ကြက်တူရွေး
လူကတော့ လူပါပဲ။ အသားအရေက ပြာတာတာ ဖြစ်လာတာရယ် ၊ နှုတ်ခမ်းက ရှေ့ကို နည်းနည်းထော်ထွက် လာတာရယ်ကို ကြည့်ပြီး ပြောကြတာ။ အသိသာဆုံးကတော့ အသံ လုံးဝပြောင်းသွားတာပါ။ ဂစ်ဂစ်ဂဲဂဲနဲ့ လူစကားမပြောတော့တာမျိုး ၊ လူသံသူသံနဲ့ လုံးဝမတူတော့တာလည်း မဟုတ်ဘူး။ ဘယ်လိုပြောရမလဲ ၊ အသံပြောင်းသွားတာ ။ အစ်တစ်တစ် စူးသြသြ ပြောင်းသွားတာ။ သည့်ထက် သိသာတာကတော့ စကားကို နှစ်ခါ နှစ်ခါထပ်ပြောတက်တာပါပဲ။
သည်အချက်တွေကို ကြည့်ပြီးလူတွေက ကိုကျောက်တုံး ကြက်တူရွေးဖြစ်သွားပြီလို့ ပြောကြတာပါ။
ကျန်တာကတော့ လူလိုဝတ်တာရယ် ၊ လူလိုစားတာရယ် (ငရုတ်သီးတော့ ကြိုက်သွားတာ သိသာတယ်) ၊ လူလိုပဲ သွားတာ လာတာကလည်း အရင်အတိုင်းပါပဲ။ပြီးတော့ ကြက်တူရွေးရယ်လို့ လှောင်အိမ်နဲ့ နေတာမျိုးတော့လည်း မဟုတ်ဘူးပေါ့လေ။
တရားခံက ကိုကျောက်တုံးသား သံခဲက စတာ။ သံခဲက သုံးနှစ်ပဲ ရှိသေးတဲ့ကောင်။ ပြီးတော့ သည်ကောင်က တစ်ယောက်တည်းရှိတဲ့သား။ စကားကလည်း တတ်တာ မပြောနဲ့တော့။ ဂျီကျလိုက်တာလည်း အရမ်းပဲ။ ပစ္စည်းတစ်ခု လိုချင်ပြီ ဆိုရင်လည်း မရမနေ ဇွဲခတ်နေတဲ့ကောင်။
သံခဲကို မွေးတော့ လင်မယားနှစ်ယောက်စလုံး ချစ်လိုက်ကြတာ ဘာပြောကောင်းမလဲ။ လင်ရယ် မယားရယ်လို့ ရှာထားတဲ့ စီးပွားလေးကလည်း ဘာပဲပြောပြော အဆင်ပြေနေတော့ သားသမီးလိုချင်လာရော ဆိုပါတော့။ ဒါပေမယ့် မရဘူး ။ ညားပြီး ၄,၅ နှစ်မှာကိုပဲ မရသေးဘူး။ ကိုကျောက်တုံးကပဲ မှားနေသလား။ သူ့မယား မတရုတ်မကပဲ လွဲနေသလားတော့ ဘုရားသခင်မှ သိမှာပေါ့လေ။
ဒါပေမယ့် သူတို့လင်မယားမှာ တူတဲ့အချက်က ကလေးလိုချင်တာပဲ ။ ဘိုးတော်ဆိုလည်း ပင့်လိုက်တာပဲ ။ သိဒ္ဓိရှင်ဆိုလည်း သူတို့အိမ် ကြွပြီးပြီ ။ ဘုန်းကြီးရဟန်းများလည်း ပင့်လို့ ဖိတ်လို့ ဆွမ်းလေးကျွေးလို့ ၊ တရားလေးနာလို့ လုပ်လှပြီ ။ ပရိတ်နာတာကလည်း ခဏခဏ ။ ရုက္ခစိုးစွမ်းတယ်ဆိုတဲ့ ညောင်ပင်မှာလည်း ပန်လိုက်ရတဲ့သားဆု ။
ရမယ့်ရတော့လည်း အလွယ်ကလေး ၊ ဘယ်လိုက ဘယ်လိုရမှန်း မသိဘူး ။ ဆံဖျားကနေ ခြေမထိ ကန်တော့ပါရဲ့ ။ မတရုတ်မ မိန်းမသဘာဝ ဥတုပန်းမပွင့်တဲ့ လမှာ ဆေးခန်းသွားပြတော့ ဆေးခန်းက သူ့ဆီးကို ပုလင်းလေး ထည့်ယူထားပြီး ၊ နောက်နေ့ကျ တစ်ခွန်းပဲ ပြောတယ် ။ ''ပေါ့ဇတစ်''တဲ့ ။ စာရွက်လေးတစ်ရွက်လည်း ပေးတယ် ။
သည်ပေါ့ဇတစ်ဆိုတာ လင်မယားနှစ်ယောက်စလုံး ဆေးခန်းကသာ ငွေ ၅၀ ပေးပြီး ပြန်လာရတယ် ။ ဘာမှန်း မသိဘူး ။ ဆေးခန်းအပြင် ရောက်မှ မတရုတ်မက သူ့ယောင်္ကျားကိုကျောက်လုံးကို အထဲပြန်လွှတ်တယ် ။ သေချာအောင် မေးပါဦးပေါ့ ။ ဘာပြောတာလဲပေါ့လေ ။ ကိုကျောက်လုံးကလည်း မယားက လွှတ်လို့သာကိုး။ သူလည်း မမေးရဲဘူး ။ ဒါပေမယ့်လည်း သူသိချင်တယ် ။
သည်တော့ ဆေးခန်းက စာရွက်ထုတ်ပေးတဲ့ လူကို ၀င်မေးရတော့တာပေါ့ ။ ဆရာဝန်တော့ မဟုတ်ဘူး ။ ဆေးခန်း စာရေးနဲ့တူပါတယ် ။
'' ဆရာကြီး ပေါ့ဇတစ်ဆိုတာ ဘာလဲခင်ဗျ "
''ပေါ့ဇတစ်ဆိုတာ ပေါ့ဇတစ်ပါပဲ ။ ဘာမှ မဟုတ်ပါဘူး''
သောက်ကျိုးနဲ ။ ပေါ့ဇတစ်မသိလို့ မေးကာမှ ပေါ့ဇတစ်ဆိုတာ ပေါ့ဇတစ်ပါပဲဆိုတော့ ကိုကျောက်တုံး တော်တော်စိတ်ညစ်သွားတယ် ။ ဘာလဲဟ..ပေါ့ ။ သူ့မိန်းမ မတရုတ်မက မေးတော့ သူလည်း ကြောင်တောင်တောင်ရယ် ။
'' မသိပါဘူးဟာ ၊ ပေါ့ဇတစ်ပဲတဲ့''
''တော်စမ်းပါ ၊ တော်ဟာလေ မှန်း.....ကျုပ်ဝင်မေးမယ် ''
မတရုတ်မမေးတော့မှ ရှင်းတော့တယ်။
'' ဆရာလေး ကျုပ်မယ် ကိုယ်ဝန်ရှိသလား သိချင်တာ ''
''ရှိတယ်လေ ၊ ပေါ့ဇတစ်ပါဆိုမှ ''
''သြော်..သေချာရဲ့လား ဆရာလေး''
''ခက်ပါ့ဗျာ ၊ ပေါ့ဇတစ်လေ''
အဲသည်ပေါ့ဇတစ်နဲ့ပဲ လင်မယားနှစ်ယောက်ပြန်လာရတယ်ဆိုပါတော့ ။
''ဟန်ကျသဟာ ။ ရမယ့်ရတော့လည်း ပေါ့ဇတစ်နဲ့ ရတာဟ ။ ဒီပေါ့ဇတစ်ဆိုတဲ့ကောင် ဘယ်က ရောက်လာတာလဲ။ ငါတော့ ၀မ်းသာသကွာ''
'' ဟုတ်မှဟုတ်ရဲ့လား မသိဘူး ကိုကျောက်တုံးရယ် ။ တော်ကြာ လူမမွေးဘဲ ပေါ့ဇတစ်ဆိုတာများ မွေးနေဦးမှာလား ''
''ပေါက်ကရဟာ ၊ မွေးတဲ့ကောင်တော့ ကောင်ထီးဖြစ်ဖြစ် ၊ ကောင်မဖြစ်ဖြစ် ပေါ့ဇတစ်လို့ နာမည်ပေးလိုက်မယ်''
ဘာပဲပြောပြော ၀မ်းသာတာပါပဲ ။ တကယ်လည်း ဗိုက်ကလေးထွက်လာတော့ ဘာပြောကောင်းမလဲ ။ ကိုကျောက်တုံးက သီချင်းတအေးအေးနဲ့ ။ မတရုတ်မက ပုဆိုးပိုင်းတွေ ဖွပ်လို့ ၊ စုလို့ ။ အနှီးလုပ်ဖို့ ။ ညဘက်ဆိုရင် ကိုကျောက်တုံးက သူ့မိန်းမ ဗိုက်စူစူကို ပွတ်ရင်း သီချင်းဆိုတက်တယ်။
''မေထုန် မမှီဝဲဘဲနဲ့ ချက်ပေါ် လက်ထောက်ရစ်လို့ သန္ဓေတည် ''
...တဲ့ ။
ထားပါတော့ ။ သံခဲကို မွေးတယ် ။ နာမည်လည်း သံခဲလို့ပဲ ကျန်းမာအောင်ဆိုပြီး ပေးတယ် ။ ချစ်တယ် ။ တုန်နေအောင် ချစ်တယ် ။ အလိုလိုက်တယ် ။သူများနဲ့ မတူအောင်ကို အလိုလိုက်တာ ။
တကယ်တော့ သူတို့လင်မယားလည်း ချမ်းသာတာတော့ မဟုတ်ဘူး ။ ၀က်ဆီဖတ် ရောင်းစားရတာ ။ အင်းစိန်ကမ်းနားက ၀က်ဆီဖတ်ဖိုမှာ ၀က်ဆီဖတ် တဆင့်ယူရင်းက အသက်မွေးရတာ ။
ဒါပေမယ့် ပြောခဲ့ပါပကော ။ သားလေးလည်း မွေးရော ၊ ကိုကျောက်တုံး နှစ်ဆ အလုပ်လုပ်တယ် ။မတရုတ်မကလည်း သားယောင်္ကျားလေးမွေးတာဆိုတော့ "ပဗ္ဗဇ္ဇအမွေ ရှင်သာမဏေ အဖြစ်သို့ သွတ်သွင်းချီးမြှင့်လိုသည် ဘ၀ ''ဆိုတဲ့ ဖိတ်စာရိုက်ချင်နေပြီကိုး ။ သည်တော့ သူလည်း ကြိုးစားတာပါပဲ ။
သံခဲကလည်း မွေးကတည်းက မိဘနှစ်ပါး တစ်စက်ကလေးမှ မအိပ်ရအောင် သူငယ်နာ ကြံ့ဗဟုံးရော ၊ မှက္ခရုရောဂါ ၊ လေဆန်နာ ရောဂါ ၊ နေ့နဲ့ ည မှားတာရော ၊ ကျောပူခေါင်းပူ ထတာရော ၊ လေထိုးလေအောင့်ရော...စုံနေတဲ့ကောင်ဆိုတော့ နာမည်ကသာ သံခဲ ၊ လူက တစ်တောင်သာသာ ၀ါးခြမ်းပြားလောက်က မတက်ဘူး။
တော်ရုံတန်ရုံ ငတ်မွတ်ခေါင်းပါးခြင်း သတင်းဓာတ်ပုံကို ဆိုမာလီသွားရိုက်စရာ မလိုဘူးဆိုတဲ့ကောင် ။
ဂျစ်တိုက်တာလည်း အရမ်းပဲ ။ ဒါဆို ဒါမှ ၊ ဟိုဟာမရဘူး ။ ဒါစားချင်တယ်ဆိုရင် ညသန်းခေါင်ကြီးပေမဲ့ လုပ်ပေးပဲ ။ ညဘက် ဂီတာ ခေါက်ချင်တယ်ဆိုလို့ ရက်ကွက်ထဲ လိုက်ငှားပေးရတာ ခဏ ခဏ ။ လူကသာ ၃ နှစ်သား ။ စကားကလည်း တက်လိုက်တာ ။ မအေ့ဝမ်းထဲ လေး ငါးနှစ် အောင်းလာတဲ့ကောင်ဆိုတော့ ဘာတက်သလဲ မမေးနဲ့ ဆိုတဲ့အထဲက ။
တခါက ညဘက် ထမင်းဝိုင်းမှာ ခါးပိုက်နှိုက် အကြောင်း ပြောကြတော့ သံခဲက နားစွန်နားဖျားနဲ့ ခါးပိုက်နှိုက်ကြည့်ချင်တယ် ၊ ခေါ်ပေးရမယ် လုပ်ရော ။ ပြသာနာတက်တော့တာပဲ ။ ကိုကျောက်တုံးက ခါးပိုက်နှိုက် ငါကိုယ်တိုင်ပဲ ဆိုပြီး အမူအရာနဲ့ လုပ်ပြတော့မှ ငြိမ်တယ်။ တခါကလည်း နေ့လည်ဘက်ကြီး တစ်ဖက်အိမ်က ၀န်ထမ်းလင်မယားက ဂျီအီးစီမှာ ပစည်းထုတ်ရတာ တန်းစီရတာ မသက်သာဘူး ၊ ဘာညာလာပြောတာ မှတ်ထားပြီး ညဘက် ဂျီအီးစီ စားချင်တယ် လုပ်ရော ။
''ဟ...ဂျီအီးစီက စားရတာ မဟုတ်ဘူးကွ "
''စားမယ်...စားမယ်...၀ယ်ပေး"
နာငြီးသက်သာအောင် ဈေးဝက ပလာတာ ၀ယ်ပေးတော့ ဒါပလာတာကြီးတဲ့ ၊ ဂျီအီးစီ မဟုတ်ဘူးတဲ့ ။ ကြာတော့ ကိုကျောက်တုံးကလည်း ဒေါကန်လာရော ။
''ဟေ့ကောင် မင်းမပြောနဲ့ ၊ ငါလည်း မြင်ဖူးတာမဟုတ်ဘူး ။ မဟုတ်တာ ဂျီမကျနဲ့ ''
မရပါဘူး ။ ဂျီကျပြီးလူးလိမ့်ငိုတော့ ကိုကျောက်တုံး ဘီစကွတ်တစ်ထုပ် သွားဝယ်ပေးရတယ် ။ သံခဲကလည်း ဘာရမလဲ ။ ဒါလောက်တော့ သိတာပေါ့ ။
'
'ဒါ ဘီစကွတ်ကြီး'' လုပ်ပြန်ရော ။ သည်တော့ မတရုတ်မက -
''ဒါ ဂျီအီးစီ ဘီစကွတ်လေ'' ဆိုတော့မှ အငိုရပ်တယ် ။ သံခဲက အဲလိုကောင် ။
တစ်နေ့ မတရုတ်မ အိမ်မှာမရှိဘူး ။ ကိုကျောက်တုံးကလည်း ၀က်ဆီဖတ်သွားယူရတော့မယ် ။ မထူးပါဘူး ။ လိုက်ခဲ့ကွာ ဆိုပြီး ကမ်းနားက တရုတ် ၀က်ဆီဖတ်ဖိုကို သွားရော ။ အဲသည်မှာ ပြသာနာ စတာပါပဲ ။
အင်းစိန်ကမ်းနားက တရုတ် ၀က်ဆီဖတ်ဖိုမှာ လူက စုံတယ် ။ ၀က်ဆီဖတ်ဖောက်သည် လာယူကြတာလည်း အများကြီး ။ ကိုကျောက်တုံးကတော့ လူရင်းဆိုတော့ နောက်ဆုံးမှ ယူတယ် ။ ဆိုင်မှာ ခဏတဖြုတ် ထိုင်ရင်း ဆိုင်က တိုက်တဲ့ ရေနွေးကြမ်း ငှဲ့သောက်တယ် ။ သတင်းစာဟောင်းကို ဖတ်တယ် ။ သံခဲကတော့ ကလေးကိုး ။ ဟိုဟိုဒီဒီ ကြည့်တယ် ။ မျောက်ရှုံးအောင် ဆော့တယ် ။
ခဏနေတော့ သူတို့ ရမယ့် ၀က်ဆီဖတ်ခွဲတမ်းလည်း ရရော ၊ သားအဖနှစ်ယောက် ပြန်မယ်လုပ်တော့ သံခဲက မပြန်ဘူးတဲ့ ။ တစ်နေရာ လက်ညှိုးထိုးပြတယ် ။
ကိုကျောက်တုံး ကြည့်လိုက်တော့ ကြက်တူရွေးတစ်ကောင် ။
တကယ့် အကောင်တော့ မဟုတ်ဘူး ။ ဂွမ်းမွေးနဲ့ လုပ်ထားတဲ့ နယ်စပ်က ၀င်တဲ့ အရုပ်ကြက်တူရွေး ။ လှလိုက်တာလည်း မပြောနဲ့တော့ ။ပလတ်စတစ် ကွင်းထဲမှာ တော်တော်လေးကြီးတဲ့ ကြက်တူရွေးတစ်ကောင် နားနေတဲ့ ပုံမျိုး ။ ကိုယ်ထည်က စိမ်းစိမ်း ၊ နှုတ်သီးနီနီ ၊ ရင်ဘတ်မှာက တော်တော်တောက်တဲ့ အ၀ါရောင်လေးနဲ့ ။ တော်တော့ကို ချစ်စရာကောင်းတယ် ပြောပါတော့ ။ ဂွမ်းကြက်တူရွေး ပေါ့လေ ။
'' အဲဒါ လိုချင်တယ်....အဲဒါ လိုချင်တယ် ....အဲဒါ လိုချင်တယ်''
ထုံးစံအတိုင်းပါပဲ ။ သံခဲ ဆူညံနေအောင် အော်တော့ တရုတ်ဆိုင်က လူငယ်လေးက ခဏတဖြုတ်ပေးတယ် ။ သံခဲ ကိုင်ကြည့်တယ် ၊ နှိပ်ကြည့်တယ် ။ ဟိုဘက်သည်ဘက် လှည့်ကြည့်တယ် ။
'' အဲသလို မဟုတ်ဘူးကွ ။ သည်ကောင်က စကားပြောတယ် ။ ဒါတရုတ်က လာတာ ၊ ဓာတ်ခဲထည့်ပြီး စကားပြောရင် သူက ပြန်ပြောတယ် ။ ဒီမယ်ကြည့်''
ကောင်လေးက စိတ်လိုလက်ရပါပဲ ။ ကြက်တူရွေး ဖင်အောက်က အကန့်လေးထဲကို ဓာတ်ခဲလေးထည့်ပြီး ခလုတ်ဖွင့်လိုက်တယ် ။ ပြီးတော့ ကိုကျောက်တုံးလို့ အော်လိုက်တော့ ကြက်တူရွေးရုပ်က-
''ကိုကျောက်တုံး...ကိုကျောက်တုံး''တဲ့ ၊ နှစ်ခါ ပြန်အော်တယ် ။
ကလေးမပြောနဲ့ ကိုကျောက်တုံးတောင် သဘောကျသွားတယ် ။ ဟ...လုပ်စမ်းပါဦးဟ..ဆိုပြီး သူကလည်း ကိုင်ကြည့်တယ် ။ ကောင်လေးက အမျိုးမျိုး အော်ပြတာပါပဲ ။ ကြက်တူရွေးရုပ်ကလည်း နှစ်ခါ နှစ်ခါ ပြန်အော်တယ် ။
' ထမင်းစားပြီးပလား...ထမင်းစားပြီးပလား'
'ဘာနဲ့ စားသလဲ...ဘာနဲ့စားသလဲ'
'ငါးဟင်းနဲ့...ငါးဟင်းနဲ့'
'စားပါဦး....စားပါဦး'
'နောက်လည်း လာလည်နော်....နောက်လည်း လာလည်နော်'
'ကျေးဇူးတင်ပါတယ်.....ကျေးဇူးတင်ပါတယ်'
ကောင်လေးက ပြောသမျှ ကြက်တူရွေးက နှစ်ခါ နှစ်ခါ ပြန်အော်ပြတော့ သားအဖ နှစ်ယောက်စလုံး သဘောတွေကျလို့ ။ ခလုတ်ကလေး ပိတ်လိုက်တော့မှ ကိုကျောက်တုံးက မေးတယ် ။
' ဒီကောင်က မြန်မာစကားပဲ တက်သလား ၊ အင်္ဂလိပ်စကားကော တက်သလား'
'မဟုတ်ဘူးလေ ၊ သူ့ဗိုက်ထဲမှာ ကက်ဆက်ကလေးပါတယ် ထင်တာပဲ ။ လူက ပြောသမျှ ၊ အသံထွက်သမျှ ပြန်အော်တာပေါ့ ။ ကြည့်...ကျွန်တော်ပြောပြမယ် ၊ ဂွတ်မောနင်း '
'ဂွတ်မောနင်း....ဂွတ်မောနင်း '
'ဟာ...တယ်ကောင်းပါလား ဟ...ဟေ'
ဒါပေမယ့် ပြသာနာတက်တော့တာပါပဲ ။ သံခဲက ကြက်တူရွေးမရရင် မပြန်ပါဘူး လုပ်ပြီကိုး ။ လိုချင်တယ် ၊ ဖြုတ်ပေး.....လုပ်ရော။ ကိုကျောက်တုံးကလည်း လိုချင်တယ် ။ ဈေးမေးတယ်။
'ဈေးက ပိုင်ရှင်ပြောတာတော့ နှစ်ထောင့်ရှစ်ရာလို့ ပြောတယ်'
နှစ်ထောင့်ရှစ်ရာလည်း ဆိုရော ကိုကျောက်လုံး ဒုက်ခ ရောက်တာပဲ။
သူ ဘာတက်နိုင်မှာလဲ ။ ခြစ်ခြုတ်ပြီး ၀ယ်မယ် ဆိုဦးတော့ ဘယ်နှယ့်လုပ် ကြက်တူရွေးရုပ် နှစ်ထောင့်ရှစ်ရာ ပေးဝယ်မလဲ။ သည်တော့ သံခဲကို ချော့ပြီး ပြန်လာရတယ် ။ သံခဲကလည်း တက်မတက် ချက်မတက် ငိုရင်းက ပြန်ပါလာတယ် ။
တိုတိုပဲပြောကြပါစို့ ။ အဲသည်ညက သံခဲအပြင်းဖျားတယ် ။ ကယောင်ကတမ်း အော်တယ် ။ အပူကလည်း တော်တော်ကြီးတယ် ။
လင်မယားနှစ်ယောက်လည်း စဉ်းစားသာ ကြည့်တော့လေ ။ နှစ်ထောင့်ရှစ်ရာကို ၀ယ်ပေးမလား ။ ဘယ်လိုလုပ်မလဲ ၊ ဒါကို ဘယ်လိုဖြေရှင်းမလဲ ။ တညလုံးတိုင်ပင်ရတော့တာပေါ့ ။ သံခဲကတော့ ဖျားရင်းကပဲ မိုးသာလင်းရော ၊ အော်တုန်း ။ မတရုတ်မကလည်း ၀က်ဆီဖတ်တောင် မရောင်းနိုင်ဘူး ။ ကိုကျောက်တုံးကလည်း ၀က်ဆီဖတ်သွားမယူနိုင်ဘူး ။ ချစ်ချစ်တောက်ပူနေတဲ့ သံခဲနား ထိုင်နေရတာကိုး ။ သည်လိုနဲ့ အကြံတစ်ခုရတယ် ။ သူ့သား သံခဲနဲ့ ညှိတယ် ။
'ဒီလိုလုပ် ၊ အဖေ၀ယ်ပေးမယ် ၊ အခုတော့ မဟုတ်သေးဘူး ။ အဖေတို့မှာ ပိုက်ဆံမရှိသေးဘူး ။ ဒီတော့ ကြက်တူရွေး မရခင်စပ်ကြား အဖေ ကြက်တူရွေး လုပ်ပေးမယ်။ သားက မေး ၊ အဖေက နှစ်ခါ နှစ်ခါ ပြောမယ်...ဖြစ်မလား '
ဆိုတော့ သံခဲက ခဏစဉ်းစားတယ် ။ လူကသာ ၃ နှစ်သား ၊ လူပုံက လူကြီးပုံဖမ်းပြီးမှ-
'အင်း' တဲ့ ။
သည်လိုနဲ့ ကိုကျောက်တုံး ကြက်တူရွေးလုပ်ရတယ် ။ အိမ်က ခန်းဆီးစကြီးကို ခြုံရတယ် ။ သူ့မိန်းမ နှုတ်ခမ်းနီကို နှုတ်ခမ်းရော ၊ ဘေးပတ်ပတ်လည်ပါ ခပ်များများဆိုးပြီး ထိုင်နေရတယ် ။ သံခဲက-
'အဖေ'
'အဖေ...အဖေ'
'ကြက်တူရွေးကြီး'
' ကြက်တူရွေးကြီး...ကြက်တူရွေးကြီး '
' မိုက်တယ် '
' မိုက်တယ်...မိုက်တယ်'
' ဟား ဟား ဟား'
' ဟား ဟား ဟား....ဟား ဟား ဟား'
' မဟုတ်ဘူး'
'မဟုတ်ဘူး.....မဟုတ်ဘူး'
သံခဲက သဘောကျသွားတယ် ။ တစ်နေ့လုံး လုပ်ရတာတော့ မဟုတ်ဘူး ။ စိတ်ကူးရတိုင်း ခိုင်းနေတာ ။ ခိုင်းတာနဲ့ ကိုကျောက်တုံးကလည်း အစကြီးခြုံရတော့တာ ၊ နှုတ်ခမ်းနီကို ဆိုးရတော့တာ ။ ကြာတော့လဲ မတက်နိုင်တော့ဘူး ။ မလုပ်ပေးနိုင်တောဘူးလေ ။
သည်တော့ သံခဲက ဂျစ်ထိုးပါလေရော ။ သည်တော့လည်း လုပ်ပေါ့ ။ သူ့မိန်းမကလည်း ကလေးကို စိတ်ချမ်းသာအောင် မထားဘူး ၊ ဘာညာဆိုရင် ထ လုပ်ရတာလည်း ပါတယ် ။
'အဖေ'
' အဖေ...အဖေ'
' ဒါမှပေါ့'
'ဒါမှပေါ့.....ဒါမှပေါ့'
'ကြက်တူရွေးလေးရေ '
' ကြက်တူရွေးလေးရေ'
' ဟာ....နှစ်ခါအော်လေ ၊ တစ်ခါတည်း အော်တယ် '
' ဟာ...နှစ်ခါအော်လေ ၊ တစ်ခါတည်း အော်တယ်....ဟာ နှစ်ခါအော်လေ ၊ တစ်ခါတည်း အော်တယ် '
' ဟုတ်ပြီ ၊ ဒါမှပေါ့ '
' ဟုတ်ပြီ ၊ ဒါမှပေါ့....ဟုတ်ပြီ ၊ ဒါမှပေါ့ '
အဲသည်လိုနဲ့ နေ့ရှိသရွေ့ စိတ်ကူးရတိုင်း ခိုင်းတဲ့သားနဲ့ အမြဲအလိုလိုက်ရတဲ့ အဖေဟာ ဟန်ကျနေတယ် ပြောပါတော့ ။
သိပ်မကြာဘူး ။ ခြောက်လလောက်ပဲ ကြာတယ် ။ ကိုကျောက်တုံးဒုက ဖြစ်လာတယ် ။ အိမ်မှာတင် မဟုတ်တော့ဘူး ။ အပြင်မှာ စကားပြောရင်လည်း နှစ်ခါ နှစ်ခါ ပြောလာတယ် ။
အစည်းအဝေးမှာလည်း (ဈေးအစည်းအဝေး ၊ ရက်ကွက် သာမှု နာမှု အစည်းအဝေးတွေ ) နှစ်ခါ နှစ်ခါပြောတယ် ။ သည်တော့ သူနဲ့က မဖြစ်တော့ဘူး ။ သူ ကြားသမျှ နှစ်ခါချည်း ပြောနေတော့ မတရုတ်မလည်း မျက်လုံးပြူးလာတယ် ။ သံခဲကလည်း တစ်ချက်မှ မလျှော့ဘူး ။ ဘယ်က ပြန်လာ ပြန်လာ ၊ အဖေ ကြက်တူရွေးလုပ်ရမယ်ဆိုပြီး ခိုင်းတယ် ။ ခိုင်းတိုင်းလည်း ကိုကျောက်တုံးက လိုက်ကာစကြီး ခြုံတော့တာပါပဲ ၊ နှုတ်ခမ်းနီနီ ရဲရဲကို ဆိုးတော့တာပဲ ။
ခြောက်လက ရှစ်လကို ကူးလာတော့ ကိုကျောက်တုံးအသားတွေကိုက ပြာတာတာ စိမ်းတိမ်းတိမ်း ဖြစ်လာတယ်။ အသံက ဂစ်ဂစ်ဂဲဂဲ သြစူးစူး ဖြစ်လာတယ် ။ နှုတ်ခမ်းက နှုတ်သီးလို ရှေ့ကို ထိုးထွက်လာတယ် ။ မျက်လုံးကလည်း ဟိုကြည့် ဒီကြည့်နဲ့ ။
သူ့မိန်းမကတော့ ဆရာဝန်နဲ့ ပြတယ် ။ မြန်မာဆေးနဲ့ ကုတယ် ။ ပယောဂဆရာနဲ့ တိုင်ပင်တယ် ။ မရတော့ဘူး ။ မတရုတ်မကတော့ စိတ်လည်း ညစ် ၊ စိတ်လည်း မကောင်းဘူးပေါ့ ။
' ဖြစ်ရလေ ကိုကျောက်တုံးရယ်'
' ဖြစ်ရလေ ကိုကျောက်တုံးရယ်.....ဖြစ်ရလေ ကိုကျောက်တုံးရယ် '
' စိတ်လည်း ထိန်းဦးမှပေါ့ တော် '
' စိတ်လည်း ထိန်းဦးမှပေါ့တော်.....စိတ်လည်း ထိန်းဦးမှပေါ့တော်'
မရတော့ပါဘူး ။ သံခဲကတော့ ကလေး မဟုတ်လား ၊ ဒါတွေ ဘာတွေ မသိဘူး ။ သူ့အဖေ ဘာဖြစ်နေလဲ သိတာမဟုတ်ဘူး ။ သူလိုချင်တာသာ သိတာကိုး ။ ခိုင်းတုန်းပဲ ၊ စိတ်ကူးရရင် ကြက်တူရွေးလုပ်ခိုင်း
တုန်းပဲ ။
ရက်ကွက်က လူတွေက တဆင့်စကား တဆင့်နားနဲ့ လာကြည့်ကြတယ် ။ တချို့က စုတ်သပ်တယ် ။ တချို့က သနားကြတယ် ။ တချို့က အော့ကြောလန်တယ် ။ တချို့က အပြစ်တင်တယ် ။
ကိုကျောက်တုံးကတော့ ဘာမှကို မသိတော့တာ ။ သူ့အလုပ်က မှားသည်ဖြစ်စေ ၊ မှန်သည်ဖြစ်စေ သေချာအောင် နှစ်ခါ နှစ်ခါ ပြောဖို့ပဲ မဟုတ်လား ။ လူတွေက လာကြည့်ရင်းက ၊ သူ့အဖြစ်ကို ကြည့်ရင်းက-
' သြော်....ကျောက်တုံး...ကျောက်တုံး' ဆိုတော့ သူကလည်း-
' သြော် ကျောက်တုံး...ကျောက်တုံး ၊ သြော် ကျောက်တုံး....ကျောက်တုံး' တဲ့ ။
နေ၀င်းမြင့်
No comments:
Post a Comment