Friday, September 21, 2012

Daw Aung San Su Kyi
in USA (2012)








FULL video from Amnesty's Rights Generation: Aung San Suu Kyi Inspires the Next event at the Newseum in Washington, DC on September 20, 2012.




Daw Aung San Su Kyi speech on Washington Burmese family gathering


 


Aung Suu Kyi speech at Congressional Gold Medal eptember 19, 2012
WASHINGTON DC





ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း
( VOA မြန်မာပိုင်းက ဘာသာပြန်)

ဒီနေ့ဟာ ကျမဘ၀မှာ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး နေ့တနေ့ပါပဲ။ ပါတီစွဲမခွဲပဲ ညီညီညွတ်ညွတ်နဲ့ အဝေးကလာတဲ့ ကျမလို သူစိမ်းတယောက်ကို အမေရိကန် ကွန်ဂရက် လွှတ်တော်ကြီးက ကြိုဆိုတဲ့ အတွက် ကျေးဇူးတင်ပါ တယ်။ တကယ်တမ်းမှာတော့ ဒီမှာရှိတဲ့သူ တော်တော်များများဟာ ကျမနဲ့ သူစိမ်းပြင်ပြင်တော့ မဟုတ်ပါဘူး။ ဒီနေရာမှာ တွေ့ဖူးနေကျ မျက်နှာတွေတော်တော်များများရှိသလို၊ ကျမတို့နိုင်ငံ ကျမတို့ရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးမှုတွေကြောင့် နာမည်တွေ နဲ့ တကွ ရင်းနှီးကျွမ်းဝင်ပြီးသား သူ တွေလည်း ရှိနေတာမို့ပါ။ ဒီအချိန်ကိုစောင့်ခဲ့ရတာ နှစ်အတော်ကြာခဲ့ပါပြီ။

တချို့ဆိုရင် ကျမ နေအိမ်မှာအကျယ်ချုပ် အချခံထား စဉ်ကတည်းက တွေ့ဖူးခဲ့တဲ့သူတွေဖြစ်တဲ့အပြင်၊ တချို့ဆိုလည်း လွတ်လာပြီးနောက်ပိုင်း မှာ တွေ့ခဲ့ရ သူတွေပါ။ ကျမ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တလျှောက်မှာ နေရာတိုင်းမှာ မိတ်ဆွေတွေရှိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဒါဟာ စောင့်ရကျိုးနပ် တယ်လို့ပဲ ပြောရပါလိမ့်မယ်။

ဒီကနေ့ ကျမကိုဂုဏ်ပြုချီးမြှင့်လိုက်တဲ့ ဆုဟာ ကျမတို့ပြည်သူတွေရဲ့ ဒီမိုကရေစီရေး မျှော်မှန်းမှုတွေကို အမေရိကန်ပြည်ထောင်စု ကွန်ဂရက်စ်က ထာဝရရှေ့တန်းကနေပြီး မားမားမတ်မတ်ထောက်ခံ သွား မယ် ဆိုတာကို ပြသလိုက်တာပါပဲ။ အဲဒီတော့ အမေရိကန်ပြည်သူတွေ နဲ့အတူ ကွန်ဂရက်စ် လွှတ်တော် ရဲ့ ကိုယ်စားလှယ်တော်ကြီးတွေ အားလုံးကို ကျမ အသည်းနှလုံးထဲက နှစ်နှစ်ကာကာ ကျေးဇူး တင်ကြောင်း ပြောပါရစေ။

လွတ်လပ်မှု နဲ့ မျှတမှုဆိုတာကို လက်လှမ်းမမီခဲ့တဲ့ ကျမတို့ဘ၀ အမှောင် ကျနေတဲ့ နှစ်ကာလတွေမှာ ကျမတို့အတွက် မေတ္တာထားဆောင်ရွက်ပေးခဲ့တာတွေကို ကျေးဇူးတင် ပါတယ်။ ကျမတို့ အကျိုးအတွက် ဆောင်ရွက်ပေးခဲ့သူတွေ အများအပြားရှိခဲ့တဲ့အတွက် လူတွေအားလုံးရဲ့ နာမည်တွေကို အမည်ဖော်ထုတ်ပြီး ကျေးဇူးတင်စကားပြောနေရ မယ်ဆိုရင် ဒီတနေ့လည်ခင်း နဲ့ မလုံလောက်နိုင်ပါဘူး။

ဒါပေမယ့်လည်း ကျမအနေနဲ့ ဒီနေ့၊ ဒီနေရာမှာ ကျမနဲ့အတူ ရှိနေစေချင်တဲ့ သူတယောက်ရဲ့ အမည်ကိုတော့ ဖော် ပြပါရစေ။ သူကတော့ လွှတ်တော်အမတ် Tom Lantos ပါ။ (ကွယ်လွန်သွားပြီမို့) သူရှိနေချိန်မှာ ကျမ အရောက်မလာနိုင်ခဲ့တဲ့အတွက် ၀မ်းနည်းပါတယ်။ သူ့ကိုလက်ဆွဲ နှုတ်ဆက်ပြီး ကျမတို့အတွက် လုပ်ပေးသမျှတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောခွင့် မရလိုက်တဲ့အတွက်လည်း ၀မ်းနည်းပါတယ်။ ကျမ သူနဲ့ တခါမှ ဆုံတွေ့ခွင့်မရလိုက် ပါဘူး။ ဒါပေမယ့် လည်း သူ့ရဲ့ နွေးထွေးမှုတွေ နဲ့ ကျေးဇူးတရားတွေကို ကျမအမြဲသတိရနေမှာပါ။

ကျမတို့နိုင်ငံကို ငြိမ်းချမ်းသာယာဝပြောပြီး အခြေခံလူ့အခွင့်အရေးစောင့်ရှောက်နိုင်မယ့်၊ တရားဥပဒေ စိုးမိုးမယ့် နိုင်ငံတော်တခု ဖြစ်စေရေး ထူထောင်သွားကြရမယ့် ကျမ တို့ရဲ့ ရှေ့လုပ်ငန်းစဉ်မှာ တစိုက် မတ်မတ်ကူညီသွားကြမယ့် မိတ်ဆွေရင်းချာတွေကြားမှာ ကျမအခုရောက်ရှိနေတာပါ။ ကျမတို့ရဲ့ ဒီနိုင်ငံတော်ထူထောင်ရေးလုပ်ငန်းစဉ် တွေဟာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကြောင့် ဖြစ်ပေါ်လာရတာပါ။

သမ္မတကြီး နဲ့အတူ အခုသက်တမ်းနုနယ်သေးပေ မယ့် အလျင်အမြန်ရင့်ကျက်လာနေပြီဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ဒါ့အပြင် ဒီမိုကရေစီတန်ဖိုးတွေ ကို တစိုက်မတ်မတ်တန်ဖိုးထားကြတဲ့ လူထုကြီးတရပ်လုံးဟာ ကျမတို့ လိုလားသ လို ခေတ်သစ် ကမ္ဘာကြီးထဲမှာ ကျမတို့နိုင်ငံတော်ကို နေရာမှန်ရစေဖို့အတွက် အားအင်အပြည့်နဲ့ ရှေ့တိုးဆောင်ရွက် သွားစေနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဦးစီးဆောင်ရွက်နေတဲ့ ၀န်ကြီး ဦးအောင်မင်းကိုယ်တိုင်လည်း အခု လာရောက်ခဲ့တဲ့အတွက် ကျမ သိပ်ကိုအားတက်မိပါ တယ်။ ပြုပြင်ပြောင်း လဲရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အနာဂတ်အပေါ် ကျမရဲ့ ယုံကြည်မှုတွေ ကိုလည်း ပိုပြီးတိုးပွားလာစေပါတယ်။

ရှေ့မှာ အခက်အခဲတွေအများကြီးတော့ ရှိနေဦးမှာပါ။ ရှေ့ဆက်အခက်အခဲတွေအများကြီးရှိဦးမယ်ဆိုပေမယ့် ဒီအခက်အခဲအတားအဆီးတွေအားလုံးကို မိတ်ဆွေတွေရဲ့ ကူညီပံ့ပိုးမှုတွေ နဲ့ ကျော်လွှားနိုင်မယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။ ကမ္ဘာပေါ်က သြဇာအရှိဆုံး ဒီမိုကရေစီနိုင်ငံကြီးက ကိုယ်စားလှယ်တော်တွေ နဲ့ မြန်မာ့ဒီမိုကရေစီမြတ်နိုးသူတွေ အကြား တည်ဆောက်နိုင်ခဲ့တဲ့ ရင်းနှီးမှု နဲ့ နားလည်မှုတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေ နဲ့ ချီပြီး ကျမတို့ ခံစားနာကျင်ခဲ့ရတာတွေကို ကြေပျက်သွားစေခဲ့ပါပြီ။ အားလုံးယုံကြည်တဲ့ ပန်းတိုင်တွေဆီကိုရောက်ဖို့ အတူတကွ ဆက်လက်ဆောင်ရွက်နေကြတာနဲ့အမျှ ဒီရင်းနှီးမှုနှောင်ကြိုးတွေဟာ ပိုပြီးခိုင်မာလာမှာပါ။

ဒီနေ့ ဒီနေရာကိုလာရောက်ရတာဟာ ကျမအတွက် အခွင့်ထူးတရပ်ပါပဲ။ ဒါပေမယ့် ဒီလိုမျိုး အခွင့်ထူးတွေ မခံစား ရသေးတဲ့သူတွေ အများကြီးရှိသေးတယ်ဆိုတာ ကျမတို့ သတိရကြရပါလိမ့်မယ်။ ကျမတို့ တနိုင်ငံတည်းတင်မဟုတ်ပါဘူး။ လွတ်လပ်မှုဆိုတာကို အိမ်မက်တောင် မမက်နိုင်သေး တဲ့ နေရာတွေ ကမ္ဘာပေါ်မှာ အများကြီးရှိနေပါသေး တယ်။

ကျမတယောက်တည်းအတွက်တင်မက ကျမရဲ့ မိတ်ဆွေရောင်းရင်းတွေ၊ ပြည်သူတွေ အားလုံး ကိုယ်စား ကျမယုံယုံကြည်ကြည် နဲ့ ပြောလိုတာကတော့ ဒီနေ့ဟာ ပေါင်းစည်းညီညွတ်မှု၊ လုံခြုံမှုနဲ့ လွတ်လပ်မှုတွေကိုလိုလားတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ က ပြည်သူပြည်သားတွေ အပြင် ကမ္ဘာ့ပြည်သူတွေအားလုံးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မယ့် ရက်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာရဲ့ အစပျိုးနေ့ပဲဖြစ်ပါလိမ့်မယ်။ ကျမတို့အားလုံးအတွက် ဘ၀လုံခြုံမှုနဲ့ လွတ်လပ်မှုအကြား အကောင်းဆုံးချိန်ခွင်လျှာညှိပေးနေတာဟာ ဒီမိုကရေစီလမ်းစဉ်ပဲဖြစ်တယ်ဆိုတာ ကျမအမြဲယုံကြည်ပါတယ်။

လူသားဘ၀ရပ်တည်မှုအတွက် လုံခြုံမှု နဲ့ လွတ်လပ်မှု နှစ်ခုစလုံးလိုအပ်ပါတယ်။ လုံခြုံမှုမရှိလျှင် ကမ္ဘာလောကကြီးရဲ့ လှပမှု နဲ့ ငြိမ်းချမ်းမှုတွေ ကို အပြည့်အ၀ ရှာဖွေ ခံစားနိုင်မှာမဟုတ် သလို၊ လွတ်လပ်မှုမရှိဘူးဆိုလျှင်လည်း ကျမတို့ဟာ လူသား ပိုပြီး ဆန်သထက် ဆန်လာနိုင်မယ့် အခွင့်အရေးတွေ ဆုံးရှုံးကြရမှာပါ။ ဒါ့ကြောင့်ပဲ ဒီမိုကရေစီရဲ့ အခြေခံ နဲ့ တန်ဖိုးတွေကို ကျမတို့ မပြတ်စွဲကိုင်ထားကြရတာပါ။

ဒါပြီးပြည့်စုံတယ်လို့တော့ မဆိုနိုင် တာ သေချာပါတယ်။ အမှားအယွင်းမကင်းတဲ့ လူသားတွေရဲ့ ဘ၀မှာ ပြီးပြည်စုံတဲ့ စံနစ်တရပ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒီလိုမပြည့်စုံမှုတွေကြားကပဲ ဒီမိုကရေစီဆိုတာ ကျမတို့ အားလုံး မျှော်လင့်ချက်တွေ ရဲ့ ရှေ့ဆောင် လမ်းပြဖြစ်နေပါတယ်။ ဒီမိုကရေစီကို ယုံကြည်သက်ဝင်တဲ့အတွက် ကမ္ဘာတ၀ှမ်း ကျမတို့ အားလုံးညီညွတ် လာခဲ့ကြရပါ တယ်။ မြန်မာပြည်သူပြည်သားတွေ နဲ့အတူ အားလုံးငြိမ်းငြိမ်းချမ်းချမ်း အတူတကွ ယှဉ်တွဲနေထိုင်နိုင် မယ့် စစ်မှန်တဲ့ဒီမိုကရက်တစ် လူ့ဘောင်ကို တည်ဆောက်နိုင်ဖို့ ခက်ခဲတဲ့ခရီးလမ်းကို လှမ်းကြတဲ့နေရာ မှာ ကျမတို့အားလုံး ငြိမ်းချမ်း ညီညွတ်စွာ လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ နိုင်ငံတခုပါ။ ဒီလို ငြိမ်းချမ်းညီညွတ်စွာ လုပ်ဆောင် ခြင်း အားဖြင့် အားလုံးရဲ့ လှပတဲ့ အိမ်မက်တွေအကောင်အထည်ပေါ်လာနိုင်မယ့် ပန်းတိုင်နေရာတခု ကို ရောက်ရှိနိုင်ပြီး ကူညီတဲ့မိတ်ဆွေတွေအားလုံးအတွက်လည်း ကျေနပ်မှုတွေရစေလိမ့်မယ်လို့လည်း ကျမယုံကြည်ပါတယ်။ ကျေးဇူးပါ။

(တိုက်ရိုက်ပြောသည့် မိန့်ခွန်းမှ ဆီလျော်အောင် ဘာသာပြန်ထားပါသည်။)
Credit: VOA BURMESE


Daw Aung San Suu Kyi speech for Global Vision Award at U.S Institute of Peace Asia Society. 18 September 2012



ဒေါ်အောင်ဆန်းစုကြည်နှင့်အမေးအဖြေများ

မေး ။ ။ ၈၈ မျိုးဆက်များလို့ သိထားတဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေအကြောင်းကို မေးချင်ပါတယ် .........သူတို့ထဲက အများစုဟာ ထောင်ကျဖူးကြတယ် ။ ပြည်ပရောက် နိုင်ငံရေးခိုလှုံသွားသူတွေအပါအ၀င် တခြား activist တွေကလည်း မြန်မာပြည် အေးအေးချမ်း
ချမ်းနဲ့ အပြောင်းအလဲကာလကို ရောက်အောင် ပါဝင်ကြိုးပမ်းခဲ့သူတွေထဲမှာ ပါတာပါဘဲ ။ သူတို့ရဲ့ အခန်းကဏ္ဍကို သိပါရစေ ။

ဒေါ်စု ။ ။ ဒီ activist group တွေထဲပါတဲ့ လူတွေအားလုံး အလုပ်တစ်ခုတည်းကိုချည်း လုပ်ရမယ်လို့ ကျမ မယူဆပါဘူး ။ လူတိုင်းအားသာချက် ၊ အားနည်းချက်ဆိုတာ ရှိစမြဲဘဲ ။ လူတိုင်းမှာလည်း အရည်အချင်းတစ်ခုစီတော့ ရှိကြတာဘဲ ။

ရွေးတော့ ရွေးရမှာပေါ့ ။ တချို့က လူသားအကျိုးပြုလုပ်ငန်းတွေမှာ ပိုအားသာတယ် ။ တစ်ချို့က နိုင်ငံရေးဘက်မှာ ၀င်လုပ်တာ ပိုပြီး ကောင်းတယ် ။ တချို့ကျတော့လည်း အနုပညာ ၊ စာပေ အစရှိသဖြင့် ဘက်တွေမှာ ပိုတော်ကြတယ် ။

ဒါကြောင့် အရင်တုန်းက နိုင်ငံရေး လှုပ်ရှားသူ တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာနဲ့ အခုလည်း တစ်ပြုံလုံး တစ်နေရာတည်းမှာ ၀င်လုပ်ရမယ် ၊ တစ်ခုတည်းကို လုပ်သင့်တယ် လို့ ကျမကတော့ မသတ်မှတ်ထားဘူး ။ သူတို့လုပ်နိုင်တာတွေ အများကြီးရှိပါတယ် ။

ဘာကြောင့်လည်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက်မှ မတူကြတာ ......လူတိုင်း ကိုယ်ဝါသနာ၊ ကိုယ်အရည်အချင်း ၊ ကိုယ့်ရည်မှန်းချက်နဲ့ ရှိကြမှာဘဲ ။ ဒီတော့ သူတို့အားလုံး အဖွဲ့အစည်းတစ်ခုတည်းမှာ တစ်သက်လုံး အတူတူ လုပ်သွားသင့်တယ် လို့ ကျမ မယူဆထားပါဘူး ။ ပြောင်းလဲနေတဲ့ ခေတ်နဲ့အတူ သူတို့လည်း ဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်ပွင့်လင်းလာရမယ် လေ ။

မေး ။ ။ ဒါဆို သူတို့ ပါဝင်လာဖို့ကိုရော လိုလိုလားလား ရှိကြရဲ့လား ။ ဒေါ်စု။ ။ ဘယ်နေရာကလူတွေကို ပြောတာလဲ .....မြန်မာပြည်မှာ ပြောတာလား ။ သြော် ......... ပြည်ပရောက်နေသူတွေကို ဆိုလိုတာလား ။

ဒေါ်စု ။ ။ ဟုတ်ကဲ့ ။

ဒေါ်စု ။ ။ အဲဒါက အချက် ( ၂ ) ပေါ် မူတည်ပါတယ် ။ တစ်ချက်ကတော့ မြန်မာပြည်အစိုးရရဲ့ ဥပဒေစည်းကမ်းတွေပေါ့ ......ဆိုလိုတာက ပြည်ပရောက်နေသူ တစ်ယောက်ချင်းစီနဲ့ ပတ်သက်တဲ့ အခြေအနေ status တွေကိုတော့ စဉ်းစားရမယ်လေ ။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးရဲ့ status ဟာ တစ်မျိုးတစ်စားတည်း One category တည်းမှာ လို့တော့ မထင်ပါဘူး ။

ဒုတိယအချက်ဖြစ်တဲ့ သူတို့ကို မြန်မာပြည်က ကြိုဆိုမလား ဆိုတဲ့ မေးခွန်း.........ကျမကတော့ ကြိုဆိုမယ်လို့ ထင်ပါတယ် ။ ပြည်ပမှာ အကြာကြီးနေခဲ့ရတဲ့ ကျမတို့နိုင်ငံသားတွေဘယ်သူမဆိုပါ .........သူတို့လာမယ်လို့သာ ဆန္ဒရှိရင်ပေါ့............. ။


မေး။ ။ ရခိုင်ပြည်နယ် ပြသာနာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေများစွာ ကျမတို့ ရထားပါတယ် ။ ရိုဟင်ဂျာပြသာနာနဲ့ ပတ်သက်တာကိုရောပေါ့ ။ တချို့တွေ သိချင်ကြတာက......... ဒေါ်စုအနေနဲ့ အရင်က ဒီကိစ္စကို ပြောတိုင်း ဒါဟာ နိုင်ငံသားပြသာနာ ပါ ၊ ဒါကြောင့် citizenship law ကို စဉ်းစားဖို့ လိုတယ်လို့ ပြောခဲ့တယ် ။ အဲဒါ ဘာကိုဆိုလိုတာပါလဲ ။ ပြီးတော့ ရေရှည်မှာ ဒီကိစ္စကို ရှင်းဖို့ ဘယ်နည်းဟာ အကောင်းဆုံးဖြစ်မလဲ ။

ဒေါ်စု ။ ။ ( ဒေါ်စုအနည်းငယ် စိတ်တိုသွားပုံရပြီး ဒီလို မဆိုင်းမတွ မြန်ဆန်စွာ ပြန်ဖြေပါတယ် )

အရင်ဆုံး ပြောရရင်တော့ အဲဒီပြသာနာဟာ နိုင်ငံသားဖြစ်ခွင့် citizenship တစ်ခုတည်းနဲ့ ပတ်သက်တယ် ဆိုတာတစ်ခုတည်း ကျမပြောခဲ့တာ မဟုတ်ဘူး ဆိုတာဘဲ ။ ကျမက တရားဥပဒေစိုးမိုးရေးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ ရှုထောင့်များစွာကို ပြောခဲ့တာပါ ။

ပထမဆုံးဖြစ်ခဲ့သင့်တာက ရခိုင်ပြည်နယ်တစ်ဝိုက်မှာ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းထားဖို့ လိုပါတယ် ။ လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ခဲ့တဲ့ ပထမဆုံး ရာဇ၀တ်မှု ( မသီတာထွေးအမှုကို ဆိုလိုသည် ) ကို တရားဥပဒေနဲ့ အညီသာ ဖြေရှင်းခဲ့ရင် .........ဆိုလိုတာက ဖြစ်တာနဲ့ ကျူးလွန်သူတွေကို မြန်မြန်ဆန်ဆန် အရေးယူတာမျိုး ၊ ဒါတင်မကဘဲ ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူလိုက်ပါတယ် ဆိုတာကို ပြည်သူက သိမြင်နားလည်အောင် လုပ်ခဲ့တာမျိုးတွေသာ ရှိခဲ့ရင် ဒီပြသာနာဟာ ဒီလို ကြီးသွားမှာ မဟုတ်ပါဘူး ။

ဒါပေမယ့် အစကတည်း အဲလို အခြေခံကျတဲ့ တရားဥပဒေတွေကို မလိုက်နာ မကျင့်သုံးထားခဲ့ဘူး ။ ဒီတော့ ပြသာနာက မကျယ်သင့်ဘဲ ကျယ်သွားခဲ့ရတယ် ။ ဆိုးသထက် ဆိုးသွားခဲ့ရတယ် ။

ဥပဒေစိုးမိုးရေးဆိုတာကို ရေရှည် ကြည့်ရင် နိုင်ငံသားဖြစ်ခွင့် ဥပဒေ citizenship law ဆိုတာ ပါလာရော ။ ဆိုလိုတာက ဥပဒေအရ ဘယ်သူတွေဟာ မြန်မာနိုင်ငံသားတွေလဲ ဆိုတာ ကျမတို့ သိဖို့လိုပါတယ် ။

တစ်ဖက်ကလည်း အဲဒီ citizenship law ဟာ နိုင်ငံတကာ စံချိန်နဲ့ ကိုက်သလား ၊ အခြေခံလူ့အခွင့်အရေးလိုအပ်ချက်တွေနဲ့ ကိုက်သလားဆိုတာလည်း လေ့လာစစ်ဆေးကြည့်ဖို့လိုတယ် ။ ဒီတော့ တရာဥပဒေစိုးမိုးရေး Rule of Law ဆိုတာကို ပြောရင် နိုင်ငံသားဖြစ်ခွင့် ဥပဒေ ဆိုတာတစ်ခုတည်း ပြောလို့မရဘူး ။

အဲဒီ Rule of Law ဆိုတာမှာလည်း '' မှန်ကန် မျှတတဲ့ တရားဥပဒေစိုးမိုးရေး Rule of Just Law '' ဆိုတာဖြစ်ရမယ် ။ အဲဒီထဲမှာမှ citizenship law လည်း ပါမယ် ။ ရာဇ၀တ်မှုတွေကို ဖြေရှင်းတဲ့ law လည်း ပါရမယ်.........ဒီကိစ္စက ရာဇ၀တ်မှုနဲ့ စတာဘဲလေ ။ အာဏာပိုင်တွေက ဒီရာဇ၀တ်မှုကို ဖြေရှင်းပုံ ဖြေရှင်းနည်းက မလုံလောက်မမျှတတဲ့ပုံ ဖြစ်နေတာကိုး ။ ဒါကြောင့်ဘဲ ပိုဆိုးခဲ့တာမဟုတ်လား .....။

Spring flowers ဘာသာပြန်ပါသည်..

No comments:

Post a Comment