ကျွန်တော်ဟာ…
ဆရာလူထုစိန်ဝင်းကို အမြဲတမ်း ငြင်းခုန်ခဲ့တယ်…

ကျွန်တော်ဟာ လူထုသတင်းစာနဲ့ မကြီးပြင်းခဲ့ရပေမယ့် (လူထု)တိုက်ထုတ် သတင်းစာဆရာ၊ စာရေးဆရာတွေကို ကြည်ညိုခဲ့တယ်။ ကျွန်တော့ စာပေအကင်းဘ၀ကတည်းက မန္တလေးကို မြတ်နိုးခင်တွယ်စိတ်နဲ့အတူ (လူထု)ကိုလည်း မန္တလေးရဲ့နိမိတ်ပုံတစ်ခုအဖြစ် စွဲမြဲမှတ်သားထားခြင်းလည်းဖြစ်တယ်။ (လူထု)မဟုတ်ရင် မန္တလေးမဟုတ်လို့ပင်လျှင် ခံယူခဲ့တာလည်းဖြစ်တယ်။
ဒါကြောင့်လည်း လူထုနဲ့ပတ်သက်သမျှစာရေးဆရာတွေကို မန္တလေးစာရေးဆရာတွေအဖြစ် ပုဂ္ဂိုလ်ခင်ခဲ့တယ်။ ပြန်လှန်စဉ်းစားကြည့်လိုက် တော့ လူထုသတင်းစာနဲ့ မကြီးပြင်းခဲ့ရပေမယ့် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက စာတမ်းတွေ…၊ စာအုပ်စာပေတွေနဲ့ ကြီးပြင်းခဲ့ရတာကတော့ သေချာပါတယ်။ ဒါကိုက… လူထု အ၀န်းအ၀ိုင်းလို့ နားလည်ထားပြီးသားပါပဲ။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ စာပေသြဇာကို အပြည့်အ၀ခံယူခဲ့တယ်။ လက်ခံခဲ့တယ်။ ယုံကြည်ခဲ့တယ်။ ဆိုပါတော့… ဒီစာပေသြဇာ…၊ ဒီတရားကို ‘မင်’ခဲ့တယ်။ တကယ်တော့ လူထုနဲ့ပတ်သက်တဲ့စာရေးဆရာတွေကို ကြည်ညိုခဲ့တယ်ဆိုရမှာ… တရား‘မင်’ခဲ့လို့ ပုဂ္ဂိုလ်(လူ)ကို ‘ခင်’ခဲ့တာပဲဖြစ်ပါတယ်။
တကယ်တော့ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ကို လူထုတိုက်ရဲ့ဧည့်ခန်းထဲမှာ စတင်တွေ့မြင်ဖူးတာနဲ့တပြိုင်နက်ထဲလောက်မှာပဲ ဆရာ လူထုစိန်ဝင်းကိုလည်း မန္တလေးဆေးရုံကြီးရှေ့ လမ်း ၃၀ ပေါ်က အိမ်ခန်းတစ်ခန်းမှာ စတင်တွေ့ဖူးတာပါပဲ…။ ဒီအချိန်ဟာ… ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လူထုဦးစိန်ဝင်းတို့ အိမ်ပြန်ရောက်ချိန်ကာလတွေပါပဲ…။ ဆရာတို့နဲ့အတူတူ မန္တလေးပြန်ရောက်လာတဲ့ အစ်ကိုတစ်ဦးက ကျွန်တော့်ကို သူ့စက်ဘီးပေါ်တင်ပြီး လူထုဦးစိန်ဝင်းနဲ့တွေ့ပေးတယ်။ ကျွန်တော်က အလံမလှဲစတမ်းတို့၊ စောမိုခမ်းတို့ကို သိပ်နှစ်သက်နေပြီ။ အစ်ကိုနဲ့ စနေညတိုင်း စာဝိုင်းပေ၀ိုင်း စကားဝိုင်းဖြစ်နေလေတော့… ‘မင်း… ဦးစိန်ဝင်းနဲ့ တွေ့ရမယ်’ဆိုကာ တွေ့ဖြစ်ကြတာပါ။
ကျွန်တော်တို့ လမ်း ၃၀ ပေါ်က အိမ်ခန်းလေးရှေ့ရောက်တော့ တော်တော်မှောင်နေပြီ။ လမ်း ၃၀ ပေါ်မှာ ကားပြာဘတ်စ်ကားတွေတောင် သိမ်းနေပြီ။ မြင်းလှည်းတွေ၊ စက်ဘီးတွေ၊ ဆိုက်ကားတွေကတော့ ရှိနေသေးရဲ့။ မျက်နှာချင်းဆိုင် ဆေးရုံကြီးဝင်းထဲမှာကတော့ ခပ်မှိန်မှိန် မီးချောင်းရောင်အောက်မှာ အမှောင်ရိပ်တချို့က လူမမာမေးသူတွေကို နှင်ထုတ်နေလေရဲ့…။ အိမ်ခန်းလေးနဲ့ ကပ်လျက်အခန်းက အောက်လင်းဓာတ်မီးအလင်းရောင်မှာ ကြံရည်ကြိတ်စက်က ခြူသံပေးပြီး မူးချာပတ်ချာလည်နေတယ်။ ကျွန်တော်တို့အိမ်ခန်းလေးရှေ့ ရသေ့ကျောင်းပေါ်ထိုင်ပြီး အစ်ကိုက အသံပေးလိုက်တယ်။ ကျွန်တော်ကတော့ ခမ်းလှမ်းလှမ်းက ကြံရည်ကြိတ်စက်ကိုကြည့်ပြီး မူးချာပတ်ချာလည်ရမယ့်အစား ရင်တွေခုန်လို့…။ လူထုစိန်ဝင်း…၊ ၀င်းဇော်…၊
ခဏနေတော့ ချောင်းသံ တဟွပ်ဟွပ်နဲ့ ခပ်ချိနဲ့နဲ့လူတစ်ယောက်က ချိုင်းထောက်အားပြုပြီး အခန်းထဲကထွက်လာတယ်။ ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်ခုံမှာ ခပ်ဖြည်းဖြည်းထိုင်တယ်…။ ဆေးလိပ်တစ်လိပ်ကို မီးညှိတယ်။ အလင်းရောင်ပျပျမှာ မြင်ရတာက ချိုင်းထောက်အားကိုးနေရတဲ့ ချိနဲ့နဲ့ ကိုယ်ခန္ဓာနဲ့ ဆန့်ကျင်စွာ မျက်နှာမှာ ကြည်လင်ခိုင်မာနေတာပါ…။ “ဒါ… စာရေးဆရာ လူထုစိန်ဝင်း…”လို့ အစ်ကိုက ပြောတယ်။ အား… လူထုစိန်ဝင်း…၊ ၀င်းဇော်…။ ပြီးတော့ အစ်ကိုက ‘ဒါ… ကျွန်တော့်ညီပါ…၊ စာရေးဖို့ သားဖို့ ၀ါသနာပါတယ်’လို့ မိတ်ဆက်ပေးလိုက်တယ်။
ဒီမှာတင် ကျွန်တော်သတိထားမိတာတစ်ခုက ကျန်းမာရေးမကောင်းတဲ့ဆရာက ဝေဒနာအကြောင်း၊ လောကဓံအကြောင်း မငြီးတွားဘူး။ ရဲဘော်တွေ ကျန်းမာရေးအကြောင်းမေးတယ်။ ပြီးတော့ မိုးဝေမဂ္ဂဇင်းထဲက ဆောင်းပါးတွေ ကဗျာတွေ အကြောင်းပြောတယ်။ ပြောတယ်ဆိုတာထက် ဝေဖန်တယ်၊ သုံးသပ်တယ်…။ ဆရာ့မျက်နှာ၊ အမူအရာနဲ့ စကားတွေဟာ တက်ကြွမှုရဲ့အမှတ်လက္ခဏာတွေဆိုတာ ငြင်းမရဘူး…။
ကျွန်တော်တို့အပြန်မှာ… လက်ဖက်ရည်ဆိုင်ထိုင်ကြရင်း အစ်ကိုက ထောင်ထဲက၊ ကိုကိုးကျွန်းက…၊ နောက်ထပ်တဖန် ထောင်ထဲက လူထုဦးစိန်ဝင်း အကြောင်းတွေပြောပြတယ်။
ဆရာဟာ… တော်လှန်ရေးကောင်စီတက်ပြီး ၁၉၆၉ ခုနှစ်မှာ အဖမ်းအဆီးခံရကာ ကိုကိုးကျွန်းကိုပို့ခံခဲ့ရတယ်။ ကျန်းမာရေးအခြေအနေကြောင့် ကျွန်းကနေ ပြည်မကထောင်မှာ ပြန်အပို့ခံခဲ့ရပြီး ၁၉၇၂ ခုနှစ်မှာ ပြန်လွတ်ခဲ့တယ်။ ၁၉၇၈ ခုနှစ်မှာ ပြည်သူ့တိုးတက်ရေးပါတီဥက္ကဌ ဦးခင်မောင်မြင့် (ကွယ်လွန်)နဲ့ အမှုတွဲအဖြစ်ပြန်လည် အထိန်းသိမ်းခံရပြီး ၁၉၈၀ ခုနှစ်မှာမှ ပြန်လွတ်ခဲ့တယ်။ ထောင်တွင်းက နှိပ်စက်ညှင်းပန်းခံရမှုတွေကြောင့် ညာဖက်ကိုယ်တစ်ခြမ်းသေခဲ့တယ်ဆိုတာ ကျွန်တော်အစ်ကိုက ရှင်းပြခဲ့တယ်။
အဲသည်အချိန်မှာတော့ ကျွန်တော်ဟာ လူထုဦးစိန်ဝင်းထက် ၀င်းဇော်ကိုပိုသိ၊ ပိုကြိုက်နေတာတော့ ၀န်ခံပါတယ်။ ‘အလံမလှဲစတမ်း’ဟာ ကျွန်တော်တို့အတွက် စံပြုအတုယူစရာဖြစ်သလို…၊ ‘စောမိုခမ်း’ က ရင်မှာတလှပ်လှပ်နဲ့ ရသအပြည့်ပေးတဲ့ မန္တလေးတက္ကသိုလ်နောက်ခံ ၀တ္ထုရှည်ကြီး အဖြစ် စွဲမက်အတုယူလွှမ်းမိုးနေခဲ့တယ်။
နောက်… ဆရာ သူအိမ်၊ သူ့ဇနီးဇာတိ တောင်ကြီးပြောင်းသွားတာ…၊ နောက်… ရန်ကုန်ပြောင်းသွားတာ…၊ နောက်… အင်္ဂလိပ်စာသင်တန်း ဖွင့်နေတာ…၊ စတဲ့ စတဲ့ အချက်တွေကို အစ်ကိုက တဆင့်သိနေရတယ်။ အစ်ကိုကတော့ နောက်ပိုင်း… သူ့ရဲဘော် လူထုဦးစိန်ဝင်းနဲ့ရော… ကျွန်တော်နဲ့ ရော ၁၀ နှစ် ၁၀ မိုး ဝေးသွားခဲ့ပါတယ်။
ကျွန်တော် ၁၉၉၃ ခု၊ လူထုတိုက် အယ်ဒီတာစားပွဲမှာ ဒေါ်ဒေါ် လူထုဒေါ်အမာ အရိပ်ခိုပြီးနောက်… ဆရာလူထုဦးစိန်ဝင်းရဲ့ ဆောင်းပါးတွေ မဂ္ဂဇင်းအသီးသီးမှာ ပြန်လည်ဖတ်ရှုလာရတယ်။ အထူးသဖြင့် ဒေါ်ဒေါ်ရဲ့လက်တုံးတောင်ဝှေးအဖြစ် ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် တူသားနောင်မယ် အရင်းအချာအနေနဲ့ ဆရာလူထုစိန်ဝင်းက အနီးကပ်ဆုံးဖြစ်နေတာမို့… ဒေါ်ဒေါ်ရဲ့ ကိုယ်ရေးကိုယ်တာ သာမက… နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ပါမကျန် ဒေါ်ဒေါ်ဆီကို အမြဲမပြတ်စာရေးပြီး ဆရာက အသိပေးတယ်၊ ဆွေးနွေးတယ်။ ဒီလိုစာတွေရလာရင်… ပြသင့်ပြထိုက်၊ ဖတ်သင့်ဖတ်ထိုက်တဲ့ စာမှန်ရင် ဒေါ်ဒေါ်က ကျွန်တော့ကိုပြတယ်၊ ဖတ်စေတယ်။ ပြီးတော့ စာပါအကြောင်းအရာတွေကို ဒေါ်ဒေါ်က ကျွန်တော်နဲ့ ပြောဆိုတာမျိုးတွေရှိတယ်။ ဒီကြားထဲ… မဂ္ဂဇင်းတစ်စောင် (ဗြူးတီး ထင်ပါရဲ့) မှာပါတဲ့ ဆရာ့ရဲ့ ‘သူရဲကောင်း’နဲ့ ပတ်သက်တဲ့ ဆောင်းပါးကိုဖတ်ပြီးနောက်… ကျွန်တော်က ပြန်လည်ငြင်းခုန်ခဲ့ပါတယ်။ ဆရာ့ဆီ စာရှည်ကြီးရေးပြီး ငြင်းခုန်ခဲ့တာပါ။ ဒါဟာ… ဆရာ့ကို ပထမဆုံးပြန်လည်ငြင်းခုန်ခြင်းအစပါပဲ…။
ဒီ့နောက်ပိုင်း ဆရာက ကျွန်တော့်အပေါ် ပိုမိုနွေးထွေးလာတယ်။ အထူးသဖြင့်တော့ ကျွန်တော့်စာမူတွေ လုံးချင်း စာအုပ်အဖြစ်ထုတ်ဝေနိုင်ရေးတွေမှာ အများဆုံးကူညီခဲ့တယ်။ အိပ်ရာထဲကဆရာက… ကျွန်တော့် ၀တ္ထုတိုပေါင်းချုပ်တစ်ခု ရန်ကုန်ဖြန့်ချီရေးမှာ အစအဆုံးကူညီပေးခဲ့တယ်။ အဲဒီအချိန် ဖြန့်ချီရေးပိုင်းမှာ အဆင်မပြေဖြစ်နေတဲ့ လူထုတိုက်ထုတ်စာအုပ်တွေကိုလည်း မမဒေါ်တင်ဝင်းနဲ့ ညှိပြီး ဆရာက ရန်ကုန်ကနေ ကူညီခဲ့တယ်။ နောက်ပိုင်း သူ့တပည့်လည်းဖြစ် ရဲဘော်လည်းဖြစ်ခဲ့တဲ့သူတစ်ယောက်ကိုပင် ဆရာက လူထုတိုက်ရဲ့စာအုပ်များ စီစစ်ရေးကိစ္စ၊ ဖြန့်ချီရေးကိစ္စတွေမှာ အမြဲတမ်း ခန့်ထားပြီး ရန်ကုန်ကနေ ကူညီစေခဲ့တယ်။
တစ်ခုသော ဒေါ်ဒေါ့်မွေးနေမှာ မန္တလေးကို ဆရာရောက်လာတယ်။ ကျွန်တော်တို့ လူထုအယ်ဒီတာအဖွဲ့ နေလည်ခင်း လက်ဖက်ရည်ချိန်(ညနေ ၃ နာရီ)ကို တကူးတကစောင့်ပြီး အစ်မကြီး ဒေါ်တင်ဝင်းကိုခွင့်တောင်းကာ ကျွန်တော့်ကို ဆရာက လက်ဖက်ရည်ဆိုင်ခေါ်တယ်။ (အဲလောက်ထိ လုပ်ငန်းနဲ့ စည်းကမ်းပိုင်းကို ဆရာက သတိထားပြီးလိုက်နာပြုမူခဲ့တာပါ။) ဆရာနဲ့ နှစ်ယောက်တည်း လက်ဖက်ရည်သောက်ရချိန်မှာ စကားတွေအများကြီး ပြောဖြစ်တယ်။
လူထုတိုက်ရဲ့ စာအုပ်လုပ်ငန်းတွေသာမက မန္တလေးက ကျွန်တော်တို့ မျိုးဆက်သစ်စာပေအ၀န်းအ၀ိုင်းရဲ့ သဘောထားတွေကိုပါ မေးမြန်း ဆွေးနွေးတယ်။ ဒီနေရာမှာလည်း ဆရာ့ကို ကျွန်တော်ငြင်းခုန်ခဲ့တာတွေရှိပါသေးတယ်။ ဆရာ မန္တလေးမှာရှိစဉ်ကာလများအတွင်း ကျွန်တော်နဲ့ ပတ်သက်တဲ့ ဆရာ့ရည်ရွယ်ချက်တစ်ခုကို ချပြတယ်။ အဲဒါက ဂျာနယ်လစ်ဇင်ဆိုင်ရာ ဒီပလိုမာတစ်ခုအတွက် အပြင်ထွက် သင်တန်းတက်ရေး ကိစ္စပါ။ ဆရာက ကျွန်တော့်ကို စံမီသတင်းစာဆရာဖြစ်စေချင်တယ်။ ဒီအချက်ကိုလည်း ကျွန်တော်ငြင်းခုန်ခဲ့ပြန်တယ်။ ဆရာစိတ်ရှည်စွာနဲ့ နောက်ရက်တွေမှာလည်း ဒီကိစ္စဆွေးနွေပြန်တယ်။ ကျွန်တော် ယတိပြတ်ငြင်းခုန်လိုက်ပါတယ်။
ဒီနောက်… အသွားအလာကျဲပေမယ့် ၁ နှစ် တစ်ခါ၊ ၂ နှစ်တစ်ခါ ရန်ကုန်ရောက်ဖြစ်ရင် ဆရာ့ဆီဝင်ဖြစ်တယ်။ ဒါပေမယ့် ရန်ကုန်က ဆရာ့အိမ်မှာ စကားတော့ သိပ်မပြောဖြစ်ကြပါဘူး။ ဆရာစာတွေအရေးစိပ်လာတယ်။ လိုက်ဖတ်လို့ မမီအောင်ကိုရေးနိုင်တာ အံ့အားသင့်မိတယ်။ နောက်ပိုင်းနှစ်တွေ… ဆရာ မေမြို့ကို ဒေါ်ဒေါ်နဲ့ နွေလာခိုပြန်တယ်။ မန္တလေးရောက်ခိုက် လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တော့… အဲဒီကာလ ကျွန်တော့်နေအိမ်မြေယာ ကိစ္စအတွက် အာဏာပိုင်အဖွဲ့အစည်းဆိုင်ရာ လမ်းကြောင်းတစ်ခုကတဆင့် အပေါ်ထပ် ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ ဖြစ်ရပ်တစ်ခုကို အရေးကြီးကိစ္စလို့ ကျွန်တော်ယူဆပြီး ဆရာနဲ့ ဆွေးနွေးဖြစ်တယ်။
ဆရာကလက်မခံဘူး။ ဆရာ့လက်မခံမှုအပေါ် ကျွန်တော်က ထပ်မံငြင်းခုန်ပြန်တယ်။ ဒါဟာ… ၂၀၀၃ ခုနှစ် အပေါ်ထပ်အဆောက်အအုံ အရေးကြီးဖြစ်ရပ်နဲ့ ကနဦးသဲလွန်စအဖြစ် ကျွန်တော့်ငြင်းခုန်မှုက မှန်ကန်တယ်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမယ့် ဆရာ့လက်မခံမှုကလည်း သဘောတရားရေးအရ ဒီနေ့အထိ မှန်နေပြန်ရော…။ ဆရာကဖြင့် ဒီသဘောထားကို သေသည်အထိ ဆုတ်ကိုင်သွားတာပါပဲ။ ကဲ… ထားပါတော့
ဆရာက… လူထုသတင်းစာဆရာမျိုးဆက်ကို သိပ်အာသီသရှိပုံရတယ်။ ဒါကြောင့်လည်း ၂၀၀၅ ခုနှစ်မှာ ကျွန်တော့်ကို သတင်းစာဆရာ လမ်းကြောင်းပေါ်တစ်ခါဆွဲတင်ပြန်ရော…။ မီဒီယာကြီးတစ်ခုရဲ့လုပ်ပိုင်ခွင့်နဲ့ မန္တလေးမှာ တာဝန်ယူစေမှုတစ်ခုပါပဲ…။ အစက… ဆရာ့အစီအစဉ်က အဓိကကျမှုမှာ ပါဝင်ခဲ့တယ်ဆိုတာမသိသာခဲ့ဘူး…။ လုပ်ရင်းကိုင်ရင်းသိသာလာတယ်။ တကယ်တော့ ကျွန်တော့်လိုလေးလံနှေးကန် စကားနည်းရန်စဲသူအဖို့ ဘယ့်နှယ်သတင်းစာဆရာနဲ့ ကိုက်ပါ့မလဲ…။ ဒီလိုနဲ့ လုပ်ရင်းကိုင်ရင်း… ၂ နှစ်၊ ၃ နှစ်မြောက်လောက်မှာ ကျွန်တော့်ဘက်က အဆင်မပြေမှုများနဲ့ လုပ်ငန်း ပိုင်းဆိုင်ရာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စများကို ဆရာ့ထံဖုန်းဆက်ရင်ဖွင့်ခဲ့တယ်။ ဒါကို ဆရာက လက်မခံပါဘူး။ ဒါ့ကြောင့် စာရှည်ကြီးရေးပြီး ဆရာ့လက်မခံမှုကို ကျွန်တော်ပြန်လည်ငြင်းခုန်ခဲ့ပြန်ပါတယ်။
ဒီစာရှည်ကြီးကို ဆရာက ဖုန်းနဲ့ပဲ ပြန်ပြီးတုံ့ပြန်ခဲ့တယ်။ ‘ကိုဆူးငှက် လုပ်စရာရှိတာ ဆက်လုပ်ပါ။ မန္တလေးမှာ ခင်ဗျားရှိနေမှဖြစ်မှာ…၊ အယ်ဒီတာနဲ့ထုတ်ဝေသူပြဿနာဟာ အိုးဝေဦးညိုမြတို့ခေတ်ကတည်းက ရှိခဲ့တာမို့ မဆန်းပါဘူး’တဲ့။ ဒါပါပဲ။ ဒီတော့ ကျွန်တော်လည်း ခပ်မဆိတ်နဲ့ ပိုနေမြဲ ကျားနေမြဲ နေခဲ့ပါတယ်။ ဆရာ့ကိုတော့ တယ်မကျေနပ်လှဘူးပေါ့။
၂၀၀၉ ခုနှစ်မှာ မန္တလေးအနှစ် ၁၅၀ ပြည့်တယ်။ မှတ်မှတ်ရရ ဆရာက… နှစ် ၁၅၀ လက်ဆောင်အဖြစ် လက်ရှိမန္တလေးစာပေအ၀န်းအ၀ိုင်းကို ဆောင်းပါတစ်ပုဒ်ရေးပြီး ခပ်စပ်စပ်လေးဝေဖန်လိုက်ပါတယ်။ တကယ့် စေတနာက သူ့တူသား ညီအစ်ကိုတွေဖြစ်တဲ့ ကျွန်တော်တို့ဆီပြစ်မှတ်ထားတာပါ။ ဆန်ရင်းနာနာဖွပ်တဲ့ သဘော…။ ဒီအချက်အလက်ကိုလည်း ကျွန်တော်က ဆရာ့ဆီ စာရှည်ကြီး(ဖူးစခက် စာမျက်နှာ ၃၀ ကျော်)နဲ့ ပြန်လှန်ငြင်းဆန်ခဲ့ပြန်ပါတယ်။
ဒီလိုနဲ့ ကျွန်တော်ရဲ့ ဆရာ့အပေါ်နောက်ဆုံးငြင်းဆန်မှုကတော့ ဆရာစီစဉ်ခဲ့တဲ့၊ ဆရာဖြစ်စေချင်တဲ့…၊ ဆရာထားခဲ့တဲ့နေရာကနေ… ဆရာ့ကို မတိုင်ပင်ပါဘဲ…၊ ကျွန်တော်စွန့်ခွာကျောခိုင်းခဲ့တာပါပဲ။ ကျွန်တော် သတင်းစာဆရာမဖြစ်ချင်ပါ…။ (ဒီနေရာမှာ ကျွန်တော့်ကို တစ်ယောက်ယောက်က ခင်ဗျား သတင်းစာဆရာမဖြစ်ချင်ပါဆိုတာထက် မဖြစ်သင့်တာ…၊ မဖြစ်နိုင်တာ…၊ ဖြစ်ဖို့အရည်အချင်းကို လုံးဝမရှိတာ… လို့လည်း ကောက်ချက်ချနိုင် ပါတယ်။)
ဒီနေရာမှာပြန်ပြီး စဉ်းစားသုံးသပ်လိုက်ရင် ကျွန်တော်နဲ့ ဆရာငြင်းခုန်မှုတွေမှာ ကျွန်တော်က ဆင်ခြေဆင်လက်များစွာနဲ့ ကိုယ်လွတ်ရုန်းခြင်း၊ လူတစ်ဦးချင်း တစ်ဦးချင်းစီဆိုင်ရာ ကိုယ်ရေးကိုယ်တာ ပြဿနာအကျိုးအကြောင်း (ခြေသေးတရုတ်မ ခြေပတ်အ၀တ်စလို ရှည်လည်းရှည်၊ နံလည်းနံ)တဲ့ ‘သာမည’တွေသာဖြစ်ပြီး၊ ဆရာက… သူယုံကြည်တဲ့ သဘောထားနဲ့ အခြေခံပြီး စေတနာပါသော ‘အဓိက’တွေနဲ့သာ ချိန်စက် ‘ပြတ်သား’ခဲ့တယ်ဆိုတာကို နောက်မှသိလာခဲ့ရ ပါတယ်။ ဆရာက လူကိုမပြော…၊ မူကိုပဲကိုင်ပြီး မတိမ်းမစောင်းပြောခဲ့တယ်ဆိုတာလည်း နားလည်ခဲ့ပါတယ်။
ဒါကြောင့်…
ဆရာ လူထုစိန်ဝင်းဟာ ခိုင်မာတဲ့ ယုံကြည်ချက်တစ်ခုကို အသက်ထက်ဆုံး ဆုတ်ကိုင် ကျင့်ကြံသွားသူ…။ ဒီယုံကြည်ချက်အတွက် အဓမ္မတွေကို တွေ့ရာသင်္ချိုင်းဓားမဆိုင်း ခုခံ ကာကွယ်ခဲ့သူ၊ ဒီယုံကြည်ချက်အတွက် ပြည်သူလူထုဘက်သား အမှန်တရားဖက်က တိုက်ပွဲဝင်ခဲ့သူ၊ မိမိကိုယ်ခန္ဓာ မသန်မာသည်အထိ ယုံကြည်ချက်အတွက် သန်မာခဲ့သူ၊ မိမိအားအင်ဆုတ်ယုတ်သည်အထိ ယုံကြည်ချက်အတွက် အားကောင်းမောင်းသန်ဖြစ်ခဲ့သူ၊ နောက်ဆုံးထွက်သက်အထိ မိမိယုံကြည်ချက်အတွက် တာဝန်ကျေခဲ့သူပါပဲ။
ဒီကနေ့ အရေးတကြီးလိုအပ်နေတဲ့ ဒီမိုကရေစီနိုင်ငံတော်ဆီ ဦးတည်တည်ဆောက်မှုမှာ လွတ်လပ်ပွင့်လင်း လူ့အဖွဲ့အစည်းအတွက် လူထုဆက်သွယ်ရေးကဏ္ဍက နောင်မျိုးဆက်တွေ အမွေ ဆက်ခံနိုင်ဖို့အတွက် ဆရာ လူထုစိန်ဝင်းရဲ့စိတ်ဓာတ်နဲ့ အားမာန်တွေဟာ ထုကြီးထည်ကြီးနဲ့ စံပြနမူနာအဖြစ်ကျန်ရစ် အဓွန့်ရှည်နေဦးမှာ သေချာပါတယ်။
ဒါကြောင့် ဆရာ လူထုစိန်ဝင်း ဘယ်တော့မှ မသေပါဘူး။
ဆူးငှက်
No comments:
Post a Comment