လျှက်ဆားတတို့
တအိမ်လုံးမှာ အိပ်ရာက သူအရင်ဆုံးနိုးနေကျ။ မနေ့ညက ပန်းနာမထလို့ နှစ်နှစ်
ခြိုက်ခြိုက် အိပ်ခဲ့ရယင်ပေါ့။ သူနိုးပြီဆိုယင် မနက်ခြောက်နာရီထိုးခါနီးပြီ။ နဘေး
အိမ်က ရေစည်ဆရာတောင် ရေတချီတမောင်းဆွဲပြီးလို့ ခဏပြန်နားနေပြီ။နိုးနိုးချင်း
ခြေရင်းမှာအိပ်တဲ့သားကိုနှိုးတယ်။ ဆင်းရဲတဲ့သူက ဒီလိုနေမြင့်အောင် မအိပ်ရဘူး၊
ပိုဆင်းရဲတတ်တယ်လို့ နှိုးယင် သားဖြစ်သူကလည်း ဟုတ်ကဲ့ထပြီအဖေလို့ အိပ်ချင်
မူးတူးနဲ့ ပြန်ထူးမယ်။ ပြီးတော့ အညောင်းဆန့်တာရော၊ တဖက်လှည့်ပြီး ပြန်နှပ်
နေတာရော၊ ဦးချစ်ခင် သူ့ခြင်ထောင်ဟောင်းထဲက လှမ်းမြင်ပြီးနေရတယ်။
သူတို့တတွေအဖို့ စည်းစိမ်တွေထဲမှာ ဒီစည်းစိမ်က ငွေကုန်ကြေးကျမရှိတဲ့ စည်းစိမ်မို့
သားဖြစ်သူ အိပ်ယာထပျင်းတာကို နားလည်ခွင့်လွှတ်တယ်။ ဒါတောင် ဒီကောင်
ခြင်ထောင်နဲ့ဘာနဲ့ ဟန်ကျပန်ကျ အိပ်ရရှာတာ မဟုတ်ဘူး။ ပုဆိုးစုတ် ခြုံကွေးရတာ။
တဦးတည်းသော သားကလည်းဖြစ်၊ အထွေးဆုံးဆိုလည်း ဟုတ်တာမို့ အောင်ထွေး
ကို သူ့အထက်က သမီး ၂-ယောက်ထက် အချစ်ပိုမိတယ်။ မနှိုးမဖြစ်တဲ့ အချိန်
ရောက်တော့ အိပ်ရာကထဖို့ တခါထပ်နှိုးရတာပေါ့။ ပထမတခါ နှိုးကတည်းက
လက်ကျန်သမီး ညွန့်မေက မျက်နှာသစ်ပြီး ရေနွေးအိုးတည်နေပြီ။ ဇနီးသည်ကဆုံး၊
သမီးဦး ညွန့်ဝေက အိမ်ထောင်ခွဲသွားပြီးတဲ့နောက် ဦးချစ်ခင်ခမျာ အဖော်ပြုဖို့
ဒီသမီးနဲ့ ဒီသားပဲရှိတော့တယ်။
ဒါပေမယ့် အောင်ထွေးကို ပိုအားကိုးတယ်။ လိမ္မာရေးခြားလည်း ရှိစေချင်တယ်။ သူရှိမှ ဦးချစ်ခင်ဘဝ ပြည့်စုံတယ်။ အောင်ထွေးလူ့လောကထဲရောက်လာမှ သူတို့ စီးပွားရေး အဆင်ပြေလာတယ်လို့ ထင်မိတယ်။
ဒါကြောင့် အောင်ထွေးရဲ့ ဇာတာထဲမှာ ''မောင်အောင်ချမ်းသာ အမည်တွင်
စေသောဝ်''လို့ ပါလာတော့ ဦးချစ်ခင်က သိပ်သဘောကျတာပေါ့။ ဒါပေမယ့်
အများခေါ်နေကြတဲ့ မောင်ထွေး၊ အောင်ထွေးပဲ တွင်နေတယ်လေ။
အောင်ထွေး အိပ်ယာက ထထချင်း တမိသားစုလုံးသုတ်တဲ့ မျက်နှာသုတ်ပုဝါနဲ့
မျက်နှာကို သုတ်တယ်။ ပါးက အစီးကြောင်းနဲ့ မျက်ဝတ်တွေကို အဓိကထားပြီး
သုတ်သွားတာပါ။ ရေတခွက် ခပ်သောက်ပြီး ခါးမှာဝတ်ထားတဲ့ ပုဆိုးနဲ့ ပါးစပ်
သုတ်၊ စစ်သုံးသံသေတ္တာအဟောင်းကို ဘယ်ဘက်ကဆွဲပြီး၊ တဖက်က လေထိုးတံ
ဆွဲကာ လမ်းထိပ်ထွက်ခဲ့တယ်။
နေပြူစအချိန်၊ အေးဆေးလှပတဲ့နံနက်ခင်းဟာ သူ့အဖို့တော့ ငြီးငွေ့စရာ ကောင်းနေ
တယ်။ ပလက်ဖောင်းဘေး စက်ဘီးတင်တဲ့ခုံကို မြောင်းပေါ်ခွထားခဲ့ရာကနေ
ပလက်ဖောင်းအလယ် ဗာဒံပင်အောက် ရောက်အောင်မ,တင်ပြီး သံသေတ္တာနဲ့
လေထိုးတံကို ကျကျနနထားပြီးယင် ဆိုင်ခင်းတဲ့အလုပ်က ပြီးသလောက်ဖြစ်နေပြီ။
နောက်တခေါက်မှာ ဂုန်နီခင်းပက်လက်ကုလားထိုင်နဲ့ ရေဇလုံ ကိုသယ်၊ ဒါဆိုယင်
ဦးချစ်ခင်ရဲ့ ဆိုင် ခင်းပြီးပြီ။
သူ့အဖေမလာမချင်း အိပ်ချင်မူးတူးနဲ့ ဆိုင်စောင့်ပေးရတာက ပျင်းစရာကောင်း
တယ်။ အဖေလာတော့မှ အိမ်ကိုပြန်ပြီး မျက်နှာသစ်နေကျ။ အဖေမလာခင် စက်ဘီး
ပြင်မယ့်သူလာလို့ အသေးအမွှားပျက်တာပြုတာဆိုယင် သူပြင်တတ်ယင် ပြင်ပေး
လိုက်တယ်။ သူမပြင်တတ်ယင်တော့ ခဏစောင့်ပါဦးခင်ဗျာပဲ။ ပြီးတော့ သူ့အဖေ
ကို ပြေးခေါ်တယ်။ ဒီမနက်တော့ ဗာဒံပင်ရိပ်က ဆိုက်ကားဂိတ်မှာ အောင်ကြီး
တယောက် မတွေ့ရသေးလို့ သူ့ဖောက်သည် ဒေါ်စီကွေးများ တရုတ်တန်းဈေးကို
စောစောစီးစီး ဈေးဦးဖောက်သွားလေသလား။ ဒါမှမဟုတ် အဖေပဲ ငါ့ကို
အစောကြီး နှိုးလွှတ်လိုက်လေသလားလို့ သူတွေးနေမိတယ်။
အောင်ကြီးရှိယင်တော့ သူသောက်နေတဲ့ ဆေးလိပ်ကို သုံးလေးဖွာ တောင်းဖွာနေကျ
မို့ အောင်ကြီးမရှိတော့ ပိုပြီး ခံတွင်းချဉ်မိတယ်။ အောင်ကြီး ဈေးဦးပေါက်သွား
တာပဲ ဖြစ်စေချင်တယ်။ ဈေးဦးပေါက်ယင် ဆေးလိပ်ဝယ်တိုက်နေကြ မဟုတ်
လား။ ဦးချစ်ခင်နဲ့ အောင်ကြီးတို့မလာခင် ဆိုင်စောင့်ယင်း တောင်ရောက်
မြောက်ရောက် စဉ်းစားနေမိတယ်။
အရင်ကတော့ ဒီဆိုင် ဖွင့်တဲ့အလုပ်ကို အဖေကိုယ်တိုင် ဖွင့်နိုင်ရက်သားနဲ့
ငါရှာကျွေးနေရတာ၊ ငါခိုင်းယင် လုပ်ရမယ်ဆိုပြီး
နေမြင့်တဲ့အထိ မအိပ်စေချင်လို့ ဒီအလုပ်ကိုခိုင်းတာလို့ ထင်မိတယ်။ တွေးယင်း
တွေးယင်း ခံတွင်း ပိုချဉ်လာတယ်။
ဖောက်သည်တယောက် ခပ်လှမ်းလှမ်းကနေ သူတို့ဆိုင်ကို ဦးတည်ပြီး စက်ဘီး
တွန်းလာတာကို လှမ်းမြင်နေရတယ်။ စိတ်ထဲမှာတော့ ဖုတ်သွင်းရထားကြီး
တဖြည်းဖြည်း လိမ့်လာနေတယ်လို့ ထင်မိတယ်။ သူမျှော်လင့်သလောက်တော့ ဖြစ်
မလာပါဘူး။ ဒီလူက ဘောလ်ကျွတ်ပဲလဲတာမို့ တမတ်ရလိုက်တယ်။ တမတ်
ပေးမနေပါနဲ့ဗျာ၊ ခင်ဗျားအိတ်ထဲက ဆေးလိပ် ၂-လိပ်နဲ့ မီးတတို့သာ ပေးခဲ့ပါ
တော့၊ ကျွန်တော်သွားဝယ်ယင် ကြာနေပါ့မယ်လို့ ပြောဖြစ်ယင် ပြောလိုက်ချင်
တယ်။
ဒါပေမယ့် သူ့အဖေက ဒီလိုလုပ်တာမကြိုက်မှန်းသိလို့ ပြောမထွက်ဘူး။
ပေးသွားတဲ့အကြွေကို ရေတွက်နေတုန်း သူ့အပြုအမူကိုကြည့်ယင်း သူ့အဖေက
ခပ်လှမ်းလှမ်းကလျှောက်လာနေတာ တွေ့လိုက်တယ်။ ဒီတမတ် အဖေ့အပ်သင့်
မအပ်သင့်စဉ်းစားယင်း၊ ခံတွင်းချဉ်တဲ့အာသာနဲ့ သူ့အဖေရဲ့ သြဇာရှိမှု၊ တည်ကြည်
မှုတို့ သူ့စိတ်ထဲမှာ လွန်ဆွဲနေကြတယ်။
''ဟေ့ကောင် ဈေးဦးပေါက်ပြီ မဟုတ်လား'' အသံက ခပ်မာမာမို့ အောင်ထွေးပါးစပ်
က ''ဟုတ်ကဲ့''လို့ လွှတ်ကနဲ ထွက်သွားမိတယ်။ ပြီးတော့မှ ဆေးလိပ်ဖိုးလေး
ရလိုရငြား ''စောစောစီးစီး ဘောလ်ကျွတ်လဲတာပါ အဖေရာ၊ တမတ်ထဲပါ''လို့
လေပျော့ကလေးနဲ့ ပြန်ဖြေပေမယ့် ''အေး တကျပ်နှစ်ကျပ်ဆိုယင် မင့် လက်ဖက်
ရည်ဖိုးပေးမလို့၊ တမတ်ဆိုယင် လာဘ်ကောင်းတယ်၊ မတ်မတ်ရပ်ရပ်ရှိတာပေါ့၊
ပေးကွာ သုံးမတ်စိုက်ပြီး သပြေပန်း ဝယ်ထိုးလိုက်ဦးမယ်''တဲ့၊ အောင်ထွေး အတော်
စိတ်ပျက် သွားတယ်။
''ဆိုင်ဆိုတာ ဆိုင်နဲ့တူအောင်ထားရတယ်ကွ၊ ဟေ့ကောင် ဆိုင်းဘုတ်ဘယ်မလဲ
......''
သူ့ရဲ့ ''ရတနာ စက်ဘီးပြင်ဆိုင်''ဆိုတဲ့ သုံးထပ်ပြားဆိုင်းဘုတ်ကို အိမ်က
မယူခဲ့ရကောင်းလား ဆက်ကြိမ်းနေပြန်တယ်။ ''မင်းလုပ်လိုက်ယင် တော်အောင်
ရော်အောင်ချည်းပဲ၊ အခုသွားယူချေကွာ၊ အိမ်ဖို့ ရေတစည်လည်း ဆွဲထားလိုက်
အုံး''လို့ တဆက် တည်းမှာလိုက်တယ်။
အောင်ထွေး စိတ်ထဲမှာတော့ သက်သက်မဲ့ အပြစ်တင်မောင်းမဲနေတယ်လို့ ထင်မိ
တယ်။ ဆိုင်းဘုတ်က ခဏနေ ဆိုင်လာကူတော့ ယူလာယင်လည်း ဖြစ်ရဲ့သားနဲ့၊
ပြီးတော့ ရေတစည်ဆွဲဖို့လည်း သူပြောနေစရာ မလိုပါဘူး။ နေ့တိုင်း ဆွဲနေကျ၊
စောစောစီးစီး အမောင်းအမဲ ဗလာချီခံရတယ်လို့ ထင်မိတယ်။
အိမ်အတွက် ရေစည်ဆွဲယင်း သူများအိမ်က ကူခိုင်းယင် အဲဒီအိမ်ဖို့ပါကူဆွဲ၊
အမှိုက်ကားလာယင် အမှိုက်တောင်းသွန်ယင်း သူများအမှိုက်တောင်းပါ ကူသွန်ပေး၊
အဲဒီတိုက်က ကျွေးသမျှစား၊ ဆင်သမျှဝတ်၊ ပေးသမျှပိုက်ဆံ အိတ်ထဲထည့်ပြီးယင်
သူ့အဖေကို ကူရအောင် ဆိုင်နားလာနေတယ်လေ။
ကူတယ်ဆိုပေမယ့် ကူတယ် မည်ကာမတ္တပါ၊ ဂိတ်က အောင်ကြီးတို့
ဝင်းကျော်တို့နဲ့ မျောက်ပန်းလှန်တဲ့ အခါလှန်၊ ကျင်း၉-ကျင်း ၃-နားညီတြိဂံပုံတူးပြီး
ဂေါ်လီသုံးလုံးနဲ့ ကိုးမီးဂေါ်လီ လှိမ့်တဲ့အခါလှိမ့်၊ ဖြတ်သွားဖြတ်လာ ကားနံပါတ်တွေကို ကိုးမီးရိုက်တဲ့အခါရိုက်၊အလောင်းအစားမလုပ်ရယင် ဆေးလိပ်ကိုယ်စီခဲပြီး
လမ်းသွားလမ်းလာ၊ကျူရှင်သွားကျူရှင်လာ မိန်းကလေးတွေကို ငေးတဲ့အခါငေး၊
စိတ်ကူးယဉ်တဲ့အခါယဉ်၊ ဒီလိုအချိန်မတော့ အောင်ထွေးတို့ ဒူးကလေး တနံ့နံ့နဲ့ပေါ့။
ဦးတင်မောင် ဒူလာထတဲ့အခါ သူ့ဆိုက်ကားကို တက်နင်းတယ်။
ကြုံသလိုလုပ်၊ ကြုံသလိုစားပြီး သူ့အမ ညွန့်မေကိုလည်း ပိုက်ဆံအပ်ချင်
သလောက် သူအပ်တယ်။ ငယ်တုန်းက ချစ်လို့ အလိုလိုက်ခဲ့တော့၊ အခုလို ၁၉-နှစ်
ကျော်လာမှတော့ ပြောလို့ဆိုလို့ ဆုံးမချင်လို့ သိပ်မရတော့။
ဦးချစ်ခင် အလုပ်သိပ်ကျတာနဲ့ သူဆိုင်နားမှာရှိယင်တော့ တောက်တိုမယ်ရ ကူညီပါတယ်။
သူ့အဖေက ဒီပညာကို သူသင်ခဲ့ရသလို သင်စေချင်ပြီး သူတတ်သလို တတ်စေချင်တယ်။
စက်ဘီးမြို့တော်မှာ ဒီပညာတတ်ထားမယ်၊ အပြောအဆိုကောင်းပြီး စေတနာပါယင်
တမင်းတလုပ် မခက်ဘူးဆိုတာ လူကြီးဖြစ်သူက ကြိုမြင်တယ်လေ။
အောင်ထွေးကတော့ စိတ်မဝင်စားဘူး။ ဘီးအပေါက်ဖာဖို့ ကျွတ်စတောင် ကော်ပတ်
ပြောင်အောင် တိုက်ချင်တာမဟုတ်ဘူး။ ညွန့်မေက တမိသားစုလုံးရဲ့ ထမင်း ၂-
နပ်ကို စီစဉ်ရပေမယ့် သားအဖနှစ်ယောက် အပ်တဲ့ပိုက်ဆံနဲ့ ဝယ်ရခြမ်းရ ဈေးကြီး
တာနဲ့ ဦးချစ်ခင် ချစ်စနိုး အမြန်ခေါ်ခေါ်နေတဲ့ ညံ့မေရဲ့ ထမင်းနှစ်နပ်လည်း
ဓာတ်သက်ပါနေရှာတယ်။ ဦးချစ်ခင်ရဲ့ စက်ဘီးပြင်ဆိုင်က မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံနဲ့
နီးပြီးကြေးရေတတ်ရပ်ကွက်မို့ တော်တော်ပြင်ရတယ်။
''အခု ကျွန်တော့်ဆီ အလွယ်ရှိတဲ့ အိန္ဒိယကုံးပဲ ထည့်ပေးလိုက်တာ၊ ဒီအမျိုးက အသုံးမခံဘူး။
အင်္ဂလန်ကုံးကလက်ဟောင်းစက်ဘီးဆိုင်ကြီးတွေမှာ ရှိတတ်တယ်။ ရှားတော့ရှားတယ်။
ဝယ်ယင်လည်း သတိထား၊ အတုတွေရှိတယ်။ ဂျပန်ကုံးရယင်လည်း မဆိုးပါဘူး။ ရုံတော်
ကြီး မှာရတတ်တယ်။ ကုံးကောင်းတာရယင် ပြန်လာခဲ့ဗျာ၊ ကျွန်တော် လက်ခ
မယူပါဘူး။ စက်ဘီးမကောင်းပဲပေစီးနေယင် သိပ်စိတ်ပျက်ဖို့ကောင်းတာ၊ ဒီကုံးနဲ့
တော့ ပေမစီးနဲ့နော်၊ တော်ကြာ ဟတ်တွေရော၊ ဝင်ရိုးတွေရော နာကုန်လို့ ပုဆိန်နဲ့
ထွင်းရမယ့် ကိန်းဆိုက်နေမယ်''
ဒီလို စေတနာတွေကလည်း ဦးချစ်ခင်ကို အကျိုးပေးရှာပါတယ်။ ဂွေဖြောင့်ရတယ်၊
စပုတ်ရက်ရတယ်၊ ဘောင်ဆက် ရတယ်၊ ယောက်ျားစက်ဘီးက မိန်းမစီး ပြောင်း
ရတယ်။ ဆေးသုတ်ပါ ပါလာယင်တော့ ညွန့်မေ အရပ်ထဲကယူထားတဲ့အကြွေးလေး
ဘာလေး ဖဲ့ဆပ်နိုင်ပြီ။ အောင်ထွေး အိတ်ထဲမှာလည်း ဆင်ဆင်ဆေးလိပ် သုံးလိပ်
ထည့်ပြီး ပါးစပ်မှာ တလိပ်ခဲလို့ပေါ့။
ဒီနေ့ အောင်ထွေး ဂိတ်ကိုမလာပုံထောက်တော့ မြို့ဂုဏ်ရောင်ဖြစ်ဖြစ်၊ ဝင်းလိုက်
ဖြစ်ဖြစ် ရုပ်ရှင်ရုံတရုံရုံမှာ တန်းစီနေလောက်ပြီ။ ဒီနေ့လို သောကြာနေ့ဆိုယင်
သူသွားတန်းစီနေပြီး နေရာပြန်ရောင်းနေကျ။ ဒီအလုပ်ကို ဦးချစ်ခင် မကြိုက်ဘူး။
ဒါပေမယ့် သူတို့နေတဲ့ နေသူရိန်ဝင်းထဲက အောင်ထွေးလို လူကအများစုမို့ သူတို့
လုပ်ဟန်တွေ၊ သူတို့ အသုံးအနှုံးတွေက ဦးချစ်ခင်ရဲ့နားမှာ ယဉ်ပါးနေပြီ။
အောင်ထွေးကလည်း အဆင်ပြေတဲ့နေ့မှာ စို့စို့ပို့ပို့ကလေးရတာမို့ ဒီအလုပ်ကို
ဟန့်တား ဖို့ခက်နေတယ်။
စက်ဘီးလောက၊ စက်ဘီးခေတ်က သူငယ်ငယ် သူ့ဆရာဓားတန်းက စက်ဘီးကျော်
ဝင်းဇော်ဆီမှာ ပညာသင်တုန်းကလို မဟုတ်တော့။ အဲဒီခေတ်က ရလေး၊
ဟမ်းဘား၊ ဖိလစ်၊ ဘီအက်စ်အေ၊ ဟာကြူလီတို့လောက်ပဲ ရှိတာ။ ရလေးက
အမျိုးအကောင်းဆုံး တစီးမှ ၃ဝဝိ-၃၂ဝိ၊ ပြီးတော့ တစီးဆိုတစီး စီးရော့။
အခုခေတ်မတော့ သုံးထောင်၊ လေးထောင်၊ ငါးထောင်လည်း ပေးရသေး၊
ပြင်ရတာလည်း ခဏခဏ။ တံဆိပ်တွေကလည်း မိကျောင်း၊ ဇာမဏီ၊ လိပ်ပြာ၊
ပန်းတွေနဲ့ဝေ၊ စတင်းဒတ်၊ ဟီးရိုး၊ ချော့ပါးတဲ့၊ စုံလို့ စုံလို့။ တစင်းနဲ့ တစင်း
တမျိုးနဲ့တမျိုး ဘရိတ် စနစ်တွေ၊ ဂီယာစနစ်တွေ အသစ်ထွင်လာကြပေမယ့်
ဦးချစ်ခင်က လေ့လာစူစမ်းတာမို့ ခေတ်ပေါ်စက်ဘီးတွေကို အလှမ်းမီပြုပြင်
နိုင်ပါတယ်။
ဒီလို စူးစမ်းပြုပြင်နိုင်လို့ ဖောက်သည်တွေလည်း များပါရဲ့။ တချို့က
ဒီလို စိတ်ရှည်လက်ရှည် စနစ်တကျပြင်ပေးတာကိုပဲ သူ့ဆိုင်ကိုကြာလို့ သိပ်
မပြင်ချင်ကြဘူး။
ဘီးလာဖာတဲ့ ဘီးပေမယ့် ဒိပြင်ဆိုင်က ပြင်တာဆင်တာ နည်းလမ်းမကျယင်၊
အမြင်မတော်ယင် ဦးချစ်ခင်က ပြင်ပေးတည့်ပေးလိုက်တာပဲ။ ဒီနတ်က ဒီဘက်က
စုပ်ရတယ်။ တွေ့ကရာဂွနဲ့ နတ်ကိုမကြပ်ရဘူး။ သူ့ဆိုက်နဲ့သူကြပ်ရတယ်။
ဝမ်းတူးဖြင့် ဝမ်းတူးဂွနဲ့ကြပ်မှ ငါ့တူရ၊ ဂွဆိုက် အံမကျပဲ ကြပ်ယင် ထောင့်တွေ
ပြုန်းကုန်ရော။ မင့်နတ်ကလေးက အော်ရဂျင်နယ်ကလေး၊ အခု ဒါမျိုး ဝယ်မရ
ဘူးနော်လို့ အကျိုးအကြောင်းနဲ့ ပြောပြတဲ့အခါပြော၊ ချိန်းဆက်ကလစ်ကို ဒီဘက်
လှည့်ထားရတယ်။ ဒါမှ အားနဲ့ ဖိနင်းတဲ့အခါ မပြုတ်ဘူး။ ဟိုဘက်လှည့်ထားယင်
ရတော့ရတယ်။ အခန့်မသင့်ယင် ပြုတ်နိုင်တယ်။ အသေးအမွှား ကလေးတွေ
ပေမယ့် ဒီလိုဟာလေးတွေလည်း ဂရုစိုက်ရတယ် ငါ့ညီရ။ မောင်ရင့်
နောက်ဘရိတ်က စုံလိုက်မမိဘူး။ တဖက်ထဲမိနေတာ။ ဒါကြောင့် ဘရိတ်အုပ်ယင်
အားစိုက်ရပြီး ဂွေတခြမ်းက ပိုနာနေတာ။ ဘရိတ်နတ်ကို လျော့ပြီးတော့
တင်းအောင်ဆွဲပြီး ပြန်ကြပ်ထားလိုက်။ ဘရိတ်တုံလည်း ရှေ့တိုးလိုက်အုံးမောင်ရင်၊
သပ်ကို ဒီလိုအလွတ်မရိုက်ရဘူး၊ ဆုံနာတတ်တယ်။ အောက်ကနေ တခုခု ဆုံကိုခံ
ပြီးမှ သပ်ရိုက်ရတယ်။ ဒီလိုလုပ်၊ ဒီလိုပြင်၊ သင်လည်းသင်ပေး၊ ပြင်လည်း
ပြင်ပေးတယ်။
ဦးချစ်ခင် သင်ခဲ့ရ၊ ပြင်ခဲ့ရတာကိုက စနစ်တကျမို့ စက်ဘီးကို
ဖုန်မသုတ်ပဲ စီးတာတို့၊ လေနည်းနည်းနဲ့ စီးတာမျိုးတို့မြင်ယင် သူ့စိတ်ထဲက
မချင့်မရဲဖြစ်မိတယ်။ သူ့ရဲ့ ပညာနဲ့ အသက်မွေးရတာကို ဂုဏ်ယူနေပေမယ့်၊
အောင်ထွေးကတော့ ရုပ်ရှင်ရုံနေရာဦးပြီး ရောင်းရတာလောက် မစွန့်စားရ၊
မလှုပ်ရှားရ၊ စို့စို့ပို့ပို့မရလို့ ဆိုင်နား မကပ်တာများတယ်။
သမီးကြီး မညွန့်ဝေကို ၁ဝ-လိုင်းက ကားဆရာ ကိုမောင်ကြီးနောက် ထည့်လိုက်
ရတယ်။ သမီးနဲ့သားမက်က ဒီမိသားစုကို တတ်နိုင်သလောက် စောင့်ရှောက်
ထောက်ပံ့တယ်။ ၈၁-ခု မန္တလေး အနောက်မြောက်မီးကြီး မလောင်ခင်ကပေါ့။
အဲဒီမီးထဲမှာ ပုလင်းဝင်းက ကိုမောင်ကြီးရဲ့အိမ်လည်း မီးထဲပါသွားတာမို့ အခု
မွေးမယ့် ပထမဆုံးကလေးဟာ မြို့သစ်သားကလေး၊ ဒါမှမဟုတ် မြို့သစ်သူကလေး
ဖြစ်တော့မယ်။
မနက်စောစော အလုပ်သွားတဲ့ ကိုမောင်ကြီးကို မညွန့်ဝေ ထမင်းချိုင့် မီအောင်
မပေးနိုင်တဲ့နေ့တော့ သူ့ယောက်ဖကို ချိုင့်ယူလာပေးဖို့ ကားပေါ်ကနေ အချက်ပြ
သွားတယ်။ အောင်ထွေးကလည်း မြို့သစ်ကို အခုလို ထမင်းချိုင့် သွားယူရတာကို
ကျေနပ်တယ်။ သူ့အမအိမ်ရဲ့ တအိမ်ကျော် လက်ဖက်ရည်ဆိုင်က ရင်ရင်မြင့်ကို
သူမျက်စေ့ကျနေတယ်လေ။ ကြုံတုန်း မညွန့်ဝေချက်တဲ့ ထမင်းကို ဝင်စားတယ်။
ပြီးတော့ သူ့ယောက်ဖအတွက် ချိုင့်ကိုယူလာခဲ့တယ်။ သူ့အမက ဆေးလိပ်ဖိုး
ပေးလိုက်တော့ ရင်ရင်မြင့် တို့ဆိုင်ဝင်ပြီး ဒူးယားဝင်ခဲတော့တာပဲ။ ၁ဝ-လိုင်း
ထဲမှာတော့ အောင်ထွေး တက်စီးချင်တဲ့ကားစီး၊ ကိုမောင်ကြီးရဲ့ မျက်နှာကြောင့်
လက်မှတ်မဖြတ်ကြဘူး။
၈၄ ခုနှစ်၊ ဦးကျားကြီးဝင်းကစတဲ့ မန္တလေး မြို့လယ်မီးကြီး အင်အားကောင်း
လွန်းလို့ ဦးချစ်ခင်တို့နေတဲ့ နေသူရိန်ဝင် မိနစ်ပိုင်းအတွင်း ပြာကျသွားတယ်။
သူတို့ငှားနေတဲ့အိမ်ကလေး ဘယ်ကစပြီး မီးစွဲတယ်ဆိုတာတောင် မမြင်လိုက်ရဘူး။
အဝတ်အစားတချို့၊ လေထိုးတံနဲ့ စစ်သုံးသံသေတ္တာကြီးပဲရလိုက်တယ်။
ပြင်ကို ကျန်ကောင်းကျန်ရာလေးတွေ လာရှာခွင့်ရတော့၊ သူများတွေလို ၃၊၄ရက်
လာရှာမနေကြတော့ပါဘူး။ ကိုယ်အကြောင်း ကိုယ်အသိဆုံးမို့ တမနက်တော့
ဝင်ရှာလိုက်ကြတယ်။ နောက်ရက် မလာကြတော့ပါဘူး။
မညွန့်ဝေတို့ မြို့သစ်မှာနေရာမရခင် နေသူရိန်အိမ်မှာပဲ ကြပ်ကြပ်သပ်သပ် နေသွားတော့၊
အခု ဦးချစ်ခင်တို့ အလှည့်ကျ မညွန့်ဝေတို့ဆီပဲ လိုက်နေလိုက်ကြတယ်။ ၈၁ - ခုနှစ်မှာ သမီးနဲ့
သားမက်က မီးလောင်ပြီး၊ ၈၄ - ခုနှစ်မှာ သူတို့ကမီးလောင်တော့ သူတို့ မီးမျိုး
မီးနွယ်တွေ ဒီအရပ်သစ်မှာ အများကြီးပဲပေါ့။မြို့သစ်ဟာ နုပျိုလန်းဆန်းနေတယ်။
ငုပင်ပျို၊ ဗာဒံပင်ပျို၊ တယ်ပင်ပျို လေးတွေဟာ အားမွေးနေကြတုန်း။
မြို့သစ်ရောက်တော့ ဦးချစ်ခင် ဆိုင်ပြန်ဖွင့်ချင်တယ်။ စက်ဘီးတင်တဲ့ ခုံကလေး
တော့ အသစ်မရိုက်နိုင်သေးလို့၊ စက်ဘီး ပညာသင်ဘက် ဦးရင်လေးတို့
မောင်စိန်ဝင်းတို့ သားအဖကို သွားသတိရတယ်လေ။ သူတို့ဆီမှာ အသားခုံ
အဟောင်းကလေးတလုံး ပိုနေတာ တွေ့ထားမိတယ်။ ကိုယ်ပိုင် ခုံအသစ်
ရိုက်ဖို့ထက် ဦးချစ်ခင်အဖို့တော့ လောလောဆယ်ဆယ် သောက်နေရတဲ့ အက်စ်မာ
ဂွန်ဆေးဖိုးက ပိုအရေးကြီးနေတယ်။
မြို့သစ်က လေကာတဲ့အရပ်မဟုတ်လို့ လေတဟူးဟူးနဲ့ပေါ့။ ဒီလိုအေးတာမျိုးကို
ဦးချစ်ခင်က မကြိုက်ပေမယ့် ပန်းနာရောဂါက ကြိုက်နေတယ်။ ဦးလေးရင်ဆီက ခုံရပြန်တော့လည်း နေလို့ကသိပ်မကောင်းသေး။ နည်းနည်းသက်သာလို့ ဆိုင်ပြန်ထွက်ပြန်တော့လည်း ညွန့်ဝေတို့အိမ်က အစွန်နည်းနည်းကျနေတာမို့ေ
ဈးဦးပင်မပေါက်လိုက်၊
မြို့သစ်မှာအောင်ထွေး ပျော်ပေမယ့် ဦးချစ်ခင်မပျော်ဘူး။ စက်ဘီးဆိုင်မှာတော့ အလကား
အအားမနေ။ ဝတ်ရွတ်စဉ်တအုပ်ကို ဇွတ်မှိတ်ပြီး ဖတ်နေလိုက်တယ်။ ဒီစာအုပ်က
သူ့ဆီရောက်နေတာကြာပေမယ့် မဖတ်ဖြစ်တော့ သစ်လွင်နေတာပေါ့။ အောင်ထွေး
တော့ အမှိုက်သွန်စရာလည်းမရှိ၊ အဖေ့အလုပ်ကူရအောင်လည်း အဖေကိုယ်တိုင်
ဘယ်သူ့ကူရမလဲ စဉ်းစားနေရတဲ့အချိန်။
သူ့စက်ဘီးဆိုင်အသစ်က အဟောင်းနဲ့
ဘာမှမတူ၊ ဒီဆိုင်ကအဖြစ်။ ခါတိုင်းလို ဂုန်နီခင်း ပက်လက်ကုလားထိုင်ဝေးလို့
ခွေးခြေအဟောင်းလေး အဖော်ပြုနေရတဲ့အခါ။ သပြေပန်းတောင် မထိုးနိုင်ဘူး။
အောင်ထွေးလည်း သူ့ သူငယ်ချင်း ဆိုက်ကား ဆရာတွေနဲ့ တကွဲစီဖြစ်နေပြီ။ သူ
ရုပ်ရှင်ရုံတွေရဲ အရိပ်မှာပဲ ပျော်နေတော့တယ်။
သူ့အမကို အစိတ်အပ်တဲ့နေ့အပ်သတဲ့။ တမြန်နေ့ကတော့ နှစ်ဆယ့်နှစ်ကျပ်အပ်သတဲ့။
အောင်ထွေးမှာငွေကလေးကလည်းဝင်နေ၊ ဒီဝင်ငွေကိုသူတို့ မိသားစုတခုလုံး မှီခိုနေရသလို
ဖြစ်ပြန်တော့၊ ကျန်တဲ့အိမ်သူ အိမ်သားတွေအပေါ် ဆက်ဆံတာ မောက်မာစ
ပြုလာတယ်။ တအိမ်လုံးမှာ သူအငယ်ဆုံး၊ ကြီးသူကို ရိုသေရမယ်ဆိုတဲ့ အသိ
တွေကို ငွေစက္ကူရောင်စုံတွေက ဖျက်ဆီးစပြုလာပြီ။ အဖေတောင်မှ စိတ်မထင်ယင်
ပက်ကနဲ ပြောလားပြောရဲ့။ ဒီလိုအခါ ဦးချစ်ခင်ရင်ထဲမှာ ကျင်ကနဲ နင့်နေအောင်
ခံစားရတယ်။ ဒီကောင် သူ့အမေရဲ့ အဆုံးအမ မရှိလို့ ဒီလိုပြောရှာတယ်လို့
အောင်ထွေးနဲ့ ဆက်နွယ်ပြီး သွားလေသူကို သတိရကာ မျက်ရည်ဝဲရသေးတယ်။
အောင်ထွေး ညအိမ်ပြန်တာ အချိန်မမှန်။ အိမ်မှာနေတဲ့ အချိန်ရယ်လို့မရှိ။
ရုပ်ရှင်ရုံတွေနဲ့ ရင်ရင်မြင့်တို့ဆိုင်မှာပဲ ထိုင်နေတတ်တယ်။ ဦးချစ်ခင်ကို ပန်းနာ
ရောဂါ ဖိစီးတာထက်၊ အောင်ထွေးကို ရုပ်ရှင်နေရာ ဦးတဲ့ရောဂါနဲ့ ရင်ရင်မြင့်
ရောဂါက ပိုဖိစီးနေတယ်။ သူ့ယောက်ဖက ကားသင်းမှာ အလုပ်သွင်းမယ်
ဆိုတာတောင် စိတ်မဝင်စား တော့ဘူး။
မနက်မှာ အောင်ထွေး အိပ်ယာက အစောဆုံးထတယ်။ လက်ဖက်ရည်ဆိုင်မှာ
ထိုင်မယ့်အချိန်နဲ့ မြို့ထဲ စောစောစီးစီး ရောက်ဖို့ သူဘယ်နှစ်နာရီထရမယ်ဆိုတာ
တွက်ပြီးသား။ နိုးနိုးချင်း မျက်နှာသစ်ပြီးတော့ သူ့ကိုယ်ပိုင် တဘက်ကလေးနဲ့
သုတ်. မညွန့်မေရဲ့ ဘီးနဲ့မှန်ကိုယူပြီး ခေါင်းကို ကျကျနနဖီးတယ်။ ဒီလို
ခေါင်းဖီးယင်း လေကလေးတချွန်ချွန်နဲ့ လုပ်နေတော့ ဦးချစ်ခင် လည်းနိုးပြီ။ သူ့ရဲ့
လေချွန်သံ၊ သီချင်းညည်းသံက ခပ်တိုးတိုးပေမယ့် ဦးချစ်ခင်စိတ်ထဲမှာတော့
သိပ်ကျယ်တယ်လို့ ထင်မိတယ်။
အဖေ ထတော့ဗျ၊ အိပ်ချည်းမနေနဲ့၊ ဆင်းရဲတဲ့
သူဆိုတာ နေမြင့်အောင် မအိပ်ရဘူးလို့ ခနိုးခနဲ့ ပြောနေသယောင် ခံစားမိတယ်။
အိမ်ဦးနတ်နေရာကို အောင်ထွေး တစစနဲ့ ချဉ်းနင်းနေပါကောလို့ တွေးမိတယ်။
မနေ့ညက အသက်ရှူကျပ်ပြီးမောတာနဲ့ ညဥ့်နက်မှ သူတမှေးမှေးရတယ်။ ဒီတမှေး
ထဲမှာ မလှပတဲ့အိပ်မက် ပါလိုက်သေးတယ်။ ဒီမနက်တော့ အိပ်ယာကမထချင်။
မှိန်းနေမိတယ်။ မိဘနှစ်ပါး၊ ဆရာသမားများ၊ ကျေးဇူးရှင် ဆရာတော်ကြီးများ
ကိုရော သွားလေသူဇနီးသည်ကိုရော သူ့အာရုံထဲမှာ တရေးရေးတမ်းတမိ၊ တွေးနေ
မိတယ်။ ဝမ်းနည်းစိတ်တွေ ဘယ်ကရောက်လာတယ်မသိ။ မကျေနပ်စရာတွေ
ကလည်းနောက်က ထပ်ချပ် လိုက်တာတယ်။
သူနေ့စဉ်လို ကြိုးစားဖွင့်နေတဲ့ စက်ဘီးဆိုင်ကလည်း သိပ်နေရာမကျ၊ ဟန်မကျ။
စက်ဘီးဆိုင်ဆိုပေမယ့် ဘောလ်ကျွတ်၊ ကျွတ်စ၊ ကော်ပတ်၊ ကော်ဗူး၊ ပလိုင်ရာ၊
ဂွတချို့၊ လေထိုးတံနဲ့ လီဘာတံလောက်ပဲရှိတာ။ ဒိပြင် ပစ္စည်းလေးတွေလည်း
ဝယ်ပြီး မတင်နိုင်။ ဒီအပိုပစ္စည်းလေးတွေ အပေါ်က ငါးမူးတကျပ် စားရမှန်း
သိပေမယ့် မရင်းနှီးနိုင်။ ကိုယ်က စေတနာရှိလို့ ပစ္စည်းကောင်းကလေးတွေ
လဲထည့်ပေးချင်လို့လည်း ထည့်ပေးစရာမရှိ။ လက်ခ ရစရာလမ်းကလေးတွေက
ပိတ်။ လေသင်ဓုန်း အဖြတ်ခံထားတဲ့ လူမမာလို စိတ်ကူးသာရှိပြီး ဘာမှ
မလှုပ်ရှားနိုင်ရှာဘူး။
ရက်တော်တော်ကြတော့ မြို့သစ်သား တော်တော်များများ ဦးချစ်ခင်ရဲ့ဆိုင်ကို
သိလာကြပြီး၊ မနက်အလုပ်မသွားခင် သူ့ဆိုင်ကို တော်တော်လာကြပါတယ်။
မြို့သစ်မြောက်ခြမ်းမှာတော့ စက်ဘီးဆိုင်တကာမှာ ဦးချစ်ခင်ရဲ့ လေထိုးတံက
အကောင်းဆုံးပဲတဲ့။ တခြားဆိုင်မှာ လေထိုးယင် အချက်အစိတ်သုံးဆယ် အားစိုက်
မှရပေမယ့် သူ့လေထိုးတံနဲ့ဆိုယင် သက်သက်သာသာပဲ ၁၂-ချက်၊ ၁၃-ချက်
ဆိုယင် တင်းပြီ၊ ပြည့်ပြီ။ တိုင်ယာမှာလေမရှိလို့ တွန်းလာကြတဲ့ လူ၇-ယောက်မှာ
တယောက်လောက်ပဲ ဦးချစ်ခင်ဆီမှာ ဘီးဖာတယ်။
ဒီတယောက်ကလည်း လေထိုးကြည့်တယ်။ ပြီးတော့ တိုင်ယာကို
လက်နဲ့စမ်းကြည့်တော့ လေမနေဘူး။ ချက်ချင်း
ပြန်လျော့တယ်။ စီးလို့ကိုမရမှ မဖာမဖြစ်လို့ ဦးလေး ကျွန်တော့် နောက်ဘီးလေး
ကြည့်ပေးပါအုံး လုပ်လိုက်ရတာပေါ့။
ကျန်တဲ့ ခြောက်ယောက်ကတော့ လေတင်းနေတော့ ရောက်သလောက် စီးသွားတယ်။ လမ်းမှာလျော့ယင် တွေ့တဲ့စက်ဘီးဆိုင်
ဆင်းပြီး လေတခါထပ်ထိုး။ ပြီးတော့ တခါဆက်ပြီး အလုပ်ရှိရာသွား။ ဒီလို
စိမ့်ပေါက်သမားတွေကတော့ မဖာကြသေးဘူး။ သူတို့ အခြေအနေနဲ့သူတို့၊
သူတို့ဇာယားနဲ့သူတို့မို့ ဦးချစ်ခင် ဘာမှမပြောသာ။ အချင်းချင်း ကိုယ်ချင်းလည်း
စာမိတယ်။
ဒါတောင် မြို့ထဲမှာလို တပေါက်တကျပ်၊ ဂျွိုင်းနှစ်ကျပ်ယူတာ
မဟုတ်ဘူး။ တပေါက်သုံးမတ်၊ ဂျွှိုင်းတကျပ်ခွဲပဲယူတယ်။ ဒီလိုလျှော့ယူတာကိုပဲ
ညနေအလုပ်ပြန်ယင် ဆက်ဆက်လာပေးပါမယ်။ ခဏနေ ကလေးအပေးလွှတ်
ပါ့မယ်။ ဟောဟို ထနောင်းပင်နဲ့အိမ်ကပါ ဆိုသူတွေက ဆိုကြသေးတယ်။
သူသိပ်သဘောကျတဲ့ ''ရတနာ စက်ဘီးပြင်ဆိုင်'' ဆိုတဲ့ဆိုင်းဘုတ်ထက် ''ယနေ့
အကြွေးသည်းခံပါ မိတ်ဆွေ''ဆိုတဲ့ စာတန်းကလေး၊ ဘယ်ဒင်းကို အရင်ရေးမလဲလို့
စဉ်းစားတယ်။ ခါတိုင်းတော့ သူ့မိတ်ဆွေ ပန်းချီဆရာ ကိုငယ်က အလကားရေး
ပေးနေကျ။ ကိုငယ်လက်ခံတဲ့အလုပ်က သင်္ဘောဆေးပိုရယင် ရတနာ ဆိုင်းဘုတ်က
အရောင်တမျိုးပြောင်း၊ ဟန်တမျိုးပြောင်းပြီ။ စာလုံးတွေလည်း ဝိုင်းတဲ့အခါဝိုင်း၊
ဘဲဥပုံ ဖြစ်တဲ့အခါဖြစ်၊ လေးထောင့်စာလုံး ဖြစ်တဲ့အခါဖြစ်၊ သူ့ဆိုင်းဘုတ်ဟာ
ပန်းချီဆရာရဲ့ လေ့ကျင့်ရာ နေရာတခုပေါ့။
သူ့ဆိုင်းဘုတ်က အမျိုးမျိုးဖြစ်ခဲ့လို့များ
သူ့ဘဝ အနိမ့်အမြင့်တွေ ဖြစ်ရသလားလို့ အယူသီးပြီး တွေးမိတယ်။ သူ့
ဆိုင်းဘုတ်လို အမျိုးမျိုးဖြစ်အုံးမှာဆိုယင် အခုမှ သူပထမတခါကြုံရသေးတယ်။
နောက်ကြုံရမယ့် အဖြစ်တွေကို တွေးကြောက်နေမိတယ်။ သူ့မိတ်ဆွေ ပန်းချီဆရာ
ရော သုဓမ္မာဇရပ်မှာ ကွန်းခိုနေသလို သူကြားမိရဲ့။
ဒီဝန်းကျင်သစ်ကလူတွေက ကိုယ့်စက်ဘီးပျက်လို့မှ ပြင်ဆင်ချိန် မရလောက်အောင်
အလုပ်များကြတယ်။ ဟတ်ထဲက ကုံးတွေစားပြီး ကျောက်ပေါက်မာထနေတာကို
ပေစီးနေကြရတယ်။ မြို့သစ်သားတွေက ဦးချစ်ခင် သင်ထားတဲ့ စက်ဘီးပညာ
တွေကို သရော်နေကြတယ်လို့ တွေးတဲ့အခါတွေးတယ်။
နေနှင့်အုံး။ ဒီတခါဘောင်ဆက်ရမယ့် စက်ဘီးမျိုးကျ ချေးပါ အလကား ဆေးပေးလိုက်ပြီး
သမားဂုဏ်ပြလိုက်အုံးမယ်လို့ စိတ်ထဲမှာ မောင်းတင်ထားတယ်။ ဒါပေမယ့် ဒီနေ့အထိတော့
ဘယ်သူမှ မလာသေးပါဘူး။
''ညံ့မေရေ''
မညွန့်မေက လမ်းထောင့်က အိမ်ဆိုင်မှာ ကြက်သွန်သွားဝယ်နေတုန်း ဦးချစ်ခင်က
အိမ်မှာရှိတယ်အထင်နဲ့ အိပ်ရာထဲက လှမ်းခေါ်လိုက်တယ်။ မညွန့်ဝေကလည်း
နောက်ဖေးရောက်နေတာမို့ မကြားမိ၊ ပြန်ထူးသံမကြားတော့ ''ညံ့ဝေရေ''
တခွန်းထပ်ခေါ်ရပြန်ရော၊ သူ့သမီး ၂ယောက်စလုံးရဲ့ ပြန်ထူးသံမကြားရတာကိုပဲ
သူကိုမချစ်ခင်ကြတော့ဘူး၊ ဂရုမစိုက်ကြတော့ဘူးလို့ ဦးချစ်ခင် တွေးပြီး ယူကျုံးမရ
ဖြစ်မိတယ်။
''ညံ့မေရေ- သမီး''
သမီးဆိုတဲ့အသံက ဝမ်းနည်းသံပါပြီး တိမ်ဝင်သွားတာကို သူသတိထားလိုက်
မိတယ်။ ''ရှင် အဖေ'' မညွန့်ဝေအပြေးလာနေပေမယ့် သူ့စိတ်ထဲမှာတော့
ကြာတယ်လို့ အောက်မေ့မိတယ်။
''နိုးနေပြီလားအဖေ၊ ညကချောင်းဆိုးလွန်းလို့ အဖေနို.ယင် ဒေါက်တာလေးကိုပြဖို့
ကိုမောင်ကြီးက မှာသွားတယ် အဖေ ရဲ့...''
မညွန့်ဝေရဲ့ ပျာပျာသလဲ ပြောသံတွေ ကြားရပြန်တော့လည်း အင်အားတွေပြန်ရှိ
လာတယ် ထင်ပြန်ရော။ ဒါပေမယ့် ရင်ထဲ မှာတော့ တလှပ်လှပ်။
'
'ညံ့မေရော....''
''ကြက်သွန် သွားဝယ်တယ်အဖေ၊ အဖေ ဘာစားချင်လို့လဲ....''
''သူ့အသံမကြားလို့...၊ ဟိုကောင်နဲ့ ရုပ်ရှင်ရုံလိုက်ပြီး လက်မှတ်မတိုးစေနဲ့နော်....''
နေ့စဉ် အိပ်ရာက နိုးနိုးချင်း တညံ့မေထဲ ညံ့မေနေတဲ့ အကြောင်းကို မညွန့်ဝေ
နားလည်လိုက်တယ်။
''သမီးအားယင် ဆိုင်ခင်းစမ်းကွယ်၊ ပြီးတော့ လက်ဖက်ရည်ဖန်ဆိမ့်လည်း
တခွက်လောက် အဖေ့ဝယ်ပေးပါအုံးနော်....''
အရင်ကတော့ ဦးချစ်ခင် သူ့သားသမီးတွေကိုခိုင်းယင် ဒီလေသံ အသုံးအနှုန်းမျိုး
မဟုတ်။ အခုတော့ 'ကွယ်'တွေရော၊ 'နော်'တွေရော ပါလာနေရပြီ။
''အဖေ ဒီနေ့ ဆိုင်ခင်းအုံးမလို့လား....''
''ဒီနေ့ နည်းနည်း နေသာသလို ရှိသလားလို့ပါကွယ်'' ပြောမယ့်သာ ပြောလိုက်ရ
တယ်၊ အသံက ခပ်ပျော့ပျော့။ အပြင်ဖက် မြေကွက်ဟာ နေရောင်ကြောင့်
တောက်ပနေတယ်။ ဒီလို လင်းလင်းချင်းချင်းကို သူသဘောကျတယ်။ အိမ်ရှေ့
ထွက်ထိုင်ယင်း၊ တနေ့က အောင်ထွေးမဝယ်စဖူး အဝယ်ထူးလာတဲ့ လျက်ဆား
ပုလင်းကို ဖွင့်ပြီးလျက်နေမိတယ်။
ဘယ်ဘက် လက်ဖဝါးထဲ လျက်ဆားကို
ပရုပ်လုံးလောက်ထည့်ပြီး ညာလက်ညှိုးကို တံတွေးဆွတ်ကာ လျက်ဆားတတို့ကို
အတို့လိုက်၊ ကလေးမကလေးတယောက် အိမ်ရှေ့ဖြတ်အသွား ဦးချစ်ခင်
လျက်ဆားလျက်နေတာကြည့်ပြီး၊ ကျိတ်ပြုံးပြုံးသွားတယ်လေ။ ကလေးမလေးက
သပ်သပ်ယပ်ယပ် ငယ်ငယ်ရွယ်ရွယ်ပါပဲ။ ဒီကလေးမလေးကို ဦးချစ်ခင်မသိ။
''ငါ တိတ်တိတ်ကျိတ်ပြီးစုထားတာ ငါးရာကျော်နေပြီ။ သီတင်းကျွတ်လောက်ဆို
နင့်ယူနိုင်ပါပြီဟ။ ဘူဒါးရင်ကျပ်တာ အမြန်ပျောက်ပြီး သူပါရုပ်ရှင်ရုံမှာတန်းစီ
နိုင်ယင် ငါဒိထက်စုနိုင်မှာပါဟာ၊ အခု ဘူဒါးဖို့ လျက်ဆားတပုလင်း ဝယ်လာခဲ့
တယ်''ဆိုတဲ့စကားကို ကလေးမကလေး ပြန်ကြားယောင်နေမိတယ်။
ဦးချစ်ခင်စိတ်ထဲမှာတော့ လူမှားပြီး ပြုံးသွားတာလား။ စက်ဘီး လေလာထိုးနေကျ ကလေးမ
လေးလား။ အရင်နေခဲ့တဲ့ နေသူရိန်ဝင်းထဲက ကလေးမလေးပဲလားမသိ။ ပြုံးသွား
တဲ့အပြုံးကိုတော့ သိပ်မကြိုက်။ သူ လျက်ဆားတတို့ ထပ်တို့လိုက်တယ်။
ညီပုလေး
စံပယ်ဖြူ မဂ္ဂဇင်း၊ ဇွန်-၁၉၈၅။
No comments:
Post a Comment