Wednesday, August 1, 2012

ရန်ကုန်တက္ကသိုလ် တိုးရ်



အခုတလော ရှင်းလိုက်မှ ရှုပ်သွားတဲ့ ရန်ကုန်တက္ကသိုလ်ကိစ္စ နဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးအကြောင်းက ရယ်စရာကောင်းသလိုလိုနဲ့ ရင်နာစရာ အခြေဖြစ်နေတာပါ။ဒီကိစ္စကို နောက်သမ္မတ အကြံပေးတစ်ယောက်က တက္ကသိုလ်တွေ အများကြီးမှာ ရန်ကုန်တက္ကသိုလ်တစ်ခုတည်းကွက်ပြီး ပြင်ဖို့ဆိုတာ မသင့်လျော်သလိုလိုပြောသွားသေးတယ်။ နားလည်စေချင်တယ်ဗျာ သမ္မတအကြံပေးလုပ်နေတဲ့သူဆိုတော့ လူ့အဖွဲ့အစည်းနဲ့ တန်ဖိုးထားအပ်သော ဂုဏ်သိက္ခာပြည့်သော ပညာရှာရာ အရပ်တစ်ခုဆိုတာ တိုင်းပြည်တစ်ခုမှာ အများကြီးရှိလို့မရဘူးလေ။(ကလေးတွေတောင်ပြောတတ်ကြတယ် “အကောင်းဆုံးဆိုတာ တစ်ခုပဲရှိတယ်” ဆိုတာမျိုးလေးပေါ့) ရန်ကုန်တက္ကသိုလ်ဆိုတာ မြန်မာပြည်ရဲ့ ဂုဏ်ဆောင်တက္ကသိုလ်ပါ။

နိုင်ငံတကာ တိုင်းပြည်ကြီးတွေမှာလည်း သူတို့တိုင်းပြည်ရဲ့ အကောင်းဆုံးတက္ကသိုလ် ဆိုတာမျိုးရှိပါတယ်။ ဂျပန်မှာဆိုရင် တိုကျိုတက္ကသိုလ် ဆိုတာ ထိပ်တန်းပဲ။ တိုကျိုတက္ကသိုလ်ကို အမြတ်တနိုးနဲ့ သူတို့ဆီက အတော်ဆုံးလူငယ်တွေအတွက် ဆိုပြီး ထားကြတာမျိုးပါ။ တရုပ်ပြည်က ပီကင်းတက္ကသိုလ် ဆိုရင်လည်း ဒီလိုမျိုးပါပဲ။ အဲသလိုမျိုး အစဉ်အလာကို ပြန်လည်ရယူဖို့ ထိုက်တန်တဲ့ သမိုင်းအစဉ်အလာလည်း ရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကို အခုလို တိုင်းပြည်မှာ နိုင်ငံရေးအရ ပွင့်လင်းလာပြီ လို့ပြောနေတဲ့အချိန်မှာ စပြီး ပြန်လည် တည်ဆောက်သင့်တာ အသေအချာပါပဲ။

တက္ကသိုလ်ရဲ့ ဖွဲ့စည်းပုံကစလို့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ကို ပြန်အသက်သွင်းတာတို့ မဟာဌာနကြီးတွေ နဲ့ ကျောင်းတွေကို သေချာ ဖွဲ့စည်းပြီး စာသင်ခန်းများကို အသက်ဝင်လာစေပြီး ကျောင်းသားလူငယ်တွေရဲ့အားမာန်နဲ့ စကားသံ၊ရယ်မောသံတွေကို ကံ့ကော်ရနံ့နဲ့အတူတူ ပြန်လည်ရှူရှိုက်ရင်း ကျောင်းဝင်းထဲမှာ သွားထိုင်ငေးလို့ ကိုယ့်ငယ်ဘဝကို တကယ်ပဲ ပြန်တမ်းတလိုက်ချင်ပါတယ်။ အနာဂတ်ရှိတဲ့ တိုင်းပြည်အဖြစ်လည်း ကိုယ့်ကလေးတွေအတွက် ရင်အေးချင်လွန်းလို့ပါ။ အခုတော့ ကလေးတွေ ဆယ်တန်းအောင်ပြီးရင် ပြည်တွင်းမှာဆို ဘယ်ကျောင်းပို့ရမယ်မှန်းမသိဘူး။ အလကားနေ ဆေးကျောင်းပဲပို့ရမလား၊ အတွေးအခေါ်ပွင့်လင်းပြီး ကိုယ်ပိုင်ဟန်ရှိတဲ့ မြန်မာလူငယ်တွေကိုမြင်ချင်မိတဲ့ ကိုယ့်အမြင်ပေါ့လေ။

နောက်တစ်ခါ ကျောင်းသားသမဂ္ဂကိစ္စလည်းပါတယ်။ ကျောင်းသားသမဂ္ဂတင်မကဘူး ကျောင်းသားအဖွဲ့အစည်းတွေ ကျောင်းတွင်းစာစောင်တွေ လှုပ်ရှားမှုတွေ ရှိသင့်တာပေါ့။ ကျောင်းသားသမဂ္ဂ နဲ့ ကျောင်းသားအဖွဲ့အစည်းတွေ ဆိုတာတော့ တက္ကသိုလ်မှာ ရှိသင့်ပါတယ်။

စာပေနှင့်ယဉ်ကျေးမှုအသင်း၊အနုပညာအသင်း၊ခြေလျင်နှင့်တောင်တက်အသင်း၊
ဒီရေတောကာကွယ်မြတ်နိုးသူများအသင်း၊ ပြည်ထောင်စုသားများချစ်ကြည်ရေးနှင့် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးအသင်း၊ ဘာအသင်းညာအသင်း နဲ့ အဲဒီအသင်းတွေက စာစောင်တွေ လှုပ်ရှားမှုတွေ လည်း ရှိနိုင်ပါတယ်။

သို့သော် အခြေခံအားဖြင့် အဲဒီသမဂ္ဂတို့ ဘာတို့ အသင်းအပင်း တွေအားလုံးဟာ နိုင်ငံရေး အဖွဲ့အစည်းတော့ မဖြစ်သင့်ပါဘူး။ နိုင်ငံရေးအရ ဖွဲ့ထားတာမျိုး နိုင်ငံရေးအဖွဲ့ အစည်းတွေက အသုံးချဖို့ နှပ်ကြောင်းပေးခံရတာမျိုးလည်း မဖြစ်သင့်ပါဘူး။ကျောင်းသားတွေရဲ့ ကိုယ်ပိုင် အတွေးအမြင်ကနေပြီး ကျောင်းသားအရေးနဲ့ တိုင်းနိုင်ငံလူ့အဖွဲ့အစည်းအရေးအတွက်သာ ဖြစ်သင့်ပါတယ်။

လူငယ်တွေရဲ့ ရှင်းသန့်တဲ့ယုံကြည်ချက်နဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို လုပ်ခွင့်ပေးသင့်ပါတယ်။ လိုအပ်ရင် ထိမ်းကြောင်းသင့်တာကိုလည်း သိမ်မွေ့စွာလုပ်ပေးဖို့ အာဏာရ အစိုးရတွေမှာ တာဝန်လည်း ရှိပါတယ်။ အပြစ်ပေးတာ ဖမ်းတာ သတ်တာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ ကျောင်းသားသမဂ္ဂနဲ့ အသင်းအပင်းတွေ ဖွဲ့ဖို့က ကျောင်းကြီးကို အသက်ပြန်သွင်းပြီး စာသင်ခန်းတွေ လှုပ်ရှားဖို့ အရင်လုပ်ပြီးမှသာ ကျောင်းသားတွေနဲ့ ပြန်ဖွဲ့စည်းရမှာပေါ့လေ။ ကျောင်းသားတွေထဲ ရောပါလာတာ ဘာညာတွေလည်း ရှိမှာပဲ။

( ဒီနေ့တောင် ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကော်မတီဖွဲ့လိုက်ပါပြီးဆိုပြီး ခွပ်ဒေါင်းအလံကြီးနဲ့ ဘွဲ့နှင်းသဘင်ရှေ့မှာအုပ်စုလိုက်ရိုက်ထားတဲ့ပုံကိုတွေ့မိတယ်။ ကျောင်းသားအဖွဲ့တွေ
အများကြီးဖြစ်လာပြီ။နိုင်ငံရေးပါတီကြီးတွေတောင် လှုပ်ရှားခွင့်ပြုထားသေးတာပဲ နိုင်ငံရေးလုပ်ချင်ရင် ခပ်ရှင်းရှင်းသာ နိုင်ငံရေးလုပ်ကြပေါ့။)  နိုင်ငံရေးသမားပေါက်စတွေ ကျောင်းသားသမဂ္ဂထဲပါလာတော့ ဘာဖြစ်တုန်း။ လှုပ်ရှားကြပစေပေါ့ တဖြည်းဖြည်းနဲ့ နိုင်ငံရေးလုပ်ချင်ရင် ပါတီတွေထဲသွားလုပ်ကြတဲ့ ပုံစံဖြစ်လာပါလိမ့်မယ်။

ရေးလက်စနဲ့ ကျောင်းတော်ကြီးအကြောင်း ရေးလိုက်ချင်တယ်။ ရန်ကုန်တက္ကသိုလ် တိုးရ် ပေါ့။ တက္ကသိုလ်ကြီးထဲ တစ်ပတ်ပတ်တာပေါ့ဗျာ။ မျက်စိတော့လည်မယ် စာနဲ့ရေးတဲ့ တိုးရ်ဆိုတော့။ သိပ်အများကြီးလည်း မပတ်နိုင်ပါဘူး မျက်စိပိုလည်သွားမှာစိုးလို့။ အကျဉ်းတစ်ပတ်ပေါ့။

အဓိပတိ လမ်းအဝင် ညာဘက် တက္ကသိုလ်ရိပ်သာလမ်းမကြီးပေါ်ကနေမြင်ရတဲ့ ကွပ်လပ်ကြီးက ဒီအတိုင်းပြောင်ရှင်းကြီးမြင်ရတာ ဆိုးပါတယ်။ ဆိုးပေမယ့်လည်း ဒီအတိုင်းထားရင်း မျှော်လင့်တဲ့တစ်နေ့ကို စောင့်နေကြတာထင်ပါရဲ့။တစ်လောက အပင်တွေ စိုက်လိုက်သေးတယ်။ အရင်အဆက်ဆက်ကတော့ အဲဒီကွပ်လပ်ကြီးထဲမှာ ဗိုလ်အောင်ကျော်ရဲ့ အုတ်ဂူကလွဲလို့ ဘာမှကို မရှိတဲ့ မြက်ခင်းရိုင်းကြီးပါ။

သူ့နောက်ဘက်က အားကစားရုံအဟောင်းလေးလည်း ပျက်စီးနေပြီလားတောင်မသိပါဘူး။ အားကစားရုံလေး ရှေ့က သထုံဆောင် နဲ့ သစ်တိုပင်တန်းတွေ ဒီလို မိုးဦးကျဆိုရင် သစ်တိုသီးတွေကြွေကျပြီး သထုံလမ်းရဲ့မြစ်ဖျားခံရာမှာ ရှဥ့်ကလေးတွေ အလုပ်ရှုပ်နေရောပေါ့။ သထုံလမ်းအတိုင်းကျောင်းထဲကို စဝင်ရင် ဗဟိုဆောင်ငါးဆောင်ထဲက သထုံဆောင်ကို တွေ့မယ်။ ဗဟိုဆောင် ငါးဆောင်ရဲ့ နောက်ထဲမှာ ထမင်းစားဆောင်တွေရှိတယ်။ စားပွဲထိုးနဲ့ ထမင်းပန်းကန်နဲ့ ဟင်းပန်းကန်နဲ့ သေချာစားရတဲ့ ထမင်းစားဆောင်တွေပေါ့။ တစ်ချိန်တုန်းကတော့ ထမင်းဟင်းတွေက ကောင်းမွန်ပြီး တောက်ပပြောင်လက်နေခဲ့မှာပေါ့။


သထုံဆောင်မှာ ကိုအောင်ဆန်းနဲ့ ကိုနုတို့စတွေ့ဖူးကြတာတဲ့။ ကိုကျော်ငြိမ်းရဲ့ သထုံဆောင်ကအခန်းမှာပေါ့။ အဲဒီကနေ ကိုအောင်ဆန်းနေခဲ့တဲ့ ပဲခူးဆောင်ပေါ့။ သူ့ဘေးက ပင်းယဆောင်မှာ အခုလောက်ဆို သရက်သီးတွေ မှည့်ပြီး တစ်ဘုန်းဘုန်းနဲ့ကြွေကျနေလောက်ပြီ။ စစ်ကိုင်းဆောင်ကတော့ အခု ရန်ကုန်တက္ကသိုလ်ကိစ္စ စပြောခဲ့တဲ့ ဦးမြင့်နေခဲ့တာတဲ့။ အဲဒီအဆောင်မှာ မြန်မာပြည်ကို စတိုင်ပေးပြီး ဖျက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကိုလည်း အထိုက်အလျောက်ဖျက်သွားခဲ့တဲ့ ကိုခင်ညွန့်လည်း စစ်ထဲမဝင်ခင်မှာ တစ်နှစ်လောက် နေခဲ့သတဲ့။



အင်းဝဆောင်မှာတော့ ဘုရားခန်းမှာ မြတ်စောညီနောင်ဘုရားဆင်းတုရှိတယ်။ အင်းဝဆောင် အပေါ်ထပ် အနောက်ဘက်ထောင့်ကနေပြီး ဂျဒ်ဆင် မျှော်စင်ကိုမြင်ရတဲ့ မြင်ကွင်းကတော့ ဂန္တဝင်ဆန်ဆန် ခန့်ခန့်ငြားငြားပါပဲ။ အင်းဝဆောင်ရှေ့က စစ်ကိုင်းလမ်း။ စစ်ကိုင်းလမ်း ဖြတ် စင်္ကြမုခ် ဟိုဘက်မှာတော့ သိပ္ပံကင်တင်း လို့ခေါ်ကြတဲ့ စားသောက်တန်းရှိတယ်။ ဟိုတုန်းကတော့ စင်္ကြလမ်းနဲ့ အမြင့်အတူတူ ခပ်နိမ့်နိမ့်လေးပေါ့။ အဲဒီကမှ ဆက်သွားရင် ကုန်ထုတ်ဓါတုဗေဒ ဌာန ရဲ့ အဆောင်ပုပြားပြားလေးတွေ။ ေ

နာက်သိပ္ပံ ပင်မဆောင်ကြီးကိုရောက်ရင် ညာဖက်က ဇီဝတို့ ရုက္ခတို့။ ဘယ္ဘက္က သခ်ာၤသမားမ်ား။ ရှေ့ဆက်ရင် ညာဘက်က ဒုတ္တာဆား လို့ ကျောင်းတုန်းက နှိမ်ပြီး ခေါ်ခဲ့တဲ့ ဓါတုဌာနပေါ့။ ဘယ်ဘက်ကတော့ အမျိုးသမီးများနားနေခန်းနဲ့ အပေါ်ထပ်မှာ သိပ္ပံခန်းမ နဲ့ ဆက်လျှက်က ကျောင်းသားရေးရာဌာနပေါ့။ ဓါတုဗေဒ ဌာနကနေပြီး ဆက်သွားရင် ရှေ့မှာ ရူပဗေဒ ဌာန ဘယ်ညာ နှစ်ဖက်လုံးနဲ့ ပန်းခြံကြီးပါ အပါ။

ပန်းခြံကြီးထဲမှာ electron generator အဟောင်းကြီးတစ်လုံးရှိမယ်။ ကျောင်းသားရေးရာဌာနရှေ့ထွက်လိုက်ရင် ထိုင်လို့ကောင်းတဲ့ လှေကားထစ်ကလေးတွေမှာ ထိုင်ပြီး ကြည့်လိုက်ရင် သစ်ပုတ်ပင်ကြီး ကို ခန့်ခန့်မတ်မတ်ကြီးတွေ့ရမယ်။ သစ်ပုတ်ပင်ရဲ့ ဟိုဘက်မှာက အဓိပတိလမ်း။ အဓိပတိလမ်းကို ဖြတ်ရင်း ညာဘက်ကိုကြည့်လိုက်ရင် နဂါးနှစ်ကောင်ထိပ်မှာတပ်ပြီး ခြင်္သေ့နှစ်ကောင် ဘေးမှာ စောင့်တဲ့ ဘွဲ့နှင်းသဘင်ခန်းမကြီးပေါ့ဗျာ။ ရန်ကုန်တက္ကသိုလ်ရဲ့ အထွဋ်အထိပ်အဆောက်အဦးလို့လည်း ပြောလို့ရနိုင်ပါတယ်။ အဲဒီထဲမှာ ပါမောက္ခချုပ်ရုံးခန်းလည်းရှိတယ်။

ဘွဲနှင်းသဘင်ဘက်မသွားပဲ အဓိပတိလမ်းကို ဖြတ်ကူးရင်တော့ ဝိဇ္ဇာအဆောက်အဦးပေါ့။ ဝိဇ္ဇာခန်းမရှိမယ်။ ဒဿနိကဗေဒဌာန၊ စိတ်ပညာဌာန၊ ပထဝီဌာန၊ စာကြည့်တိုက်ပညာဌာနတွေ ရှိတယ်။ ဝိဇ္ဇာအဆောင်ကြီးရှေ့မှာ မြက်ခင်းပြင်ရှိတယ် ပွဲလမ်းတွေဘာတွေ လုပ်ကြတာပေါ့။ အဲဒီဘေးဘက်မှာ တော့ RC ဆိုတဲ့ Recreation Centre။ အရင် တုန်းက RC အဝင်မုခ်ဦးလေးက လှတယ်။ အဆောက်အဦးနဲ့ လိုက်ဖက်ညီတဲ့ ဗိသုကာ ပုံစံအတိုင်းပဲ။ လေးထောင့်ထုထည်ပုံစံ နဲ့ ခပ်နိမ့်နိမ့်လုပ်ထားတာ။

အဲဒါကို စိန်ရတုပွဲတော်ကာလမှာ ကျောင်းထဲ အရောက်အပေါက်များတဲ့ စစ်ကိုင်းဆောင်ကျောင်းသားဟောင်းပါဆိုသူက ဖျက်ပြီး အသစ်အချွန်ကြီး မြင့်မြင့်ကြီးဆောက်ပေးထားတဲ့ မအပ်စပ်သော ရုပ်ဆိုးဆိုးကိုတွေ့ရမှာပါ။ RC ရဲ့နောက်ထောင့်မှာက ဂျဒ်ဆင် ဘုရားကျောင်းခန်းမ နဲ့ မျှော်စင်။ အဲဒီဘေးမှာကတော့ ကိုခင်ဝမ်းကြီးရဲ့ ရွှေဘိုဆောင်။ ရွှေဘိုဆောင်နဲ့ ကျောချင်းကပ်ပြီး ထမင်းစားဆောင်အခြားမှာတော့ ဒဂုံဆောင်။ ဒဂုံဆောင်ရဲ့ အရှေ့က ဝင်းထဲမှာ လူနေဆောင်တွေကို စာသင်ဆောင်လုပ်ထားတဲ့ တောင်ငူဆောင်ရှိမယ်၊ မြန်မာစာနဲ့ အင်္ဂလိပ်စာ ဌာနတွေရှိတာပေါ့။

ညာဘက်မှာ ရာမညဆောင်ကတော့ ဥပဒေဌာနပေါ့။ ညာဘက်ထပ်ပတ်ရင် အမရဆောင် သမိုင်းဌာန နဲ့ ဒေါ်နီနီမြင့်တို့ နေရာပေါ။ အခုတော့ သမိုင်းကော်မရှင်ဆိုလား သမိုင်းပွဲစားဆိုလားပေါ့။ ညာတစ်ပတ်ထပ်ပတ်ရင် မန္တလေးဆောင်ပါ။ မန္တလေးဆောင်ကတော့ ဘူမိဗေဒ ဌာနပါ။ သူ့ရှေ့မှာ အဓိပတိလမ်း နဲ့ ဟိုမှာဘက်မှာ အစကပြောတဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦးဟောင်းကွပ်လက်ကြီးပေါ့။ အဓိပတိလမ်းမကြီးအတိုင်း တစ်ဘက်စွန်းကို ပြန်မျှော်ကြည့်ရင် ဘွဲ့နှင်းသဘင်ကို ထိပ်မှာ မြင်ရပြီး တစ်ဖက်မှာတော့ တက္ကသိုလ်ရိပ်သာလမ်း။ တက္ကသိုလ်ရိပ်သာလမ်း ဟိုဘက်အလွန်မှာ တက္ကသိုလ်ဆေးရုံ၊ စာအုပ်ဆိုင်နဲ့ စာတိုက်ဝင်း။ နောက်တော့ လဘက်ရည်ဆိုင်တွေ။

အဲဒီလဘက်ရည်ဆိုင်ကနေ ကျောင်းအပေါက်ဝကို လှမ်းကြည့်ရင် သိပ်ကျက်သရေရှိတယ်။

တစ်ချိန်တုန်းကပေါ့ အဲဒီလဘက်ရည်ဆိုင်မှာ ညနေစောင်း ကျောင်းအဆင်း ထိုင်နေကြရင်း သူငယ်ချင်းလုပ်တဲ့သူ(အခုတော့ နာမည်ကျော် သတင်းစာဆရာကြီးပေါ့ဗျာ) က ကိုင်ဇာသီချင်းကိုညဉ်းတယ်။ “….တက္ကသိုလ်မြေနေဝင်မှာကို …စိုးတယ်…..” တဲ့။ အဲဒီတုန်းက ဒီလို နေဝင်နေလိမ့်မယ်လို့တကယ်မထင်ခဲ့ပါဘူး။

ရန်အောင်ကျော်

(စကားလုံအမှားလေးတွေကို ပြန်ပြီး update လုပ်ထားတာပါ)

No comments:

Post a Comment