လွမ်းလွမ်းတတ အမှတ်တရ
(အာအိုင်တီ)
(part 3)
(part 3)
လူငယ်ဆိုင်
ကျွန်တော်တို့ နှစ်များဆီက ၁၉၈၈ ခုနှစ်အထိ လူငယ်ကန်တင်းဆိုတာ ရှိခဲ့ပါတယ်။ အယ်လ်၃-၄ကနေ ထွက်လိုက်ရင် မိုကြိုးလျ့ပ်စစ်ဆိုတဲ့ အဆောက်အဦးငယ်လေး နဘေးမှာ လူငယ်ကန်တင်းဆိုတာ ရှိခဲ့တာပေါ့။ ယခင်တုန်းက လမ်းစဉ်လူငယ် ရံပုံငွေနဲ့ ဖွင့်ခဲ့တာလားတော့ မသိပါဘူး။ လူငယ်ကန်တင်း တခြား ကန်တင်းတွေနဲ့ သီးခြားရှိတဲ့ နေရာပါ။ နောက်ပိုင်း လူငယ်ကန်တင်းကို ဖျက်လိုက်တော့ ဆုံစည်းရာဆိုပြီး ပြန်ဖွင့်ခဲ့ပါတယ်။
နွေးအေးဆိုင်
စက်မှုတက္ကသိုလ်နဲ့ နွေအေးဆိုတာ ခွဲလို့မရဘူးလို့ ပြောလို့ရနိုင်တဲ့ ဆိုင်တဆိုင်ပါ။ နှစ်တွေ ဘယ်လောက်ကြာကြာ နွေအေးက မဖြစ်ဖြစ်အောင်ရပ်တည်ခဲ့ပါတယ်။ အရေးအခင်းကြောင့် ကျောင်းတွေပိတ်လဲ နွေးအေးဆိုင်က ဖွင့်မြဲပါပဲ၊ နည်းပညာတက္ကသိုလ်တွေ အများကြီး ပြောင်းဖွင့်လို့ စက်မှုတက္ကသိုလ်ဝင်းမှာ လူနည်းသွားလဲ နွေးအေးက ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့ ကျောင်းကြီး ပြန်ဖွင့်တော့မယ်လဲဆိုရော နွေးအေးက ပြန်မဖွင့်တော့ဘူးဆိုတော့ ၀မ်းနည်းမိတာ အမှန်ပါပဲ။
ကျွန်တော်တို့ခေတ်က နွေးအေးဆိုတာ မိန်းခလေးတွေ အများကြီးထိုင်ပြီး၊ မိန်းခလေးတွေကို ပိုးပန်းချင်တဲ့သူတွေက အဲဒီဆိုင်မှာ ထိုင်တယ်ဆိုကြပါတယ်။ နွေးအေးက တခြားဆိုင်တွေထက် လူပိုများတော့ ကျွန်တော်တို့လို အေးအေးဆေးဆေး လဘက်ရည်ဆိုင်အကြာကြီးထိုင်သူတွေအတွက်တော့ သိပ်ပြီး မနွေးထွေးလို့ ကျောင်းဖွင့်ချိန်မှာ သိပ်မထိုင်ဖြစ်ခဲ့ပါဘူး။ နွေးအေးရဲ့ ပဲထမင်း လက်ဖက်ထမင်းနဲ့ စတော်ဘယ်ရီလက်ဖျော်ရည်တော်တော် နာမည်ကြီးပါတယ်။
ဘချစ်လဘက်ရည်
ဘချစ်ဆိုင်လို့ ပြောလိုက်ရင် ကျွန်တော်တို့လို ပေပေတေတေ ကျောင်းသားအားလုံး သိကြပါသည်။ ဘချစ်ဆိုသည်မှာ ရန်ကုန်တက္ကသိုလ်က ဦးချစ်နှင့် မသက်ဆိုင်ပါ။ ဘချစ်သည် စက်မှုဌာနာ ပန်းဘဲဌာန၏ စူပါဗိုက်ဆာပါ။ ဒုတိယနှစ်ရောက်ပြီဆိုလျင် ကျွန်တော်တို့တစ်တွေ သံချောင်းတစ်ချောင်းကို မီးကင်ကာ ပြားနေအောင် သံချဉ်တွဲ ၉၀ဒီဂရီဖြစ်အောင်ထုရသည်။ ထိုပန်းဘဲဌာနတွင် ကျွန်တော်တို့ကို ဘယ်လို မီးပေး၊ ဘယ်လို ထုရသလဲဆိုတာ သင်ပေးခဲ့သော ကျွန်တော်တို့ချစ်သော ဘချစ်ပင်ဖြစ်ပါသည်။
ဘချစ်က ကန်တင်းတွင် လဘက်ရည် ထမင်းကြော် သံဗူး စသည်တို့ ရောင်းပါသည်။ ဘချစ်လဘက်ရည်ဆိုင်တွင် ကျွန်တော်တို့ နှစ်သက်သလောက်ထိုင်ခွင့်ရှိပါသည်။ ခိုင်ထူး၊ ခင်မောင်တိုး တူးတူး စသည့် လူငယ်ကြိုက် သီချင်းများလည်း ဖွင့်ပေးပါသည်။ ပထမနှစ်မှ နောက်ဆုံးနှစ်ဘွဲ့ရသည်အထိ စွဲစွဲမြဲမြဲထိုင်ခဲ့သော ဆိုင်သည် ဘချစ်လဘက်၇ည်ဆိုင်ပင်ဖြစ်ပါသည်။
ကန်သာယာ၊ အောင်သိပ္ပံနှင့် မော်လမြိုင်
ထိုဆိုင်၃ ဆိုင်မှာ တရုပ်စားသောက်ဆိုင်ဖြစ်ပါသည်။ ကန်သာယာကို စက်မှုဌာနမှ ဆရာဦးစိုးလွင်ပိုင်ဖြစ်ပြီး ယနေ့ထက်တိုင်ဖွင့်လှစ်ဆဲ၊ ဈေးအလွန်အင်မတန်ချိုသာပြီး ကျောင်းသားများအပေါ် စေတနာဖြင့် ကြော်လှော်ပေးပါသည်။ မော်လမြိုင်မှာ ၁၉၈၇ခုနှစ်တွင် အာအိုင်တီမှ ထွက်ခွာကာ ကျိုက္ကလားသို့ ပြောင်းဖွင့်လိုက်ပါသည်။ အောင်သိပ္ပံကတော့ ၂၀၀၀ ၀န်းကျင်လောက်အထိ ဖွင့်လှစ်ပြီး ယခုအခါ မရှိတော့ပြီဟု သိရပါသည်။
မေတ္တာပေါင်းကူး
၁၉၈၆-၈၇ လောက် သက်ကယ်မိုး ထရံကာ ကန်တင်းအဟောင်းကို သွပ်မိုး ကန်တင်းအဖြစ်ပြောင်းလိုက်သောအခါ မေတ္တာပေါင်းကူး လဘက်ရည်ဆိုင် အသစ်တိုးလာပြီး လူငယ်များ နှစ်သက်သော ဆိုင်တဆိုင်ဖြစ်လာပါသည်။ မေတ္တာပေါင်းကူးသည် နွေးအေးနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသောကြောင့် ကိုယ်လိုက်လံပိုးနေသော ကောင်မလေး နွေးအေးမှာ ထွက်ခွာသည်ကို အလွယ်တကူ မြင်နိုင်ပါသည်။ ထိုကြောင့် လူကြိုက်များတာလားတော့ မပြောတတ်ပါ။
ရန်ကုန်စက်မှုတက္ကသိုလ်ထဲတွင် ကျွန်တော်၏ လွမ်းလွမ်းတတ အမှတ်တရ နေရာလေးများ အလွန်အင်မတန်များပါသည်။ အဆောင် ၁ ရှေ့ က တနှစ်တခါသာ ဖွင့်သည့် ရေပန်းလှလှကြီး၊ ဦးလူပေါဂိတ်ဝနားက စာအုပ်ဆိုင်တို့သည်လည်း ကျွန်တော်တို့၏ကျောင်း၏ အမှတ်တရ ခြေရာလေးများဖြစ်ပါသည်။
Building 1 နှင့် Building 2 ပေါင်းကူးတံတား အမှတ်တရ
နှစ်နှစ်တခါ ရန်ကုန်ပြန်တိုင်း ကျောင်းသားတွေ တိတ်ဆိတ်နေတဲ့ ကျွန်တော်ချစ်သော ကျောင်းကြီးကို ပြန်လည်မွမ်းမံပြီး Center of Excellence အဖြစ်သတ်မှတ်ကာ ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတော့ ကျွန်တော် ရင်ထဲမှာ ပြောမပြတတ်အောင် ၀မ်းသာမိပါတယ်။
ကျောင်းသားရေးရာဌာန
ဘယ်တော့မှ မေ့လို့မရတဲ့ ကျွန်တော်ရဲ့ လွမ်းဆွတ်မှုကို ဒီနှစ် ဆရာပူဇော်ပွဲတွင် ပြန်လည်အလွမ်းဖြေပါတော့မည်။ ကျွန်တော်ချစ်သော် MESA (AME) Association of Mechanical Engineering ရုံးခန်းလေးကို သွားပြီး တချိန်တုန်းက ဟောဒီ နေရာတွေမှာ ဆိုးပေကလေး ကျွန်တော်ကို သတိရနေသေးလားလို့ တိုးတိုးလေး ရွတ်ဆို မေးမိမည်သာဖြစ်ပါသည်။
Architect Dept တည်ရှိရာနေရာ
ကျောင်းသုံးစာအုပ်နဲ့ပစ္စည်းများ သွားထုတ်ရတဲ့ Book Shop
မောင်ခြိမ့် (၉၃)
No comments:
Post a Comment