Saturday, September 8, 2012

သိစေချင်စမ်းလှတယ်



ညီပုလေးရဲ့ ''လျက်ဆားတတို့'' ဆိုတဲ့ ဝတ္ထုတိုကလေး စံပယ်ဖြူမဂ္ဂဇင်းမှာ
ပထမဆုံးပါလာတော့ ''အမေ ဖတ်ပါအုံး၊ ဒါလေး ကျွန်တော်ရေးတာ'' လို့ ဆိုပြီး
ပြလာတာနဲ့ ဖတ်ကြည့်လိုက်တော့ ကျွန်မစိတ်ထဲ တော်တော်လှုပ်လှုပ်ရှားရှား
ခံစားရတယ်။ ဒါကြောင့် တခါထပ်ပြီး တခေါက်ဖတ်ကြည့်လိုက်ပြန်တယ်။

သူ့ဝတ္ထုက စက်ဘီးပြင်စားသူတဦးနဲ့ သူ့သားငယ်အကြောင်း ရေးထားတဲ့ဝတ္ထု၊
စက်ဘီးပြင်သမားနဲ့ပတ်သက်တဲ့ အသေးစိတ်ကလေးတွေမှာ တော်တော် စေ့စေ့
စပ်စပ် ရေးထားတာ တွေ့ရတယ်လေ၊ အဲဒါနဲ့ ကျွန်မက ရင်ထဲတွင်ပြုံးမိတယ်။
ဒါမျိုး သူရေးတတ်မှာပေါ့၊ သူနိုင်တဲ့ အကြောင်းအရာကိုးလို့။

သူ့အဖေက မင်း အိမ်ထောင်သည်ဖြစ်ပြီ၊ ဘောလုံးမကစားရတော့ဘူးဆိုပြီး
ပိတ်ပင်လိုက်တဲ့အခါ သူက ဘောလုံးကန်တာကို ရပ်ထားပြီး ပြိုင်ဘီးစက်ဘီး
စီးတယ်လေ။ အဲဒီတော့ စက်ဘီးနဲ့ဆိုင်ရာတွေမှာ သူကကျွမ်းကျင်နေရမှာပေါ့။
နို့ပေမယ့် သူရေးပုံကလေးက သူပိုင်ဟန်ကလေးကပါတာကိုတော့ သတိမပြုပဲ
မနေနိုင်ဘူး။

နောက်တော့ သူ့ဝတ္ထုတိုကလေးတွေက နှစ်လခြားသုံးလခြား ''ဂေါဝိန်သီချင်း''
ဆိုပြီး ပါလာလိုက်၊ ''မသိုးထမင်း မသိုးဟင်း'' ဆိုပြီး ပါလိုက်၊ ''မင်္ဂလာရက်မြတ်
လက်ထပ်တဲ့သူတွေ'' ဆိုပြီး ပါလာလိုက် ဖတ်ဖတ်လာရတယ်။ ဖတ်ရတဲ့အခါ သူ့
အရေးအသားက၊ သူပိုင်ဟန်ကလေးတခုကို ဆုတ်ဆုတ်ကိုင်ကိုင်နဲ့ ရေးနေတာမို့
ကိုယ်ကမနေနိုင်ဘူး၊ ရင်ထဲမချင့်မရဲ ရှိလှလွန်းလို့ ''မင်းနှယ်ကွယ်၊ မင်းအဖေ
ရှိတုန်းများ ဒီလိုရေးပါတော့” လို့ ပြောမိတော့တယ်။

သူ့အဖေဦးလှက သူသာ စာရေးတာမဟုတ်ပါဘူး၊ သူများကိုလည်း စာရေးလာ
အောင် ဆွဲဆောင်စည်းရုံးလေ့ရှိသူပါ။ ဆရာဝန်ကိုတွေ့ယင်လည်း ''ဆရာတို့
စာရေးကြပါ'' လို့ တိုက်တွန်းတာပါ။ စာကို စကားပြောတဲ့အတိုင်း ရေးတာကိုက
ရေးရတာလွယ်အောင်ရေးတာ၊ အလုပ်သမား လယ်သမားတွေထဲက ရေးစရာရှိတဲ့
လူတွေ လွယ်လွယ်ရေးလို့ရအောင် ရေးတာလို့ သူကဆိုတာပါ။ သူစည်းရုံးလို့၊
သူနေရာပေးလို့၊ သူတိုက်တွန်းလို့ စာရေးဆရာဖြစ်ကြသူတွေလည်း မနည်းပါဘူး။
ဆရာတော်ရွှေကိုင်းသားရော ကျွန်မပါ သူ့ကြောင့် စာတွေအများကြီး ရေးဖြစ်ကြ
တာပါ။

သူ့စေတနာ သူ့စိတ်က အဲဒီလိုရှိရာမှာ သူနဲ့ကျွန်မ အကြောင်းဆက်ပေါင်းဖက်ပြီး
သားသမီး ၅-ယောက် ထွန်းကားလာတယ်ဆိုတော့၊ မိဘတိုင်းရဲ့ ထုံးစံအတိုင်း
ကိုယ့်သားသမီးကိုလည်း ကိုယ်ဝါသနာပါလို့ လုပ်တဲ့အလုပ်မှာ ဝင်ရောက်လုပ်ကိုင်
လာစေချင်တာပေါ့။ သူက သားလေးသမီးလေးတွေကို သူလိုပဲ စာရေးတတ်လာ
စေချင်တယ်။ ဒါကြောင့် ကျောင်းသားအရွယ်ကတည်းက စာအရေးခိုင်းပြီး
အရွယ်နဲ့အညီ သင့်တော်တဲ့ နေရာကလေးတွေမှာ ထည့်ပေးလာတယ်။

သူ့သားအကြီးဆုံးမောင်ဝင်းဆိုရင် စိန်ပီတာမှာနေတုန်း ၇-တန်း၊ ၈-တန်း ကျောင်းသား
ဘဝကတည်းက မောင်ဝင်းက အင်္ဂလိပ် သတင်းစာကြီးတွေမှာပါတဲ့ ရစ်ပလေရဲ့
ယုံချင်ယုံ မယုံချင်နေဆိုတဲ့ ရုပ်ပုံကလေးတွေနဲ့ ဖော်ပြတဲ့ အခန်းကို ဖြတ်ဖြတ်ပြီး
စုနေတာကိုမြင်တော့၊ အဲဒါကို ကလေးဖတ်စရာ ဆောင်းပါးကလေးတွေဖြစ်အောင်
ရုပ်ပုံလေးတွေနဲ့ ပြန်အရေးခိုင်းပြီး လူထုဂျာနယ်မှာ ဖော်ပြပေးပါတယ်။ ဒါဟာ
သူ့ပထမဆုံးသားလေးကို စာပေလမ်းကြောင်းပေါ်မှာတက်ပြီး လမ်းလျှောက်စ
သင်ပေးတာပါ။

ဒုတိယသမီးကျတော့လည်း ဒီလိုပါပဲ၊ သမီးကို ဆောင်းပါးလေးရေးခိုင်းပြီးတော့-
''အောက်ပါဆောင်းပါးတိုကလေးမှာ အသက် ၁၂-နှစ်ရွယ် ကျောင်းသူမလေးတဦး
က သူ၏အားလပ်ချိန်ကလေးတွင် ကျောင်းစာအုပ်တအုပ်မှ သင်ခန်းစာတပုဒ်
ကိုမှီး၍ ရေးသားထားခြင်း ဖြစ်ပေသည်။ ကလေးများ၏ စာရေးစာဖတ် အလေ့ဝသီ
တိုးတက်ရာ တိုးတက်ကြောင်းကို အားပေးသည့်အနေဖြင့် ထည့်ပေးလိုက်ခြင်း
ဖြစ်သည်။ အလားတူပင် အခြားကလေးငယ်များထံမှရရှိလျှင်လည်း သင့်တော်ပါက
ထည့်သွင်းဖော်ပြပေးမည်ဖြစ်ကြောင်း (အယ်ဒီတာ)'' လို့ ဆောင်းပါးရဲ့အစမှာ
ဖော်ပြထားပြီး၊ ဆောင်းပါးကို ''စံပယ်နဲ့အုန်းခွံ'' ကျောင်းတော်သူ မသန်းရင်မာ
ဆိုပြီး ကလေးပန်းချီ မြင်းကလေး ၂-ကောင်ရဲ့ပုံနဲ့ လူထုဂျာနယ် အမှတ်-၇၅၊
၁၉၅၆-ဇူလိုင်လဆန်းထုတ်မှာ ဖော်ပြပေးပါတယ်။

အဲဒီဆောင်းပါးက စာမျက်နှာ-၁ဝ လက်ဝဲဘက်ကပါ။ စာမျက်နှာ-၉ လက်ယာဘက်မှာတော့
သူ့သားကြီးမောင်စိုးဝင်းရဲ့ သဘာဝလေ့လာမှုဆိုတဲ့ခေါင်းနဲ့ ရစ်ပလေရဲ့ ယုံချင်ယုံ မယုံချင်နေ
ထဲက ကောင်းနိုးရာရာလေးတွေကို ရုပ်ပုံလေးတွေနဲ့ ဖော်ပြတဲ့ ဆောင်းပါးကလေး
ဖော်ပြထားပါတယ်။

အဖေကြီး လမ်းလျှောက်သင်ပေးတဲ့အတိုင်း သားအကြီးက စာရေးတတ်လာတယ်၊
သတင်းစာမှာ သတင်းရေးတာတွေ လုပ်ပေးခဲ့တယ်လေ။ သမီးကြီးကလည်း
ဆရာဝန်ဖြစ်လာတဲ့အခါ ဆေးပညာပေး ဆောင်းပါးကလေးများ၊ သတင်းစာများမှာ
တခါတရံ ရေးခြင်းအားဖြင့် စာရေးယင်ဖြစ်နိုင်တဲ့ အလားအလာကို ပြခဲ့ကြတယ်။

သားလတ်ကတော့ စာသာမကပန်းချီပါ အစွန်းအစရှိလာတယ်။ အငယ်နှစ်ယောက်
လူလားမြောက်မယ့် အချိန်ကြတော့ ဂျာနယ်ရော သတင်းစာရောက ထုတ်ဝေတာ
ရပ်ဆိုင်းထားပြီ။ ဒါကြောင့် သူကိုယ်တိုင် လက်တွဲပြီး လမ်းလျှောက်သင်မပေး
နိုင်တော့ဘူး၊ ဒီလို သင်မပေးနိုင်ပေမယ့် တခြားနေရာတွေမှာ စမ်းသပ် ရေးသားမှု
တွေကို သူကပြုစေချင်ပါတယ်။ အနို့ပေမယ့် သမီးအငယ်နဲ့ သားအငယ်က
အဖေသိအောင် စာရေးချင်တဲ့အစအနကို လုံးဝမပြကြဘူး။

သားအငယ်ကဆိုယင် စာဘက်ပေဘက်ကို မလာရုံသာမက ကျောင်းစာပညာ
မှာတောင် အကစားဖက်လွန်းလို့ အစ်ကိုတွေနဲ့ တခြားစီဖြစ်ခဲ့ရတယ်။ အစ်ကို
နှစ်ယောက်က စာကျက်ချိန်မှာ သာမန်စာကျက်ကြရုံနဲ့ ၁ဝ-တန်းကို ပထမအဆင့်
ကချည်း အောင်ခဲ့ကြတယ်။ သားကြီး သားလတ်တို့ခေတ်တုန်းက ဒီ ဆိုတဲ့
ဂုဏ်ထူးမှတ်က ခေတ်မစားသေးဘူး၊ ရတဲ့အမှတ်တွေပေါင်းပြီး အမှတ်များသူ
တွေကို ပထမအဆင့်ကအောင်တယ်ဆိုပြီး အဆင့်ခွဲကြေညာပေးတယ်၊ ဒီကောင်တွေ
က စာစီစာကုံးပြိုင်ပွဲတွေ ဝင်ပြိုင်ယင်လည်း ဆုစာအုပ်တွေ ရဖူးသူချည်းရယ်။

သားလတ်ကဆိုယင် သတင်းနဲ့ ဆောင်းပါးကောင်းကောင်း ရေးတတ်ရုံမက
ပန်းချီကလေး ဘာလေးပါ ဆွဲဖော်ရလို့ အဖေက သူ့အရက်သမား အမှား- ၂ဝဝဝ၊
ဘိန်းဖြူသမား အမှားကမ္ဘာ၊ ဘဝချင်းမတူတဲ့ တရုတ်ပြည်စတဲ့ စာအုပ်တွေမှာ
သူ့သားလက်ရာတွေကို စာအုပ်ဖုံး ထည့်သုံးသေးတယ်။

အဲဒီလိုရှိရာမှာ သားအငယ်ဆုံးကျတော့ ဒီကောင်က ဘောလုံးကွင်းထဲမှာ နေ့တိုင်း
နေ့တိုင်း အချိန်ကုန်နေတော့ စာမေးပွဲကမအောင်ပါဘူး။ သူ့မှာ ပွဲမကန်ယင်
ကွင်းဆင်းတာပါ။ အဲဒီတော့ ၁ဝ-တန်းဖြေရမယ့်နှစ်မို့ အမေက သူစာကျက်နေ
ပလားလို့ လာချောင်းကြည့်ယင် ၉-နာရီပဲရှိသေးတယ် သူက နှစ်နှစ်ခြိုက်ခြိုက်ကြီး
အိပ်ပျော်နေပါပြီ။

ကျွန်မက ''ငါ့သားရယ် ဒီခေတ်မှာ ဆယ်တန်းဆိုတာ
အမေသနားလာတဲ့အထိ စာကျက်ရပါတယ်၊ မင်းဖြင့်လာကြည့်ယင် အိပ်ပျော်နေပြီ၊
ညဥ့်နက်အောင် စာကျက်ပါ''လို့ ပြောယင် ''ဟုတ်ကဲ့'' ဆိုပြီး နေ့တိုင်း အစောကြီး
အိပ်ပျော်နေတာချည်းပဲ။ ဒါနဲ့ ၁ဝ-တန်း ပထမနှစ်မှာ ကျပါတယ်။ သူ့အစ်ကိုတွေ
ဘယ်သူမှ ဘယ်အတန်းမှာမှ စာမေးပွဲမကျစဖူးပါဘူး။ ဒီအငယ်ဆုံးကောင်ကျခါမှ
၁ဝ-တန်း ဒုတိယနှစ်မှာလည်း ဘီနဲ့ပဲအောင်ပါတယ်။

မဖြစ်ပါဘူး၊ သေသေချာချာလုပ်ပါ၊ စာကျက်ပါ၊ ၁ဝ-တန်းသမားဆိုတာ၊
အမေက သူအိပ်ခါနီးမို့ လာကြည့်၊ သားကလေး စာကြည့်နေတုန်းမို့
''ငါ့သားစာကျက်နေရှာတုန်းကိုး'' လို့ အသာလှည့် ပြန်လိုက်၊ သားက စာကြည့်နေတုန်းမို့ ငါ့သားလေးပင်ပန်းရှာတယ်၊ ခုထိ မအိပ်သေးဘူး။ သနားပါတယ်ဆိုပြီး
စားစရာလေးတွေ လာကျွေးယင်း ''သားရယ် အိပ်ပါတော့၊ စာကမရသေးဘူးလား'' လို့ ပြောကြရတဲ့အမျိုးပါလို့ သူ့ကိုဘယ်လို ပြောပေမယ့် သူကဖြင့်
ကျွန်မလာကြည့်ယင် ၁ဝ-နာရီမှာ အိပ်ပျော်လို့ နေတာ
ချည်းပါပဲ။

ဒါနဲ့ တတိယနှစ် ၁ဝ-တန်းဝင်ဖြေတော့လည်း ဘီနဲ့ပဲအောင်ပါတယ်။
စတုတ္ထနှစ် ဖြေတော့လည်း ဘီနဲ့ပဲ အောင်ပါတယ်။ ပဉ္စမနှစ်ကျမှပဲ အေနဲ့ အောင်ပါ
တော့တယ်။ ကိုယ်က အမေဆိုတော့ ''အင်း တော်သေးရဲ့၊ တချို့များ ဘီတောင်
ပြုတ်ချင်ပြုတ်သွားသေးတာ၊ တချို့က စိတ်ပျက်ပြီး မဖြေချင်တော့ဘူးလို့
ပြောကြသေး၊ သူက ဒီလိုမပြောပဲ စိတ်ရှည်လက်ရှည်တော့ မအောင်မချင်း
ဖြေဖော်ရသေးရဲ့''လို့ ကျေးဇူးတင်လိုက်ရပါသေးတယ်။

ခက်တာက သူကစာမေးပွဲမအောင်တာကလွဲယင် အားလုံးကောင်းတယ်။
ဆေးလိပ်မသောက်၊ကွမ်းမစား၊ မဆဲမရေးနဲ့ အလွန်သဘောကောင်းတဲ့ကောင်။
စိတ်မှာ ဖအေနဲ့ စိတ်ချင်းအတူဆုံးသား။ ပြီးတော့ သူ့အစ်ကိုအကြီးနှစ်ယောက်၊
အကြောင်းအားလျော်စွာ အိမ်မှာမရှိကြလေတော့။ အဖေကြီးက သူ့ကိုသိပ်ချစ်တာ။
သူ့ကွယ်ရာမှာမိတ်ဆွေများကို ''ဒီကောင်က သားလက်ကျန်ကလေး''လို့ ပြောပြီး
မိတ်ဆက်ပေးနေကျ။ သားဆိုလို့ သူပဲရှိတော့ သူ့ပဲချစ်နေရတယ်မဟုတ်လား။

သူက အရွယ်ရောက်လာတော့ ဘောလုံးကန်တာကလွဲယင် ပန်းချီဆွဲပါတယ်။
အဖေက စာပါရေးစေချင်တယ်။ သူက တလုံးတပါဒမှ မရေးပါဘူး၊ အားအားရှိယင်
ဆီဆေးနဲ့ ပန်းချီရေးပါတယ်။ အဖေကြီးက ''ငါ့သား- အဖေလေ အသက် ၂၃-နှစ်
ရှိတော့ မဂ္ဂဇင်းထုတ်နေပြီ၊ ဒီအရွယ်ဆို အဖေ ကလောင်ကလေးတချောင်း
ကောင်းကောင်းကိုင်နေပြီ'' စသည်ဖြင့် သူ့ကိုပြောတယ်၊ အားမရလို့။ သူကဖြင့်
မလှုပ်ပါဘူး။

အဲဒါနဲ့သာ ၁၉၈၂-ခုနှစ်က အဖေဆုံးသွားပါလေရော။
အဖေဆုံးပြီး ၃-နှစ်ကြာမှ သူက စာစရေးလာပါတယ်။ သူ့စာလေးတွေ တပုဒ်က
နှစ်ပုဒ် မြင်တွေ့လာရတော့ သူ့သား စာရေးလာစေချင်တဲ့ ဖအေကြီး သိစေချင်
လိုက်တာ၊ လိုက်ပြောလို့များဖြစ်ယင်ဖြင့် ပြောစမ်းချင်ပါသေးရဲ့။ ''ကိုယ့်သား
စာရေးလာပါပြီတော်'' လို့။

သူက သားတွေကို စိတ်တိုင်းမကျယင် ''မင်းသား ကဘယ်လိုလား''လို့
ကျွန်မကို တိုင်ပြောပြောနေကျ။ မင့်သားမဟုတ်ဘူး။
''မင်းသား'' တဲ့ အပြစ်တင်သံကလေးနဲ့။ သူစိတ်ချမ်းသာယင်ဖြင့် ''ငါ့သား ငါ့သား''
နဲ့ ''ငါ့သား''ချင်း ထပ်နေတတ်တာပါ။

ဒါကြောင့် သူရှိတုန်းက စာတလုံးမှ ရေးမပြတဲ့သားက ဝတ္ထုတိုကလေးတွေ
ရေးလာတော့ သူ့အဖေများရှိယင် ဘာပြောမှာပါလိမ့်လို့ ကျွန်မက မတွေးပဲ
မနေနိုင်ဘူး။ ဒီလိုတွေးမိနေတုန်းမှာ - သူလို လူငယ်လေးတွေကို ရည်စူးပြီး
သူ့အဖေကြီး ပြောသွားတဲ့ စကားလေးတွေ၊ ဟောပြောပွဲတခုမှာပြောဖို့ သူရေးသား
ပြင်ဆင်ထားတာလေးကို ကံအားလျော်စွာ စာအုပ်လေးတအုပ်ထဲက ဘွားကနဲ
တွေ့တယ်။ သူ့အဖေရှိယင် သူဒီလိုပဲ ပြောမှာပါပဲလေ-လို့ အောက်မေ့လိုက်မိတယ်။

ဦးလှက''စာပေဟာ ပြည်သူတို့ရဲ့ လိုအပ်ချက်နဲ့ အညီ ပေါ်ထွန်းဖို့လိုတယ်၊
ဒီအချက်ဟာသိပ်အရေးကြီးပါတယ်''တဲ့။
''ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ အောက်ပါစာပေရည်ရွယ်ချက်များနဲ့ ကိုက်ညီတဲ့
စာပေမျိုးသာ ထွက်သင့်ပါတယ်''။
(၁) xxxxxxxxxပြည်သူတွေကြားထဲ စိမ့်ဝင်ဖို့။
(၂) ကုန်ထုတ်စွမ်းအား တိုးတက်ဖို့။
(၃) ပြည်ထောင်စု တိုင်းရင်းသာလူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ဖို့။
(၄) တိုင်းချစ်ပြည်ချစ်စိတ်တွေ၊ မျိုးချစ်စိတ်တွေ ရှင်သန်ကြီးထွားနေဖို့။
(ကျဉ်းမြောင်းတဲ့ လူမျိုးရေးစိတ် မဟုတ်)
(၅) အမျိုးသား ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းဖို့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့။
(၆)တိုင်းပြည်မှာ လောလောဆယ်ရှိနေတဲ့ ပြဿနာများဖြေရှင်းရာမှာ အထောက်
အကူဖြစ်တဲ့ စာပေမျိုးထွက်ပေါ်ဖို့၊ မှောင်ခို၊ ဘိန်းဖြူ၊ အရက်၊ လောင်းကစား
ပြဿနာ စသည်များ။
(၇) နိုင်ငံတကာချစ်ကြည်ရေးကို အကျိုးပြုတဲ့စာပေမျိုး။

ဒီလိုစာပေမျိုးတွေကို နိုင်ငံရေးအသိ ကောင်းကောင်းရှိတဲ့ လူငယ်စာရေးဆရာ
အသစ်တွေကမှ အပင်ပန်းခံပြီး စွမ်းစွမ်းတမံ ရေးနိုင်မှာပါ။ အတွေးအခေါ်သစ်၊
အမြော်အမြင်သစ်မရှိယင် မဖန်တီး မတီထွင်နိုင်ပါဘူး။ စာရေးတယ်ဆိုတာ
ပုံစံသေကြီးချပြီး လုပ်ရမှာမဟုတ်ပါဘူး၊ ဟန်အမျိုးမျိုးနဲ့ လွတ်လွတ်လပ်လပ်
တီထွင်ရမှာပါ။

စေတနာသဒ္ဓါတရား ထက်ထက်သန်သန်၊ ယုံကြည်မှု ပြင်းပြင်းထန်ထန်နဲ့
ရေးယင် အောင်မြင်တာပါပဲ။
''ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည်မှာ သာမန် ရသစာပေလောက်နဲ့ မလုံလောက်
ဘူး၊ xxx သရုပ်မှန်စာပေတွေ ထွန်းကားရမယ်''လို့ ဟောပြောခဲ့ဖူးပါတယ်။
ဒါကြောင့် ကျွန်မက ''ဖေဖေလိုချင်တဲ့ စာမျိုးတွေဖြစ်လာအောင် ကြိုးစား
ပေတော့ကွယ်''လို့ပဲ သူ့ကိုပြောချင်တော့တယ်။

သားက သူ့ဝတ္ထုတိုကလေးတွေကို ပန်းချီဆရာက ပုံဆွဲပေးဖို့ သီးခြားမအပ်ပဲ
သူ့ဖာသာပုံတွေရေးတော့ အဖေကြီးက ''နေရာကျတယ် သားရယ်''လို့ပြောပြီး
ပိုလို့ ကျေနပ်ဝမ်းသာနေရှာမှာပဲ။

လူထုဒေါ်အမာ

No comments:

Post a Comment