Sunday, September 30, 2012

လွမ်းလွမ်းတတ အမှတ်တရ
(အာအိုင်တီ)
(part 1)




စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့ရဲ့စာမျက်နှာမှာ ညီမငယ်တစ်ယောက်က စက်မှု တက္ကသိုလ်ရဲ့ အထင်ကရတွေက ဘယ်နေရာတွေလဲ၊ ပြီးတော့ ဘာလို့ အဲဒီလိုဖြစ်ခဲ့တာလဲဆိုတာ မေးထားတာ တွေ့လိုက်ရလို့ ကျွန်တော်တို့ ခေတ်မှာ သိထားတဲ့ ကျောင်းရဲ့ အထင်ကရနေ ရာလေးတွေကို မှတ်မိသလောက်  ပြန်ပြောလိုက်ရတာပါ။

ကျွန်တော်တို့က  ၁၉၈၄ ခုနှစ် ဒီဇင်ဘာလကနေ ၁၉၉၃ ခုနှစ် သြဂုတ်လအထိ ၉နှစ်တိတိ ကျင်လည်ခဲ့တဲ့ ဒီနေရာ၊  ကျောင်းပြီးသွားတော့လည်း ကျောင်းပတ်ဝန်းကျင်မှာ နေထိုင်ရင်း ၀မ်းတထွာအတွက် လှုပ်ရှားရုန်းကန်ရင်း ၁၉၉၅ခုနှစ်အထိ နေခဲ့တာမိုလို့ စက်မှုတက္ကသိုလ်က ကျွန်တော်အတွက် မမေ့နိုင်တဲ့ နေရာတစ်ခုအဖြစ် ယခုထက်ထိ တည်ရှိနေတာပါပဲ။

ဦးလူပေါဂိတ်
၁၉၈၄ ခုနှစ် ပထမဆုံးအကြိမ် စက်မှုတက္ကသိုလ်ကို လာရောက်တော့ ဦးလူပေါဂိတ်ဆိုတာ ကျွန်တော်တို့လို ဘတ်စကားနဲ့ တိုးဝှေ့ကျောင်းတက်ရတဲ့ သူတွေအဖို့ သိပ်ပြီး မရင်းနှီးလှပါဘူး၊ ဒါပေမဲ့လည်း ဦးလူပေါဂိတ်လို့ ဆိုတဲ့ အီလစ်ပုံသဏ္ဍာန် ဂိတ်ဝ တခါးက ရန်ကုန်မြို့ကို အခုမှ လာရောက်တဲ့ ကျွန်တော်တို့လို တောသားတွေအတွက် အလွန်အင်မတန် ထူးဆန်းလှတဲ့ အင်ဂျင်နီယာ အာခီတက် ပညာရပ်တစ်ခုပါလားဆိုပြီး အံသြမိတာပါ။ နောက်မှ သိလိုက်ရတာကတော့ ဦးလူပေါဂိတ်လို့ အမည်တွင်တာက ကာတွန်းဦးအောင်ရှိန်ရေးဆွဲတဲ့ ဦးလူပေါကာတွန်းရုပ်က ဦးလူပေါရဲ့ ခေါင်းသဏ္ဍာန်နဲ့ တူလို့ ဦးလူပေါဂိတ်လို့ အမည်တွင်တယ်ဆိုတာ သိခဲ့ရပါတယ်။ အဲဒီဦးလူပေါဂိတ်က မော်တော်ကားစီးနိုင်တဲ့ လူတန်းစားတွေ ၀င်ထွက်တယ်ဆိုပြီး အနီအနည်းငယ်ဆန်တဲ့ စီနီယာ ကျောင်းသားကြီးတွေက လက်ဝေဖြန့်ခဲ့ပါတယ်။



ပစ္စည်းမဲ့ဂိတ် (၀ါ) ဘီပီအိုင်ဂိတ်
မှတ်မှတ်ရရ အဲဒီနေ့က ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ၅ရက်ပါ။ မနက်စောစော အေးမြတဲ့ မြောက်လေနှောလို့ တစိမ်စိမ့်လေး ရှိနေတဲ့ မနက် ၇နာရီ ၄၅မိနစ်လောက်မှာ ၄၅အမြန်ကားကို စီးနင်းပြီး ကျောင်းကိုလာခဲ့ပါတယ်။ စပယ်ရာရဲ့ ဘီပီအိုင်ပါလားလို့ မေးသံကြားတော့ မရဲတရဲလေးနဲ့ ပါပါတယ်ဗျ လို့ ပြောလိုက်မိပါတယ်။

ကားပေါ်က ဆင်းဆင်းချင်းမှာပဲ ပုံဏ္ဍာရိတ်ပင်တန်းကြားထဲက ကွက်လပ်လေးမှာ ၆လက်မပတ်လည် သစ်သားတိုင်လေး ယိုင်ယိုင်နဲ့ စိုက်ထူထားတဲ့ ပစ္စည်းမဲ့ဂိတ်ကို ကျွန်တော်လှမ်းဝင်မိလိုက်ပါတယ်။ တကယ်တော့ အဲဒီနေရာနဲ့ တည့်တည့်က ဘီပီအိုင်ကို သွားတဲ့လမ်းနဲ့ ဘတ်စကားဂိတ်က ဘီပီအိုင်မှတ်တိုင်ပေါ့။ ပစ္စည်းမဲ့ဂိတ်ကို မသွားခင် နဘေးမှာ လက်ယာဘက်မှာ ကွမ်းယာဆေးလိပ်ဆိုင်နဲ့ လက်ဝဲဘက်မှာ မုန်ဟင်းခါးဆိုင်ရှိတယ်ဆိုတာကိုတော့ ကျွန်တော်မှတ်မိနေပါသေးတယ်။ ကျွန်တော်တို့လို့ ဘတ်စ်ကားသာ စီးနိုင်တဲ့ လူတွေအဖို့ဒီဂိတ်က အ၀င်အထွက်နေရာတစ်ခုပါပဲ။

အမှန်တကယ်ပြောရရင်တော့ ကျွန်တော်တို့ ခေတ်မှာ ကျောင်းကို မော်တော်ကားစီးပြီး တက်နိုင်တဲ့ လူဆိုတာ အယောက် ၁၀၀ထက် မပိုလှပါဘူး။ တနှစ်ကို ၇၅၀ နဲ့  ၆ နှစ်အတွက် စုစုပေါင်း ကျောင်းသား ၄၅၀၀ မှာ မော်တော်ကားစီးပြီး ကျောင်းတက်နိုင်တာက ၂ ရာခိုင်နှုန်းလောက်သာရှိတာမဟုတ်လား၊ အဆောင်နေကျောင်းသား ကျောင်းသူနဲ့ မြို့ထဲကလာတဲ့သူ တော်တော်များများက ဒီဂိတ်ကိုပဲ အသုံးပြုကြတာပါ။






မိုးမခပင်တွေ တို့သက်သေတည်
ပစ္စည်းမဲ့ဂိတ်ကို ကျော်လွန်ပြီး ကြည့်လိုက်ရင် တိုင်ပေါင်း ၁၈တိုင်နဲ့ ခန့်ခန့်ညားညားရှိနေတဲ့ ကျွန်တော်တို့ကျောင်းရဲ့ အထင်ကရ အဆောင်၁ ကြီးက ကျွန်တော်တို့ လို ကျောင်းသားသစ်တွေကို နွေးနွေးထွေးထွေးကြိုဆိုနေကြတယ်၊ အဲဒီအဆောင်တစ်ကို တက်တဲ့ ပြေပြစ်တဲ့ ကွန်ကရစ်လမ်းနဘေးမှာ မိုးမခပင်ကြီး နှစ်ပင်ကတော့ ကျွန်တော်တို့ကို အပေါ်စီးက ငုံကြည့်နေလေရဲ့၊ အခုတော့ ဒီမိုးမခပင်ကြီး နှစ်ပင်က သက်သေမတည်နိုင်တော့ပါဘူး။ အချိန်တွေ ရွေ့လျားလာတော့ သူတို့လဲ နေရာဖယ်ပေးရလိုက်ရပါပြီ။

ကာတွန်းဘောက်စ်
ကျောင်းရောက်ခါစကတော့ ကျွန်တော်အတွက် ကာတွန်းဘော်စ်က သိပ်မရင်းနှီးခဲ့ပါဘူး။ နောက်ပိုင်းမှာ သူငယ်ချင်း မောင်ရစ်နဲ့ ခင်မင်ပြီးတဲ့နောက် သူရဲ့ ၀ါသနအရ ဆွဲနေတဲ့ ကာတွန်းလေးတွေ ကာတွန်းဘောဇ်မှာ ကပ်ထားတာ အားပေးရင်းနဲ့ ကာတွန်းဘော်ဇ်က ကျွန်တော်တို့အတွက် မရှိမဖြစ်ဖြစ်လာရတာပါ။ တကယ်တော့ ကာတွန်းဘောက်စ်က ကျွန်တော်တို့အတွက် လွပ်လပ်စွာ ဖွင့်ထုတ်နိုင်ခဲ့တဲ့ နေရာတစ်ခုလို့ ဆိုရင်လည်း မမှားဘူးပေါ့။ ကာတွန်းဘောဇ်က ကျွန်တော်တို့ လိုအပ်တဲ့ အရာတွေကို ကာတွန်းအမြင်နဲ့ တောင်းဆိုတဲ့နေရာ၊ ကျောင်းသားကျောင်းသူတွေရဲ့ ချစ်စရာအထေ့လေးတွေကိုလဲကြည့်ရတဲ့ အပြင် ကျွန်တော်တို့ခေတ်မှာ ဆောင်းပါ။ ဓါတ်ပုံ နဲ့ ၀တ္ထုတိုလေးတွေပါ ဖတ်ရတဲ့ နံရံကပ်စာစောင်နေရာလို့ ဆိုလို့ရပါတယ်။ ၁၉၈၈ ခုနှစ် အရေအခင်းဖြစ်တဲ့အချိန်ထိပေါ့။





(မောင်ရစ်နှင့် ကာတွန်းဘောက်စ်၊ မောင်ရစ်ထံတွင် ခွင့်မတောင်းပဲ သုံးမိပါသည်။)

No comments:

Post a Comment