နွံထဲမှာ ပတ္တမြားများစွာ ရှိပါသည်
ဒီနေ့ ကိုဘသစ်နဲ့ ကျွန်တော် လူတွေအကြောင်း ဆွေးနွေးဖြစ်တယ်။
“ကိုဘသစ်ရေ လူ့တန်ဖိုးနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ ယူဆချက်ကို ပြောပါဦး”
“Value ပေါ့ ဟုတ်လား”
“ဟုတ်ပါတယ်။ Value လို့ ခင်ဗျားယူဆတာ ကောင်းပါတယ်။ တန်ဖိုးပေါ့။ ဒါပေမယ့် Price ဆိုတာလည်း ရှိတယ်လေ။ တန်ရာတန်ကြေးပေါ့”
“ကိုညိုရ- ကျွန်တော်ငယ်ငယ်က ပညာအသိုင်းအ၀ိုင်းနဲ့ ဆက်စပ်ပြီး ပညာကို အတော်လေးတန်ဖိုးထားခဲ့တယ်။ ကျွန်တော့်မိတ်ဆွေတွေထဲမှာ စာအင်မတန်တော်တဲ့သူတွေ ရှိတယ်။ သူတို့တစ်တွေကို တန်ဖိုးရှိတဲ့သူတွေလို ကျွန်တော်တို့ သတ်မှတ်ထားပါတယ်”
“ဟုတ်ကဲ့ ကြီးလာတော့ကော”
“တကယ်လည်း သူတို့ဟာ တက္ကသိုလ်ကနေ ဘွဲ့ရတယ်။ ပါမောက္ခကြီးတွေ ဖြစ်လာတယ်။ ၀န်ကြီးတွေ ဖြစ်လာတယ်။ ညွန်ကြားရေးမှူးချုပ်တွေ ဖြစ်လာတယ်။ သူတို့ဟာ တတ်တဲ့ပညာနဲ့ အသက်မွေးကြတာပါပဲ။ သူတို့တစ်တွေနဲ့ ကျွန်တော် သိပ်မဆုံဖြစ်ပါဘူး။ ဒါပေမဲ့ သူတို့ကို ကျွန်တော် လေးစားပါတယ်။ သူတို့ဟာ တိုင်းပြည်ရဲ့ ရတာနာတွေပါပဲ။ တန်ဖိုးရှိတဲ့လူတွေလို့ သတ်မှတ်ပါတယ်”
“ပညာတတ်တွေ၊ ရာထူးရှိသူတွေကို ခင်ဗျားက ရတနာလို့ ဆိုလိုတာပေါ့ ဟုတ်လား ကိုဘသစ်”
“ဟုတ်ပါတယ်။ ရတနာဆိုတာ ပွဲလမ်းသဘင်တွေမှာ ၀တ်ဆင်ကြတယ်။ လူမြင်သူမြင် ပြတာပါပဲ။ ဒီအတိုင်းပါပဲ။ ၀န်ကြီးတွေ ပညာရှိတွေဟာ မကြာခဏဆိုသလို ပွဲထုတ်ခံရတာကို တွေ့ရတယ်လေ။ သူတို့ဟာ Country’s Jewels တွေပါပဲ”
“ကျွန်တော်ကတော့ ငယ်ငယ်က စကားတစ်ခုကို သဘောအင်မတန်ကျတယ်။ အဲဒါက ပတ္တမြားမှန်ရင် နွံမှာနစ်သော်လည်း မညစ်ရာတဲ့”
“မှန်ပါတယ်။ မဟောသဓဇာတ်တော်ထဲမှာ မဟောသဓမင်းသားဟာ ဘုရင် အမျက်ရှိလို့ တိုင်းပြည်က ထွက်ပြေးပြီး အိုးလုပ်နေရတယ်။ ဒါပေမဲ့ ဘုရင် ပြဿနာတွေပေါ်တဲ့အခါ ပြန်ခေါ်တာပါပဲ”
“ဖတ်ဖူးပါတယ်”
“အမတ်ကြီး ရာဇသင်္ကြန်လည်း ဒီလိုပဲလေ၊ ဘုရင်က မကြိုက်လို့ အပြစ်ပေးတဲ့အနေနဲ့ သူ့ကို ဒလပို့တယ်။ နောက် တိုင်းပြည်မှာ ဆူပူတော့မှ ပြန်ခေါ်တာပါပဲ”
“ဗိုလ်ချုပ်အောင်ဆန်းလည်း ဒီလိုပဲ ရှောင်နေရတယ် မဟုတ်လား။ သူ့ကို ဆုတော်ငွေ ငါးကျပ်ဆိုပြီး ထုတ်တာရှိတယ်လေ။ ဂျပန်ကိုသွား ပညာသင်ကြရတဲ့ ရဲဘော်သုံးကျိပ်ကို သတိရပါတယ်”
“ကျွန်တော်လည်း ဒါကို အလေးအနက်ထားပြောနေတာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက အကြောင်းကြောင်းကြောင့် ဒီနိုင်ငံက ထွက်သွားရတဲ့ လူတွေ ရှိတယ်။ သူတို့ကို ယနေ့မှာ သမ္မတကြီးက ဖိတ်ခေါ်နေတာကြည့်ရင် သူတို့တစ်တွေဟာ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ လူတွေပဲပေါ့”
“သူတို့တစ်တွေထဲမှာ ပညာသင်ကြားခွင့် မရတဲ့ လူတွေလည်း ပါကြမှာပဲ”
“ဟုတ်ပါတယ်။ အချို့က စားဝတ်နေရေးအတွက် Refugee Camp မှာပဲ အချိန်ကုန်လို့ ပညာမတတ်သူတွေလည်း ပါနိုင်တာပဲ”
“ဒါပေမဲ့ ကျွန်တော်ဖြတ်သန်းလာတဲ့ ဘ၀တစ်လျှောက်မှာ ကျောင်းမနေရဘဲ တောမှာကြီး၊ တောမှာနေ၊ စာတွေမတတ်၊ စာတွေ မဖတ်တဲ့ ရတနာတွေလည်း အများကြီးရှိပါတယ်။ သူတို့ဟာ သူတို့တတ်သမျှ၊ မှတ်သမျှ၊ တစ်တပ်တစ်အား ပါဝင်ပြီး အလုပ် လုပ်ကြသူတွေပါ”
“သူတို့တစ်တွေကိုလည်း ကျွန်တော် လေးစားပါတယ်”
“ဒါပေမဲ့ ကျွန်တော် ဖြတ်သန်းလာတဲ့ တစ်လျှောက်မှာ လူရမ်းကားတွေကိုလည်း တွေ့ရပါတယ်။ အချို့က အရက်မူးနေသူတွေ ဖြစ်တယ်။ အချို့ မမူးပေမဲ့ ရမ်းတယ်။ လူတစ်ယောက်နဲ့ တွေ့ဖူးတယ်။ သူက ပြောတယ်။ ‘ကျွန်တော် ဘတ်စ်ကား မောင်းနေတယ်’ တဲ့။ အင်မတန်ကောင်းတဲ့ အလုပ်ပဲ။ ဘယ်လိုဖြစ်ဖြစ် ဘတ်စ်ကားမောင်းတဲ့ လူတွေ လိုတယ်မဟုတ်လား။ တောမှာတော့ လှည်းမောင်းတဲ့ သူတွေပါ။ ဒါပေမဲ့ လှည်းနဲ့ဘတ်စ်ကားဟာ မတူပါဘူး။ သူက မှားယွင်းသွားရင် လူ့အသက်ပေါင်း များစွာ သေကုန်တာပဲ။ ပြီးခဲ့တဲ့လက ဘတ်စ်ကားတွေ တိုက်လို့ မှောက်လို့ လူတွေ အများကြီး သေရတဲ့ သတင်းတွေ တီဗီမှာ ကြည့်ရတယ်။ သူဟာ အရက်သောက်လို့ဖြစ်စေ မဆင်မခြင် မောင်းလို့ဖြစ်စေ၊ သူရမ်းကားတဲ့အခါ ဘတ်စ်ကားပေါ်က ခရီးသည်တွေကော ဘေးက လူတွေကော ဒုက္ခလှလှကြီး ရောက်ရတော့တယ်။ သူကိုယ်တိုင်လည်း ပျက်စီးတာတွေ ရှိတယ်”
“ခင်ဗျားပြောမှ အာရပ်နွေဦး Arab Spring ကို သတိရတယ်”
“ဘယ်လို ဘယ်လို”
“ခုခေတ်မှာ ဆိုင်ကယ်စီးသူတွေ ဆိုယ်ကယ် ကယ်ရီလုပ်သူတွေဆိုရင် သူတို့မှောက်ရင် နှစ်ယောက်သုံးယောက်ပဲ ဒုက္ခရောက်တယ်။ ဘတ်စ်ကားဆိုရင် အယောက် လေးငါးဆယ် ဒုက္ခရောက်တယ်။ တိုင်းပြည်အုပ်ချုပ်သူ ရမ်းရင်တော့ လူသန်းပေါင်းများစွာ ဒုက္ခရောက်တာပဲ။ ဒါကြောင့် Arab Spring ကို သတိရတယ် ပြောတာ”
“ကဒါဖီတို့ အာဆတ်တို့ကို ပြောတာလား”
“ဟုတ်တယ်လေ၊ လစ်ဗျားခေါင်းဆောင် မိုမန်ကဒါဖီဆိုရင် နိုင်ငံတစ်နိုင်ငံလုံး ကြေမွပျက်စီးသွားပြီးနောက်ဆုံး သူကိုယ်တိုင် အသက်ဆုံးသွားရတယ်။ ဆီးရီးယားက သမ္မတ အာဆတ်ဆိုလည်း ခုအခါ ပြဿနာတွေ တက်နေတယ်”
“ဒါက ခေါင်းဆောင်တွေပေါ့လေ။ တစ်ဖက်ကကြည့်ရင် အောက်ခြေလူတန်းစားတွေကို ပြန်ကြည့်ရအောင်။ ဆိုက်ကား နင်းသူတွေ ဆိုရင် သူတို့ဟာ စရိတ်သက်သက်သာသာနဲ့ သယ်ယူပို့ဆောင်ရေးတွေ လုပ်ပေးနေကြတာပါပဲ။ ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိဘူး”
“ဒါလည်း ကောင်းတာပါပဲ”
“လှေသမ္ဗာန်တွေဆိုရင် ဒီလိုပဲ ပို့ဆောင်ရေးအတွက် အရေးကြီးတယ်။ ဒါပေမဲ့ ဆိုက်ကားစီးသူတွေ လှေ သမ္ဗာန်စီးသူတွေဟာ လုံခြုံမှုမရှိဘူး”
“သူ့သဘောသဘာဝကိုက ဒီလိုဖြစ်နေတာကိုး။ လှေတွေမှာ အသက်ကယ်ဘောတွေကို ၀တ်ဆင်စေပြီး ခရီးသွားကြဖို့ စည်းကမ်းတွေ ထုတ်ထားတယ်။ ဆိုက်ကားတွေကိုတော့ သီးသန့်လမ်းတွေ ပေးထားရင် ကောင်းတာပေါ့”
“ဟုတ်ကဲ့။ ခုထက်ထိတော့ ဆိုက်ကားလမ်း၊ စက်ဘီးလမ်း၊ ဆိုင်ကယ်လမ်းတွေ မရှိသေးဘူး”
ကျွန်တော်နဲ့ ကိုဘသစ်တို့သည် ဆွေးနွေးရင်းနှင့် ဘေးကို ရောက်သွားတတ်ပါသည်။ ခုလည်း တိုင်းပြည်ရတနာများကို ပြောဆိုကြရင်းက ဆိုက်ကားသမား လှေသမားများကို ရောက်သွားပါသည်။ သူတို့ကို ကျွန်တော်တို့ အလေးထားကြပါသည်။ သို့သော် သူတို့တစ်တွေ၏ အလုပ်ကို တန်ဖိုးထားပါက သူတို့ကို အန္တရာယ်ကင်းသော လမ်းများကို ပြပေးရမည်။ ကျွန်တော်နှင့် ကိုဘသစ်သည် အောက်ခြေ အလယ်အလတ်လူတန်းစားကို ပြန်ကြည့်ပါသည်။
“ကျွန်တော် ကျောင်းဆရာပါ”
“ဟာ မွန်မြတ်တဲ့ အလုပ်ပဲလေ။ ဒီအလုပ်မျိုးကို လုပ်တာ ချီးမွမ်းစရာပါပဲ”
ကျောင်းဆရာအလုပ်သည် မွန်မြတ်လှသည်။ သူသည် တစ်နှစ် ကျောင်းသား ၁၀၀ ပညာသင်ပေးခဲ့လျှင် သူ တာဝန် ထမ်းဆောင်စဉ်ကာလ နှစ် ၃၀ တွင် ကျောင်းသားသုံးထောင်ကို မြေတောင်မြှောက်ပေးနိုင်မည် ဖြစ်သည်။ ကျောင်းဆရာများသည် ရတနာများဖြစ်သည်။ သို့သော် ကျောင်းဆရာတွေ ကျူရှင်ပေးသည်။ ကျောင်းအပ်လျှင် လာဘ်ယူသည်။ ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး ကျောင်းဆရာများတွင် အပြစ်အနာအဆာ အများကြီးရှိသည်။ ကျောင်းဆရာသည် ပြင်ပလောကနှင့် ဆက်ဆံရသည်များ ရှိသည်။ သူ ဘဏ်သွားရသည်။ လစာငွေ ထုတ်ရသည်။ သူ ဈေးဝယ်ရသည်။ သူ့ကျန်းမာရေးအတွက် ဆေးရုံ ဆေးခန်းများသို့ သွားရသည်။ ရပ်ကွက်ထောက်ခံစာတွေ ရဲစခန်း ထောက်ခံစာတွေ သန်းခေါင်စာရင်း၊ ဧည့်စာရင်းတိုင်တာတွေ၊ လူမှုရေးတွေ အများကြီး ရှိသည်။ ပိုက်ဆံမရှိသော ကျောင်းဆရာတွေ အဆင်မပြေကြပါ။
“မြန်မာပြည်မှာ သိတဲ့အတိုင်းပဲကွ။ ဘဏ်သွားတောင် အဆင်မပြေဘူး။ သူတို့က လက်ဖက်ရည်ဖိုးပေးမှ ပြေလည်အောင် လုပ်ပေးတယ်”
ဒီတော့လည်း ကျောင်းဆရာတွေက ကျူရှင်ပေးငွေရှာသည်မှာ မဆန်းလှပါ။ ကျေးလက်က ကျောင်းဆရာတွေလည်း ထိုနည်းတူပင် ဖြစ်သည်။
“ကျွန်မက ကျောင်းမှာ သေသေချာချာ သင်ပေးထားပါတယ်။ ကျူရှင်ယူစရာ မလိုပါဘူး။ ညနေ အားကစားလုပ်ဖို့ ကလေးကို တိုက်တွန်းပါ။ ကလေးကျန်းမာရေး ဂရုစိုက်ပါ။ ကျူရှင်ဖိုးအစား ကလေးကို အဟာရပြည့်အောင် ကျွေးမွေးပါ” ကျူရှင်အပ်ဖို့ လာသူ ကျောင်းသားမိဘကို ဘယ်ဆရာ ဆရာမကမှ ထိုသို့ မပြောပါ။ ကျောင်းဆရာ ဆရာမများ ပိုက်ဆံလိုလာကြသည်။
ကျောင်းဆရာ ဆရာမများသည် အဖိုးတန် ရတနာများကို ပြုစုပျိုးထောင်နေသူများ ဖြစ်ကြသည်။ သို့သော် သူတို့ ပြောင်းလဲလာကြသည်။ သူတို့ ပြောင်းလဲသလို သူတို့ ပြုစုပျိုးထောင်သည့် ရတနာများလည်း ပြောင်းလာပါသည်။ သူတို့ ပွတ်တိုက်၍ ပြောင်လက်လာသော ရတနာများရှိသလို အားမထုတ်သောကြောင့် ရတနာများ မှေးမှိန်ရသည်လည်း ရှိသည်။ တိုင်းပြည်အတွက် အဖိုးတန် ရတနာများ ဖြစ်လာစေဖို့ ကျောင်းဆရာ ဆရာမများ အဓိက တာဝန်ရှိသည်။
သို့သော် ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်းက ၀င်ငွေနည်းသော ကျောင်းဆရာများကို ပစ်ပယ်ထားသည်။ ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်းက ဩဇာမရှိသော ကျောင်းဆရာများကို ပစ်ပယ်ထားသည်။ ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်းက လုပ်ပိုင်ခွင့် အာဏာ မရှိသော ကျောင်းဆရာများကို ပစ်ပယ်ထားသည်။ ထို့အတွက် ကျွန်တော်တို့ ယနေ့မှာ ပေးဆပ်နေရသည်။
ကျွန်တော်တို့ ဆရာများစွာမှာ ပညာသင်သော အလုပ်ကို စွန့်လွှတ်လိုက်ကြသည်။ ကျောင်းဆရာအလုပ်မှ အရှိန်အ၀ါ အာဏာရှိသော နေရာကို ပြောင်းသွားကြသည်။ နွံထဲမှာ ပတ္တမြားများစွာ ရှိပါသည်။ သူတို့ကို ဆယ်ယူဖို့ ကြိုးစားကြဖို့ လိုသည်။
ဒေါက်တာခင်မောင်ညို
(The Nation ဂျာနယ်၊ ၂၄၊ ၇၊ ၂၀၁၂)
source... မောက္ခ
No comments:
Post a Comment