Saturday, September 15, 2012

အိမ်အလွမ်း


လူတိုင်းလူတိုင်း အိမ်ကိုလွမ်းဖူးခဲ့ကြမှာပါ။ ရေခြားမြေခြား၊ မိဝေးဖဝေး၊ ဆွေမျိုးဝေး၊ မိသားစုဝေးဘဝတွေနဲ့ အိမ်လွမ်းသူတွေ ဒီဖက်ခေတ်မှာ ပိုများလာမှာပါ။ အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်ကတော့ ကျနော်တို့အားလုံးရဲ့ ရင်ထဲကို တိတ်တဆိတ် ရောက်ရောက်လာတတ်မှာပါ။

အိမ်မှာ အမေရှိတယ်။ ညီအစ်ကို၊ မောင်နှမတွေရှိတယ်။ အိမ်ကိုလွမ်းတဲ့ အိမ်အလွမ်း၊ ကျနော် အိမ်မပြန်နိုင်ခဲ့တာ ကြာပြီ။ ကျနော် အိမ်နဲ့ဝေးခဲ့ရတာကြာပြီ။ ကိုယ့်မွေးရပ်မြေဟာ ကိုယ့်အိမ်ပါဘဲလေ။ အိမ်ကိုလွမ်းတိုင်း ခိုင်ထူးရဲ့ အိမ်အလွမ်း ဆိုတဲ့ သီချင်းက ကျနော့်ရင်ထဲကို ရောက်ရောက်လာတတ်တာပါ။

အိမ်ပြန်ချင်တဲ့အလွမ်း ဆီးနှင်းတို့ကျစတစ်ညမှာ အိမ်ကိုပစ်ပြီးတော့ မပြေလည်နိုင်မဲ့ လမ်းမှန်း သိရက်နဲ့ တစ်လှမ်းချင်းလှမ်းကာ ရင်ဆိုင်နေဆဲက အိမ်ပြန်ချင်တဲ့အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ်။

ခိုင်ထူးရဲ့ အားမာန်အပြည့်နဲ့ သီချင်းသီဆိုဟန်က ကျနော်တို့ကို လွှမ်းမိုးနိုင်ခဲ့သလို သူ့သီချင်းတွေကလဲ ကျနော်တို့ကို ဖမ်းစားနိုင်ခဲ့တာပါ။ ၁၉၈၂ခုနှစ်၊ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဘဝ၊ ခိုင်ထူးရဲ့ သီချင်းတွေ အောင်မြင်နေတဲ့အချိန်၊ အဉ္ဖလီ၊ လွမ်းပုံပြင်၊ ပုဝါတစ်ကမ်းလက်တစ်လှမ်း၊အချစ်ရဲ့ကိုယ်စား၊ နောက်ဆုံးအိပ်မက်၊ နေညိုချိန်အတွေး၊ အိမ်အလွမ်း၊ လေးမြှားတစ်လက်နဲ့သီချင်းသည်၊ သီချင်းတစ်ပုဒ်ပန်းတစ်ဆုပ်၊ အသည်းမညည်းနဲ့၊ အစရှိတဲ့ သီချင်းတွေနဲ့ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘဝ ဖြတ်သန်းခဲ့ကြတာပါ။ ခိုင်ထူးရဲ့ တေးစီးရီးအသစ် ထွက်ခါနီးတိုင်း စပယ်ဦး တေးသံသွင်း ပါတ်ဝန်းကျင် လမ်းဘေးပလက်ဖောင်းမှာ သီချင်းတွေ နားထောင်ခဲ့ဖူးတာ အမှတ်ရမိတယ်။ နောက်ပိုင်းမှာ အဉ္ဖလီအတွက် ဂီတဉ္ဖလီ၊ ကြိုးကြာသံ၊ ကြိုးမဲ့ချည်တိုင် အစရှိတဲ့ ခင်မောင်တိုး သီချင်းတွေ ဆက်တိုက်နားထောင်ခဲ့ရတယ်။

သီချင်းတွေ နားထောင်ရင်း တေးရေးသူတွေကိုပါ သတိထားမိခဲ့တယ်။ တေးရေး ကိုမောင်မောင်၊ ကိုနေဝင်း၊ ကိုရဲလွင် အစရှိတဲ့သူတွေရဲ့ သီချင်းတွေနဲ့ ကျနော်တို့ လူငယ်ဘဝ ဖြတ်သန်းခဲ့ကြတာပါ။ ကိုမောင်မောင် ရေးတဲ့သီချင်းတွေရဲ့ ထူးခြားမှုကို သတိထားမိခဲ့တယ်။ နောက်ပိုင်းမှာ တေးရေး ကိုမောင်မောင်ရဲ့ သင်္ကြန်မိုးသီချင်း၊ ရိုးရိုးလေး၊ နှင်းဆီပန်သူ၊ ပန်းချစ်သူ၊ ရွာမယ်ဆိုရင်လေ အစရှိတဲ့ သီချင်းတွေက ကျနော်တို့ရင်ကို လှုပ်ခတ်စေနိုင်ခဲ့တာပါ။

ကျနော် ငယ်ငယ်က စက်မှုတက္ကသိုလ် မတက်ဘဲ ပန်းချီကျောင်းဘဲ တက်မယ်လို့ ခေါင်းမာခဲ့ဖူးတယ်။ အမေနဲ့ ရန်ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အမေက ဗဟန်း ၃ လမ်းမှတ်တိုင်နားက ပန်းချီကျောင်းကို လိုက်ပို့တယ်။ နောက်လာမဲ့နှစ်ကျမှ ကျနော် တက်ခွင့်ရမယ်တဲ့။ ဒီလိုနဲ့ စက်မှုတက္ကသိုလ် တက်ဖြစ်ခဲ့တာပါ။ ကျောင်းဖွင့်ပြီး အဆောင်မှာ သွားနေတာ ၃ - ၄ လလောက်ကြာတော့ အိမ်ကို လွမ်းလို့ ပြန်သွားခဲ့ဖူးတယ်။ ကျောင်းမှာ၊ အဆောင်မှာ မပျော်ခဲ့ဖူး။ ပါတ်ဝန်းကျင်အသစ်နဲ့ တော်တော်နဲ့ အံ့ဝင်ဂွင်ကျ မဖြစ်ခဲ့ဘူး။ အဆောင်မှာ သိပ်မနေဖြစ်ဘဲ ကိုယ်ထင်ရာ လျှောက်သွားနေတတ်လို့ အဆောင်က သူငယ်ချင်းတွေက အံ့သြနေတတ်ကြတယ်။ အဲဒီနှစ်က ကျနော်တို့မြို့ကနေ ရန်ကုန်စက်မှုတက္ကသိုလ် ဝင်ခွင့်ရခဲ့ကြတာ ကျနော်အပါအဝင် အားလုံး ငါးယောက်ပါ။

ရန်ကုန်မှာ မိုးတွေ အရမ်းရွာလို့ လမ်းတွေ ရေမြှပ်နေရင် ပျော်စရာကောင်းသလိုနဲ့၊ စိတ်ညစ်စရာနော်။ ချက်ဗလက် ဘတ်စကားအိုကြီးတွေရဲ့ ဂီယာချိန်းတဲ့ အသံကိုလွမ်းတယ်။ မုန့်ဖက်ထုပ် ပူပူနွေးနွေးလေးလို့ အော်တဲ့ အသံကို လွမ်းတယ်။ သတင်းစာစက္ကူအဟောင်းတွေ ဝယ်တယ်လို့ အော်တဲ့ အသံကို လွမ်းတယ်။ ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံကို လွမ်းတယ်။ အနက်ရောင် ကောင်းကင်မှာ အိပ်တန်းပြန်ကြတဲ့ အပြာရောင် ငှက်တွေကို လွမ်းတယ်။ အိမ်ခေါင်မိုးပေါ် မိုးရေစက်တွေကျတဲ့ အသံကို လွမ်းတယ်။

ညဖက်ရောက်ရင် ဖားတွေ အော်တဲ့ အသံကို လွမ်းတယ်။ ဘတ်စကား စပါယ်ရာတွေရဲ့ ခရီးသည်ခေါ်သံကို လွမ်းတယ်။ ခရေပင်အိုကြီးအောက်မှာ မိုးရေထဲ မျောပါသွားတဲ့ ခရေပန်းပွင့်တွေကို လွမ်းတယ်။
ည မှောင်ရင် လမ်းထိပ် ဆိုက္ကားဂိတ်က မယ်ဒိုလင်တီးသံကို လွမ်းတယ်။ ကျနော်တို့ ကျောင်းရဲ့ တိုင်မြင့်မြင့်ကြီးတွေကို လွမ်းတယ်။

နေဝန်းနှင်းဆီ စာအုပ်အငှားဆိုင်လေးကို လွမ်းတယ်။ တစ်ခါစား နှစ်ကျပ်ခွဲ ထမင်းဆိုင်လေးကို လွမ်းတယ်။
နွေးအေးကို လွမ်းတယ်။
ဦးချစ် ဆိုင်ကို လွမ်းတယ်။
သမိုင်း ကျောင်းဆောင်တွေကို လွမ်းတယ်။
လှည်းတန်း ဦးချစ်လ္ဘက်ရည်ဆိုင် ( ၁၉၈၃ - ၈၄ ) ကို လွမ်းတယ်။
မြေနီကုန်းညဈေးက စာအုပ်အဟောင်းရောင်းတဲ့ ဈေးတန်းလေးကို လွမ်းတယ်။
ခြောက်ထပ်ကြီး ဘုရားကြီးတိုက်ကို လွမ်းတယ်။
ဆရာတော်အတွက် ဆွမ်းချိုင့် သွားယူပေးရတဲ့ မြေနီလမ်းလေးကို လွမ်းတယ်။ ( အခု အဲဒီနေရာမှာ တိုက်အမြင့်ကြီးတွေပေါ့ )
ကိုယ် ဖတ်ချင်တဲ့ စာအုပ်တွေ ပေးဖတ်ခဲ့တဲ့ အဝေးရောက် ဦးဇင်းတစ်ပါးကို လွမ်းတယ်။
သာကေတ မြစိမ်းရောင် ရုပ်ရှင်ရုံနားက လ္ဘက်ရည်ဆိုင်လေးကို လွမ်းတယ်။ အဲဒီမှာ ကျနော်တို့ သီချင်းတွေ နားထောင်ခဲ့ကြဖူးတယ်။ အဲဒီတုန်းက ချစ်ကောင်းရဲ့ ကော်ဖီခါးခါးကို နားထောင်ခဲ့ကြ ( ၁၉၈၅ )။ ရန်ကုန် သန်လျင်တံတားစီမံကိန်း၊ ရန်ကုန်ဖက်ကမ်း တိုင်နံပါတ် ၁၅ရဲ့ အောက်ခြေမှာ ကိုယ့် ခြေညှပ်ဖိနပ်လေးတစ်ရံ အမှတ်တရ ထားခဲ့ဖူးတာကို လွမ်းတယ်။
အဲဒီတုန်းက ကိုယ့်ရင်ထဲမှာ စူးစူးနစ်နစ် ဖြစ်စေခဲ့တဲ့ ( ခုထိလဲ ကိုယ် လွမ်းနေရတဲ့ ) ကိုယ့် သံယောဇဉ်လေးကို လွမ်းတယ်။
၂၅ နှစ်လောက် ကြာခဲ့ပြီ ဆိုပေမဲ့ ကိုယ် ခုထိ မမေ့ဘူး။ ကိုယ့် ဓါတ်ပုံအဟောင်းလေးကို သူကိုင်နေကျ ပိုက်ဆံအိတ်လေးထဲမှာ အမြဲတမ်း ထည့်ထားတတ်တဲ့ တစ်ယောက်ကို လွမ်းတယ်။ ( အခုတော့ ............)

ကျောင်းပိတ်လို့ အိမ်ပြန်ကြတဲ့အခါမီးရထားကြီး စီးပြီး ပြန်ခဲ့ကြရတာကို လွမ်းတယ်။
ထနောင်းပင် စိမ်းစိမ်းတွေကို လွမ်းတယ်။
ကိုယ်တို့ အိမ်ဝင်းထဲက မန်ကျည်းပင်အိုကြီးတွေကို လွမ်းတယ်။ မန္တလေးတောင်နဲ့ စစ်ကိုင်းတံတားကြီးကို လွမ်းတယ်။
ကားဂိတ်မှာ လာကြိုနေတတ်တဲ့ အမေ့ကို လွမ်းတယ်။ ကိုယ် နောက်ဆုံးတစ်ခေါက် ပြန်ရောက်တော့ လွန်ခဲ့တဲ့ နှစ်အစိတ်၊ သုံးဆယ်ကအတိုင်း ဘာမှ သိပ်မပြောင်းလဲသေးတာ အံ့သြစရာပါ။ အိမ်နားက လမ်းကြားလေးလဲ အရင်အတိုင်း၊ သစ်ပင်အိုကြီးလဲ အရင်အတိုင်း၊ လမ်းဘေးက မီးကင်းတဲလေးလဲ အရင်အတိုင်း၊ ငယ်ငယ်က စာသင်ပေးခဲ့တဲ့ ကိုယ်တို့ ဆရာမရဲ့ အိမ်အိုလေးလဲ အရင်အတိုင်း၊ ကျူရှင်ဆရာကြီးအိမ်က ရွဲ့စောင်းနေတဲ့ ဆိုင်းဘုတ်အိုလေးလဲ အရင်အတိုင်း၊

ကိုယ်တို့အိမ်ခေါင်းရင်းက ရေတွင်းဟောင်းလဲ အရင်အတိုင်း၊ ရေနံချေးရောင် မဲမှောင်နေတဲ့ ကိုယ်တို့အိမ် ဝါးထရံလဲ အရင်အတိုင်း၊ ဒါပေမဲ့ ပူအိုက်လွန်းလို့ ထန်းရွက်ယပ်တောင် တစ်ချောင်းနဲ့ ပက်လက်ကုလားထိုင်မှာ ထိုင်နေကျ အဖေ မရှိတော့ဘူး။
အမေ့ခေါင်းပေါ်က ဆံပင်တွေ အဖြူရောင် ပြောင်းသွားပြီ။

ကိုယ် ငယ်ငယ်က ချီပိုးခဲ့ရတဲ့ ကိုယ့်တူမလေးက တက္ကသိုလ်မှာ ဆရာမ ဖြစ်တော့မယ်။ အိမ်နောက်ဖေးက တမာပင်အိုကြီး မရှိတော့ဘူး။ အဖေ့ အရိုးပြာအိုးကို ဧရာဝတီမြစ်ထဲ မျှောပေးခဲ့တဲ့ အဖေ့ သူငယ်ချင်းလဲ မရှိတော့ဘူး။ ဘုရားဝင်းရှေ့က မန်ကျည်းပင်အိုကြီးတွေ မရှိတော့ဘူး။ လယ်ကွင်းတွေကြားက ထနောင်းပင် စိမ်းစိမ်းလေးလဲ မရှိတော့ဘူး။ ကိုယ် အိမ်ကိုလွမ်းတယ်။ အားလုံးဟာ လွမ်းစရာတွေချည်းပါဘဲ။

မပြောင်းလဲတဲ့ ပြောင်းလဲခြင်းတွေကြားမှာ ကျနော်တို့ ငယ်ငယ်ကတည်းက နှစ်သက်စွဲလမ်းခဲ့ရတဲ့ သီချင်းတွေက ရင်ထဲက ခံစားချက်တွေကို ခိုင်မာစေခဲ့သလား၊ ရင်ထဲက မျှော်လင့်ချက်တွေကို ရှင်သန်စေခဲ့သလား၊ တေးရေးသူ အနုပညာရှင်တွေ့ကအိမ်ကိုလွမ်းတဲ့၊ အိမ်ကိုတမ်းတတဲ့ သီချင်းတွေ အများကြီး ရေးဖွဲ့ခဲ့ကြတယ်။ တစ်ခါတစ်ရံ လသာတဲ့ညမှာဆို အတူတူ တစ်ယောက်ကို တစ်ယောက်မှီပြီး အရသာခံဖို့ ချစ်သူကိုအောက်မေ့ကြတယ်။ မိုးအုံ့တဲ့ ညနေပိုင်းတွေကျ အထူးသဖြင့် အိမ်နဲ့ အဝေးကြီးမှာ ရောက်နေတဲ့အခါဆို အမေ့ရင်ခွင်မှာ ပြန်ခို ချင်တဲ့စိတ်ဖြစ်မိတယ်။ ဆီးနှင်း တွေ ပိန်းပိတ်မှောင်ပြီး တကယ် ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ ဆောင်းညတွေမှာကျ ဘ၀ကြင် ဖော်ရဲ့ ရင်ငွေ့ကို လှုံချင်ကြပြန် တယ်။ အားလုံး အားလုံး ပျော် ရွှင်ကခုန်လေ့ရှိတဲ့ မီးပုံပွဲတွေကျ ပြန်တော့ အိမ်က ကလေးတွေ၊ ညီအစ်ကိုဆွေမျိုးတွေကို သတိရ ပြန်တယ်။

တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်က ကိုမောင်မောင် ( မဇ္ဈိမလှိုင်း )သို့ ဂုဏ်ပြုခြင်းစာစုမှာ အဲဒီလိုရေးထားခဲ့ဖူးတာ ဖတ်ခဲ့ရဖူးတယ်။ အိမ်အလွမ်း၊ အိမ်ပြန်ချင်တဲ့အလွမ်း၊ ကျနော်ယုံကြည်ပါတယ်။
အိမ်နဲ့ ဝေးနေရတဲ့သူတိုင်း အိမ်ကိုလွမ်းကြမှာပါ။

အမေအို မျှော်မယ်မှန်းလဲ သိရက်နဲ့ ခရီးကြမ်းဖျက်ကာ ပြန်မလာနိုင်သေးခင် အိမ်ပြန်ချင်တဲ့အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ်။

အားလုံးဟာ တကယ်လွမ်းစရာပါ။ အဲဒီသီချင်း ရေးဖွဲ့ခဲ့သူ ကိုမောင်မောင် မရှိတော့ဘူး။
သူကွယ်လွန်တော့ သူ့အသက် ၄၇နှစ်၊ အနုပညာရှင်ကြီး မြို့မငြိမ်း ကွယ်လွန်တော့ ၄၆နှစ်၊ ထူးအိမ်သင် ကွယ်လွန်တော့ ၄၂နှစ်၊ သူတို့အားလုံး လွမ်းစရာ၊ သူတို့တွေရဲ့ အနုပညာတွေ လွမ်းစရာ၊ သူတို့တွေကို ကျနော်ကတော့ ကျေးဇူးတင်တယ်။ ကျနော်တို့ ရင်ထဲက ခံစားချက်တွေကို သူတို့သီချင်းတွေက ခိုင်မာစေခဲ့သလို ကျနော်တို့ ရင်ထဲက မျှော်လင့်ချက်တွေကိုလဲ သူတို့သီချင်းတွေက ရှင်သန်စေခဲ့တာပါ။
အလွမ်း ပြန်ချင်စိတ်ကြောင့် အလွမ်း ပြန်ချင်ဇောကြောင့်
နေ့ခင်းအိပ်မက်ထဲမှာ
အတွေး အိပ်မက်ထဲမှာ အိမ်ပြန်ဖြစ်တယ်။

ကျနော်ကတော့ အတွေးအိပ်မက်ထဲမှာ အိမ်ပြန်ဖြစ်ခဲ့ရတာပါ။

ကိုကျော်ဦး



No comments:

Post a Comment