ကိုမာ
မှတ်မှတ်ရရ ကျုပ် ပေါင်မချိန်တာ ကြာပြီ ။ လူဆိုတာက ပေါင် မချိန်ရင်လည်း နေလို့ရနေတာပဲ မဟုတ်လား ။ ပြီးတော့ ကျုပ်က ကိုယ့်ပေါင်ချိန်လေးကို တစ်ပတ်တစ်ခါ ချိန်လိုက် ၊ ကိုယ့်ခန္ဓာကိုယ်လေး ပြန်ငုံ့ကြည့်လိုက် ၊ အစားအသောက် လျှော့စားလိုက် လုပ်နေရမယ့် အရွယ်လည်း မဟုတ်ဘူး ။ အဲသလို လုပ်နေရမယ့် အချိန်လည်း မဟုတ်ဘူး ။ ကျုပ်တို့လူမျိုးက အရွယ်သုံးပါး ဆိုတာကြီးကို ပြဌာန်းထားပြီးသား ။ ပထမအရွယ်က ပညာရှာရမတဲ့ ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာရမတဲ့ ၊ တတိယအရွယ်မှာ ဘာဝနာကမ္မဌာန်း စီးဖြန်းရမတဲ့ ။
သည်လို ဆိုတာကိုး ။
ကျူပ်က ဒုတိယအရွယ်ထဲလည်း ရောက်နေပြီ ။ ဥစ္စာလည်း ရှာလွန်းလို့လည်း ထားစရာတောင် မရှိတော့ဘူး ။ အကောင်းဆုံးဆိုတဲ့ အစားအစာ ၊ ညွန့်ပေ့ဆိုတဲ့ အ၀တ်အထည် ၊ စွမ်းပေ့ဆိုတဲ့ ဆေးဝါးတွေကို ဥစ္စာငွေကြေးနဲ့သာ ရနိုင်တာကို ကျုပ်သိထားတာ ကြာပဲ ကြာလှပေါ့ ။ ဒါကြောင့် ကျုပ် ဥစ္စာပဲ ရှာတယ် ။ ရှာသမှ ကျားစီး ဖားစီးကို ရှာတာ ။ ကျားကုတ်ကျားခဲကို ရှာတာ ။ ရလည်း ရတယ် ။ အချိန်ကာလကလည်း စီးပွားရှာလို့ကောင်းတဲ့ အချိန်ဆိုတော့ နေသာတုန်း အ၀တ်လှန်းရတော့တာ ကလား ။
ကျုပ် ဘိလပ်မြေ ရောင်းတယ် ၊ ၀ယ်တယ် ၊ ကောက်တယ် ၊ ထုတယ် ၊ အင်ရိုက်တယ် ။ သံချောင်းတွေ ရတဲ့ဆီက ၀ယ်တယ် ၊ ရောင်းတယ် ။ လူတွေက ကျုပ်ကို နာမည်တောင် မခေါ်တော့ဘူး ။ ကိုမာ....တဲ့ ။
သည်အိမ်ဆောက်ပစ္စည်းတွေကို ''ကုန်မာ'' လို့ ခေါ်ကြရာက ကျုပ်ကိုလည်း ကိုမာတဲ့ ၊
ကိုသံချောင်းတဲ့ ။ ခေါ်လေ...ဘာဖြစ်လဲ ၊ ပဲ့ပါသွားတာမှတ်လို့ ။
နေဦး စကားပြတ်သွားတယ် ။ စောစောက ကျုပ်ပြောခဲ့တာက ကျုပ် ပေါင်မချိန်တာ ကြာပြီ ။ နှစ်ကို တော်တော်ကြာပြီ ထင်တာပဲ ။ အဲ နေဦး ၊ အဲသည်ညနေကတော့ ကျုပ်ပေါင်ချိန်ဖြစ်သွားတယ် ။ သိန်း ၂၀လောက်တန်တဲ့ ကျုပ်ကားကို ပန်းဆိုးတန်းလမ်းထဲ ရပ်ထားရင်းက ကိစ္စတစ်ခုနဲ့ လမ်းဆင်းလျှောက်ရင်း ပေါင်ချိန်မယ့် နေရာလေးကို ကျုပ်ရောက်လာတယ် ။
ပန်းဆိုးတန်းလမ်းထောင့်က လက်ဖက်ရည်ဆိုင်ဘေးကွေ့ကလေးမှာပါ ။ မှောင်ကလည်း မှောင်နေပြီ ။ တော်တော်လေးကိုပဲ မှောင်နေပြီ ။ ပေါင်ချိန်တဲ့လူက အသက်ကြီးကြီး မှုန်ကုပ်ကုပ် ။ သူ့ပေါင်ချိန်သံချေးတက်ကလေးကို ဆေးသုတ်ထားတယ် ။ ဒါကလည်း ဖယောင်တိုင်မီးရောင်ကြောင့် ကျုပ်သိတာပါ ။ ပေါင်ချိန်မယ့် သူဆိုတာက တော်တော့်ကို စိတ်ကူးတည့်မှ ချိန်တာ မဟုတ်လား ။
သူ့မှာ ကျုပ် ထင်သလောက်တော့ ဈေးဦးတောင် မပေါက်သေးဘူးလို့ ထင်တာပဲ ။ သူကိုယ်တိုင်ကလည်း လူတွေကို မျှော်လင့်တကြီး စောင့်ကြည့်ပြီး ၊ သူ့ပေါင်ချိန်ကိရိယာလေးပေါ် ဘယ်သူ ခြေအစုံ လာရပ်မလဲ ဆိုတာကို စောင့်နေတာမျိုးတော့ မဟုတ်ပါဘူး ။
ကမ္မသကာပဲ ၊ ရသလောက်ပဲ ။ တစ်ကျပ်ရရ ၊ နှစ်ကျပ်ရရ ရသလောက်နဲ့ ပြန်တော့မယ်ဆိုတဲ့ ပုံမျိုး ။
ကျုပ်စိတ်ထဲလည်း သည်ပေါင်ချိန်လေးကို အာရုံကျသွားတယ် ။ ဘိလပ်မြေမှုန့်တွေ ၊ သံချောင်းပုံတွေကြားမှာ ဖွေးခနဲ ၀င်လာတဲ့ ငွေစက္ကူတွေကြားမှာ တခြားအာရုံတွေကို ကျုပ် အမှတ်ထင်ထင် ဖြစ်ခဲ့တယ် ။
ကနေ့တော့ ကျုပ်ဘ၀ရဲ့ အပြောင်းအလဲနဲ့ပဲ တူပါတယ် ။ ပေါင်ချိန်ကလေးကို အာရုံကျသွားတယ် ။ ပေါင်ချိန်လိုက်ဦးမယ်ပေါ့လေ ။ ပေါင်ချိန်ကိရိယာလေးပေါ် မတ်တပ်ရပ်လိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ် ။ ကျုပ်ရဲ့ ကိုယ်ခန္ဓာကြီး တစ်ခုလုံးကို သည်ကိရိယာလေးပေါ် တက်ရပ်လိုက်တာနဲ့ သည်ကိရိယာလေးက ကိန်းဂဏန်းတစ်ခုကို သူ့မှာပါတဲ့ လက်တံကလေးက ဒေါင်းခနဲနေအောင် ပြတော့မယ် ။
အဲသည် ကိန်းဂဏန်းကိုပဲ ကျုပ်သိချင်တာ ။ ဘယ်နှပေါင်တောင် ကျုပ်လေးနေပလဲ ။ ပေါင် ၁၇၀ လား ၊ ၂၀၀ လား ၊ ၂၂၀ လား ၊ ဒါမှမဟုတ် ၂၅၀ လား ၊ ဒါပဲ ကျုပ်သိချင်တာ ။ကျုပ်ရဲ့ စူထွက်နေတဲ့ ဗိုက်သား ၊ အထစ်သုံးထစ် ဖြစ်နေတဲ့ ကုပ်သား ၊ ကြီးမားတဲ့ လက်ဖျံကြီးတွေနဲ့ ခြေသလုံးတွေ ၊ မည်းပြောင်နေတဲ့ အသားအရေနဲ့ ဆင်ပေါက်တစ်ကောင်လို ကိုယ်ခန္ဓာကြီးဟာ ဘယ်လောက်တောင်လေးလံနေပြီလဲ ။
ကျုပ်သိချင်လိုက်တာ ၊ ကျုပ်ရဲ့ ခြောက်ရာကျော်ကျော်တန်တဲ့ မန္တလေးဖြစ် ခြေညှပ်ဖိနပ်ကို အသာချွတ်လိုက်တယ် ။ ပေါင်ချိန်ကလေးပေါ်ကို ကျုပ် တက်ဖို့ တာစူလိုက်တယ် ။
ပေါင်ချိန်ကလေးကို ငုံ့ကြည့်ရင်းက ငေးငိုင်နေတဲ့ အဘိုးကြီးက ကျုပ်ဖိနပ် ချွတ်လိုက်တာကို မြင်လိုက်တော့ ဖျက်ကနဲ လန့်သွားတယ် ။ သူ့ဖောက်သည်တစ်ယောက် သူရှေ့မှာရောက်နေပါလားဆိုတာကို ၀မ်းသာအားရ အသိအမှတ်ပြုလိုက်တယ် ။ အ၀တ်စုတ်ကလေးတခု ကောက်ယူပြီး ပေါင်ချိန်ကိရိယာလေးကိုတောင်
သုတ်ပေးရှာပါသေးတယ် ။ ပြီးတော့ ဖယောင်းတိုင်တိုလေးကို နုတ်ယူလိုက်တယ် ။
ဂဏန်းတွေကို ဖတ်ဖို့ပါ ။
သူ့ဘက်က အသင့်ဖြစ်ပြီဆိုတာ ကျုပ်သိလိုက်ပါတယ် ။ ပေါင်ချိန်ပေါ်ကို ကျုပ်တက်လိုက်တယ် ။ ကျုပ် ခြေဖ၀ါးနှစ်ဖက်အောက်မှာ ပေါင်ချိန်ကလေးဟာ ပျောက်နေတယ် ။ ကျုပ်လည်း ဟန်ချက်ညီညီ အသားတကျ ရပ်နေမိပြီ ဆိုတော့မှ အဘိုးကြီးက သူ့ပေါင်ချိန် မှန်ကွက်ထဲက အလန့်တကြားပြေးထွက်သွားတဲ့ ညွှန်တံ မည်းမည်းကလေးကို ဖယောင်းတိုင်မီးလေးနဲ့ လိုက်ဖတ်တယ် ။ မရနိုင်ပါဘူး ။ ဘယ်လိုမှကို ဖတ်မရနိုင်တော့ဘူး ။ အဲသည် ညနေက စပြီး ကျုပ်ဘ၀မှာ မထင်မှတ်တာတွေ ဖြစ်လာခဲ့တာပဲ ။
အဲသည်ကတည်းက ကျုပ်ဟာ ကမ္ဘာလောကကြီး တစ်ခုလုံးမှာ ဘယ်လူသားမှ မဖြစ်ခဲ့ဖူးတဲ့ ရောဂါဆန်းတစ်ခုကို ကျုပ်ရလာခဲ့တာပဲ ။ သည်ရောဂါကြောင့်ပဲ နောင်အခါမှာ နိုင်ငံတော်တော်များများက ဆေးဘက်ဆိုင်ရာ ပါရဂူကြီးတွေဟာ ကျုပ်တို့တိုင်းပြည်ကို အခေါက်ခေါက်အခါခါ ရောက်လာခဲ့ကြတယ် ။
ကျုပ်ကို အမျိုးမျိုး စမ်းသပ်စစ်ဆေးခဲ့ကြတယ် ။ ထင်မြင်ချက်တွေ ပေးခဲ့ကြတယ် ။ ရောဂါနာမည် တပ်ခဲ့ကြတယ် ။ အဲသည်ညနေက ပေါင်ချိန်တဲ့ အဘိုးကြီးဟာ သူ့ဖယောင်းတိုင်မီးလေးနဲ့ ညွှန်တံကလေးကို ဖတ်ဖို့ကြိုးစားတုန်းမှာပဲ ကျုပ်ရောသူပါ ဘယ်လိုမှ မထင်တာတွေ ဖြစ်သွားခဲ့တယ် ပြောပါတော့ ။
တိုတိုပဲ ပြောပါစို့ ။ ပေါင်တစ်ခါချိန် ၁ ကျပ်လို့ ရေးထားတဲ့ ပေါင်ချိန်ခကို ကျုပ် အဲသည် ညနေက ငွေ ၈၀၀ ပေးခဲ့ရတယ် ။ နှစ်ရာတန် လေးချပ်ပေါ့ ။ မပေးလို့လည်း မရဘူး ။ သူ့ပေါင်ချိန်ကလေးဟာ ကျုပ်လည်းတက်လိုက်ရော ညွှန်တံက တအားပြေးထွက် သွားတယ် ။ ထွက်သွားတာမှ အတွင်းထဲကို တခါတည်း ၀င်သွားတာ ၊ ပြန်မထွက်လာတော့ဘူး ။
ကျုပ်လည်း အလန့်တကြား ဆင်းလိုက်တယ် ။ ကျုပ် အာရုံထဲမှာလည်း ခြေဖ၀ါးတွေဆီက တခုခုကို ရနေပြီလေ ။ ထင်တဲ့အတိုင်းပါပဲ ။ ပေါင်ချိန်ကလေးဟာ ကျုပ်လည်း ဆင်းလိုက်ရော ၊ တစစီ ကြေမွနေပြီ ။ အရိုးတခြား အသားတခြား ဖြစ်သွားခဲ့ပြီ ။
'ခင်ဗျား ပေါင်ချိန်စက် ဘယ်လောက်ပေးရသလဲ'
အဘိုးကြီးက တခြားကမ္ဘာတစ်ခုက ဥက္ကာခဲတစ်ဖဲ့ ၀င်ဆောင့်ခံလိုက်ရသလိုမျိုးနဲ့ ကျုပ်ကို မော့ကြည့်တယ် ။ အံ့သြကြီးစွာနဲ့ ကျုပ်ကို မော့ကြည့်တယ် ပြောပါတော့ ။
'ငါးရာပါ ၊ အဟောင်းကလေး ၊ မိတ်ဆွေတစ်ယောက်ဆီက ကျွန်တော်....'
သူဘာတွေ ပြောနေတာလဲ ကျုပ်သတိတောင် မထားမိတော့ပါဘူး ။
စက်ဖိုး ငွေရှစ်ရာ ပေးထားခဲ့တယ် ။ ပြီးတော့ ပထမဦးဆုံးအကြိမ် ကျုပ်ကိုယ်တိုင် တုန်လှုပ်ချောက်ချား သွားခဲ့ရတယ် ။ ကျုပ်ရင်ထဲ မကောင်းတာ တစ်ခုကလည်း ကပ်ပါလာသေးတယ် ။ ကျုပ်ကိုယ်ကျုပ် ဘယ်လောက်လေးလံတယ်ဆိုတာ ကျုပ်မသိလိုက်ရတာပဲ ။ ဒါထက်ဆိုးတာက ကျုပ်နှလုံးတွေ တဆတ်ဆတ်တုန်ခါနေတာပါပဲ ။
ကျုပ်နေတဲ့ တိုက်ရှေ့ရောက်လို့ ကျုပ် ကားပေါ်က ဆင်းလိုက်တော့လည်း တစ်ခု သတိထားမိသွားတယ် ။ ကျုပ်လည်း ဆင်းလိုက်ရော ကျုပ်ကားလေးဟာ လေးလံတဲ့ တစ်စုံတစ်ခု ဖိထားရာက လွှတ်လိုက်သလို မြင့်တက်သွားတယ် ဆိုတာကို ဒရိုင်ဘာကတောင် သတိထားမိသွားတယ်နဲ့ တူပါတယ် ။ ကျုပ်ကို လှည့်ကြည့်တယ် ။ ကျုပ်က တိုက်ပေါ်မတက်သေးပဲ ခြံဝင်းအနောက်ဘက်က ဂိုဒေါင်တွေဘက်ကို သွားတယ် ။ အင်မတန်ကြီးမားတဲ့ ဂိုဒေါင်ကြီးလေးလုံးနဲ့ အပြည့်လှောင်ထားတဲ့ ဘိလပ်မြေအိတ်တွေကို ကျုပ် သွားကြည့်ချင်သေးတာကိုး ။
အဲသည် အရသာကို ကျုပ် ခံချင်သေးတယ် ။ ဒါလည်း ကျုပ်ရဲ့ အစွဲအလမ်းထဲက တစ်ခုပေါ့လေ ။ ဂိုဒေါင်ထဲမှာ အမိုးထိအောင် ပြည့်နေတဲ့ ဘိလပ်မြေအိတ်တွေဟာ မြင်မကောင်းဘူး ။ ပြည်တွင်းဖြစ် ဘိလပ်မြေတွေက ပိုများပါတယ် ။ ပြည်တွင်းဖြစ်မှာမှ ကြံခင်း ၊ သရက် ၊ မြိုင်ကလေးက သူ့အပုံနဲ့သူ သတ်သတ်ခွဲထားတယ် ။ နိုင်ငံခြားဖြစ် ဘိလပ်မြေက ဂိုဒေါင်တစ်လုံး သတ်သတ်ထားတယ်။ နိုင်ငံခြားဖြစ်လည်း ဂိုဒေါင်အပြည့်ပါပဲ ။
'ဘယ်လောက်ရောင်းသလဲဟေ့"
'ငါးရာ့နှစ်ဆယ်ပါပဲ'
'အေး ကောင်းတယ်'
'ကနေ့ အထွက် အိတ်လေးထောင်ကျော်တယ် ဆရာကြီး'
'အေး ကောင်းတယ်'
'သံချောင်းက တစ်ကျပ်လုံးတွေ ထပ်ရောက်လာတယ် ၊ ထားစရာ မရှိတော့ဘူး ၊ နေရာရွှေ့ချင်တယ်'
'မရွှေ့နဲ့ ၊ နက်ဖြန် ကားတွေ လာယူလိမ့်မယ် ၊ တန် ၂၀၀ လောက်အထွက်ရှိတယ်...ကြားလား'
'ဟုတ်ကဲ့ ဆရာကြီး'
ကျုပ်က ဘိလပ်မြေဂိုဒေါင် အတွင်းပိုင်းကို ၀င်လိုက်တယ် ။ မီးတွေ ထိန်နေအောင် ထွန်းထားတဲ့ ကွက်လပ်ထဲမှာ အလုပ်သမား ၃.၄၀ လောက်ဟာ ဘိလပ်မြေမှုန့်တွေကို အိတ်သွတ်နေတယ် ။ ကြမ်းပြင်တစ်ခုလုံးမှာ ဘိလပ်မြေမှုန့်တွေ မြင်မကောင်းဘူး ။ ကျုပ်စိတ်ထင် ခြေသလုံး တစ်မြုပ်စာလောက် ရှိမယ် ။
ဂေါ်ထိုးတဲ့သူက ထိုး ၊ အိတ်ချုပ်တဲ့သူက ချုပ်ပေါ့လေ ။ မိန်းမတွေကတော့ ခဲနေတဲ့ ဘိလပ်မြေတုံးတွေကို ထုချေနေကြတယ် ။
'အိတ်ပြဲတွေ များလို့လား ၊ အိတ်ပြဲကို ဘာလို့လက်ခံတာလဲ '
'အိတ်ပြဲတွေချည်း တော့ မဟုတ်ပါဘူး ၊ နွံမှုန့်တွေလည်း ပါပါတယ်'
'အင် နှစ်တန်လောက် လိုချင်တဲ့လူရှိလို့တဲ့'
'အိတ်ကလေး လေးဆယ်ဝယ်မယ့်သူကို ဒါတွေ လုပ်ပေးမနေနဲ့ ကြားလား ၊ အလကား အလုပ်ဂှုပ်ခံလို့ ။ အိတ်တွေ သွတ်ပြီးချိန်ကြဦးဟေ့ ၊ ပိုနေဦးမယ်'
'ဟုတ်ကဲ့ ဆရာကြီး'
မျောက်ထီး ၊ မျောက်မတွေလို မျက်ကွင်းလေးတွေပဲ ပေါ်နေတဲ့ ဘိလပ်မြေအိတ်သွတ် ၊ အိတ်ထမ်း ၊ အိတ်ရွှေ့ အလုပ်သမားတွေကို ကျောခိုင်းပြီး သံချောင်းပုံဘက်ကို ထွက်လာခဲ့တယ် ။
စက်ရုံထွက် အစည်းလိုက် ပက်ကင်ထုပ် သံချောင်းစည်းတွေပေါ်ကို ကျုပ်တက်လိုက်သည်။ လှေကားလို ဖြစ်နေတဲ့ သံချောင်းထုပ်တွေဟာ ကျုပ်တက်လိုက်တိုင်း ညွှတ်ခနဲ ညွှတ်ခနဲ အိကျသွားတာကို ကျုပ်သတိတော့ ထားမိသား ။ ဘာရယ်လို့ မဟုတ်ဘူး ၊ သည်လိုပဲ သံချောင်းတွေပေါ် တက်လိုက် ၊ ဘိလပ်မြေဂိုဒေါင်တွေကို တံခါးဖွင့်ခိုင်းပြီး ဘိလပ်မြေမှုန့်တွေကို အူထနေတဲ့ ဂိုဒေါင်တွေကို ကြည့်လိုက်...နေရတာဟာ ကျုပ်အဖို့ အရသာလေ ။
သည်အရသာကို ဘာနဲမှ ကျုပ်မလဲနိုင်ဘူး ။
အခုဆိုရင် ကျုပ်ရဲ့ ဘိလပ်မြေနဲ့ ကျုပ်ရဲ့ သံချောင်းတွေဟာ နေရာတော်တော်များများမှာ သုံးနေကြပြီလေ ။
ကျုပ်အတွေးနဲ့ကျုပ် သံချောင်းပေါ်က ဆင်ုးလိုက်ရော ၊ ကျုပ် ဟန်ချက်ပျက်သွားတယ် ။ လဲမလိုဖြစ်သွားတယ် ။ ဒါကို အနားက ကျုပ်တပည့်မောင်သောင်းက သတိထားမိလို့ ကျုပ်ကို လှမ်းတွဲလိုက်တယ် ။ ထိန်းလိုက်တာပါ ။ ဒါပေမယ့် သူ ကျုပ်ကို မနိုင်ဘူး ။ ကျုပ်ကိုယ်တိုင် သူ့ကိုယ်ပေါ်ကို ပိလဲကျသွားတယ် ။
ကျုပ်ကတော့ ဘာမှမဖြစ်ပါဘူး ။ နည်းနည်းလေး လန့်သွားရုံပါ။ မောင်သောင်းကတော့ ပေါင်ကျိုးသွားရှာတယ် ။ ဒါကလည်း သိပ်ပြဿနာမရှိပါဘူး ။ ကားငှားပြီး ဆေးရုံပို့လိုက်ရုံပါပဲ ။ မောင်သောင်းကိစ္စပြီးလို့ ကျုပ်အိမ်ပေါ်တက်တဲ့ လှေကားထစ်တွေပေါ်မှာတော့ မောင်သောင်းပြောသွားတဲ့ စကားကို ကျုပ်က ရယ်ချင်တယ် ။ သူကတော့ ထိတ်လန့်တကြားပြောသွားတယ် ။
'ဆရာကြီး ကိုယ်ခန္ဓာက သိပ်လေးတယ် ။ ဆရာကြီး ကျွန်တော်ကို နင်းလိုက်တာ ဆင် နင်းလိုက်သလား မှတ်ရတယ်'
တိုက်ပေါ်ရောက်တော့ ဒရင်းဘက်ပေါ်ကို လှဲချလိုက်တယ် ။ ကျုပ်ဟာကျုပ်လည်း စဉ်းစားတယ် ။ ကနေ့ ဘာဖြစ်နေတာလဲ ။ ကနေ့မှ ငါ ဘာကြောင့် လေးလံနေတာလဲ၊ ငါ့ကိုယ်ငါတော့ လေးလံမှန်း မသိပါလား ။ ခါတိုင်းလိုပါပဲ ၊ ပေါ့ပေါ့ပါးပါးပါပဲ ၊ ဆေးရုံရောက်သွားတဲ့ ကောင်ကော အခြေအနေ ကောင်းပါ့မလား စသဖြင့်ပေါ့လေ ၊ တွေးနေဦးမှာပါပဲ ။
ကျုပ်ထိုင်နေတဲ့ ဒရင်းဘက်ရဲ့ သံမဏိချောင်းထောက်တွေဟာ ဆန့်ခနဲ ညွှတ်ကျသွားတယ် ။ သံမဏိနဲ့ မဟုတ်ဘဲ ကြီမ်နဲ့ လုပ်ထားတဲ့ ကုလားထိုင် တစ်လုံးလိုပဲ ညွှတ်ကျသွားတာ ။ သက္ကလတ်အခင်းဟာလည်း ပြဲပေါက်ပြီးတော့ ကျုပ်ခန္ဓာကိုယ်ကြီး တစ်ခုလုံး ကျွံကျသွားတယ် ။
'ဟော အစ်ကိုကြီးလဲကျသွားပြီ'
ရေခဲစိမ် coke တစ်ဘူးကို ယူလာတဲ့ အိမ်ဖော်မလေးရဲ့ အသံက တအားစူးထွက်လာတယ် ။ ခဏနေတော့ ဂိုဒေါင်ဘက်က အလုပ်သမားတွေရောက်လာကြတယ် ။ ၁၀ယောက်လောက်ရှိမယ် ထင်ပါရဲ့ ။ ကျုပ်ကို မရွေှ့ဖို့ ကြိုးစားကြတယ် ။ အလုပ်သမားကြီး ၁၀ ယောက်လောက်က ၀ိုင်းမလို့ ကျုပ်ခုတင်ပေါ် ရောက်သွားတယ် ။ ကျုပ်ရဲ့ ခန္ဓာကိုယ်ကို မ နေတုန်းမှာ သူတို့ဟာ သတ္တုတုံးကြီး တစ်တုံးကို မ ရွှေ့ရသလို ချွေးပြန်နေကြတာကိုလည်း ကျုပ် သတိထားမိရဲ့ ။
ဘာဖြစ်နေတာလဲ ၊ ဘာဖြစ်နေတာလဲ ၊ ဘာတွေဖြစ်ကုန်ပြီလဲ ။ အဲသည်တုန်းမှာ တရားရိပ်သာက ပြန်လာတဲ့ ကျုပ်မိန်းမရဲ့ အသံကို ကျုပ်ကြားလိုက်တယ် ။ ကျုပ်ရှိရာ ခုတင်ဆီကို စိုးရိမ်တကြီး အူယားဖားယားပြေးလာတယ် ။ ကျုပ်နဖူးပေါ်က ချွေးတွေကိုလည်း သူ့လက်ကိုင်ပ၀ါအဖြုလေးနဲ့ တယုတယ သုတ်ပေးရှာတယ်။
' ဘယ်လိုဖြစ်တာလဲ ကိုကိုရယ်'
ကျုပ်မိန်းမရဲ့ အံ့သြတကြီး လန့်အော်လိုက်တဲ့ အသံကို ကျုပ် ဘယ်တော့မှ မမေ့နိုင်တော့ဘူး ။ ကျုပ်နဖူးက ချွေးတွေကို သုတ်လိုက်တော့ လက်ကိုင်ပ၀ါမှာ ပေကျံကုန်တာ ချွေးတွေ မဟုတ်ဘူး ။ ဘိလပ်မြေ နဲ့ သံချေးမှုန့်တွေရောထားသလို ဖြစ်နေတဲ့ ဖြူညစ်ညစ် အမှုန့်တွေ ။
' ဘုရား....ဘုရား'
ခက်တာက ကျုပ်ကိုယ်တိုင်တော့ ဘာမှ ထူးထူးခြားခြား ဖြစ်မနေပါဘူး ။ သာမာန်သူလို ကိုယ်လိုပါပဲ ။ စားစားနေနေပါပဲ ။ စားလို့လည်း ကောင်းနေတုန်းပါပဲ ။ နေရထိုင်ရတာလည်း ပေါ့ပေါ့ပါးပါးပဲ ။
ဒါပေမယ့် ကျုပ်မိန်းမက သိတယ် မဟုတ်လား ။ ပိုက်ဆံလည်း ရှိတော့ သူများထက်ပိုတယ် ။ သူများထက် အဖြစ်သည်းတယ် ။ သီတင်းသုံးပတ်အတွင်းမှာ ကျုပ်ကို ဆရာဝန် ၂၀ လောက် ပြပြီးပြီ ။ ထိုင်နေရင်းက ဒရင်းဘက် ကျွံကျတဲ့ ရောဂါဆိုတာကို အခြေခံပြီး ကုတာဆိုတော့ ဘာမှလည်း မထူးခြားဘူးလေ ။ ပိုက်ဆံတွေသာ ထောင်နဲ့ သောင်းနဲ့ ချီကုန်သွားတယ် ။ ဆရာဝန်တွေသာ ပြောင်းသွားတယ် ။ ဆရာဝန်တွေလည်း ဘာမှ မပြောနိုင်ဘူး ။
ကျုပ်လည်း ကျုပ်မိန်းမ စိတ်ချမ်းသာရင်ပြီးရော နေလိုက်တာပါပဲ ။
ကုချင်သေးတယ် ဆိုတော့လည်း ကုပေါ့ ။ ခွင့်ပြုပါတယ် ။ ဒါပေမယ့် နှစ်ဆယ်တစ်ယောက်မြောက် ဆရာဝန်ကတော့ ကျုပ်ကို ထူးထူးခြားခြား တစ်ခုလုပ်ခိုင်းတယ် ။ ဓာတ်မှန်ရိုက်ခိုင်းတာပါ ။
ကျုပ်က ဒါတွေလည်း သိပ်နားမလည်ပါဘူး ။ ကျုပ်မိန်းမက အာလ်ထရာဆောင်း မဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူးတဲ့ ၊ ဓာတ်မှန်ပဲ ရိုက်ပါတဲ့ ။ ဆရာဝန် စိတ်ချမ်းသာအောင် ကျုပ် အရိုက်ခံလိုက်ပါတယ် ။ ရိုက်တာမှ တကိုယ်လုံးကို အပိုင်းလိုက် အရိုက်ခံလိုက်ပါတယ် ။ ဦးခေါင်း ၊ ရင်ညွှန့် ၊ ကျောပြင် ၊ ခါးအောက်ပိုင်း ၊ ခြေ ၊ လက် အားလုံးကို အပိုင်းလိုက် ရိုက်တာပါ ။
အဲသည်မှာတင် ဓာတ်မှန်တွေကို ကြည့်ပြီး ရောဂါနာမည် တပ်မယ့် ဆရာဝန်ဟာ သူကိုယ်တိုင် လူနာ ဖြစ်သွားတော့တာပါပဲ ။သူ့နဖူးပေါ်က ချွေးသီးတွေကပဲ ကျုပ်စိတ်ထင် လက်သန်းဖျားလောက် ရှိမယ်ထင်ပါရဲ့ ။
'ခင်ဗျားမှာ အင်မတန် ထူးဆန်းတဲ့ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံမျိုး ရှိနေတယ် ။ ကျွန်တော့် တစ်သက်မှာ မမြင်ဖူးတဲ့ ဖွဲ့စည်းပုံမျိုးပဲ ။ ကမ္ဘာအ၀ှမ်းက ဘယ်ဆရာဝန်လောင်းမှ ဆေးကျောင်းမှာ လက်တွေ့မသင်ခဲ့ရတဲ့ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံမျိုးပဲ '
'ဘာတွေဖြစ်နေလို့လဲဗျာ ၊ ပြောပါဦး'
ဆရာဝန်က ဓာတ်မှန်တွေကို အလင်းရောင်မှာ ထောင်ကြည့်ပြန်ရော ။ ပိုသေချာအောင်လို့နဲ့တူပါတယ်။ ပြီးမှ သူ့မှတ်ချက်ကို ပြောတယ် ။ ကျယ်ကျယ်လောင်လောင်ကြီး ။
'ခင်ဗျားရဲ့ အရိုးတွေက သာမာန်လူရိုးတွေ မဟုတ်ဘူး ။ သံချောင်းတွေကို တစ်ချောင်းနဲ့တစ်ချောင်း တေ့ပြီး ဂဟေ ဆော်ထားသလို ဖြစ်နေတယ် ။ သံချောင်းတွေကို ထိပ်ဆိုင်ပြီး မီးဂဟေနဲ့ တို့ထားသလို ဖြစ်နေတယ် ။ နောက်ပြီးတော့ ကိုယ်ခန္ဓာတစ်ခုလုံးမှာ အစက်အမှုန်လေးတွေ အများကြီးပဲ ။ ကြောက်စရာကောင်းလောက်အောင် များနေတယ် ။ ဒါ ဘာတွေဖြစ်နိုင်မလဲ ။ ကျွန်တော်လည်း မခန့်မှန်းတက်ဘူး '
'သံချောင်းတွေလို ဟုတ်လား '
'ဟုတ်တယ် ၊ ဓာတ်မှန်ထဲမှာ ကြည့်ပါလား ။ လိုအပ်တာထက် ပိုပြီးဖြူဖွေးနေတာတွေ ၊ အရိုးချင်းဆက်တဲ့ ကွိုင်နေရာတွေမှာ ဖုမရှိဘဲ သံချောင်းချင်း ဆက်ထားသလို ဖြစ်နေတာတွေ '
ကျုပ်မျက်လုံးထဲမှာတော့ တစ်ကျပ်လုံး သံချောင်းတွေကိုပဲမြင်နေတယ် ။ အစက်အမှုန်ကတော့ ဘိလပ်မြေမှုန့်တွေ များလား ။ဘိလပ်မြေဆိုတာ ထုံးကျောက်ကို မီးဖုတ်ထားတဲ့ အမှုန့်ကို ဂေါတန်ကျောက်မှုန့်နည်းနည်း နဲ့ ပေါင်းဆက်ထားတဲ့ ၊ အင်မတန်လေးလံတဲ့ အမှုန့်တွေ ဆိုတာလောက်တော့ ကျုပ်သိထားတော့ သည်အစက်အမှုန်တွေဟာ ဒါပဲ ဖြစ်ရမှာပေါ့ ။ ခက်တာက ကျုပ်က ဒါတွေကိုသာ အရောင်းအ၀ယ်လုပ်နေတာ ၊ ကျုပ်ကိုယ်တိုင် ရူမိစရာ အကြောင်းမှ မရှိတာ ။ ဘိလပ်မြေ ရောင်းနေပေမယ့် ဘိလပ်မြေမှုန့်နဲ့ ကျုပ်နဲ့က တခြားစီ ။ ဒါပေမယ့် ဓာတ်မှန်မှာ ဒါတွေပေါ်နေပြီ ဆိုတော့ ဆန်းမနေဘူးလား ။
ကျုပ်ခန္ဓာကိုယ်ဟာ တကယ်ပဲ သံချောင်းတွေနဲ့ တေ့ဆက်ထားပြီး
ဘိလပ်မြေနဲ့ ကျံထားတဲ့ ဖွဲ့စည်းပုံမျိုးလား ။ ကျုပ်ဟာ ကွန်ကရစ်နဲ့ လုပ်ထားတဲ့ လူသားလား ။
ဒါဟာ ဘယ်တုန်းက စ ဖြစ်တာလဲ ။
အခုမှ ဘာကြောင့် ဖြစ်လာရတာလဲ ။ ဒါဖြင့် အခုထိ ကျုပ်က ဘာလို့ အသက်ရှင်နေရသေးတာလဲ ။ ကျုပ် ဘာကိုမှ နားမလည်နိုင်တော့ပါဘူး ။ ဆရာဝန်ကတော့ မျက်လုံးတွေ တောင်တစ်လုံး ၊ မြောက်တစ်လုံးနဲ့ အိတ်ကလေးဆွဲပြီး ပြန်ထွက်သွားလေရဲ့ ။နောက်ထပ် သီတင်းကိုးပတ်လောက်မှာတော့ ကျုပ် ဆေးရုံပေါ်ကို တကယ်ရောက်နေပါပြီ ။ ၀န်ချီစက်နဲ့ မပြီး မတင်ရရုံတမည်ပါပဲ ။
နောက်ထပ်ရိုက်တဲ့ ဓာတ်မှန်တွေထဲမှာ အစက်အမှုန်တွေဟာ များသထက် များလာရာက ခန္ဓာကိုယ်တစ်ခုလုံး ပြည့်နှက်သွားတယ်လို့ ဆိုတယ် ။
ကျုပ်ခြေထောက် အောက်ပိုင်း ခြေမျက်စိလောက်ထိဟာ လှုပ်ရှားလို့ မရဘဲ ဖြစ်သွားတယ် ။သည်မှာတင် ကျုပ် ဆေးရုံရောက်လာတာပါပဲ ။ ရောဂါရှာဖွေရေးဌာနက ကျုပ်ရဲ့ အသားတစ်သျှူးအစတွေကို ဓာတ်ခွဲ ကြည့်တဲ့အခါ ထုံးဓါတ်နဲ့ ဂေါတန် ကျောက်မှုန့်တွေကိုသာ တွေ့ရတဲ့အကြောင်း ၊ လူရဲ့ ပါဝင်နေကျ အသားဓာတ် ကလာပ်စည်းတွေဟာ တဖြည်းဖြည်း ခြောက်သွေ့ကုန်တဲ့အကြောင်း ၊ ရေဓာတ်ဟာလည်း ခန်းခြောက်သထက် ခန်းခြောက်လာတဲ့ အကြောင်းကို အေးခဲမသွားသေးတဲ့ ဦးနှောက်ကတဆင့် ကျုပ်ကြားသိခွင့် ရနေသေးတာကိုပဲ ကျုပ်ကျေးဇူးတင်နေရသေးတယ် ။
ကျုပ်ရဲ့ ရောင်းဝယ် ဖောက်ကားမှုကိုလည်း ကျုပ်မိန်းမဟာ ဦးဆောင်ပြီး လုပ်နေရတုန်းပါပဲ ။အမိုးထိပြန့်နေတဲ့ ဘိလပ်မြေအိတ်တွေ ၊ မြင်မကောင်းအောင် ဟည်းထနေတဲ့ သံချောင်းပုံတွေဟာလည်း ခါတိုင်းလိုပါပဲ ။ ကျုပ်ရဲ့ လုပ်ငန်းခွင်မှာ သံချောင်းတွေ ၊ ဘိလပ်မြေတွေ ၀င်လိုက် ထွက်လိုက် ၊ ငွေစက္ကူတွေဟာ ဖွေးခနဲ ဖွေးခနဲ ၀င်လာလိုက် ဖြစ်နေတုန်းမှာပဲ ။ ကျုပ်ဟာ ဆေးရုံရဲ့ အထူးမှန်လုံခန်းထဲမှာ ကျောက်တုံးကြီးတစ်တုံးလို ငြိမ်သက်နေရပါ့ပေါ့လား ။နောက်ထပ် သိတင်းလေးပတ်လောက်မှာ ရေမလောင်းပဲ ပစ်ထားတဲ့ မဆလာ(ဘိလပ်မြေသရိုး) တွေလို ခြေမျက်စိအောက်ပိုင်းဟာ ကြွေကျကုန်တယ် ။ ကျုပ်ရဲ့ နှလုံးကတော့ လှုပ်နေတုန်းပါပဲ ။
ကျုပ်ရဲ့ နှုတ်ခမ်းတွေကလည်း လှုပ်နေတုန်းပါပဲ ။ ဒါပေမယ့် အသက်မ၀င်တော့ဘူး ၊ ရေမ၀င်တော့ဘူး ၊ မျက်ရည်ကျလို့ မရတော့ဘူး ။ ခံစားမှုကို ဘာနဲ့မှ ပြလို့ မရတော့ဘူး ။ တစ်ကိုယ်လုံးဟာ မာကျောသွားပြီ ။ဆေးရုံမျက်နှာကျက် ကျောက်ပြားတွေကိုပဲ ကျုပ်မျက်လုံးတွေ မျက်တောင် မပုတ်မခတ် ကြောင်တောင်တောင် ကြည့်နေတာကို ကျုပ်ငြိးငွေ့လှပြီ ။ သည်အချိန်မှာ စကားတစ်ခွန်း နှစ်ခွန်း စ ပြောချင်ပေမယ့် မရတော့ဘူးလေ ။
'ဒါပဲ ဆက်လုပ် ၊ သည်စီးပွားရေးကိုပဲ ဆက်လုပ် ၊ တခြားဟာကို မလုပ်နဲ့ ။ ဘိလပ်မြေနဲ့ သံချောင်းဟာ ဈေးကွက်က တောင်းဆိုနေတဲ့ အရာတွေ...ဒါပဲ'
ကျုပ်ရဲ့ ဇနီး ၊ သားသမီး ၊ မိတ်ဆွေသင်္ဂဟ ၊ ပုဂ္ဇိုလ် သူငါ ခွဲခြား နိုင်စွမ်းတောင် မရှိတော့အောင် ဖြစ်လာခဲ့တယ် ။ နိုင်ငံတကာက တစ်ယောက်စီ ၊ တစ်ဖွဲ့စီ လာလာကြည့်ကြတဲ့ ၊ စမ်းသပ်ကြတဲ့ ၊ သုတေသန ပြုကြတဲ့ ဆရာဝန်တွေလည်း ချွေးသီးချွေးပေါက်တွေ ကျပြီး ပြန်ကုန်ကြပြီကော ။
၂၀ ရာစု နှောင်းပိုင်း ဆေးပညာဟာ ကျုပ်ကို ဘာမှန်းမသိတဲ့ ဝေဒနာအဖြစ် ၊ နာမည်တပ်လို့မရတဲ့ ရောဂါအဖြစ်သာ ကင်ပွန်းတပ်နိုင်ကြတော့တယ် ။ သည်လိုနဲ့ပဲ အေးခဲမာကျောစွာ ကျုပ်သေဆုံးသွားခဲ့ရတယ် ပြောပါတော့ ။ သည်လိုနဲ့ ကျုပ်ရဲ့ အသုဘ အခမ်းအနားမှာ အသုဘယာဉ် ရှေ့ကမဟုတ်ဘဲ ၀န်ချီစက်ရှေ့က သွားနှင့်နေရတာကို လူတွေက တအံ့တသြ မြင်နေကြရတယ် ။
ကျုပ်ရဲ့ ခန္ဓာကိုယ်ကြီး တစ်ခုလုံးဟာ ကွန်ကရိတုံးကြီး တစ်တုံးဘ၀ ပြောင်းသွားခဲ့လို့သာ သေတယ်လို့ ပြောကြပေမယ့် ၊ ကျုပ်မှာ အသိအာရုံတွေ ရှိနေသေးတာကို ကျုပ်ဟာ ကျုပ်ပဲ သိတယ်။
ကျုပ် မသေသေးဘူးဆိုတာကို ကျုပ်ဟာ ကျုပ်ပဲ သိတယ် ။ ခန္ဓာကိုယ်ကြီးက သေသွားပြီ ဆိုပေမယ့် ကျုပ်ရဲ့ နာမ်ဓာတ်က ရှင်သန်နေတုန်းဆိုတာကို ကျုပ်ပဲ သိနေတယ် ။ တကယ်တော့ ကျုပ်ဟာ သေကောင်ပေါင်းလဲ မေ့မြောနေတာပါ ။
ဆေးပညာ အလိုအရတော့ ကိုမာ (coma)ဖြစ်နေတာပေါ့လေ ။ ကျုပ်ကိုလည်း ကိုမာလို့ ခေါ်နေကြတော့ ကိုမာရဲ့ coma ပေါ့လေ ။
ကျုပ်တခုပဲ ကြောက်တယ် ။ ကျုပ်ရဲ့ အုတ်ဂူကို ကျုပ်မိန်းမက ကျုပ်ရောင်းတဲ့ ဘိလပ်မြေနဲ့ လုပ်လိုက်မှာကိုပဲ ၊ ကျင်းကို ခပ်တိမ်တိမ် တူးပြီး မြှုပ်လိုက်မှာကိုပဲ ။ စဉ်းစားကြည့်လေ ။
လူတစ်ကိုယ်လုံး သံချောင်းတွေနဲ့ သေဆုံးသွားတယ် ဆိုတဲ့ လူတစ်ယောက်ရဲ့ အလောင်းကို သံချောင်းဝယ်သူတွေ အလွယ်တကူ တူးဖော်ပြီး တစ်စစီ တစ်ဖဲ့စီ ရိုက်ချိုးနေကြရင် ဘယ့်နှယ်လုပ်မလဲ ။ ကျုပ်ကိုယ်ခန္ဓာ အပေါ်ယံ အင်္ဂတေတွေကို တူကြီးကြီးနဲ့ ရိုက်ခွာပြီး အထဲက သံချောင်းတွေကို ယူသွားကြရင် ဘယ့်နှယ်လုပ်မလဲ ။
လူတွေက ဘိလပ်မြေဆိုရင် သားရဲ မင်းရဲ စီးနေကြတာ ။ သံချောင်းဆိုရင် ကျားစီးဖားစီး ဖြစ်နေကြတာကလား ။
ကျုပ် ဒါပဲ ကြောက်တယ် ။
နေ၀င်းမြင့်
No comments:
Post a Comment