Thursday, July 26, 2012

ဘုတ်ကေဆီဆမ်း




ကလေးများသည် ကစားနည်း တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲပြီး ကစားကြရာ မကြာမီ ဆာလောင်ကြသည်။ ကလေးအများစုမှာ စားစရာ မပါပေ။ ပါသောကလေးများမှာလည်း သာမန်စာစရာထက် ရှာရှာဖွေဖွေလုပ်ပြီး စားရသော အရာကိုမှ မက်မောကြလေသည်။

သို့အတွက် လူကြီးတစ်ယောက်ယောက်က ဦးဆောင်ပြီး ဘုတ်ကေဆီဆမ်း ကစားကြမယ်ဟေ့ ၊ “မန်ကျည်းရွက်ခူးခြေကြ” ဟု ပြောသည်။ ကလေးအများ ပျော်ရွှင်စွာဖြင့် မန်ကျည်းရွက်ခူးကြသည်။ သူတို့အရပ်နှင့် မီသော မန်ကျည်းပင်ငယ်များမှာ သူတို့လက်ချက်ကြောင့် ငုံးငုံးတိုနေပြီ။

ငုံးငုံးမတိုစေဦးတော့ အရွက်နည်းနေပြီ။ သို့သော် အချို့ကလေးများသည် မယောင်မလယ် ကပ်သွားကာ လူကြီးအလစ်၌ ခူးဆွတ်လာကြသည်။ ကလေးအများစုကား မန်းကျည်းပင်ကြီးမှ ညွတ်ကျနေသော ကိုင်းများကို ဆွဲနှိမ်ကာ ခူးကြ၏။ အကြမ်းလည်းပါ၏ ၊ အနုလည်း ပါ၏ ၊ ပြောင်ပြောင်စင်စင်လည်း ပါ၏ ၊ ဖုန်သောသောနှင့်လည်းပါလာ၏

ကလေးကြီးကား ပြောင်းဖူးရွက်ဖြစ်စေ ငှက်ပျောရွက်ဖြစ်စေ အသင့်ရှာထားပြီး ရောက်လာသမျှ မန်းကျည်းရွက်ကို လက်ခံထည့်သို၏။ လူစုံသောအခါ မန်းကျည်းရွက်များကို ထုပ်သည်။ ရရာ ဘက်ပေါင်းစုံဖြင့် အထပ်ထပ်ထုပ်ရုံသာမက ခိုင်ခံ့စေရန် ကြိုးဖြင့် ချည်နှောင်သေး၏။

“ဘုတ်တွင်း ရှာကြဟေ့ ဘုတ်တွင်း“

ဤနေရာတွင် “ဘုတ်” အကြောင်းကို ရှင်းလင်းရန်လိုပါလိမ့်မည်။ မြန်မာစကားပုံတွင် “ဘုတ်” နှစ်မျိုး ရှိပါသည်။

“ဘုတ်ကို ကျီးရိုသေ ၊ ကျီးကို ဘုတ်ရိုသေ”

“ဘုတ်ကဲ့သို့ နောက်ဆုတ်သည်”

ပထမ ဘုတ်မှာ နေ၀င်ရိုးရီ ဘုတ်ကအီ စသည်ဖြင့်တေးများကဗျာများတွင် ပါဝင်သော ဘုတ်ငှက်ဖြစ်၏။ အရွယ်အစားမှာ တောကျီးကန်းအရွယ် ဖြစ်၍ သင်္ကန်းရောင်ရှိသည်။

သို့အတွက် မြတ်စွာဘုရား၏ သင်္ကန်းတော်အရောင် ရှိပါပေသည် ဆိုကာ ကျီးကန်းက ဘုတ်ကို အရိုအသေပြု၏၊ ဘုတ်ကလည်း မြတ်စွာဘုရား၏ သပိတ်တော် အရောင်ရှိသော ငှက် ဆိုကာ ကျီးကန်းကို အရိုအသေပေး၏၊၊ ဤသည်ကို အစွဲပြု၍ “ဘုတ်ကို ကျီးရိုသေ ၊ ကျီးကို ဘုတ်ရိုသေ” စကားပုံ ဖြစ်ပေါ်လာခဲ့သည်ဟူပေ၏။

ဒုတိယ ဘုတ်အမျိုးအစားမှာ ဖုန်ထဲတွင်နေသော မွှားသတ္တ၀ါတစ်မျိုးဖြစ်ကာ၊ အရွယ်ရော အရောင်ပါ ကြမ်းပိုး နှင့် တူလှပေသည်။ မီးတောင်ထိပ်ဝသဏ္ဍန်ရှိသော ဖုန်တွင်းများထဲ၌ နေသည်။ တွင်းအရွယ်အစားမှာ ဆယ်ပြားစေ့ အ၀ိုင်းမှ ကျပ်ပြားဝိုင်းအရွယ်အထိ၊ တွင်းပိုင်၏ အရွယ်နှင့်လိုက်လျောသော အကြီးအသေးရှိပေသည်။ သို့အစေ မိုးများသော အရပ်၌ မွှားဘုတ်ကို တွေ့ရန်မလွယ်ကူပါ။

ကလေးများသည် “စပါးကျီးအောက်၊ ပုတ်စင်အောက်” အစရှိသော နိမ့်သည့် နေရာများသို့ လေးဘက်ထောက်ကာ ၀င်ကြသည်။ဘုတ်တွင်းတွေ့လျှင် ဘုတ်တွင်းထဲမှ ဖုန်မှုန့်များ ကုန်စင်သွားစေရန် ပါးစပ်ဖြင့်ဖြည်းညင်းစွာ မှုတ်ထုတ်၏။ သို့သော် ဘုတ်က အဖမ်းမခံပါ။ ကျန်သေးသော ဖုန်ထဲသို့ နောက်ဆုတ်ပြီး တိုးဝင်ပျောက်ကွယ်သွားလေ၏။

ဘုတ်သည် အမြဲတစေ နောက်ဆုတ်လျက် သွားလာလှုပ်ရှားသဖြင့် “ဘုတ်ကဲ့သို့ နောက်ဆုတ်သည်” ဟူသော စကားပုံပေါ်လာရခြင်း ဖြစ်ပေ၏။

ဘုတ်တွင်းထဲမှ ဘုတ်သည် နောက်ဆုတ်ပုန်းခိုစရာ မြေမှုန့် ရှိနေသရွေ့ ဆုတ်သွားသည်။ တိုးဝင် ခိုအောင်းစရာ မရှိတော့မှ အမိခံသည်။ ဘုတ်ရှာသော ကလေးသည် ဘုတ်ကို ယုယစွာ ဖမ်းလာခဲ့ပြီး မန်းကျည်းရွက်ထုပ် ကိုင်ထားသော ကလေးကြီး၏ လက်ထဲသို့ ပေးအပ်သည်။

စားစရာကို ဆီဖမ်းပေးမည့် ဘုတ်ကို ရရှိပြီး။ ထိုဘုတ်အတွက် တွင်းတစ်တွင်းတူးပြီး ဘုတ်ကို ထည့်လိုက်သည်။ ထို့နောက် မန်ကျည်းရွက်ထုပ်ကို ထည့်သွင်းကာ မြေဖို့သည်။ မြေဖို့ရင်းကလည်း “ဘုတ်ကေဆီဆမ်း” ဟု အော်သည်။

“ဘုတ်ကေဆီဆမ်း”

“ဘုတ်မကြီးက အိမ်မှာနေ”

“ဘုတ်ကလေးက ဆီဝယ်သွား”

မြေပုံကို လက်ဖြင့် ပုတ်ရုံဖြင့် အားမရသူက ဖနောင့်ဖြင့် ပေါက်သည်။ “ဘုတ်မကြီးရေ ဆီရွှဲရွှဲဆမ်းပေးပါနော်” အော်ပြန်သည်။

ထို့ကဲ့သို့ လက်ဖြင့် ပုတ်သူကပုတ်၊ ဖနောင့်ဖြင့် ပေါက်သူက ပေါက်သောအခါ မန်းကျည်းရွက်များ ကျိုးကျေကုန်သည်။ ကျိုးရာကျေရာမှ အရေထွက်လာသည်။ မြေငွေ့ကြောင့်လည်း နွမ်းပြီး အရည်ထွက်ပြန်သည်။ တအောင့်သာသာ ကြာသည့်အထိ စောင့်ဆိုင်းပြီးနောက် မြေကြီးထဲမှ မန်းကျည်းရွက်ထုပ်ကို ဖော်ကာ ဖြေကြည့်ကြသည်။ နွမ်းကျေနေသော မန်ကျည်းရွက်များမှ အရည်များများထွက်နေလျှင် “ဆီတွေ အများကြီးပဲ ဟ” ဆိုကာ တစ်ယောက်တစ်လက် နိုက်ယူပြီး စားကြသည်။

စောင့်ဆိုင်းချိန် တိုတောင်းသောကြောင့်ဖြစ်စေ၊ အကျိုးအကျေ နည်းသောကြောင့်ဖြစ်စေ အရည်ထွက်နည်းပါးလျှင် “ဘုတ်မကြီးက ဆီနည်းနည်းလေးပဲ ဆမ်းပေတယ်၊ သိပ်ကပ်စေးနှဲ တာပဲပြောကြသည်။ မည်သို့ပင် ပြောစေကာမူ ထိုမန်းကျည်းရွက်ကို မစားဘဲ နေသော ကလေးကာ မရှိချေ။သို့သော် ကလေးသူငယ်များအတွက် သရေစာအမျိုးမျိုး ပေါ်ပေါက်လာ၍ တစ်ကြောင်း၊ ကျန်းမာရေး အသိ ရှိစပြုလာကြပြီးဖြစ်၍ တစ်ကြောင်းကြောင့် ဘုတ်ကေဆီဆမ်း ပျော်ရွှင်ကစားနည်းမှာ ကွယ်ပျောက်ခဲ့ချေပြီ။

ဆင်ဖြူကျွန်း အောင်သိန်း

No comments:

Post a Comment