံးရှုံးမှုအဖြစ် သတ်မှတ်ကြမည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထိုဖြစ်ရပ်မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဝန်ကြီးအချို့နှင့် ရဲဘော်တစ်ဦး လုပ်ကြံခံရခြင်းပင်။ထိုသူတို့မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အမှုဆောင်ဝန်ကြီးများ ဖြစ်ကြသည့် သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့ဖြစ်သည်။
''သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေးလုပ်ကြံမှုပဲ''ဟု အချို့ကညည်းတွားကြပြီး ဆရာဇော်ဂျီက ''အမျိုးသားပျက်စီးခြင်းတစ်ရပ်'' ဟုဆိုခဲ့သည်။ ထိုကဲ့သို့ အမျိုးသားပျက်စီးခြင်းတစ်ရပ်ဖြစ်ပေါ်ရန် ကြံစည်သူများမှာ ဦးစော၊ မောင်စိုး၊ သက်နှင်း၊မောင်စိန်၊ ရန်ကြီးအောင်၊ သုခ၊ ခင်မောင်ရင်၊မောင်နီ၊ မှုန်ကြီးနှင့် ဘညွန့်တို့ဖြစ်ကြသည်။ ထိုသူများထဲမှ ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မှုန်ကြီး၊မောင်စိန်နှင့် ရန်ကြီးအောင်တို့မှာ သေဒဏ်ကျခံခဲ့ရပြီး သုခ၊ ခင်မောင်ရင်နှင့် မောင်နီတို့မှာ တစ်သက်တစ်ကျွန်းကျခံခဲ့ရသည်။ ဘညွန့်မှာမူ ဖြစ်စဉ်အားပြန်လည်ဖော်ထုတ်သည့် ဖော်ကောင်အမည်ခံလိုက်သဖြင့် လွတ်ငြိမ်းခွင့်ရခဲ့လေသည်။ ထိုနေ့က ဗိုလ်ချုပ်အောင်ဆန်းတို့အား လုပ်ကြံသတ်ဖြတ်ရာတွင် ထွက်ပေါ်ခဲ့သော သေနတ်သံများမှာ ၁၉၄၇ ဇူလိုင် ၁၉ တစ်ရက်တည်းသာမကနောင်နှစ်ပေါင်းများစွာတိုင်အောင် ပြည်သူလူထုအား ကြေကွဲဝမ်းနည်းနေစေခဲ့သည်။
လူတို့၏ စိတ်အာရုံတွင် ကြေကွဲဝမ်းနည်းနေဆဲဖြစ်သော ဇူလိုင် ၁၉ ရက်နေ့တွင် လူအများသည် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ရောက်သည်နှင့် အိမ်တိုင်း၊ ရုံးတိုင်း၊ ကျောင်းတိုင်းတွင် ဝမ်းနည်းကြောင်း အထိမ်းအမှတ် အဖြစ် အလံတစ်ဝက် လွှင့်ထူကြလေ့ ရှိသည်။ ထို့ပြင် မြန်မာ့အသံမှလည်း ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော ဇူလိုင်လ ၁၉ ရက်နံနက် ၁၀နာရီ ၃၇ မိနစ်အချိန်တွင် တစ်မိနစ်ခန့် ဥဩသံရှည်ဆွဲ ထုတ်လွှင့်ပေးပြီး ထိုဥဩသံကို ကြားရသူအပေါင်းသည် မိမိတို့ လုပ်လက်စအလုပ်များကိုရပ်လျက် ငြိမ်သက်စွာအလေးပြုကြလေသည်။ဗိုလ်ချုပ်တို့ ကျေးဇူးတရားကို အောက်မေ့မိကြသည်။ ထိုကဲ့သို့ဥဩသံဆွဲလျှင် လုပ်လက်စအလုပ်မှန်သမျှ အကုန်ရပ်ကာ အလေးပြုကြသည့် အလေ့ ပျောက်ကွယ်ခဲ့သည်မှာ ကြာခဲ့လေပြီ။ ''အရင်တုန်းက ဇူလိုင် ၁၉ ရောက်ရင် မြန်မာ့အသံကနေ ဥဩသံ လွှင့်ပေးတယ်။ ပြီးတော့ မီးသတ်တို့ကလည်း ဥဩသံဆွဲတယ်လို့ ကြားဖူးတယ်။ လူတွေကလည်း ဥဩသံကြားရင် အလေးပြုကြတယ်တဲ့။ အခုတော့ ဇူလိုင် ၁၉ ဆိုရင် ဥဩသံတွေ မကြားရသလို လူတွေကလည်း သိပ်ပြီး အလေးမပြုကြတော့ဘူး။ အခုလူတွေက နိုင်ငံအတွက် အလေးထားရမယ့် ဟာတွေ သိပ်ပြီး အလေးမထား ကြသလိုပဲ။ ကျွန်တော်တို့ မမီလိုက်တဲ့ ဥဩသံ ဆွဲပြီး ဂုဏ်ပြုတာတို့ကို အခုပြန်ပြီး လုပ်ပေးသင့်တယ် ထင်ပါတယ်''ဟု အသက် ၂၅ နှစ်အရွယ် ကိုကျော်ကျော်ဦးက ဆိုသည်။
''နှစ်တော်တော်များများ လူတွေက မျက်စိပိတ် နားပိတ်သလိုဖြစ်နေတော့ ဘာကိုမှ စိတ်ထဲစွဲစွဲမြဲမြဲမရှိသလိုဖြစ်နေတယ်။ မနှစ်က သတင်းစာမှာ ပြည်သူတွေလာဂါရဝပြုနိုင်တယ်လို့ ကြေညာထားပေမယ့် အများစုကမသိကြဘူး။ ကျွန်မတို့အိမ်မှာတော့ တခြားနေ့တွေမှာ အလံမလွှင့်ဖြစ်ပေမယ့် အာဇာနည်နေ့ရောက်တိုင်း ဝမ်းနည်းခြင်းထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ဖြစ်တယ်'' ဟု အသက်၂၄ နှစ်အရွယ် မရတနာကဆိုသည်။
အာဇာနည်ဗိမာန်တွင် သွားရောက်ကာ ဂုဏ်မပြုခဲ့ရသော မြန်မာပြည်သူတို့ထဲမှ အချို့သည်အာဇာနည်တို့ကို မမေ့မလျော့သောအားဖြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သတိရဝမ်းနည်းကြောင်း အထိမ်းအမှတ်များ ပြုလုပ်ကြသည်။ အချို့မှာလည်းအာဇာနည်နေ့ဆိုသည်မှာ သာမန်အစိုးရ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်မျှသာ သဘောထားနေသည်များလည်း ရှိနေဆဲပင်။
''ကျွန်တော့်သမီးက အာဇာနည်နေ့မှာ ကျောင်းပိတ်တော့ သူပျော်တယ်တဲ့။ အာဇာနည်နေ့ရဲ့အဓိပ္ပာယ်လည်း သူမသိဘူး။ အာဇာနည်ကိုးဦးကိုလည်း သူမသိဘူး။ ဒါကတော့ ကျွန်တော်တို့လိုလူကြီးတွေလိုတာပါ။ ကလေးတွေကအစ အာဇာနည် ကိုးဦးကိုတော့ သိနေသင့်တယ်။ ဒါကြောင့် ဒီနှစ်တော့ သမီးကို အာဇာနည်ဗိမာန်ကို ခေါ်သွားပြီးကိုယ်သိသလောက် ရှင်းပြပေးမယ်'' ဟု အသက်၃၁ နှစ်အရွယ် ကိုသီဟဇော်က မိမိနိုင်ငံ၏ သမိုင်းကြောင်းများထဲမှ ကလေးများသိသင့်သည့်အကြောင်းများကို လူကြီးများကပြောပြပေးရန် လိုအပ်ကြောင်း အကြံပြုပြောဆိုသည်။
အာဇာနည်နေ့အကြောင်း ငယ်စဉ်က အတန်းစာများတွင် ပါဝင်ခဲ့သော်လည်း ကလေးဘဝတွင်သေချာစွာစွဲမြဲမှုမရှိဖြစ်ခဲ့ရခြင်းမှာ မိဘဆရာများ၏ လိုအပ်ချက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ ''ကျွန်မညီမလေး သုံးတန်းကို ဆရာမက အာဇာနည်နေ့ တို့မမေ့ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံး ပြိုင်ရမယ်၊ ရေးခဲ့ဆိုပြီး ကလေးကို အာဇာနည်နေ့နဲ့ ပတ်သက်တာ ဘာမှမပြောလိုက်ဘူး။ မိဘတွေကိုရေးခိုင်းလိုက်၊ ပြီးရင်ကျက်ခဲ့လို့ပဲ မှာလိုက်တယ်။ အမှန်တော့ ကလေးကို စာစီစာကုံးရေးခိုင်းမယ်ဆိုရင် အာဇာနည်နေ့ဆိုရင် အာဇာနည်နေ့အကြောင်းသေချာပြောပြပြီးမှ ရေးဖို့ပြောရမှာ။ ကလေးဘဝတည်းက နားလည်အောင် မိဘတွေ ဆရာတွေကရှင်းပြပြောပြရမှာ''ဟု အသက် ၂၅ နှစ်အရွယ် မငြိမ်းက အာဇာနည်နေ့အကြောင်း ကလေးဘဝ ကတည်းက သိရှိရန် မိဘဆရာများ၏ လိုအပ်ချက်ရှိပုံကိုသူ့အတွေ့အကြုံနှင့်ယှဉ်၍ ပြောပြသည်။
သမိုင်းကြောင်းဟူသည်မှာ တိုင်းပြည်တစ်ခုအတွက် လွန်စွာမှပင် အရေးပါသော ကဏ္ဍမှပါဝင်နေသည်။ နာကြည်းဖွယ်ကောင်းသော သမိုင်းကြောင်း၊ ဆွတ်ပျံ့ဖွယ်ကောင်းသော သမိုင်းကြောင်း၊ဂုဏ်ယူစရာကောင်းသော သမိုင်းကြောင်းများစွာ တို့ထဲမှ အာဇာနည်ကိုးဦး ကျဆုံး ခဲ့ရသည့် သမိုင်းကြောင်းသည် မြန်မာနိုင်ငံ၏ ဝမ်းနည်းဖွယ်ရာ ကောင်းသော သမိုင်းကြောင်းများစွာထဲမှ တစ်ခုပင်ဖြစ်သည်။
ယခင်က အာဇာနည်ဗိမာန်ဟူသည် အများပြည်သူနှင့်မဆိုင်။ နိုင်ငံတော် အကြီးအကဲများနှင့်ကျဆုံးလေသော အာဇာနည်တို့၏ မိသားစုများသာ အာဇာနည်နေ့တစ်ရက်တည်း ဝင်နိုင်ထွက်နိုင်လေသည့် နေရာတစ်ခုဖြစ်သည်။ယနေ့အချိန်အခါတွင် အာဇာနည်တို့ကို ဂုဏ်ပြုအလေးပြုချင်သောသူများလည်း အလေးပြုနိုင်လေပြီ။ တိုင်းပြည်၏အနာဂတ်ကလေးများကို အာဇာနည်တို့၏ ဂူဗိမာန်များပြကာ အာဇာနည်နေ့အကြောင်း၊ တစ်ချိန်ကမြန်မာနိုင်ငံ၏ အာဇာနည်များအကြောင်း ရှင်းပြပေးနိုင်လေပြီ။
အာဇာနည်ဗိမာန်
''အာဇာနည်နေ့ဆိုရင် တချို့က သစ်ပင်စိုက်ပွဲတွေ လုပ်တယ်။ တချို့က အလှူလုပ်တယ်။ မမေ့မလျော့သေးတဲ့သူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် အာဇာနည်နေ့ကို လုပ်ကြတယ်။ ဘာပဲဖြစ်ဖြစ်အဲဒါက ကောင်းတဲ့ဓလေ့တစ်ခုပါပဲ။ အာဇာနည်ဗိမာန်မှာလည်း သွားအလေးပြုလို့ရပြီဆိုတော့ဒီနှစ်တော့ သွားဖြစ်အောင်သွားမယ်''ဟု အသက်၂၇ နှစ်အရွယ် မစုစုမွန်က ဆိုသည်။
လာမည့် ဇူလိုင် ၁၉ ရက်နေ့။ (၆၅)နှစ်မြောက် အာဇာနည်နေ့သည်လည်း မဝေးတော့မည့်ရက်ပိုင်းအတွင်း ရောက်ရှိလာတော့မည်။ ပြီးခဲ့သည့်နှစ်မှစ၍ ဝင်ရောက်ခွင့်ပြုခဲ့သော အာဇာနည်ဗိမာန်သို့ သွားရောက် အလေးပြုကြရန် ဟန်ပြင်နေသူတို့မှာ လူကြီးလူငယ်များ သာမက ကလေးငယ်များလည်း ပါဝင်နေသည်။ ထိုနေ့တွင်လည်း မိုးမရွာဘဲ အုံ့မှိုင်းကာ နေမည်လော။
''အာဇာနည်ဗိမာန်ကို ဦးတို့သွားလို့ရပြီဆိုတာတော့ အတော်လေးဝမ်းသာတယ်။ အာဇာနည်နေ့မှာ ဥဩဆွဲသံမကြားရတာတော်တော်ကြာပြီ။ဒီနှစ်တော့ ဥဩသံကြားရကောင်းပါရဲ့'' ဟု အသက်၆၅ နှစ်အရွယ် ဦးမြင့်နိုင်က မကြားရသည်မှာ ကြာပြီဖြစ်သည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ဥဩဆွဲသံကို သတိတရ ပြောဆိုလေသည်။
နှစ်ပေါင်း၆၅ နှစ်တာ တည်တံ့ခိုင်မြဲလာခဲ့သော အာဇာနည်နေ့ နေ့ထူးရက်မြတ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်မူ လက်ရှိအစိုးရအဖွဲ့တွင်သော်လည်းကောင်း၊ ပြည်သူလူထုအပေါ်တွင်သော်လည်းကောင်း၊ နိုင်ငံရေးပါတီများတွင် လည်းကောင်း၊ မီဒီယာများအပေါ်တွင် သော်လည်းကောင်း အသီးသီး တာဝန်ရှိကြသည်။ ယင်း နေ့ထူးနေ့မြတ် ဆက်လက် တည်တံ့ ခိုင်မြဲစေရန်အတွက် မျိုးဆက်သစ်များကို စောင့်ထိန်းအပ်သော အမွေအနှစ် တစ်ခု အနေဖြင့်သော်လည်းကောင်း၊ မျိုးချစ်စိတ်များ အစဉ် ကိန်းအောင်း နေစေရန် အတွက်သော်လည်းကောင်း ဖြန့်ဝေ အသိ နိုးကြားစေရန် အသိပေး တိုက်တွန်းလိုက်ပါသည်။
ဆွေငြိမ်းအေး၊ ချမ်းငြိမ်းဖြူ
source.... thevoicemyanmar
No comments:
Post a Comment